December 27, 2008

Kanji Of The Year (2008)

ဂျပန်မှာ ဟိရဂန (Hiragana), ခတခန (Katakana) နဲ့ တရုတ်စကားလုံး ခန်းဂျီး (Kanji) ကို သုံးတယ်ဆိုတာ တော်တော်များများသိပြီးသားဖြစ်မှာပါ။ အခုပြောမှာက ခန်းဂျီး (Kanji) စာလုံး အကြောင်းပါ။ ဂျပန်မှာ ဒီဇင်ဘာလရောက်ပြီဆိုရင် ပြီးဆုံးမယ့် ခုနှစ်ကို ကိုယ်စားပြုတဲ့ ခန်းဂျီးစာလုံးတစ်လုံးကို မဲရွေးချယ်ပြီး စာလုံးရေးဆွဲတဲ့ပွဲကို ပြုလုပ်ပါတယ်။ ဒီအကြောင်းကို မနှစ်က ဒီဇင်ဘာလ ကုန်ခါနီးမှာ ရုံးက သူငယ်ချင်းနဲ့ ကျမ စကားစမြည်ပြောဆိုရင်း သိခဲ့ရတာပါ။ ဒါကြောင့် ဒီနှစ်မှာ ပို့စ်အဖြစ် ရေးဖို့အတွက် အင်တာနက်က website တွေမှာ သိချင်တဲ့အချက်တွေကို ရှာဖတ်ခဲ့ရပါတယ်။ နောက်ပြီး အင်္ဂလိပ်လို တိုက်ရိုက်ဘာသာပြန်ထားတာတွေလည်း ဖတ်ကြည့်မိတယ်။ အဲဒီလိုတွေ ဖတ်ကြည့်ရင်းက နောက်ဆုံး ဘယ်လိုမှ နားမလည်တော့တဲ့အခါမှာ ရုံးက အလုပ်အတူတူ လုပ်တဲ့ ဂျပန်ဦးလေးကြီးကို မေးခဲ့ရပါတယ်။ ဒါကြောင့် အခုပို့စ်မှာ ရေးထားတဲ့ အကြောင်းအရာတွေက website တစ်ခုတည်းကို ဖတ်ပြီး တိုက်ရိုက်ဘာသာပြန်ထားတာ မဟုတ်ပါဘူး။ အင်္ဂလိပ် websiteနဲ့ ဂျပန်လို website တွေ ဖတ်ထားတာရယ် အလုပ်ထဲက သူတစ်ချို့ကို မေးပြီး ကျန်တာတွေက ကိုယ်သိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ရေးထားတယ်ဆိုတာ စကားခံပါရစေ။


*****


ဂျပန်မှာ ၁၉၉၅ ခုနှစ်က စပြီး "
今年の漢字" (Kotoshi no kanji) လို့ခေါ်တဲ့ "ဒီနှစ်အတွက် ခန်းဂျီးစာလုံး" ကို နှစ်စဉ် ရွေးချယ်လာတာ ၂၀၀၈ ခုနှစ်က ၁၃ ကြိမ်မြောက်ပါ။ ဒီပွဲကို Japanese Language Proficiency Kanji Society (日本漢字能力検定協会 ) က စီစဉ်ကျင်းပတာပါ။ နှစ်စဉ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အတွင်း အင်တာနက်ကဖြစ်စေ၊ ပို့စ်စကဒ်ပို့ပြီးတော့ ဖြစ်စေ၊ စာတိုက်ကဖြစ်စေ စိတ်ဝင်စားသူတွေက ဒီနှစ်အတွက် ကိုယ်ကြိုက်ရာ ခန်းဂျီး စာလုံးနဲ့ ဘာကြောင့် ဒီခန်းဂျီး စာလုံးကို ရွေးချယ်ရတယ်ဆိုတဲ့ အကြောင်းကိုပါရေးပြီး ပို့ပေးရပါတယ်။ မဲအများဆုံးရတဲ့ ခန်းဂျီးစာလုံးကို Japanese Language Proficiency Kanji Society က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ Kyoto မြို့ Kiyomizu-dera Temple (清水寺) မှာ ကြေငြာပေးပြီး ဘုရားကျောင်းက ဘုန်းကြီးက အဲဒီ ခန်းဂျီးစာလုံး ကို ရေးဆွဲပေးပါတယ်။ ရွေးချယ်လိုက်တဲ့ ခန်းဂျီးစာလုံးက တစ်လုံးထဲ ဖြစ်ပေမယ့် အဲဒီ စာလုံးရဲ့ အဓိပ္ပာယ်ဟာ တစ်နှစ်ပတ်လုံးမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို အခြေခံပြီး လက်ရှိ ပြီးဆုံးတော့မယ့်နှစ်ကို ကိုယ်စားပြု ထင်ဟပ်စေပါတယ်။ ဒါကြောင့် ဂျပန်မှာ နှစ်တစ်နှစ်ကုန်တော့မယ်ဆိုရင် "ဒီနှစ်အတွက် ခန်းဂျီးစာလုံး" က ဘာများဖြစ်မလဲဆိုပြီး လူအနည်းနဲ့ အများဆိုသလို စိတ်ဝင်စားကြတာပါပဲ။


ဒီနှစ်အတွက် ပေးပို့တဲ့ မဲပေါင်း ၁၁၁,၂၀၈ ထဲကမှ မဲ ၆,၀၃၁ နဲ့ ပထမ ရသွားတဲ့ ခန်းဂျီး စာလုံးက မြန်မာလို ဘာသာပြန်ရရင် “ပြောင်းလဲခြင်း”
(Change) ဒါမှမဟုတ် “ထူးဆန်းခြင်း” (Strange) လို့ အဓိပ္ပာယ်ရတဲ့「変」 “ဟန်း” ဆိုတဲ့ ခန်းဂျီးစာလုံးပါ။


ဘာကြောင့် ဒီစာလုံးကို ရွေးချယ်လိုက်ရတာလဲ ဆိုတဲ့ အကြောင်းကတော့ website တစ်ခုနဲ့တစ်ခု မှာပြောထားတာခြင်း မတူပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် တူညီတာက နံပါတ် ၁ အချက် အနေနဲ့ တကမ္ဘာလုံး လူသိများတဲ့ အမေရိကန်ရဲ့ သမ္မတသစ်ရွေးချယ်ပွဲမှာ အိုဘာမား (Barack Obama) ဟာ မဲဆွယ်ပွဲတောက်လျှောက် "Change" ဆိုတဲ့ စာလုံးကို Slogan အနေနဲ့ အသုံးပြုပြီး လက်ရှိသမ္မတသစ် ရာထူးကို အရယူနိုင်ခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျပန်လူမျိုးတွေအပေါ်မှာ အမေရိကန်ရဲ့ အရေးဟာ လွှမ်းမိုးမှုရှိတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။


နံပါတ် ၂ အချက်ကတော့ ဒီနှစ်ပိုင်းအတွင်းမှာ ဂျပန်စီးပွားရေးလောကမှာသာ မကပဲ ကမ္ဘာ့စီးပွားရေးမှာ စတော့ရှယ်ရာဈေး အတက်အကျ အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယန်းငွေ တန်ဖိုးဟာ အတော်လေးမြင့်မားလာပြီး အမေရိကန်ဒေါ်လာဈေးကတော့ ဒီနှစ်အတွင်းမှာ ဆိုးဆိုးရွားရွားကျဆင်းခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေကဆို တစ်ဒေါ်လာကို ယန်း တစ်ရာကျော်အထက်မှာရှိနေရာကနေ အခုဆို တစ်ဒေါ်လာကို ယန်း ၉၀ ၀န်းကျင်နားမှာပဲ ကစားနေတယ်။ စီးပွားရေး အပြောင်းအလဲတွေကြောင့် ဂျပန်မှာသာမက တခြားနိုင်ငံတွေမှာပါ အဲဒီဂယက်က အခုထိ ရိုက်ခတ်နေတုန်းပါပဲ။


နောက် နံပါတ် ၃ အချက် အနေနဲ့က ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ဂျပန်ရဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး နှစ်အစမှာ တရုတ်ပြည်ကနေ တင်သွင်းတဲ့ ရယ်ဒီမိတ် ဖက်ထုပ်ထဲမှာ ပိုးသတ်ဆေးတွေ့ရာကနေ ဇာတ်လမ်းစခဲ့တယ်ဆိုရမှာပါပဲ။ နောက်ပြီး စားသုံးလို့ မသင့်တော်တဲ့ တခြားပြည်ပနိုင်ငံတွေက တင်သွင်းလာတဲ့ ဆန်တွေကို စက်မှုလုပ်ငန်း (industrial) လုပ်ကိုင်သူတွေကို ထုတ်ရောင်းရမယ့် အစား အရက်၊ မုန့်အစရှိတဲ့ ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်တဲ့ သူတွေကို ထုတ်ရောင်းထားတာကို အခုနှစ်မှာမှ ဖော်ထုတ် စစ်ဆေးတွေ့ရှိခဲ့တယ်။ ဒီအချက်ဟာလည်း ဂျပန်ပြည်လို တိုင်းပြည် အနေနဲ့ ကြည့်မယ်ဆိုရင် အင်မတန် ဆိုးရွားတဲ့ အဖြစ်အပျက်ပါပဲ။ ပြီးတော့ တရုတ်ပြည်က တင်သွင်းလာတဲ့ မယ်လမင်း ပါတဲ့ နို့မှုန့်ကို သုံးပြီး ဂျပန်ပြည်တွင်းက စားသောက်ကုန်ပစ္စည်းတချို့မှာ ပြန်အသုံးပြုတာတွေ ရှိလာတယ်။ ဒီလို အဖြစ်အပျက်တွေအပေါ် နမူနာယူပြီး ဂျပန်လူမျိုးတွေဟာ စားသောက်ကုန်ပစ္စည်း ၀ယ်ယူရာမှာ အရင်တုန်းကလို ပေါ့ပေါ့တန်တန် သဘောမထားပဲ Food Security အနေနဲ့ သတိထားဆင်ခြင်ရမယ်ဆိုတဲ့ အတွေး စိတ်ကူးတွေ ပြောင်းလဲလာကြတယ်လို့လည်း ဆိုပါတယ်။


နံပါတ် ၄ အချက်ကတော့ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အပြောင်းအလဲပါပဲ။ ၂၀၀၇ ခုနှစ်မှာ ရှင်ဇိုအဘဲ (Shinzō Abe) က ၀န်ကြီးချုပ်နေရာ ရလာပြီး သိပ်မကြာခင်မှာပဲ ရာထူးက နှုတ်ထွက်သွားတယ်။ အဲဒီနောက် ဖုကုဒါ (Yasuo Fukuda) ဟာ ၂၀၀၇ ခုနှစ် အကုန်မှာ ၀န်ကြီးချုပ် ရာထူးလွှဲပြောင်းယူပြီး တစ်နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ လက်ရှိဝန်ကြီးချုပ် တရိုအစို (Taro Aso) ကို လွှဲပြောင်းပေးလိုက်ပါတယ်။


နောက်ဆုံး အချက်အနေနဲ့ ပြောရမယ်ဆိုရင် ပြီးခဲတဲ့လက ဂျပန်လူမျိုးသိပ္ပံပညာရှင်တွေ နိုဘယ်ဆုရတာရယ် ပေကျင်းကမ္ဘာ့အိုလံပစ်မှာ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်တာကို ကြည့်ပြီး ဂျပန်ပြည်ရဲ့ အနာဂတ်မှာ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြတယ်။


ဒုတိယ အများဆုံး မဲရတဲ့ စာလုံးက ရွှေ
 (Gold - ) လို့ အဓိပ္ပာယ်ရတဲ့ စာလုံးဖြစ်ပြီး ပေကျင်းအိုလံပစ်မှာ ဂျပန်က ရွှေတံဆိပ်ဆုရခဲ့တာတွေကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ တတိယစာလုံးက စတော့ရှယ်ရာဈေးတွေ ကျဆင်းတာကြောင့် တချို့လူတွေကလည်း ကျဆင်းခြင်း (Fall/Drop - ) လို့ အဓိပ္ပာယ်ရှိတဲ့ စာလုံးတွေ ရွေးချယ်ခဲ့ပါတယ်။


၁၉၉၅ ခုနှစ်ကစပြီး ရွေးလာခဲ့တဲ့ ခန်းဂျီးစာလုံးတွေပြန်ကြည့်မယ်ဆိုရင် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာကြောင့် ဒီစာလုံးကို ရွေးချယ်ရတယ်ဆိုတဲ့ အကြောင်းပြချက်တွေကလည်း သူ့ခေတ် သူ့အခါအရတော့ သင့်လျော်နေတာ တွေ့ရပြီး အနည်းဆုံးတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဂျပန်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အချို့ကို အကြမ်းအားဖြင့် သိရှိနိုင်ပါတယ်။


*****


အရာရာဟာ ပြောင်းလဲနေတာ အချိန်စက္ကန့်အမျှပါပဲ။ နောင်လာမယ့် ၂၀၀၉ ခုနှစ်မှာ ဂျပန်ပြည်တွင်းမှာ ဘာတွေ ဖြစ်လာမယ်၊ ကမ္ဘာ့အရေးမှာ ဘာတွေဖြစ်မယ်လို့ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် လာမယ့် ၂၀၀၉ ခုနှစ် နှစ်ကုန်ခါနီးမှာ ရွေးချယ်မယ့် စာလုံးဟာ ကောင်းသော အဓိပ္ပာယ်ဆောင်တဲ့ ခန်းဂျီး စာလုံးဖြစ်ပါစေလို့ နှစ်သစ်အတွက် ဆုတောင်းလိုက်ရပါတယ်။


ဒီဇင်ဘာ ၂၇၊ ၂၀၀၈။

Ref:
http://japanvisitor.blogspot.com/2008/12/kanji-character-for-2009-change.html

http://www.japanprobe.com/?p=7772
http://en.wikipedia.org/wiki/Kanji_of_the_year
http://sankei.jp.msn.com/life/trend/081212/trd0812121830010-n1.htm

December 22, 2008

Flower Arrangement - Dec 9, 2008



ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက Christmas Candle (クリスマス キャンドル アレンジメント(生花)) လို့ခေါ်တဲ့ ပန်းအိုးလေး လုပ်ဖြစ်ခဲ့ပါတယ်။ Christmas ကလည်း နီးနေပြီဆိုတော့ ပန်းအိုးပြင်ချင်တယ်ဆိုရင် အလွယ်တကူ ပြင်လို့ရအောင် Blog ပေါ်တင်ပေးလိုက်ပါတယ်။


*****

Christmas Candle ပန်းအိုးအတွက် သုံးတဲ့ ပန်းအရောင်တွေက အဖြူရောင်၊ အ၀ါဖျော့ဖျော့နဲ့ အစိမ်းရောင်တွေ သုံးထားတာ များပါတယ်။ အခုတစ်ခေါက်မှာတော့ ဆရာမက ပန်းနာမည်တွေကို မပြောပြပါဘူး။ ဒါကြောင့် ကျမလည်း သိသလောက်ပဲရေးပေးလိုက်ပါတယ်။ နှင်းဆီပန်းအ၀ါရောင် ဖျော့ဖျော့ ၃ ပွင့်ရယ်၊ ကြားထဲမှာ ညှပ်ပြီး ထိုးရတဲ့ ထင်းရှုးပင်မျိုးနွယ် ကျောက်ခက်တွေရယ် ပြီးတော့ ပန်းအဖြူအခက်လေးတွေရယ်ပါ။ အဲဒီ ပန်းအဖြူခက်တွေက ရုတ်တရက် ကြည့်လိုက်ရင် စပယ်ပန်းအဆုပ်လိုက် ပွင့်နေတာနဲ့ တူပြီး အနံ့လည်း သင်းပါတယ်။ အခုတလောရုံးသွားတော့ အဲဒီလိုပန်းမျိုးတွေ အိမ်နားက ပန်းခြံမှာ စိုက်ထားတာ မြင်မိသေးတယ်။ နောက်ပြီး ဂန္ဓမာပန်းအဖြူလေးတွေလည်း ပါတယ်။ ကျန်တဲ့ ပစ္စည်းတွေကတော့ ပန်းအိုး၊ အလှဖယောင်းတိုင် ၁ တိုင် နဲ့ ပန်းထိုးစိုက်ဖို့ ဖော့တုံးတို့ လိုအပ်ပါတယ်။





ဒီတခါ ပန်းအိုးပြင်တာက လွယ်ပါတယ်။ စစချင်း ပန်းတွေကို ဖြတ်တဲ့အခါမှာ အရှည်ကြီး မဖြတ်ပဲ ၂ လက်မသာသာလောက်ပဲ မှန်းပြီး ဖြတ်ပါတယ်။ နောက် ပန်းအိုးထဲကို ဖော့တုံးရေဆွတ်ပြီးသား ထည့်ပါတယ်။ ပြီးရင် အလယ်တည့်တည့်မှာ ဖယောင်းတိုင် စိုက်ပြီး စောစောက ဖြတ်ထားတဲ့ ပန်းအဖြူခက်တွေကို ဖော့တုံးဘေးပတ်လည်မှာ လိုက်ထိုးပြီး နှင်းဆီပန်း ၃ ပွင့်ကို ဖယောင်းတိုင်ဘေးနားမှာ သင့်သလို ထိုးစိုက်ပါတယ်။ နှင်းဆီပန်းနဲ့ ပန်းအဖြူတွေ နေရာချပြီးပြီဆိုမှ ကျန်တဲ့နေရာလွတ်တွေမှာ ကျောက်ခက်အစိမ်းတွေကို လိုက်ဖြည့်ပြီး ထိုးလိုက်တာပါပဲ။ ကျမထိုးခဲ့တဲ့ ပန်းအိုးက ထမင်းစားပွဲအပုလေးပေါ် တင်ဖို့ ရည်ရွယ်ပြီး ထိုးတာဆိုတော့ အပေါ်က စီးကြည့်ရင် လှမယ်ထင်သလို ပြင်လိုက်တာပါ။ တချို့အမြင့်မှာ တင်ထားချင်တဲ့သူတွေက ဘေးဘက်ကနေ ကြည့်ရင် လှသလို ပြင်ယူကြပါတယ်။ ဆရာမထိုးထားတဲ့ ပန်းအိုးလေးက ပိုလှလို့ ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။ အပေါ်ဆုံးမှာ တင်ထားတဲ့ ပန်းအိုးက ဆရာမ လက်ရာပါ။





ဒီဇင်ဘာလ ၉ ရက်နေ့က ပြင်ခဲ့တဲ့ ပန်းအိုးလေးကို ထမင်းစားပွဲပေါ် တင်ထားပြီး ၂ ရက်ခြားတစ်ခါ ရေနည်းနည်းချင်း လောင်းပေးလာတာ ပန်းတွေ တဖြည်းဖြည်းပွင့်လာပြီး ဒီနေ့မနက်မှ မလှတော့လို့ လွှင့်ပစ်လိုက်ရပါတယ်။




အခုတခါ ပန်းအလှပြင်တာက လွယ်လည်းလွယ်သလို အချိန်ကုန်လည်း သက်သာပါတယ်။ ၀ါသနာပါတယ်ဆိုရင် အခုလို ပန်းအိုးမျိုးလေး စမ်းပြီး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီး အခုလို ပန်းအဖြူ၊ အ၀ါဖျော့ဖျော့ပန်းတွေနဲ့ အစိမ်းရောင်ရင့်ရင့် အရွက်တွေ ရောပြီး ထိုးကြတဲ့ ပုံစံမျိုးကို ဂျပန်မင်္ဂလာဆောင်တစ်ခုသွားတုန်းကလည်း မြင်ခဲ့ရဖူးပါတယ်။ နောက်ကြုံမှပဲ ဓာတ်ပုံတွေ ပြန်ရှာပြီး တင်ပေးပါ့မယ်။ အခုတော့ ပန်းအလှပြင်တုန်းက ရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေပဲ ကြည့်သွားလိုက်တော့နော်။





ဒီဇင်ဘာ ၂၁၊ ၂၀၀၈။

December 11, 2008

Flower Arrangement - Sep 18, 2008

“ပန်းအလှပြင်မယ်” ဆိုတဲ့ Label အောက်မှာ ပို့စ်အသစ် မတင်ဖြစ်တာတောင် ကြာပြီ။ ပြီးခဲ့တဲ့ ၉ လ ပိုင်းတုန်းက လုပ်ခဲ့တဲ့ ပန်းပုံတွေတောင် မတင်ရသေးဘူး။ ဒီလမှာလည်း Christmas အထိမ်းအမှတ်အနေနဲ့ ရုံးမှာ ပန်းအလှပြင်ပွဲ ထပ်လုပ်ဖြစ်ခဲ့တယ်။ အဲဒါဆိုတော့ ၉ လပိုင်းတုန်းက လုပ်ခဲ့တာလေး အရင်တင်ပေးမယ်နော်။ ဒီလမှာ လုပ်ခဲ့တဲ့ ပန်းအိုးလေးကိုတော့ နောက်တစ်ပတ်မှပဲ တင်ပေးတော့မယ်။


၉ လပိုင်းရဲ့ ပန်းအလှပြင်ပွဲက ရုံးအနေနဲ့ ဆိုရင် ၂၇ ကြိမ်မြောက်ပေါ့။ ကျမအတွက်ကတော့ ၅ ကြိမ်မြောက်ပါဝင်ခဲ့တာပါ။ စက်တင်ဘာလ ၁၈ ရက်တုန်းက လုပ်ဖြစ်တဲ့ ပွဲလေးပါ။ Blog မှာတင်ပေးမယ်ဆိုပြီး မတင်ဖြစ်ပဲ ကြာနေတာ။ အဲဒီတုန်းက ပန်းအလှပြင်တာက Back-Bouquet (
バック型ブーケ) လို့ခေါ်တဲ့ လက်ကိုင် ပန်းခြင်းလိုမျိုး လုပ်ခဲ့ကြတာပါ။ ပန်းတွေက အရောင်စုံသလို ပန်းအစိုတွေနဲ့ လုပ်ဖြစ်တာဆိုတော့ တပတ်လောက်ပဲ အထားခံလိုက်တယ်။ ပြီးသိပ်မကြာဘူး ညှိုးပြီး ခြောက်ကုန်တာပဲ။


*****

လက်ကိုင်ပန်းခြင်း လုပ်ဖို့ လိုအပ်တဲ့ ပန်းတွေက အောက်က ဓာတ်ပုံလေးတွေ အတိုင်းပါပဲ။ ပန်းနံမည်တွေကို သိသလောက် အင်္ဂလိပ်နာမည်ရော ဂျပန်နာမည်တွေပါ ထည့်ပေးထားပါတယ်။ မြန်မာလို အတိအကျအခေါ်တော့ ကျမလည်း မသိပါဘူး။ အသေးစိတ်ကြည့်ချင်ရင် ကြည့်လို့ရအောင် အင်တာနက်မှာ ရှာလို့တွေ့သလောက်ကို လင့်ချိတ်ပေးထားပါတယ်။



Daisy - ガーベラ


Rose - SPバラ


Gomphrena globosa - 千日紅 (センニチコウ)


WaxFlower - ワックスフラワー


Sedum - セダム


PepperBerry - ペッパーベリー


Gaultheria shallon - レモンリーフ


ပန်းတွေအပြင် ဖဲကြိုး ၁ ခု၊ ပန်းခြင်း လက်ကိုင်လုပ်ဖို့ သွပ်နန်းကြိုးအထူကို စက္ကူစ ပတ်ထားတဲ့ စက္ကူချောင်း၊ ပန်းတွေ ထိုးစိုက်ဖို့ ရေဆွတ်ထားတဲ့ ဖော့တုံး၊ ဖော့တုံးကို အပေါ်က ထပ်အုပ်ဖို့ သံဇကာအသေးတစ်ခု လိုပါတယ်။

ပထမဆုံးအနေနဲ့ စက္ကူချောင်းကို ဖဲကြိုးနဲ့ လိမ်ပြီး ပတ်ရပါတယ်။ ပတ်တဲ့အခါမှာ စက္ကူချောင်းရဲ့ အစွန်း ၂ ဘက်မှာရှိတဲ့ ဖဲကြိုးစကို ပြုတ်မထွက်အောင် သတိထားပြီး ပတ်ရပါတယ်။ ကျမတုန်းကတော့ ဖဲကြိုးက လိမ်ပြီး အဖုအထစ်တွေ ဖြစ်နေလို့ ခဏခဏ ပြန်ပြန် လုပ်ခဲ့ရသေးတယ်။ ဖဲကြိုးပတ်ပြီးသွားရင် စက္ကူချောင်းကို လက်ကိုင်ကိုင်းအဖြစ် အဆင်ပြေသလို ကိုယ့်စိတ်တိုင်းကျ ကွေးယူပါတယ်။ ဒါဆိုရင် ပန်းခြင်းအတွက် လက်ကိုင် ရပါပြီ။



နောက်တစ်ဆင့်က ပိုက်ဆံအိတ်လို ကိုယ်ထည်လုပ်ရမှာပါ။ အဲဒီလို လုပ်ဖို့အတွက် အရင်ဆုံး ဖော့တုံးကို ရေအကြာကြီး စိမ်ထားပြီးမှ ဖော့တုံးအသားတွေကို လိုသလို လှီးထုတ်ပစ်ပြီး ပုံဖော်ပါတယ်။ ပုံဖော်ပြီးသား ဖော့တုံးကို သံဇကာအပါးစနဲ့ အုပ်ပြီး နန်းကြိုးမျှင်တွေနဲ့ တင်းနေအောင် ချည်ထားပါတယ်။ ပြီးမှ စောစောက လက်ကိုင်လေးနဲ့ ဖော့တုံးနဲ့ တွဲပြီး ချည်လိုက်တော့ ပိုက်ဆံအိတ်ပုံလေး ရလာတာပေါ့။ အဲဒီ အပေါ်ကနေမှ ကိုယ်လိုသလို ပန်းထိုးပြီး ပြင်ယူရတာပါ။

ပန်းတွေ စပြီး မထိုးခင် လက်ကိုင်အိတ်ပုံဖော့တုံး အနောက်ဘက်ကို သစ်ရွက်တွေနဲ့ စီပြီး ဖုံးအုပ်လိုက်ပါတယ်။ ပြီးတော့မှ အလှကိုင်မယ့်ဘက်၊ ဘေး နှစ်ဘက်နဲ့ အပေါ်ဘက်တွေကို ပန်းတွေ စီပြီး ထိုးရတာပါ။ ပန်းထိုးတာကတော့ အဓိက ကြက်သွေးရောင် ဒေစီပန်းတွေကို အဓိက ထားပြီး ဘေးက တခြားပန်းသေးသေးလေးတွေ ၀ိုင်းရံရတာမျိုးပါ။ ပန်းတွေကို နေရာချဖို့နဲ့ သင့်တော်သလို ထိုးစိုက်ဖို့က တစ်ယောက်နဲ့ တစ်ယောက် စိတ်ကူးချင်းမတူပါဘူး။ ကျမ လုပ်ခဲ့တဲ့ လက်ကိုင်ပန်းခြင်းကတော့ အောက်က ဓာတ်ပုံမှာ ပြထားသလိုပါပဲ။














ဒီလို လက်ကိုင်ပန်းခြင်းတွေက မင်္ဂလာဆောင်မှာ သတိုးသမီးတွေ ကိုင်လေ့ရှိတဲ့ Fashion ဆိုပြီး ဆရာမက ရှင်းပြပေးပါတယ်။ ရောင်းတန်းဝင် လက်ကိုင်ပန်းခြင်းတွေကတော့ အရမ်းလည်းလှသလို ဈေးကြီးမှာကလည်း အသေအချာပါပဲ။ ပန်းနဲ့ ဒီဇိုင်းပေါ်မူတည်ပြီး တန်ဖိုးအနည်းအများကွာသွားပါလိမ့်မယ်။ စိတ်ဝင်စားလို့ တခြားသူတွေရော ဘယ်လို လုပ်ထားသလဲဆိုတာ သိချင်တယ်ဆိုရင် Google images မှာ バック型ブーケ ဆိုတဲ့ Keyword နဲ့ ရှာရင် ပုံတွေ အများကြီး တွေ့ရမှာပါ။


ဒီဇင်ဘာ ၁၂၊ ၂၀၀၈။