October 31, 2024
Halloween - 2024
November 2, 2010
DPT Vaccine
ဇွန်လရောက်တော့ ကျမတို့ ကိုယ်ရေးကိုယ်တာ ကိစ္စ တစ်ခုကြောင့် မြန်မာပြည် ပြန်သွားခဲ့ရတယ်။ တကယ်တမ်း ကာကွယ်ဆေး ထိုးတော့ ဇူလိုင်လမှပဲ သွားထိုးပေးဖြစ်ခဲ့ပါတယ်။ အကြောင်းက မြန်မာပြည်က ပြန်လာတော့ သမီးလေး ကိုယ်မှာ မိတ်ဖုလို အပူဖုတွေ ထွက်တာ တော်တော်နဲ့ မပျောက်ပါဘူး။ ဆရာဝန်နဲ့ ပြတော့ လိမ်းဆေး ပေးလိုက်ပြီး ထိုးလက်စ ကာကွယ်ဆေး အားလုံး ရပ်ထားဖို့ မှာလိုက်တာနဲ့ မိတ်ဖုတွေ အရှင်းပျောက်မှပဲ ဇူလိုင်လ ၁၄ မှာ ကာကွယ်ဆေး ထိုးဖြစ်ခဲ့ပါတယ်။
ဆေးက အလကား ထိုးပေးတာ ဖြစ်ပြီး ဆေးထိုးဖို့ကို နီးစပ်ရာ ဆေးရုံ ဒါမှ မဟုတ် ဆေးခန်းမှာ သွားထိုးလို့ရပါတယ်။ ကျမကတော့ အိမ်နဲ့ နီးတဲ့ ကလေး ဆေးခန်းမှာပဲ သွားထိုးဖြစ်ခဲ့တယ်။ ဆေးခန်းမှာထိုင်တာက ဆရာဝန်မကြီး တစ်ယောက်တည်းပါ။ ဆရာဝန်မကြီးက အသက်က ၇၀ ကျော်လောက် ရှိပြီလို့ ထင်ရပေမယ့် သူ့ ကြည့်ရတာ သွက်သွက်လက်လက် သန်သန်မာမာ ပါပဲ။
ကာကွယ်ဆေး မထိုးခင် ထုံးစံအတိုင်း form မှာပါတဲ့ မေးခွန်းတွေ ဖြေပြီး ကလေး ကိုယ်အပူချိန်ကို တိုင်းယူပါတယ်။ ပြီးတော့ ဆရာဝန်မကြီးက ရင်ဘတ်ကို နားကြပ်နဲ့ထောက်ပြီး စမ်းသပ်ပေးတဲ့အပြင် အာခေါင်ကိုလည်း လက်နှိပ်ဓာတ်မီးနဲ့ထိုးကြည့်ပါတယ်။ ပြီးတော့မှ ဆေးထိုးပေးတာပါ။ ဆေးထိုးတာက အပ်သေးသေးလေးနဲ့ လက်မောင်းမှာ ထိုးတာမို့ စစချင်း သမီးလေးက လန့်ပြီး အော် ငိုပါတယ်။ ခဏလောက်နေတော့မှ အငို တိတ်ပြီး ရီရီမောမော ပြန်ဖြစ်သွားတယ်။ ဆေးထိုးအပြီးမှာ ကျမက ထိုးထားတဲ့ နေရာကို လက်နဲ့ခြေပေးမယ် လုပ်တော့ ဆရာမကြီးက ဖိယုံတင် ဖိခိုင်းထားပြီး ဆေးကို မခြေခိုင်းပါဘူး။ ပြန်ခါနီးတော့ ဒုတိယအကြိမ် ကာကွယ်ဆေးကို နောက် ၃ ပတ်အကြာမှာ လာထိုးဖို့ ရက်ချိန်းပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ သြဂုတ်လ (၁၈) ရက်နေ့မှာ ဒုတိယအကြိမ် ကာကွယ်ဆေး နဲ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ တတိယအကြိမ် ကာကွယ်ဆေး သွား ထိုးပေးဖြစ်ခဲ့တယ်။ ဆေး ၃ လုံးစလုံး ထိုးပြီးသွားပေမယ့် နောက် ၁ နှစ် ဒါမှမဟုတ် ၁ နှစ်ခွဲအကြာမှာ ထပ် လာထိုးရမယ်လို့လည်း မှာလိုက်ပါတယ်။
သမီးလေးကို ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေးတွေ ထိုးတုန်းကတော့ ပုံမှန်ပါပဲ။ မှတ်မှတ်ရရ တတိယ အကြိမ် ကာကွယ်ဆေး သွားထိုးတော့ သူ့ပါပါး ပါ လိုက်ပေးပါတယ်။ အဲဒီနေ့က ဆေးထိုးတော့ သမီးလေး ငိုတာ အသံတောင် ပျောက်ပါတယ်။ တစ်ခါမှ အဲဒီလောက် ငိုတာ မမြင်ဖူးပါဘူး။ အော်ငိုတာများ နှုတ်ခမ်းတွေတောင် ပြာပြီး ရှိုက်ကြီး တငင်ငိုတာမို့ ကျမ တော်တော် လန့်သွားမိတယ်။ ဒါကြောင့် ဆေးခန်းမှာပဲ အဖေတစ်လှည့် အမေတစ်လှည့် ချော့ရင်း အငိုတိတ်အောင် ခဏစောင့်ပြီးမှ အိမ်ပြန်လာခဲ့ကြပါတယ်။ အရင်တုန်းက ဆေးထိုးရင် အခုလိုမျိုး အကြာကြီး မငိုတတ်ပါဘူး။ အခုမှ ဘယ်လိုဖြစ်လဲ မသိဘူးလို့တောင် သူ့ပါပါးကို ပြောဖြစ်ပါသေးတယ်။
အဲဒီနေ့က ဆေးခန်းကနေ အိမ်ပြန်လာတယ် ဆိုပေမယ့် လမ်းမှာ ဈေးဝယ်ဖို့အတွက် တခြားနေရာကို သွားလိုက်မိတယ်။ တစ်လမ်းလုံးလည်း ဂျီကျပြီး တွန်းလှည်းထဲ ထည့်မရလို့ သူ့ကို အဖေနဲ့ အမေ တစ်ယောက် တစ်လှည့် ချီပြီး သွားရပါတယ်။ ဈေးဝယ်ပြီး အပြန် ဘတ်စ်ကားပေါ်ကျမှ ဇာတ်လမ်းက စပါတော့တယ်။ ကျမဘေးမှာ ထိုင်တာက ဘွားဘွားကြီးတစ်ယောက်ပါ။ ဘွားဘွားကြီးက သမီးလေးကို စကားပြောပြီး ချော့မြူပါတယ်။ သမီးလေးက အဲဒီ ဘွားဘွားကြီးကို သေချာ စိုက်ကြည့်ပြီး နောက်တော့ အသံအကျယ်ကြီးနဲ့ အော် ငိုပါလေရော။ အဲဒါနဲ့ ကျမလည်း ကလေး စိတ်ပြောင်းသွားအောင် ရေဘူးတိုက်၊ ကစားစရာ လက်ထဲထည့်ပေးပေမယ့် သမီးလေးက ဘွားဘွားကြီးကိုပဲ ချောင်းချောင်းကြည့်ပြီး အော်အော်ငိုတာ ကားပေါ်က လူတွေကလည်း ကျမတို့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ပေါ့။ ကလေးက အော်ငိုလွန်းမက ငိုတော့ ဘွားဘွားကြီးလည်း သူ့မျက်နှာကို လက်ကိုင်ပုဝါလေးနဲ့ အုပ်ပြီး ကာထားရှာပါတယ်။ အဲဒါလည်း ဒီက ဂျစ်တူးမလေးက မရပါဘူး။ ကျမလည်း ဘွားဘွားကြီးကိုရော ကားပေါ်က လူတွေကိုပါ အားနာလာတဲ့အပြင် သိပ်မကြာခင်မှာ အိမ်နားရောက်တော့မှာမို့ ကလေး အငိုတိတ်အောင် မတ်တပ်ရပ်ပြီးပဲ ချီထားလိုက်ပါတယ်။ အဲဒါ ဘွားဘွားကြီးက သူ့ကြောင့် ဖြစ်တာလို့ ထင်တယ်နဲ့ တူပါရဲ့။ ကျမကို ထိုင်ခိုင်းပြီး သူ မတ်တပ်ရပ်ပေးပါ့မယ်လို့ ပြောလို့ ကျမက ပြန်ပြီး အားနာရပါသေးတယ်။ ကျမလည်း ဘွားဘွားကြီးကို တောင်းပန်ပြီး နောက်တစ်မှတ်တိုင်ဆို ဆင်းတော့မှာလို့ ပြောလိုက်ပါတယ်။
ကားပေါ်က ဆင်းပြီး အိမ်ပြန်ရောက်တော့လည်း သမီးလေးက ရီမောပြီး ပျော်ရွှင်နေပြန်ပါရော။ ကျမတို့ ထင်တာကတော့ သမီးလေးက ဆရာဝန်မကြီးကို မှတ်မိသွားတဲ့ပုံစံပါပဲ။ အဲဒါဆိုတော့ ဆရာဝန်မကြီးနဲ့ ဆင်တူ တဲ့သူတွေ့ရင် သူ သတိရပြီး အော်ငိုတယ်လို့ ထင်မိပါတယ်။ နောက်ပိုင်းလည်း အကြောင်းတစ်ခုခုကြောင့် ဆေးခန်း သွားရပြီဆို သမီးလေးက သူ့ကို ဘာမှ မလုပ်ရသေးခင် ဆရာဝန်မကြီး မြင်တာနဲ့တင် ရှိုက်ကြီးတငင် ငိုနေတတ်ပါတယ်။ အမှန်တော့ ဒီအကြောင်းက ကာကွယ်ဆေးထိုးတာနဲ့ ဘယ်လိုမှ မပတ်သက်ပေမယ့် နောက်ဆုံးအကြိမ် ကာကွယ်ဆေး ထိုးခဲ့တုန်းက ဖြစ်ခဲ့တာလေးမို့ အမှတ်တရ ရေးထားလိုက်တာပါ။
ကာကွယ်ဆေးထိုးပြီးတိုင်း ဆေးအရှိန်နဲ့ သမီးလေး ဖျားနာမှာကိုပဲ စိတ်ပူမိပါတယ်။ ကလေးက ဆေးထိုးပြီး ညနေလောက်ဆို အမေကို ကပ်ပြီး နည်းနည်း ဂျီကျတတ်တယ်။ ဆေးအရှိန်နဲ့ မအီမသာဖြစ်တယ်လို့ ထင်ရတာပါပဲ။ နောက်ရက်တွေဆိုရင်တော့ ရီမောပြီး ပုံမှန်အတိုင်း သူ့ဘာသာ ဆော့ကစား နေတာမို့ စိတ်အေးရပြန်တယ်။ နောက်ပြီး ဆေးထိုးပြီး မခြေရတော့ လက်မောင်းက ဆေးထိုးထားတဲ့ နေရာကို စမ်းလိုက်ရင် အဖုလေးက တော်တော်နဲ့ မပျောက်ပါဘူး။ ၁ လကျော်လောက် ကြာတော့မှ ပျောက်သွားတော့တယ်။
DPT ကာကွယ်ဆေး ထိုးထားတဲ့မှတ်တမ်းပါ။
နိုဝင်ဘာ ၃၊ ၂၀၁၀
July 4, 2010
BCG Vaccine

Photo Link:

ဆေးထိုးပေးတဲ့ အပ်ပါ။ Photo Link:
ဆေးထိုးပြီး ၂ ရက်။
ဆေးထိုးပြီး ၃ ပတ်ကျော်။

ဆေးထိုးပြီး ၅ ပတ်ကျော်။
ဆေးထိုးပြီး ၂ လနီးပါး။
ဇူလိုင် ၄၊ ၂၀၁၀။
November 22, 2009
Momiji Season - 2009

Tofukuji Temple (ဓာတ်ပုံကို အင်တာနက်မှ ယူပါတယ်။)
အရင်ပို့စ်တုန်းက ပြောခဲ့သလိုပါပဲ အရွက် အရောင်ပြောင်းချိန် (Momiji Season) ဆိုရင် ကျမတို့ ဘက်မှာတော့ Kyoto ၀န်းကျင်တ၀ိုက်က အလှဆုံးပါ။ ဒါကြောင့် ဒီလိုချိန်ဆို Kyoto ကို လာကြတဲ့သူတွေ မနည်းလှပါဘူး။ ရထားတွဲတိုင်း လူအပြည့်ပါသလို Kyoto က နေရာတော်တော်များများမှာလည်း လူတိုးမပေါက်အောင်ပါပဲ။ ကျမတို့ကတော့ အုဂျိ (Uji - 宇治) မှာ ရှိတဲ့ ဗျိုဒိုအင်း (Byodo-In Temple - 平等院) နဲ့ Kyoto မှာ ရှိတဲ့ တိုးဖုခုဂျိ (Toufukuji Temple -東福寺 ) ကို ရောက်ဖြစ်ခဲ့ပါတယ်။
Byodo-in Temple

Tofukuji Temple (ဓာတ်ပုံကို အင်တာနက်မှ ယူပါတယ်။)
နိုဝင်ဘာ ၂၃၊ ၂၀၀၉။
March 3, 2009
မက်မွန်ပွင့်ချိန်
ဂျပန်မှာတော့ ဒီနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ နွေဦးရာသီ စ ပါတယ်။ နွေဦးရောက်ပြီဆိုတော့ Ume (梅) ပန်း တွေ တစ်ခါ ပွင့်လာပြန်ပါပြီ။ Wiki မှာ ဖတ်ရတော့ Ume အပင်က Plum မျိုးနွယ်ထဲမှာ ပါပြီး Japanese Apricot လို့လည်း ခေါ်ကြတယ်။ ဒါနဲ့ မြန်မာ အင်္ဂလိပ် အဘိဓာန်မှာ Apricot စာလုံး ရှာကြည့်တာ “မက်မွန်” ဆိုပြီး ဘာသာပြန်ထားတယ်။ အဲဒီတော့ Ume ပန်းကို မက်မွန်ပန်းလို့ပဲ ခေါ်လိုက်တော့မယ်နော်။ မက်မွန်ပန်းက ပုံမှန်ဆို မတ်လဆန်းကနေ မတ်လလယ်လောက်မှ စ ပွင့်တတ်တာ။ ဒီနှစ်တော့ မနှစ်ကထက် စာရင် ပန်းပွင့်တာ စောတယ်လို့ ပြောရမယ်။ ဂျပန်ရဲ့ တချို့နေရာတွေမှာ ဖေဖော်ဝါရီ လလယ် လောက်ကတည်း က ပန်းတွေ စပြီး ပွင့်နေကြလို့ပါ။
မက်မွန်ပန်းတချို့ ပွင့်နေပြီလို့ သတင်းမှာတွေ့လိုက်မိ ကတည်းက ကျမ ပန်းပွင့်တာကို သွားကြည့်ချင်နေတာ။
*****
ဇန်န၀ါရီလ ကုန်ခါနီးမှာ
ကျမတို့ ပန်းခြံရောက်သွားတော့ ပန်းလာကြည့်တဲ့ သူတွေ အပြင် မုန့်ဈေးသည်တွေနဲ့ ပန်းခြံ တ၀ိုက်မှာတော့ လူကြိတ်ကြိတ်တိုးပဲ။ မက်မွန်ပန်းတွေက အပင်တိုင်း ပင်လုံးကျွတ် ပွင့်နေတာ အရမ်းလှတာပဲ။ ပန်းပွင့်တွေ ဝေဆာနေတဲ့ အပင်တွေ ကြည့်ရင်း စိတ်ထဲလည်း ကြည်နူးမိတယ်။ ပန်းပွင့် အနား ကပ်ပြီး မွှေးကြည့်လိုက်တော့ အနံ့သင်းသင်းလေးပဲ ရတယ်။ တချို့အပွင့်တွေဆို အနံ့မရှိဘူးတောင် ပြောလို့ရတယ်။
အခုသွားခဲ့တဲ့ ပန်းခြံမှာ မက်မွန်ပန်း မျိုးကွဲပေါင်း ၉၅ မျိုးရှိပြီး အပင်ပေါင်း ၁၂၅၀ ပင် ရှိတယ်လို့ website တစ်ခုမှာ ဖတ်ဖူးပါတယ်။ မက်မွန်ပန်းက ပွင့်ချပ် ၅ ချပ်ရှိပြီး အဖြူရောင်၊ အ၀ါရောင်၊ အနီရောင်၊ ကြက်သွေးရောင်၊ ပန်းရောင် အရင့်အဖျော့နဲ့ အရောင်စုံရှိတယ်။ နောက်ပြီး တပင်တည်းမှာကို အဖြူရောင်၊ ပန်းရောင် အဖျော့ နဲ့ အရင့် ကိုင်းဆက်ပြီး စိုက်ထားတာ လည်း တွေ့ခဲ့ရတယ်။ ပန်းပွင့်နေလို့သာ ကိုင်းဆက် စိုက်ထားမှန်း သိရတာပါ။ အပွင့်မရှိပဲ အပင်ချည်း ဆိုရင် ဘယ်လာ သိနိုင်ပါ့မလဲ။ ပန်းအမျိုးအစား နာမည်တွေ ပေးထားတာလည်း စုံနေတာပဲ။ ကျမကတော့ အပင်တွေ ကြည့်ရင်း အရောင် ဆင်တူနေတယ်ဆိုရင် အမျိုးတူတယ်ပဲ အောက်မေ့နေတာ။ တကယ်တော့ အရောင်တူပေမယ့် တချို့အပင်တွေက မိုးပေါ် ထိုးထိုးထောင်ထောင်ပွင့်တယ်။ တချို့လည်း မိုးမခပင်လို မြေကြီးကို ပြန်ပြီး ဦးညွှတ်ပြီး ပွင့်ကြတယ်။ ပုံစံအမျိုးမျိုးပဲ။
*****
ပန်းခြံထဲ လျှောက်ကြည့်ပြီးတော့ ပြန်ခါနီး မက်မွန်ပန်း ဘွန်ဆိုင်းအပင်တွေ ရောင်းတဲ့ဆိုင်မှာ သွားမော့ခဲ့လိုက်သေးတယ်။ အပင်တွေကလည်း ဈေးကြီးလိုက်တာ။ အပင်သေးသေး လက်တောက်လောက်ကလေးကို ဘွန်ဆိုင်းလုပ်ထားတာ ယန်း ၁၅၀၀၊ ၂၅၀၀၊ ၃၅၀၀၊ ၅၀၀၀ အစားစားပဲ။ အပင်ကြီးတွေဆိုရင်တော့ ယန်း သောင်းချီပြီး ပေးရမှာ။ ဈေးကြီးပေမယ့် ၀ယ်တဲ့သူတွေတော့ ၀ယ်နေကြတာပဲ။
*****
မတ်လ ၃၊ ၂၀၀၉။
February 23, 2009
မျက်မှန်
Image Link:
ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးတုန်း က ဆေး သွားစစ်ခဲ့ရပါတယ်။ ဆေးစစ်ခ ကိုတော့ ရုံးနဲ့ ချိတ်ထားတဲ့ Insurance Company က အကုန်ကျ ခံပါတယ်။ ဘာတွေကို စစ်ရမယ်ဆိုတာ ကိုယ့်ရဲ့ အသက်နဲ့၊ ပြီးခဲ့တဲ့နှစ် ဆေးစစ်ပြီးသား ပေါ်မူတည်ပြီး လိုအပ်တာကို ဒီနှစ်မှာ ထပ်စစ်ရတာပါ။ ကျမတို့ ရုံးက တစ်နှစ်ကို တစ်ခါ စစ်ခိုင်းပြီး တချို့ရုံးတွေက တစ်နှစ်မှာ နှစ်ခါ ဆေးစစ်ခိုင်းတယ်လို့ ပြောတာ ကြားဖူးတယ်။ ကျမအတွက် ဂျပန်မှာ ဆေးစစ်ဖူးတာ ပထမဆုံး အကြိမ်ပါ။
*****
*****
မျက်လုံးစစ်ဖို့အတွက် ဆရာမလေးက ကျမကို “မျက်ကပ်မှန် တပ်သလား၊ မျက်မှန်တပ်သလား” လို့မေးပါတယ်။ ကျမက “မျက်ကပ်မှန် မတပ်ဘူး၊ မျက်မှန်တော့ ကွန်ပျူတာ သုံးရင် တပ်ပါတယ်” လို့ပြောတော့ “အခု ပါ လာရင် သွားယူပြီး တပ်ပါ” လို့ပြောပါတယ်။ ဒါနဲ့ ကျမလည်း အိတ်တွေ ထားတဲ့နေရာ ပြန်လာပြီး ပါလာတဲ့ မျက်မှန်အစုပ်လေး ထုတ်တပ်ရင်း သူ့ဆီ တစ်ခါ ပြန်ပြေးရပါတယ်။ မျက်မှန်တပ်ပြီးတော့မှ သူက မျက်လုံး စမ်းတဲ့ စက်ကလေးပေါ် မျက်နှာအပ်ခိုင်းရင်း အထဲက “ဂ”ငယ် ပုံစံမျိုးစုံကို ကြည့်ခိုင်းတော့တာပါပဲ။ အဲဒီ “ဂ” ငယ် ပုံစံမျိုးစုံ တွေကို မျက်စိ စစ်ဖူးသူတိုင်း သိကြမှာပါ။ ကျမ ကြည့်ခဲ့တဲ့ “ဂ”ငယ်တွေမှာ နံပါတ် ၁ ဂငယ်က အကြီးဆုံး ဖြစ်ပြီး ဒုတိယ စာလုံး ဆိုရင် နည်းနည်း သေး လာပါတယ်။ နောက်ပိုင်း နံပါတ် ကြီးလာလေ စာလုံးတွေက တဖြည်းဖြည်းနဲ့ သေး သေးလာတာပေါ့။ အဲဒီ ဆိုဒ်စုံ ဂငယ်ကြည့်ခိုင်းတော့မှ ကျမ မျက်လုံးတွေ မကောင်းတော့ဘူး ဆိုတာ ဘူးပေါ်သလိုပေါ်တာပါပဲ။
အစတုန်းက ကိုယ်ကိုကိုယ် ညာနေသေးတယ်။ မကောင်းပေမယ့် ဘယ်လောက်အထိ မကောင်းဘူးလည်း ဆိုတာ သိမှ မသိတာ။ အခု ဆရာမက ကြည့်ခိုင်းတဲ့ စက်ရဲ့ အပေါက်ကလေးက ချောင်းကြည့်ရတဲ့ ဂငယ်မှာ ကျမ မြင်ရတာဆိုလို့ နံပါတ် ၁ ဂငယ်ပဲ ရှိပြီး ကျန်တဲ့ ဂငယ်တွေက အပေါက် ဘယ်ဘက်ကို လှည့်နေမှန်း မသိလောက်အောင်ေ၀၀ါးနေတာပါပဲ။ ဆရာမက ကျမကို “ ဂ ငယ် ဘယ်ဘက် လှည့်နေလဲ မြင်ရလား” လို့မေးရင် ကျမ ဘာမှ မမြင်ရလို့ အဆင့် ၁ ကနေကို မတက်ပါဘူး။ သူလည်း “သေချာ ကြည့်ပါဦး” လို့ပြောပြီး ၂ ခါ ၃ ခါ ထပ်စစ်ပေမယ့် ဂငယ်ရဲ့ အဖွင့်ဘက်ကို မှန်အောင်မပြောနိုင်လို့ နောက်ဆုံး “မျက်လုံး မကောင်းဘူးပဲ” လို့ မှတ်ချက်ချပါတယ်။ မျက်လုံးပြီး နားစစ်တာတော့ အခြေအနေ ကောင်းတယ်။ မှန်လုံခန်းထဲမှာ နေရပြီး အသံတိုးတိုးလေး “တီ”လို့ ကြားရင် လက်ထဲမှာ ရှိတဲ့ ခလုပ်လေးကို နှိပ်လိုက်ယုံပဲ။ အသံတိုးတိုး သွားပေမယ့် အားလုံး ကြားရပါတယ်။ (တော်သေးတာပေါ့ .. ၀ူး..)
သွေးစစ်တာက သွေးစုပ်တဲ့ ဆရာမကြောင့် တော်တော်လေး ခံစားလိုက်ရတယ်။ လက်ထဲကို အပ်ကြီး စိုက်ရက်သားကနေ သွေးကြောရှာမတွေ့ပဲ ဟိုစမ်းဒီစမ်းနဲ့ လက်ကို အပ်နဲ့ မွှေ့နေတာ သွေးစုပ်တာ မနာပဲ သူအပ်နဲ့ မွှေ့လို့ အရမ်းနာပါတယ်။ ဆရာမက အသစ်မို့ထင်တယ်။ အကြောရှာတာ သိပ်မကျွမ်းကျင်ဘူး။ ပိန်လို့ အကြောတွေပေါ်နေတာ သူ့ကျမှ အကြောရှာမတွေ့ဘူးရယ်လို့။ လိုသလောက် သွေးစုပ်ထုတ်ပြီးတော့ ကျမလည်း တအားနာတာ ခပ်မျော့မျော့ပဲ ကျန်တယ်။ ဒါတောင် သတ္တိ အတော်ကောင်းတာနော်။ တစ်ချက်မှ သွေးစုပ်ထုတ်နေတာကို မကြည့်ဘူး။ မျက်နှာလေး အသာလွှဲထားရင်း လုပ်ချင်သလိုသာ လုပ်၊ ထုတ်ချင်သလိုသာ ထုတ်တော့လို့ သဘောထား လိုက်တော့တယ်။ အပ်စွဲထုတ်လိုက်တော့ သွေးတွေ ထပ်ထွက်လာတာ အများကြီးပဲ။ ဆရာမလည်း တောင်းပန်လိုက်တာ ပျာနေတာပဲ။ အပ်စိုက်တဲ့နေရာမှာ သွေးခြေဥနေတာ ရက်အတော်ကြာ ခံလိုက်ရတယ်။
ကျန်တာတွေက ဓာတ်မှန်ရိုက်တယ်။ ပြီးတော့ အမျိုးသမီးဆရာဝန်နဲ့ စမ်းသပ်ရတယ်။ ဆေးစစ်တာ ၇ မျိုးလောက်ရှိတော့ အသေးစိပ် ရေးမပြတော့ဘူး။ ဆေးစစ်ပြီး ထွက်လာတော့ အမျိုးသားက ဧည့်ကြိုကောင်တာမှာ စောင့်နေတာပါ။ ကျမကလည်း ဆေးစစ်ပြီးပြီးချင်း သူ့ကို “ကျန်တာတွေတော့ကိစ္စမရှိဘူး။ မျက်လုံးစစ်တာတော့ ကျမယ်ထင်တယ်” လို့ စောင့်ရတဲ့သူ အားရှိအောင်ပြောလိုက်ပါတယ်။ တကယ် ဆေးစစ်တဲ့အဖြေ သိရတော့လည်း မျက်လုံးပဲ ဆေးကျပါတယ်။
*****
အရင်တုန်းက မျက်မှန်တပ်ပေးမယ့် မျက်လုံးက ကြည့်ရတာ ၀ါးတားတားမို့ အမြင် သိပ်မကြည်လင်ပါဘူး။ မျက်မှန်အသစ်လည်း တပ်လိုက်ရော ကြည့်ရတာ ၀ါးတားတား မြင်ခဲ့သမျှ အရာအားလုံး ကြည်လင် ပြတ်သား နေတော့ စစ တပ်ချင်း မနေတတ်ဘူး။ မျက်မှန်အသစ်ရတဲ့နေ့က မျက်မှန်တပ်ပြီး Blog တွေ အတော်များများ လိုက်ဖတ်ဖြစ်ပါတယ်။ မျက်မှန်ဝယ်တုန်းက ရည်ရွယ်တာ စာမေးပွဲအတွက်ပါ။ မျက်မှန်တပ်ပြီး Blog ဖတ်တာ မြင်တော့ ကျမ အမျိုးသား ရင်ကျိုးပါတယ်။ စာဖတ်စေချင်လို့ မျက်မှန်အသစ် တစ်လက်ဝယ်ပေးတာလို့လည်း ပြောသေးတယ်။ အခုတော့ စာမေးပွဲလည်း တဆင့်ပြီးသွားတာမို့ မျက်မှန်လေး တပ်လျက် Blog ရေးပြီး ပို့စ်အသစ် တင်လိုက်ရပါတော့တယ်။
ဖေဖေါ်ဝါရီ ၂၃၊ ၂၀၀၉။
December 27, 2008
Kanji Of The Year (2008)

ဂျပန်မှာ ဟိရဂန (Hiragana), ခတခန (Katakana) နဲ့ တရုတ်စကားလုံး ခန်းဂျီး (Kanji) ကို သုံးတယ်ဆိုတာ တော်တော်များများသိပြီးသားဖြစ်မှာပါ။ အခုပြောမှာက ခန်းဂျီး (Kanji) စာလုံး အကြောင်းပါ။ ဂျပန်မှာ ဒီဇင်ဘာလရောက်ပြီဆိုရင် ပြီးဆုံးမယ့် ခုနှစ်ကို ကိုယ်စားပြုတဲ့ ခန်းဂျီးစာလုံးတစ်လုံးကို မဲရွေးချယ်ပြီး စာလုံးရေးဆွဲတဲ့ပွဲကို ပြုလုပ်ပါတယ်။ ဒီအကြောင်းကို မနှစ်က ဒီဇင်ဘာလ ကုန်ခါနီးမှာ ရုံးက သူငယ်ချင်းနဲ့ ကျမ စကားစမြည်ပြောဆိုရင်း သိခဲ့ရတာပါ။ ဒါကြောင့် ဒီနှစ်မှာ ပို့စ်အဖြစ် ရေးဖို့အတွက် အင်တာနက်က website တွေမှာ သိချင်တဲ့အချက်တွေကို ရှာဖတ်ခဲ့ရပါတယ်။ နောက်ပြီး အင်္ဂလိပ်လို တိုက်ရိုက်ဘာသာပြန်ထားတာတွေလည်း ဖတ်ကြည့်မိတယ်။ အဲဒီလိုတွေ ဖတ်ကြည့်ရင်းက နောက်ဆုံး ဘယ်လိုမှ နားမလည်တော့တဲ့အခါမှာ ရုံးက အလုပ်အတူတူ လုပ်တဲ့ ဂျပန်ဦးလေးကြီးကို မေးခဲ့ရပါတယ်။ ဒါကြောင့် အခုပို့စ်မှာ ရေးထားတဲ့ အကြောင်းအရာတွေက website တစ်ခုတည်းကို ဖတ်ပြီး တိုက်ရိုက်ဘာသာပြန်ထားတာ မဟုတ်ပါဘူး။ အင်္ဂလိပ် websiteနဲ့ ဂျပန်လို website တွေ ဖတ်ထားတာရယ် အလုပ်ထဲက သူတစ်ချို့ကို မေးပြီး ကျန်တာတွေက ကိုယ်သိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ရေးထားတယ်ဆိုတာ စကားခံပါရစေ။
*****
ဂျပန်မှာ ၁၉၉၅ ခုနှစ်က စပြီး "今年の漢字" (Kotoshi no kanji) လို့ခေါ်တဲ့ "ဒီနှစ်အတွက် ခန်းဂျီးစာလုံး" ကို နှစ်စဉ် ရွေးချယ်လာတာ ၂၀၀၈ ခုနှစ်က ၁၃ ကြိမ်မြောက်ပါ။ ဒီပွဲကို Japanese Language Proficiency Kanji Society (日本漢字能力検定協会 ) က စီစဉ်ကျင်းပတာပါ။ နှစ်စဉ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၅ ရက်နေ့အတွင်း အင်တာနက်ကဖြစ်စေ၊ ပို့စ်စကဒ်ပို့ပြီးတော့ ဖြစ်စေ၊ စာတိုက်ကဖြစ်စေ စိတ်ဝင်စားသူတွေက ဒီနှစ်အတွက် ကိုယ်ကြိုက်ရာ ခန်းဂျီး စာလုံးနဲ့ ဘာကြောင့် ဒီခန်းဂျီး စာလုံးကို ရွေးချယ်ရတယ်ဆိုတဲ့ အကြောင်းကိုပါရေးပြီး ပို့ပေးရပါတယ်။ မဲအများဆုံးရတဲ့ ခန်းဂျီးစာလုံးကို Japanese Language Proficiency Kanji Society က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ Kyoto မြို့ Kiyomizu-dera Temple (清水寺) မှာ ကြေငြာပေးပြီး ဘုရားကျောင်းက ဘုန်းကြီးက အဲဒီ ခန်းဂျီးစာလုံး ကို ရေးဆွဲပေးပါတယ်။ ရွေးချယ်လိုက်တဲ့ ခန်းဂျီးစာလုံးက တစ်လုံးထဲ ဖြစ်ပေမယ့် အဲဒီ စာလုံးရဲ့ အဓိပ္ပာယ်ဟာ တစ်နှစ်ပတ်လုံးမှာ ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်တွေကို အခြေခံပြီး လက်ရှိ ပြီးဆုံးတော့မယ့်နှစ်ကို ကိုယ်စားပြု ထင်ဟပ်စေပါတယ်။ ဒါကြောင့် ဂျပန်မှာ နှစ်တစ်နှစ်ကုန်တော့မယ်ဆိုရင် "ဒီနှစ်အတွက် ခန်းဂျီးစာလုံး" က ဘာများဖြစ်မလဲဆိုပြီး လူအနည်းနဲ့ အများဆိုသလို စိတ်ဝင်စားကြတာပါပဲ။
ဒီနှစ်အတွက် ပေးပို့တဲ့ မဲပေါင်း ၁၁၁,၂၀၈ ထဲကမှ မဲ ၆,၀၃၁ နဲ့ ပထမ ရသွားတဲ့ ခန်းဂျီး စာလုံးက မြန်မာလို ဘာသာပြန်ရရင် “ပြောင်းလဲခြင်း” (Change) ဒါမှမဟုတ် “ထူးဆန်းခြင်း” (Strange) လို့ အဓိပ္ပာယ်ရတဲ့「変」 “ဟန်း” ဆိုတဲ့ ခန်းဂျီးစာလုံးပါ။
ဘာကြောင့် ဒီစာလုံးကို ရွေးချယ်လိုက်ရတာလဲ ဆိုတဲ့ အကြောင်းကတော့ website တစ်ခုနဲ့တစ်ခု မှာပြောထားတာခြင်း မတူပါဘူး။ ဒါပေမယ့် ယေဘုယျအားဖြင့် တူညီတာက နံပါတ် ၁ အချက် အနေနဲ့ တကမ္ဘာလုံး လူသိများတဲ့ အမေရိကန်ရဲ့ သမ္မတသစ်ရွေးချယ်ပွဲမှာ အိုဘာမား (Barack Obama) ဟာ မဲဆွယ်ပွဲတောက်လျှောက် "Change" ဆိုတဲ့ စာလုံးကို Slogan အနေနဲ့ အသုံးပြုပြီး လက်ရှိသမ္မတသစ် ရာထူးကို အရယူနိုင်ခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဂျပန်လူမျိုးတွေအပေါ်မှာ အမေရိကန်ရဲ့ အရေးဟာ လွှမ်းမိုးမှုရှိတယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ။
နံပါတ် ၂ အချက်ကတော့ ဒီနှစ်ပိုင်းအတွင်းမှာ ဂျပန်စီးပွားရေးလောကမှာသာ မကပဲ ကမ္ဘာ့စီးပွားရေးမှာ စတော့ရှယ်ရာဈေး အတက်အကျ အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ယန်းငွေ တန်ဖိုးဟာ အတော်လေးမြင့်မားလာပြီး အမေရိကန်ဒေါ်လာဈေးကတော့ ဒီနှစ်အတွင်းမှာ ဆိုးဆိုးရွားရွားကျဆင်းခဲ့တယ်။ လွန်ခဲ့တဲ့နှစ်တွေကဆို တစ်ဒေါ်လာကို ယန်း တစ်ရာကျော်အထက်မှာရှိနေရာကနေ အခုဆို တစ်ဒေါ်လာကို ယန်း ၉၀ ၀န်းကျင်နားမှာပဲ ကစားနေတယ်။ စီးပွားရေး အပြောင်းအလဲတွေကြောင့် ဂျပန်မှာသာမက တခြားနိုင်ငံတွေမှာပါ အဲဒီဂယက်က အခုထိ ရိုက်ခတ်နေတုန်းပါပဲ။
နောက် နံပါတ် ၃ အချက် အနေနဲ့က ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် ဂျပန်ရဲ့ စားသောက်ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး နှစ်အစမှာ တရုတ်ပြည်ကနေ တင်သွင်းတဲ့ ရယ်ဒီမိတ် ဖက်ထုပ်ထဲမှာ ပိုးသတ်ဆေးတွေ့ရာကနေ ဇာတ်လမ်းစခဲ့တယ်ဆိုရမှာပါပဲ။ နောက်ပြီး စားသုံးလို့ မသင့်တော်တဲ့ တခြားပြည်ပနိုင်ငံတွေက တင်သွင်းလာတဲ့ ဆန်တွေကို စက်မှုလုပ်ငန်း (industrial) လုပ်ကိုင်သူတွေကို ထုတ်ရောင်းရမယ့် အစား အရက်၊ မုန့်အစရှိတဲ့ ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်တဲ့ သူတွေကို ထုတ်ရောင်းထားတာကို အခုနှစ်မှာမှ ဖော်ထုတ် စစ်ဆေးတွေ့ရှိခဲ့တယ်။ ဒီအချက်ဟာလည်း ဂျပန်ပြည်လို တိုင်းပြည် အနေနဲ့ ကြည့်မယ်ဆိုရင် အင်မတန် ဆိုးရွားတဲ့ အဖြစ်အပျက်ပါပဲ။ ပြီးတော့ တရုတ်ပြည်က တင်သွင်းလာတဲ့ မယ်လမင်း ပါတဲ့ နို့မှုန့်ကို သုံးပြီး ဂျပန်ပြည်တွင်းက စားသောက်ကုန်ပစ္စည်းတချို့မှာ ပြန်အသုံးပြုတာတွေ ရှိလာတယ်။ ဒီလို အဖြစ်အပျက်တွေအပေါ် နမူနာယူပြီး ဂျပန်လူမျိုးတွေဟာ စားသောက်ကုန်ပစ္စည်း ၀ယ်ယူရာမှာ အရင်တုန်းကလို ပေါ့ပေါ့တန်တန် သဘောမထားပဲ Food Security အနေနဲ့ သတိထားဆင်ခြင်ရမယ်ဆိုတဲ့ အတွေး စိတ်ကူးတွေ ပြောင်းလဲလာကြတယ်လို့လည်း ဆိုပါတယ်။
နံပါတ် ၄ အချက်ကတော့ ဂျပန်နိုင်ငံရဲ့ ၀န်ကြီးချုပ်အပြောင်းအလဲပါပဲ။ ၂၀၀၇ ခုနှစ်မှာ ရှင်ဇိုအဘဲ (Shinzō Abe) က ၀န်ကြီးချုပ်နေရာ ရလာပြီး သိပ်မကြာခင်မှာပဲ ရာထူးက နှုတ်ထွက်သွားတယ်။ အဲဒီနောက် ဖုကုဒါ (Yasuo Fukuda) ဟာ ၂၀၀၇ ခုနှစ် အကုန်မှာ ၀န်ကြီးချုပ် ရာထူးလွှဲပြောင်းယူပြီး တစ်နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ လက်ရှိဝန်ကြီးချုပ် တရိုအစို (Taro Aso) ကို လွှဲပြောင်းပေးလိုက်ပါတယ်။
နောက်ဆုံး အချက်အနေနဲ့ ပြောရမယ်ဆိုရင် ပြီးခဲတဲ့လက ဂျပန်လူမျိုးသိပ္ပံပညာရှင်တွေ နိုဘယ်ဆုရတာရယ် ပေကျင်းကမ္ဘာ့အိုလံပစ်မှာ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်တာကို ကြည့်ပြီး ဂျပန်ပြည်ရဲ့ အနာဂတ်မှာ ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြတယ်။
ဒုတိယ အများဆုံး မဲရတဲ့ စာလုံးက ရွှေ (Gold - 金) လို့ အဓိပ္ပာယ်ရတဲ့ စာလုံးဖြစ်ပြီး ပေကျင်းအိုလံပစ်မှာ ဂျပန်က ရွှေတံဆိပ်ဆုရခဲ့တာတွေကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ တတိယစာလုံးက စတော့ရှယ်ရာဈေးတွေ ကျဆင်းတာကြောင့် တချို့လူတွေကလည်း ကျဆင်းခြင်း (Fall/Drop - 落) လို့ အဓိပ္ပာယ်ရှိတဲ့ စာလုံးတွေ ရွေးချယ်ခဲ့ပါတယ်။
၁၉၉၅ ခုနှစ်ကစပြီး ရွေးလာခဲ့တဲ့ ခန်းဂျီးစာလုံးတွေပြန်ကြည့်မယ်ဆိုရင် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာကြောင့် ဒီစာလုံးကို ရွေးချယ်ရတယ်ဆိုတဲ့ အကြောင်းပြချက်တွေကလည်း သူ့ခေတ် သူ့အခါအရတော့ သင့်လျော်နေတာ တွေ့ရပြီး အနည်းဆုံးတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဂျပန်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ အချို့ကို အကြမ်းအားဖြင့် သိရှိနိုင်ပါတယ်။
*****
အရာရာဟာ ပြောင်းလဲနေတာ အချိန်စက္ကန့်အမျှပါပဲ။ နောင်လာမယ့် ၂၀၀၉ ခုနှစ်မှာ ဂျပန်ပြည်တွင်းမှာ ဘာတွေ ဖြစ်လာမယ်၊ ကမ္ဘာ့အရေးမှာ ဘာတွေဖြစ်မယ်လို့ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် လာမယ့် ၂၀၀၉ ခုနှစ် နှစ်ကုန်ခါနီးမှာ ရွေးချယ်မယ့် စာလုံးဟာ ကောင်းသော အဓိပ္ပာယ်ဆောင်တဲ့ ခန်းဂျီး စာလုံးဖြစ်ပါစေလို့ နှစ်သစ်အတွက် ဆုတောင်းလိုက်ရပါတယ်။
ဒီဇင်ဘာ ၂၇၊ ၂၀၀၈။
Ref:
http://japanvisitor.blogspot.com/2008/12/kanji-character-for-2009-change.html
http://www.japanprobe.com/?p=7772
http://en.wikipedia.org/wiki/Kanji_of_the_year
http://sankei.jp.msn.com/life/trend/081212/trd0812121830010-n1.htm
November 22, 2008
ပွဲဈေးတန်း
နိုဝင်ဘာလ ဆိုတော့ ရုံးနားမှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ Shinno ပွဲတော်ချိန် ရောက်လာပြန်ပါပြီ်။ မနှစ်က ပွဲတော် အကြောင်းကို ဒီပို့စ် မှာ ရေးခဲ့ဖူးပါတယ်။ ဒီနေ့က ၂၂ ရက်နေ့ဆိုတော့ ပွဲတော် စတဲ့ရက်ပါ။ ဒီက ပွဲဈေးတန်းကို လျှောက်မိတော့ မြန်မာပြည်က ပွဲဈေးတန်းတွေကို သတိရမိတယ်။
*****
အရင် မဆလ ခေတ်တုန်းကတော့ ကျမတို့မြို့မှာ ပွဲဈေးဆိုရင် လွတ်လပ်ရေးကွင်းလို့ ခေါ်တဲ့ ကွင်းကြီးထဲမှာ ကျင်းပလေ့ရှိတယ်။ ကွင်းကလည်း အကျယ်ကြီးပဲ။ အလည်မှာ ရေကန်ကြီးလည်း ရှိတယ်။ ဇာတ်ပွဲ၊ ရုပ်ရှင်ရုံ၊ မိန်းမလျာတွေ ကတဲ့ ဇာတ်ရုံတွေ အပြင် တခြားရုံတွေလည်း ရှိသေးတယ်။ ကလေးတွေအတွက်ဆို ကားလိုလို လေယာဉ်ပျံလို လည်နေတဲ့ ရဟတ်အသေးတွေလည်းရှိတယ်။ ရဟတ်ကြီးတွေကိုတော့ လူကြီးတွေ စီးနေကြတာ ဘေးကပဲ အသာငေးဖူးတယ်။ တခါမှတော့ မစီးဖူးဘူး။ တချို့လည်း ကြောက်လန့်ပြီး ရှုးရှုးတွေ ပေါက်ချတယ်လို့ ပြောသံ ကြားဖူးတယ်။
ခေတ်ကာလ ရွေ့လျားလာတော့ လွတ်လပ်ရေးကွင်းကြီးလည်း ဘုရင့်နောင်လမ်း ဖောက်လိုက်တာ နှစ်ခြမ်းကွဲပါလေရော။ ကွင်းထဲမှာရှိတဲ့ ကန်ကြီးလည်း လမ်းဖောက်ဖို့ဆိုပြီး မြေဖို့ပစ်လိုက်ကြတယ်။ တချို့လည်း သိမယ်ထင်ပါရဲ့။ အင်းစိန် ဘီအိုစီ မှတ်တိုင်နားက ကွင်းအကျယ်ကြီးပါ။ အခုဆိုရင် အဲဒီနေရာမှာ ဂက်စ် ဆိုင်ဖြစ်သွားပြီ။ နောက်တော့ လွတ်နေတဲ့ မြေနေရာတွေမှာ ၀န်ထမ်းအိမ်ယာတွေ ဆောက်လိုက်တာ လွတ်လပ်ရေးကွင်းဆိုတာ သမိုင်းထဲမှာ ကျန်ခဲ့ပြီလို့ ပြောရမလိုပါပဲ။ အင်းစိန်မှာ လွတ်လပ်ရေးကွင်းကြီး မရှိတော့ ပွဲဈေးတွေက အဆင်ပြေတဲ့နေရာတွေမှာပဲ ကျင်းပရတော့တာပေါ့။ အရင်တုန်းကလိုမျိုး ဇာတ်တွေ ဘာတွေလည်း မသွင်းနိုင်ကြတော့ပါဘူး။
ကျမတို့ အိမ်နားမှာဆိုရင် ရပ်ကွက်က စုပေါင်းတည်ထားတဲ့ ဘုရားတစ်ဆူရှိပါတယ်။ နှစ်စဉ် ဘုရားပွဲတော်ရက်ဆိုရင် ရပ်ကွက်က ဈေးသည်တွေရော တခြားက ဈေးသည်တွေပါ ပွဲဈေးရောင်းကြတယ်။ လက်ထိုးရုပ်ကတဲ့ ဇာတ်ရုံလည်း ရှိတယ်။ ပြီးတော့ ရဟတ်တွေလည်း ရှိတယ်။ တခါတလေလည်း မျောက်၊ ခွေးတို့လို အကောင်လေးတွေကို အင်္ကျီလေးတွေ ၀တ်ပေးထားပြီး သူတို့ကို အမူအရာလုပ်ခိုင်းတဲ့ ဇာတ်ရုံလိုမျိုးတွေလည်း ပါတယ်။ များသောအားဖြင့် သီချင်းဆိုခိုင်းတယ်နဲ့တူတယ်။ တစ်ညမှာ ၃ ပွဲလောက် ပြရင် အခေါက်တိုင်းက ဒီသီချင်းပဲ ဆိုနေတာ။ အပြင်က နားထောင်နေတဲ့ ကျမတို့တောင် အလွတ်ရတယ်။ ကားဂိတ်နားမှာဆိုတော့ လူလည်း စုံတယ်။ ဈေးသည်လည်းစုံတယ်။
Shinno ပွဲတော်ရဲ့ ပွဲဈေးတန်းကလည်း ရန်ကုန်ပွဲဈေးတန်းနဲ့ ဆင်ပါတယ်။ ဇာတ်ရုံတွေ ဘာတွေတော့ မရှိဘူးပေါ့လေ။ မုန့်ဆိုင်တွေ များတယ်။ ဂျပန်မုန့်မျိုးစုံပေါ့။ များသောအားဖြင့် ခေါက်ဆွဲကြော်ဆိုင်၊ မြန်မာပြည်က မုန့်လင်မယားနဲ့ ဆင်တဲ့ တာကိုရာကိ (takoyaki) ၊ ပြီးတော့ ရာသီဥတု အေးလာလို့ ဂျပန်တွေ စားတတ်တဲ့ အိုဒန်း (Oden) လို ဆိုင်တွေ၊ အသားကင်ဆိုင်၊ ကြက်သားကြော်ဆိုင်၊ မုန့်အချိုတွေ ရောင်းတဲ့ဆိုင်၊ ramen ခေါက်ဆွဲဆိုင်၊ ကလေးတွေအတွက် ကစားစရာဆိုင်တွေလည်း ရှိတယ်။ တချို့ဆိုင်တွေက အနောက်ဖက်မှာ ထိုင်စားလို့ရအောင် ကျကျ နန ပြင်ပေးထားတယ်။ ပွဲတော်လာတဲ့သူတွေက ၀ယ်ပြီး လမ်းလျှောက်ရင်း စားသွားကြတာများပါတယ်။
ပွဲဈေးတန်းဆုံးရင်
*ပွဲတော်ရှိတဲ့ လမ်း
*အထုပ်ကြီးက ယန်း ၁၀၀၀ တဲ့။ အသေးက ယန်း ၅၀၀။
နိုဝင်ဘာ ၂၃၊ ၂၀၀၈။
July 15, 2008
Multitasking

အခုတလော စိတ်တိုင်းမကျတဲ့ ကိစ္စတွေ ခဏခဏ ကြုံနေရတယ်။ ကျမကလည်း ဘယ်အရာမှ စိတ်ထဲ မြိုသိပ်မထားတတ်သလို စိတ် သိပ်မရှည်တတ်ပါဘူး။ “၀ုန်း” ဆို “ဒိုင်း” လုပ်လိုက်ရမှ ကျေနပ်တာမျိုး။ (စာဖတ်ရင်း သိပ်လည်းကြောက်မနေကြပါနဲ့။ စကားအဖြစ်ပြောတာပါ.. :D) အဲဒီတော့ ကိုယ့်ရှေ့မှာ ကိုယ့်ရိုးကားယားတွေ ဖြစ်လာပြီဆိုရင် မျက်စိနောက်ပြီး သိပ်ကြည့်မရချင်တော့ဘူး။ ဒါနဲ့ “လူတစ်ယောက်က အလုပ် ၂ ခု ၃ ခုကို တပြိုင်တည်းလုပ်တာ မျက်စိရှေ့မှာ ကြုံဖူးလားဟင်?” ရထားစီးရင်း စာအုပ်ဖတ်တာမျိုး၊ TV ကြည့်ရင်း ထမင်းစားတာမျိုးကို မဆိုလိုပါဘူး။ ဒါပေမယ့် ဂျပန်မှာတော့ အလုပ် ၂ ခု ၃ ခု တပြိုင်တည်း လုပ်တတ်တဲ့ သူတွေရဲ့ အကျ
*****
ကျမက လက်ကိုင်ဖုန်း ကိုင်ရတာကို ကြိုက်တဲ့အထဲမှာ မပါ ပါဘူး။ မြန်မာပြည်ကနေ အလေ့အကျင့်ကောင်းလေး ပါလာတယ်ပြော
အခုတခေါက် ဂျပန်ရောက်တော့ အမျိုးသားက ကျမအတွက် လက်ကိုင်ဖုန်းတစ်လုံး ၀ယ်ပေးပါတယ်။ ကျမက မလိုဘူးလို့ ပြောပေမယ့် ရောက်ခါစ သူက အလုပ်ဆင်းရပြီး ကျမက အလုပ်မရသေးတော့ အိမ်မှာ နေရတာမို့ စိတ်မချဘူး ဆိုပြီး တလက်စတည်း ၀ယ်လိုက်လို့သာ ၀ယ်ဖြစ်သွားတာပါ။ သူငယ်ချင်းတွေကိုလည်း ဖုန်းနံပါတ်ပေးရင် ၂ ယောက်လုံးရဲ့ ဖုန်းနံပါတ် ပေးထားလိုက်တယ်။ အဲဒီဖုန်းကို တခါတလေဆိုရင် မေ့တောင်နေတယ်။ သူငယ်ချင်းတစ်ယောက်ကဆို ဖုန်းဆက်တိုင်း မကိုင်လို့တဲ့။ ကျမကလည်း ကျမပဲ။ အရေးအကြောင်း ကိစ္စကြီးငယ်မရှိပဲ ဖုန်းကို လက်က တကိုင်ကိုင် မလုပ်တတ်ဘူး။ ဖုန်းကင်မရာနဲ့လည်း တခါမှ မရိုက်ကြည့်ဖူးဘူး။ နောက်ပြီး တော်ရုံလည်း ကိုယ့်ဆီ ဖုန်းဆက်မယ့်သူ မရှိဘူးလေ။ message ဆိုရင် အရင်တုန်းက လုံးဝကို မနှိပ်တတ်တာ။ နောက်တော့ ဂျပန်ဆရာမတွေနဲ့ message ပို့ရင်း ခလုတ်တွေကို သုံးတတ်သွားတာ။ Message တခါပို့ဖို့ အရေး ဖုန်းပေါ်က ခလုတ်တွေ ရှာနေရတာနဲ့ပဲ အချိန်ကုန်တယ်။ ဖုန်းဆက်ပြီးပြောလိုက်တာမှ အချိန်ကုန်သက်သာသေးတယ်လို့ပဲ တွေးမိတယ်။ နောက်ပြီး လက်ကိုင်ဖုန်း နဲ့ပတ်သက်တဲ့ ကိစ္စအားလုံးကို အမျိုးသားပဲ တာဝန်ယူတယ်။ ဥပမာ ဖုန်း charging သွင်းပေးလည်း သူပဲ။ အားပြည့်သွားလို့ မနက်ရုံးတက်ခါနီး အိတ်ထဲပြန် ထည့်ပေးထားလည်း သူပဲ ဆိုတော့ ကျမက ကိုယ့်မှာ လက်ကိုင်ဖုန်း တစ်လုံးရှိနေပါလားဆိုတာ လုံးဝကို မေ့နေတာပါ။
ဒီရက်အတွင်း လက်ကိုင်ဖုန်းနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်စရာတွေ ခဏခဏ ကြုံရတော့ အခုဆိုရင် လက်ကိုင်ဖုန်းကို နည်းနည်းတောင် အမြင်ကပ်လာသလိုပဲ။ အမှန်ကတော့ ဖုန်းနဲ့မဆိုင်ပါဘူး။ ဖုန်းကိုင်တဲ့သူတွေနဲ့ပဲ ဆိုင်တာပါ။ ဖြစ်ပုံက ဒီလို.. ဂျပန်မှာက လူတိုင်း လက်ကိုင်ဖုန်း ကိုင်ကြတယ်လေ။ ကလေးလေးတွေ ဆိုရင်လည်း လည်ပင်းမှာ အမေတွေက ဆွဲကြိုးလို ချိတ်ဆွဲပေးထားတော့ သူတို့ကို ကြည့်လိုက်ရင် ၄ နှစ် ၅ နှစ်အရွယ်တွေက စက်ဘီးနဲ့ လက်ကိုင်ဖုန်းနဲ့။ လူတိုင်း ဖုန်းကိုင်ကြတာလည်း မပြောနဲ့။ သူတို့အတွက်တော့ အတော်လေး အသုံးဝင်ပုံရတယ်။ ကိုယ်ကပဲ မသုံးတတ်တာလား။ သူတို့ကပဲ အသုံးချ လွန်နေတာလား။ တခုခုပဲ။ ဖုန်းနဲ့အင်တာနက် သုံးတယ်။ ဖုန်းနဲ့ သီချင်းနားထောင်တယ်။ ဖုန်းနဲ့ တီဗွီကြည့်တယ်။ ဖုန်းကနေ game ဆော့တယ်။ ဖုန်းထဲမှာ ရှိတဲ့ ၀တ္ထုဖတ်တယ်။ အဲဒီတော့ လက်ကိုင်ဖုန်းက သူတို့အတွက် တကယ်ကို မရှိမဖြစ် လိုအပ်တဲ့ပစ္စည်း တစ်ခုလိုဖြစ်နေတာပေါ့။ အဲဒီလို အသုံးကျလွန်းတော့ လူတွေဟာ စက်ဘီးစီးရင်း ဖုန်းနဲ့ message ရိုက်တယ်။ ရထားပေါ်မှာ ဖုန်းကိုင်ပြီး game ဆော့ရင် ဆော့၊ မဆော့ရင် အင်တာနက်ကြည့်၊ ဒါမှမဟုတ် message ရိုက်ပေါ့။ ကားမောင်းရင်း ဖုန်းနဲ့ message ရိုက်တယ်။ ရထားဘူတာကနေ တနေရာရာကို လမ်းလျှောက်ရင်း Baseball ပွဲကို ဖုန်းကနေကြည့်တယ်။ အဲဒီ style တွေက တခြားနိုင်ငံတွေတော့ မပြောတတ်ဘူး။ ဂျပန်မှာတော့ အတော်လေး ခေတ်စားတယ် ဆိုရမယ်။ အဲဒီလိုမလုပ်တဲ့သူဆိုရင် သေချာတယ် အဲဒါ ကျမလို အူကြောင်ကြားပဲဖြစ်မှာပဲ။

ပြောချင်တာက အခုမှစတာ။ ဟိုတလောက ဂျပန်က သတင်းတစ်ခုမှာ နားထောင်လိုက်ရတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ အမှုနဲ့ စက်ဘီးတိုက်မှုဖြစ်တဲ့အမှုဆိုရင် စက်ဘီးတိုက်မှုတွေ ပိုများလာတယ်ဆိုပဲ။ ကျမကတော့ စိတ်ထဲကနေ “ဖြစ်နိုင်တယ်” လို့ ကောက်ချက် ချလိုက်သေးတယ်။ စဉ်းစားကြည့်လေ။ ဂျပန်မှာက ကား၊ ရထား အပြင် သွားလာလို့ အလွယ်ဆုံး ယာဉ်က စက်ဘီးပဲဆိုတော့ လူတိုင်းစက်ဘီးစီးကြတယ်။ စက်ဘီးစီးရင် ရိုးရိုးမစီးကြဘူး။ သီချင်းနားထောင်ဖို့ MP3 Player ဒါမှမဟုတ် IPOD ကို နားထဲတပ်ထားတယ်။ တချို့လည်း ဖုန်းနဲ့တဆင့် ear phone လေးချိတ်ပြီး သီချင်းနားထောင်ကြတယ်။ အဲဒီလို နားထဲ တစ်ခုခုတပ်ထားပြီး သီချင်းနားထောင်ရုံတင်အားမရဘူး။ လက်က ဖုန်းကို နှိပ်ပြီးဆော့နေတတ်သေးတယ်။ ဖုန်းဆော့ရင်ဆော့ မဆော့ရင် ဖုန်းပြောနေကြရော။ အဲဒီတော့ အနောက်က ကားဟွန်းတီးလည်း မကြား၊ အရှေ့က စက်ဘီးအချင်းချင်း ဘဲလ်တီးလည်း မကြားတွေဖြစ်ကုန်တာပေါ့။ သူတို့က စက်ဘီးစီးရင်း တခြားအပိုအလုပ်တွေကို ၂ ခု ၃ ခု တပြိုင်တည်းလုပ်ရတာကိုး။ အဲဒီလောက် အာရုံများနေတဲ့သူတွေမှ စက်ဘီးတိုက်မှု မဖြစ်ရင် ဘယ်သူမှဖြစ်မှာမဟုတ်ဘူး။
အဲဒီလိုပဲ တချို့လည်း ကားမောင်းရင်း ဖုန်းဆော့တတ်တယ်။ ကိုယ်တွေ့မို့လို့သာ ယုံလိုက်ရတာ။ ပြီးခဲ့တဲ့တစ်ပတ် ရုံးကအပြန် လူကူးမျဉ်းကြားက မီးစိမ်းလို့ ကျမလည်း စက်ဘီးနင်းပြီး အထွက် ကားက လုံးဝ အရှိန် မလျော့ပေးဘူး။ စက်ဘီးနဲ့ ကား ခေါင်းချင်းဆိုင်မိဖို့ နည်းနည်းပဲ လိုတော့တယ်။ ကျမ ဘရိတ်အုပ်မြန်လိုက်လို့ပေါ့။ နို့မို့ဆို ဒီနေ့လောက်ဆိုရင် ရက်လည်နေရလောက်ပြီ။ ကားသမားက ဘာလုပ်နေတယ်ထင်လဲ။ ကားမောင်းရင်း လက်ကနေ ဖုန်းရိုက်နေတယ်။ ကျမကိုမြင်တော့ လူကူးမီးပွိုင့်ကို တချက် လှမ်းကြည့်ပြီး မီးစိမ်းတာ မြင်တော့မှ သူမှားမှန်းသိသွားလို့ ကားပေါ်ကနေ ခေါင်းညိတ်ပြ တောင်းပန်သွားတယ်လေ။
ပြီးတော့ ရုံးရှေ့က ဖြတ်သွားတဲ့ လူတစ်ယောက် ဖုန်းကို သဲကြီးမဲကြီး ငုံကြည့်ပြီး လမ်းလျှောက်နေတာ။ နားကလည်း နားကြပ် တပ်လျှက်သားပေါ့။ ဘာလုပ်နေသလဲ ဆိုပြီး ကိုယ်က ဘေးနားကဖြတ်သွားရင်း စပ်စုလိုက်မိတယ်။ ကျေးဇူးရှင်က တီဗွီက Live လွှင့်တဲ့ Baseball ပွဲကို ဖုန်းကနေ တဆင့်ကြည့်နေတာ တလောကလုံး သူတစ်ယောက်တည်းလို့ ထင်ပြီး လမ်းကို လျှောက်ချင်သလို လျှောက်နေတော့တာပဲ။ အနောက်က စက်ဘီးနဲ့ လူက ဘဲလ်တီးလည်း သူ ဂရုကိုမစိုက်ဘူး။ ဟိုတရက်ကလည်း ရုံးသွားတော့ ကောင်လေးက ရှေ့ကနေ စက်ဘီးနင်းရင်း ဖုန်းကို ခေါင်းငုံ့ပြီး ရိုက်နေတယ်။ နောက်မှာ စက်ဘီးသမားပါတာကို သူသတိထားမိပုံမပေါ်ဘူး။ မီးပွိုင့်ရှေ့လည်းရောက်ရော ရှေ့ကနေ ဖျတ်ခနဲ ကွေ့ချလိုက်တော့ နောက်က လိုက်လာတဲ့ စက်ဘီးသမားနဲ့ တိုက်မိမလို့ နည်းနည်းပဲလိုတော့တယ်။ နောက်လူကလည်း ကောင်လေးကို ဘုကြည့်ကြည့်ပေါ့လေ။ အမယ် ကိုယ်တော်က ယောင်လို့တောင် ခေါင်းမော့မလာဘူး။ သူရိုက်လက်စကိုပဲ ဆက်ရိုက်ပြီး ဖုန်းသုံးနေတာ။ ငါအမှားလုပ်လိုက်မိပါလားလို့ သတိထားမိပုံမပေါ်ဘူး။

နောက်တစ်မျိုး လူတွေရှိသေးတယ်။ စက်ဘီးစီးရင်း စာအုပ်ဖတ်ရတာနဲ့၊ စက်ဘီးစီးရင်း သတင်းစာ ဟိုဘက်အစ ဒီဘက်အစ ကို စက်ဘီးလက်ကိုင်နဲ့ ပူးကိုင်ပြီး ဖတ်တဲ့သူနဲ့။ ကျမဖြင့် အံ့သြလွန်းလို့။ အော်.. အိမ်မှာ အေးအေးဆေးဆေး ဖတ်လည်း ရသားပေါ့နော်။ မတော် ကားတိုက်တာတို့ ဘာတို့ ဖြစ်နေမှဖြင့်လို့ ကိုယ်ကတွေးပေမယ့် သူတို့ကတော့ မသေတဲ့ဆေး စားထားသလား ထင်ရတယ်၊ ကိုယ်လုပ်ချင်တာ လုပ်နေရရင်ပြီးပြီဆိုတဲ့ ပုံမျိုးပဲ။ တချို့လည်း စက်ဘီးစီးရင်း ခွေး ကျောင်းကြသေးတယ်။ ခွေးလေးတွေ ၃ ကောင်၊ ၄ ကောင်လောက်ကို အားလုံး ကြိုးနဲ့ စုကိုင်ထားတယ်။ လူကတော့ စက်ဘီးပေါ်ကပေါ့၊ အောက်ကခွေးက သူသွားချင်တဲ့ဆီသွား၊ အပေါ်က စက်ဘီးသမားကလည်း ဖုန်းပြောနဲ့ သူ့ခွေးတွေက အောက်မှာ ဖြစ်ချင်တိုင်းကို ဖြစ်နေတာပဲ။ ခွေးက တစ်နေရာသွားချင်တယ်။ စက်ဘီးသမားက စက်ဘီးနင်းရင်း ချိုးချင်တဲ့နေရာချိုး၊ ကွေ့ချင်သလိုကွေ့ဆိုရင် ခွေးက လည်ပင်းဆန့်ငင် ဆန့်ငင်နဲ့ စက်ဘီးခေါ်ရာ နောက်ပါသွားရပြန်ရော။ ကိုယ်က အဲဒါတွေ မြင်ရတော့ စိတ်မကောင်းဖြစ်ရတာပေါ့။
အဲဒီလို အလုပ် ၂ ခု ၃ ခုကို တပြိုင်တည်းလုပ်မယ်ဟေ့ဆို ဒီကလူတွေ အမျိုးမျိုး လုပ်ပြပါလိမ့်မယ်။ တခါတလေဆို ရီလည်းရီချင်၊ ဒေါသလည်း ထွက်ပေါ့လေ။ အမှန်တော့ လူတိုင်းဟာ ကိုယ်လုပ်ချင်ရာကို လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း သူတစ်ပါးကို မထိခိုက်တာတော့ အကောင်းဆုံးပဲ မဟုတ်လား။ ကျမအတွက်တော့ အဲဒီလို ကိစ္စမျိုးတွေနဲ့ ကြုံတဲ့နေ့ဆို အင်မတန် စိတ်အနှောက်အယှက် ဖြစ်တာပါပဲ။ ကျမကလည်း မနက်တိုင်း ရုံးသွားရင် စက်ဘီးနဲ့ပဲ သွားတာဆိုတော့ ဟွန်းတွေ ဘာတွေ တီးရင် မကြားမှာစိုးလို့ သီချင်းတောင် နားမထောင်ဘူး။ ဖုန်းဆိုလည်း အဲဒီလိုပဲ ဘယ်တော့မှ လူကြားထဲ ထုတ်မကြည့်ဘူး။ တချို့ဆို ၅ မိနစ်ခြားတစ်ခါ ဖုန်းကို ထုတ်ကြည့်တတ်တယ်။ ပြီးတော့ ဖွင့်လိုက်ပိတ်လိုက်နဲ့။ အလကား ဘာမှလည်း အကျိုးမရှိဘူး။ ဖုန်း ဓာတ်ခဲ အားကုန်တာပဲ အဖတ်တင်တာပေါ့။
ဂျပန်မှာ စက်ဘီး ၁ စီးကို လူ ၂ ယောက်စီးရင် ရဲက ခေါ်ပြီး သတိပေးပါတယ်။ ဖမ်းမယ်ဆို ဖမ်းလို့ရတယ်တဲ့။ အဲဒါကြောင့်ကျမ စဉ်းစားမိတာက စက်ဘီး ၁စီးမှာ ၂ ယောက်စီးတာကို ဖမ်းမယ့်အစား စက်ဘီးစီးရင်း ဖုန်းပြောတဲ့သူ၊ ဖုန်း message ရိုက်တဲ့သူ၊ သီချင်းနားထောင်သူ၊ စာအုပ်ဖတ်သူတွေကို ခေါ်ပြီး သတိပေးသင့်တယ်လို့ တွေးမိပါတယ်။ သူတို့မဆင်မခြင်လုပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်လို့ ဖြစ်လာမယ့် နောက်ဆက်တွဲ အန္တရာယ်က ပြဿနာပို ကြီးသွားနိုင်ပါတယ်။ အသက်သေလောက်တဲ့ အထိတောင်ဖြစ်သွားနိုင်တယ်။ ကျိုးပဲ့သွားတာမျိုးလည်းဖြစ်သွားနိုင်တာပဲ။ ကဲ.. သူငယ်ချင်းတို့လည်း အဲဒီလို လူမျိုးတွေနဲ့ တွေ့လို့ကတော့ ဝေးဝေးကသာ ရှောင်ပြီး သတိထားကြ ပေတော့နော်။
ဇူလိုင် ၁၅၊ ၂၀၀၈။
