February 15, 2008

ဘ၀လက်တွဲဖော်



လေးမ က ဘ၀လက်တွဲဖော် အကြောင်း tag ထားတယ်။ ရေးဖို့အကြောင်းအရာကို စဉ်းစားတော့ ဘယ်က စပြီး ဘယ်လိုရေးရမှန်းလည်း မသိ၊ အရင်တုန်းက တွေးထားမိတဲ့ဘ၀အဖော်ဆိုတာကလည်း “ကြာပြီဆိုတော့ မေ့လောက်ပါပြီ”ဆိုသလို သီချင်းလုပ်ပြီး ဆိုရမလိုပါပဲ။ ကိုယ်ကလည်း လူလတ်တန်းစား ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတာဆိုတော့ ကိုယ့်ရဲ့ ဘ၀လက်တွဲဖော်ကိုတော့ အချက်တွေ အများကြီးမမျှော်လင့်ထားဘူး။ (ပို့စ်ဆုံးအောင်ဖတ်ပြီးရင် “အများကြီး မမျှော်လင့်ထားပေလို့ပဲ” လို့ ပြောကြ မလားပဲ။ :P ) ဘ၀ကို ရိုးရိုးပဲတွေးချင်တယ်။ ရိုးရိုးပဲဖြတ်သန်းချင်တယ်။ အနည်းဆုံးတော့ ပိုက်ဆံမချမ်းသာရင်တောင် စိတ်မဆင်းရဲချင်တာ အမှန်ပါပဲ။ အိမ်ထောင်မကျခင်က စိတ်ကူးခဲ့ဖူးတဲ့ သူကို မှတ်မိသလောက် ပြန်တွေးကြည့်လိုက်တော့...


*****


အသက် ၂၀ ၀န်းကျင်ဆိုတာ စိတ်ကူးယဉ်တတ်တဲ့အရွယ်မဟုတ်လား။ ကိုယ့်ဖူးစာဖက်ကို ဘယ်လိုလူမျိုးဖြစ်ရင် ကောင်းမှာပဲလို့ တွေးဖူးတာပေါ့။ တက္ကသိုလ်တက်တုန်းအရွယ်မှာ ရုပ်ရှင်မင်းသား လွင်မိုးက နာမည်စကြီးတဲ့ အချိန်ဆိုတော့ ကိုလွင်မိုးကို သဘောကျပြီး သူ့လို အရပ်ရှည်ရှည်ဖြစ်ရမယ်လို့ စိတ်ကူးဖူးတယ်။ နောက်တော့ Korea ဇာတ်လမ်းတွဲတွေ ခေတ်စားလာပြန်တော့ ဒါရိုက်တာ“ရင်” လို အသားဖြူဖြူ၊ နှာတံပေါ်ပေါ်၊ မျက်လုံးပြူးပြုး၊ စတိုင်ခပ်မိမိလေး ဖြစ်ရင်ကောင်းမှာပဲလို့ တွေးမိပြန်တယ်။ နိုင်ငံခြားရုပ်ရှင်တွေ ကြည့်တတ်တဲ့ အချိန်ကတည်းက Speed ဇာတ်ကားကို ကြိုက်ခဲ့တယ်။ အဲဒီထဲက မင်းသား Keanu Reeves လိုမျိုး အားကိုးလောက်ပြီး ကိုယ့်ရှေ့က မားမားမတ်မတ် ရပ်တည်ပေးနိုင်မယ့်သူမျိုးကို သဘောကျခဲ့တယ်။ အဲဒါတွေက စိတ်ကူးယဉ် သက်သက် ဖြစ်တယ်ဆိုတာ ကျမ ကိုယ်တိုင်လည်း သိခဲ့တာပဲလေ။


တကယ်တမ်း လက်တွေ့ကျကျ စဉ်းစားရတဲ့ အခါမှာတော့ အသက်အရွယ်အားဖြင့် ကျမ မောင်လေး ထက် အသက် ငယ်လို့မဖြစ်သလို ကိုကြီးထက် ကြီးတဲ့သူယူဖို့ရာလည်း အင်မတန် ခက်လှပါတယ်။ တသက်လုံး လက်တွဲသွားနိုင်ဖို့အတွက် ကိုယ်နဲ့ အခြေခံစိတ်သဘောထားချင်း တိုက်ဆိုင်ချင်တယ်။ ပိုက်ဆံရှိတာ မရှိတာထက် ရိုးသားပြီး ကြိုးစားဖို့ လိုအပ်တယ်လို့လည်း ယူဆမိတယ်။ အချစ်ဟာ အရေးပါတယ်ဆိုပေမယ့် အချစ်တစ်ခုတည်းနဲ့တော့ ဘ၀ကို ပျော်ရွှင်အောင် တည်ဆောက်နိုင်မယ်မထင်ထားဘူး။ ဆိုးပေနေတဲ့သူကို ကိုယ်နဲ့ ယူပြီးမှ ပြုပြင်ယူမယ်ဆိုတဲ့ မိုက်ရူးရဲစိတ်ဓာတ်မျိုးလည်း ကျမမှာ မရှိခဲ့ပါဘူး။ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဖြစ်မယ့်သူဟာ ကိုယ်အထင်ကြီးနိုင်တဲ့သူ၊ လေးစားရမယ့်သူ၊ မိဘအသိုက်အ၀ိုင်းက ကြည်ဖြူနိုင်တဲ့သူ ဖြစ်ရမယ်လို့စဉ်းစားခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်ရမယ်။ မာမားကတော့ အရင်တုန်းက တရုတ်ပဲ ယူရမယ်ဆိုပြီး ကန့်သတ်ပေမယ့် နောက်ပိုင်းတော့လည်း ဘာမှ မပြောတော့ပါဘူး။ ပါပါးကတော့ တရုတ်သွေးပါတဲ့သူကိုပဲ ယူစေချင်ခဲ့တယ်။ တရုတ်လူမျိုးတွေကလည်း များသောအားဖြင့် မိဘပေးစားတဲ့ သူကို ယူရတာမို့ အဲဒီလို အိမ်ထောင်ရေးမျိုးတော့ မဖြစ်ချင်ခဲ့ဘူး။ ကိုယ့်ကို အားကိုးနေမှာထက် ကိုယ်ကသာ အားကိုးချင်တာမို့ အရည်အချင်းအရရော အလုပ်အကိုင်ပါ အတည်တကျ ရှိတဲ့သူမျိုး ဖြစ်စေချင်ခဲ့ပါတယ်။


ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီး စဉ်းစားဆင်ခြင်နိုင်တဲ့ အရွယ်မှာတော့ စဉ်းစားစရာ၊ ရွေးချယ်စရာ အချက်တွေဟာ ပိုများလာတယ် ဆိုရမလားပဲ။ ခပ်ရှင်းရှင်းပြောရရင်တော့ ဇီဇာကြောင်လာတယ်ဆိုပါတော့။ အလုပ်ထဲက ခင်နေတဲ့သူတွေက “အပျိုကြီး” ဆိုပြီး ကျမကို စ ကြတယ်။ “ရွေးမနေနဲ့နော်။ အမတို့က ဟင်းရွက်တွေလိုပဲ။ ညနေစောင်းလို့ နွမ်းသွားရင် ဘယ်သူမှ ၀ယ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကမှ '၀ိုင်' လိုမျိုး၊ ကြာလေ တန်ဖိုးတက်လေ။ အမတို့က သနပ်ခါးသွေးရင်တောင် 'ရတာယူမယ်' ဆိုပြီး အသံထွက်နေပြီ” ဆိုပြီး စတတ်ကြသေးတယ်။ ကျမကတော့ အပြုံးမပျက်ပဲ “ကံပါလာရင်တော့ တစ်ယောက်ယောက်နဲ့ ဖူးစာဆုံမှာပဲ”လို့ ပြန်ပြောလိုက်တော့တယ်။ [ဗေဒင်တွက်တိုင်းလည်း အပျိုကြီးမဖြစ်ဘူးလို့ဟောကြတာကိုး... ;) ] အချိန်တန်ရင်တော့ သမီးအလိမ္မာပဲလုပ်ပြီး မိဘစကားနားထောင်သလိုလိုနဲ့ မိဘစီမံရာပဲ နာခံလိုက်တော့မယ်ပေါ့။



*****


ကျမရဲ့ အိမ်ထောင်ဘက်ကတော့ အသက်အားဖြင့် ၁ နှစ်ခွဲသာသာကြီးပါတယ်။ (ကျမတို့ မောင်နှမတွေကတော့ ၂ နှစ်ကြီး ၂ နှစ်ငယ်တွေဆိုတော့ သူက ကျမ ကိုကြီးထက် ငယ်ပါတယ်။) Company တစ်ခုတည်းမှာ အလုပ်အတူတူ လုပ်ခဲ့ကြပြီး ၅ နှစ်ကျော်မှ ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိနေကြပါတယ်။ ကောင်းတာရော၊ မကောင်းတာတွေရောပေါ့။ သူဟာ လွင်မိုးလိုတော့ အရပ်မရှည်ပါဘူး။ ဒါရိုက်တာ“ရင်”လိုမျိုး စတိုင်ခပ်မိမိနဲ့ မျက်လုံးပြူးပြူးလည်း မဟုတ်တဲ့အပြင် တခါတလေ “ဦးဝတုတ်၊ ၀တုတ်ကြီး” လို့တောင် ခေါ်ရပါသေးတယ်။ သူ့ပါပါးက တရုတ်ကပြား၊ မေမေက မြန်မာဆိုတော့ သူက တရုတ်သွေး တစ်မတ်ဖိုးလောက်ပဲ ပါပြီး မျက်နှာက ကျမထက်ကို တရုတ်နဲ့ ပိုတူပါတယ်။ Kobe က China Town ဘက်သွားရင်လည်း သူ့ကို “တရုတ်လား” ဆိုပြီး လာမေးတတ်ကြတယ်။ ဒါကြောင့်လည်း ကျမအိမ်က သူနဲ့ သဘောတူခဲ့တာပေါ့။


အ၀တ်အစားဝယ်ရမှာ အရမ်းနှမြောတတ်ပြီး ကွန်ပျူတာပစ္စည်း၊ လျှပ်စစ်ပစ္စည်း ဆိုရင် ဈေးကြီးပါစေ ကောင်းပေ့ဆိုတာမှ ကိုင်ချင်၊ သုံးချင်တဲ့သူမျိုးပါ။ စိတ်ရှည်၊ သည်းခံတတ်ပြီး စိတ်ဆိုးရင်တောင် မျက်နှာတချက်မပျက်တတ်သူပါ။ စိတ်ရင်းကောင်းပြီး ခပ်ပျော်ပျော်နေတတ်တယ်။ အစအနောက်သန်တယ်။ ဂိမ်းအင်မတန်ဆော့ပြီး အပေါင်းအသင်းခင်တတ်တယ်။ အားနာတတ်တယ်။ နောက်ပြီး ယောင်္ကျားလေးတို့ တတ်အပ်တဲ့ ပညာရပ်အားလုံးလည်း တတ်ပါသေးတယ်။ ဒါကြောင့် သူ့ရဲ့ ကောင်းတာတွေအပြင် မကောင်းတဲ့အချက်တွေရော လက်ခံနိုင်လားဆိုတာ သေချာ စဉ်းစားပြီးမှ လက်ထပ်ဖို့ သဘောတူခဲ့တာပါ။ ကျန်တာတွေကတော့ အများ သူငါလိုပါပဲ။ ကျမတို့ရဲ့ အသက်အရွယ်ဟာ စိတ်ကို ဦးစားပေးရမယ့် အရွယ်မဟုတ်တဲ့အတွက် အော်ကြီးဟစ်ကျယ် ပြဿနာ တက်တာမျိုး မဖြစ်လိုလှပါဘူး။ ကျမ စိတ်တိုရင် သူငြိမ်ပြီးနေတတ်သလို သူမကြိုက်တဲ့ ပွစိ ပွစိနဲ့ နားပူနားဆာ တိုက်တာမျိုး မလုပ်ဖြစ် မပြောဖြစ်အောင် ဆင်ခြင်ပါတယ်။ မကြိုက်တာ စိတ်တိုင်းမကျတာ တွေ့ရင်လည်း ကျမက စိတ်ထဲ မထားတတ်ပါဘူး။ ချက်ချင်းဖွင့်ပြောပြီး ဖြေရှင်းတတ်သူပါ။ ကျမက စိတ်ဆိုးလွယ်တတ်သလို စိတ်ပြေ တာလည်း လွယ်ပါတယ်။ သူက သွေးအေးတတ်ပြီး ကျမက သွေးဆူတတ်ပါတယ်။ အဲဒါကြောင့် အိမ်ထောင်ကျပြီးကတည်းက အခုချိန်ထိ ကျမတို့ ၂ ယောက် ရန်ဖြစ်လို့ ပြဿနာ တက်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ကျမအတွက် အစစ အရာရာ ဖြည့်ဆည်းပေးတတ်သူ၊ ကျမ စိတ်ဓာတ်ကျရင် အားပေးတတ်သူပါ။


အခုလည်း ရုံးက သူတွေအားလုံးက ကျမတို့အကြောင်းကို သိနေတာမို့ တခါတလေ ပါတီမှာ စကားလက်ဆုံကြမိရင် ကျမကို “Why did you fall in love with your husband?" လို့ မေးတတ်ကြတယ်။ ကျမကတော့ စကားကြီး စကားကျယ် မပြောတတ်သူမို့ “I have no reason” လို့ပဲ ခပ်တိုတို ဖြေလိုက်တော့တယ်။ အဲဒါလည်း သူတို့က သဘောကျပြီး ရီနေကြတော့တာပဲ။ အမှန်တော့လည်း ကျမမှာ ဘာကြောင့်ချစ်တယ် ဘာဖြစ်လို့ ချစ်တယ်ဆိုတာ မရှိဘူးလို့ ပြောရင်တော့ ရီစရာ ဖြစ်နေမလားပဲ။ သူ့ကို သူငယ်ချင်းတွေက ကျမကို ဘာလို့ ချစ်တာလဲလို့မေးရင် ပြောင်စပ်စပ်နဲ့ ထူးအိမ်သင် သီချင်းဆိုပြနေတတ်ပါတယ်။

"ဘာကြောင့်များ ~~ ချစ်လဲ..
ဒီလိုမေးရင် ~~ ခက်သားကွယ်..
အချစ်မှာ ~~ အကြောင်းပြချက်များ
မလိုဘူး... ”


ကျမ ဆယ်ကျော်သက်အရွယ်က စိတ်ကူးယဉ်ခဲ့ဖူးသူနဲ့ တကယ့်အိမ်ထောင်ဘက်က ထပ်တူထပ်မျှတော့ မဖြစ်ခဲ့ပါဘူး။ တကယ်တမ်း အိမ်ထောင်ရေးမှာ အရေးကြီးတာက “တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိဖို့ပဲ လိုတယ်” လို့ ထင်မိပါတယ်။ “နားလည်မှု”ဆိုတဲ့ ဒီစကားဟာ အပြောလွယ်သလောက် လိုက်နာဖို့တော့ မလွယ်ကူလှပါဘူး။ ဘယ်လောက်အထိ နားလည်ပေးရမယ်၊ ဘယ်အတိုင်းအတာထိ နားလည်နိုင်မယ် ဆိုတာ ၂ ယောက်သား ညှိယူရင်းနဲ့ပဲ ......


ဖေဖော်ဝါရီ ၁၅၊ ၂၀၀၈။


February 12, 2008

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့


ဗိုလ်ချုပ်မရှိပေမဲ့ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေဆဲ



ဤနေရာမှ ရယူပါ
**************

February 6, 2008

ခရီးသွားခြင်း


59th Sapporo Snow Festival 5/02~11/02


ဂျပန်လူမျိုးတွေဟာ ခရီးသွားခြင်းကို နှစ်သက်ကြတယ်လို့ ကျမထင်မိပါတယ်။ ဘာလို့လဲဆိုတော့ ပိတ်ရက် ၃ ရက်လောက် ရလို့ အနီးအနားကို တစ်ညအိပ် ခရီးမျိုး သွားမယ်ဆိုရင် ၂ ပတ်ကနေ ၃ ပတ်လောက် ကြိုပြီး Booking လုပ်ထားမှ စိတ်ချရပါတယ်။ ပိတ်ရက်ရှည် ဆိုရင်တော့ ၂ လကျော် ၃ လလောက်ကတည်းက စီစဉ်ထားမှ အဆင်ပြေပါတယ်။ အဲဒီအချိန်ဆိုရင် ကားလမ်း၊ ရထားလမ်း၊ လေကြောင်းလမ်း တွေမှာ အကုန်လူပြည့်တတ်တယ်။ လိုင်းကားဆိုရင်လည်း ရန်ကုန်က ခရီးဝေး Express ကားလိုမျိုး တစ်တန်း လေးယောက် ထိုင်စီးရတဲ့ကား စီးမလား၊ အိပ်ပြီး သွားလို့ရတဲ့ ကားစီးမလား ဒါမှမဟုတ် နေ့ဘက်သွားတဲ့ ကားစီးမလား၊ ညဘက်သွားတဲ့ကားစီးမလား ကြိုက်တာစီးလို့ရပါတယ်။ လေးယောက်ထိုင်ခုံပါတဲ့ကားက ယန်း ၅၀၀၀ ပေးရပြီး အိပ်စီးသွားလို့ရတဲ့ကားက ယန်း ၇၀၀၀ ကျော် ပေးရပါတယ်။ ကျမတို့ အတွက်တော့ မြန်မာပြည်မှာ လမ်းလည်း ကြမ်းပြီး ကားပေါ်မှာတင် ၁၂ နာရီ ၁၃ နာရီလောက် ကြာတဲ့ ခရီးတွေ ကို ထွက်ခဲ့ဖူးပြီးသားတွေမို့ ဒီမှာဘယ်လိုကားမျိုးပဲ စီးရ စီးရ အဆင်ပြေပါတယ်။ ယန်း ၇၀၀၀ ကျော်ပေးရတဲ့ ကားကတော့ ညဘက်အတွက် အထူးသီးသန့်လိုဖြစ်ပြီး ခြုံစောင်ပေးပါတယ်။ ပြီးတော့ ထိုင်ခုံက လှဲလိုက်ရင် ဒရင်းဘတ်ပေါ် အိပ်ရသလိုပဲမို့ အိပ်ပြီး စီးသွားရင်တော့ အဆင်အပြေဆုံးပါပဲ။ အဲဒီလို ကားတွေက ၂ ထပ်ရှိပြီး အိပ်သာလည်း ပါပါတယ်။ မြန်မာပြည်က Express ကားတွေလိုမျိုး ရေသန့် နဲ့ Show Tower တော့ မပေးဘူးပေါ့။ ပိတ်ရက်ရှည်ရလို့များ တနေရာရာကို ခရီးထွက်မယ်ဆိုပြီး အနားနီးမှ ကားလက်မှတ် ၀ယ်မိရင်တော့ ကြားခုံထိုင်လိုက်ရတာမျိုး ဒါမှမဟုတ် ကိုယ်သွားချင်တဲ့ ရက် မရတာမျိုး ဖြစ်တတ်ပါတယ်။ ရထားဆိုရင်လည်း အတူတူပါပဲ။ ရထားဆိုရင်လည်း ကားလိုပဲ သူ့ဈေးနှုန်းနဲ့ သူတော့ ပေးရတာပေါ့။ အားလုံးထဲမှာတော့ ကားက ဈေးအသက်သာဆုံးပါပဲ။ လူတော့ ပင်ပန်းမယ်၊ အချိန်ပိုကုန်မယ်။ ရထားကတော့ ကားထက်ဈေးသက်သာမယ် အချိန်ကုန်လည်း နည်းနည်း သက်သာတာပေါ့။ ဒီထက်လည်း လူသက်သာချင်တယ်၊ အချိန်ကုန် သက်သာချင်တယ်၊ နောက်ပြီး ပိုက်ဆံလည်း တတ်နိုင်မယ် ဆိုရင်တော့ ဂျပန်မှာ နာမည်ကြီးတဲ့ Shinkansen ရထား ၀ယ်စီးသွားရင် အကောင်းဆုံးပါပဲ။


Osaka ကနေ Tokyo ကို တက်မယ်ဆိုရင် မေလလောက် သွားချင်တဲ့ ခရီးကို မတ်လလယ် ဒါမှမဟုတ် လကုန် လောက်ကတည်းက ကားလက်မှတ်၊ ရထားလက်မှတ် နဲ့ ဟိုတယ်ကို ကြိုပြီး စီစဉ်ထားမှ စိတ်ချရပါမယ်။
အဲဒီအချိန်က ရုံးပိတ်ရက်တွေ များတာမို့ ဧပရယ်လလောက်အထိ အချိန်က နောက်မကျသေးဘူး လို့ပြောလို့ရပေမယ့် ဧပရယ်လကုန် မှဆိုရင်တော့ လက်မှတ်တွေကျပ်၊ ဟိုတယ်တွေ ပြည့်ကျပ် ကုန်လောက်ပါပြီ။ Shinkansen က ဈေးကြီးလို့ သိပ်မ၀ယ်စီးနိုင်ဘူးလို့ ကျမ အစက ထင်ထားတာပါ။ တကယ်တမ်း လူများတဲ့ အချိန်ဆို လူတိုင်းက Shinkansen လက်မှတ်ရုံမှာ ကြိတ်ကြိတ်တိုး တန်းစီပြီး လက်မှတ် ၀ယ်နေကြတာပါပဲ။ ကိုယ်က သူငယ်ချင်း မိတ်ဆွေရှိလို့ သူတို့ဆီမှာ တည်းမယ်ဆိုရင်တော့ ကိစ္စမရှိဘူးပေါ့။ ဟိုတယ်တွေ ပေါမှပေါပဲ။ ကြိုက်တဲ့နေရာ တည်းလို့ရတယ် ဆိုပေမယ့် ဘယ်နေရာ ဘာရှိတယ် ဆိုတာလည်း သိထားဦးမှ အဆင်ပြေမှာပါ။ Osaka ကနေ Tokyo ကို ကားနဲ့ ၈ နာရီ သွားရတဲ့ ခရီးကို Shinkansen နဲ့ ၂ နာရီ ခွဲပဲကြာပါတယ်။ အရမ်းမြန်လွန်းတော့လည်း မသောက်ပဲ မူးတယ်ဆိုတာ ဒါမျိုး ဆိုရမလားမသိဘူး။ အချိန်ကွာသလိုပဲ ဈေးကလည်း ကွာပါတယ်။ ကားနဲ့ ယန်း ၅၀၀၀ လောက်ပေးရတဲ့ ခရီးကို Shinkansen နဲ့က ယန်း ၁ သောင်းခွဲပေးရတယ်လေ။


လေယာဉ်နဲ့ဆိုရင်လည်း ပြည်တွင်းကိုပဲ လေယာဉ်နဲ့ သွားလို့ ကုန်ကျတဲ့ဈေးနှုန်းနဲ့ ကိုးရီးယားတို့ တရုတ်တို့ကို ၂ ညအိပ် ၃ ရက် သွားလို့ ကုန်ကျမယ့်ဈေးနှုန်းက အတူတူလောက်ပဲ ပေးရပါတယ်။ ကိုရီးယားဆိုရင် ပိုဈေးသက်သာပြီး Tokyo တက်သလောက်ပဲ ကုန်ကျပါလိမ့်မယ်။ အဲဒါတွေအားလုံးကို Travel Agency တွေက စီစဉ်ပေးထားတာပါ။ သူတို့ ခရီးစဉ်မှာပါတဲ့ အစီအစဉ်တွေ အတိုင်းပဲပေါ့။ တခုရှိတာက ပွင့်လင်းရာသီလိုမျိုး ခရီးသွားတဲ့ အချိန် နဲ့ ခရီးသိပ်မသွားတဲ့ အချိန်က ဈေးတအားကွာတယ်။ ပုံမှန် ၃ သောင်း၊ ၄ သောင်းလောက် ပေးရတဲ့ ခရီးကို ခရီးသွား ရာသီရောက်ရင် ၆ သောင်း၊ ၇ သောင်း ပေးရတတ်တယ်။ ဒါပေမယ့် မြန်မာဆိုရင် ဘယ်နိုင်ငံပဲ သွားချင်ချင် visa လျှောက်ဖို့လိုတယ် မဟုတ်လား။ ဒါကြောင့် ဂျပန်ကနေ တခြားနိုင်ငံကို လည်ဖို့ဆိုရင် အတော် စဉ်းစားရပါတယ်။ ဂျပန်လူမျိုးတွေအတွက် အာရှအတွင်းကို လည်မယ်ဆိုရင် visa မလိုတဲ့အကြောင်း ပြောလို့ သတိရမိသေးတယ်။ တရက် ရုံးက သူငယ်ချင်းကို မတွေ့မိလို့ သူနဲ့ တွဲနေတဲ့ တစ်ယောက်ကို မေးလိုက်မိပါတယ်။ သူ ကိုရီးယားကို အလည်သွားနေတယ်ဆိုတာရယ်။ ၃ ရက်လောက် ကြာပြီး ဘယ်နေ့မှ ရုံးပြန်တက်မယ်ဆိုတာ သူ့သူငယ်ချင်းက ကျမကို ရှင်းပြတာပေါ့.. ဒါနဲ့ သူရုံးပြန်တက်တဲ့နေ့ကျတော့ ကျမက “ကိုရီးယား သွားလည်တယ်ဆို.. ပျော်ခဲ့လား၊ ရာသီဥတုက ဘယ်လိုလဲ” လို့ မေးတော့ သူ ရီပါလေရော။ အစက ဘာလို့ ရီ ရတာလည်းဆိုပြီး နားမလည်ဘူး။ သူ ရှင်းပြတော့မှပဲ ကျမလည်း “သြော်.. ဖြစ်ရလေ”ဆိုပြီး သနားပဲ သနားရမလို၊ ရီပဲ ရီရမလိုနဲ့။ ဖြစ်ပုံက.. သူ ကိုရီးယားသွားဖို့ အကုန် အစီအစဉ်ဆွဲပြီးသွားပြီ။ ကိုရီးယားက သူ့သူငယ်ချင်းကိုလည်း ဘယ်နေ့ ဘယ်အချိန် ဘယ်လေကြောင်းနဲ့ ကိုရီးယားကို ရောက်မယ်ဆိုပြီး အကြောင်းကြားထားပြီးသွားပြီ။ အဲဒီနေ့မှာ လေဆိပ်ရောက်ပြီး Check In လုပ်တော့မှ သူ့ Passport က သက်တမ်း ကုန်သွားပြီဆိုတာ သိလိုက်ရလို့ လေဆိပ်က နေ လှည့်ပြန်လာခဲ့ရတယ်တဲ့။ လေယာဉ်လက်မှတ်ဆုံးပြီး ကိုရီးယားက သူ့သူငယ်ချင်းဆီကို မလာဖြစ်တဲ့အကြောင်းပဲ ပြောလိုက်ရတော့တာပေါ့။ သူတို့အတွက် ခရီးသွားဖို့က အစစ အရာရာ လွယ်ကူနေ လွန်းတော့လည်း မြန်မာနိုင်ငံသားတွေလို Passport သက်တမ်းကို အရိပ်တကြည့်ကြည့် ကြည့်နေရတာတို့ ၊ visa လျှောက်ဖို့တို့၊ visa ရပါ့မလားတို့ ဘာမှ ကြောက်နေ၊ စိတ်ပူနေစရာ မလိုတော့ဘူးပေါ့။


နောက်တခု ရှိတာက Insurance Card ရှိသူတွေ ခရီးသွားမယ်ဆိုရင်လည်း Insurance ကုမ္ပဏီက တချို့တ၀က်ကို စိုက်ပေးပါသေးတယ်။ သူတို့ သတ်မှတ်ထားတဲ့ နေရာတွေတော့ ရှိတာပေါ့လေ။ တစ်နှစ်ကို ၂ ခါ Insurance ကုမ္ပဏီက ခရီးသွား Guide Book လို စာအုပ်ထုတ်ပေးပါတယ်။ အဲဒီမှာ ဘယ်နေရာတွေ လည်လို့ရတယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ အဲဒီလို လည်မယ်ဆိုရင် သွားချင်တဲ့နေရာကို ကြိုတင် Booking လုပ်ထားနိုင်မှ အဆင်ပြေမှာပါ။ ဥပမာ.. Kyoto ကို သွားလည်ပြီး သူတို့ သတ်မှတ်ထားတဲ့ ဟိုတယ်မှာ တည်းမယ်ဆိုရင် ပုံမှန်ထက်ကို ဈေးသက်သာပြီး ၂ ယောက်ခန်း တစ်ခန်းအတွက် တစ်ယောက်ကို ယန်း ၃၀၀၀ ကျော် ၄၀၀၀ လောက်ပဲ ပေးရပါတယ်။ အဲဒါတွေက ဟိုတယ်နဲ့ Insurance ကုမ္ပဏီနဲ့ ချိတ်ထားလို့ ဈေး တအား သက်သာတာပါ။ ဒီအကြောင်းတွေကို ကျမသူငယ်ချင်း ဂျပန်မလေးက ရှင်းပြပေးလို့သာ သိရတာပါ။ ဈေးသက်သာတာကို လူတိုင်းကြိုက်ကြတာဆိုတော့ ဂျပန်တွေလည်း အဲဒီလိုနည်းနဲ့ပဲ ခရီးခဏ ခဏ ထွက်ကြတာပါပဲ။ Insurance ကုမ္ပဏီက ပေးတဲ့ ကြော်ငြာ စာအုပ်လိုပဲ Travel Agency တွေ Tour Company တွေကလည်း တချိန်လုံး ခရီးသွားဖို့ နိုးဆော်တဲ့အနေနဲ့ နည်းမျိုးစုံ၊ ပုံစံမျိုးစုံ အပြိုင် ကြော်ငြာနေကြတာပါ။ သူငယ်ချင်းတွေဆိုရင် ကြုံရင် ကြုံသလို ယူထားကြတာ ကြော်ငြာ စာအုပ်တွေများ အထပ်လိုက်၊ အပုံလိုက်။ အဲဒီအထဲကမှ ကိုယ်က ဘယ်ကို သွားချင်တာလဲဆိုတာ စိတ်ရှည်ရှည်နဲ့ အချိန်ယူပြီး ရွေးလို့ရတာပေါ့။
တခြားကျမ မသိသေးတဲ့ ခရီးသွား ၀န်ဆောင်မှုတွေ ရှိနေဦးမှာပါ။


ဒါကြောင့် ဂျပန်လူမျိုး တော်တော်များများဟာ ပိတ်ရက်များရပြီဆိုရင် ခရီးတို ခရီးရှည် သွားကြတော့တာပေါ့။ ရာသီဥတု အေးရင်လည်း အေးတဲ့အလျှောက်၊ ပူရင်လည်းပူတဲ့အလျှောက်၊ မိုးရွာရင်လည်း မိုးရွာထဲ သွားလာနေကြတာပဲ။ ရာသီဥတု တအားဆိုးပြီး Typhoon တွေ ဘာတွေလာမယ်ဆိုရင်တော့လည်း အပြင်မထွက်ဘူးပေါ့လေ။ ကလေးတွေ ကျောင်းနားရက်တို့ Golden Week တို့လို ပိတ်ရက်ရှည် ရရင်တော့ ရှိသမျှ နာမည်ကြီး Amusement Park မှာ လူပြည့်ကျပ်နေတာပဲ။ တိုကျို Disney Land, Disney Sea၊ အိုဆာကား USJ (Universal Studio Japan) တို့မှာ လူတွေများလွန်းလို့ အထဲမှာ စီးရတာနဲ့ တန်းစီရတာ မကာမိဘူး။ များလိုက်တဲ့ ဇစ်ဇက်တွေ တန်းစီရတာ စိတ်ကို ပျက်ရော။ အဲဒီလို များလို့ နောက်တစ်နှစ် မများဘူး မထင်နဲ့ နှစ်တိုင်း ပိတ်ရက်တိုင်း လူများနေတာပဲ။ တချို့လူလတ်ပိုင်းစုံတွဲတွေနဲ့ လူကြီးပိုင်းတွေကတော့ တရက်အိပ်လောက် ရက်တို ခရီးထွက်ပြီး ရေပူစိမ်ရင်း တည်းခိုခန်းက ကျွေးတဲ့ အစားကောင်း အသောက်ကောင်းတွေ စားပြီး ပြန်လာကြတာပါပဲ။


*****


အခုတလော ခရီးသွားခြင်း အကြောင်းကနေ ရှောင်လွှဲပြီး ရေးမယ်လို့ စိတ်ကူးထားပေမယ့်လည်း ခေါင်းထဲရောက်လာတဲ့အကြောင်းတွေက ဒါတွေပဲ ဖြစ်နေတာမို့ ချရေးလိုက်ရတာပါ။ ပြောချင်တာက အခုမှ .... ကျမတို့လည်း မနက်ဖန်မှာ Insurance Card ကို သုံးပြီး Hokkaido မှာရှိတဲ့ Sapporo ကို ၂ ညအိပ် ၃ ရက်ခရီးထွက်မလို့ပါပဲ။ ပြည်တွင်းလေကြောင်းလိုင်းနဲ့ သွားမှာဖြစ်ပြီး ဟိုတယ်ရော ဟိုရောက်ရင် လည်ဖို့ကိုပါ Travel Agency က စီစဉ်ပေးထားပါတယ်။ ပုံမှန် အချိန်မှာ သွားရင် ခရီးစရိတ်က သက်သာပေမယ့် အခုအချိန်က Snow Carving Festival ရှိလို့သာမန် အချိန်ထက် ဈေးပိုပေးရပါတယ်။ ပွဲတော်ရက်က ဖေဖော်ဝါရီ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိပါ။ အမှန်တော့ ကျမတို့လည်း ပိတ်ရက် ၃ ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ၊ တနင်္လာ သွားမလို့ပါ။ အဲဒီရက်အတွက် အောက်တိုဘာလလောက်ကတည်းက ကြိုစီစဉ်ထားတာ မရခဲ့တာမို့ အရှေ့ကို ၂ ရက်တိုးယူပြီး ကြာသပတေးနေ့ သွားဖြစ်တာပါပဲ။ ဒီနေ့ မိုးလေ၀သ သတင်းကြည့်တော့ Sapporo မှာ ရေခဲပြီး Temperature က -8 degree C ရောက်နေတာမို့ ကျမ အဲဒီရာသီဥတု ဒဏ်ကို ခံနိုင်ပါ့မလား တွေးရင်း မနက်ဖန် အတွက် သွားဖို့ အားယူရပါအုံးမယ်။


ဓာတ်ပုံတွေ ကြည့်ချင်တယ်ဆိုရင်.. Sapporo Snow Festival photograph collection (2006)




ဒီပုံက ဂျပန်ဆရာမ အလည်သွားတုန်းက ရိုက်လာခဲ့တဲ့ပုံပါ။


ဖေဖော်ဝါရီ ၆၊ ၂၀၀၈။

February 5, 2008

နေဘုန်းလတ်သို့...

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်"လို့ နာမည်တွင် ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံး တင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပ လာခဲ့တယ် ။ သူကတော့ သတိထားမိ ချင်မှ ထားမိလိမ့်မယ်။


ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောကအကြောင်းကို သူချပြရဲ ခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။


မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။


ဒီနေ့ သူ့ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမဲ့ သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ "မြို့စားကြီး" လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေ စေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။


ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခဆိုတာ မြူတမှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၆၊ ၂၀၀၈။

ရည်မှန်းချက် ကိုယ်စီ



မိဘတွေက “သားကြီးလာရင် ဘာလုပ်မလဲ၊ သမီးကြီးလာရင် ဘာလုပ်မလဲ” ဆိုပြီး ကလေးရဲ့ အတွင်းစိတ်လေးတွေကို မေးမြန်းလေ့ရှိတာ ကျမတို့ ပတ်ဝန်းကျင်မှာ ကြားနေ၊ မြင်နေ၊ တွေ့နေရလေ့ ရှိတတ်ပါတယ်။ အဲဒီလိုမေးလို့ ကလေးက “ဆရာဝန်ကြီး”၊ “အင်ဂျင်နီယာ”၊ “ကျောင်းဆရာ”၊ တချို့လည်း “စစ်ဗိုလ်” နဲ့ အမျိုးမျိုး စိတ်ကူးရှိသလို ဖြေတတ်ကြတယ်။ တချို့ကလေးငယ်တွေ ဖြေတာများ “လေယာဉ်ပျံကြီး မောင်းချင်တယ်”၊ “သမီးက ရုပ်ရှင်မင်းသမီး ဖြစ်ချင်တယ်” ဆိုပဲ။ အဖေ၊ အမေကတော့ ခုမှ ကလေးသာသာ ရှိနေသေးတဲ့ သားသမီးရဲ့ စိတ်ကူးလေးတွေ ကြားသိရရင်ကိုပဲ ၀မ်းသာ ကျေနပ်နေကြတာ အမှန်ပါပဲ။ လူတွေရဲ့စိတ်ဓာတ်နဲ့ ရည်မှန်းချက်တွေဟာ အသက်အရွယ်၊ အခြေအနေနဲ့ အချိန်အခါ ပေါ်မူတည်ပြီး ပြောင်းလဲ နေကြတာပဲ မဟုတ်လား။ လူတိုင်းရော ကလေးဘ၀တုန်းက ရှိခဲ့တဲ့ ရည်မှန်းချက်နဲ့ အခုလက်တွေ့ဘ၀နဲ့ရော ကိုက်ညီမှုရှိကြရဲ့လားလို့ ကျမ တွေးနေမိတယ်။ ကျမရော.. ငယ်ငယ်က ဘာဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက် ရှိခဲ့လားလို့ ကိုယ့်ကို ကိုယ် မေးခွန်း ထုတ်တဲ့အခါမှာတော့..

*****


ငယ်ငယ်တုန်းက လူကြီးတွေ ကျမကို “ဘာလုပ်မလဲ၊ ဘာဝါသနာပါလဲ” မေးရင် ရည်ရွယ်ချက် ကြီးကြီးမားမား မရှိတဲ့အတွက် ဘာဖြေရမှန်း မသိခဲ့ပါဘူး။ အဲဒီတုန်းက ကျမရဲ့ ဦးလေးငယ်က YIT ကျောင်းပြီးလို့ စက်မှု ၁ မှာ ၀င်ပြီး အလုပ်လုပ်နေချိန်ပေါ့။ မဆလ အစိုးရက ပညာတော်သင်လွှတ်လို့ ဦးလေး နိုင်ငံခြား သွားတော့ ကျမ ၅ နှစ်သမီးလောက်ပဲရှိသေးတာ။ လေယာဉ်ကွင်းလိုက်ပို့ပြီး ဦးလေးနဲ့အတူ လိုက်ချင်လို့ ငိုခဲ့ရတာ မှတ်မိနေသေးတယ်။ နိုင်ငံခြားက ပြန်လာတောလည့်း TV၊ ရေခဲသေတ္တာ တွေအပြင် ကျမအတွက် အင်္ကျီလှလှလေးတွေပါ ၀ယ်လာပေးခဲ့ပါတယ်။ အဲဒါဆိုတော့ ကလေး သာသာ ကျမအတွေးကလည်း နိုင်ငံခြားသွားရင် နောက်ဆုံးပေါ် ပစ္စည်းအကောင်းစားတွေ ၀ယ်လို့ရမယ်ဆိုတဲ့ အသိလောက်ပဲ ရှိခဲ့တယ်။ အဲဒါကြောင့် ဘယ်လိုနေမှန်း မသိတဲ့ နိုင်ငံခြားကို သွားချင်နေခဲ့တယ်။ ကျမ ၅ တန်းတုန်းက ခြေထောက်မှာ မှဲ့ ပေါ်လာတော့ “ခြေထောက်မှာ
မှဲ့ပါရင် နိုင်ငံခြားသွားရမယ်ပြောတယ်။ အခု သမီးခြေထောက်မှာ မှဲ့ပေါ်လာပြီ။ နိုင်ငံခြားသွားရတော့မယ်”လို့ အိမ်သားတွေရှေ့မှာပြောလိုက်မိတယ်။ အဲဒီမှာ ကျမ အဒေါ် ကျောင်းဆရာမက “ စာဖြင့်မကျက်ပဲ နိုင်ငံခြားသွားချင်လို့ ရမလား။ ဒီနေ့ပဲ သူ့ အတန်းပိုင်ဆရာမက ကျမကို စာမေးပွဲအကြောင်း ခေါ်ပြောတယ်”ဆိုပြီး ကျမအမေ့ကို တိုင်ပါလေရော။ အမေကလည်း ဘယ်ရမလဲ အဒေါ်ကတိုင်တော့ ဆော်ပလော်တီးတော့တာပေါ့။ “စာမကြိုးစားပဲ နိုင်ငံခြားသွားချင်ဦး..”ဆိုပြီး ပြောပြီးတော့ကို ရိုက်တာ။ အမှန်က စာမေးပွဲဖြေမလို့ စာရွက်ဖြုတ်လိုက်တာ အလယ်က ပြဲသွားလို့ ကျမ အဒေါ် ကို အတန်းပိုင်ဆရာမက ခေါ်ပြောတာပါ။ အဒေါ်က အမေကို သေချာမရှင်းပြတော့ အရိုက်ခံလိုက်ရတာပဲ အဖတ်တင်တာပေါ့။


ငယ်ငယ်ကတည်းက ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် တိတိကျကျ မရှိခဲ့တဲ့ ကျမရဲ့ စိတ်တွေဟာ တော်ကြာ ဆရာဝန်ဖြစ်ချင်လိုက်၊ တော်ကြာ အင်ဂျင်နီယာ ဖြစ်ချင်လိုက်၊ တခါတလေလည်း တက္ကသိုလ်က ဆရာမဖြစ်ချင်လိုက်နဲ့..။ ဒါတွေဟာ စိတ်ကူးထဲပဲရှိနေပြီး လက်တွေ့မှာ တကယ် ဖြစ်မလာသေးတော့ အတွေးတွေနဲ့ပဲ လုံးလည်လိုက်နေခဲ့တာပေါ့။ ၁၀ တန်းဆိုတဲ့ တံတားကို ဖြတ်ကျော်ပြီးချိန်မှာ ဟိုဘက်ကမ်းဟာ ရန်ကုန်လှိုင်ကောလိပ် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် “ဆရာဝန်၊ အင်ဂျင်နီယာ မဖြစ်လည်း တခြားဘက်မှာ ထူးချွန်အောင်လုပ်လို့ရပါသေးတယ်” ဆိုပြီး ဖြေသိမ့်ရင်း တက္ကသိုလ်ကျောင်းသူဘ၀ကိုပဲ ပျော်ပျော်ကြီး ဖြတ်သန်းခဲ့တယ်။ အကြောင်းကြောင်းတွေကြောင့် ကျောင်းတွေ အကြာကြီးပိတ်နေချိန်မှာ ကွန်ပျူတာ တက္ကသိုလ်က ဖွင့်တဲ့ ညနေပိုင်း ဒီပလိုမာ သင်တန်းတက်မိပြီး ကွန်ပျူတာ အလုပ်ကို လုပ်ဖြစ်သွားတာ အခုချိန်ထိပဲ ဆိုပါတော့။ ဒီပလိုမာ သင်တန်း စတက်တုန်းကလည်း ရည်ရွယ်ချက် ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ကျောင်းပိတ်ထားချိန်နဲ့ ကွန်ပျူတာပိုးဝင်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေလို့ တက်ဖြစ်သွားတာလည်းပါတာပေါ့။ ကံတရားက မျက်စိနောက်ပြီး လမ်းကြောင်းတစ်ခုပေါ် ကောက်တင်ပေးလိုက်တယ်လို့လည်း ပြောလို့ရပါတယ်။

ဒီပလိုမာ သင်တန်းပြီးလို့ “ဘာဆက်လုပ်ကြမလဲ” လို့ သူငယ်ချင်းတွေ စုပြီး တိုင်ပင်တဲ့အခါ ကျမကတော့ “အလုပ်လုပ်ဖို့ အချိန်တန်ပြီ။ ကျောင်းဆက်မတက်ချင်တော့ဘူး” ဆိုပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျမ ပိုက်ဆံရှာချင်တယ်၊ ရတဲ့ လုပ်အားခနဲ့ မိဘတွေကို လုပ်ကျွေးချင်တယ်။ အသက်အရွယ်ကြီးလာတာနဲ့ အမျှ အရွယ်ကျလာတဲ့ အဖေရဲ့ ရုပ်သွင်၊ လက်ထဲမှာ ရှိတဲ့ ငွေအရင်းအနှီးကလည်း မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် တန်ဖိုးကျ လာတာတွေ၊ အလုပ်လုပ်ဖို့ မသင့်တော့တဲ့ အဖေ့အသက်အရွယ်။ ဒါတွေ အားလုံးကို ပြေလည်စေချင်တာတစ်ခုတည်းနဲ့ ကျမ အလုပ်လုပ်ချင်ခဲ့တာပါ။ အဲဒီမှာ နိုင်ငံခြားသွားပြီး အလုပ်လုပ်ချင်တဲ့ ရောဂါပိုးက ပြန်ပြီး စလာတော့တာပါပဲ။ ကိုယ့်ဘ၀အတွက်၊ ကိုယ့်မိသားစုအတွက် ရည်မှန်းချက်လို့လည်း ပြောလို့ရတာပေါ့လေ။ မြန်မာပြည်မှာ အလုပ် စပြီး ၀င်လုပ်တော့ နိုင်ငံခြားကို လွှတ်တဲ့ company မှာ လုပ်ခွင့်ရခဲ့ပါတယ်။ အရာရာတိုင်းဟာ ကိုယ်တွေးထင်ထားသလို လွယ်လွယ်တော့ ဖြစ်မလာခဲ့ပါဘူး။ ပြဿနာပေါင်းစုံ၊ အဆင်မပြေမှုပေါင်းစုံနဲ့ နောက်ဆုံး မြန်မာပြည်မှာ ၄ နှစ် အလုပ်လုပ်ပြီးမှ ဂျပန်ကို လာခွင့်ရခဲ့တာမို့ သည်းခံပြီး စောင့်ရကျိုးနပ်တယ်လို့ပဲ အောက်မေ့မိပါတယ်။ နိုင်ငံခြား မသွားရခင်တော့ စိတ်ဓာတ်ကျတာ ပြောဖွယ်ရာ မရှိတော့ဘူးပေါ့။


တကယ်တော့ “နိုင်ငံခြား ရောက်ပြီ” လို့ပြောလို့ရတဲ့ အချိန်ဟာ လေယာဉ်ပေါ်တက်၊ နိုင်ငံခြား Immigration ကို ဖြတ်ပြီး ကိုယ်သွားချင်တဲ့ နိုင်ငံထဲကို ခြေချမိပြီဆိုမှ “တကယ် နိုင်ငံခြားရောက်ပြီ”လို့ ဆိုရတော့မှာပဲ။ တချို့ဆို နိုင်ငံခြားသွားဖို့ အခါအခွင့်တွေ ရလာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတာမျိုး ကြုံနေ၊ တွေ့နေ၊ မြင်နေ ခဲ့ရပါတယ်။ တဖက် company ကလည်း ခေါ်တယ်။ ဒီဘက် company ကလည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးတယ်။ ဒါတောင် အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတတ်ပါသေးတယ်။ ကိုယ့်အလှည့်မှာတော့ visa ၀င်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်နေတာတောင် ခရီးသွားဖို့ ပြင်စရာရှိတာမပြင်ရဲသေးပဲ “သွားခါနီးမှ .... မသွားဖြစ်ရင်” ဆိုတဲ့စိတ်နဲ့ ရင်တမမ ဖြစ်နေခဲ့ရဖူးပါတယ်။ အပေါ်ယံတွေးရင်တော့ နိုင်ငံခြားသွားဖို့ စီစဉ်ထားတာတွေဟာ အဆင်ပြေနေတယ်လို့ထင်ရပေမယ့် တကယ်တမ်း ဖြစ်လာပြီဆိုရင် ကံနဲ့လည်း ဆိုင်တာမို့ သွားရဖို့ ကံမပါလာရင် ဘယ်လောက်ကြီးပဲ အဆင်ပြေ ပြေဖြစ်နေပါစေ။ မသွားရပါဘူး။ သွားဖို့ကံပါလာရင်လည်း သူ့ဘာသာသူ အကျိုးအကြောင်းတိုက်ဆိုင်ပြီး သွားရတာပါပဲ။


အခုမြန်မာပြည်ကလူတော်တော်များများလည်း နိုင်ငံခြားသွားဖို့ ကံပါလာကြတယ်ထင်ပါရဲ့။ နည်းမျိုးစုံ နဲ့ နိုင်ငံခြားသွားဖို့အတွက် ရုန်းကန်လှုပ်ရှားနေတာတွေ စာတွေထဲလည်း မြင်နေ ဖတ်နေရလို့ အားလုံးကို အဆင်ပြေစေချင်ပါတယ်။ “ရောက်ရင် ပြီးရော” ဆိုပြီး မကောင်းတဲ့ ကြား ပွဲစားတွေကြောင့် ဒုက္ခရောက်ရတာတွေ ကြားရရင် တကယ်ကို စိတ်မချမ်းသာလှပါဘူး။ ဟိုတလောက ကျမမောင်လေးနဲ့ စကားပြောတော့ သူ့သူငယ်ချင်းက ဂျပန်ကို ၃ ပတ်အတွင်းလာမယ်ဆိုလို့ ကျမကတောင် “ဟဲ့..မဟုတ်ဘူးနဲ့တူတယ်နော်။ ဂျပန်ကို ၃ ပတ်အတွင်းလာလို့ ရတဲ့သူဟာ ဂျပန်ကနေ multi entry ရ ထားပြီးသား လူပဲ ဖြစ်လိမ့်မယ်။ မြန်မာပြည်က လူကတော့ အဲဒီလောက် မမြန်နိုင်ဘူး”လို့ပြောလို့မဆုံးသေးဘူး၊ နောက်တစ်ခေါက်မေးကြည့်တော့ “မသွားဖြစ်တော့ဘူး”လို့ ပြောသံကြားလိုက်ရတယ်။ တချို့ဆိုရင် နိုင်ငံခြားသွားဖို့ကို လွယ်လွယ်တွေးပြီး လွယ်လွယ်ပြောတဲ့သူတွေ တွေ့ရင် ကျမ စိတ်ထဲကနေ ပြောနေမိတယ်။ “သြော်.. ပြောတော့လွယ်လိုက်တာ”လို့။ နိုင်ငံခြားကို သွားတာလည်း ပုံစံမျိုးစုံနဲ့ သွားလို့ရတာပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ်က ဘယ်လိုပုံစံနဲ့သွားမယ်ဆိုတာလည်း ရှိသေးတာပေါ့။ ကျောင်းတက်မှာလား အလုပ်လုပ်ပြီးသွားမှာလား အစရှိသဖြင့်ပေါ့လေ။ အလုပ်လုပ်မယ်ဆိုရင်လည်း ကိုယ်ရောက်တဲ့နိုင်ငံရဲ့ လူတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ်လုပ်နိုင်အောင် ကိုယ့်ဘက်က သူတို့ထက် မသာရင်တောင် သူတို့နဲ့ အပြိုင်လိုက်နိုင်ဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် ကျမသူငယ်ချင်း တစ်ယောက်ပြောတာ ကြားယောင်မိတယ်။ “အမရယ် .. နိုင်ငံခြားသွားတယ်ဆိုတာ ပြောသလောက်သာ လွယ်နေရင် မြန်မာပြည်က ရှိသမျှ လူတွေ အကုန်နိုင်ငံခြား ရောက်ကုန်ရောပေါ့”တဲ့။

*****


အခုအချိန်မှာတော့ နိုင်ငံခြားမှာ အလုပ်လုပ်ချင်တဲ့ ဆန္ဒလည်း ပြည့်ခဲ့ပါပြီ။ ကျမ မိသားစုကိုလည်း တတ်နိုင်သလောက် ကျေးဇူးဆပ်ခွင့်လည်းရနေပါပြီ။ လွန်ခဲ့တဲ့နှစ်တွေကို ပြန်လှည့်ကြည့်မိရင် အရာအားလုံးကို မိသားစုအတွက်ဆိုတဲ့ “ဇော” တစ်ခုတည်းနဲ့ ဖြတ်သန်းခဲ့ရတာမို့ မောပန်းနေပါပြီ။ လူ့စိတ်ဆိုတာလည်း ခက်သားလားပဲ။ ဆန္ဒတစ်ခုပြည့်ပြီးပြန်တော့ နောက်ထပ် အသစ်အသစ် ဖြစ်ချင်တာတွေဟာ အချိန်နဲ့အတူ လိုက်ပြီး ပြောင်းလဲတတ်တာ သဘာဝပဲ မဟုတ်လား။ လူသားတွေထဲက လူတစ်ယောက်ဖြစ်တဲ့ ကျမလည်း ရည်မှန်းချက်အသစ်က စိတ်ကူးထဲရောက်လာတော့တာပေါ့။ အဲဒါကတော့ ရှမ်းပြည်ဘက်မှာခြံလေးဝယ်ပြီး သစ်ပင် ပန်းပင်တွေစိုက်ပြီး အေးအေးချမ်းချမ်း နေချင်တာပါပဲ။ အမျိုးသားကတော့ အနီးအနားက ကလေးတွေကို ခေါ်ပြီး ကွန်ပျူတာသင်ပေးမယ်ဆိုပဲ။ ဘ၀ကို တကယ်အေးအေးချမ်းချမ်းနဲ့ ကုန်ဆုံးမယ့်နေရာလေးကို စိတ်ကူးယဉ်ထားကြတာပါ။ တကယ်ဖြစ်လာဖို့အတွက်တော့ အချိန်တစ်ခု စောင့်ရဦးမှာပေါ့လေ.......


ဖေဖော်ဝါရီ ၅၊ ၂၀၀၈။

February 2, 2008

Happy Chinese New Year 2008


ဓာတ်ပုံကို ဒီနေရာ မှ ယူပါသည်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ယောင်းမဆီက Email ၀င်လာပါတယ်။ တရုတ်နှစ်သစ်ကူးအတွက် New Year Wish လုပ်လိုက်တဲ့စာလေးပါပဲ။ စာရလိုက်တော့မှပဲ “နှစ်ကူးတော့မှာပါလား” ဆိုပြီး သတိရမိတယ်။ ဒီနှစ်အတွက် တရုတ်နှစ်ကူးက ဖေဖော်ဝါရီလ ၇ ရက်နေ့ပါ။ ဖေဖော်ဝါရီလ ထဲမှာ ကျင်းပလေ့ရှိပေမယ့် ရက်အတိအကျကတော့ တနှစ်နဲ့ တနှစ်မတူတာမို့ အနားနီးမှ နှစ်ကူးရက်ကို သိရတာမျိုးပါ။ အစောဆုံးက ဇန်န၀ါရီနောက်ဆုံးအပတ်ဖြစ်တတ်ပြီး နောက်အကျဆုံးကတော့ ဖေဖော်ဝါရီ တတိယပတ် လောက်ဖြစ်လေ့ရှိတတ်ပါတယ်။ နှစ်ကူးနား နီးလာပေမယ့် ဂျပန်မှာက တရုတ်နှစ်ကူးနဲ့ ပတ်သက်တာဆိုလို့ ဘာမှ ထူးထူးခြားခြား မရှိလှပါဘူး။ Osaka နဲ့ နီးနီးနားနား Kobe မှာ China Town ရှိပေမယ့် အဲဒီက တရုတ်တွေရော နှစ်ကူးရက်မှာ အနားယူနိုင်ကြပါ့မလားလို့ တွေးနေမိသေးတယ်။ စင်ကာပူမှာရှိတဲ့ အကိုနဲ့ ယောင်းမကတော့ ရုံးပိတ်ရက်တွေ ရဦးမှာမို့ ပျော်နေကြလေရဲ့...


*****


ကျမ အဖေရဲ့ မိဘတွေက တရုတ်ပြည်ကလာတဲ့ တရုတ်စစ်စစ်တွေပါပဲ။ မြန်မာပြည်မှာ FRC (Foreign Registration Card) နဲ့ နေခဲ့ကြတာ။ နောက်ပိုင်း မဆလ အစိုးရလက်ထက်မှာ FRC တွေကို နိုင်ငံသားပြောင်းလျှောက်ခွင့်ပေးလို့ ပါးပါးနဲ့ အဖွားက မြန်မာနိုင်ငံသားဖြစ်ခဲ့ကြတာ။ ပါးပါးရဲ့ မောင်တွေ ညီမတွေကြတော့ သူများရဲ့ မွေးစားသားသမီး အဖြစ် ခံယူပြီး နိုင်ငံသားပြောင်းခဲ့လို့ ၁၀ တန်းအောင်တဲ့အခါ Institute တက်ခွင့်ရခဲ့တာ။ နို့မို့ဆိုရင် အဲဒီအချိန်တုန်းက FRC နဲ့ နေထိုင်သူကို အသက်မွေးဝမ်းကြောင်း တက္ကသိုလ်တက်ခွင့် မပေးပါဘူး။ အမေဘက်ကအဖွားကတော့ တရုတ်ဖြစ်ပြီး အဘိုးကတော့ ဗမာစစ်စစ်ပါ။ ဒါကြောင့် ကျမတို့ မောင်နှမတွေက တရုတ်သွေး သုံးမတ်ပါတယ်လို့ ဆိုလို့ရပါတယ်။ တရုတ်သွေး သုံးမတ်ပါတဲ့ ကျမက တရုတ်နဲ့တူတာဆိုလို့ အသားဖြူတာ တစ်ခုပဲ ရှိတယ်။ မသိတဲ့သူတွေက ကရင်လားလို့ လာမေးကြတယ်။ ကရင်ရုပ်များပေါက်နေလားတော့ မပြောတတ်ပါဘူး။ ပါးပါးက တရုတ်ကျောင်းတက်ခဲ့သူမို့ တရုတ်စကားကို ကောင်းကောင်း ရေးတတ် ၊ဖတ်တတ်၊ ပြောတတ် ပါတယ်။ ဒါပေမယ့် ကျမတို့ မောင်နှမတွေကိုတော့ တရုတ်စာသင်ဖို့ အားမပေးခဲ့ပါဘူး။ အဲဒါကြောင့် ကျမတို့ အားလုံး တရုတ်စာ မတတ်ကြဘူး။ (ဒီမှာ ဂျပန် Kanji စကားလုံးတွေ ကြည့်ပြီး အတော် စိတ်ရှုတ်ပါတယ်။)


ပါးပါးက မောင်နှမတွေထဲမှာ သားအကြီးဆုံးဆိုတော့ တရုတ်ရိုးရာနဲ့ ပတ်သက်တာ အကုန်လုပ်ပေးရပါတယ်။ ဖေဖော်ဝါရီလ မှာ တရုတ်နှစ်ကူးရတယ်။ ၈ လပိုင်းမှာ တစ္ဆေကြီးပွဲလုပ်ရတယ်။ အရင်သင်္ချိုင်းတွေ မပြောင်းခင်ကဆိုရင် ၄ လပိုင်းမှာ သင်္ချိုင်းကန်တော့ရတယ်။ ၁၂ လပိုင်း ဆိုရင် တရုတ်မုန့်လုံးရေပေါ် လုပ်ပြီး ဘုရားကပ်ရတယ်။ ပါးပါးက တရုတ်ရိုးရာနဲ့ ပတ်သက်တာ အကုန်လုပ်ပေးပေမယ့် ဗုဒ္ဓဘာသာကိုလည်း အင်မတန် ယုံကြည် ကိုးကွယ်တဲ့သူပါ။ ကျမတို့ ငယ်ငယ်ကတော့ နှစ်သစ်ကူးပြီဆိုရင် ပျော်တာပဲသိတယ်။ အန်ပေါင်း (မုန့်ဖိုး) ရတာကိုး။ ပြီးတော့ ရန်ကုန် တရုတ်တန်းမှာနေတဲ့ အဒေါ်အကြီးဆုံးက အင်္ကျီအသစ်တွေ နှစ်ဆန်း ၁ ရက်နေ့မှာဝတ်ဖို့ အမြဲ ချုပ်ပေးပါတယ်။ ဦးလေးတွေ အဒေါ်တွေဆီကလည်း မုန့်ဖိုးရတော့ ဖေဖော်ဝါရီလဆိုရင် ဘတ်ဂျက် ထောတဲ့လ လို့ပဲ မှတ်ထားလိုက်တော့တယ်။ ဒါကြောင့် ငယ်ငယ်က တရုတ်နှစ်ကူးကတော့ မုန့်ဖိုးရမယ်၊ ကောင်းကောင်းစားရမယ်၊ ပြီးရင် လျှောက်လည်ရမယ် ဒီလောက်ပဲ သိထားတယ်လေ။


တရုတ်တွေရဲ့ အယူအဆအရ နှစ်ကူးမတိုင်ခင် ၁ ပတ်လောက်အလိုကတည်းက အိမ်ကို ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး သန့်ရှင်းရေးလုပ်ရပါတယ်။ နှစ်ကူးရက်အတွက်လည်း လိုအပ်တာတွေ ၀ယ်ခြမ်းထားရပါသေးတယ်။ ရွှေစက္ကူ၊ ငွေစက္ကူ၊ အမွှေးတိုင်၊ ဖယောင်းတိုင်အပြင် တခြား မုန့်အချိုနဲ့ အခြောက်အခြမ်းတွေပါပဲ။ အီကွေ့မုန့် ကိုတော့ ကျမတို့ အဒေါ်က သူကိုယ်တိုင်လုပ်ပြီး လက်ဆောင်ပေးပါတယ်။ တရုတ်နှစ်ကူးနားနီးလာလေ ကြက်သား၊ဘဲသားနဲ့ ၀က်သားတွေ ဈေးတက်တာ မတန်တဆပါပဲ။ ဒါတောင် လိုချင်တဲ့ရက်ကို ကြိုတင်ငွေပေးပြီး မှာထားမှ စိတ်ချရတာပါ။ နှစ်ကူးရက်ကတော့ မနက်ပိုင်းမှာ သေဆုံးသွားတဲ့ အဘိုးအဘွားတွေကို ကန်တော့ရတယ်။ ညနေပိုင်းကျတော့ အိမ်နီးနားချင်းတွေနဲ့ ဆွေမျိုးတွေကို ခေါက်ဆွဲ၊ ကြာဇံကြော်ပြီး လိုက်ဝေပေးပါတယ်။ ခင်တဲ့သူတွေကိုတော့ အိမ်မှာဖိတ်ကျွေးတယ်။ ပါးပါးကတော့ နှစ်ကူးတယ်ဆိုတာ “အလှူလုပ်ခြင်း တမျိုးပဲ”လို့ အမြဲပြောတတ်ပြီး လာသမျှ မိတ်ဆွေအပေါင်းအသင်းကို အိမ်မှာချက်ထားတဲ့ဟင်းတွေနဲ့ ဧည့်ခံကျွေးမွေးတော့တာပါပဲ။ ကလေးတုန်းကတော့ နှစ်ဆန်း ၁ ရက်နေ့ဆိုရင် ရန်ကုန်မြို့တွင်း ကို လျှောက်လည်ခဲ့ရတာမှတ်မိသေးတယ်။ နောက်ပိုင်းတော့လည်း ဘယ်မှ မလည်ဖြစ်တော့ပါဘူး။ ဒါပေမယ့် နှစ်ဆန်း ၁ ရက်နေ့က အန်ပေါင်းရတဲ့နေ့လေ။




ငယ်ငယ်က ပါးပါး အန်ပေါင်းပေးရင် ၁၀၊ ၁၂ ကျပ်လောက်ပဲ ရတာမှတ်မိသေးတယ်။ အလွန်ဆုံးရမှ ၂၄ ကျပ်ပေါ့။ ပါးပါးကတော့ အန်ပေါင်းပိုက်ဆံပေးရင် အမြဲတမ်း စုံဂဏန်းတန်ဖိုးပဲပေးလေ့ရှိတယ်။ အဲဒီ အန်ပေါင်းပိုက်ဆံကို လိပ်ပြီး စက္ကူအနီနဲ့ပတ်၊ ပြုတ်မထွက်သွားအောင် ကော်ကပ်ပြီး မနက်မိုးလင်းရင် တစ်ယောက် တစ်ထုပ် ပေးတော့တာပဲ။ ပိုက်ဆံလိပ်ထဲမှာ ဘယ်လောက်ပါလဲဆိုပြီး မျက်နှာမသစ်ခင် ဖြေကြည့်ရတာ အမောပါပဲ။ နောက်ပြီး ပါးပါးပေးတဲ့ အန်ပေါင်းပိုက်ဆံက အမြဲတမ်း အသစ်လေးတွေချည်းပဲဆိုတော့ အဲဒီပိုက်ဆံကို ဘယ်တော့မှ မသုံးရက်ဘူး။ ဒါကြောင့် ပါးပါး ညီမ အဒေါ်ဆရာမဆီမှာ မောင်နှမအားလုံးစုပြီး အပ်ထားကြတာပေါ့။ ကျောင်းပြန်ဖွင့်ခါနီးရင် အဒေါ်က ကျမတို့ ပေးထားတဲ့ မုန့်ဖိုးတွေနဲ့ ကျောင်းသား တစ်ယောက်အတွက် လိုအပ်တဲ့ ကျောင်းဝတ်စုံအသစ်၊ စာအုပ်၊လွယ်အိတ်၊ စာရေးကိရိယာ တွေ ပြန်ဝယ်ပေးပါတယ်။ အသက်တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ကုန်ဈေးနှုန်းပါ လိုက်တက်လာပြီး ကျမတို့ အန်ပေါင်းပိုက်ဆံဟာလည်း တဖြည်းဖြည်း ထောင်သောင်း ချီလာတော့တာပါပဲ။ အန်ပေါင်းထုတ်တဲ့ စက္ကူကလည်း အရင်တုန်းကတော့ ရိုးရိုး စက္ကူအနီနဲ့ပဲ ပတ်ထားတာ။ နောက်ပိုင်း ခေတ်မှီ လာတယ်ပြောရမယ်။ စက္ကူအနီနဲ့ ပတ်ရမဲ့ အစား စာအိတ်အနီလှလှလေးတွေနဲ့ ထည့်ပေးတော့တယ်။ ကျမ အိမ်ထောင်မကျခင်အထိ အန်ပေါင်းရနေတုန်းပါပဲ။ အလုပ်လုပ်တော့လည်း လစာငွေကို အိမ်ပြန်အပ်၊ ပြီးမှ ပါးပါး မုန့်ဖိုးပေးတာကို သုံးတာပါ။ ကျမတို့ မောင်နှမအားလုံးက အိမ်ထောင်ပြုတာ နောက်ကျတာမို့ ပါးပါးက သားသမီးတွေကို အသက် ၃၀ ကျော်နေတဲ့ အရွယ်အထိ အန်ပေါင်း ပေးနေရတုန်းပါပဲ။ ဒါတောင် ကျမမောင်လေးက အခုထိ လူလွတ်ပဲ ရှိနေသေးတာမို့ အားလုံးက သူ့ကို အန်ပေါင်းပေးနေကြပါသေးတယ်။


နှစ်ကူးပြီး နှစ်ဆန်း ၉ ရက်ဆိုရင်တော့ ကျမတို့ ရပ်ကွက်မှာရှိတဲ့ စူဠာမဏိ တရုတ်ဘုံကျောင်းမှာ ဘုရားသွားရှိခိုးရပါတယ်။ ဘုံကျောင်းက ၃ ထပ်ရှိပြီး ကျမတို့ မြို့က တရုတ်တွေ စုပြီး တည်ထောင်ထားကြတာပါ။ အဲဒီရက်ဆိုရင် ဘုံကျောင်းမှာလည်း လူအတော်စည်ပါတယ်။ ဘုံကျောင်းအောက်ထပ်မှာတော့ လာသမျှဧည့်သည်ကို ညစာကျွေးပါတယ်။ များသောအားဖြင့်က ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ဘဲသားဆန်ပြုတ် ပေါ့။ တနှစ်နဲ့တနှစ်တော့ မတူပါဘူး။ ဒုတိယ ထပ်မှာက ဖျော်ဖြေရေး အတွက် တီးဝိုင်း ဒါမှမဟုတ် ကံစမ်းမဲ ဖောက်ပေးတဲ့ပွဲမျိုး လုပ်လေ့ရှိပါတယ်။ ဗွီဒီယိုတွေ ခေတ်ကောင်းချိန်တုန်းကတော့ ဗွီဒီယို ပြတာပေါ့။ တတိယထပ်မှာက မိုးကောင်းကင်ဘုရားကို ပူဇော်ဖို့အတွက် စားပွဲအရှည်ကြီးတွေပေါ်မှာ လာသမျှ ဧည့်သည်တွေ လှူထားတဲ့ လှူဖွယ်ပစ္စည်းမျိုးစုံနဲ့ အမွှေးတိုင် ဖယောင်းတိုင် ထွန်းတဲ့ အိုးကြီးတွေ တင်ထားပါတယ်။ တတိယထပ်ကို တက်လိုက်ရင် အမွှေးတိုင် ဖယောင်းတိုင်က ထွက်တဲ့ မီးခိုးတွေအပြင် တရုတ်ရိုးရာအရ ရွှေစက္ကူ၊ ငွေစက္ကူ မီးရှို့လို့ ထွက်တဲ့ မီးခိုးတွေနဲ့ မွှန်နေတာပဲ။ ကျမ ဘုံကျောင်းသွားရရင်တော့ သူတို့ကျွေးတာလည်း မစားဖြစ်ပဲ ဘုရားရှိခိုး၊ အလှူငွေပေးပြီးတာနဲ့ အိမ်ကို ပြန်ပြေးတော့တာပဲ။ ပါးပါးနဲ့ လိုက်သွားဖြစ်ရင်တော့ တခြားသူနဲ့ စကားစမြည်ပြောတာကို စောင့်ပေးရပါတယ်။ ည ၁၂ နာရီကျော်ရင်တော့ ကျမတို့ အိမ်မှာလည်း ကောင်းကင်ဘုရားကို ရှိခိုးဖို့အတွက် ပြင်ဆင်ရပါတယ်။ ဘုရားရှိခိုးပြီးတာနဲ့ ညလယ်စာ မိသားစု အတူတူ ခေါက်ဆွဲပြုတ်စားပြီး အိပ်ယာဝင်ပါတော့တယ်။ ဒီလိုနဲ့ နှစ်သစ်ကူးကာလ ပြီးသွားပြန်တာပါပဲ။ ဘယ်လိုနည်းနဲ့ပဲ နှစ်ကူးကူး အဓိက ရည်ရွယ်ချက်ကတော့ နှစ်သစ်မှာ ပျော်ရွှင်စေဖို့၊ အားလုံး ကျန်းမာချမ်းသာကြစေဖို့၊ နှစ်ဟောင်းက မကောင်းတာတွေ ပယ်ပြီး နှစ်သစ်မှာ ကောင်းတာတွေ ဖြစ်စေဖို့ ၊ စီးပွားလာဘ်လာဘ ပေါများဖို့ စတဲ့ နမိတ်ကောင်းတွေကို ယူကြတာပဲ မဟုတ်လား။ ကောင်းတာတွေချည်းပဲ ဖြစ်ချင်ကြတာ လူ့သဘာဝပဲလေ။


*****


ဘာလိုလိုနဲ့ ကျမလည်း အိမ်က တရုတ်နှစ်ကူးနဲ့ ဝေးနေတာ ၄ နှစ်နီးပါးလောက် ရှိတော့မယ်။ အိမ်မှာ နှစ်ကူးတုန်းကဆို ချက်ထားတဲ့ဟင်းတွေက ၀က်သားတွေချည်းပဲ အီလို့ မစားနိုင်တာ အခုငတ်နေတဲ့ အချိန်တော့လည်း ရန်ကုန်က တရုတ်နှစ်ကူးချိန်တွေနဲ့အတူ မားမားရဲ့ တရုတ်ဟင်းလက်ရာတွေကို လွမ်းမိသား။ “ခုချိန်ဆို အိမ်သန့်ရှင်းရေး လုပ်ပြီးလောက်ပြီ။ ဒီနှစ်တော့ ဘယ်လိုဟင်းတွေချက်လဲ။ မားမား တစ်ယောက်တည်းရော အားလုံးလုပ်နိုင်ပါ့မလား” ဆိုပြီး တွေးနေမိတယ်။ ကျမလုပ်ပေးနိုင်တာ တစ်ခုကတော့ ပါးပါး၊ မားမားနဲ့အတူ မိသားစုဝင်တွေ အားလုံး တရုတ်နှစ်သစ်မှာ ကျန်းမာ ပျော်ရွှင်ကြပါစေလို့ အဝေးကနေပဲ ဆုတောင်းနေမိပါတော့တယ်...

ဖေဖော်ဝါရီ ၃၊ ၂၀၀၈။