November 30, 2008

Sweet December!!

Christmas Myspace Animated Gifs

ပုံကို ဒီနေရာမှ ယူပါသည်။


၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးလ ဖြစ်တဲ့ ဒီဇင်ဘာလ ရောက်လာပြန်ပြီ။ ဒီဇင်ဘာလ ရောက်လာပြီဆိုတာနဲ့ သိပ်မကြာခင်မှာ ၂၀၀၈ ခုနှစ် ကနေ ၂၀၀၉ ခုနှစ်ကို ကူးတော့မယ်လေ။


အရင်တုန်းတော့ ဒီဇင်ဘာ ၁ ရက်နေ့ ဆိုရင် အင်းစိန် လမ်းမကြီးပေါ်မှာ Sweet December ဆိုပြီး စာရေးထားတာ အမှတ်ရမိတယ်။ ဒါကြောင့်လည်း ဒီဇင်ဘာလ ၁ရက်နေ့မှာ အားလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းရင်း 'Sweet December' လို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်...


SWEET DECEMBER!!


ဒီဇင်ဘာ ၁၊ ၂၀၀၈။

November 28, 2008

အရုပ်လေးတွေ...

ဒီနေ့ မ၀ါက “ကြွားချင်တယ်လို့ ဆိုချင်ဆို” ခေါင်းစဉ်နဲ့ Tag Game တခု ရေးခိုင်းပါတယ်။ မ၀ါ Tag ထားတဲ့ ခေါင်းစဉ်ကို သဘောကျတာနဲ့ လုပ်စရာရှိတဲ့ အလုပ်ကြွေးတွေ ၊ စာကြွေးတွေကို ခဏဘေးဖယ်ထားပြီး Blog ကြွေးကို အရင်ဆုံး ရှင်းလိုက်ပါတယ်။ ဒီလိုပို့စ်မျိုးကို အရင်က ရေးမယ်လို့ စိတ်ကူးထားခဲ့ဖူးတယ်။ Blog မှာတင်မယ်ဆိုပြီး မတင်ဖြစ်ဘူး။ ဓာတ်ပုံတွေကလည်း ရိုက်ပြီးသား အဆင်သင့်။ ရေကန်အသင့် ကြာအသင့်ဆိုသလိုပါပဲ။ အခု မ၀ါ Tag လိုက်တော့ အတော်ပဲ ဖြစ်သွားတာပေါ့။ ကြွားချင်ရက်နဲ့ လက်တို့.. ဟုတ်ပါဘူး.. ရေးချင်ရက်လက်တို့ဖြစ်သွားတယ်။ ( အဟိ.. သိပ်ပြီး မကြွားချင်ရှာဘူးနော်.. :P)။ ကျေးဇူးပါ မ၀ါရေ..


*****


ကျမမှာက ကြွားစရာဆိုလို့ များများစားစားလည်း မရှိလှပါဘူး။ မိန်းကလေးဖြစ်ပေမယ့် စုထားတာဆိုလို့ အ၀တ်အစားတွေပဲ ရှိလိမ့်မယ်ထင်တယ်။ အဲဒါတွေကလည်း သိပ်ပြီး ဆန်းဆန်းပြားပြား၊ style ကျကျ၊ ဈေးကြီးကြီး မဟုတ်ဘူး။ အလွန်ဆုံးတန် ယန်း ၅၀၀ နဲ့ ၁၀၀၀ ကြား အင်္ကျီတွေများတယ်။ ဘောင်းဘီဆိုလည်း ယန်း ၂၀၀၀ ထက်မပိုစေဘူး။ တခါတလေ ကျမက လူကောင်သေးတော့ ကံကောင်းတယ်ဆိုရမယ် ယန်း ၂၀၀၊ ၃၀၀ တန်လောက် ဘောင်းဘီတို့ စကပ်လိုမျိုးလေးတွေ ရလာတတ်သေးတယ်။ Brand တော့ မဟုတ်ဘူးပေါ့နော်။ အဲဒါဆိုတော့ ကြွားလို့ မသင့်တော်ဘူး။ ဂျပန်မလေးတွေလို အ၀တ်အစားကို ယန်း သောင်းကျော်တန်လည်း မ၀ယ်နိုင်ပါဘူး။ သာမန် ရိုးရိုး ရုံးသွား၊ အပြင်သွား အ၀တ်တွေဆိုတော့ Blog ပေါ်မပြောနဲ့ အချင်းချင်း ထုတ်ပြရင်တောင် စိတ်ဝင်စားဖို့ မကောင်းလှဘူး။


နောက်ပြီး ကိုယ်က မပြင်မဆင်တတ်၊ ဖက်ရှင်ဆိုတာလည်း နားမလည်တော့ တိုတိုထွာထွာတွေ သိပ်မ၀ယ်ဖြစ်ဘူးရယ်။ ဒီမှာက ၀ါသနာပါရင် ပါသလို၊ စိတ်ဝင်စားရင် စိတ်ဝင်စားသလို ပိုက်ဆံသာရှိ၊ သူ့ဈေးနဲ့သူ ၀ယ်စရာတွေကတော့ အပြည့်ပါပဲ။ မိတ်ကပ် စိတ်ဝင်စားတဲ့သူကလည်း မိတ်ကပ်အမျိုးမျိုး ၀ယ်စုဖြစ်မယ်ထင်တယ်။ အ၀တ်အစားဆိုလည်း အ၀တ်အစား ၊ လက်ကိုင်အိတ်၊ လက်ဝတ်ရတနာ၊ ဖိနပ်တို့ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတို့ဆိုတာလည်း ၀ယ်ချင်ရင် ဈေးချတဲ့အချိန်သာ ခဏလောက်စောင့်လိုက် အလွယ်တကူ ၀ယ်လို့ရနေတာမျိုးပါ။ အဓိက ပိုက်ဆံနဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို လဲလှယ်တဲ့အခါမှာ ဘယ်ဟာက ကိုယ့်အကြိုက်ဆုံးလဲ ဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်တာ မဟုတ်လား။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ ပြောရခက်တာပေါ့။ ကိုယ်ကြိုက်နှစ်သက်တဲ့ ပစ္စည်းအတွက် ပေးလိုက်ရတဲ့ ပိုက်ဆံကို နှမြောတဲ့သူတော့ ရှားမယ်ထင်ပါတယ်။


ကျမမှာ ရှိတဲ့ ရောဂါက မွေးပွအရုပ်တွေကို အင်မတန် သဘောကျတာပါပဲ။ အရင်မြန်မာပြည်မှာတုန်းကတော့ မ၀ယ်နိုင်ပါဘူး။ ပထမတစ်ခါ ဂျပန်လာတော့လည်း ဈေးကြီးကြီးပေးပြီး မ၀ယ်ဖြစ်ဘူး။ ကိုယ်ရတဲ့ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုပြီး မိသားစုအတွက်ပဲ အဓိထားပြီး စဉ်းစားဖြစ်တယ်။ လိုချင်တာရှိရင်တောင် မလိုအပ်ဘူးဆိုရင် မ၀ယ်ဖြစ်ပဲ နေလိုက်တာများတယ်။ ၀ယ်ဖြစ်ရင်လည်း ဈေးပေါတဲ့ ယန်း ၁၀၀ ဆိုင်က ပစ္စည်းတွေလောက်ပဲ။ ဒါတောင် ရန်ကုန်ပြန်တော့ ယန်း ၁၀၀ တန် မွေးပွရုပ်လေးတွေ ၆ခုလောက် ပြန်ပါသွားလိုက်သေးတယ်။ အခုတော့ အရုပ်တွေလည်း မရှိတော့လောက်ဘူး ထင်တယ်။ ဘာလို့လည်းဆိုတော့ အိမ်မှာ ကလေးမွေးနေ့ပွဲ ဖိတ်စာရပြီဆိုတာနဲ့ အဖေက ကျမအရုပ်တွေကို မျက်စိကျနေတာ။ မွေးနေ့လက်ဆောင်ပေးဖို့။ အရင်တုန်းကဆို ပိတ်စလေးတွေ ၀ယ်ပေးနေရတာလေ။ အခုတော့ ဂျပန်က အရုပ်လေးတွေ ပေးတာ ပိုပြီး ကောင်းတာပေါ့ဆိုပြီး “သမီးရေ. နင့် အရုပ်လေး တစ်ရုပ်လောက် ပါကင် ထုပ်လိုက်ပါဦး”ဆိုပြီး ခိုင်းပါတယ်။ အဲဒီအခါကျရင် ကျမမှာ ရှိစု မဲ့စု အရုပ်တွေထဲက ဘယ်အကောင်ကို ပေးရင် ကောင်းမလဲဆိုပြီး စဉ်းစားရတာအမောပဲ။ လူမဟုတ်တော့ ဗိုလ်၊ ကျား၊ သေနတ်ဆွဲခိုင်းလို့ မရဘူးမို့လား။ အားလုံးကို လိုချင်လို့ ၀ယ်ထားတာဆိုတော့ ပေးရမှာ နှမြောတာပေါ့လေ။ နောက်ဆုံး မျက်စေ့မှိတ်ရင်း တစ်ကောင်လှမ်းဆွဲလိုက်ပြီး လက်ထဲပါလာတဲ့ အရုပ်ကို စက္ကူလက်ကိုင်အိတ်လေးထဲ ထည့်ပြီး အဖေ့ကို ပေးလိုက်ရတယ်။


ထိုင်းရောက်တော့လည်း ဘတ် ၂၀၀ တန် Pooh အရုပ်ကြီး တစ်ကောင် ဈေးသက်သာလို့ ၀ယ်ဖြစ်သေးတယ်။ ရန်ကုန်ပြန်ရောက်တော့ အမျိုးသားက တူမလေးကို မွေးနေ့လက်ဆောင်ပေးလိုက်ပါ ဆိုလို့ ကိုယ့်မှာ ကလေးကို ပေးတာတောင် တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေလိုက်သေးတယ်။ ဒီတစ်ခေါက်လည်း အမှတ်မရှိဘူး။ အရုပ်မြင်ရင် လိုချင်တာပဲ။ ဒီတစ်ခါတော့ ကိုယ်က လိုချင်ပြီဆို မျက်နှာငယ်လေးနဲ့ “လိုချင်လိုက်တာ..” လို့ ၂ ခါ ၃ ခါလောက် ရွတ်ပြလိုက်ရင် “လိုချင်ရင် ဒီလ လခထုတ်ရင် ၀ယ်လေ”ဆိုပြီး ပါမစ် ချပေးပါတယ်။ ပါမစ်ကျပေမယ့်လည်း ဈေးကြီးတော့ ကိုယ့်စိတ်ကို ကိုယ် ဘရိတ်ပြန်အုပ်ရတယ်။ အရမ်းလိုချင်ပြီဆိုမှ တစ်ရုပ်လောက် ၀ယ်လိုက်တာပေါ့။

*****


အခု ကျမမှာ ရှိတဲ့ အရုပ်လေးတွေကို စုပြီး Blog ပေါ် တင်ပေးလိုက်ပါတယ်။ သိပ်အများကြီးလည်း မရှိတော့ “ကြွားရမှာကို အားနာပါတယ်လေ” ဆိုသလိုဖြစ်နေပြီ။ My Totoro ပို့စ်မှာတုန်းက “(ကို) တားမြစ်ထားသော” ရယ်၊ “မမသက်ဝေ” ရယ်က အရုပ်စင်ဝယ်ပြီးရင် ဓာတ်ပုံရိုက်ပြပါဦးလို့ ဆိုထားသေးတယ်။ အရုပ်တွေကတော့ အခုထိ အဆင့်မြင့်မြင့် စင်နဲ့ မနေရသေးပါဘူး။ ဒါကြောင့် သူတို့ကို ကြမ်းပြင်ပေါ်မှာပဲ ချထားပြီး ဖုန်တက်ကုန်မှာစိုးလို့ ပလပ်စတစ်အိတ်တွေထဲ ထည့်ထားရတယ်။ အခုတော့ သူတို့ခမျာလေးတွေလည်း စင်ပေါ်မတက်ရပဲ Blog ပေါ် တက်လိုက်ရပါပြီ... :)

Totoro နှင့် သူငယ်ချင်းများ...


ပြီးခဲ့တဲ့ My Totoro ပို့စ်မှာတုန်းက သူဝယ်ပေးတဲ့ အရုပ်ပါ။ ဖုန်တက်မှာစိုးလို့ ပလပ်စတစ်မဖြုတ်ပဲ ဒီအတိုင်းပဲ ထားတယ်။ :)


Disney Store ကို သွားတုန်းက မွေးနေ့လက်ဆောင် ၀ယ်ပေးထားတာ။ Pooh နဲ့ Piglet ကိုပဲ ကြိုက်လို့ ၂ ကောင်ပဲ ၀ယ်ဖြစ်တယ်။ သူတို့ အသားလေးတွေက အရမ်းနူးညံ့တာပဲ။


ဒီအရုပ်က ညီမလေး မြရွက်ဝေ က မွေးနေ့လက်ဆောင်ပေးတာပါ။ ကလေးရရင်လည်း အမွှာမွေးအောင်တဲ့လေ။ :P


အခုတစ်ခေါက် ဂျပန် ပြန်ရောက်ခါစတုန်းက ယန်း ၁၀၀ ဆိုင်သွားပြီး ၃ ရုပ် ၀ယ်လာခဲ့သေးတယ်။ နောက်ပိုင်းတော့ တစ်ရုပ် ယန်း ၂၁၀ ဖြစ်သွားပြီ်။ ရှေ့က ဖျံအဖြူလေးက Hokkido က ၀ယ်လာခဲ့တာ။ ယန်း ၈၀၀ ပေးရတယ်။


ဒီခွေးရုပ်အကြီးလေးက စင်ကာပူက သူငယ်ချင်း လက်ဆောင်ပေးတာ။ အဲဒီအရုပ်လေးရတော့ အရမ်းပျော်တာပဲ။ သူနဲ့ အဖော်ရအောင် ယန်း ၁၀၀ ဆိုင်က ခွေးလေး ကပ်ပေးထားတာ။ :)


အိမ်ထဲမှာထားရင် ဒီလိုထားရတယ်။ အရုပ်စင်မ၀ယ်ဖြစ်သေးတော့ ကြမ်းပြင်မှာပဲ စုထားလိုက်တယ်။ တချို့ သေးတဲ့ အရုပ်တွေကတော့ စင်ပေါ်မှာပေါ့။ (ကြွားတဲ့အထဲမှာ TV မပါဘူးနော်.. :D)


နိုဝင်ဘာ ၂၈၊ ၂၀၀၈။

November 22, 2008

ပွဲဈေးတန်း

နိုဝင်ဘာလ ဆိုတော့ ရုံးနားမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ Shinno ပွဲတော်ချိန် ရောက်လာပြန်ပါပြီ်။ မနှစ်က ပွဲတော် အကြောင်းကို ဒီပို့စ် မှာ ရေးခဲ့ဖူးပါတယ်။ ဒီနေ့က ၂၂ ရက်နေ့ဆိုတော့ ပွဲတော် စတဲ့ရက်ပါ။ ဒီက ပွဲဈေးတန်းကို လျှောက်မိတော့ မြန်မာပြည်က ပွဲဈေးတန်းတွေကို သတိရမိတယ်။


*****


အရင် မဆလ ခေတ်တုန်းကတော့ ကျမတို့မြို့မှာ ပွဲဈေးဆိုရင် လွတ်လပ်ရေးကွင်းလို့ ခေါ်တဲ့ ကွင်းကြီးထဲမှာ ကျင်းပလေ့ရှိတယ်။ ကွင်းကလည်း အကျယ်ကြီးပဲ။ အလည်မှာ ရေကန်ကြီးလည်း ရှိတယ်။ ဇာတ်ပွဲ၊ ရုပ်ရှင်ရုံ၊ မိန်းမလျာတွေ ကတဲ့ ဇာတ်ရုံတွေ အပြင် တခြားရုံတွေလည်း ရှိသေးတယ်။ ကလေးတွေအတွက်ဆို ကားလိုလို လေယာဉ်ပျံလို လည်နေတဲ့ ရဟတ်အသေးတွေလည်းရှိတယ်။ ရဟတ်ကြီးတွေကိုတော့ လူကြီးတွေ စီးနေကြတာ ဘေးကပဲ အသာငေးဖူးတယ်။ တခါမှတော့ မစီးဖူးဘူး။ တချို့လည်း ကြောက်လန့်ပြီး ရှုးရှုးတွေ ပေါက်ချတယ်လို့ ပြောသံ ကြားဖူးတယ်။


ခေတ်ကာလ ရွေ့လျားလာတော့ လွတ်လပ်ရေးကွင်းကြီးလည်း ဘုရင့်နောင်လမ်း ဖောက်လိုက်တာ နှစ်ခြမ်းကွဲပါလေရော။ ကွင်းထဲမှာရှိတဲ့ ကန်ကြီးလည်း လမ်းဖောက်ဖို့ဆိုပြီး မြေဖို့ပစ်လိုက်ကြတယ်။ တချို့လည်း သိမယ်ထင်ပါရဲ့။ အင်းစိန် ဘီအိုစီ မှတ်တိုင်နားက ကွင်းအကျယ်ကြီးပါ။ အခုဆိုရင် အဲဒီနေရာမှာ ဂက်စ် ဆိုင်ဖြစ်သွားပြီ။ နောက်တော့ လွတ်နေတဲ့ မြေနေရာတွေမှာ ၀န်ထမ်းအိမ်ယာတွေ ဆောက်လိုက်တာ လွတ်လပ်ရေးကွင်းဆိုတာ သမိုင်းထဲမှာ ကျန်ခဲ့ပြီလို့ ပြောရမလိုပါပဲ။ အင်းစိန်မှာ လွတ်လပ်ရေးကွင်းကြီး မရှိတော့ ပွဲဈေးတွေက အဆင်ပြေတဲ့နေရာတွေမှာပဲ ကျင်းပရတော့တာပေါ့။ အရင်တုန်းကလိုမျိုး ဇာတ်တွေ ဘာတွေလည်း မသွင်းနိုင်ကြတော့ပါဘူး။


ကျမတို့ အိမ်နားမှာဆိုရင် ရပ်ကွက်က စုပေါင်းတည်ထားတဲ့ ဘုရားတစ်ဆူရှိပါတယ်။ နှစ်စဉ် ဘုရားပွဲတော်ရက်ဆိုရင် ရပ်ကွက်က ဈေးသည်တွေရော တခြားက ဈေးသည်တွေပါ ပွဲဈေးရောင်းကြတယ်။ လက်ထိုးရုပ်ကတဲ့ ဇာတ်ရုံလည်း ရှိတယ်။ ပြီးတော့ ရဟတ်တွေလည်း ရှိတယ်။ တခါတလေလည်း မျောက်၊ ခွေးတို့လို အကောင်လေးတွေကို အင်္ကျီလေးတွေ ၀တ်ပေးထားပြီး သူတို့ကို အမူအရာလုပ်ခိုင်းတဲ့ ဇာတ်ရုံလိုမျိုးတွေလည်း ပါတယ်။ များသောအားဖြင့် သီချင်းဆိုခိုင်းတယ်နဲ့တူတယ်။ တစ်ညမှာ ၃ ပွဲလောက် ပြရင် အခေါက်တိုင်းက ဒီသီချင်းပဲ ဆိုနေတာ။ အပြင်က နားထောင်နေတဲ့ ကျမတို့တောင် အလွတ်ရတယ်။ ကားဂိတ်နားမှာဆိုတော့ လူလည်း စုံတယ်။ ဈေးသည်လည်းစုံတယ်။


ဘုရားပွဲဆိုတော့လည်း အစားအစာ ရောင်းတဲ့သူရှိသလို ကလေးတွေအတွက် အရုပ်မျိုးစုံ ရောင်းတာတွေလည်း ရှိတယ်။ တချို့လည်း ကွင်းပစ်ပြီးပဲဖြစ်ဖြစ် လေသေနတ်နဲ့ဖြစ်ဖြစ် ပစ်ပြီး ပစ္စည်းယူတဲ့ ကစားပွဲမျိုးတွေ ရှိတယ်။ မုန့်ဆိုင်ဆိုလည်း အမျိုးမျိုးပါပဲ။ မုန့်လင်မယား၊ ရေမုန့် ၊ ကောက်ညှင်းကျည်တောက်၊ ဘိန်းမုန့်၊ မုန့်လုံးကြီး၊ မုန့်လေပွေ စတဲ့ ဆိုင်သေးတွေက စပြီး မုန့်ဟင်းခါး အသုပ်စုံ ၊ အကြော်စုံ၊ ဘူးသီးကြော် စတဲ့ ဆိုင်ကြီးတွေ အဆုံးပေါ့။ အဲဒီလို ဈေးဆိုင်တွေက ပွဲဈေးတိုင်း မပါမဖြစ်မဟုတ်လား။ နောက်ပြီး ၀က်သားတုတ်ထိုးရောင်းတဲ့ ဆိုင်တွေလည်း ၂ ဆိုင် ၃ ဆိုင်။ တချို့လည်း လက်ဆွဲလို့ရပြီး သယ်လို့ လွယ်တဲ့ ခြင်းလိုမျိုးတွေနဲ့ ရောင်းနေတာ ရှိသလို ကျကျနန ခုံလေးတွေ ချပြီး ရောင်းတဲ့ ဆိုင်တွေလည်း ရှိတယ်။ “ပေါင် ၁ ခါချိန် ၅ ကျပ်” လို့ ရေးထားပြီး ဖယောင်းတိုင်လေးတွေ ထွန်းထားတဲ့ ဆိုင်လေးတွေလည်း မနည်းဘူး။ နောက်ပိုင်းတော့ ၂၀ ကျပ်ဖြစ်လာတယ် ထင်တယ်။ အခုတော့ ဘယ်လောက်ဖြစ်နေပြီလဲ မပြောတတ်ဘူးရယ်။ စက္ကူနဲ့လုပ်ထားတဲ့ ဗန္ဓုလဦးထုပ်တွေ ဓားတွေ ရောင်းတဲ့ ဈေးသည်တွေလည်း တွေ့ရတတ်တယ်။ ကျန်ကျောင်းခေတ် ရောက်လာတော့ ဗန္ဓုလဦးထုပ်နေရာမှာ ကျန်ကျောင်းဦးထုပ်တွေ အစားထိုးပြီး ရောင်းကြတယ်။ မျက်နှာဖုံးအတု ရောင်းတာတွေလည်း ပါတယ်။ တခြား တိုလီထွာလီလေးတွေ ရောင်းတဲ့ ဆိုင်တွေလည်း ရှိပါတယ်။ အကုန်တော့လည်း မမှတ်မိတော့ပါဘူး။

အရင်တုန်းက ပွဲဈေးတန်းမှာ ရောင်းတဲ့ မုန့်တွေက စားလို့ ကောင်းတယ်။ ဘူးသီးကြော်ဆိုရင်လည်း ပွဲဈေးတန်းက ဘူးသီးကြော်က ပိုပြီး အရသာ ရှိသလိုပဲ။ ဘူးသီးကြော်ကို အချဉ်ရည်နဲ့ ဆလတ်ရွက်နဲ့ အတူစားတာ သတိရမိတယ်။ ပြီးရင် ကောက်ညှင်းကျည်တောက်လည်း ကြိုက်တယ်။ ရေမုန့်ကတော့ အိမ်က ၀ယ်ကျွေးရင် စားလိုက်တာပဲ။ အရမ်းအကြိုက်ကြီးတော့ မဟုတ်ဘူး။ အခုနောက်ပိုင်း ပွဲဈေးမှာ ရောင်းတဲ့ ဈေးဆိုင်တွေလည်း ရောင်းရတာ မကိုက်လို့လား မသိဘူး၊ အရသာ သိပ်မရှိတော့ဘူး။ ပြီးတော့ ဖြစ်သလို ရောင်းနေရတာဆိုတော့ ဖုန်ကလည်း တထောင်းထောင်းပဲ။ ဘာမှလည်း အုပ်ထားပြုထားခြင်း မရှိကြတော့ဘူး။ ပွဲဈေးလုပ်ရတာက ကားလမ်းပေါ်ဖြစ်ကုန်တာဆိုတော့ သွားလာရတာ အဆင်မပြေတော့ဘူးပေါ့။ အဲဒါနဲ့ပဲ အိမ်နားမှာ လုပ်တဲ့ ပွဲဈေးတန်းတောင် မလျှောက်ဖြစ်တာ များတယ်။


*****


Shinno ပွဲတော်ရဲ့ ပွဲဈေးတန်းကလည်း ရန်ကုန်ပွဲဈေးတန်းနဲ့ ဆင်ပါတယ်။ ဇာတ်ရုံတွေ ဘာတွေတော့ မရှိဘူးပေါ့လေ။ မုန့်ဆိုင်တွေ များတယ်။ ဂျပန်မုန့်မျိုးစုံပေါ့။ များသောအားဖြင့် ခေါက်ဆွဲကြော်ဆိုင်၊ မြန်မာပြည်က မုန့်လင်မယားနဲ့ ဆင်တဲ့ တာကိုရာကိ (takoyaki) ၊ ပြီးတော့ ရာသီဥတု အေးလာလို့ ဂျပန်တွေ စားတတ်တဲ့ အိုဒန်း (Oden) လို ဆိုင်တွေ၊ အသားကင်ဆိုင်၊ ကြက်သားကြော်ဆိုင်၊ မုန့်အချိုတွေ ရောင်းတဲ့ဆိုင်၊ ramen ခေါက်ဆွဲဆိုင်၊ ကလေးတွေအတွက် ကစားစရာဆိုင်တွေလည်း ရှိတယ်။ တချို့ဆိုင်တွေက အနောက်ဖက်မှာ ထိုင်စားလို့ရအောင် ကျကျ နန ပြင်ပေးထားတယ်။ ပွဲတော်လာတဲ့သူတွေက ၀ယ်ပြီး လမ်းလျှောက်ရင်း စားသွားကြတာများပါတယ်။


ကျမတို့ ရောက်သွားတော့ နေ့လည် ၁ နာရီလောက်ရှိပါပြီ။ လူသိပ်မများသေးတော့ ဆိုင်တွေလည်း အရောင်းအ၀ယ် ကောင်းတဲ့ပုံမရပါဘူး။ ဒီတစ်ပတ်မှာ ပိတ်ရက် ၃ ရက် ရတဲ့အပြင် အခုချိန်ကလည်း မိုမိဂျိအရွက်တွေ အရောင်ပြောင်းနေတာဆိုတော့ တခြားနေရာတွေကို ခရီးထွက်တဲ့သူတွေများပါတယ်။ ကျမတို့ကသာ ပွဲဈေးတန်း မလျှောက်ရတာ ကြာလို့ တကူးတက သွားကြတာ။


ပွဲဈေးတန်းဆုံးရင် Osaka မှာ နာမည်ကြီးတဲ့ မိဒိုးဆုဂျိ (
Midosuji ) လမ်းမကျယ်ကြီးကို ရောက်ပါတယ်။ အဲဒီလမ်းတလျှောက်မှာ စိုက်ထားတဲ့ အိချိုးပင် ( ichou イチョウ) ရဲ့ အရွက်တွေက အခုဆိုရင် ရာသီဥတု အေးလာလို့ ၀ါတဲ့ဘက်ကို အရောင် ပြောင်းကုန်ပါပြီ။ အပင်ရဲ့ အရွက်ကို အနီးကပ် ကြည့်ချင်ရင်တော့ အပေါ် Banner က အတိုင်းပါပဲ။ ဒီနေ့ နေ့လည် ပွဲဈေးတန်းလျှောက်တုန်းက ရိုက်လာခဲ့တဲ့ ဈေးဆိုင်ပုံတွေရော၊ ၀ယ်စားခဲ့တဲ့ မုန့်တွေရော Blog ပေါ်ကနေတဆင့် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။


*ပွဲတော်ရှိတဲ့ လမ်း




*လမ်းတောက်လျှောက် မုန့်ဆိုင်တွေက အများကြီးပါပဲ။ ကိုယ်ဝယ်စားခဲ့တဲ့ မုန့်ဆိုင်လောက်ပဲ ဓာတ်ပုံရိုက်ယူခဲ့ရတယ်။










*အောက်ကပုံတွေက ကလေးတွေအတွက် အရုပ်ဆိုင်တွေပါ။ ပထမဆုံးပုံက မျှား ၃ ချောင်းနဲ့ ပစ်ရတာ။ ပစ်လိုက်တဲ့နေရာပေါ်မူတည်ပြီး အမှတ်တွေ ကွဲသွားတာပေါ့။ ရမှတ်ပေါ်မူတည်ပြီး အရုပ်တွေ ပေးတာ။


*ကလေးလေးကို သဘောကျလို့ တမင်ရိုက်ယူထားတာ။ ကလေးတွေကို ရေထဲက အရုပ်လေးတွေ ဆယ်ယူခိုင်းတာပါ။ ပေးလိုက်တဲ့ ဇကာခွက်လေးက ပါးပါးလေးရယ်။ ဖြေးဖြေးချင်းခပ်မှ အရုပ်တွေက ရမှာ။ ကလေးတွေက သူတို့အားလေးနဲ့ ဆယ်တာတောင် ခဏလေး ဇကာပြဲသွားတယ်။ တစ်ခါဆယ်ရင် ယန်း ၅၀၀ ပေးရတယ်။ ဆယ်လို့ ရရ မရရ ကလေးတွေကို ရေထဲက အရုပ်လေး ၃ ခုယူချင်ရင် ယူလို့ရတယ်။ မယူချင်ရင်လည်း ကာတွန်းရုပ် လက်ကိုင်အိတ်လေးတွေ ယူလို့ရတယ်။


*အပေါ်က ကစားနည်းအတိုင်းပါပဲ။ ငါးတွေ လိုက်ဖမ်းရတာ။ တခါဖမ်း ယန်း ၃၀၀၊ ၄၀၀ လောက်ရှိတယ်။ ကလေးတွေအသက်အရွယ်ပေါ်လိုက်ပြီး ပေးရတာပေါ့။ ဖမ်းလို့ရတဲ့ ငါးတွေကို အိမ်ကို ယူသွားလို့လည်း ရတယ်။ တချို့ကလေးလေးတွေက ငါးတွေ ဆယ်ပြီးသွားတော့ Bye Bye ဆိုပြီး ပြန်လွှတ်ပေးလိုက်ကြတယ်။


*ဒီမုန့်ကို ဓာတ်ပုံချည်းပဲ မြင်ရရင် ဘာမုန့်မှန်းသိမယ် မထင်ဘူးရယ်။ ကျမကတော့ တကယ်ကို မသိခဲ့ဘူး။ ငှက်ပျောသီးကို ချောကလက်အရည်သုတ်ပြီး ရောင်းတာ။ အချိုမကြိုက်လို့ မ၀ယ်စားဖြစ်ဘူး။ တမင် ဓာတ်ပုံရိုက်ယူထားတာ။




*အထုပ်ကြီးက ယန်း ၁၀၀၀ တဲ့။ အသေးက ယန်း ၅၀၀။


*ဈေးဆိုင်နောက်ဖက်မှာ ထိုင် စားလို့ရအောင် နေရာခင်းထားတာ။ လူရှင်းလို့ ဓာတ်ပုံရိုက်လို့ရတာ။ အဲဒီ ဆိုင်က ရောင်းတာ အသားကင်နဲ့ အအေးမျိုးစုံပါ။ အောက်က ကမာကောင် နဲ့ ပြည်ကြီးငါးကင်ကို ယန်း ၁၀၀၀ ပေးလိုက်ရတယ်။ တစ်ခု ယန်း ၅၀၀။ ၀ယ်စားလိုက်တာ မတန်ဘူး..




*ခေါက်ဆွဲဆိုင်ရှေ့ရောက်တော့ ရောင်းနေတဲ့ ဘိုးဘိုးကြီးကို သနားတာနဲ့ ၀ယ်စားလာတာ။ တစ်ပွဲ ယန်း ၅၀၀ ပေးရတယ်။


*ပွဲဈေးတန်းဆုံးရင် Osaka ရဲ့ နာမည်ကြီးတဲ့ လမ်းမကျယ်ကြီးကို ရောက်ပါတယ်။ အဲဒီလမ်းမကြီးတစ်လျှောက်မှာက Branded ဆိုင်တွေ အတော်များများရှိတယ်။ အရွက်ဝါနေတော့ မီးပွိုင့်နီနေတုန်း ၂ ယောက်သား လမ်းလယ်ကနေ တက်ရိုက်ထားကြတာ။




နိုဝင်ဘာ ၂၃၊ ၂၀၀၈။

November 3, 2008

မြန်မာစကား နှင့် ဂျပန်လူမျိုး - ၁

ကျမတို့ မြန်မာပြည်က ခေတ်လူငယ်တွေဟာ မြန်မာစကားအပြင် တခြား ဘာသာစကား တစ်ခုခုကို သင်ယူကြတာ များပါတယ်။ ကိုယ်တိုင်က မသင်ချင်ရင်တောင် မိဘတွေက အနည်းဆုံး အင်္ဂလိပ်စကားပြောသင်တန်းလောက်ကို တက်ဖို့ အားပေးကြပြန်တယ်။ ဒါကြောင့် ကျောင်းစာအပြင် နွေရာသီ ကျောင်းအားရက်ဆိုရင် အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီယား၊ ပြင်သစ် စတဲ့ စကားပြောသင်တန်းတွေမှာ သက်တန်းတက်ဖို့ သွားလာနေကြတာ အများကြီးပဲ။ ဘွဲ့ရပြီးသွားရင်လည်း UFL မှာ ဒီပလိုမာဘွဲ့ယူဖို့ ကိုယ်ဝါသနာပါတဲ့ ဘာသာစကား တခုခုကို ဆက်ပြီး သင်ယူကြပြန်ရော။ များသောအားဖြင့် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲ စကားပြန်အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ နိုင်ငံခြား တက္ကသိုလ်မှာ ကျောင်းလျှောက်ချင်လို့ပဲဖြစ်ဖြစ် သင်ယူနေကြတာပါ။ ကျမတို့ မြန်မာ လူမျိုးတွေ တခြားဘာသာစကားကို လေ့လာနေကြသလို ဒီမှာ ရှိနေတဲ့ ဂျပန်လူမျိုးတွေလည်း သူတို့ ၀ါသနာ ပါတဲ့ ဘာသာစကားတစ်ခုခုတော့ လေ့လာ သင်ယူနေကြတာပါပဲ။ အခုပြောမှာကတော့ ဂျပန်လူမျိုးတွေ မြန်မာစာ လေ့လာတဲ့အကြောင်းလေးပါ။


အရင်တုန်းကဆို တချို့ဂျပန်တွေက မြန်မာပြည်ဆိုတာ ဘယ်နေရာလဲ မသိကြဘူး။ ထိုင်းကိုတော့ သိကြတယ်။ ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံ၊ ထိုင်းကနေ ဆက်သွားရင် ရောက်တယ်ဆိုပြီး ပြောပြရတယ်။ တချို့ကတော့ ဘိရုမာလို့ ပြောလိုက်ရင် အောင်ဆန်းစုကြည်-စံ ရှိတဲ့နိုင်ငံလား ဆိုပြီး ပြန်မေးကြတယ်။ အဲဒါကိုတော့ သိတဲ့သူများပါတယ်။ ဒါပေမယ့် အခုဆိုရင် Mr. Nagai Kenji နဲ့ Nargis ကြောင့် မြန်မာပြည်အကြောင်းကို ဂျပန်လူမျိုး တော်တော်များများ သိကုန်ကြပါပြီ။ ကောင်းသတင်းတော့ မဟုတ်လှဘူး။ ထားပါတော့လေ။ စကားပြန်ဆက်ရရင် အလုပ်ထဲက အသိတွေနဲ့ ပါတီမှာ တွေ့လို့ စကားပြောဖြစ်ပြီဆိုရင်လည်း မြန်မာပြည်အကြောင်း၊ မြန်မာလူမျိုးအကြောင်း၊ မြန်မာစကားအကြောင်းကို စိတ်ဝင်တစား မေးကြတယ်။ အဲဒါဆိုတော့ ကိုယ်ကလည်း တတ်သလောက် မှတ်သလောက် ပြန်ပြောပြပေးရတာပေါ့။ သူတို့မေးတာကိုလည်း ဂရုစိုက်ပြီး ပြန်ဖြေရတယ်။ ကိုယ့်အဖြေက တစ်ခုခု မှားသွားမှာလည်း စိုးရိမ်တယ်လေ။ “မင်္ဂလာပါ”၊ “နေကောင်းလား”၊ “ကျေးဇူးတင်ပါတယ်”၊ “စားကောင်းတယ်” ၊ “အရသာရှိတယ်” ၊ “ဟုတ်ပါတယ်”၊ “မဟုတ်ပါဘူး” စတဲ့ စကားလုံး တိုတိုတွေကို မှတ်ရလွယ်အောင် ပြောပြပေးပြီး သင်ပေးရတယ်။


ဒါပေမယ့် ရုံးက သူငယ်ချင်းတွေက စိတ်ဝင်စားလို့ သိချင်တာလောက်ပဲရှိတာ၊ မြန်မာစကားပြော သင်ဖို့ ကိုတော့ လုံးလုံး စိတ်ဝင်စားပုံမရဘူး။ သူတို့ကို မြန်မာလို ရေးပြရင်လည်း အ၀ိုင်းတွေကို ဆက်ထားတယ်လို့ပဲ မြင်ကြတယ်။ နောက်ပြီး ဂျပန်လူမျိုးမှာက “င” အသံ၊ “ထ” အသံ၊ “သ” အသံ ၊ “လ” အသံ မရှိဘူး။ “ရ” (ra) သံပဲ ရှိတယ်။ အသံအနိမ့်အမြင့်လည်း မရှိတော့ သူတို့က မေးလို့ ပြောပြပေးရင်တောင် “ခက်တယ်” ဆိုပြီး ပြောကြတယ်။ ကျမတို့ မြန်မာနာမည်တွေကိုလည်း မှန်အောင် မခေါ်နိုင်ကြဘူး။ အဲဒါဆိုတော့ သူတို့နဲ့ စပြီး မိတ်ဆက်ပြီ ဆိုကတည်းက ကိုယ့်ရဲ့ ရှေ့ဆုံးနာမည်တွေကိုပဲ မှတ်ရလွယ်အောင် ပြောပြီး မိတ်ဆက်ရတယ်။ ဥပမာ ကျမကိုဆို “နု” လို့ခေါ်ပါဆိုပြီး ပြောပြပေးထားလိုက်တယ်။ ဒါကြောင့် အားလုံးက Nu-san၊ NuNu-san, Nu-chan ဆိုပြီး ခေါ်ကြတယ်။


*****


ကျမအမျိုးသားက Tokyo မှာ ၂ နှစ်လောက်နေဖူးပါတယ်။ အဲဒီတုန်းက မြန်မာစကား ကောင်းကောင်းပြောတတ်တဲ့ ဂျပန်လူမျိုးတွေနဲ့ ဆုံဖူးတယ်လို့ သူပြန်ပြောပြတယ်။ သူတွေ့ဖူးတဲ့ဂျပန်ဦးလေးကြီးဆိုရင် တွေ့သမျှ ကြားသမျှ မြန်မာစကားအသုံးတွေကို စာအုပ်ထဲရေးမှတ်ပြီး မြန်မာလူမျိုး တွေ့တာနဲ့ စာအုပ်ဖွင့်ပြီး မြန်မာလို ကြိုးစားပြီးပြောပါတယ်။ အဲဒီလိုနဲ့ပဲ ဟိုလူက သင်ပေး ဒီလူကသင်ပေးနဲ့ သူ့ရဲ့ ဗလာစာအုပ်မှာ မြန်မာစကားပြောတွေ မှတ်ထားတာ အများကြီးပဲတဲ့။ နောက်ပြီး မြန်မာလိုလည်း ရေးတတ်တယ်။ မြန်မာသီချင်း ကာရာအိုကေလည်း ဆိုနိုင်တယ်ဆိုလို့ ကျမဖြင့် ကြားတုန်းက အံ့သြနေတာ။ အဲဒီ ဦးလေးကြီးက ဂျပန်မှာ အငြိမ်းစားယူထားပြီး မြန်မာပြည်ကို သွားလည်ရင်းက သဘောကျလို့ မြန်မာစကားကိုပါ ကြိုးစားပြီး လေ့လာသင်ယူနေတဲ့သူပါ။


ကျမတို့ ပြီးခဲ့တဲ့နှစ် Tokyo သွားတုန်းကလည်း အဲဒီလိုပဲ။ ရောက်တုန်း မြန်မာအစားအစာတွေ ရောင်းတဲ့ဆိုင်ကို သွားတာ ဓာတ်လှေကားမှာ ဂျပန်အမျိုးသမီး နှစ်ယောက်နဲ့ ဆုံပါတယ်။ သူတို့ကလည်း ကျမတို့ သွားမယ့် မြန်မာဆိုင်ကို လာကြတာ။ မြန်မာဆိုင်က စောသေးလို့ မဖွင့်သေးပါဘူး။ ကျမတို့ နှစ်ယောက်လည်း ဆိုင်မဖွင့်သေးဘူးဆိုပြီး ပြောဆိုနေတာ စောစောက ဂျပန်မလေးတွေ ကြားသွားတယ်နဲ့ တူပါတယ်။ “မြန်မာပြည်ကလား”ဆိုပြီး မြန်မာလိုမေးတော့ တော်တော် အံ့သြသွားတယ်။ အဲဒါနဲ့ စကားစမြည်ပြောရင်း သူတို့မေးသမျှကို ဖြေရတာပေါ့။ ပြန်ဖြေရင်း စိတ်ထဲကနေ “မြန်မာစကားအတော်လေး ပြောနိုင်တယ်”လို့ တွေးနေမိသေးတယ်။ မြန်မာပြည်လည်း ရောက်ဖူးကြတယ် လို့ပြောပါတယ်။ နောက်တစ်ခု အံ့သြတာက ဆိုင်ရှေ့မှာ ကပ်ထားတဲ့ “အင်္ဂါနေ့ဆိုင်ပိတ်သည်” ဆိုတဲ့ ဆိုင်းဘုတ်က စာကို ကောင်းကောင်းဖတ်နိုင်တာပါ။ တကယ်တော့ သူတို့ မြန်မာဆိုင်ကို လာကြတာ ခရစ်ယာန်အသင်းက ထုတ်တဲ့ စာစောင်တွေ ကမ်းဖို့ လာကြတာ။ ကျမတို့ကိုလည်း စာစောင်တွေ ကမ်းလို့ ယူခဲ့ရသေးတယ်။ ကျမဖြင့် တခြားလူမျိုးခြားက မြန်မာလို ကြိုးစားပြီး ပြောတာကို ကြားရတာ ဘယ်လို ၀မ်းသာမှန်းမသိဘူး။ စိတ်ထဲလည်း တစ်မျိုးပဲ။


*****


ရုံးကအသိ ဂျပန်မလေးက Asian Library Club ဆိုပြီး NGO က ဖွင့်တဲ့ အာရှဘာသာစကားသင်တဲ့ ကျောင်းမှာ ဟိန္ဒူစာသင်ယူနေပါတယ်။ အဲဒီကျောင်းမှာ မြန်မာစာ သင်ပေးတဲ့ အတန်းလည်းရှိပြီး မြန်မာစာသင်နေတဲ့ ကျောင်းသားတွေကို စကားပြော လေ့ကျင့်ပေးဖို့ ဖြစ်နိုင်ရင် ကျောင်းကို လာလည်ဖို့ ကျမတို့ကို ခေါ်ပါတယ်။ ကျမကလည်း ဂျပန်လူမျိုးတွေက မြန်မာစာသင်နေတာကို စိတ်ဝင်စားလို့ လာခဲ့ပေးပါ့မယ်လို့ ကတိပေးလိုက်ပြီး ဒီအပတ် ပိတ်ရက်မှာ အဲဒီကျောင်းကို သွားဖြစ်ခဲ့တယ်။


ကျမတို့ရောက်သွားတော့ နေ့လည် ၁၁ နာရီလောက်ရှိပါပြီ။ ကျောင်းမှာက မြန်မာဆရာမကြီး တစ်ယောက်နဲ့ ကျောင်းသား ၂ ယောက်ရှိပါတယ်။ အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက်ပါ။ သူတို့ မြန်မာစာ သင်နေကြတာ ၆ လလောက်တော့ ရှိပြီ။ ကျမတို့နဲ့တွေ့တော့ မြန်မာလို မေးလိုက်တာစုံနေတာပါပဲ။ ကျမတို့လည်း သူတို့မေးသမျှကို စိတ်ရှည်ရှည်ပြန်ဖြေပေးပါတယ်။ မှားရင်လည်း ရီလိုက်ကြပေါ့။ သူတို့ မြန်မာစကားပြောက အရမ်းအားရဖို့ ကောင်းတယ်။ ဆရာမကြီးကလည်း သူတို့ကို မြန်မာနာမည်ပေးထားသေးတယ်။ ဂျပန်ဦးလေးကိုတော့ “ကိုမြင့်သန်းမောင်”တဲ့၊ ဂျပန်မလေးကိုတော့ “မအေးနှင်းအိအိ”တဲ့။ သူတို့ကိုယ် သူတို့ မိတ်ဆက်တော့ မြန်မာနာမည်နဲ့ပဲ မိတ်ဆက်လို့ ဂျပန်နာမည်တောင် မသိခဲ့ရပါဘူး။ ကျမတို့ကို မေးတဲ့ မေးခွန်းတွေက “ဘယ်မှာနေတာလဲ”၊ “ဘာအလုပ်လုပ်ပါသလဲ”၊ “ဂျပန်ရောက်တာ ဘယ်လောက် ကြာပါပြီလဲ”၊ “မိသားစု ဘယ်နှစ်ယောက်ရှိပါသလဲ”၊ “နာမည်ဘယ်လိုခေါ်ပါသလဲ”၊ “မြန်မာပြည်ကို ဘယ်တော့ပြန်မလဲ”၊ “ဘာဖြစ်လို့ ပြန်တာပါလဲ” အစရှိသဖြင့်ပေါ့။ အားလုံးတော့လည်း မမှတ်မိတော့ပါဘူး။ နောက်ပြီး “အား ပါတယ်” ကို “အ ပါတယ်” ဆိုပြီး မှားပြောလို့ ၀ိုင်းရီရသေးတယ်။


သူတို့ကိုတော့ “မြန်မာစာ ဘာဖြစ်လို့ သင်တာလဲ” ဆိုပြီး မေးဖြစ်ပါတယ်။ ဂျပန်မလေးကတော့ မြန်မာပြည်ကို အရမ်းချစ်ပြီး မြန်မာပြည်မှာ အကြာကြီးနေချင်ပါတယ်လို့ပြောပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သူမြန်မာပြည်ကို ထပ်သွားလည်ဦးမှာပါ။ မြန်မာပြည်ကို တစ်ခေါက်ရောက်ဖူးတယ်ဆိုတဲ့အကြောင်း၊ မြန်မာပြည်က ဘုရား၊ ဘုန်းကြီးကျောင်းတွေက ဂျပန်မှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ မတူကြောင်း၊ မြန်မာအစားအစာ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ သိပ်ကြိုက်တယ်ဆိုတဲ့အကြောင်း၊ မြန်မာပြည်မှာ သူ့သူငယ်ချင်းဂျပန်မလေးတွေ ရှိတယ်ဆိုတဲ့အကြောင်း၊ မြန်မာလူမျိုးတွေရဲ့ နာမည်ကို သိလိုက်တာနဲ့ ဘယ်နေ့မွေးတာလည်းဆိုတာကို သိရတာ အံ့သြဖို့ကောင်းကြောင်း၊ မြန်မာပြည်က ထမီကို သိပ်ကြိုက်တဲ့အတွက် အများကြီး ၀ယ်ထားပြီး ကျောင်းလာရင် ထမီပဲ ၀တ်ကြောင်း ဒီနေ့မှ ဂျပန်ရိုးရာ ကီမိုနိုကို ၀တ်လာမိတဲ့အတွက် စိတ်မကောင်းကြောင်း၊ ဗုဒ္ဓဘာသာတွေရဲ့ ငါးပါးသီလကို အရမ်းစိတ်ဝင်စားပြီး ဂျပန်လူမျိုး ဗုဒ္ဓဘာသာတွေနဲ့ မတူကြောင်း၊ ပါဠိ ဖတ်ရတာ ခက်တဲ့အကြောင်း၊ စတဲ့ စတဲ့ အကြောင်းတွေကို ကြားရတာ မြန်မာလူမျိုးတစ်ယောက်အတွက် တကယ်ကို အံ့မခန်းပါပဲ။


ဂျပန်ဦးလေးကြီးကတော့ “မြန်မာပြည်ကို သွားလည်ချင်လို့ မြန်မာစကားကို သင်တာပါ”တဲ့။ နောက်ပြီး ဆရာမကြီးက ငါးပါးသီလ အကြောင်းကို ဂျပန်လို ရှင်းပြပေးလိုက်တာနဲ့ ချက်ချင်းပဲ လက်အုပ်ချီပြီး သူ ဗုဒ္ဓဘာသာပဲ လုပ်တော့မယ်လို့ ပြောပါတယ်။ နေ့လည် ၁ နာရီခွဲမှာ ကမ္ဘောဒီးယားအတန်း ရှိတာနဲ့ မြန်မာစာသင်တန်းကို ပြီးဆုံးပါတယ်။


ဒီနေ့ စာသင်ကျောင်းက ပြန်လာတော့ အတွေ့အကြုံအသစ်ရလို့ ကျမတို့ နှစ်ယောက်လည်း ကြည်နူးမှုအပြည့်နဲ့ ပျော်ရွှင်ပြီးပြန်လာခဲ့ကြတာပေါ့။ ဂျပန်လူမျိုးတွေ မြန်မာစကားကို ကြိုးစားပြီး လေ့လာသင်ယူတဲ့အတွက် ချီးကျူးမိတယ်။ ကျမတို့ နှစ်ယောက်ကို “နောက်တစ်ပတ်လည်း လာခဲ့ပေးပါ၊ ဂျပန်စကားသင်ပေးပါမယ်” လို့ပြောတာနဲ့ “လာခဲ့ပေးပါမယ်” လို့ ပြောလိုက်ရတယ်။ အဲဒီအခါကျရင် ကျမက ဂျပန်ဦးလေးကြီးအတွက် အမျိုးသားရဲ့ ပုဆိုးအသစ်တစ်ထည် လက်ဆောင်ပေးပြီး ၀တ်ကြည့်ခိုင်းမယ်လို့ စိတ်ကူးထားတယ်။

*****



လူမျိုးခြားတွေက မြန်မာစကားကို ကြိုက်လို့ပဲ သင်သင်၊ ၀ါသနာပါလို့ပဲ သင်သင်။ ဘယ်လိုအကြောင်းကြောင့်ပဲ သင်သင်ပေါ့။ ကျမကတော့ အားလုံးကို တတ်နိုင်သလောက် ကူညီပေးချင်ပါတယ်။ မြန်မာလူမျိုးတွေက ကူညီတတ်တယ်၊ စိတ်သဘောကောင်းတယ်ဆိုတဲ့ အမြင်ကိုလည်း ဆက်လက်ထိန်းသိမ်းထားစေချင်သလို မြန်မာကို ကောင်းသောနည်းနဲ့ ကမ္ဘာက သိစေချင်တာပါပဲ..


(ပို့စ် ၁၀၀ မြောက် အမှတ်တရ)

နိုဝင်ဘာ ၃၊ ၂၀၀၈။