October 18, 2010

သမီးလေး ၉ လပြည့်


သမီးလေးရဲ့ လစဉ် ကိုယ်အလေးချိန်နဲ့ အရပ်ကို ဆွဲထားတဲ့ Graph

မေမေ့သမီးလေးလည်း ဘာလိုလိုနဲ့ ၉ လတောင်ပြည့်သွားပြီနော်။ ပြီးခဲ့တဲ့ ၁၄ ရက်နေ့က ပေါင်ချိန်တော့ သမီးလေးရဲ့ ကိုယ်အလေးချိန်က ၇.၅ ကီလိုနဲ့ အရပ်က ၆၉.၅ စင်တီမီတာဖြစ်လာပြီ။ ၆ လပြည့်ပြီးတဲ့ နောက်ပိုင်းမှာ သမီးရဲ့ တိုးတက်မှုတွေက အရမ်းကို မြန်လာတယ် လို့တောင် ပြောလို့ရတယ်။ အဓိက သမီးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လှုပ်ရှားမှုတွေပါပဲ။ ကိုယ်အလေးချိန်ကတော့ တစ်လကို အကြမ်းအားဖြင့် ၃၀၀ ဂရမ်လောက်ပဲ တက်တယ်လို့ ပြောလို့ရတာပေါ့။ နောက်ပြီး သမီးလေးမှာ အပေါ်သွား ၂ ချောင်းနဲ့ အောက်သွား ၂ ချောင်းလည်း ပေါက်နေပြီ။ သွားပေါက်တော့ သွားဖုံးယားလို့ ဟိုဟာမြင်လည်း ကိုက်ချင် ဒီဟာမြင်လည်းကိုက်ချင်နဲ့လေ။ သွားပေါက်လာတော့ သမီးလေးကို နည်းနည်း မာတဲ့ အစားတွေ ထည့်ကျွေးရင် ၀ါးစားတတ်လာတယ်။

*****

သမီးကို မေမေက ကြမ်းပြင်ပေါ်မှာပဲ ဒီအတိုင်း ပစ်ထားတာ များလို့လား မသိဘူး။ မှောက်တတ်ပြီးတဲ့ နောက်ပိုင်း တွားသွားတာ၊ ထိုင်တာ၊ လေးဘက်ထောက်တာ၊ မတ်တပ်ရပ်တတ်တာတွေကို ဆက်တိုက် ဆိုသလို သမီးလေး လုပ်နိုင်လာတယ်။ စပြီး တွားသွားတတ်တော့ ၆ လကျော်လောက်ကပေါ့။ အစပိုင်းတော့ ဝေးဝေးလံလံ သွားတာ မဟုတ်ပါဘူး။ အိပ်ယာပေါ်တင်ပဲ ခေါင်းရင်းသွားလိုက်၊ ခြေရင်းသွားလိုက်နဲ့ပဲ။ သိပ်မကြာဘူး အိပ်ခန်းနဲ့တွဲတဲ့ မီးဖိုဆောင်ဘက် အထိကို ကူးပြီး သွားတတ်လာတယ်။ နောက် တဖြည်းဖြည်းချင်း အားယူပြီး ထိုင်ဖို့ကြိုးစားတော့တာပဲ။


သမီးလေးအတွက် အမှတ်တရ (၇ လကျော်)

တပတ်ကျော်လောက်ပဲ ကြာပါတယ်။ သမီးလေး ကောင်းကောင်းထိုင်တတ်သွားတယ်။ ၈ လ မပြည့်ခင်မှာ ခုံကို ကိုင်ပြီး မတ်တပ်ရပ်နိုင်နေပြီ။ ထမင်းစားခုံ၊ တီဗွီခုံလိုမျိုး အပြင် မေမေ့ အနောက်ကနေ ထမီကို အားယူ ကိုင်ပြီး မတ်တပ်ရပ်နိုင်လာတယ်။ မတ်တပ်ရပ်လို့ ညောင်းလာရင်လည်း ပြန်ထိုင်ချတတ်တယ်။ အရင်တုန်းကတော့ အဖွားကြီး ပေါက်စလေးလိုပဲ ထိုင်တာ ထတာတွေက တုန်ချိ တုန်ချိနဲ့လေ။ ကောင်းကောင်းလဲ မထိုင်တတ် မထတတ်တဲ့အပြင် ကိုယ့်ကိုကိုယ်လည်း မထိန်းနိုင်တော့ လဲတာလည်း ခဏခဏပေါ့။ အဲဒါဆိုတော့ သမီးလေးမှာ ကြမ်းပြင်နဲ့ ခေါင်း စောင့်မိရတာနဲ့၊ ကြမ်းပြင်နဲ့ နဖူး နဲ့ စောင့်မိရတာနဲ့ ထမင်းစားခုံနဲ့ ခေါင်းကို စောင့်မိရတာနဲ့ စုံနေတာပါပဲ ။

မတ်တပ်ရပ်နိုင်ပြီး ၁၀ ရက်လောက်ကြာတော့မှ လေးဘက် ထောက်တတ်သွားတယ်။ အဲဒီနောက်ပိုင်း သမီးက တစ်နေရာရာကို သွားချင်ပြီဆို သွားချင်တဲ့နေရာကို လေးဘက်ထောက်သွားလိုက်၊ ရောက်ပြီဆို ထိုင်ချလိုက်၊ ပြီးရင် အနားက တစ်ခုခု ကိုင်ရင်း အားယူပြီး မတ်တပ်ရပ်လိုက်နဲ့ အတော်ကို ဟုတ်နေတာပါ။ အခုဆို သမီးလေးဟာ အိမ်ရဲ့ အခန်းတော်တော်များများကို လျှောက်သွားတတ်နေပြီလေ။ တစ်ခန်းလုံး လျှောက်သွားတတ်နေပြီဆိုတော့ မေမေသွားတဲ့နောက်ကို တကောက်ကောက် လေးဘက်ထောက်ပြီး လိုက်တယ်။ မေမေ့ကို မတွေ့ရင် ငိုမဲ့မဲ့မျက်နှာလေးနဲ့ လိုက်ရှာနေတတ်တယ်။ အသံကြားရာဆီ အထိ လိုက်လာပြီး မေမေ့ကို တွေ့သွားပြီ ဆိုရင်တော့ မျက်နှာလေးက ပြုံးပြီး ရီနေတာများ သွားငုတ်တုတ်လေးတွေပါ မြင်ရတယ်။ နောက်ပြီး လှေကားထစ်လိုမျိုး အဆင့်နိမ့်နိမ့်လေးတွေကိုလည်း ကြိုးစားပြီး တက်နိုင်သလို ဆင်းတော့လည်း ဖြေးဖြေးချင်း အားယူပြီး ဆင်းနိုင်နေပြီ။

ဒီရက်ပိုင်းအတွင်း အတတ်ဆန်းလာတာက ထမင်းစားခုံကို သမီးရဲ့ ဗိုက်ကလေးနဲ့ ထောက်ပြီးဖြစ်ဖြစ်၊ တင်ပါးလေးနဲ့ မှီပြီးဖြစ်ဖြစ် မတ်တပ်ရပ်တာလေ။ မေမေတို့ရဲ့ ထမင်းစားခုံလေးကလည်း နိမ့်တာကိုး။ အဲဒါအပြင် ထမင်းစားခုံပေါ်အထိပါ တက်မယ် လုပ်နေလို့ မနည်းပဲ လိုက်ဆွဲနေရတယ်။ ထမင်းစားခုံကို ကိုင်ထားရင်းနဲ့ ခြေလှမ်း နည်းနည်းချင်းစီ လှမ်းပြီး လမ်းလျှောက်ကျင့်နေပြီ။ နောက်ပြီး သမီးလေးက ကိုင်ထားတဲ့ ခုံကို လက်လွတ်ပြီး မတ်တပ်ရပ်တာကို စ ကျင့်နေပြီ။ အကြာကြီးတော့လည်း မရပ်နိုင်သေးပါဘူး။ ဒီပုံစံအတိုင်းဆို သိပ်မကြာခင်မှာ သမီးလေး လမ်းလျှောက်တတ်တော့မယ် လို့ ထင်ရတာပါပဲ။

နောက်တစ်ခုက သမီးရဲ့ လက်လှုပ်ရှားမှုလေးတွေပေါ့။ လက်တွေကို မြှောက်ပြီး ဆော့တယ်။ သမီးရေ "ချိုမိုင်မိုင်" လို့ ပြောလိုက်ရင် လက်ချောင်းလေးတွေကို ဆုပ်လိုက်ဖြန့်လိုက်နဲ့ လုပ်ပြတတ်တယ်။ စိတ်ပါတဲ့နေ့ဆို ပါပါး ရုံးသွားခါနီးရင် "တာတာ့" ပြပြီး နှုတ်ဆက်တတ်တယ်။ အခုတလောတော့ ရွှေလက်ခုပ်ကို တော်တော်သဘောကျနေပုံပဲ။ သဘောကျစရာ ရီစရာ တွေ့မြင်ရရင် လက်ခုပ်ကလေး တီးပြီးကို အားရပါးရ ရီတာလေ။

၈ လကျော်လာတဲ့ နောက်ပိုင်း သမီးက တချို့စကားလုံးတွေကို အသံထွက်တတ်လာတယ်။ သမီးကို မေမေက "ပါပါး" ဆိုပြီး ပြောပြလိုက်ရင် သမီးကပါ "ပါပါး" ဆိုတာကို ပီပီသသ အသံထွက်တတ်နေပြီ။ အဓိပ္ပာယ်တော့ သမီး သိပုံမရပါဘူး။ ဒါကြောင့် ပါပါးက သူ့ကိုယ်သူ လက်နဲ့ ပုတ်ပြီး "ပါပါး" လို့ သင်ပေးနေရတယ်။ နောက်ပြီး "ပါ" တို့ "ဘာ" တို့လို အသံထွက်တွေကို သမီးပါးစပ်ကနေ ရွတ်နေတတ်တယ်။ အိပ်ချင်လို့ပဲဖြစ်ဖြစ် အမေကို မတွေ့လို့ ငိုရင်ပဲဖြစ်ဖြစ် "အမေရေ.. မေမေရေ" လို့ အော်ခေါ်နေသလိုမျိုး ပါးစပ်ကနေ အော်နေတတ်တယ်။ တစ်ခါတလေလည်း သမီးလေး ပါးစပ်က ၀ူးဝူးဝါးဝါးနဲ့ ဘာတွေ ပြောနေမှန်းမသိအောင် စကားတွေ ပြောနေတတ်ပြန်တယ်။ ပြီးတော့ လူကြီးတွေကို ဂျစ်တိုက်ချင်ရင် အသံစူးစူးလေးနဲ့ "အား" ဆိုပြီး ကုန်းအော်တတ်တယ်။

သမီးလေး တွားသွားတတ်လာပြီဆိုကတည်းက သမီးလေး အန်းမက မေမေ့ကို သတိပေးတယ်။ ပစ္စည်းတွေကို အရင်လို လက်လွတ်စပယ် မထားဖို့၊ ဒီအရွယ်ဟာ လူကြီးမမြင်တဲ့ ပစ္စည်းကို ကလေးတွေက အမြင်စူးရှပြီး ပါးစပ်ထဲ နှာခေါင်းထဲ ကောက်ထည့်တတ်တဲ့ အရွယ်ဖြစ်လို့ သမီးလေးကို အရင်ကထက် ပိုဂရုစိုက်ဖို့ ၊ ပိုက်ဆံအကြွေတွေကို သမီးလေး မမြင်အောင် ထားဖို့ သေချာမှာရှာတယ်။ သမီးလေး အန်းမ သတိပေးတဲ့ အတိုင်းပါပဲ။ သမီးက တွေ့သမျှ မြင်သမျှကို ပါးစပ်ထဲ ကောက်ထည့်တယ်။ လျှာနဲ့ လျက်ကြည့်တယ်။ ပြီးရင် တမြုံ့မြုံ့နဲ့ ၀ါးစားနေရော။ စာရွက်တွေ၊ တစ်ရှုးတွေကို သမီးက အရမ်းကြိုက်တယ်။ အဲဒါတွေနဲ့ ဆော့နေရမယ်ဆို အသံမထွက်ပဲကို ငြိမ်ပြီးဆော့တာ။ နောက်ပြီး ပလပ်ခေါင်းတွေ၊ ၀ါယာကြိုးတွေကိုလည်း အထူးအဆန်းအနေနဲ့ စိတ်ဝင်တစား ကိုက်ပြီး ဆော့တတ်တယ်။ ဒါကြောင့် သမီးလေး အရမ်းငြိမ်နေရင်လည်း မေမေ့မှာ သတိထားပြီး ကြည့်ရသေးတယ်။



*****

အခုနောက်ပိုင်း သမီးလေးဟာ အရမ်းစပ်စုချင်လာတယ်။ စူးစမ်းတာတွေလည်း များလာတယ်။ သမီးက ကိုင်ဖူးတဲ့ ပစ္စည်းလား မကိုင်ဖူးသေးတဲ့ ပစ္စည်းလားဆိုတာ ကောင်းကောင်းခွဲခြားတတ်တယ်။ မကိုင်ဖူးသေးတဲ့ ပစ္စည်းဆို သမီးအတွက် အထူးအဆန်းတွေဖြစ်ပြီး နှစ်ရက်လောက်က အဲဒီ ပစ္စည်းလေးနဲ့ အလုပ်ရှုတ်ပြီး ငြိမ်နေတတ်တယ်။ အဲဒါပြီးရင် ရိုးသွားလို့ သိပ်စိတ်မ၀င်စားတော့ဘူး။ သမီးလေး ကိုင်ဖူးတဲ့ ပစ္စည်း ဆိုရင်တော့ တချက်လောက် ကြည့်ပြီး ဖတ်ခနဲဆို ကောက်လွှင့်ပစ်လိုက်တာ။ နောက်ပြီး ခုံပေါ်တင်ထားတဲ့ ပစ္စည်း၊ စင်ပေါ်တင်ထားတဲ့ ပစ္စည်းတွေကိုလည်း လက်လှမ်းမီသမျှ အကုန်အောက်ဆွဲချတယ်လေ။ ဒါကြောင့် မေမေတို့လည်း စာအုပ်၊ စက္ကူနဲ့ သမီးအတွက် အန္တရာယ်ဖြစ်စေနိုင်မယ့် ပစ္စည်းတွေ မှန်သမျှ သမီးလေး မမြင်အောင် ကာထား ဖွက်ထား ရတာပေါ့။

တီဗွီက ကြော်ငြာအစီအစဉ်ကိုလည်း သမီးက ကြိုက်မှ ကြိုက်ပဲ။ ထမင်းစားရင်း ကြော်ငြာလာလို့ကတော့ ဘယ်မှလည်း လှည့်မကြည့်ဘူး။ မေမေ့ကိုလည်း ဂရုမစိုက်ဘူး။ မျက်တောင်မခတ်ပဲ တီဗွီကို စိုက်ကြည့်နေတာ။ အဲဒီအချိန် မေမေက ထမင်းခွံ့ချင်လို့ ဇွန်းက သမီးလေး ပါးစပ်နား ရောက်လာရင်တော့ ပါးစပ်လေးကို ဟ ပေးလိုက်တယ်၊ မျက်လုံးကတော့ တီဗွီမှာပဲ။ တစ်ခါတလေ မေမေ့လက်က သမီးကို ကွယ်မိသွားရင် လက်ကို ပုတ်ထုတ်တယ်လေ။ ကွယ်နေတယ် ဖယ်ပေး ဆိုတဲ့သဘောပေါ့။ အဲဒါ ကြော်ငြာ ပြီးတော့မှ အာရုံက တခြားကို ပြောင်းတော့တယ်။ နောက်ပြီး မေမေ့ပေါင်ပေါ်မှာ မှေးမှေးအိပ်ရင်းက ကြော်ငြာလာတဲ့အသံကြားရင် ချက်ချင်းကို ခေါင်းထောင်ပြီး ကြည့်တယ်။ ကြော်ငြာပြီးတာနဲ့ ဖုတ်ခနဲ ခေါင်းကို ပစ်လှဲချပြီး ချက်ချင်း အိပ်ပျော်သွားပြန်ရော။ သမီးက ကြော်ငြာနဲ့ ရိုးရိုး အစီအစဉ်ကို ခွဲခြားတတ်တာ မေမေနဲ့ပါပါးက လက်ဖျားခါရတယ်။ ဘယ်လိုမှတ်ထားလဲတော့ မသိဘူး။ ကြော်ငြာလာပြီဆို ရောက်နေတဲ့ နေရာကနေ ခေါင်းပြန်ပြီး လှည့်ကြည့်တာမျိုး၊ တီဗွီရှေ့ကို တွားသွားပြီး ကြည့်တာမျိုး၊ ဆိုဖာပေါ်ကနေ ဖားလေးလို ကုန်းပြီး ကြည့်တာမျိုးလည်း ရှိသေးတယ်။ သဘောကျတဲ့ ကြော်ငြာလာလို့ကတော့ ဂျပန်စကားပဲ နားလည်သလိုလို ဘာလိုလိုနဲ့ လက်ခုပ်ကလေး တီးရင်း သဘောတွေကျပြီး ရီတောင် ရီနေလိုက်သေးတယ်။



သမီးက တချို့ဟာတွေဆို သင်မပေးပဲ သူ့ဘာသာသူ တတ်လာတာမို့ လူကြီးတွေက အံ့သြရတယ်။ မှတ်မှတ်ရရ မေမေ့မွေးနေ့မှာ သမီးက မေမေ့ပါးကို နှာခေါင်းလေးနဲ့ ရွှတ်ကနဲ ဆိုပြီး စ နမ်းတယ်လေ။ မျက်နှာကို သေချာ ကိုင်ပြီး နမ်းတာမို့ မေမေ့မှာ သမီး နမ်းတတ်တာမှ ဟုတ်ရဲ့လားလို့တောင် အံ့သြမိတယ်။ ဒါကြောင့် သေချာအောင် နောက်တစ်ခါ ထပ်လုပ်ခိုင်းတော့ သမီးက ပြန်လုပ်ပြရှာတယ်။ သမီးရဲ့ ပထမဆုံးအနမ်းက ပါပါးရော မေမေပါ ဘယ်လောက်ပျော်ပြီး ကြည်နူးရသလဲဆိုတာ ပြောမပြတတ်အောင်ပါပဲ။ နောက်ပိုင်းတော့ သမီးက လူလည်လေး ဖြစ်သွားပြီ။ "သမီးရေ kiss ပေးပါဦး" ဆို စိတ်ပါမှပဲ ပေးတော့တယ်။ စိတ်မပါရင်တော့ မေမေတို့ မျက်နှာနား ကပ်လာပြီးမှ ခေါင်းလေးကို ချာကနဲ နေအောင် တဖက်ကို လှည့်ပစ်လိုက်တယ်လေ။ စိတ်မထင်ရင်တော့ မေမေ့ မျက်နှာနားအထိ ကပ်လာပြီး နှာခေါင်းကို ဆတ်ခနဲ ကိုက်ပစ်လိုက်တာ။ ဒါပေမယ့် မှန်ရှေ့ရောက်ရင်တော့ မှန်မှာ ပေါ်တဲ့ ကိုယ့်မျက်နှာကို ကြည့်ပြီး သဘောကျလို့ တရွှတ်ရွှတ်နဲ့ မှန်ကို ကုန်းပြီး နမ်းရတာ အမော။

*****

နောက်ပြီး သမီးက မအိပ်ခင်ဆို အရမ်းဆော့တာ။ ၆ လ မတိုင်ခင်ကတော့ မေမေက သီချင်းဆို သိပ်လိုက်ရင် သိပ်မကြာဘူး သမီးလေး အိပ်ပျော်သွားရော။ အခုနောက်ပိုင်းတော့ အိပ်ဖို့ အိပ်ယာပေါ်ရောက်ရင် သမီးက နှစ်ပတ် သုံးပတ်လောက် စိတ်ကြိုက် လှိမ့်လိုက်သေးတယ်။ ပြီးတော့ ဟိုနားလျှောက်သွား၊ ဒီနားလျှောက်သွား၊ လျှောက်ဆော့နဲ့ အားရအောင် ဆော့ပြီး မောတော့မှ အိပ်ပျော်သွားတော့တယ်။ အိပ်ရင်လည်း အရင်လို ငြိမ်ငြိမ်မအိပ်တော့ဘူးလေ။ အိပ်ရင်းနဲ့ လူးလိမ့်နေတာ အိပ်ယာတစ်ခုလုံး သမီးအတွက် ပေးထားရတဲ့ နေရာက ပိုများတယ်။ နောက်ပြီး အိပ်ယာက နိုးတာနဲ့ ချက်ချင်း ကုန်းထပြီး ထိုင်တော့တာပဲ။ အဲဒီအခါမျိုးမှာ မေမေက သမီးလေးကို လှဲချပေးပြီး ပြန်အိပ်ခိုင်းရတယ်။ နို့မို့ဆို သမီးက ပြန်မအိပ်တော့ပဲ လျှောက်ဆော့နေတာ မေမေပါ ထပြီး သမီးကို စောင့်ကြည့်ရတယ်။

အခုဆို သမီးကို အင်္ကျီလဲပေးရတာ၊ nappy လဲပေးရတာ အရမ်းခက်တာပဲ။ သမီးက အငြိမ်မှ မနေတော့တာကိုး။ သမီးကို nappy လဲပေးဖို့ ဆိုဖာပေါ်လှဲချလိုက်ရင် ချက်ချင်းပြန်မှောက်ပြီး ကုန်းထတော့ ဘာမှ လုပ်လို့မရဘူးပေါ့။ အဲဒါဆိုတော့ မေမေက သမီးလေး မတ်တပ်ရပ်လျက်က nappy လဲတတ်အောင် ကြိုးစားရတော့တယ်။ အဲဒါမှမဟုတ်လည်း သမီးကို ပစ္စည်း တစ်ခုခု ပေးဆော့ထားပြီး ခပ်မြန်မြန် လဲပေးရပြန်တယ်။ တစ်ခါတလေလည်း သမီးကို ပါးစပ်ထဲ ရသမျှ ကဗျာတွေ ရွတ်ပြပြီး အာရုံပြောင်းရင်းက လဲပေးရတယ်။ နောက်ပြီး သမီးက မကျေနပ်ဘူး၊ မကြိုက်ဘူးဆို အော်ငိုပြီး ကိုယ်ကြီးကို ကော့ထိုးတတ်တာမို့ သတိထားရသေးတယ်။

*****

မွေးခါစတုန်းကလည်း လသားအရွယ် နီတာရဲလေးမို့ စိတ်ပူရသလို အခု ၉ လအရွယ်ရောက်ပြန်တော့လည်း သမီးလေး ချော်လဲမှာ၊ ခေါင်းနဲ့ ကြမ်းပြင် စောင့်မိမှာ၊ မျက်နှာနဲ့ ခုံစောင်းနဲ့ ရိုက်မိမှာ၊ မျက်လုံးနဲ့ အချွန်တခုခုနဲ့ သွားထိုးမိမှာ၊ ခုံပေါ်အားယူတက်ရင်း ပြုတ်ကျမှာ စသည်ဖြင့် မေမေတို့မှာ သမီးကို စိတ်ပူရပြန်တယ်။ တတ်နိုင်သလောက် သမီးကို လိုက်ကြည့်ပေးပြီး အနာတရ မဖြစ်အောင် ဂရုစိုက်နေပေမယ့် အချိန်ပြည့် မကြည့်နိုင်တော့လည်း သမီးလေးမှာ ထိခိုက်ဒဏ်ရာတော့ ရတာပါပဲ။ ဒါပေမယ့် သမီးလေး အခုလို ကျန်းကျန်းမာမာနဲ့ လစဉ် ပုံမှန် ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်ရတော့ ပူပင်တာတွေလျော့ပြီး စိတ်သက်သာရပြန်တယ်။

ဒီကြားထဲ သမီးလေးက အမေကို မျက်စေ့အောက်က အပျောက်မခံတော့ တစ်ခါတလေ မေမေ့မှာ စိတ်ရော လူပါ ပင်ပန်းတယ်လို့ တွေးမိတယ်။ အဲဒီအတွေးကလည်း သိပ်မကြာလိုက်ပါဘူး၊ သမီးလေးရဲ့ ခိုးခိုးခစ်ခစ် ရီမောသံလေးတွေ၊ ချစ်စရာ အပြုအမူလေးတွေအောက်မှာ အားလုံးပျောက်ဆုံးကုန်ပြီး ပင်ပန်းခဲ့သမျှ အမောတွေ ပြေကုန်တာပါပဲ။

အောက်တိုဘာ ၁၈၊ ၂၀၁၀။

October 8, 2010

Flower Arrangement - Sep 30, 2010



ပန်းအလှပြင်တာနဲ့ပတ်သက်ပြီး ရေးစရာစာကြွေး ၃ ပုဒ်တောင် ရှိနေပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ၊ ဒီဇင်ဘာ နဲ့ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ လုပ်ဖြစ်ခဲ့တဲ့အကြောင်းတွေပါ။ ၂၀၀၉ ခုနှစ်က လုပ်ဖြစ်ခဲ့တာတွေကိုတော့ ဓာတ်ပုံပြန်ရှာရဦးမှာမို့ ဖြည်းဖြည်းချင်းမှ ပြန်ရေးပြီး တင်ပေးပါ့မယ်။
အခုရေးမှာက စက်တင်ဘာလ ၃၀ ရက်နေ့တုန်းက လုပ်ဖြစ်ခဲ့တာပါ။ ၂၀၁၀ ခုနှစ်ထဲမှာ ကျမအတွက် ပထမဆုံး ပန်းအလှပြင်ဖြစ်တယ် လို့လည်း ပြောလို့ရပါတယ်။ ရုံးမှာတော့ ဖေဖော်ဝါရီနဲ့ မေလမှာ ပန်းအလှပြင်ပွဲတွေ ဆက်တိုက် လုပ်ဖြစ်ပေမယ့် ကျမ မပါဝင်ဖြစ်ခဲ့ဘူး။ အခုတစ်ခါ ပန်းအလှပြင်တာက ရုံးအနေနဲ့တော့ ၃၅ ကြိမ်မြောက် ဖြစ်ပြီး ကျမအတွက်တော့ ၁၁ ကြိမ်မြောက်ပါ။

*****

ပါဝင်တဲ့ ပစ္စည်းတွေကတော့ ပုံမှာ ပြထားသလိုပါပဲ။ ပန်းတွေကတော့ နှင်းဆီပန်း ပန်းဆီရောင် အပွင့်ကြီး ၃ ပွင့်၊ နှင်းဆီအဖူး အပွင့်သေး ၄ ပွင့်၊ ရွှေရောင်စိမ်ထားတဲ့ ပန်းအခြောက် လက်တစ်ဆုပ်၊ ကြက်သွေးရောင် စိမ်ထားတဲ့ ပန်းခြောက်အခက် ၂ ခက်၊ အညိုရင့်ရောင်လဲ့လဲ့လေးတွေ ပါတဲ့ ပန်းအခြောက် ၁ ခက် တို့ ပါ ပါတယ်။


ပန်းဘေးကနေ ရံပြီး အလှဆင်တဲ့ ပစ္စည်းတွေကတော့ ခရမ်းရောင် အလုံးလေး ၆ လုံး၊ ရွှေရောင် အသည်းလေး တစ်ခု (အသည်းကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာ အရောင်ရွေးလို့ရပါတယ်။)၊ ဖဲကြိုး အကြီး အ၀ါရောင် နိုင်လွန်ဇာနဲ့ ၁ ခု၊ ရွှေအိုရောင် ဖဲကြိုး အသေး ၁ ခု၊ ရွှေအိုရောင် အလုံး ၂ လုံး (အရောင် လက်လက်တစ်ခု၊ မှိန်တာ တစ်ခု)၊ ပန်းခြင်း၊ ဖော့တုံး၊ နောက်ပြီး နန်းကြိုးမျှင်ရယ် ကော်စက္ကူရယ် လည်းလိုပါသေးတယ်။ Halloween နားနီးနေတာကြောင့် ပန်းပြင်တော့လည်း ပန်းအရောင်တွေကို ခပ်မှိုင်းမှိုင်းသုံးပြီး ပြင်ထားပါတယ်။ ဒီတကြိမ်မှာလည်း ပန်းအခြောက် (preserved flowers) တွေနဲ့ လုပ်ရတာမို့ အချိန်အရမ်းကြာပါတယ်။



အရင်ဆုံး ဖဲကြိုးအကြီးကို ပန်းအိုးအရွယ်နဲ့တိုင်းပြီး အ၀ိုင်းပုံစံဖြစ်အောင်လုပ်ယူပါတယ်။ ဖဲကြိုးရဲ့ အနားနှစ်ဘက်မှာ နန်းကြိုးမျှင် ပါတာမို့ တစ်ဖက်မှာ ရှိတဲ့ နန်းကြိုးမျှင်ကို အသားလေး ဆွဲစုပြီး ကိုယ်လိုချင်တဲ့ အတိုင်းရပြီဆို အစ နှစ်ဘက်ပူးချည်လိုက်တာပါပဲ။ ပြုတ်မထွက်အောင် ကော် (မီးအပူပေးထားတဲ့ ကော်ချောင်း) နဲ့ ကပ်ယူလိုက်ပါတယ်။



ပြီးရင် စောစောက လုပ်ထားတဲ့ ဖဲကြိုးအ၀ိုင်းကို ပန်းခြင်းထဲမှာ သင့်သလို နေရာချပါတယ်။ ဖဲကြိုးအ၀ိုင်းရဲ့အလယ်ခေါင်မှာ ဖော့တုံးကို ထည့်လိုက်ပါတယ်။ ပန်းခြင်းကို ကြည့်လိုက်ရင် အလယ်က ဖော့တုံးမပေါ်အောင် ဖဲကြိုးခံပြီး ဘေးက ကာထားတဲ့သဘောပါ။ ပန်းခြင်းထဲမှာ ဖဲကြိုးနဲ့ ဖော့တုံးကို စိတ်ကြိုက်ပြင်ပြီးပြီဆိုရင် နေရာမရွေ့သွားအောင် ကော်နဲ့ ကပ်ပါတယ်။ အဲဒါဆိုရင် ပန်းခြင်းအပိုင်းက ပြီးသွားပါပြီ။



ပန်းခြင်းထဲမှာ ထိုးမယ့် ပန်းအဆုပ်၊ အခက်တွေကို ထုံးစံအတိုင်း အခက်အသေးတွေဖြစ်အောင် ညှပ်ပြီး နန်းကြိုးနဲ့ ချည်ပါတယ်။ ပြီးမှ အပေါ်က တိပ်နဲ့ ကပ်ပါတယ်။ နှင်းဆီပန်းအပွင့်သေး ၂ ပွင့်နဲ့ ခရမ်းရောင် ပုလဲလုံး ၆ လုံးကိုလည်း ပန်းအခက်တွေလိုပဲ နန်းကြိုးနဲ့တွယ်ပြီး တိပ်နဲ့ကပ်ထားပါတယ်။



ကျမကတော့ စောစောက လုပ်ခဲ့တဲ့ ပန်းအခက်လေးတွေထဲက တချို့တ၀က်ကို တဆင့်ချင်းဆီ တိပ်နဲ့ကပ်ပြီး အောက်မှာ ပြထားသလိုမျိုး ပန်းအခက်ကြီး ပုံစံရအောင် ပြင်ယူပါတယ်။ အဲဒီလို ပန်းခက်မျိုး ၂ ခက် လုပ်ထားပါတယ်။ ပန်းအခက်ကြီးကို ၁ ခက်ပဲ လုပ်တဲ့သူရှိသလို လုံးလုံး မလုပ်တဲ့သူလည်း ရှိပါတယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပေါ့။



ပြီးရင် ပန်းအခက်ကြီး ၂ ခက်ကို ပန်းခြင်းရဲ့ ကိုင်းနားမှာ ကပ်ပြီး ဖော့တုံးမှာ ထိုးစိုက်ပါတယ်။ ပန်းအခက်က ပန်းအိုးကိုင်းမှာ တွယ်နေသလိုမျိုး ဖြစ်အောင် ပန်းခြင်းကိုင်းမှာလည်း ကော်နည်းနည်း သုပ်ပြီးမှ ပန်းခက်ကို ကပ်လိုက်တာပါ။


ပန်းအခက်တွေ အားလုံး ပြင်ဆင် ပြီးသွားရင် နှင်းဆီပန်းတွေကို ဖော့တုံးမှာ အရင် ထိုးစိုက် နေရာချပြီးမှ ဘေးက အရံပန်းတွေ လိုက်ဖြည့်ထိုးလိုက်တာပါပဲ။ နောက်ဆုံးကျမှ အသည်းပုံကို ပန်းခြင်းအလယ်မှာ တွဲလောင်းလေး ချိတ်လိုက်ပါတယ်။ တချို့ကတော့ အသည်းကို ပန်းအိုးထဲ ထည့်ပြီး ပြင်ကြတယ်။ ဒီပန်းခြင်းလေးက စင်ပေါ်မှာ တင်ထားလို့ရသလို ချိတ်နဲ့ ချိတ်ပြီး တွဲလောင်းထားလို့လည်း ရပါတယ်။ စာရေးထားတာကို ဖတ်ရတာထက် ဓာတ်ပုံကြည့်လိုက်ရင် ပိုပြီး မြင်လွယ်မယ်လို့ ထင်ပါတယ်။


ဒီပုံက ကျမ ပြင်ထားတာပါ။


ဒါကတော့ ဆရာမပြင်ထားတာ။ ဆရာမ သုံးတဲ့ ပန်းရော ပန်းအိုးရောက ကျမတို့ သုံးတာနဲ့ မတူပါဘူး။


ဒီပုံကတော့ ရုံးက တစ်ယောက် ပြင်ထားတာပါ။ အားလုံးကို ယှဉ်ကြည့်လို့ရအောင် တခြားသူတွေရဲ့ လက်ရာကိုပါ တင်ပေးလိုက်ပါတယ်။

အောက်တိုဘာ ၉၊ ၂၀၁၀။