Showing posts with label ဂျပန်အစားအစာ. Show all posts
Showing posts with label ဂျပန်အစားအစာ. Show all posts

January 28, 2009

တွန်းဂျိရု (豚汁) Lunch Set

ကျမက ရုံးသွားရင် နေ့လည်စာ အတွက် အိမ်က ထမင်းဘူး ယူသွားတာ များပါတယ်။ အမျိုးသားကတော့ အပြင်မှာပဲ ၀ယ်စားဖြစ်တယ်။ ထမင်းဘူးယူရတာက ဂျပန်အစားအစာတွေကို မကြိုက်သလို သိပ်လည်းမစားတတ်လို့ပါ။ ပါးပါးကတော့ ပြောဖူးတယ်။ “ရောမရောက်ရင် ရောမလို ကျင့်ရမယ်” တဲ့။ အနှစ် ၃၀ ကျော် မြန်မာပြည်မှာ နေခဲ့တဲ့သူအတွက် ရောမ ရောက်ပေမယ့်လည်း ကျမ ရောမလို မကျင့်နိုင်သေးပါဘူး။ မြန်မာအစားအစာတွေကို စားချင်နေတုန်းပဲ။ အဲဒီတော့ ကိုယ်စားချင်တာကို Osaka မှာ ၀ယ်လို့ရတဲ့ ပစ္စည်းနဲ့ ရအောင် ချက်ပြီး နေ့တိုင်းလိုလို ရုံးကို ထမင်းဘူး ယူသွားဖြစ်ပါတယ်။ ထမင်းဘူးယူသွားရတဲ့အတွက် ချက်ရ ပြုတ်ရနဲ့ အလုပ်ပိုရှုတ်တယ်။ နေ့လည်စာကို အများနည်းတူ အပြင်စာ ၀ယ်စားမယ်ဆိုရင် ပိုက်ဆံနည်းနည်းလောက် ပိုကုန်ပေမယ့် လူအရမ်းသက်သာမှာပါ။ ဒါပေမယ့် အမြဲတမ်းတော့လည်း အိမ်က ထမင်းဘူးချည်းပဲ မစားနိုင်ပါဘူး။ တခါတလေ အပြင်အစားအစာတွေ စားချင်တဲ့စိတ်ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ်ချက်ထားပြီးသားဟင်းကို မစားချင်တော့တဲ့အခါပဲဖြစ်ဖြစ်၊ ဟင်းချက်ဖို့အချိန်မရရင်ပဲဖြစ်ဖြစ်၊ နောက်ဆုံး ပျင်းရင်ပဲဖြစ်ဖြစ် ရုံးနားကဆိုင်တွေမှာပဲ ၀ယ်စားဖြစ်တယ်။


*****


ကျမတို့ ရုံးနားမှာတော့ နေ့လည်စာအတွက်ဆိုရင် ဆိုင်မျိုးစုံရှိပါတယ်။ ဂျပန် ရယ်ဒီမိတ် ထမင်းဘူး (အိုဘမ်းတိုး obentou
お弁当 ) ၀ယ်စားရင် ယန်း ၅၀၀၊ ၆၀၀ လောက်ဆို အသား၊ငါး၊ အသီးအရွက်၊ ထမင်း အပြင် ဟင်းချို ဒါမှမဟုတ် သောက်စရာ အရည်တစ်ခုခုကိုပါ တွဲပေးတတ်ပါတယ်။ များသောအားဖြင့် အဲဒီလို ရောင်းတဲ့ဆိုင်တွေက လမ်းဘေးဈေးဆိုင်ငယ်လေးတွေပါ။ ရုံး ထမင်းစားဆင်းချိန် နေ့လည် ၁၁ နာရီလောက်မှ ဈေးသည်တွေက ကားရပ်ပြီး ဘေးမှာ ဆိုင်ခင်းရောင်းကြတာ။ ထမင်းစားချိန်ပြီးသွားရင်တော့ အဲဒီလို ဆိုင်မျိုးတွေ မတွေ့ရတော့ပါဘူး။ ကျမတော့ တစ်ခါမှ မ၀ယ်စားဖြစ်သေးဘူး။ တချို့စားသောက်ဆိုင်တွေကျတော့ သူတို့ဆိုင်က ချက်ထားပြီးသားကိုပဲ နေ့လည်စာအတွက် သီးသန့် ရယ်ဒီမိတ် ထမင်းဘူးတွေ လုပ်ရောင်းတတ်တာမျိုးလည်း ရှိတယ်။ ဈေးကတော့ အသင့်အတင့်ပေါ့ ယန်း ၆၀၀ ကျော် ၇၀၀ ၀န်းကျင် အစားစားပါပဲ။


ဆိုင်မှာ သွားစားမယ်ဆိုရင်တော့ ဆိုင်တိုင်းလိုလိုက နေ့လည်စာ အတွက်ဆိုပြီး Lunch Menu သီးသန့်ထား ပေးထားကြတယ်။ သူတို့ အခေါ်ကတော့ Lunch Set ပေါ့။ ဈေးအနည်းအများ ပေါ်မူတည်ပြီး A Set ၊ B Set ၊ C Set ဆိုပြီး အမျိုးမျိုးရှိတယ်။ Lunch Set ကတော့ ဟင်းတစ်မျိုးစီ သီးသန့်မှာစားတာထက် စာရင် ဈေးပိုသက်သာပါတယ်။ ရုံးနားမှာ ရှိတဲ့ ဆိုင်တွေက နေ့လည် ထမင်းစားချိန်ပဲ ရောင်းအားရှိတာ။ နောက်ပြီး တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုင်အဆိုင် ရောင်းနေကြရတာ ဆိုတော့ သိပ်ပြီး မခိုရဲကြဘူး။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ဆို ဈေးဆိုင်တွေလည်း ပိတ်တာများတယ်။


ဆိုင်တွေကတော့ ဂျပန်စားသောက်ဆိုင်၊ အီတလီဆိုင်၊ ထိုင်းဆိုင်၊ တရုတ်ဆိုင်၊ အိန္ဒိယဆိုင်၊ နီပေါဆိုင်၊ ပြင်သစ်ဆိုင် စသည်ဖြင့် ကိုယ်ကြိုက်ရာ သွားစားလို့ရပါတယ်။ စားသောက်ဆိုင်မှာ စားမယ်ဆိုရင် အနည်းဆုံး ယန်း ၇၀၀ ကနေ ယန်း ၁၀၀၀ လောက်တော့ ပေးရတယ်။ ပြင်သစ်ဆိုင်ဆို ယန်း ၂၂၀၀ တောင်ပေးရတယ်။ တကယ့်ကို ပြင်သစ်စတိုင် အပီအပြင် စားကြတာ။ Main dish မလာခင် Side dish တွေက တပုံကြီး အရင်လာတာ။ တကယ့် Main dish လည်း လာရော မစားနိုင်တော့ဘူး။ ပြီးရင် ကော်ဖီ နဲ့ dessert ပါ ပါ လိုက်သေးတယ်။ ကျမ အများဆုံး သွားစားဖြစ်တာက ထိုင်းဆိုင်နဲ့ အိန္ဒိယ ဆိုင်ကိုပါ။ ထိုင်းဆိုင်ကတော့ ချဉ်ချဉ်စပ်စပ်တွေ စားချင်ရင် သွားစားလိုက်တယ်။ အိန္ဒိယ ဆိုင်ကတော့ နံပြား စားချင်လို့ သွားစားဖြစ်တာ။ ဂျပန်ဆိုင်ကိုတော့ သွားစားခဲပါတယ်။


*****


ဒီမှာနေတာ နည်းနည်းကြာလာတော့ ဟိုစပ်စပ် ဒီစပ်စပ် စားကြည့်ရင်းက ဂျပန်အစားအစာ တချို့ကို စားတတ်လာတယ်။ ထမင်းဘူး မယူလာတဲ့နေ့မျိုးဆို ကျမတို့ မန်နေဂျာက ဂျပန်စားသောက်ဆိုင် ကောင်းကောင်းတွေဆီ ခေါ်သွားတတ်တယ်။ သူက အစားအသောက်နဲ့ ပတ်သက်ပြီး အရမ်းဂျီးများတာ။ သူနဲ့ လိုက်စားရင်း တဖြည်းဖြည်း ဂျပန်အစားအစာတွေ စားတတ်လာတာ။ စားပြီး ကိုယ်ကြိုက်တာတွေ့ရင် မှတ်ထားလိုက်တာပေါ့။ နောင် အပြင်ထွက်စားမယ် ဆိုရင် သူပြောထားတဲ့ ဆိုင်ပဲ သွားပြီး စားဖြစ်တော့တယ်။ အဲဒီလိုနဲ့ တချို့ ဂျပန်အစားအစာတွေကို ကြိုက်လာတယ်လို့ ပြောရမယ်။ အခုတလော စိတ်ကြိုက်ဖြစ်နေတဲ့ ဂျပန်စာက တွန်းဂျိရု (Tonjiru 豚汁) လို့ခေါ်တဲ့ နေ့လည်စာပါ။ ညီမလေး မြရွက်ဝေ Blog မှာ ဟင်းချက်နည်း တင်ပေးထားပေမယ့် အိမ်မှာတော့ တစ်ခါမှ ချက်မစားဖြစ်ပါဘူး။


ကျမက တွန်းဂျိရု ကို ကြိုက်တာထက် တွန်းဂျိရု Lunch Set မှာပါတဲ့ ငါးကင်ကိုကြိုက်တာက ပိုမှန်ပါလိမ့်မယ်။ တွန်းဂျိရုလို့ မှာလိုက်ရင် ထမင်းပန်းကန်လုံး တစ်လုံး၊ ငါးကင် တစ်ပိုင်း၊ ပြီးတော့ တွန်းဂျိရု ဟင်းချို တစ်ခွက်၊ အအေးစာ တိုဖူး၊ နောက်ပြီး မုန်လာချဉ်ဖတ် နည်းနည်းပါ ပါတယ်။ ငါးကင်ဘေးနားမှာတော့ မုန်လာဥအဖြူကို ခြစ်ထားတဲ့ အနှစ်နည်းနည်း ထည့်ပေးထားတယ်။ စားခါနီးမှ မုန်လာဥအနှစ်ပေါ်ကို ပဲငံပြာရည်စမ်းပြီး ငါးနဲ့ အတူ တွဲစားရတာပါ။


တကယ်တမ်း တွန်းဂျိရု ဟင်းချိုချည်းပဲ သောက်ရရင် ကျမ ကြိုက်ချင်မှ ကြိုက်မှာ။ ဒါပေမယ့် ငါးကင်နဲ့ ထမင်းကို စားပြီး ဟင်းချိုသောက်ရင် အရမ်းစားကောင်းလို့ နေ့လည်စာအနေနဲ့ ဂျပန်စာပဲ စားမယ်ဆိုရင် တွန်းဂျိရုပဲ သွားစားဖြစ်တယ်။ ငါးကင်က အိမ်မှာလည်း ကိုယ်တိုင်ကင်လို့ရပါတယ်။ ဒါပေမယ့် သူတို့ ကင်ထားသလို ကောင်းချင်မှ ကောင်းမှာမို့ မကင်စားဖြစ်တာ။ တွန်းဂျိရု ဟင်းချိုက ၀က်သားအလွှာ၊ ပဲပင်ပေါက်၊ မုန်လာဥဖြူ၊ ကြက်သွန်နီကို မီဆို ပဲနှစ် (miso
みそ) နဲ့ ချက်ထားတာပါ။ အပေါ်ကနေ ကြက်သွန်မိတ်လှီးထားပြီးသား နည်းနည်း ထည့်ထားပါတယ်။ ဆိုင်က ဟင်းချိုထဲ မြင်မိသလောက်ကတော့ အဲဒါအကုန်ပါပဲ။ ထမင်းက ပန်းကန်လုံး တစ်လုံးပဲရတယ်။ ထပ်တောင်းလို့ မရပါဘူး။ အားလုံး စားပြီးသွားရင် ဗိုက်ပြည့်တယ် ဆိုရုံလောက်ပဲရှိတယ်။ တအားလည်း ဗိုက်နင့် မနေသလို ဆာလည်း မဆာတော့ပါဘူး။ ဒါပေမယ့် ညနေကျရင်တော့ ဗိုက်ဆာတာ စောတယ်။ တွန်းဂျိရု Lunch Set က ယန်း ၇၅၀ ပေးရပါတယ်။





ဇန်န၀ါရီ ၂၈၊ ၂၀၀၉။

May 1, 2008

ဖက်ထုပ်ကြော် (Gyouza)

ဂျပန်မှာ မေလ ၃ ရက်နေ့ကစပြီး ၆ ရက်နေ့အထိ Golden Week ပိတ်ရက်ရှည် ရောက်လာတော့မယ်လေ။ ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဧပြီ ၂၉ ရက်) ကလည်း Public Holiday ဆိုတော့ ကျမတို့ တင်္နလာနေ့ကို ရုံးက ခွင့်ယူပြီး ၄ ရက်ဆက်တိုက် နားလိုက်ရသေးတယ်။ “ပိတ်ရက်မှာ ဘယ်သွားဖြစ်ကြလဲ” လို့ သူငယ်ချင်းတွေက ရုံးပြန်တက်တော့ မေးကြတယ်။ ကိုယ်တွေက ဘယ်မှလည်း မသွားဖြစ်ပဲ အိမ်ထဲမှာ သန့်ရှင်းရေးလုပ်၊ အနွေးထည် အထူတွေ သိမ်းဆည်းပြီး နွေဘက်ဝတ်ဖို့ အင်္ကျီအပါးတွေ ပြန်ထုတ်၊ စားချင်တဲ့ မြန်မာအစားအစာတွေလုပ်စားနဲ့ ပိတ်ရက် က ကုန်သွားပြန်တာပဲ။ ပြီးတော့ ၃ ရက် ရုံးပြန်တက်ရတာပေါ့။ နောက်တပတ်ဆိုရင် Golden Week အတွက် ရုံးထပ်ပိတ်တာမို့ နားရတာ တဆက်တည်း မဟုတ်သလို အလုပ်သွားရတာလည်း စိတ်မပါလှဘူး။ ရုံးက တချို့လည်း ဒီတစ်ပတ်လုံး ခွင့်ယူပြီးနားနေကြလေရဲ့။


***


ပိတ်ရက်မှာ ထူးထူးခြားခြားဆိုလို့ တနင်္ဂနွေနေ့က ဂျပန်ဆရာမတွေ အိမ်လာလည်ရင်း gyouza (ギョウザ) လုပ်စားဖြစ်ခဲ့ကြတယ်။ တကယ်တော့ gyouza က တရုတ်အစားအစာပါ။ မြန်မာလိုကတော့ “ဖက်ထုပ်ကြော်” လို့ခေါ်မယ်ထင်ပါတယ်။ ဘယ်လိုဖြစ်ပြီး တရုတ်အစားအစာက ဂျပန်မှာ နာမည်လာကြီးနေလဲတော့ မသိပါဘူး။ တရုတ်စားသောက်ဆိုင်တွေမှာ ဖက်ထုပ်ကြော် မှာစားရင် ၆ ခုလောက်ပါတာကို ယန်း ၂၀၀ ကနေ ယန်း ၃၀၀ လောက်အထိပေးရပါတယ်။ တချို့လည်း ၀ယ်မစားကြပဲ အိမ်မှာ ကိုယ့်ဘာသာ လုပ်စားလေ့ရှိကြတယ်။ Ready Made လုပ်ထားပြီးသားတွေလည်း Super Market မှာရောင်းပါတယ်။ စားခါနီးမှ ပြန်ပြီး နွှေးစားရတာမို့ ကျမတော့ သိပ်မကြိုက်လှဘူး။ မြန်မာပြည်မှာတုန်းက တခါမှ မစားဖူးဘူး။ ဒီတခေါက်ဂျပန်လာတော့ တရုတ်ဆိုင်မှာ ထမင်းသွားစားရင်းကမှ အဲဒီဖက်ထုပ်ကြော်ကို ကြိုက်သွားတာ။


တခြား Blog တွေမှာလည်း ဖက်ထုပ်ကြော် လုပ်နည်းရှိပြီးသား ဖြစ်မှာပါ။ ဒီဟာကတော့ ဆရာမတွေနဲ့ ပါတီလုပ်ခဲ့တာလေးကို ပြောပြချင်တာရယ် နောက်တမျိုး ဂျပန်စတိုင်လေးပေါ့။ ဆရာမတွေ ရောက်လာတော့ အနီးနားမှာရှိတဲ့ Super Market မှာ လိုအပ်တာတွေ သွားဝယ်ပြီး ဖက်ထုပ်ကြော် လုပ်ဖို့ စပြီး ပြင်ဆင်ကြတာပေါ့။ လိုအပ်တဲ့ ပစ္စည်းတွေက လူ ၆ ယောက်စာမို့လို့ ၀က်သားအကြေ ၂ ဗန်း၊ ပုဇွန်ဗန်းသေး ၁ ဗန်း (ပုဇွန်က မထည့်လည်းရပါတယ်။ ထည့်တော့လည်း ပိုစားလို့ကောင်းတာပေါ့။) မုန်ညှင်းဖြူထုပ် ၁ စိပ် ၊ ကြက်သွန်ဖြူမိတ် ၁ စည်း၊ ဖက်ထုပ်ရွက် ၈၀၊ ကော်မှုန့်နည်းနည်း၊ ဖက်ထုပ်ကြော်နဲ့တို့စားဖို့ ပဲငံပြာရည်အကြည်၊ ရှာလကာရည်၊ ငရုတ်အဆီတို့ပါပဲ။ ကိုယ့်ဘာသာကိုယ် အိမ်မှာ လုပ်စားတော့ စားလို့ကောင်းတဲ့အပြင် Ready Made တွေလို ပိုးသတ်ဆေးပါမှာတို့၊ အထားခံအောင် ထည့်တဲ့ဆေးပါမှာတို့ မစိုးရိမ်ရဘူးပေါ့။



ကြက်သွန်ဖြူမိတ်နဲ့ မုန်ညှင်းဖြူထုပ်။

ဖက်ထုပ်ကြော်နဲ့တွဲစားတဲ့ ရှာလကာရည်၊ ငရုတ်အဆီ၊ ပဲငံပြာရည်အကြည်။


စစချင်း မုန်ညှင်းထုပ်ကို ပါးပါးလေးတွေ လှီးပါတယ်။ လှီးပြီးသား မုန်ညှင်းရွက်တွေကို ဆားနဲ့နယ်ပြီး အရည်တွေ ညစ်ထုတ်ပစ်လိုက်တယ်။ အဲဒါပြီးရင် ကြက်သွန်ဖြူမိတ်ကို ပါးပါးလှီးပြီး ပန်းကန်တစ်လုံးထဲ သပ်သပ်ထည့်ထားပါတယ်။ ပုဇွန်ကျောက အူကြောင်းကို ဖယ်ပြီး ညှီနံ့ပျောက်အောင် ရေသေချာဆေးရပါတယ်။ ပြီးမှ အတုံးလေးတွေ တုံးထားလိုက်ပါတယ်။ ဇလုံအကြီးထဲကို ၀ယ်လာတဲ့ ၀က်သား ၂ ဗန်းရယ်၊ ဂျင်းနည်းနည်း၊ ပဲငံပြာရည်အကြည်၊ သကြား၊ ဆားနည်းနည်း၊ ကော်မှုန့်ထည့်ပြီး သေချာ နယ်ပါတယ်။ နောက်ပြီး ဂျပန်ဆရာမက ဟင်းချက် အရက်နည်းနည်းထည့်ဖို့ပြောတယ်။ ဒါပေမယ့် အိမ်မှာက ဟင်းချက်အရက် မသုံးတာနဲ့ သောက်ဖို့ ၀ယ်လာတဲ့ ဂျပန်အရက် နည်းနည်း ထည့်ပြီး နယ်လိုက်တာပါ။ (လက်သေချာမဆေးထားရင်တော့ နည်းနည်းလေး ငန်နေမှာပေါ့နော်. :P) ပြီးမှ ၀က်သားနယ်ပြီးသားထဲကို စောစောက ဆားနဲ့နယ်ထားတဲ့ မုန်ညှင်းရွက်ရယ်၊ ကြက်သွန်ဖြူမိတ် လှီးထားတာရယ်၊ ပုဇွန်လှီးထားတာရယ် တခါတည်း ထည့်နယ်လိုက်တော့ ဖက်ထုပ်ကြော်ထဲ ထည့်ဖို့ အစာ ရသွားတာပေါ့။


ဖက်ထုပ် စထုပ်မယ်ဆိုတော့ ဆရာမက အိမ်က ထမင်းစားပွဲခုံလေးကို သေချာသုတ်ခိုင်းပါတယ်။ ပြီးတော့ စားပွဲပေါ်မှာ ကော်မှုန်နည်းနည်း ဖြူးချလိုက်ပြီး ဖက်ထုပ်ရွက်တွေကို တစ်ခုချင်းစီ ခုံပေါ်စီပြီး ဖြန့်ထားလိုက်ပါတယ်။ ကော်မှုန့်မသုံးရင် ကပ်ကုန်မှာစိုးလို့ပါ။ ပြီးတော့မှ အဲဒီ အရွက်တွေပေါ်ကို အသားနည်းနည်းချင်းစီထည့်ပြီး ထုပ်ရတာပါ။ အားလုံး ထုပ်ပြီးသွားမှ ဒယ်အိုး(non sticky)ထဲကို ဆီနည်းနည်းထည့်ပါတယ်။ ဆီပူလာမှ ဖက်ထုပ် ထုပ်ပြီးသားတွေ ဒယ်အိုးထဲ ဆန့်သလောက် ထည့်လိုက်တယ်။ တအောင့်နေလို့ ဖက်ထုပ် အောက်နားက ညိုလာပြီဆိုရင် ရေနည်းနည်းလေးထည့်ပြီး အုပ်ထားလိုက်ယုံပါပဲ။ ရေခန်းလို့ ကျက်ပြီဆိုရင် ပဲငံပြာရည်အကြည်၊ ရှာလကာရည်နည်းနည်း၊ အစပ်ကြိုက်ရင် ငရုတ်အဆီထည့်ပြီး တို့စားယုံပဲ။ ကျမတို့ကတော့ အဲဒီနေ့က ရာသီဥတု သာယာတာနဲ့ အိမ်မှာ ဖက်ထုပ်တွေ အားလုံးပြီးအောင်ထုပ်ပြီးမှ အိမ်ရှေ့ က မြစ်ကမ်းပါးပေါ်မှာ ကြော်စားခဲ့ကြတာပါ။


ဖက်ထုပ်ကြော်နဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရ ပြီးခဲ့တဲ့တခေါက် ဂျပန်လာတုန်းကပေါ့။ ဒီနေ့လို Osaka ရောက်ပြီး ရောက်တဲ့နေ့ ခရီးပန်းပြီးအိပ်လိုက်ကြတာ။ နောက်တစ်ရက် ရုံးက မန်နေဂျာမမ က သူ့အိမ်ကို ဖိတ်ပြီး နေ့လည်စာ ထမင်းကျွေးပါတယ်။ ကျမတို့ မြန်မာအုပ်စုထဲက အရှေ့တစ်နှစ်က ရောက်နေတဲ့ သူတွေရယ် နောက်ရောက်တဲ့ ကျမတို့ရယ်၊ လက်ရှိရုံးမှာရှိတဲ့ နိုင်ငံခြားသားတွေရယ်ဆိုတော့ လူက အတော်များတယ်ပြောရမယ်။ သွားကြတော့လည်း တစ်အုပ်ကြီးနဲ့ ကိုယ်ကလည်း ရောက်ခါစမို့ ပျော်မှပျော်ပေါ့။ မန်နေဂျာ မမအိမ်ရောက်မှ အပြတ်စားပစ်လိုက်မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ချီတက်သွားကြတာ။ မမအိမ်လည်းရောက်ရော လူအားလုံးအတွက် သူတစ်ယောက်တည်း ချက်ပြုတ်နေရတာမို့ ဖက်ထုပ်ကြော်လုပ်ဖို့ အသားနယ်ထားတဲ့ ဇလုံကြီးက ဒီအတိုင်းပဲ ရှိနေသေးတယ်။ ကျမတို့ရောက်သွားတော့မှ ဖက်ထုပ်ကြော်အတွက် စပြီးထုပ်ရတယ်လေ။ ယောင်္ကျားလေးတွေကတော့ ကျက်နှင့်ပြီးသား ဟင်းခွက်တွေနဲ့စားလို့ သောက်လို့ ပွဲစနေကြပြီ။ ကျမတို့ မိန်းကလေးအုပ်စုကတော့ ဗိုက်ကလည်းစာ၊ ထုပ်နေတဲ့ ဖက်ထုပ်ကလည်း ချက်ချင်းစားလို့မရ၊ သူများတွေစားနေတဲ့ဟင်းနံ့ကနှိပ်စက်နဲ့ ဒုက္ခကြီးလိုက်တာ မပြောပါနဲ့တော့။ ဖက်ထုပ် ထုပ်နေတဲ့ဆီလည်း စိတ်မရောက်နိုင်တော့ဘူး။ အဲဒီနောက်ပိုင်း ရန်ကုန်သာ ပြန်သွားတယ် ဖက်ထုပ်ကြော် မစားဖြစ်တော့ဘူး။ မန်နေဂျာက တရုတ်လူမျိုးဆိုတော့ ဟင်းချက်တာလည်း အတော်ကောင်းပါတယ်။ ဗိုက်ဆာနေတဲ့အချိန် ချက်ချင်းမစားခဲ့ရတာလေး တစ်ခုပါပဲ။ အရင်ကအကြောင်းတွေ သတိရလာလို့ ရေးလိုက်တာပါ။ ပို့စ်နဲ့တော့ မဆိုင်ပါဘူး။


***


အမ ဂျပန်မုန့်တွေ မစားရတာ ကြာပြီနော် လို့ ပြောသွားတဲ့ မောင်မျိုး နဲ့ အတူ Blog ကို လာလည်တဲ့သူငယ်ချင်းအားလုံးအတွက်ပါ။ အခုဖက်ထုပ်ကြော်ကတော့ ဂျပန်ဆရာမလုပ်ပြီး အမနှမ်းဖြူးထားတဲ့ လက်ရာပေါ့။ နောက်တစ်ခါမှ ကိုယ်တိုင်လုပ်ပြီး ကျွေးမယ်နော်။




ဖက်ထုပ်ထဲထည့်ဖို့ ၀က်သားနယ်ထားပြီးသား။


ဖက်ထုပ်ရွက်ပေါ်ကို ၀က်သားနည်းနည်းချင်းဆီ လိုက်ထည့်ပါတယ်။


ဘေးနားမှာ ရေခွက်ထားထားပြီး ဖက်ထုပ်ရွက် တခြမ်းကို ရေအရင်ဆွတ်ပြီးမှ အရွက်ကို စထုပ်တာပါ။


ပြီးရင် ဖက်ထုပ်ရွက် အပေါ်ဘက်အခြမ်းကို အတွန့်လေးတွေဖြစ်အောင် လုပ်ပြီး နောက်ဆုံးကျရင် အစာတွေ ထွက်မကုန်အောင် လက်နဲ့အသာလေးဖိပိတ်လိုက်ပါတယ်။



ဒါတွေကတော့ ထုပ်ထားပြီးသားပေါ့။ အားလုံးဝိုင်းလုပ်ကြတာမို့ ပုံစံမျိုးစုံနဲ့ သိပ်မလှဘူး။ ဗိုက်ထဲရောက်သွားတော့လည်း လှတာ မလှတာ မသိတော့ဘူးပေါ့နော်.. :)


ကြော်တဲ့အဆင့်တွေကတော့ အပေါ်မှာ ရေးပြထားခဲ့သလိုပါပဲ။ နောက်ဆုံးကြော်ပြီးသားရလာရင် ပဲငံပြာရည်နဲ့ တို့စားလိုက်ယုံပဲ။ ဗိုက်ဆာနေတာနဲ့ ပဲငံပြာရည်စပ်ထားတဲ့ပုံတောင် မရိုက်လိုက်ရဘူး။


ဆိုင်မှာစားရင် ဒီလိုပုံစားရတာပေါ့။ (ဓာတ်ပုံကို ဒီနေရာမှ ယူပါသည်။)

မေ ၁၊ ၂၀၀၈။

January 30, 2008

Omiyage desu!

ဂျပန်လို “အိုမိရဂဲ” ဆိုတာ ခရီးတခုခုကနေ ပြန်လာလို့ ၀ယ်လာတဲ့ မုန့်၊ လက်ဆောင်ကို ခေါ်တာပါ။ မြန်မာဓလေ့မှာလည်း ခရီးသွားရာက ပြန်လာရင် အိမ်အတွက်၊ သူငယ်ချင်းအတွက် ဒေသထွက်စားစရာ၊ ဒါမှမဟုတ် လက်ဆောင်တွေ အမှတ်တရ ၀ယ်လာတတ်ကြတာပဲ မဟုတ်လား။ ဂျပန်တွေလည်း များသောအားဖြင့် ၀ယ်လာတတ်တာက သွားတဲ့နေရာရဲ့ ဒေသထွက် မုန့်မျိုးစုံ ပါပဲ။ ဒါကြောင့် ကျမတို့ ရုံးက ထမင်းစားခန်းမှာဆိုရင် သွားရည်စာ မုန့်က ပြတ်လှတယ် မရှိပါဘူး။ Golden Week တို့ New Year တို့လို ပိတ်ရက်ရှည်ပြီးသွားလို့ကတော့ ရုံးပြန်ဖွင့်ပြီဆိုတာနဲ့ ထမင်းစားပွဲပေါ်မှာ မုန့်တင်ထားတာ နေရာလွတ်တောင်မကျန်ဘူး။ တခါတလေများ ဘယ်သူကျွေးထားမှန်းတောင် မသိဘူး။ သူတို့ နာမည်တွေကို ဂျပန်လို မဖတ်တတ်တာလည်း ပါတယ်။ နောက်ပြီး ရုံးမှာ ၈ ထပ် တစ်ထပ်တည်းတောင် ရုံးခွဲ department က သုံးခုလောက် ရှိတာဆိုတော့ တော်ယုံ ကိုယ့် department ထဲက လူတွေနဲ့ အနားမှာထိုင်တဲ့ သူတွေလောက်ပဲ နာမည်မှတ်မိတာ။ ဒါကြောင့် ဘယ်သူဘယ်ဝါ ကျွေးတယ်လို့ သူတို့က နာမည် ပြောရင်တောင် ကိုယ်က အလွယ်တကူ မသိနိုင်ဘူးလေ။ အဲဒီတော့ ဘယ်သူဝယ်လာသလဲ ဆိုတာ အရေးမကြီးလှဘူး။ “ဘယ်က ၀ယ်လာသလဲ” ဆိုတာကလည်း စာထဲမှာ ကိုယ်ဖတ်တတ်တဲ့ Kanji ၁ လုံး ၂ လုံးလောက် ပါရင် မှန်းတတ်တယ်။ အဲလိုမှမဟုတ်လဲ သူငယ်ချင်းကို “အဲဒါ ဘယ်ကမုန့်လဲ” လို့ မေးလိုက်ရင် “ဘယ်မြို့၊ ဘယ်နေရာ” က မုန့်ပါလို့ သူပြောပြတယ်။ ဒီလောက်ဆို လုံလောက်ပြီ။ အဲဒါဆိုတော့ ထမင်းစားပွဲပေါ်တင်ထားကတည်းက စားစေချင်လို့ တင်ထားတာ၊ ကိုယ်ကြိုက်တာတွေ့ရင် ယူစားလိုက်တာပဲ။ တခါတလေလည်း သူတို့ဂျပန်တွေတောင် မကြိုက်ကြလို့ ထင်ပါရဲ့ မကုန်ပဲ ကျန်နေတဲ့ မုန့်တွေလည်း ရှိတယ်။

မြန်မာပြည်မှာ အလုပ်လုပ်တုန်းက ရုံးက တစ်ယောက်ယောက် နယ်ပြန်တာမျိုး၊ ခရီးက ပြန်လာမျိုးဆိုရင်လည်း မုန့်ဝယ်လာတတ် ကြပါတယ်။ ဒီမှာလောက်တော့ အကြိမ်အရေအတွက် မများလှဘူး။ မြန်မာပြည်မှာက ဈေးနှုန်းနဲ့ သယ်ရ ပြုရတာ ကရိကထ မခံနိုင်တာလည်း ဖြစ်မယ်လို့ ထင်တယ်။ ဂျပန်ရုံးမှာတော့ တစ်ယောက်မဟုတ် တစ်ယောက်က အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ အလည်ပဲဖြစ်ဖြစ် ခဏ ခဏ ခရီးသွားနေကြတာပဲ။ Supervisor က တရုတ်ပြည်သွားလိုက်၊ Senior Consultant က New Zealand ပြန်လိုက်၊ ဒီကြားထဲ Department Director နဲ့ မန်နေဂျာက US သွားလိုက်၊ ပြင်သစ်သွားလိုက်၊ စင်ကာပူသွားလိုက်၊ အိန္ဒိယသွားလိုက်၊ Australia သွားလိုက်။ သွားလိုက်ရတဲ့ ခရီးတွေ။ အကုန် ကုမ္ပဏီ စရိတ်နဲ့ချည်းသွားရတာ ကောင်းမှကောင်း လို့ စိတ်ထဲက အားကျမိလိုက်သေးတယ်။ အဲ.. ပြန်လာပြီဆိုလို့ကတော့ ပါလာကြပါပြီ။ မုန့်မျိုးစုံ၊ သကြားလုံးမျိုးစုံ၊ ချောကလက်မျိုးစုံ။ ကောင်းတာရော မကောင်းတာရော ။ ကိုယ်က စားကောင်းရင်တော့လည်း ကောင်းတာပေါ့။ ကိုယ်က စားမကောင်းဘူးဆိုရင်လည်း မကောင်းဘူးပေါ့။ တချို့လည်း တိုကျိုကို အလုပ်ကိစ္စနဲ့ သွားရင်တောင် အပြန် မုန့်ဝယ်လာတတ်ကြသေးတယ်။ ဂျပန်ပြည်တွင်း သွားတဲ့သူတွေကတော့ ဂျပန်မုန့်ပေါ့။ စားလို့ကောင်းတာလေးတွေဆိုရင် ကိုယ့် မြန်မာအချင်းချင်း လက်တို့ပြီး “အဲဒီမုန့်ယူစား ကောင်းတယ်သိလား”ဆိုပြီး ပြောရ၊ လက်တို့ရ၊ ယောင်္ကျားအတွက်လည်း တစ်ခုပိုယူရနဲ့။ မကောင်းရင်လည်း “အဲဒါ မကောင်းဘူး၊ မစားနဲ့၊ ဟိုဟာလေးစားသိလား” ဆိုပြီး အချင်းချင်း သတင်းပေး သတင်းယူလုပ်ပြီး မုန့်စားဖို့ စည်းလုံးနေကြတာ။ တချို့လည်း ရုံးက လူတွေအတွက် သပ်သပ်၊ သူငယ်ချင်းတွေအတွက် မုန့်သပ်သပ် ခွဲဝယ်လာပြီး ကိုယ်ကျွေးချင်တဲ့ သူတွေကို တယောက်ချင်းစီ စိတ်ရှည်ရှည်နဲ့ လိုက်ကျွေးတာမျိုး ရှိတယ်။ သူကျွေးချင်တဲ့ သူငယ်ချင်း ကုန်သွားပြီဆိုမှ ကျန်တဲ့မုန့်ကို ထမင်းစားပွဲပေါ်သွားတင်ထားလိုက်တာ။


မုန့်အကြောင်း စာစီနေတာနဲ့ပဲ အတော်ရှည်နေပြီ။ ပြောချင်တာက ကျမလည်း ကိုယ့်စရိတ်နဲ့ကိုယ်အလည်ခရီးတွေ ထွက်နေတာ နောက်ဆုံး Amanohashidate ရောက်မှပဲ “တစ်နှစ်ပတ်လုံး သူများမုန့်တွေ စားလာတာ။ ဒီတခေါက်တော့ ရုံးအတွက် မုန့်ဝယ်သွားပေးဦးမှ” လို့ စိတ်ကူးပေါက်တာနဲ့ အပြန် မုန့်ဝယ်လာပြီး ရုံးက သူငယ်ချင်းတွေကို ကျွေးလိုက်ပါတယ်။ သူတို့လည်း ကျမတို့ ၀ယ်လာတဲ့မုန့်ကို ကြိုက်တယ်ထင်တယ်။ မနက် ၁၀ နာရီလောက် စာကပ်ပြီး ထမင်းစားပွဲပေါ် တင်ထားလိုက်တာ နေ့လည် ၁၂ နာရီ မထိုးခင် မုန့်ဘူးအခွံလွတ်က အမှိုက်တောင်းထဲ ရောက်နေပြီ။ ဒါတောင် တချို့ဂျပန်မလေးတွေက လာမေးကြသေးတယ် “စာရွက်ပေါ်က စာက ဘယ်သူရေးတာလဲ” တဲ့။ ဟွန်း..မေးစရာလား.. ကိုယ့်ဘာသာရေးထားတာပေါ့..


ပြောချင်တာတွေလည်း ပြောပြီးသွားပြီဆိုတော့ ပြီးခဲ့တဲ့ ပို့စ်တုန်း ရေးခဲ့တဲ့ ကတိအတိုင်း သူငယ်ချင်းတွေကို မုန့်ကျွေးမယ်နော်။ ကျမ blog ကို လာလည်ပြီး မငြီးမငြူ နဲ့ ခရီးသွားပို့စ်တွေကို လာဖတ်၊ comment လေးတွေ ရေးပေးရှာတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောရင်း မုန့်ကျွေးချင်လို့ ဓာတ်ပုံလေးတွေ blog ပေါ်တင်ပေးလိုက်ပါတယ်။ လူကိုယ်တိုင် အပြင်မှာ တကယ် မကျွေးရသော်ငြားလည်း ဒီဓာတ်ပုံလေးတွေကြည့်ရင်း “အော်.. အမနုစံက တို့ကို သတိတရ မုန့်တွေ ကျွေးပါလား”လို့ စိတ်မှာအောက်မေ့မိရင် ပို့စ်တင်ရကျိုးလေးနပ်ပါပြီ။ မုန့်အစစ်တွေကိုတော့ သူငယ်ချင်းတွေကိုယ်စား အမပဲ ဒိုင်ခံစားပေးလိုက်ပါ့မယ်လို့...








ဒီမုန့်က chirimen mochi (ちりめん餅) လို့ခေါ်တဲ့ ကောက်ညှင်းဆန်နဲ့ လုပ်ထားတဲ့မုန့်တစ်မျိုးပဲ။ စားလိုက်ရင် အိစိ အိစိ နဲ့ စားလို့ကောင်းတယ်။ ဘူးသေးက ၁၅ ခုပါပြီး ယန်း ၈၀၀ တဲ့။ ဘူးကြီးက အခု ၂၀ ပါပြီး ယန်း ၁၀၅၀ ပေးရတယ်။ ဓာတ်ပုံတချို့ကို ဒီက ယူထားတာ။ သူတို့ ဆီက မုန့်တွေကို packing လုပ်ထားတာ သေသပ်လို့ အပေါ်က စာရွက်ကို ဖြဲပစ်ရမှာတောင် နှမြောမိတယ်။





ဒီမုန့်က ဂဏန်းနဲ့ လုပ်ထားတဲ့ rice cracker (かにせんべい) ။ Amanohashidate က မုန့်ဆိုင် တစ်ချို့ကတော့ အမြည်းတွေ ချပေးထားတယ်။ ကျမက ပထမရက်မှာ မ၀ယ်ပဲ အမြည်းတွေ အကုန်ယူစားပြီး ပြန်မဲ့ရက်မှ ကပ်ဝယ်ခဲ့တာ။

နောက်ထပ် ၀ယ်လာတာက ပဲမဲနဲ့လုပ်ထားတဲ့ rice cracker (黒豆せんべい) နဲ့ ကိတ်မုန့်ပါပဲ။ ကိတ်မုန့်ဘူးကိုတော့ ကျမတို့ ခရီးသွားဖို့ စီစဉ်ပေးတဲ့ သူငယ်ချင်းမလေးကို လက်ဆောင်ပေးလိုက်တာမို့ ဓာတ်ပုံ မရိုက်လိုက်ရပါဘူး။ ပဲနဲ့ လုပ်ထားတဲ့ cracker ကတော့ ဘူးအတိုင်းပဲ ရှိနေသေးတယ်။ မဖောက်ရသေးဘူး။


ဇန်န၀ါရီ ၃၀၊ ၂၀၀၈။

November 15, 2007

Sukiyaki

မနေ့က ဂျပန်စာ သင်တန်းရှိပေမယ့် စာမသင်ဖြစ်ပဲ ဆရာမတွေနဲ့အတူ Sukiyaki Party လုပ်ဖြစ်ပါတယ်။ ကျမအတွက် Sukiyaki ကို ပထမဆုံးအကြိမ် စားဖူးတာပါပဲ။ ဂျပန်တွေက Sukiyaki ကို အိမ်မှာပဲ ကိုယ်တိုင် ချက်စားလေ့ရှိပြီး တိုကျိုက ချက်တဲ့ပုံစံနဲ့ အိုဆာကားက ချက်တဲ့ပုံစံ မတူဘူးလို့ ဆရာတွေက ပြောပြပါတယ်။ ချက်နည်းမတူပေမယ့်လည်း အရသာက သိပ်မကွာလှပါဘူး။



အဓိက ပါဝင်တဲ့ ပစ္စည်းတွေက အမဲသားရယ်၊ ဟင်းရွက်၊ ဂျပန် ပဲငံပြာရည်၊ သကြားနည်းနည်း နဲ့ ဟင်းချက်အရက်လိုမျိုးပါ။ Sukiyaki ချက်ဖို့အတွက် မရှိမဖြစ်လိုအပ်တာက စားပွဲတင် ဂက်စ်မီးဖိုနဲ့ Sukiyaki အိုးပါပဲ။ ဟင်းရွက်နဲ့ တခြားလိုအပ်တဲ့ပစ္စည်း အမည်တွေကို စာအုပ်ထဲ မှတ်ထားတာ မှန်သမျှ အကုန်ချ ရေးလိုက်တော့....

- အမဲသား
- မုန်ညှင်းထုပ် (Hakusai)
-ကြက်သွန်နီမိတ် (ဒီမှာ -ကြက်သွန်မိတ်တွေက တော်တော်ကြီးတယ်။)
-Tofu (သူတို့ကတော့ yaki - tofu လို့ခေါ်ကြတယ်။ ရိုးရိုး tofu က ပျော့ဖတ်နေပေမယ့် yaki tofu က နည်းနည်းမာတော့ မြန်မာပြည်က ပဲပြားနဲ့ဆင်တူတယ်)
-Kikuna (ကိကုန) လို့ခေါ်တဲ့ ဟင်းရွက် (ဒီအတိုင်း နမ်းကြည့်ရင် ဆေးရွက်လိုလို စိမ်းရွှေရွှေနဲ့ ဟင်းထဲ ထည့်စားတော့လည်း စားလို့ကောင်းပါတယ်)
-ပဲကြာဇံလို ဂျပန်ခေါက်ဆွဲ (ဂျပန်လိုတော့ shirataki ရှိရတကိ လို့ခေါ်ကြတယ်။ ဂျယ်လီလိုပဲ။ ခေါက်ဆွဲမျှင်တွေကို စုပြီး အထုံးလေးဖြစ်အောင် ထုံးထားတယ်)
-မှို (ဂျပန်အခေါ်က maitake မအိတခဲ)
-ကြက်ဥ
-ပဲငံပြာရည်
-ဟင်းချက်အရက် (mirin) က သကြားရယ် ဂျပန်အရက်ရယ်ကို ရောထားတာပါ။
-သကြားနည်းနည်း
-Udon (အုဒွန်း) ခေါက်ဆွဲ ကတော့ နောက်ဆုံးမှ စားတာပါ။



ဟင်းရွက်နဲ့ မှို ကို ရေဆေး၊ သင့်သလို လှီးဖြတ်ပြီး ဗန်းထဲထည့်ထားလိုက်ပါတယ်။ ပြီးတော့ ပဲပြားကိုလည်းအတုံးလေးတွေ တုံး ထားလိုက်တာပေါ့။ ရှိရတကိ ခေါက်ဆွဲအထုံးတွေကိုလည်း ဘူးထဲက ဖောက်ပြီး ဘေးမှာ စီထားလိုက်ပါတယ်။ ကျမကပါ ဆရာမနဲ့အတူ ၀ိုင်းကူလုပ်ပေးတော့ သူတို့ လုပ်သမျှကို လိုက်ကြည့်ထားရင်း မှတ်စရာ ရှိရင် စာအုပ်ထဲမှတ်လိုက်၊ မသိတာရှိရင် စပ်စုလိုက်၊ ဆရာမခိုင်းတာလေး လုပ်ပေးလိုက်နဲ့ နောက်ဆုံး အားလုံးပြင်ဆင်ပြီး စားပွဲပေါ်မှာ စုတင်ထားလိုက်တော့ ဒီလိုလေးရလာတာပါပဲ။ ချက်စားဖို့ အသင့်ဖြစ်ပါပြီ။


ပထမဆုံး ဒယ်အိုးထဲကို အမဲသားရယ် သကြားနည်းနည်း ထည့်ပြီး မွှေပါတယ်။



ခဏလေး ကြာတော့မှ ပဲငံပြာရည်နဲ့ ဟင်းချက် အရက် ကို အပေါ်က ထပ်ဆမ်းပြီး မွှေပေးရပါတယ်။



အမဲသားကျက်လောက်ပြီဆိုတော့မှ ဟင်းရွက်ရယ် ပဲပြားရယ် မှိုရယ် ခေါက်ဆွဲထုံးတွေ ကို သင့်သလိုထည့်ပြီး တူနဲ့ မွှေပေးရင်း တအောင့်လောက် နေရင် စားလို့ရပါပြီ။


မစားခင် ပန်းကန်လုံးထဲကို ကြက်ဥ အစိမ်း ဖောက်ထည့်ပြီး မွှေထားပြီးမှ ကြက်ဥနှစ်အရည်နဲ့ စားရတာပါ။ ကျမက ကြက်ဥအစိမ်း မစားဖူးတော့ ညှီမယ်ထင်တာ။ တကယ်တမ်းစားကြည့်တော့ ညှီနံ့ မရှိပဲ စားလို့ကောင်းပါတယ်။


နောက်ဆုံးမှ အစာပိတ်အနေနဲ့ အုဒွန်းခေါက်ဆွဲထည့်ပြီး စားပါတယ်။ ကျမကတော့ ဗိုက်ပြည့်သွားလို့ နည်းနည်းလေး မြည်းကြည့်ယုံလောက်ပဲ စားနိုင်ပါတော့တယ်။ စားသောက်ပြီးစီးလို့ ဆရာ၊ ဆရာမတွေ ပြန်တော့ ည ၁၁ နာရီလောက် ရှိပါပြီ။ Sukiyaki ကိုတော့ ကျမလည်း အခုမှ စားဖူးပေမယ့် စားရတာ သဘောကျပါတယ်။ ဒါကြောင့် နောက်လည်း ချက်စားဖြစ်မယ် ထင်ပါရဲ့.....

နိုဝင်ဘာ ၁၅၊ ၂၀၀၇။

October 25, 2007

ဂျပန်တိုဖူး

ရုံးက ဂျပန်မသူငယ်ချင်းတွေနဲ့ နေ့လည်စာ ထွက်စားတော့ သူငယ်ချင်းတစ်ယောက်က “ဂျပန်တိုဖူးဆိုင် သွားဖူးလား”လို့ မေးပါတယ်။ ကျမက “ဂျပန်စာ သိပ်မပြောတတ်တော့ ဂျပန်စားသောက်ဆိုင်ဆိုရင် မမှာတတ်လို့ မသွားဖူးပါဘူး”လို့ ပြောလိုက်ပါတယ်။ ဒါနဲ့ သူတို့က “ဂျပန်တိုဖူး သွားစားရအောင်” လို့ ခေါ်တာနဲ့ ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်က သွားစားဖြစ်ခဲ့ပါတယ်။

မသွားခင် သူငယ်ချင်းက “ဈေးကြီးတယ်၊ ရပါ့မလား”ဆိုပြီး ကျမကို ခဏခဏ မေးပါတယ်။ “တစ်ယောက်ကို ယန်း ၅၀၀၀ ပေးရမယ်၊ အရည်တခုခုသောက်မယ်ဆိုရင် ပိုက်ဆံ ထပ်ပေးရမယ်”လို့ အရင်ကြိုပြောပြထားပါတယ်။ ကျမလည်း သွားမယ်လို့ ကတိပေးထားပြီးသား၊ ပြောထားပြီးသား စကားတစ်ခုကို ပြန် မပြင်ချင်ဘူး၊ သွားမယ်လုပ်ပြီးကာမှ ဈေးကြီးလို့ မလိုက်ဘူးဆိုတာမျိုးလည်း မဖြစ်ချင်ဘူး။ အဲဒီလိုမှ သူတို့နဲ့မသွားရင်လည်း ဘယ်နေရာမှ သွားရမှာ မဟုတ်ဘူးလေ။ သူတို့အတွက်ကတော့ ယန်း ၅၀၀၀ ဆိုတာ ဘာမှ မပြောပလောက်ပေမယ့် ကိုယ့်အတွက်ကတော့ မလိုအပ်ရင် မသုံးချင်ဘူးပေါ့။ ဒါပေမယ့် ဒီမှာ ရောက်တုန်း စားဖူးတယ်ရှိအောင် “ရပါတယ်၊ ငါသွားချင်ပါတယ်။ လိုက်ပို့ပေးပါ”ဆိုပြီး လင်မယား ၂ ယောက်စလုံး လိုက်သွားဖြစ်ကြတာပါ။

ဆိုင်ရှိတဲ့ Building က တကယ့် Osaka မြို့လယ်မှာ ရှိတာပါ။ အဲဒီ Building အထဲမှာကိုပဲ နာမည်ကြီး Company ရုံးခန်းတွေ အပြင် British Councilor ရုံးခန်းလည်း ရှိပါသေးတယ်။ Building နာမည်က Epson Osaka ပါတဲ့။ ဆိုင်က အပေါ်ဆုံးအထပ် (၂၂ ထပ်) မှာပါ။ အဲဒါကြောင့်မို့ပဲ ဈေးပိုကြီးသလားတော့ မပြောတတ်တော့ပါဘူး။


ဓာတ်လှေကားက ထွက်ထွက်ချင်းပဲ ဆိုင်ရှေ့ကို ရောက်သွားပါတယ်။ ဆိုင်က အပေါ်ဆုံးအထပ်မှာ ဆိုတော့ အပြင်ဘက် ညရှုခင်းကြည့်ရတာလည်း အရမ်းလှပါတယ်။ ဆိုင်ထဲမှာ ဂျပန်သီချင်း တီးလုံးသံကလွဲရင် တခြား ဆူဆူညံညံသံ မကြားရပါဘူး။ ဆိုင်ကို လာတဲ့ ဧည်သည်ကလည်း မများလှဘူးဆိုတော့ ကျမတို့ အားလုံး ၅ ယောက်စာအတွက် ပေးထားတဲ့အခန်းက တော်တော်လေး ကျယ်ပါတယ်။ ဒါနဲ့ ကျမတို့လည်း စကားပြောလိုက် စားပွဲထိုးတွေ လာချပေးတာ တစ်ခုပြီး တစ်ခုစားလိုက်နဲ့ ည ၁၁ နာရီကျော် လောက်မှ ဆိုင်က ပြန်လာခဲ့ကြတာပါ။ ဘာတွေ စားခဲ့လဲဆိုတာတော့ဓာတ်ပုံထဲ ကြည့်လိုက်ကြပါနော်။



အပေါ်ပုံက ဆိုင်မှာ ခင်းကျင်းထားတာကို ရိုက်ထားတာပါ။ ရှေ့က သစ်သားပြားအုပ်ထားတဲ့အောက်မှာက တိုဖူးအရည်ထည့်ထားတာ။ ဖွင့်မကြည့်မိတော့ ဘယ်လိုပုံစံ ရှိမှန်းမသိလိုက်ရဘူး။ စားပွဲထိုးက ပလပ်ပေါက်ထိုးတာပဲမြင်လိုက်ရတယ်။ နာရီဝက်လောက်ကြာတော့ ပလပ်ပေါက်ဖြုတ်ပေးပြီး စားလို့ရပြီလို့ လာပြောတော့မှ တိုဖူး ကျိုထားမှန်းသိရတာ။



ကျမတို့ထိုင်တဲ့ အခန်းရဲ့ နံရံမှာ ပန်းထိုးထားတာ လှလို့ ဓာတ်ပုံရိုက်ယူထားလိုက်တာ။




ပထမဆုံး ချထားပေးထားတဲ့ ဂျပန်စာပါ။ ဘယ်ဘက်အစွန်ဆုံး ပန်းကန်ပြားထဲက ပုဇွန်ပြုတ်ရယ် ပြီးတော့ ထမင်းဆုပ်ပေါ်မှာ ငါးရှည့်တင်ထားတာရယ်။ နောက်ပြီး အလယ်မှာက တိုဖူးအအေး၊ အရွက်သုပ်၊ ညာဘက်အစွန်ဆုံးက အသားပေါက်စီ (ဂျပန် dumpling)။ ပေါက်စီချည်းပဲစားရင် ကောင်းတယ်။ အပေါ်က အ၀ါလေးပါ ထည့်စားရင် အရမ်းစပ်ပြီး မွှန်တယ်။ ၀ါဆာဘိ လိုပဲ။ ပေါက်စီနဲ့ ရောစားလို့ မကောင်းဘူး။



ဒီဟာက ကျမ မကြိုက်တဲ့ ဆာရှိမိ(Sashimi)။ တစ်ခု နှစ်ခုလောက်ပဲ မြည်းပြီး စားလိုက်တယ်။ အကုန်တော့ မစားနိုင်ဘူး။



ကျိုထားပြီးသား တိုဖူး။ ဇွန်းနဲ့ ခပ်ပြီး ပန်းကန်လုံး ၂ လုံးထဲကို ခွဲထည့်ထားရတယ်။ ပြီးရင် စားပွဲထိုးက အရည် ၂ မျိုး လာချပေးတယ်။ အဲဒီအရည်နဲ့ ဆမ်းစားရတာ။





ပထမတစ်မျိုးက ပဲငံပြာရည်ကို စပ်ထားတဲ့ ခပ်ပျစ်ပျစ်အရည်ကို တိုဖူးထည့်တဲ့ပန်းကန်လုံးထဲ ကိုယ်ကြိုက်သလောက် ထည့်ပြီးမှ အပေါ်က ဂျင်းထောင်းထားတာရယ်၊ နှမ်းရယ်၊ နောက်ပြီး ဂျပန်အမှုန့်တစ်မျိုးပဲ နာမည်တော့ မသိဘူး။ အဲဒါတွေ အပေါ်ကထပ်ဖြူးပြီး ထည့်စားရတယ်။ တိုဖူးက နူးညံ့ပြီးတော်တော်စားလို့ကောင်းတယ်။


နောက်တစ်မျိုးကတော့ အရွက်နည်းနည်း၊ မှိုနဲ့ မုန်လာဥနီ ရောကျိုထားတဲ့ ကော်ရည်လို အရည်မျိုးပါပဲ။ အရည် ၂ မျိုးလုံးက တိုဖူးပေါ်မှာ ဆမ်းစားရတာဆိုတော့ အရသာ မတူပေမယ့် တစ်မျိုးစီတော့ စားကောင်းပါတယ်။


ဒါကတော့ အမဲသားကင်ပါ။ မီး အပူတိုက်ထားတဲ့ ကျောက်တုံးပေါ်ကို အသားတင်ပြီး ကင်ရတာ။ အမဲသားက တခုခုနဲ့များ စိမ်ထားသလားတော့ မသိဘူး။ အသားကို မီးအပူပေါ် တင်ပြီး သိပ်မကြာခင်ပဲ သူတို့က ယူပြီး ပဲငံပြာရည်နဲ့တို့စားနေပြီ။ ကိုယ့်မှာသာ ကျက်အောင်ဆိုပြီး အကြာကြီးထားပြီး ဟိုဘက်လှန်ပေးလိုက် ဒီဘက် လှိမ့်ပေးလိုက်နဲ့ သွေးရောင်ပျောက်အောင်လုပ်ရတယ်။ တကယ်စားကြည့်တော့ အမဲသားက နူးညံ့ပြီး လုံးဝ မညှီပါဘူး။



ဒါက ထမင်းကြော်လိုမျိုးပါ။ ဟင်းချိုရယ်။ ချဉ်ဖတ်အချဉ်ရယ်။ ထမင်းကြော်လိုမျိုးရယ်။ ရှေ့က ဟိုနည်းနည်း ဒီနည်းနည်း စားလာပြီး ထမင်းအလှည့်ရောက်တော့ ကုန်အောင်မစားနိုင်တော့ပါဘူး။ တစ်လုတ် နှစ်လုတ်လောက်ပဲ စားနိုင်တော့တယ်။

နောက်ဆုံးက Dessert အနေနဲ့ ပူတင်းလာချပေးတာပါ။ ပူတင်းက ဆိမ့်ပြီး စားလို့ကောင်းပါတယ်။ အရမ်းလည်း မချိုဘူး။ ဓာတ်ပုံလည်းမရိုက်လိုက်ရပါဘူး။ ကြားထဲက ဟင်း ၁ မျိုး ၂ မျိုးလောက် ကျန်နေသေးတယ်။ ဓာတ်ပုံမရှိတော့ မမှတ်မိတော့ဘူး။ လာချပေးတဲ့ အစာတွေက များလို့။ ဓာတ်ပုံရှိသလောက်ပဲ တင်ပေးလိုက်နိုင်ပါတယ်။

အဲဒီက ပြန်လာပြီး ကျမကတော့ “တော်ပြီ နောက်တစ်ခါ အဲဒီလိုဆိုင်မျိုး မသွားတော့ဘူး”လို့ တစ်ထိုင်တည်း ဆုံးဖြတ်လိုက်ပါတယ်။ အစားအစာတွေက ဂျပန်စာတွေဆိုတော့ ရှင်းရှင်းပြောရရင် မြန်မာပါးစပ်နဲ့ မကိုက်လှပါဘူး။ အခုဟာကလည်း တစ်ခါတစ်လေ စားတာဆိုတော့ စားကောင်းပါတယ်။ ခဏခဏစားချင်တယ်ဆိုပြီး တောင့်တလောက်အောင်တော့ မဖြစ်မိပါဘူး။ တစ်ရုံးတည်း အလုပ်အတူလုပ်တဲ့ သူငယ်ချင်းတွေနဲ့ အတူတူသွားကြတယ်။ မစားဖူးသေးတဲ့ အစာတစ်ခု စားဖူးလိုက်တယ်။ သူတို့တစ်တွေနဲ့လည်း စကားစမြည်ပြောဖြစ်တယ်ဆိုတော့ ကျမအတွက် အတွေ့အကြုံအသစ်အဆန်းတခုပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီညက ကျမတို့ ပျော်ခဲ့ကြပါတယ်။

အောက်တိုဘာ ၂၅၊ ၂၀၀၇။

September 2, 2007

Takoyaki Video

Takoyaki နဲ့ ပတ်သက်တဲ့ Video ကို YouTube မှာတွေ့လို့ တင်ပေးလိုက်ပါတယ်။


စက်တင်ဘာ ၂၊ ၂၀၀၇။

Takoyaki Party

ဂျပန်စာ သင်ပေးတဲ့ ဆရာ၊ ဆရာမတွေက မနေ့က ဂျပန်မုန့်တစ်မျိုးလုပ်ကျွေးမယ်ဆိုပြီး ချိန်းထားတာနဲ့ နေ့လည် ၁၂ နာရီလောက်ကျတော့ အိမ်ကိုရောက်လာကြတယ်။ ခဏတဖြုတ်နားပြီးတာနဲ့ အိမ်နားမှာရှိတဲ့ Department Store ကို ဈေး သွားဝယ်ကြတာပေါ့။ ကိုယ်ကလည်း ဘာပစ္စည်းတွေ လိုမယ်ဆိုတာ မသိတော့ ကြိုတင်ပြီး ၀ယ်မထားပေးခဲ့နိုင်ဘူး။ ဒါကြောင့် သူတို့နဲ့ပဲ အတူသွားဝယ်ဖြစ်ခဲ့တယ်။

သူတို့ လုပ်ကျွေးမဲ့မုန့်က Takoyaki (တာကိုရကိ) ပါ။ Osaka ဘက်မှာတော့ Takoyaki ဆိုင်တွေ များသလို ပိုပြီးလည်း စားလို့ကောင်းတယ်၊ နာမည်လည်းကြီးတယ်လို့ ဆရာမက ပြောပြပါတယ်။ နောက်ပြီး Osaka ကလူတွေကတော့ Takoyaki ကို ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ လုပ်စားကြတာများတယ်။ Takoyaki လုပ်ရင် သုံးတဲ့ အိုးကို အိမ်တိုင်းမှာ ၀ယ်ထားလေ့ရှိတယ်လို့လည်း ပြောပြပါတယ်။ ဒါကြောင့်လည်း Osaka သူစစ်စစ် ဆရာမက မုန့်လုပ်ဖို့အိုးကို သူ့အိမ်မှာရှိတဲ့ဟာ ယူလာပေးတာပါ။ Takoyaki မုန့်ကို မြန်မာလို လွယ်လွယ်ခေါ်ရင်တော့ ရေဘ၀ဲမုန့်ပေါ့။ YouTube မှာတော့ Octopus Ball လို့ခေါ်ထားတာပဲ။ Tako ရဲ့ အဓိပ္ပါယ်က ရေဘ၀ဲပါ။ yaki ဆိုတာကတော့ grill လုပ်ထားတာကိုခေါ်ပေမယ့် ဒီမှာကျတော့ မုန့်ကို အပူပေးပြီး လုပ်ထားတာပါပဲ။

မုန့်လုပ်ဖို့ လိုအပ်တာတွေကတော့ ရေဘ၀ဲ၊ မုန့်နှစ်လုပ်ဖို့ အမှုန့်၊ ဂျင်းနဲ့ ရှာလကာရည် စိမ်ထားတာ၊ ကြက်သွန်မိတ်၊ ပင်လယ်ရေညှိအခြောက်ကို အမှုန့်လုပ်ထားတဲ့ဟာ၊ Takoyaki sauce, mayonnaise၊ Cheese ၁ထုပ်၊ ပြီးတော့ ဂျပန်တွေ စားလေ့ရှိတဲ့ jelly တစ်မျိုးလည်းပါပါတယ်။ အဲဒါတွေက အဓိက ပစ္စည်းတွေပါပဲ။ ဂျပန်မုန့်လုပ်စားတာဆိုတော့ လိုအပ်တဲ့ ပစ္စည်းတွေက အရံသင့် ရှိပြီးသားတွေကို ၀ယ်လိုက်ယုံပါပဲ။ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လုပ်ရတာ မပါ ပါဘူး။ အရင်ကတော့ စားချင်ရင် ဆိုင်မှာဝယ်စားလိုက်တာပဲ။ အခု ဒီမုန့်လုပ်နည်းသိသွားတော့လည်း တော်တော် လွယ်ပါတယ်။

ဂျပန်ဆရာက ယောင်္ကျားလေးပေမယ့် မုန့်လုပ်ဖို့အတွက် သူဘာသာသူပဲ ပြင်ပါတယ်။ မုန့်အနှစ်လည်း သူ့ဘာသာသူ စပ်တယ်။ လှီးစရာ ရှိတာလည်း သူဘဲ လှီးတယ်။ ကျမနဲ့ ဆရာမတွေကတော့ Blog တွေ လျှောက်သွားပြီး မြန်မာပြည်က ရှုခင်းပုံတွေ ပြရင်း အလုပ်ရှုတ်နေကြတာပါ။ မိန်းခလေးတွေ ဘာမှ လုပ်ပေးစရာ မလိုပါဘူး။ (ဒီတစ်ခါ အသက်သာဆုံးပဲ။ သူက အားလုံးပြီးတော့လည်း ပန်းကန်တွေ ဆေးကြောသွားပေးသေးတယ်လေ။ )

ဒါကတော့ မုန့်မလုပ်ခင် ပစ္စည်းတွေပေါ့။




ဆရာက ခေါင်းကို မျက်နှာသုတ်ပုဝါကြီးစီးပြီးတော့ ရေဘ၀ဲတွေ စပြီးလှီးတော့တာပဲ။ အခုလှီးနေတာကတော့ ဂျပန် Jelly လိုမျိုးကို လှီးနေတာပါ။ သူတို့ခေါ်တာကတော့ Konnyaku (ကွန်ညခု)တဲ့။


စစချင်း မုန့်လုပ်တဲ့အိုးလေးကို ပူလာအောင် ပလပ်ပေါက်ထိုးထားလိုက်ပြီး အိုးပူလာတော့ ဆီလိုက်သုတ်ထားရတယ်။ ပြီးရင် မုန့်အနှစ်ရယ် ကြက်ဥရယ် ဖျော်ထားတာကို အိုးထဲ လိုက်ဖြည့်လိုက်တာ။ ဆရာမ တစ်ယောက်က ရေဘ၀ဲ၊ Jelly တုံး၊ ကြက်သွန်မိတ် ၊ ဂျင်း၊ လှီးထားပြီးသားတွေ လိုက်ဖြူးပေးတယ်။


တအောင့်ကြာရင် တုတ်ချောင်းလေးတွေနဲ့ လိုက်မွှေပေးတာ ပျော်စရာ။ အလုံးလေးဖြစ်အောင် လှည့်မွှေပြီး တဖက်ပြန်လှန်ရတယ်။ မလုပ်တတ်ခင်တော့ တုတ်နဲ့ လျှောက်ဆွထားတာ ပွပေကုန်တာပေါ့။ နောက်ပိုင်းမှ အဆင်ပြေသွားတယ်။




ကျက်ပြီဆိုရင် မုန့်လုံးလေးတွေကို ပန်းကန်ပြားထဲထည့်လိုက်ပြီး အပေါ်က Takoyaki sauce (အညိုရောင်အနှစ်)၊ mayonnaise စမ်းပြီး အပေါ်ဆုံးကမှ ရေညှိအခြောက်မှုန့်လေး ဖြူးပြီးရင် စားလို့ရပြီ။



ဆိုင်မှာစားမယ်ဆိုရင်တော့ ဒီလို ပုံစံလေး စားရတယ်။

စက်တင်ဘာ ၂၊ ၂၀၀၇။

September 1, 2007

Sushi မကြိုက်တဲ့ ကျမ (သို့မဟုတ်) လူမိုက်

အမှန်အတိုင်း ပြောရရင် ကျမ Sushi လည်း မကြိုက်ဘူး။ Sashimi လည်း မကြိုက်ဘူး။ Sushi ကြိုက်တဲ့ သူငယ်ချင်းကတော့ ကျမကို “ဒီလောက်ကောင်းတဲ့ အစားအစာကို မကြိုက်တာ လူမိုက်တဲ့။ ဂျပန်မှာ လွယ်လွယ်ဝယ်စားလို့ရနေတော့ မကြိုက်တာပါ” ဆိုပြီး ကောင်းချီးပေးဖူးပါတယ်။

ဂျပန်ရောက်ခါစတုန်းကလည်း Sushi စားဖူးတယ်ရှိအောင် ဆိုင်မှာသွားစားခဲ့တာပါ။ ကျမသွားစားခဲ့တဲ့ ဆိုင်မှာကျတော့ Sushi ထည့်ထားတဲ့ ပန်းကန်ပြားလေးတွေက ထိုင်တဲ့လူတွေရှေ့ကနေ ဖြတ်ပြီး သွားနေတာ၊ ကိုယ်စားချင်တာဆိုရင် လှမ်းဆွဲပြီး စားလိုက်ယုံပါပဲ။ စားပြီးမှ ပန်းကန်ပြားလေးတွေကို ငွေရှင်း ကောင်တာဆီယူသွားပြီး ကျသင့်ငွေရှင်းပေးရတာပါ။ အဲဒီတုန်းကလည်း ၁ခု ၂ခုလောက်ပဲ စားနိုင်ခဲ့တယ်။ နောက်ပိုင်း ဆက်စားလို့မရတော့တာနဲ့ အသားကျက်မယ်ထင်တာလေးတွေပဲ ရွေးယူပြီး စားခဲ့ရတာ မှတ်မိသေးတယ်။ ဆိုင်မှာက ဂျင်းနုနုလေးတွေကို ရှာလကာရည်ထဲ ထည့်စိမ်ထားတဲ့ဟာနဲ့ တွဲစားရတာ၊ အဲဒါ Sushi သိပ်မစားဖြစ်ပဲ ဂျင်းဖတ်က ပိုစားကောင်းတာနဲ့ ဂျင်းဖတ်ပဲ အများကြီး စားဖြစ်ခဲ့တယ်။

နောက်ပြီး ရုံးကနေ ဂျပန်စာ ခေါ်သင်ပေးတဲ့ ဆရာမကြီး အိမ်လာလည်တုန်း ကျမတို့ မြန်မာမိန်းကလေးတွေက မုန့်ဟင်းခါး၊ ကြာဇံချက် နည်းနည်းချင်းစီ ချက်ပြီး ဆရာမကြီးကို မြန်မာအစားအစာ လုပ်ကျွေးကြတယ်။ သူကတော့ စားကောင်းတယ် စားကောင်းတယ်ဆိုပြီး ကျမတို့ ချက်ကျွေးသမျှ စားရှာတယ်။ ကျမတို့အတွက် Sushi set ကို ဗန်းလိုက်ဝယ်လာပေးတာလည်း အများကြီးပဲ။ ဈေးလည်းအတော်ကြီးမဲ့ပုံ။ ထမင်းဆုပ်ပေါ်က ငါးဥကြီးတွေကလည်း တော်တော်ကြီးတယ်။ ပဲငံပြာရည်နဲ့တို့စားတာ ကြိုက်တဲ့သူအတွက်တော့ ကောင်းတယ်ပြောပေမယ့် ကျမ ကြိုးစားပြီး စားကြည့်တာ ငါးဥက ပါးစပ်ထဲမှာ ပေါက်သွားရင် ညှီတဲ့အနံ့ကို ဘယ်လိုမှ မခံနိုင်ဘူး။ အဲဒီကတည်းက ဘယ်တော့မှ Sushi မစားဖြစ်တော့တာ အခုထိပါပဲ။

Sashimi စားတုန်းကလည်း အဲဒီလိုပဲ။ ငါးအစိမ်းတွေ ပါးစပ်ထဲထည့်လိုက်ပြီးရင် အေးစက်စက်နဲ့ အစိမ်းကြီး စားနေရပါလားဆိုတဲ့အသိကြောင့် ဆက်စားလို့ မရတော့ဘူး။ ပြီးတော့လည်း အသားစိမ်းဆိုတာ တစ်ခါမှ မစားဖူးတော့ စားရင်းက ပြန်ထွေးထုတ်ပစ်ချင်တဲ့ စိတ်ကို မနည်းထိန်းချုပ်ထားခဲ့ရတယ်။ ဘေးနားက အချိုရည်နဲ့ မြန်မြန်မျောချခဲ့ရဖူးတယ်။ နောက်ပြီး ပထမ တစ်ခါ မြန်မာပြည်ပြန်ခါနီးတော့ ရုံးက လူတွေက ကျမတို့ကို Farewell party လုပ်ပေးခဲ့တယ်။ အဲဒီမှာ တမင်ပဲ Sashimi မှာပေးတယ်။ မပြန်ခင် စားသွားရအောင် သူတို့ကတော့ စေတနာနဲ့မှာပေးတာပါပဲ။ ဈေးကြီးပေးရတာ သိပေမယ့် ကျမ တို့တောင် မတို့ခဲ့ဘူး။

ဂျပန်တွေက Sushi ကို ပုံစံအမျိုးမျိုး လုပ်စားကြတယ်။ ထမင်းပူပူထဲကို ရှာလကာရှည်၊ ဆား၊ သကြားထည့်နယ်ထားပြီး အသား၊ ငါး၊ ပင်လယ်စာ၊ အသီးအရွက် (အများအားဖြင့် သခွားသီးပေါ့)၊ ကြက်ဥ၊ ငါးဥ ၊ ပင်လယ်ရေညှိအခြောက် အဲဒါတွေနဲ့သင့်သလို စားကြတာပဲ။ ရှာလကာရည်နဲ့ ထမင်းပါပြီဆိုရင်ပဲ Sushi လို့ခေါ်ကြတယ်။

ကိုယ်က မြန်မာပါးစပ်မို့လို့ အသားစိမ်း၊ ငါးစိမ်း စားမရလို့ Sushi တို့ Sashimi တို့ မကြိုက်တာမှန်ပေမယ့် သူငယ်ချင်း ဂျပန်မ စစ်စစ်က သူလည်း အသားစိမ်း၊ ငါးစိမ်း စားမရလို့ Sushi နဲ့ Sashimi ကို မကြိုက်ဘူးတဲ့။ သူပြောတာ ကြားခါစက အရမ်းအံ့သြမိတာပေါ့။ ဘယ့်နှယ် ဂျပန်မက သူတို့ စားနေကြ အစားအစာကို မကြိုက်ဘူး ရှိရတယ်လို့။ ဒါနဲ့ကျမလည်း အဖော်ရပြီဆိုပြီး တိတ်တိတ်လေး ပျော်သွားတယ်။ “အမယ်... တယ်ဟုတ်ပါလား..ငါတစ်ယောက်ထဲ အကောင်းမကြိုက်တာမဟုတ်ဘူး။ သူ ဂျပန်စစ်စစ်ကလည်း မကြိုက်ဘူး။ ဒါဆို သူလည်း လူမိုက်ပေါ့။ အမိုက် အမိုက်ချင်းပေါင်းမိပြီ” ဆိုပြီး ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိလိုက်သေးတယ်။

အခု ဂျပန်စာ သင်ပေးတဲ့ဆရာကလည်း Sushi ဆိုင်မှာ အလုပ်လုပ်ဖူးတော့ သူလည်း ထမင်းရယ် ရှာလကာရည် ရောနယ်ထားတဲ့အနံ့ကို လုံးဝမကြိုက်ဘူးတဲ့။ အဲဒီ အနံ့မခံနိုင်တဲ့သူက Sushi ဆိုင်မှာ အလုပ်လုပ်ခဲ့ရတယ်ဆိုတာ ပြောပြလို့ ရီခဲ့ရသေးတယ်။ ကျမတို့ မြန်မာ လူမျိုးထဲမှာကိုပဲ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ မကြိုက်တဲ့သူ ရှိသေးတာပဲဆိုတော့ သူတို့ဂျပန်လူမျိုး Sushi မကြိုက်တာ ဆန်းတော့ မဆန်းဘူးပေါ့လေ။

ကျမလည်း Sushi ကို ကြိုးစားပြီး စားကြည့်မယ်ဆိုတဲ့ စိတ်ကူးတော့ ခဏခဏ ရမိသား။ ဘယ်တော့မှ ဒီလို အစားအစာမျိုးကို ကြိုက်လာမလဲတော့ မပြောတတ်တော့ပါဘူး။ လူ့စိတ်ဆိုတာကလည်း ပြောင်းလဲတတ်တာဆိုတော့ အခုမကြိုက်ပေမယ့် နောင်တစ်ချိန် ကြိုက်ချင်ကြိုက်လာနိုင်တာပဲ မဟုတ်လား။ ကိုယ်ကြိုက်လာတဲ့ အချိန်မှာ စားချင်တဲ့ အရာကို အလွယ်တကူ ၀ယ်လို့ ရနေပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့လေ။

ကြုံကြိုက်တုန်းတော့ ပြီးခဲ့တဲ့ တပတ်က ဂျပန်စာ ဆရာမကို Sushi လုပ်နည်းလေး သင်ပေးပါလို့ တောင်းဆိုလိုက်တယ်။ ဆရာမက ဒီလာမဲ့အပတ်မှာတော့ ဂျပန်မုန့်တမျိုး လုပ်ကျွေးမယ်တဲ့။ နောက်တစ်ခါဆိုရင်တော့ လုပ်လို့လည်း လွယ်ပြီး ဘယ်နေရာမှာမဆို ၀ယ်လို့ရတဲ့ ပစ္စည်းတွေနဲ့ လုပ်တဲ့ Sushi လုပ်နည်းပြောပြပေးမယ်လို့ ပြောပါတယ်။ Sushi မစားခင် သူတို့ ဂျပန်ရိုးရာ Sushi စားတဲ့ ထုံးစံလေးကို YouTube မှာ တင်ထားတာ ခဏကြည့်လိုက်ကြပါစို့။




စက်တင်ဘာ ၁၊ ၂၀၀၇။

August 13, 2007

Kayaku Teishoku Set

တနင်္ဂနွေနေ့က Photo Club အသင်းသားတွေနဲ့ မီးထွန်းပွဲတော် လိုက်သွားဖြစ်ခဲ့တယ်။ မီးထွန်းပွဲတော်က Nara (နရ) မှာပါ။ Osaka ကနေဆိုရင် ၄၅ မိနစ်လောက် ရထားစီးပြီးမှ ရောက်ပါတယ်။ လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်လိုက်ကြတာ ညနေ ၆ နာရီလောက်ကျတော့ လူတွေလည်း တော်တော် ပင်ပန်းနေကြပါပြီ။ ဗိုက်လည်း တော်တော်ဆာနေကြပြီလေ။ (၂ နာရီလောက် တောက်လျှောက် လမ်းပဲလျှောက်နေတာကိုး) ဒါနဲ့ ညစာ တခုခုစားမယ်ဆိုပြီး ဂျပန်ဆိုင်မှာပဲ ညစာ ၀င်စားဖြစ်ကြတယ်။

ဆိုင်နေရာကကျဉ်းပေမယ့် လူဆန့်အောင် အကန့်လေးတွေ ကန့်ထားတာမို့ ကျွန်မတို့သွားတဲ့ လူ ၂၀ ကျော်နဲ့တင် အပေါ်ထပ် တခုလုံး လူပြည့် လုနီးပါးဖြစ်သွားတာပေါ့။ ကျွန်မတို့နဲ့ သူငယ်ချင်း ဂျပန်မလေး လာထိုင်တော့ ညစာအတွက် မှာစားရတာ တော်တော် အဆင်ပြေခဲ့ပါတယ်။ သူက Menu ကိုတခုချင်းစီရှင်းပြပေးတာကိုး။ ဒါကြောင့် ကျွန်မတို့လည်း တခါမှ မစားဘူးတဲ့ ဂျပန်အစားအစာ အသစ်တွေကို သူ့ကျေးဇူးကြောင့် စားဖြစ်ခဲ့ပါတယ်။


ဒီဟာကို Menu မှာ ရေးထားတာက Kayaku Teishoku (ခရခု တဲအိရှိုးခု) ဆိုပြီးရေးထားတယ်။ Kayaku ကတော့ အသားရယ် ဟင်းသီးဟင်းရွက်ရယ် ချက်ထားတဲ့ထမင်းပါ။ Teishoku က set ပေါ့။ ထမင်းရယ်၊ main dish ရယ် side dish ပါတာကို ခေါ်တာ။ အခုကျွန်မ မှာစားခဲ့တာက Kayaku ထမင်းရယ် ပြီးတော့ Oden (အိုဒန်း) ရယ်၊ misoshiru soup (မီစိုရှိရု) ပါ။ အမှန်ကတော့ အိုဒန်းကို ဆောင်းတွင်းမှာပဲ စားကြတာပါ။ အခုမြင်ရတဲ့ အိုဒန်းက တကယ့် အိုဒန်းလိုမျိုး အတိအကျတော့ မဟုတ်ပါဘူး။ တကယ့် အိုဒန်းအစစ်က မုန်လာဥဖြူ၊ ကြက်ဥ၊ ပဲပြား၊ မှို၊ fish cake အပြင် တခြား ကျွန်မ မသိတာတွေလည်းရှိပါတယ်။ အဲဒါတွေကို အကုန်စုပြီးထည့်ပြုတ်ထားတာပါ။ အရသာက အချိုဘက်ကို ပိုများတယ်။ miso soup ကတော့ ပဲနှစ်ရည်နဲ့ ပင်လယ်ရေညှိနဲ့ ချက်ထားတဲ့ ဟင်းချိုပါ။ ဂျပန်တွေကတော့ ကျန်းမာရေးကောင်းတယ် အားရှိတယ်ဆိုပြီး မနက်တိုင်း သောက်လေ့ရှိပါတယ်။ အခုတခါ စားဖြစ်ခဲ့တဲ့ ညစာကတော့ စားလို့ကောင်းသလို ဈေးကလည်း သိပ်မများပါဘူး။ ယန်း ၄၇၀ ပေးရတာဆိုတော့ ၃ ဒေါ်လာလောက်ပါပဲ။

အိုဒန်းအစစ်ကတော့ ဒီလိုမျိုးပါ။ (အရသာရှိမဲ့ပုံပါပဲ.. လာမဲ့ဆောင်းတွင်းရောက်မှ မြည်းကြည့်ရအုံးမယ်..)

ဓာတ်ပုံကို ဒီနေရာ က ယူပါတယ်။



သြဂုတ် ၁၂၊ ၂၀၀၇။

August 5, 2007

ငါးရှဥ့်ထမင်း - Unagi



တနင်္လာနေ့ ဇူလိုင် ၃၀ ရက်နေ့က ဂျပန်မှာ အပူဆုံးနေ့ပါ။ ဂျပန်လိုခေါ်တာက doyoo no ushi no hi (ဒိုရိုး နို ဥရှိ နို ဟိ) လို့ခေါ်တယ်။ သူတို့ကို ဘာအဓိပ္ပါယ်ရှိလဲမေးကြည့်တော့ အလုပ်အတူတူလုပ်နေတဲ့ သူငယ်ချင်း ဂျပန်မ လေး ပြောတာက အဲဒီ့နေ့ကို အင်္ဂလိပ်လိုဆိုရင် Dog days လို့ခေါ်တယ်တဲ့။ နွေရာသီ (summer) ကနေ ဆောင်းဦးပေါက် (autumn) ကိုပြောင်းခါနီး မှာ အပူရှိန်မြင့်လို့ ဂျပန်တွေက ငါးရှဥ့်စားလေ့ရှိကြတယ်။ အပူဆုံးနေ့မှာ ငါးရှဥ့်စားရင် အားရှိတယ် vitamin လည်းရတယ်။ အားပြန်ပြည့်တယ် အရမ်းပူတဲ့ရာသီဥတု ဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ် ဆိုတဲ့ အယူအဆနဲ့ ဂျပန်တိုင်းဟာ အဲဒီ့နေ့မှာ ငါးရှဥ့် ကို အထူးမှာစားလေ့ရှိတယ်။

ကျွန်မလည်း ရုံးက သူငယ်ချင်းမလေးက ထမင်းစားရင် အတူသွားစားမယ်လို့ ပြောတာနဲ့ သူတို့နဲ့အတူ နေ့လည်စာ သွားစားဖြစ်ခဲ့တယ်။ ပုံမှန် ရုံးချိန်က ၁၂ နာရီကနေ ၁ နာရီပါ။ ဒါပေမယ့် အဲဒီ့နေ့က ငါးရှဥ့်ထမင်းရောင်းတဲ့ဆိုင်မှာ လူတန်းစီပြီး အကြာကြီးစောင့်ရမှာမို့ စောစောထွက်ရအောင်ဆိုပြီး ၁၁ နာရီ ၄၅ မိနစ် ရုံးကနေ ထွက်လာကြတာပေါ့။ ဆိုင်က ရုံးနဲ့ ကပ်လျက်ပဲဆိုတော့ လမ်းလည်း အကြာကြီး လျှောက်မနေရပါဘူး ခဏလေးနဲ့ပဲ ငါးရှဥ့်ထမင်းရောင်းတဲ့ဆိုင်ကို ရောက်လာတယ်။ လူတွေက မတ်တပ်ရပ်လျက် တန်းစီနေတာ မနည်းပါဘူး။ ဂျပန်တွေ ထုံးစံက မဖြစ်မနေ ဒါကို ဒီနေ့မှာ စားရမယ်ဆိုရင် စားကို စားရမှဆိုတဲ့ဇွဲကတော့ တော်တော်ကောင်းတယ်ပြောရမယ်။ ကျွန်မစိတ်ကတော့ စောင့်ရတာကို စိတ်မရှည်တတ်တဲ့သူဆိုတော့ လူများတယ်ဆိုရင် ဘယ်တော့မှ အချိန်ကုန်ခံပြီး ရပ်စောင့်မနေပါဘူး။ ဒီနေ့မစားရလည်း မနက်ဖန်စားလို့ရတယ်ဆိုပြီး ပြန်ခဲ့မိမှာပါပဲ။ ဒါပေမယ့် ဂျပန်သူငယ်ချင်းတွေနဲ့သွားတော့ သူတို့နည်းတူ ရပ်စောင့်ရတာပေါ့။ ဆိုင်နေရာကလည်းကျဉ်းပြန် လူကလည်း များဆိုတော့ ဆိုင်မှာထိုင်စားဖို့ကို တော်တော်ကြာကြာစောင့်လိုက်ရပါတယ်။ ကျွန်မတို့ ထိုင်စားဖို့ နေရာရတော့ ၁၂ နာရီ ၄၅ မိနစ်ရှိနေပါပြီ။ ကျွန်မလည်း ရန်ကုန်မှာကတည်းက ငါးရှည့်ဆိုရင် လုံးလုံးမစားတာ အခု သူတို့ကခေါ်လို့ စားဖူးတယ်ရှိအောင်သာ လိုက်စားဖြစ်တာ စားမှ စားနိုင်ပါ့မလားဆိုပြီး စိုးရိမ်တာလည်း ပါတယ်။ စောင့်ရတာ ကြာလို့ စိတ်လည်း သိပ်မရှည်ချင်တော့ပါဘူး။

၁ နာရီထိုးခါနီးတော့ ကျွန်မတို့စားဖို့အတွက် ယွန်းဘူးလို ထမင်းဘူးလေးတွေ တစ်ယောက် တစ်ဘူးလာချပေးပါတယ်။ ပြီးတော့ ဟင်းချို၊ ထမင်းနဲ့အတူ စားလို့ရတဲ့ ချဉ်ဖတ်၊ နောက်ဆုံးတော့ ရေနွေးကြမ်းပေါ့။ ကျွန်မလည်း ထမင်းဘူးကို ဖွင့်ကြည့်တော့ ထမင်းကို အောက်ကထား၊ ငါးရှည့်ကို ပဲငံပြာရည်လိုမျိုးနဲ့မီးကင်ထားပြီး ထမင်းနဲ့ ပြန်ပေါင်းထားသလိုမျိုးပါ။ အဲဒီ့လို လုပ်ထားတယ်လို့ထင်တာပါပဲ။ တခါမှလည်း မစားဖူးတော့ စားခါစက စားကောင်းသလိုလိုနဲ့ ကြာကြာ စားမိတော့ ငါးရှဥ့်ညှီနံ့မခံနိုင်တာရယ် ပြီးတော့ စားရင်းလည်း အီလာတော့ နောက်ပိုင်းထမင်းလုတ်တွေက ဟင်းချိုနဲ့ မျောချ၊ ရေနဲ့မျောချပြီး တစ်ဘူးကို ကုန်အောင်စားခဲ့ရပါတယ်။ ဂျပန်တွေ ထုံးစံက ကိုယ်က သူတို့အစားအစာကို စားကြည့်ပြီး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဟန်ဆောင်ပြီး Oishi (အိုအိရှိ) အရသာရှိတယ် ဆိုပြီး ပြောကြတယ်။ အဲဒီ့တော့ ကိုယ်ကလည်း မကြိုက်ပေမယ့် Oishi ဆိုတာကို တွင်တွင်ပြောရင်း ပါးစပ်ထဲက ထမင်းလုတ်ကိုပဲ ရေနဲ့မျောချရပါတော့တယ်။ ဂျပန်လို ငါးရှဥ့်ကို ခေါ်တာ unagi (ဥနဂိ) တဲ့။

ဇူလိုင် ၃၀၊ ၂၀၀၇။


August 4, 2007

Kushi Age


ပြီးခဲ့တဲ့ ပိတ်ရက် တနင်္ဂနွေနေ့က သူငယ်ချင်းတွေနဲ့အတူ စားခဲ့ရတဲ့ ဂျပန်အစားအစာ ပါ။ သူတို့အခေါ်ကတော့ Kushi Age(ခုရှိ အဂဲ) တဲ့။ Kushi က မြန်မာလို တိုက်ရိုက်ဘာသာပြန်ရမယ်ဆိုရင် တုတ်ထိုး ဒါမှမဟုတ် အသားတခုခုကို တုတ်နဲ့ထိုးတာမျိုးကို ခေါ်တာပါ။ Age ကတော့ ကြော်တာဆိုတော့ မြန်မာလို ခေါ်ရရင် တုတ်ထိုးကြော်ပေါ့။ ကျွန်မလည်း တခါမှ မစားဘူးပါဘူး။ သူငယ်ချင်း ဂျပန်မလေး နဲ့အတူ သွားစားဖြစ်လို့သာ အဆင်ပြေတာပါ။ ကိုယ့်ဘာသာ ကိုယ်ဆိုရင် ကျွမ်းကျွမ်းကျင်ကျင် မပြောတတ် မဆိုတတ်ဆိုတော့ ဒီမှာ နေရတာ communication က သိပ်တော့ အဆင်မပြေလှပါဘူး။ ဒါပေမယ့်လည်း သူတို့ရိုးရာ အစားအစာတွေကို အရင်ဆုံး စမ်းစားကြည့်မယ် ဆိုပြီး စိတ်ကူးရတာမို့လို့ အဲဒီ့ဂျပန်မလေးကို အကူအညီတောင်းတော့ သူကရုံးပိတ်ရက် တပတ်ကို တမျိုး စားကြည့်ကြမယ်ဆိုပြီး ဒီဆိုင်လေးမှာ အတူသွားစားကြတာပါ။

အဲဒီ့ဆိုင်မှာစားလို့ရတာက ၁ နာရီအတွင်းမှာ ကိုယ်ကြိုက်ရာကို ကြိုက်သလောက် ယူစားလို့ရပါတယ်။ အအေးသောက်မယ်ဆိုရင်လည်း ကြိုက်သလောက် ယူသောက်လို့ရပါတယ်။ ပြီးရင် အချိုတည်းဖို့ ကိတ်မုန့်၊ ပူတင်း၊ ရေခဲမုန့် အဲဒါတွေလည်း ကိုယ်စားနိုင်သလောက် ယူစားပေါ့လေ။ ဂျပန်လိုခေါ်တာက Tabehodai (တဘဲဟိုးဒိုင်း) လို့ခေါ်ကြတယ်။ တုတ်ထိုးထားတာကို မြင်ခဲ့ရသလောက်ကတော့ အာလူး ၊ခရမ်းသီး၊ ငရုတ်သီးစိမ်း(လုံးလုံးမစပ်ပါ) ၊ sausage၊ ၀က်သား၊ အမဲသား၊ ပုဇွန်၊ တို့ဟူး၊ မှို ၊ ဖရုံသီး အဲဒါတွေအပြင် တခြား ဟာတွေလည်းရှိပါသေးတယ်။ ကျွန်မကတော့ ကိုယ်ကြိုက်တာလေးပဲ ရွေးပြီး ယူလာတာပါ။ ပြီးတော့မှ အဲဒီ့တုတ်ထိုးထားတာလေးတွေကို မုန့်နှစ်လိုမျိုးထဲ အရင်နှစ်ပြီး ဘေးမှာ အဖြူမှုန့်သုတ်ပါတယ်။ ပြီးမှ ဆီထဲထည့်ကြော်၊ ကျက်ပြီဆိုရင် ယူစားယုံပါပဲ။ ဆိုင်မှာရေးထားတာက တခါကြော်ရင် ၅ ချောင်းပဲ ဆီခွက်ထဲကို အများဆုံးထည့်ကျော်ရမယ်တဲ့။ ကျွန်မတို့က မသိတော့ မြန်မြန်ကျက်အောင် တခါတည်း အများကြီးထည့်တော့ သူငယ်ချင်း ဂျပန်မလေးက ဘေးမှာ စာရေးထားပြီး ရှင်းပြထားတယ်ဆိုမှ ကျွန်မတို့ ထည့်ထားတာတွေကို ပြန်ဆယ်ရပါတယ်။ စာလည်း မဖတ်တတ်တော့ မသိဘူးလေ။

ဒီဆိုင်က တခါစားရင် ယန်း ၂၀၀၀ (၁၅ ဒေါ်လာပတ်ဝန်းကျင်) ဆိုတော့ မြန်မာအနေနဲ့တွက်ရင် ဈေးကြီးတာပေါ့။ ဒါပေမယ့် ဂျပန်မလေးနဲ့လည်း စကားစမြည်ပြောရင်း သူတို့ အလေ့အထလေးတွေ သိလိုက်ရတော့ သွားစားရတာ ပျော်လည်း ပျော်တယ် ပြီးတော့ အတွေ့အကြုံသစ်လဲရတာပေါ့။ ဓာတ်ပုံတွေက မစားခင် ရိုက်ယူထားတာ။ ဒီအစားအစာက Kansai ဘက်မှာ စားတာပါ။ Osaka ဘက်ပေါ့။ Tokyo မှာတော့ အဲဒီ့လို ဆိုင်မျိုး မတွေ့မိဘူးလို့ ဂျပန်မလေးက ရှင်းပြပါတယ်။


ဆိုင်အ၀င်ဝမှာပေါ့..


ကိုယ်စားချင်တာတွေကို ယူလာပြီး အခုလို စုထားတယ်။ ပြီးရင် မုန့်နှစ်အရည်ရယ် ဘေးက အဖြူမှုန့်သုတ်တယ်။


မုန့်နှစ်သုတ်ပြီးသားတွေကို ဒီလိုမျိုး ဆီထဲထည့်ကြော်တယ်။


ကျက်သွားရင် ဆယ်ထားပြီး ဘေးမှာ ခဏတင်ထားရတယ်။ ချက်ချင်းစားရင် ဆီမစစ်ပဲစားတော့ အီတယ်.. ခဏနေဆိုရင် ဂျပန်အချဉ်ရည် နဲ့ တို့ပြီးစားယုံပဲလေ။

ဇူလိုင် ၂၉၊ ၂၀၀၇။