September 30, 2009

မြန်မာ ပိုက်ဆံ

ဂျပန်မှာ ငွေစက္ကူ အနေနဲ့ဆိုရင် ၁၀၀၀ တန်၊ ၂၀၀၀ တန်၊ ၅၀၀၀ တန် နဲ့ ၁ သောင်းတန်တွေ သုံးပါတယ်။ ၂၀၀၀ တန်ကတော့ အရမ်းရှားတယ်။ ဈေးဆိုင်တွေက ပြန်အမ်းတာပဲဖြစ်ဖြစ်၊ စက်တွေက ပြန်အမ်းရင်ပဲဖြစ်ဖြစ် အသစ်ချပ်ချွတ်မဟုတ်တောင် ခပ်လတ်လတ်တွေချည်းပါပဲ။ ဂျပန်လူမျိုးတွေကတော့ မင်္ဂလာဆောင် လက်ဖွဲ့ပေးတာတို့၊ မွေးနေ့လက်ဆောင်ပေးတာ စတဲ့ မင်္ဂလာရှိတဲ့ ကိစ္စတွေအတွက် သုံးမယ့် ပိုက်ဆံကိုတော့ အသစ်ချပ်ချွတ်ပဲသုံးလေ့ရှိကြတယ်။ အဲဒီပိုက်ဆံအသစ်ကို ဘဏ်မှာဖြစ်ဖြစ်၊ စာတိုက်မှာဖြစ်ဖြစ် တမင်ကို သွားလဲယူပြီးမှ လက်ဆောင်ပေးမယ့် စာအိတ်ထဲ ထည့်ပြီး ပေးတတ်ပါတယ်။


*****


ကျမမှာ ငယ်ငယ်ကတည်းက ပိုက်ဆံအသစ်လေးတွေဆိုရင် နှမျောလို့ မသုံးရက်ပဲ သိမ်းထားတတ်တဲ့ အကျင့်ရှိတယ်။ ချက်ချင်းမသုံးဖြစ်ပဲ သိမ်းထားတတ်တာ။ မသုံးတာလည်း မဟုတ်ဘူး။ အဟောင်းတွေ အရင်ဆုံး သုံးလို့ ကုန်မှ ပိုက်ဆံအသစ် ထုတ်သုံးတာ။ အဲဒီအကျင့်က ကျောင်းပြီးလို့ အလုပ် လုပ်တဲ့ အချိန်ထိပဲ ဆိုပါတော့။


မူလတန်းတုန်းကဆို မုန့်ဖိုးက ငါးမူး ၊ ၁ ကျပ်တန် ရတဲ့ အချိန်ကိုး။ တရုတ်နှစ်သစ်ကူးမှ အန်ပေါင်းအနေနဲ့ ၁၀၊ ၁၂ ကျပ် ရတတ်တာ။ နှစ်ကူးအတွက် အန်ပေါင်းရပြီဆိုရင်တော့ ၁၀ တန် အသစ်လေးတွေ ၅ ကျပ်တန်အသစ်လေးတွေ ရလေ့ရှိပါတယ်။ အဲဒီတုန်းက ဇီးထုပ် ၁ ထုပ်မှ ၁၀ ပြား တမတ်ခေတ်ဆိုတော့ ၅ ကျပ်တန်လောက် လက်ထဲရှိရင်ကိုပဲ သုံးမကုန်တော့ဘူးလို့ ထင်နေခဲ့ဖူးတာပေါ့။ တခါတလေ အမေက သူလိုချင်တာလေးတွေ အိမ်နားက ဈေးဆိုင်မှာ သွားဝယ်ခိုင်းလို့ ဆိုင်က ပြန်အမ်းတဲ့ ကျပ်တန်က စုတ်နေတာကို ယူခဲ့ရင် အဆူခံရတတ်သေးတယ်။ “ကိုယ်ပြန်ပေးတဲ့အခါ ဘယ်သူမှ ယူမှာမဟုတ်ဘူး၊ ပိုက်ဆံကို စစ်ပြီး မယူရကောင်းလား” ဆိုပြီး ဆူတာ။ ကိုယ်တွေကလည်း ငယ်တော့ နားမလည်ဘူးလေ။ ဆိုင်က ပေးရင် ပေးတဲ့အတိုင်းပဲ ယူခဲ့လိုက်တာပဲ။ အမေ ဆူတော့မှ “ပိုက်ဆံစုတ်ပြဲနေရင် မယူရဘူး၊ ဆိုင်ရှင်ကို ပြန်လဲခိုင်းရတယ်၊ သူများဆီက ပိုက်ဆံကို စစ်ပြီး ယူရတယ်” ဆိုတာ နားလည်လာခဲ့တယ်။


*****


ကျမတို့ ရန်ကုန် ပြန်ရောက်တဲ့ ညနေမှာ အိမ်နားက ကြေးအိုးဆိုင် မှာ ကြေးအိုး သွားစားဖြစ်ခဲ့တယ်။ ကျမက ကြေးအိုး အရည်နဲ့ အမျိုးသားက ကြေးအိုးဆီချက် ကို ၀က်သားနဲ့ မှာစားခဲ့တာပါ။ တပွဲကို ၂၃၀၀ ကျပ် ပေးခဲ့ရပါတယ် (ဧပြီလတုန်းက ဈေးနှုန်းပါ)။ ပိုက်ဆံရှင်းတော့ အမျိုးသားက သူသိမ်းထားတဲ့ ထောင်တန် အသစ်လေးတွေ ပေးလိုက်ပါတယ်။ ဆိုင်က အမျိုးသမီးက ၂၀၀ တန်နဲ့ ၁၀၀ တန်တွေ ပြန်အမ်းပါတယ်။ ပိုက်ဆံတွေက အရမ်းစုတ်နေလို့ အမျိုးသားက ပြန်လဲပေးဖို့ ပြောတော့ သူတို့က လှောင်သလိုလိုနဲ့ ရီကြတယ်။ ကျမတို့လည်း အူကြောင်ကြောင်တော့ ဖြစ်သွားတာပေါ့။ ပြီးတော့ ဆိုင်ရှင် အမျိုးသမီးက ပြောလိုက်သေးတယ် “ပိုက်ဆံအားလုံးက ဒီအတိုင်းချည်းပဲ။ လဲခိုင်းလည်း အသစ်ရမှာ မဟုတ်ဘူး” လို့ပြောပါတယ်။ အဲဒီနောက်ပိုင်း ဈေးသည်တွေ ကားသမားတွေဆီက ပြန်အမ်းတဲ့ ပိုက်ဆံကို သတိထားကြည့်မိတယ်။ ဟုတ်ပါတယ် ၊ တော်တော်များများ ပိုက်ဆံတွေက ဟောင်းနွမ်း စုတ်ပြဲနေပြီး တချို့ဆို ပြဲနေတာကို tape တွေနဲ့ ကပ်ပြီး ပြန်သုံးနေကြတယ်။ ၅၀ တန်၊ ၂၀ တန်၊ ၁၀ တန်၊ ၅ ကျပ်တန်တွေဆို မတွေ့မိသလောက်ပဲ။ အစုတ်ပေးရင် အရင်လို ဘာမှ ပြန်မပြောတော့ပဲ ဒီအတိုင်းပဲ ယူလိုက်ကြတယ်။ ပိုက်ဆံကြီး စုတ်နေတယ် ပြန်လဲပေးပါ ဘာညာဆိုပြီး ပြောသံဆိုသံ မကြားရတော့ဘူး။ ကားသမားတစ်ယောက်ကတော့ “အစုတ်ပေးတာ မထူးဆန်းတော့ဘူး၊ အသစ်ပေးရင်တောင် အတုလားဆိုပြီး သံသယ ၀င်နေဦးမယ်” ဆိုပြီး ပြောလို့ ရီရသေးတယ်။ ရန်ကုန်မပြန်ဖြစ်တဲ့ ၂ နှစ်ကျော် ၃ နှစ်အတွင်း ပိုက်ဆံတွေ ဒီလိုဖြစ်သွားတာကို အံ့သြမိတယ်။


*****


ရန်ကုန်က ပြန်လာခါနီးတော့ ပိုက်ဆံ အစုတ်အပြဲ၊ ဖာထေး၊ ဖြတ်ဆက် ၊ အဟောင်းနွမ်းလေးတွေကို အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ ကျမလည်း အင်တာနက်မှာ ပိုက်ဆံပုံတွေ တွေ့ရင် စုထားဦးမယ်။ နောက်မျိုးဆက်သစ်တွေကို ပြလို့ရအောင်လို့ပါ။ အဲဒီအချိန်လောက်ဆိုရင်လည်း မြန်မာပြည်မှာ ဂျပန်နဲ့ အပြိုင် ၁ သောင်းတန် တွေ ၂ သောင်းတန်တွေများ ကိုင်နေကြဦးမလားပဲ၊ မကြာခင် ၅၀၀၀ တန်တောင် ထွက်လာဦးမှာဆိုတော့လေ။







အောက်တိုဘာ ၁၊ ၂၀၀၉

September 27, 2009

ရန်ကုန် ခရီးစဉ်

၂၀၀၇ ခုနှစ် ဇန်န၀ါရီ မှာ ကျမတို့ မြန်မာပြည်ကနေ ဂျပန်ကို ထွက်လာခဲ့တယ်။ တစ်နှစ်တစ်ခါလောက် မြန်မာပြည်ပြန်လည်ချင်ပေမယ့် လေယာဉ်စရိတ် ဈေးကြီးတာရော၊ ရုံးက ခွင့်ယူဖို့ ဘာညာတွေ တွက်ချက်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလကမှ မြန်မာပြည်ပြန်လည်ဖြစ်ခဲ့တယ်။ ကြားထဲ မပြန်ဖြစ်တာ ၂ နှစ်ကျော်ပေါ့။ ဒီတစ်ခေါက်ပြန်ဖို့အတွက် ရုံးကခွင့်တွေကို တတ်နိုင်သလောက် ချွေတာ၊ ငွေလည်း တတ်နိုင်သလောက် စုဆောင်းပြီး မတ်လလောက်ကတည်းက ပြန်ဖို့ အစီအစဉ်တွေ စခဲ့ရတယ်။


*****


မြန်မာပြည်ပြန်မယ်ဆို ထုံးစံအတိုင်း မြန်မာသံရုံးကို အခွန်အခတွေ ပေးဆောင်ရပါတယ်။ ၁ လ ယန်း ၁ သောင်း အပြင် တခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေ နဲ့ Passport သက်တမ်းတိုးတာတွေ အတွက်ပါ ပိုက်ဆံအပို လေးတွေ ထပ်ဆောင်းပြီး ပေးခဲ့ရတာပေါ့။ ၂ နှစ်စာဆိုတော့ စိတ်ထဲကပဲ တွက်ကြည့် လိုက်ပါတော့နော်။ ကိန်းဂဏန်းတွေကို ရေးပြနေရင် ရင်ထဲ မချိလွန်းလို့ပါ။ မြန်မာပြည်သံရုံးကိစ္စ ပြီးပြန်တော့ ဂျပန်ဘက်မှာ ထပ်ပြီး visa သက်တမ်းတိုး၊ multiple entry ပြန်လျှောက်နဲ့ အလုပ်တစ်ခါ ထပ်ရှုတ်ရတယ်။ ဒီမှာ visa သက်တမ်းတိုးတာက ၁ ပတ်ကျော်ကျော်လောက်ပဲ ကြာတယ်။ visa သက်တမ်းတိုးခ အတွက် ယန်း ၄၀၀၀၊ multiple entry အတွက် ယန်း ၆၀၀၀ ပေးလိုက်ရတယ်။ ဒီဘက်မှာ ပေးရတာတော့ အဲဒီလောက်ပါပဲ။ အခွန်တွေက လစဉ်ဖြတ်တောက်ပြီးသားဆိုတော့ မြန်မာသံရုံးလို တစ်လုံးတည်း တခဲတည်း ပေးစရာမလိုဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံး အဆင်သင့် ဖြစ်ပြီဆိုမှ လေယာဉ်လက်မှတ်ကို စ စီစဉ် ရတယ်။


လေယာဉ်လက်မှတ်က ၁ လ ခွဲလောက် ကြိုပြီး ၀ယ်တာတောင် ကိုယ်လိုချင်တဲ့ ရက်အတိုင်း အတိအကျ မရခဲ့ဘူး။ လက်မှတ်က တစ်ယောက်ကို ယန်း ၈ သောင်း ပေးရပြီး လေယာဉ်ဆီ၊ အခွန်တွေ ထပ်ပေါင်းလိုက်တော့ အသွားအပြန်ကို ယန်း ၁၀ သောင်းစွန်းစွန်း ပေးလိုက်ရတယ်ပေါ့။ ၂ ယောက်ဆိုတော့ လေယာဉ်လက်မှတ်တင် ဒေါ်လာ ၂၀၀၀ နီးပါး တခါတည်းပြုတ်ပါတယ်။ ခရီးသွား Agent ကနေ ၀ယ်တာမို့ သူတို့ကိုတော့ အကျိုးဆောင်ခ ယန်း ၃၀၀၀ အပိုဆောင်း ပေးလိုက်ရတယ်။ ကျမတို့ပြန်ချိန်က ဂျပန်ရဲ့ ပိတ်ရက်ရှည် (Golden Week) နားနီးနေတာကြောင့်လည်း လေယာဉ်လက်မှတ် ယန်း ၈ သောင်း ပေးရတာပါ။ ခရီးသွားနည်းတဲ့ အချိန်တွေ ဆိုရင်တော့ ဈေးပိုသက်သာပါတယ်။ ကျမတို့က သင်္ကြန်အပြီးလောက် ပြန်တာဆိုတော့ Osaka ကနေ Bangkok ကို လေယာဉ်လက်မှတ် သိပ်မခက်ပေမယ့် Bangkok ကနေ ရန်ကုန်ကို လက်မှတ်ရဖို့ ခက်တယ်။


လေယာဉ်လက်မှတ်ဝယ်ပြီးတော့မှ ၂ ဘက်ဆွေမျိုးတွေအတွက် လက်ဆောင် ၀ယ်ဖို့ပြင်ဆင်ရတယ်။ နောက်ပြီး ပြန်ဖို့ အထုတ်အပိုးပြင်ဆင်ရင်း အိမ်မှာလည်း သိမ်းစရာရှိတာ သိမ်းဆည်းခဲ့ရသေးတယ်။ အဲဒီလိုနဲ့ Osaka ကနေ ဧပြီလ ၂၂ ရက် ည သန်းခေါင် ၁၂ နာရီကျော် လေယာဉ် စထွက်ပြီး ဘန်ကောက်အထိကို ၅ နာရီ ခွဲလောက် စီးရတယ်။ လေယာဉ်ပေါ်မှာ Breakfast ဆိုပြီး မနက် ၂ နာရီလောက် အိပ်ယာက အတင်း နိုးကျွေးလို့ စိတ်တိုမိတာက လွဲရင် ကျန်တာ အားလုံး အဆင်ပြေပါတယ်။ Bangkok ကို မနက် ၄ နာရီ လောက်ရောက်ပါတယ်။ ဘန်ကောက်အချိန် မနက် ၇ နာရီမှာ ရန်ကုန်ကိုပြန်မယ့် လေယာဉ် ဆက်စီးဖြစ်ခဲ့တယ်။ အိမ်ပြန်ချင်နေတဲ့ ဇောတွေကြောင့် ပင်ပန်းတယ်လို့တော့ မထင်မိဘူး။ သိပ်မကြာခင် ရန်ကုန်ရောက်တော့မှာဆိုပြီး ပျော်တာလည်း ပါတာပေါ့လေ။ ဧပြီ ၂၂ ရက် မနက် ၈း၄၅ မှာ ရန်ကုန်လေဆိပ်ကို ပြန်ရောက်ခဲ့ပါတယ်။


*****


ကျမတို့ ရန်ကုန်က ထွက်လာတော့ လေဆိပ်အဆောက်အဦးအသစ်က ဆောက်လက်စ ကြီးပါ။ အခုပြန်ရောက်တော့ ဆောက်ပြီးသွားတဲ့ လေဆိပ်အသစ်ကြီးက ဆီးကြိုနေပါတယ်။ ရောက်ရောက်ချင်း အဆောက်အဦးအသစ်ကြီးကို မြင်ရတော့ စိတ်ထဲ အမြင်ဆန်းနေသလိုပဲ။ ဘယ်က ဘယ်လို သွားရမှန်းမသိလို့ သူများတွေ သွားတဲ့နောက် ရောယောင်ပြီး ခပ်သွက်သွက် လိုက်သွားလိုက်ရတယ်။ ပြီးတော့ immigration မှာ ၀င်တန်းစီရတာပေါ့။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီး ယူလာခဲ့ပေမယ့် immigration နဲ့ custom ကိုတော့ အပေးအကမ်းလေးတွေနဲ့ ထုံးစံအတိုင်း ကျော်ဖြတ်ခဲ့ရတယ်။ စနစ်တွေကတော့ အရင်အတိုင်းပါပဲ ဘာမှ မပြောင်းဘူး။ ၈း၄၅ မှာ ထိုင်းလေယာဉ်ဆိုက်ပြီး immigration မှာ ကျမတို့ စောင့်နေရတုန်းရှိသေးတယ် နောက်ထပ် ၉း၀၀ မှာ MAI စင်ကာပူလေယာဉ်ထပ်ဆိုက်တော့ လူတွေ တန်းစီနေတာ immigration ရော baggage claim လုပ်တဲ့နေရာမှာရော ကျိတ်ကျိတ်တိုးပဲ။ ၁ နာရီနီးပါး စောင့်လိုက်ရပြီးတော့မှ ကျမတို့ရဲ့ ပစ္စည်းထုပ်တွေ ထွက်လာပါတယ်။ အဲဒီတော့မှ ကိုယ့်အထုပ်ကိုယ်ဆွဲလို့ Taxi ငှားပြီး လေဆိပ်ကြီးထဲကနေ ခပ်သွက်သွက် ပဲ ထွက်လာခဲ့တော့တယ်။ မိသားစုက စောင့်နေမှာဆိုတော့ အိမ်အမြန် ပြန်ရောက်ချင်ပြီလေ။


စက်တင်ဘာ ၂၈၊ ၂၀၀၉

September 26, 2009

I'm back

Blog မှာ စာမရေးဖြစ်တာ အတော်ကြာနေပြီ။ သိပ်မကြာသေးပါဘူးနော် ၅ လ လောက်ပါပဲ။ Blog မရေးဖြစ်တော့ ဘာတွေ လုပ်နေလဲ ဘာတွေ ဖြစ်နေလဲလို့ ထင်ကြမှာပဲ။ ဒီ ၅ လ အတွင်း ဘာမှ ထူးထူးခြားခြားလည်း မလုပ်ဖြစ်ပါဘူး။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ရုံးအလုပ်ရယ်၊ အိမ်အလုပ်ရယ်နဲ့ တနေ့ တနေ့ လုံးလည်လိုက်နေတာပါပဲ။ Blog မရေးဖြစ်တော့ အချိန်ပိုတွေ ထွက်လာတာ အမှန်ပဲ။ ရန်ကုန်က သယ်လာတဲ့ ၀တ္ထုစာအုပ်တွေ ဖတ်လိုက်၊ မြန်မာ ရုပ်ရှင်၊ ဗွီဒီယိုကားတွေ ကြည့်လိုက်နဲ့ ဇိမ်ကို ကျနေတာပဲ။ ပြီးတော့ ကိုယ်စားချင်တဲ့ ဟင်းချက်နည်းကို Blog တွေမှာ ရှာဖတ်ရင်း စမ်းချက်ကြည့်ဖြစ်တယ်။ ဂိမ်းသေးသေးလေးတွေ ဆော့တယ်။ သီချင်းနားထောင်တယ်။ တခါတလေလည်း ဟိုနား ဒီနားလျှောက်လည်ပြီး ဈေးဝယ်ထွက်တာမျိုး လုပ်တယ်။ စနေနေ့မှာ ဂျပန်ကျောင်းလည်း မတက်ဖြစ်တော့ ပိတ်ရက်ဆို အိမ်ထဲမှာပဲ အနေများပြီး အိမ်အလုပ်နဲ့ ကိုယ်လုပ်ချင်တာလေးတွေ လုပ်လိုက်၊ စားချင်တာ လုပ်စားလိုက်နဲ့ ၅ လဆိုတဲ့ အချိန်က ခဏလေးလိုပဲ။ Blog မရေးတော့ အိမ်က Editor ကြီးလည်း အချိန်တွေ ပိုပြီး ဂိမ်းပိုဆော့ရတာပေါ့။ သူကတော့ ကျိတ်ပြီး ၀မ်းသာနေမှာ။


စာ မရေးချင်လို့သာ မရေးဖြစ်တာ Blog ပိတ်ဖို့တော့ စိတ်မကူးပါဘူး။ ဒါကြောင့်သူငယ်ချင်းတွေ လာအော်လည်း မျက်နှာပူပူနဲ့ငြိမ်နေတာပေါ့။ Blog မရေးဖြစ်ပေမယ့် Blog တွေတော့ အားရင် အားသလို လည်ဖြစ်ပါတယ်။ Comment မရေးမိတာလည်းရှိတယ်။ ရေးခဲ့တာလည်းရှိတယ်။ ကိုယ်ဖတ်နေကျ Blog List မှာ အသစ်တင်တဲ့ Blog တိုင်းကိုတော့ ပုံမှန်ဖတ်ဖြစ်တယ်။ တခြား စိတ်ဝင်စားစရာ Blog တွေ့ရင် ဖတ်ဖြစ်လိုက်တာပါပဲ။


Blogspot ကို မ၀င်ဖြစ်တာ ကြာတော့ အခု ပို့စ်တင်တာတောင် လူက အူကြောင်ကြောင်နဲ့။ Blog နဲ့ ပတ်သက်ပြီး လုပ်ရမယ့် အကြွေးတွေလည်း ရှိသေးတယ်။ Banner ပြောင်းဖို့ရှိတယ်။ နောက်ပြီး မမတန်ခူး ရေးခိုင်းတဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ် ရေးပေးဖို့ ရှိတယ်။ ရေးခိုင်းတဲ့ အမကတောင် မေ့နေလောက်ပြီ ထင်တယ်။ အရင်ပို့စ်က comment တွေတော့ မပြန်တော့ဘူး။ ကြာပဲ ကြာလှနေပြီဆိုတော့ သူငယ်ချင်းတွေကို အားလည်းနာတယ် ခင်လည်း ခင်တယ်။ Favorite List က ပြင်ပြီးသွားပြီ။ နောက်ရက်တွေမှပဲ စာပြန်ရေးဖြစ်အောင် ကြိုးစားပြီး စာအသစ်တင်ပါ့မယ်လို့....


စက်တင်ဘာ ၂၇၊ ၂၀၀၉