October 31, 2007

Happy Halloween

အားလုံးကို Happy Halloween လို့အရင်ဆုံး နှုတ်ဆက်ရမယ်။ အမှန်တော့ Halloween ဆိုတာ ကျမတို့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မသက်ဆိုင်တဲ့ နေ့တစ်နေ့ပါ။ အနောက်နိုင်ငံတွေမှာ ရုပ်ရှင်ထဲကြည့်ဖူးတာတော့ အပျော် trick or treat လုပ်ပြီး ကစားကြတာ မြင်ဖူးပါတယ်။ သရဲမျက်နှာဖုံးစွပ်ပြီး နောက်ပြောင်ကြတာမျိုးလည်း မြင်ဖူးပါတယ်။ ဂျပန်လူမျိုးတွေကတော့ အဲဒီနေ့မှာ အပျော်အနေနဲ့ ဘာတွေလုပ်ကြလဲတော့ မသိပါဘူး။ ကျမကတော့ Halloween နေ့ကို ဒီလိုလေး ကုန်ဆုံးလိုက်ပါတယ်...

Computer သုံးတိုင်း တစ်ခုခု သိချင်ရင် Google Search ကို သုံးရတာမို့လို့ ထူးခြားတဲ့ရက်မျိုးဆိုရင် Google က အထိမ်းအမှတ် တစ်ခုအဖြစ် Google Logo တွေကို ပြောင်းပြီးတင်ပေး တတ်တာကို ကျမ သဘောကျနေတာ ကြာပါပြီ။ ကျမ ဒီနှစ်ဦးပိုင်းလောက်က စပြီး ထူးခြားတဲ့ Google Logo တွေကို စိတ်ဝင်တစား စောင့်ကြည့်နေမိပါတယ်။ ဒါကြောင့် ကျမရဲ့ IE မှာရော Firefox မှာပါ Default Homepage အနေနဲ့ Google.com ကို setting လုပ်ထားပါတယ်။ ဒါမှလည်း Logo ပြောင်းရင် ချက်ချင်းသိနိုင်အောင်လို့ပါ။

ကျမအတွက်ကတော့ Halloween နဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်ရပ်မျိုး မရှိပါဘူး။ Google ကတော့ ထုံးစံအတိုင်း Happy Halloween ဆိုပြီး Logo အသစ် လေးကို တင်ထားတာ ရုတ်တရက် တွေ့လိုက်တာနဲ့ ကျမလည်း ပြီးခဲ့တဲ့ နှစ်တွေက Logo လေးတွေ ဘယ်လို များရှိမလဲဆိုပြီး Search လုပ်ကြည့်လိုက်တော့ ဒီပုံလေးတွေ ရလာတာပါပဲ.. ဒီနေ့အတွက် အမှတ်တရဖြစ်အောင် ကျမ blog လေးမှာ တင်ထားလိုက်ပါတယ်။ အားလုံးလည်း Halloween မှာ Google Logo လေးတွေ ကြည့်ပြီး ပျော်ရွှင်ကြပါစေ။

2007 Logo



2006 Logo




2005 Logo



2004 Logo



2003 Logo




2002 Logo




2001 Logo



အောက်တိုဘာ ၃၁၊ ၂၀၀၇။

October 29, 2007

၃ လပြည့် ဂျပန်စာတိုးတက်မှု မှတ်တမ်း

ဂျပန်စာ သင်ပေးချင်တဲ့ ဆရာ၊ ဆရာမလေးတွေနဲ့ စာသင်လာတာ ဘာလိုလိုနဲ့ ၃ လပြည့်ပါတော့မယ်။ သူတို့မှာလည်း တခြား အလုပ်ကိစ္စတွေနဲ့ဆိုတော့ ကျမတို့ကို ၁ ပတ်မှာ ၁ ရက်ပဲ သင်ပေးနိုင်ပါတယ်။ တစ်ပတ်လုံးမှာ ၁ ရက်ပဲ သင်ပေးရတာမို့ သူတို့က ည ၇ နာရီလောက်ကနေ စ သင်လိုက်တာ ကြားထဲ စကားပြောလိုက် စာသင်လိုက်နဲ့ သူတို့ပြန်သွားရင် အချိန်က အနည်းဆုံး ၁၁ နာရီကျော် နေပါပြီ။ ဗုဒ္ဓဟူးနေ့တိုင်း အိမ်တိုင်ရာရောက် ဆရာ၊ ဆရာမတွေမှာ တကူးတက လာသင်ပေးရှာပါတယ်။ အဲဒီရက်ဆိုရင် စာသင်ပေးတဲ့သူတော့ ဘယ်လိုနေမလဲမပြောတတ်တော့ဘူး။ သင်ယူရတဲ့ ကျမမှာတော့ သူတို့ပြန်သွားပြီးရင် ညစာစား၊ ဆေးကြောသိမ်းဆည်းပြီးတာနဲ့ အချိန်က အမြဲပဲ ည ၁ နာရီ ၁ နာရီခွဲလောက် ဖြစ်နေပါပြီ။ ရုံးအလုပ်က မပင်ပန်းပေမယ့် တနေကုန် အလုပ်ထဲနေရပြီး ညအိမ်ပြန်ရောက်လို့ စာသင်ပြီးရင် လူက တော်တော်ကို မဟန်တော့ဘူး။ ဆရာ၊ဆရာမတွေနဲ့ စကားပြောရတာလည်း ဂျပန်လို ပြောရတာဆိုတော့ တစ်ခါတစ်လေ စိတ်မရှည်ရင် အင်္ဂလိပ်လိုပဲ ပြောပစ်လိုက်တော့တာပါပဲ။ သူတို့လည်း တတ်နိုင်သလောက် ကိုယ့်ကို ပြင်ပေးရှာပါတယ်။

ဂျပန်စာ စကားလုံး vocabulary ကျက်ဖို့လည်း ပျင်း၊ Grammar ကလည်းသင်တုန်း ခဏပဲ၊ သင်ပြီးရင် အကုန်မေ့ကုန်တာပဲ။ မေ့လွယ်လွန်းလိုက်တာလေ..လို့ သီချင်းတောင် စပ်ဆိုလိုက်ချင်သေးတော့တယ်။ အစတုန်းကတော့ ဒီလို တွက်မိတာပေါ့လေ.. “တစ်နေ့တစ်လုံး Kanji ကို မှန်မှန်ကျက်ရင် ၁ လဆိုရင် အလုံး ၃၀၊ ၁ နှစ်ဆိုရင် ၃၆၅ လုံး” စသည်ဖြင့်ပေါ့.. တွက်ရေးကတော့ စက်သူဌေးလို့ ပြောရမယ်။ အခုထိ Kanji လေ့ကျင့်တာ အလုံး ၂၀ က မတက်ဘူး။ ရေးလိုက် ပြန်မေ့လိုက်။ မေ့လိုက် ပစ်ထားလိုက်နဲ့ ဂျာအေး သူ့အမေရိုက်သလို အဲဒီ အလုံး ၂၀ လောက်နဲ့ပဲ တ၀ဲဝဲရယ်မှ တလည်လည်။

နဂိုအခံကလည်း စာကျက်ဖို့ ပျင်း၊ အသက်ကြီးလို့ ဦးနှောက်က သိပ်အလုပ်မလုပ်ချင်တော့ဘူးဆိုပြီး အကြောင်းပြလိုက်၊ အလုပ်တစ်ဖက်နဲ့မို့ စာကျက်ဖို့ အချိန်မရဘူးဆိုပြီး ဆင်ခြေပေးလိုက်၊ တနေကုန် အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တော့လည်း အိမ်တာဝန်တွေကို လုပ်ရတာ တစ်မျိုးမို့ ခဏတဖြုတ် နားဦးမှဆိုပြီး ကိုယ့်ကို ကိုယ်ငဲ့ညှာပြီး နားလိုက်တာ စာကျက်ဖို့ကို စိတ်က ပြန်လည်မလာတော့ဘူး။ ရုံးဖွင့်ရက်မကျက်လို့ ရုံးပိတ်ရက် ကျက်မယ်ဆိုပြီး အားခဲထားတာ ပိတ်ရက်ကျတော့လည်း ပိတ်ရက်မို့လို့ ဈေးဝယ်ထွက်လိုက်၊ သတင်းလေး ရုပ်ရှင်လေး ကြည့်လိုက်၊ အိမ်အလုပ်လေး ပြေးလုပ်လိုက်၊ တစ်ပတ်လုံးစာ လျှော်ဖွတ် မီးပူတိုက်ရတာနဲ့ ဂျပန်စာဘက် လှည့်ဖို့ နေနေသာသာရယ် ကိုယ့်ဟာကိုယ် အနားယူရတာကိုပဲ တစ်ပတ် ၂ ရက် ပိတ်ရက်ဟာ လောက်တယ်လို့ကို မထင်ဘူး။ (သနားဖို့ပဲ တော်တော် ကောင်းနေသေးတော့တယ်... )

ရုံးက သူငယ်ချင်းတွေက “နုစံ ဂျပန်စာ ဘယ်လိုလဲ၊ တိုးတက်လာပြီလား”လို့မေးတိုင်း “ဒီလိုပါပဲ၊ မတိုးတက်သေးပါဘူး”လို့ မျက်နှာပူပူနဲ့ ကပေါက်တိ ကပေါက်ချာ ဂျပန်လို ပြန်ဖြေတာကိုကြည့်ပြီး ကျမ အခြေအနေကို သူတို့လည်း သိလောက်ရောပေါ့။ ဆရာမလေးတွေ စာလာသင်ပေးပြီးရင် စာအုပ်ကို ဒီအတိုင်း ပစ်ထားလိုက်တာ နောက်တစ်ပတ် ဆရာမတွေ ပြန်လာမှပဲ စာအုပ်ကို ကောက်ကိုင်မိတော့တယ်။ စိတ်ထဲက အားနာပေမယ့် တကယ်တော့ ဘာမှကို မလုပ်ဖြစ်တာ ကိုယ်ဘာသာ ကိုယ်သိတယ်။ ဒီအတိုင်း မဖြစ်ချေဘူး၊ စာကို လုပ်ကို လုပ်ရမယ်ဆိုပြီး စိတ်ကို နှစ်လည်း တိုးတက်မလာတဲ့ ကိုယ့်အခြေအနေက ဒုံရင်းက ဒုံရင်းပဲမို့ စိတ်ဓာတ်လည်း တော်တော် ကျနေပါပြီ။

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ဂျပန်ဆရာတွေနဲ့ပဲဖြစ်ဖြစ် စကားပြောရင်တော့ ဟုတ်သလိုလိုပဲ။ သူတို့က ကျမပြောတဲ့ ဂျပန်စကားကို နားလည်တယ်။ ဒါပေမယ့် ရုံးမှာ ဒါမှမဟုတ် သွားလာနေရတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဂျပန်တွေ အချင်းချင်း စကားပြောရင် အရမ်းမြန်တယ်။ တစ်ခါတစ်လေ သူတို့ ပြောတာကို ကြိုးစားပြီး လိုက် နားထောင်ကြည့်မိတယ်။ တကယ်တမ်း ကိုယ်နားလည်လိုက်တာက ၁ ခွန်း ၂ ခွန်းထက် မပိုဘူး။ အိမ်ကို စာပို့သမားလာလို့ သူက လက်ခံကြောင်း ဖြတ်ပိုင်းမှာ လက်မှတ်ထိုးခိုင်းရင်လည်း အဲဒီလိုပဲ။ ကိုယ်က သူပြောသမျှ အကုန်နားလည်လို့ လက်မှတ်ထိုးပေးလိုက်တာ မဟုတ်ဘူး။ မှန်းခြေနဲ့ သူဘာပြောတယ်ဆိုတာလောက်ပဲ သိပြီး လုပ်ပေးလိုက်တာမျိုးဆိုတော့ ကိုယ်ကပဲ တအား ညံ့နေတာလား ဂျပန်စာကပဲ တအားခက်နေသလား၊ မသိတော့ပါဘူး။ အင်္ဂလိပ်စာလေ့လာတာထက် ပိုခက်တယ်လို့ ထင်မိတယ်။ အဲဒီလိုပြောလို့ အင်္ဂလိပ်စာ အရမ်းကျွမ်းကျင်တယ်လို့လည်း မထင်ကြပါနဲ့။

အခုဆိုရင် သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ဆရာမတွေနဲ့ပဲဖြစ်ဖြစ် ဆုံရင် ကျမဆီမှာ မှတ်စု စာအုပ် ၁ အုပ်နဲ့ ဘောပင် ၁ ချောင်း မပါမဖြစ် အမြဲဆောင်ထားရတယ်။ ဒါမှလည်း စားသောက်ဆိုင်သွားရင် ဟင်းအမည်တွေ၊ အသားဆိုရင်လည်း အခေါ်အဝေါ်တွေကို စာအုပ်ထဲ အကုန်စုမှတ်ထားရတယ်။ တော်ပါသေးရဲ့ .. ကိုယ်မသိတဲ့ စာ မေးချင်ရင် ဆရာမတွေဆီ အလွယ်တကူ မေးလို့ရတယ်။ ဂျပန်စကားပြောကို သူတို့နဲ့လေ့ကျင့်လို့ရတယ်ဆိုတော့ သူတို့ကို အရမ်းကျေးဇူးတင်ရပါတယ်။ ဂျပန်စာအတွက် အချိန်ဖဲ့ပေးပြီး ဖြစ်မြောက်အောင်လုပ်ဖို့လည်း ကိုယ့်ကိုယ်ကိုယ်တော့ အမြဲတမ်း အားပေးနေလျှက်ပါပဲ။ တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်ဆိုတော့ကာ.. ကျမ တကယ် မတတ်ချင်လို့ပဲ တကယ်မလုပ်တာများလား.....

အောက်တိုဘာ ၂၉၊ ၂၀၀၇။

October 25, 2007

အရှင် ရဝေနွယ်(အင်းမ) website

ဒီနေ့တော့ ရုံးမှာ အချိန်နည်းနည်းရတာနဲ့ အင်တာနက်ထဲ လျှောက်သွားတုန်း ကံအားလျော်စွာပဲ အရှင် ရဝေနွယ် (အင်းမ) ရဲ့ ၀က်ဆိုဒ်ကို တွေ့ခဲ့ပါတယ်။ စာရေးသူ ရဲ့ BIOGRAPHY နဲ့အတူ ထုတ်ဝေပြီးသား စာအုပ်တွေကိုလည်း online ဖတ်လို့ရမှာဖြစ်ပါတယ်။ အရှင်ရဝေနွယ် (အင်းမ) ရဲ့ စာဖတ် ပရိတ်သတ်တွေနဲ့အတူ ဗုဒ္ဓဘာသာဝင်တိုင်း ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ထုတ်ဝေထားပြီးသား ထဲက ဖတ်လို့ရမယ့် စာအုပ်တွေပါ ....
၁) အတွေးများနှင့် မိတ်ဖွဲ့ခြင်း
၂) မင်္ဂလာအတွေးများ
၃) မေတ္တာအတွေးများ
၎) စိတ်ဆိုးတော့မယ်ဆိုရင် ဆောင်းပါး
၅) ဘ၀တိုင်းဆုံတွေ့ချင်ပါသလား နှင့် ဘာသာရေး လမ်းညွှန် ဓမ္မစာစုများ
၆) ကုသိုလ်ဖြစ်အောင် တွေးမယ်
၇) အချစ်နဲ့ ၀ိပဿနာ
၈) ရွှေစကားတို့ရဲ့ မြစ်ဖျား
၉) သံသရာ ခရီးဖော်

ဒီ website လေးဟာ ကျမအတွက်တော့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တွေ့လိုက်ရသလိုပါပဲ။ သူငယ်ချင်းတို့လည်း အားရင် အဲဒီ website လေးဆီကို သွားဖြစ်အောင် သွားကြည့်ကြပါနော်။ website link က ဒီမှာ ပါ။

အောက်တိုဘာ ၂၆၊ ၂၀၀၇။

ဂျပန်တိုဖူး

ရုံးက ဂျပန်မသူငယ်ချင်းတွေနဲ့ နေ့လည်စာ ထွက်စားတော့ သူငယ်ချင်းတစ်ယောက်က “ဂျပန်တိုဖူးဆိုင် သွားဖူးလား”လို့ မေးပါတယ်။ ကျမက “ဂျပန်စာ သိပ်မပြောတတ်တော့ ဂျပန်စားသောက်ဆိုင်ဆိုရင် မမှာတတ်လို့ မသွားဖူးပါဘူး”လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူတို့က “ဂျပန်တိုဖူး သွားစားရအောင်” လို့ ခေါ်တာနဲ့ ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်က သွားစားဖြစ်ခဲ့ပါတယ်။

မသွားခင် သူငယ်ချင်းက “ဈေးကြီးတယ်၊ ရပါ့မလား”ဆိုပြီး ကျမကို ခဏခဏ မေးပါတယ်။ “တစ်ယောက်ကို ယန်း ၅၀၀၀ ပေးရမယ်၊ အရည်တခုခုသောက်မယ်ဆိုရင် ပိုက်ဆံ ထပ်ပေးရမယ်”လို့ အရင်ကြိုပြောပြထားပါတယ်။ ကျမလည်း သွားမယ်လို့ ကတိပေးထားပြီးသား၊ ပြောထားပြီးသား စကားတစ်ခုကို ပြန် မပြင်ချင်ဘူး၊ သွားမယ်လုပ်ပြီးကာမှ ဈေးကြီးလို့ မလိုက်ဘူးဆိုတာမျိုးလည်း မဖြစ်ချင်ဘူး။ အဲဒီလိုမှ သူတို့နဲ့မသွားရင်လည်း ဘယ်နေရာမှ သွားရမှာ မဟုတ်ဘူးလေ။ သူတို့အတွက်ကတော့ ယန်း ၅၀၀၀ ဆိုတာ ဘာမှ မပြောပလောက်ပေမယ့် ကိုယ့်အတွက်ကတော့ မလိုအပ်ရင် မသုံးချင်ဘူးပေါ့။ ဒါပေမယ့် ဒီမှာ ရောက်တုန်း စားဖူးတယ်ရှိအောင် “ရပါတယ်၊ ငါသွားချင်ပါတယ်။ လိုက်ပို့ပေးပါ”ဆိုပြီး လင်မယား ၂ ယောက်စလုံး လိုက်သွားဖြစ်ကြတာပါ။

ဆိုင်ရှိတဲ့ Building က တကယ့် Osaka မြို့လယ်မှာ ရှိတာပါ။ အဲဒီ Building အထဲမှာကိုပဲ နာမည်ကြီး Company ရုံးခန်းတွေ အပြင် British Councilor ရုံးခန်းလည်း ရှိပါသေးတယ်။ Building နာမည်က Epson Osaka ပါတဲ့။ ဆိုင်က အပေါ်ဆုံးအထပ် (၂၂ ထပ်) မှာပါ။ အဲဒါကြောင့်မို့ပဲ ဈေးပိုကြီးသလားတော့ မပြောတတ်တော့ပါဘူး။


ဓာတ်လှေကားက ထွက်ထွက်ချင်းပဲ ဆိုင်ရှေ့ကို ရောက်သွားပါတယ်။ ဆိုင်က အပေါ်ဆုံးအထပ်မှာ ဆိုတော့ အပြင်ဘက် ညရှုခင်းကြည့်ရတာလည်း အရမ်းလှပါတယ်။ ဆိုင်ထဲမှာ ဂျပန်သီချင်း တီးလုံးသံကလွဲရင် တခြား ဆူဆူညံညံသံ မကြားရပါဘူး။ ဆိုင်ကို လာတဲ့ ဧည်သည်ကလည်း မများလှဘူးဆိုတော့ ကျမတို့ အားလုံး ၅ ယောက်စာအတွက် ပေးထားတဲ့အခန်းက တော်တော်လေး ကျယ်ပါတယ်။ ဒါနဲ့ ကျမတို့လည်း စကားပြောလိုက် စားပွဲထိုးတွေ လာချပေးတာ တစ်ခုပြီး တစ်ခုစားလိုက်နဲ့ ည ၁၁ နာရီကျော် လောက်မှ ဆိုင်က ပြန်လာခဲ့ကြတာပါ။ ဘာတွေ စားခဲ့လဲဆိုတာတော့ဓာတ်ပုံထဲ ကြည့်လိုက်ကြပါနော်။



အပေါ်ပုံက ဆိုင်မှာ ခင်းကျင်းထားတာကို ရိုက်ထားတာပါ။ ရှေ့က သစ်သားပြားအုပ်ထားတဲ့အောက်မှာက တိုဖူးအရည်ထည့်ထားတာ။ ဖွင့်မကြည့်မိတော့ ဘယ်လိုပုံစံ ရှိမှန်းမသိလိုက်ရဘူး။ စားပွဲထိုးက ပလပ်ပေါက်ထိုးတာပဲမြင်လိုက်ရတယ်။ နာရီဝက်လောက်ကြာတော့ ပလပ်ပေါက်ဖြုတ်ပေးပြီး စားလို့ရပြီလို့ လာပြောတော့မှ တိုဖူး ကျိုထားမှန်းသိရတာ။



ကျမတို့ထိုင်တဲ့ အခန်းရဲ့ နံရံမှာ ပန်းထိုးထားတာ လှလို့ ဓာတ်ပုံရိုက်ယူထားလိုက်တာ။




ပထမဆုံး ချထားပေးထားတဲ့ ဂျပန်စာပါ။ ဘယ်ဘက်အစွန်ဆုံး ပန်းကန်ပြားထဲက ပုဇွန်ပြုတ်ရယ် ပြီးတော့ ထမင်းဆုပ်ပေါ်မှာ ငါးရှည့်တင်ထားတာရယ်။ နောက်ပြီး အလယ်မှာက တိုဖူးအအေး၊ အရွက်သုပ်၊ ညာဘက်အစွန်ဆုံးက အသားပေါက်စီ (ဂျပန် dumpling)။ ပေါက်စီချည်းပဲစားရင် ကောင်းတယ်။ အပေါ်က အ၀ါလေးပါ ထည့်စားရင် အရမ်းစပ်ပြီး မွှန်တယ်။ ၀ါဆာဘိ လိုပဲ။ ပေါက်စီနဲ့ ရောစားလို့ မကောင်းဘူး။



ဒီဟာက ကျမ မကြိုက်တဲ့ ဆာရှိမိ(Sashimi)။ တစ်ခု နှစ်ခုလောက်ပဲ မြည်းပြီး စားလိုက်တယ်။ အကုန်တော့ မစားနိုင်ဘူး။



ကျိုထားပြီးသား တိုဖူး။ ဇွန်းနဲ့ ခပ်ပြီး ပန်းကန်လုံး ၂ လုံးထဲကို ခွဲထည့်ထားရတယ်။ ပြီးရင် စားပွဲထိုးက အရည် ၂ မျိုး လာချပေးတယ်။ အဲဒီအရည်နဲ့ ဆမ်းစားရတာ။





ပထမတစ်မျိုးက ပဲငံပြာရည်ကို စပ်ထားတဲ့ ခပ်ပျစ်ပျစ်အရည်ကို တိုဖူးထည့်တဲ့ပန်းကန်လုံးထဲ ကိုယ်ကြိုက်သလောက် ထည့်ပြီးမှ အပေါ်က ဂျင်းထောင်းထားတာရယ်၊ နှမ်းရယ်၊ နောက်ပြီး ဂျပန်အမှုန့်တစ်မျိုးပဲ နာမည်တော့ မသိဘူး။ အဲဒါတွေ အပေါ်ကထပ်ဖြူးပြီး ထည့်စားရတယ်။ တိုဖူးက နူးညံ့ပြီးတော်တော်စားလို့ကောင်းတယ်။


နောက်တစ်မျိုးကတော့ အရွက်နည်းနည်း၊ မှိုနဲ့ မုန်လာဥနီ ရောကျိုထားတဲ့ ကော်ရည်လို အရည်မျိုးပါပဲ။ အရည် ၂ မျိုးလုံးက တိုဖူးပေါ်မှာ ဆမ်းစားရတာဆိုတော့ အရသာ မတူပေမယ့် တစ်မျိုးစီတော့ စားကောင်းပါတယ်။


ဒါကတော့ အမဲသားကင်ပါ။ မီး အပူတိုက်ထားတဲ့ ကျောက်တုံးပေါ်ကို အသားတင်ပြီး ကင်ရတာ။ အမဲသားက တခုခုနဲ့များ စိမ်ထားသလားတော့ မသိဘူး။ အသားကို မီးအပူပေါ် တင်ပြီး သိပ်မကြာခင်ပဲ သူတို့က ယူပြီး ပဲငံပြာရည်နဲ့တို့စားနေပြီ။ ကိုယ့်မှာသာ ကျက်အောင်ဆိုပြီး အကြာကြီးထားပြီး ဟိုဘက်လှန်ပေးလိုက် ဒီဘက် လှိမ့်ပေးလိုက်နဲ့ သွေးရောင်ပျောက်အောင်လုပ်ရတယ်။ တကယ်စားကြည့်တော့ အမဲသားက နူးညံ့ပြီး လုံးဝ မညှီပါဘူး။



ဒါက ထမင်းကြော်လိုမျိုးပါ။ ဟင်းချိုရယ်။ ချဉ်ဖတ်အချဉ်ရယ်။ ထမင်းကြော်လိုမျိုးရယ်။ ရှေ့က ဟိုနည်းနည်း ဒီနည်းနည်း စားလာပြီး ထမင်းအလှည့်ရောက်တော့ ကုန်အောင်မစားနိုင်တော့ပါဘူး။ တစ်လုတ် နှစ်လုတ်လောက်ပဲ စားနိုင်တော့တယ်။

နောက်ဆုံးက Dessert အနေနဲ့ ပူတင်းလာချပေးတာပါ။ ပူတင်းက ဆိမ့်ပြီး စားလို့ကောင်းပါတယ်။ အရမ်းလည်း မချိုဘူး။ ဓာတ်ပုံလည်းမရိုက်လိုက်ရပါဘူး။ ကြားထဲက ဟင်း ၁ မျိုး ၂ မျိုးလောက် ကျန်နေသေးတယ်။ ဓာတ်ပုံမရှိတော့ မမှတ်မိတော့ဘူး။ လာချပေးတဲ့ အစာတွေက များလို့။ ဓာတ်ပုံရှိသလောက်ပဲ တင်ပေးလိုက်နိုင်ပါတယ်။

အဲဒီက ပြန်လာပြီး ကျမကတော့ “တော်ပြီ နောက်တစ်ခါ အဲဒီလိုဆိုင်မျိုး မသွားတော့ဘူး”လို့ တစ်ထိုင်တည်း ဆုံးဖြတ်လိုက်ပါတယ်။ အစားအစာတွေက ဂျပန်စာတွေဆိုတော့ ရှင်းရှင်းပြောရရင် မြန်မာပါးစပ်နဲ့ မကိုက်လှပါဘူး။ အခုဟာကလည်း တစ်ခါတစ်လေ စားတာဆိုတော့ စားကောင်းပါတယ်။ ခဏခဏစားချင်တယ်ဆိုပြီး တောင့်တလောက်အောင်တော့ မဖြစ်မိပါဘူး။ တစ်ရုံးတည်း အလုပ်အတူလုပ်တဲ့ သူငယ်ချင်းတွေနဲ့ အတူတူသွားကြတယ်။ မစားဖူးသေးတဲ့ အစာတစ်ခု စားဖူးလိုက်တယ်။ သူတို့တစ်တွေနဲ့လည်း စကားစမြည်ပြောဖြစ်တယ်ဆိုတော့ ကျမအတွက် အတွေ့အကြုံအသစ်အဆန်းတခုပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီညက ကျမတို့ ပျော်ခဲ့ကြပါတယ်။

အောက်တိုဘာ ၂၅၊ ၂၀၀၇။

October 19, 2007

Flower Arrangement - Sep 25, 2007



ပြီးခဲ့တဲ့လက ရုံးမှာ နောက်တစ်ခါ ပန်းအလှပြင်ပွဲ ထပ်လုပ်ကြတယ်။ ကျမအတွက်တော့ ဒုတိယအကြိမ်မြောက် ပါဝင်ခဲ့တာပါ။ Halloween Special ဆိုပြီး ပန်းအစစ်တွေနဲ့ လုပ်ကြတာပါ။ အဓိက ကတော့ Halloween အမှတ်အသား ဖရုံသီးပန်းအိုးလေးပါပဲ။ သွားဖြဲထားပြီး ရီနေတယ်လို့ ထင်ရတဲ့ ပန်းအိုးလေးက သူ့ချည်းကြည့်ရင် ကြောက်စရာမကောင်းလှပဲ ရီစရာပဲ ကောင်းနေသေးတော့တယ်။ ပန်းတွေကတော့ စုံနေတာပဲ။ များလွန်းလို့ မနည်းပြန်စဉ်းစားပြီးရေးလိုက်ရပါတယ်။


ဂန္ဓမာပန်းလိုမျိုး ပြောရမယ်နဲ့တူတယ်။ နာမည်လည်း သေချာမသိတော့ ထင်တာပဲ ရေးလိုက်တော့မယ်.. ဓာတ်ပုံထဲသာ ကြည့်လိုက်ကြပါနော်။ ဂန္ဓမာပန်း ကြက်သွေးရောင် ၃ ပွင့်၊ ကာနေရှင်းပန်း အနက်ရောင် ၂ ပွင့်၊ မြန်မာပြည်မှာဆိုရင်တော့ စိန်ချယ်ပန်းလို့ခေါ်မလားပဲ။ အဲဒီလိုမျိုး အပွင့်ကြီးကြီးတွေက ၁ ခိုင်၊ ကျောက်ခက် ၁ ခက်၊ စပါးနှံလည်းပါလိုက်သေးတယ်။ ပြီးတော့ ကြက်သွေးရောင် ပန်းခက်ကြီးတခက်၊ ပန်းအိုးထဲမှာ ပန်းစိုက်ပြီး ထိုးလို့ရတဲ့ ဖော့သားလိုမျိုး အတုံးတစ်ခု ရတယ်။

ပန်းစမထိုးခင် ဆရာမက သေချာတော့ ရှင်းပြပေးသား။ ဘယ်ပန်းကို အဓိကနေရာမှာ ထားရမယ်။ ဘယ်ပန်းနဲ့ ဘယ်ပန်းဆို အရောင်က ဘယ်လိုပေါ့လေ။ ကိုယ်ကမှ ဂျပန်စာ သိပ်မသိတာ။ ဒါကြောင့် နားလည်သလောက်မှန်းသန်းပြီး လုပ်လိုက်ရတယ်။ မဆိုးဘူး ပန်းတွေ ထိုးပြီးသား ဖြစ်သွားတာပဲ။ မလှတာပဲ ရှိမယ်။


အဓိကတော့ ကြက်သွေးရောင် ဂန္ဓမာပန်းနဲ့ တခြားပန်းအသေးတွေကို ဘေးက ကြည့်ကောင်းအောင် ရံခိုင်းတာပါ။ ဆရာမက ရှင်းပြရင်း သူကိုယ်တိုင်လည်း ပန်းစထိုးလိုက်တာ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ ပထမဆုံး ဖော့တုံးကို ရေဆွတ်ပြီး ပန်းအိုးထဲထည့်ရပါတယ်။





ပြီးမှ ကြက်သွေးရောင် ပန်းသုံးပွင့်ကို ကြည့်ကောင်းသလို နေရာချပြီး ဘေးက စိန်ချယ်ပန်း၊ ကာနေရှင်းပန်း၊ နောက်ကျန်တဲ့ ကျောက်ခက်၊ စပါးနှံရယ်ကို ကြည့်ကောင်းသလို ထိုးလိုက်တော့ ဒီလိုပုံရလာတာပါပဲ။



ပန်းတွေအပြည့်ထိုးထားတဲ့ ရွှေဖရုံသီးလေးကို ကြည့်ရတာ မချိသွားဖြဲနေသလိုပဲ။ ငါ့ကို ပန်းတွေ ထည့်ထားလိုက်တာ လှလဲ မလှဘူးလို့ တွေးနေသလားတော့ မသိဘူး။ သူ့မှာ မချိတင်ကဲ ရီသာပြနေရတယ်။ တချို့ idea ကောင်းတဲ့သူတွေကျတော့ ပန်းအိုး မျက်နှာလေး ပေါ်အောင်ထားပြီး စပါးနှံလေးတွေကို ကျစ်ဆံမြီး ကျစ်သလို ကျစ်ပြီး ဘေးမှာ ချထားလိုက်တော့ ပန်းအိုးလေးက မိန်းခလေးလိုလေး ဖြစ်သွားတယ်။ အမျိုးမျိုး စိတ်ကူးသင့်သလို လုပ်ထားတာဆိုတော့ တယောက်တမျိုးစီတော့ လှကြတာပါပဲလေ။ ကိုယ့်ပန်းအိုးကတော့ အလှဆုံးလို့ ကိုယ်ကိုယ် ကိုယ် ဖြည့်တွေးလိုက်တော့လည်း အရာ အားလုံးက ပျော်စရာကြီးပါပဲ။ နောက် ၃ ရက် လောက်လည်းနေရော ပန်းတွေ ညှိုးကုန်လို့ အခုတော့ ဖရုံသီး ပန်းအိုးလေးတစ်ခုတည်း ငေါင်စင်းစင်းလေး ကျန်နေရစ်ခဲ့ပါတော့တယ်...

အောက်တိုဘာ ၂၀၊ ၂၀၀၇။

October 16, 2007

ဝန်ထမ်းနှင့် နတ်ပြည်

*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ် မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။

မြတ်စွာဘုရားလက်ထက်တော်က သူဌေးကြီးတစ်ယောက် ရှိပါတယ်။ သူက “နေ့တိုင်း ကုသိုလ်ဖြစ်စေရမယ်” လို့ အဓိဋ္ဌာန်ပြီး ရဟန်းသံဃာတော်တွေကို အိမ်မှာ ဆွမ်းခံကြွစေပါတယ်။

ဒီလိုနဲ့ ဆွမ်းလောင်းလှူလာလိုက်တာ ကာလတစ်ခုမှာတော့ သူတို့ ရပ်ကွက်ကို သူခိုးသူဝှက်တွေ မကြာခဏ လာလာကပ်လာပါတယ်။ ဒါကြောင့် ဇနီးလုပ်သူက အိမ်ခြံဝင်းတံခါးကို အမြဲပိတ်ခိုင်းထားလိုက်ပါတယ်။

ဒီတော့ ဆွမ်းခံကြွလာတဲ့ ရဟန်းသံဃာတော်တွေက ပိတ်ထားတဲ့ တံခါးကို ကြည့်ပြီး ပြန်လှည့်သွားကြပါတယ်။ ပထမတော့ အိမ်ရှင်သူဌေးကြီးက စီးပွားရေးအလုပ်တွေနဲ့ ရှုတ်နေတဲ့အတွက် သတိမထားမိပါဘူး။ တစ်နေ့ အလုပ်အားတဲ့ရက် သံဃာတော်တွေ ကြွမလာတာ တွေ့တာနဲ့ အိမ်ရှင်ဇနီးကို မေးကြည့်ပါတယ်။

“ရှင်မရေ အိမ်မှာ သံဃာတော်တွေကော နေ့စဉ် ဆွမ်းခံကြွရဲ့လား”
“အခုတလော မကြွဖြစ်ကြပါဘူး”
“ဟင်... ဘာဖြစ်လို့လဲ”
“အခုတလော ရပ်ကွက်မှာ သူခိုးတွေ ကပ်ကပ်နေတယ်။ ဒါကြောင့် အိမ်တံခါးကို အမြဲသော့ခတ်ထားရတယ်”
“အို... ဖြစ်မှဖြစ်ရလေ စောစောက ပြောရောပေါ့။ ဆွမ်းဒါနကုသိုလ်ကတော့ မရလို့ မဖြစ်ဘူး။ ဆွမ်းလောင်းနိုင်အောင်တော့ စီစဉ်ပေးပါဦးမယ်” အိမ်ရှင်သူဌေးကြီးက အိမ်ရှင်မကို အဲဒီလိုပြောပြီး သူနဲ့သိကျွမ်းတဲ့ လူငယ်ကောင်လေးတစ်ယောက်ဆီကို သွားပါတယ်။ လူငယ်လေးကိုတွေ့တော့ အကျိုးအကြောင်းပြောပြပြီး
“မောင်ရင်လေးရယ် ဦးတို့ တံခါးကို အထူးလုံခြုံအောင် စောင့်ပေးပါ။ ရဟန်းသံဃာတွေ ကြွလာတဲ့အခါ တံခါးဖွင့်ပေးပြီး၊ သံဃာတွေ အိမ်ထဲရောက်တဲ့အခါ တံခါးကို သေချာပြန်ပိတ်ပေးပါ။ မောင်ရင်လေး အတွက်လည်း လခ များများ ပေးပါ့မယ်” လို့ ပြောလိုက်ပါတယ်။

လူငယ်ကောင်လေးကလည်း “ကျွန်တော် ဦးတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးပါ့မယ်”လို့ ပြန်ပြောလိုက်ပါတယ်။

ဒီလိုနဲ့ လူငယ်လေးဟာ သူဌေးကြီးအိမ်မှာ တံခါးစောင့်ရာထူး ရသွားရောပဲ ဆိုပါတော့ အလုပ်ဝင်ကတည်းက လူငယ်လေးဟာ သူ့ရဲ့စိတ်ကို အထူးပဲ စောင့်ရှောက်ထားပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ကိုယ်အမူအရာတိုင်းကို သတိကပ်ထားပါတယ်။

ရဟန်းသံဃာတွေ ကြွလာလို့ တံခါးဖွင့်ရပြီ ဆိုရင် လူငယ်လေးက “ငါ့ရဲ့တံခါးဖွင့်ပေးမှုကြောင့် ရဟန်းသံဃာတော်တွေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဆွမ်းခံကြွ ဘုဉ်းပေးနိုင်ပါစေ။ အိမ်ရှင် မိသားစုတွေလည်း ကုသိုလ်ဝတ်ကို စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပြုနိုင်ကြပါစေ” လို့ မေတ္တာစိတ်ကလေး ညွတ်ညွတ်ပြီး ဖွင့်ပေးပါတယ်။ ဒီလိုပါပဲ တံခါးပြန်ပိတ်တဲ့ အခါမှာလည်း မေတ္တာစိတ်ကလေးကို သေချာညွတ်ပြီး ပြန်ပိတ်ပါတယ်။

သံဃာတော်တွေ အိမ်ထဲရောက်တဲ့အခါမှာလည်း ဆွမ်းစားဖို့ အတွက် ကူလုပ်ပေးပြန်ပါတယ်။ ကူလုပ်တဲ့အခါတိုင်း အလုပ်တစ်ခုလို သဘောမထားဘဲ၊ ကုသိုလ်တွေလို့ပဲ သဘောထားပြီး မေတ္တာစိတ်ကလေးကို အထူးညွတ်ညွတ်ပြီး ကူပါတယ်။ သံဃာတော်တွေ ဆွမ်းစားပြီးလို့ သရဏဂုံ သီလပေးတဲ့အခါ ၀င်ယူသလို၊ တရားဟောပြီးလို့ အလှူရှင်ဖြစ်တဲ့ အိမ်ရှင်တွေက ရေစက်ချ အမျှပေးဝေတဲ့အခါမှာလည်း စိတ်ကလေးကို အထူးပဲ သတိကပ်ပြီး ၀မ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်။

အလုပ်တိုင်းကို အလုပ်လို သဘောမထားဘဲ ကုသိုလ်တွေလိုပဲ နှလုံးသွင်းထားမိတဲ့အတွက် လုပ်နေရတဲ့အလုပ်ကို ပင်ပန်းတယ်လို့ အာရုံမပြုမိတော့သလို “ငါက ဒီအိမ်မှာ တံခါးစောင့်ရတဲ့ အနိမ့်ဆုံးရာထူးပဲ”ဆိုပြီးလည်း သိမ်ငယ်မနေတော့ပါဘူး။

ဒီလိုနဲ့ သေလွန်ကြတဲ့အခါမှာတော့ အိမ်ရှင်အမျိုးသားကြီးဟာ ယာမာနတ်ပြည်မှာ သွားဖြစ်ပါတယ်။ တံခါးစောင့် လူငယ်လေးကတော့ တာဝတိံသာနတ်ပြည်မှာ အလွန်လှတဲ့ ရွှေဗိမာန်ကြီးနဲ့ သွားဖြစ်ပါတယ်။ အလွန်လှတဲ့ နတ်သမီးတွေကလည်း တစ်ဖက်ငါးရာနဲ့ပါ။ နတ်သမီးလေးတွေက သူ့ကို ဘယ်လိုခေါ်ကြသလဲဆိုတော့ “ကိုကို တံခါးစောင့်နတ်သားလေး”တဲ့။ လူ့ပြည်က တံခါးစောင့်ဘ၀ကနေ ရောက်လာတဲ့အတွက် “ကိုကို တံခါးစောင့် နတ်သားလေး”လို့ ခေါ်ကြတာပါ။

ကျန်တဲ့ဝန်းကျင်က နတ်သားတွေကလည်း တံခါးစောင့် နတ်သားလေး လို့ပဲ ခေါ်ကြပါတယ်။ နတ်သားတစ်ဖြစ်လဲ လူငယ်ကလေးကလည်း သူ့ကို တံခါးစောင့် နတ်သားလေးလို့ ခေါ်ကြတာကို လုံးဝ စိတ်မဆိုးပါဘူး။ အဲဒီလိုခေါ်တဲ့အတွက် သူ့ကိုယ်သူ ပိုတောင် ဂုဏ်ယူပါသတဲ့။ သူ့ရဲ့သာမန် တံခါးစောင့် အလုပ်ကလေးက ဒီဘ၀ရောက်အောင် ပို့ပေးလိုက်လို့ပါတဲ့။

ဒီစာရေးနေဆဲ၊ ဒီစာဖတ်နေဆဲမှာ တံခါးစောင့် နတ်သားလေးကတော့ နတ်သမီး တစ်ဖက်ငါးရာနဲ့ တာဝတိံသာနတ်ပြည်မှာ ဒီနေ့ ဒီအချိန်ထိ ပျော်ရွှင်ဆဲ ရှိချင် ရှိနေဦးမှာပါပဲ။

***

ခန္ဓာရှိနေတဲ့အတွက် မိသားစုရှိနေတဲ့အတွက် အရွယ်ရောက်လာရင် ၀န်ထမ်းတော့ လုပ်ရမှာပါ။ ပုဂ္ဂလိက ၀န်ထမ်းပဲဖြစ်ဖြစ်၊ အစိုးရ ၀န်ထမ်းပဲဖြစ်ဖြစ် တစ်ခုခုပေါ့။

ဒီတော့ ကိုယ်က ဘယ်လို ၀န်ထမ်းပုံစံမျိုးနဲ့ ဖြတ်သန်းမလဲ။

ကိုးနာရီခွဲ ဆယ်နာရီလောက် ရုံးတက်၊ လေးနာရီခွဲလောက် ရုံးဆင်း၊ ရုံးချိန် အလုပ်အားတဲ့ အချိန်တွေမှာ စုစု, စုစုနဲ့ သူတစ်ပါးအတင်းပြော၊ ကိုယ့်ထက်သာသွားတဲ့လူကို မနာလို ဣဿာမစ္ဆရိယဖြစ်၊ ၀န်ထမ်းဘ၀ကို အဲဒီလို ပုံစံမျိုးနဲ့ ဖြတ်သန်းမလား... ?

. . . . . . . . . . . . . . . . . . . . . . . . . . . .

အဲဒီလိုပုံစံမျိုးနဲ့ ဖြတ်သန်းရင်တော့ သေတဲ့အခါ အထက်မတက်ဘဲ အောက်စိုက်သွားနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သေချာပြန်ကြည့်ရင် အမြင့်မြတ်ဆုံးဖြစ်တဲ့ လူ့ဘ၀ကို ရထားတာပါ။ နိဗ္ဗာန် မရသေးရင်တောင် ဘ၀ကို အဓိပ္ပာယ်ရှိရှိလေးတော့ နေသွားဖို့ ကောင်းပါတယ်။

အဲဒီအတွက် အဓိက,ကတော့ စိတ်ကလေးပါပဲ။ ကောင်းတာပြုချင်တာလည်း ဒီစိတ်ပဲ၊ မကောင်းတာ ပြုချင်တာလည်း ဒီစိတ်ပဲ။ ဒီတော့ ကိုယ့်ရဲ့ စိတ်ကလေးကို မြင့်မြတ်တဲ့ လမ်းကြောင်းလေးပေါ်ကို တင်ပေးလိုက်ရုံပါပဲ။

အသိကောင်လေးတစ်ယောက် ရှိပါတယ်။ သူက ကုမ္ပဏီတစ်ခုမှာ လုပ်ပါတယ်။ သူက ဆောင်ပုဒ်တစ်ခုကို အသေ လက်ကိုင်ထားပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်က “ကောင်းတဲ့ စိတ်ထားရင် ကောင်းတဲ့ အကျိုးပေးမယ်၊ မကောင်းတဲ့ စိတ်ထားရင် မကောင်းတဲ့ အကျိုးပေးမယ်” ဆိုတဲ့ ဆောင်ပုဒ်ကလေးပါ။

ဒီဆောင်ပုဒ်ကလေးကို သူက တစ်နေ့ သုံးကြိမ်လောက် ရင်ထဲရောက်နေအောင် နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ အဲဒီ ဆောင်ပုဒ်ကလေးနဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ပါသတဲ့။

ဒီတော့ သူ့အနေနဲ့ ရာထူးလေးတွေ ဆင့်ကဲဆင့်ကဲ တိုးတိုးသွားခဲ့ပါတယ်။ ပြီးတော့ ကုမ္ပဏီရဲ့ စရိတ်နဲ့ပဲ အပြင်သင်တန်းတွေပါ တက်ခွင့်ရပါတယ်။

ဒါပေမယ့် သူနဲ့အတူတူ အလုပ်ဝင်ဖက်တစ်ယောက်ကတော့ သူ့အပေါ် အမြဲဝန်တိုနေပါသတဲ့။

အဲဒီဝန်တိုနေတဲ့ သူနဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဟာ ရာထူးက တိုးတိုးမလာဘဲ ဒုံရင်း ဒုံရင်းအတိုင်းပါပဲတဲ့။
ဒါကိုကြည့်ပြီး သူက ဘယ်လို ထပ်နှလုံးသွင်းပြန်သလဲဆိုတော့ “ကောင်းတဲ့ စိတ်ထားရင် ကောင်းတဲ့အကျိုးပေးတယ်၊ မကောင်းတဲ့ စိတ်ထားရင် မကောင်းတဲ့ အကျိုးပေးတယ်” လို့ နှလုံးသွင်း ဆင်ခြင်ပါသတဲ့။ နှလုံးသွင်းတဲ့နေရာမှာ သူတစ်ပါး ရာထူးမတက်တာကို ၀မ်းသာစိတ်နဲ့ နှလုံးသွင်းတာမဟုတ်ဘဲ မကောင်းတဲ့ စိတ်ရဲ့ ဆိုးကျိုးကို သံဝေဂစိတ်နဲ့ နှလုံးသွင်းဆင်ခြင်တာပါတဲ့။

ကောင်လေးက သူ့ရဲ့ လက်တွေ့ ဘ၀နဲ့ အသုံးတည့်နေလို့ဆင်ခြင်နေပေမယ့် သူ ဆင်ခြင်နေတဲ့ ဆောင်ပုဒ်ကလေးက ဘယ်ပါဠိက လာတယ်ဆိုတာတော့ သူ မသိပါဘူးတဲ့။ တကယ်တော့ ပါဠိကို သိတာ မသိတာက သိပ်ပြီး အရေးမကြီးလှပါဘူး။ ကိုယ်နားလည်တဲ့ ဘာသာစကားနဲ့ ကိုယ့်ရဲ့ လက်တွေ့ဘ၀ထဲမှာ အသုံးတည့်နေရင် ပြီးတာပါပဲ။

ဒါပေမယ့် စာဖတ်သူတွေကတော့ ပါဠိလေးကို ဗဟုသုတအဖြစ် မှတ်ထားလိုက်ပါဦး။

ကုသလံ အန၀ဇ္ဇ သုခ ၀ိပါက လက္ခဏံ - ကုသိုလ်ဟာ အပြစ်ကင်းပြီး ကောင်းကျိုးကို ပေးခြင်း လက္ခဏာရှိတယ်။
အကုသလံ သာဝဇ္ဇ ဒုက္ခ ၀ိပါက လက္ခဏံ - အကုသိုလ်ဟာ အပြစ်နှင့်တကွ မကောင်းကျိုးကို ပေးခြင်း လက္ခဏာ ရှိတယ်။

ဒါက ပါဠိရှိတဲ့အတိုင်း တိုက်ရိုက် မြန်မာပြန်ပေးတာပါ။ တကယ်လို့ ကိုယ်က ပါဠိလေးပါတွဲပြီး ဆင်ခြင်ချင်တယ်ဆိုရင် ဆင်ခြင်လို့ ရအောင်ပါ။

ဘယ်လိုပဲ ဆင်ခြင် ဆင်ခြင် ကိုယ့်ရဲ့ လက်တွေ့ဘ၀ထဲမှာ အသုံးတည့်နေဖို့ပဲ အရေးကြီးပါတယ်။
ပုထုဇဉ်တစ်ယောက်မှာ သိဖို့ရယ်၊ ကျင့်ဖို့ရယ် ဆိုပြီး အဆင့် နှစ်ဆင့် ရှိပါတယ်။ ပထမ သိအောင် လေ့လာရပါမယ်၊ ဒုတိယ အသိကို အခြေခံပြီး လက်တွေ့ ကျင့်သုံးကြည့်ရပါမယ်။

ကဲ... ဥပမာပဲ ထားပါတော့။ မြန်မာ့အသံက ဆေးပညာရပ်ဆိုင်ရာ တစ်ခုကို ထုတ်လွှင့်တော့မယ် ဆိုပါစို့။ အသံလွှင့်ဖို့အတွက် တစ်ယောက်တည်း လွှင့်လို့ မရပါဘူး။ အနည်းဆုံး ၀န်ထမ်း နှစ်ဆယ်ကျော်လောက်နဲ့ လုပ်ကြရတော့မှာပါ။ အသံလွှင့်ဖို့ ဆေးပညာဆိုင်ရာ စာစုကို ကွန်ပျူတာ စာစီမယ်၊ စာစီတဲ့သူကလည်း “ငါ စီလိုက်တဲ့ စာလေးတွေ ဖတ်ပြီး ပြည်သူ ပြည်သားတွေ ဆေးပညာ ဗဟုသုတလေးတွေ ရပြီး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ” ဆိုပြီး မေတ္တာစိတ်ညွတ်ပြီး စာစီမယ်ဆိုရင် ကုသိုလ်တွေ ဖြစ်နေတာပါ။

ဒီလိုပါပဲ အသံလွှင့်ချက်ကို ဖတ်ကြားမဲ့သူ၊ အသံဖမ်းမယ့်သူ၊ စက်ကို ကြီးကြပ်မယ့်သူ၊ မီးကို ဂရုစိုက်ပြီး ကြည့်ပေးမယ့်သူ၊ အသံလွှင့်နေတုန်း ၀င်းတံခါးကို စောင့်ပေးနေမယ့်သူ စသည်ြဖင့် အများကြီးပါပဲ။

အသံလွှင့်ဖို့ စီစဉ်အားထုတ်သူ အားလုံးဟာ အလုပ်လုပ်နေကြဆဲမှာ “ငါတို့ ထုတ်လွှင့်တဲ့ ဆေးပညာ ဗဟုသုတလေးတွေကို နားထောင်ပြီး ပြည်သူ ပြည်သားတွေ ဆေးပညာ ဗဟုသုတတွေ ရကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ” လို့ မေတ္တာစိတ်ကလေး ညွတ်ပြီး လွှင့်နေရင် မေတ္တာကုသိုလ်တွေ တစ်လှေကြီး ရနေတာပါ။

ဒီလို ကောင်းတဲ့စိတ်ကလေး ဖြစ်နေတဲ့အတွက် ကောင်းကျိုးတွေကလည်း ဆင့်ကဲ ဆင့်ကဲ ဖြစ်နေမှာ ဖြစ်သလို သေလွန်တဲ့အခါမှာလည်း နတ်ပြည်မှာ နတ်သမီး တစ်ဖက် ငါးရာက အသင့် ကြိုနေဦးမှာပါ။ ကိုယ်က အမျိုးသမီးဆိုရင်လည်း နတ်သမီးလှလှလေး ဖြစ်ရဦးမှာပါ။

နောက်အကျိုးတစ်ခုကတော့ အဘိဓမ္မာသဘောတရားအရ စိတ်ဆိုတာ အာရုံနှစ်ခု ယူလို့ရတာ မဟုတ်တော့ မေတ္တာစိတ်ကလေး ဖြစ်နေတဲ့ အချိန်မှာ ၀န်ထမ်းအချင်းချင်း တစ်ဦးအပေါ် တစ်ဦး မနာလို ၀န်တိုတတ်တဲ့ ဣဿာမစ္ဆရိယစိတ်လည်း ဖြစ်မနေတော့ပါဘူး။ မကောင်းတဲ့စိတ်က ကိုယ့်သန္တာန်မှာ ရှိမနေတဲ့အတွက် နေရ ထိုင်ရ လုပ်ရ ကိုင်ရတာလည်း ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ပျော်ရွှင်နေတတ်ပါတယ်။ စိတ်ပျော်ရွှင်နေရင် အလုပ်လုပ်ရတာလည်း ပင်ပန်းတယ်လို့ မထင်တော့ပါဘူး။

အဲဒီအရသာဟာ ဘာနဲ့မှ လဲလို့ မရပါဘူး။

အလုပ်အားနေတဲ့ အချိန်လေးတွေမှာလည်း အပိုအဆစ်အနေနဲ့ ရုံးမှာ တံမြက်စည်းလှည်းနေလိုက်မယ်၊ ပြတင်းပေါက်တံခါးတွေကိုလည်း အ၀တ်စုတ်ကလေးတစ်ခုနဲ့ ဖုန်လိုက်သုတ်ပေးနေလိုက်မယ်၊ သောက်ရေအိုးတွေကို ရေဖြည့်မယ်၊ သောက်ရေခွက်ကလေးတွေကို တိုက်ချွတ် ဆေးကြောမယ်၊ အများသုံး အိမ်သာကိုလည်း သန့်ရှင်းရေး သွားလုပ်ပေးနေလိုက်မယ်ဆိုရင်လည်း ပိုက်ဆံမကုန်ဘဲနဲ့ ကုသိုလ်တွေ ရနေတာပါ။

နောက် အပိုအဆစ်တစ်ခုအနေနဲ့ ရုံးဆင်းခါနီးမှာလည်း “ဒီနေ့ ပြုသော ကုသိုလ်အဖို့ကို ဤရုံးကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်အပေါင်းအားလည်းကောင်း၊ ဤမဟာပထ၀ီမြေကြီးကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ် အပေါင်းအားလည်းကောင်း၊ အမျှ အမျှ အမျှ ပေးဝေငှပါ၏။ အမျှ အမျှ အမျှ ယူတော်မူကြပါ” လို့ နတ်ကောင်း နတ်မြတ်တွေကိုလည်း အမျှပေးဝေလိုက်ပါဦး။

တကယ်လို့ ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာနဲ့ ကြုံလာတဲ့အခါ ကိုယ်နေ့စဉ် အမျှပေးဝေခဲ့တဲ့ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ပြီး အကူအညီတောင်းလို့လည်း ရပါတယ်။ အမျှပေးဝေထားတဲ့ နတ်ကောင်း နတ်မြတ်တွေကလည်း ကူညီ မစမှာပါ။

ရေသောက်တဲ့အခါတိုင်း “ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် ရုံးသူ ရုံးသားတွေလည်း စိတ်ကော ရုပ်ကော အေးမြကြပါစေ”လို့ မေတ္တာပို့ သောက်မယ်။ အားတဲ့အခါလေးတွေမှာလည်း မျက်လုံးလေးမှိတ်ပြီး “ဒီရုံးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရုံးသူ ရုံးသားအားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ အစစ အရာရာ အဆင်ပြေကြပါစေ”လို့ ကိုယ့်ရဲ့ ရုံးသူ ရုံးသားတွေကို သီးသန့် သီးခြားလေး ၀တ်တစ်ခုလိုထားပြီး မေတ္တာပို့ပေး နေလိုက်မယ်ဆိုရင်လည်း ကုသိုလ်တွေ ဖြစ်နေတာပါ။ ကိုယ်က သူတို့ရဲ့ မေတ္တာကို လိုချင်ရင် ကိုယ်က အရင်ပေးရမှာပါ။

တွေ့ကြ ဆုံကြတယ်ဆိုတာကလည်း တကယ့် ခဏလေးပါ။ တစ်သက်လုံး တွေ့မနေကြပါဘူး။ အချိန်စေ့တော့လည်း ခွဲကြရမှာပါ။ တွေ့ခိုက် ဆုံခိုက်လေးမှာ မေတ္တာနဲ့ နေကြတာတော့ အကောင်းဆုံး နေထိုင်မှုပါပဲ။

အဲဒီလိုမှ မဟုတ်ဘဲ မထားသင့်တဲ့ စိတ်တွေထားပြီး သေသွားရင် ရောက်ရမယ့် ဂတိက သိပ်ပြီး မကောင်းနိုင်ပါဘူး။

ကုသိုလ်ဆိုတာ ရှင်တစ်ထောင် ရှင်တစ်သောင်း ပြုပေးမှ၊ ကျောင်းဆောင်ကြီးတွေ ဆောက်လှူမှ ကုသိုလ် မဟုတ်ပါဘူး။ စားဝတ်နေရေး အတွက် လုပ်နေရတဲ့ အလုပ်တွေဟာလည်း စိတ်ထားတတ်ရင် ကုသိုလ်တွေပါပဲ။ ဘာမှ မခက်လှပါဘူး။ ကိုယ့်စိတ်ကလေးကို အမည်လေး ပြောင်းတပ်ပေးလိုက်ရုံပါပဲ။ စိတ်ကို စိတ်နဲ့ပဲ ပြန်ပြောင်းပေးရတာဆိုတော့ ဘာမှလည်း မပင်ပန်းပါဘူး။

အရာဝတ္ထုတော်တော်များများကို စိတ်ကပဲ နာမည်တွေ လိုက်တပ်ထားတာပါ။ စိတ်တပ်ထားတဲ့ နာမည်လေးတွေကို ကိုယ်က သတိနဲ့ပြန်ပြီး နာမည်လေး ပြန်ပြောင်းတပ်လိုက်ရုံပါပဲ။ ရုံးမှာ လုပ်နေရတဲ့ အလုပ်တွေကို ဒါတွေဟာ ကုသိုလ်တွေလို့ နာမည်ပြောင်းတပ်လိုက်ရုံပါပဲ။ မခက်ပါဘူး။

အဲဒီလိုသာ ကိုယ့်စိတ်ကလေးကို ကျင့်ကျင့်ပေးသွားရင် မကြာခင်မှာ စိတ်ထားမြင့်မြတ်တဲ့ လူသားတစ်ယောက် ဖြစ်လာမှာပါ။ စိတ်ထားမြင့်မြတ်တဲ့သူကို နေရာတိုင်းက လိုချင်ကြပါတယ်။

ဒီလိုပါပဲ။ အကျင့်ဆိုတာ ကျင့်ကျင့်ပြီး ယူသွားရတာပါပဲ။ အကျင့်ဆိုတာ ကျင့်ပါများသွားရင် အထုံ ဖြစ်သွားတတ်ပါတယ်။ အထုံဖြစ်သွားပြီဆိုရင် အထူးကြောင့်ကြစိုက်စရာ မလိုတော့ဘဲ ဘာပဲလုပ်လုပ် အလိုလို မေတ္တာစိတ်ကလေး ညွတ်ပြီးသား ဖြစ်နေတတ်ပါတယ်။ မေတ္တာစိတ်ရှိနေတဲ့ သူရဲ့ မျက်နှာဟာ ကြည်ပြီး သိပ်သိသာနေတတ်ပါတယ်။ မျက်နှာကြည်နေတဲ့အတွက် မြင်ရတဲ့လူတိုင်းကလည်း အလိုလို ချစ်ပြီးသား ဖြစ်နေတတ်ပါတယ်။ သေတဲ့အခါကျရင်လည်း နတ်ပြည်ကို ရောက်ရဦးမှာပါ။

***

ကဲ... စာဖတ်သူ၊ မနက်ဖြန်ကစပြီး ရုံးတက်ရင် ဘာပဲလုပ်လုပ် မေတ္တာစိတ်ကလေး ညွတ်ပြီး လုပ်တော့နော်။ ရာထူးတွေ မြန်မြန်တိုးပြီး လူချစ် လူခင်များသွားအောင်လို့ပါ။ ပြီးတော့ သေတဲ့အခါမှာလည်း တာဝတိံသာနတ်ပြည်မှာ ............... လို့ပါ။

ကျမ်းကိုး
(၁) ၀ိမာန၀တ္ထု အဋ္ဌကထာ
ဒွါရပါလက ၀ိမာန၀တ္ထု။
(၂) ၀ိမာန၀တ္ထုတော်ကြီး၊
မြို့မိဆရာတော်။

မြန်မာ့အသံ နှစ်(၆၀) ပြည့် မဂ္ဂဇင်း
၂၀၀၆။


မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog
တွင် ကူးယူဖော်ပြပါသည်။

အောက်တိုဘာ ၁၆၊ ၂၀၀၇။

October 3, 2007