Showing posts with label Traveling. Show all posts
Showing posts with label Traveling. Show all posts

October 23, 2024

အမေရိကားသို့ - အပိုင်း ၁


ဒီနေ့ မထင်မှတ်ပဲ ဒီ Blog လေးဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာခဲ့တယ်။ ရောက်လာတော့လေ အရင်တုန်းက ရေးခဲ့တာတွေ၊ Blog တကာလျှောက်လည်ပြီး Blogger တွေနဲ့ အပြင်မှာပါ သူငယ်ချင်းဖြစ်ခဲ့တာတွေကို ပြန်သတိရမိလာပြီး စာရေးချင်လာတာနဲ့ Blog လေးကို အသက်ပြန်သွင်းလိုက်ပါဦးမယ်။ အခု နုစံရဲ့ ဘ၀ တကွေ့ တဆစ်ချိုးအကြောင်း ရေးထားတာတွေကို ဒီ Blog မှာ ပြန်ကူးတင်ဖို့ စိတ်ကူးရလာတာနဲ့ ၂၀၂၁ ခုနှစ်လောက်က DV Group မှာရေးထားပြီးသားကို copy ကူး တင်ပေးလိုက်ပါတယ်။ လောလောဆယ် ခေါင်းစဉ်က ဘာပေးရမှန်းမသိလို့ အပိုင်း ၁ လို့ပဲ ခဏ ပေးထားမယ်နော်။ အပိုင်း ၇ ပိုင်းအထိ ရှိပါတယ်။

*******

အပိုင်း - ၁

အောက်တိုဘာလထဲရောက်လာပြီ ဆိုတော့ ၂၀၂၁ DV program ကလည်း ပြီးသွားခဲ့ပါပြီ။ DV နဲ့ ပတ်သတ်ပြီး ကျမလို အခက်အခဲ ကြုံခဲ့မယ်ဆိုရင် ဘယ်လိုမျိုး ဖြေရှင်းရမယ် ဆိုတာ သိစေချင်တာရော၊ မိသားစုအလိုက် DV အတွက် D-260 တင်ကတည်းကနေ အင်တာဗျူးပြီးသွားတဲ့အထိ process လုပ်ခဲ့တာတွေကို အမှတ်တရ သိမ်းထားချင်တာမို့ အခုစာကို ရေးဖြစ်ပါတယ်။
ကျမက လောလောဆယ် ဂျပန်မှာ နေနေပြီး မိသားစု ၄ ယောက်ရှိပါတယ်။ ကလေးတွေကို ဂျပန်မှာပဲ မွေးထားပြီး မူလတန်းအရွယ်ရောက်နေ ကြပါပြီ။ ကျမ နဲ့ အမျိုးသားကတော့ ၂ ယောက်စလုံး IT နဲ့ ပတ်သက်တဲ့ အလုပ် လုပ်နေပါတယ်။ အမျိုးသားက အလုပ်နဲ့ နိုင်ငံ ၃၊ ၄ ခုလောက်မှာ နေခဲ့ဖူးပါတယ်။ ၁ နှစ်ကျော်နေခဲ့တာက UK, Japan နဲ့ China ပါ။
DV ကို နှစ်တော်တော်များများ ဆက်တိုက် တင်လာခဲ့ပေမယ့်၂၀၂၁ အတွက်မှ ပေါက်ခဲ့တာပါ။ DV interview ကိုတော့ ဂျပန်မှာ နေတာဖြစ်တဲ့အတွက် တိုကျို US Embassy ကနေ အင်တာဗျူး ဝင်မယ်လို့ ဖြည့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇွန်လဆန်းလောက်မှာ ကျမ DV ပေါက်တယ်ဆိုတာ သိခဲ့ရပါတယ်။ ထုံးစံအတိုင်း DV ပေါက်တဲ့ထဲ ပါပြီဆိုတာနဲ့ နောက်တဆင့်က ကျမတို့ မိသားစု ၄ ယောက်စလုံး အတွက် D-260 form ဖြည့်ရတော့ တာပါပဲ။
D-260 မှာ လိုတာတွေကတော့ ကိုယ့်မွေးကတည်းကနေ အသက် ၁၆ နှစ်နောက်ပိုင်း နေခဲ့တဲ့ အိမ်လိပ်စာ လိုပါတယ်။ အဲဒီအပေါ်မူတည်ပြီး ကိုယ်နေခဲ့တာ ၁ နှစ်ကျော်သွားရင် ရဲစခန်းထောက်ခံစာတွေ ပေးရတာမို့ သေချာလေး မမှားအောင်ဖြည့်ရမှာပါ။ ဘယ်မှ မသွားဖူးရင်တော့ ဖြည့်ရတာ ပြသနာမရှိပေမယ့် အလုပ်ကြောင့် ပြောင်းရ ရွှေ့ရတာမျိုးတွေ ရှိလာခဲ့ရင်တော့ အထူး သတိထားပြီး ဖြည့်ဖို့ လိုအပ်ပါတယ်။
Passport ကလည်း US ကို သွားမယ့် အချိန်ထိ သက်တမ်း ရှိနေ ဖို့ လိုအပ်ပါတယ်။ မရှိနေရင် သက်တမ်းတိုးပြီးမှ D-260 form မှာ ဖြည့်တာ ပိုကောင်းပါတယ် လို့အကြံပြုပါတယ်။ ပညာအရည်အချင်း၊ အလုပ်အကိုင် နဲ့ ပတ်သက်ပြီးဖြည့်ရပါတယ်။ မိဘ ရှိနေသေးရင်လည်း ဖြည့်ရသလို ဆုံးသွားပြီဆိုရင်လည်း သေဆုံးတဲ့ နှစ်တွေကိုပါ ဖြည့်ဖို့လိုပါတယ်။ ကလေးတွေလည်း အတူတူပါပဲ။ မိသားစု ရှိတဲ့သူတွေက US ကို ပြောင်းရင် ကလေးတွေ နဲ့ အိမ်ထောင်ဘက်ကို တခါတည်း ခေါ်သွားမလားဆိုတာ D-260 form တင်ကတည်းက ဖြည့်ဖို့ လိုအပ်ပါတယ်။ နောက် ဆက်သွယ်ရမယ့် email လိပ်စာ ကို မမှားအောင်ဖြည့်ပါ၊ ကိုယ်အမြဲသုံးတဲ့ email address ကို ပေးပါ။
D-260 form ကို submit မလုပ်ခင် သေချာ စစ်ဆေးပြီးမှ submit လုပ်ပါ။ Submit လုပ်ပြီး confirmation page တွေ၊ ကိုယ်ဖြည့်ထားတဲ့ D-260 form ကို DV ပေါက်တဲ့သူရော မိသားစုဝင်တွေ အတွက်ပါ ပီဒီအက် ဖိုင်နဲ့ သေချာ သိမ်းထားဖို့ လိုအပ်ပါတယ်။ နောက်ပိုင်း interview ဖြစ်ဖြစ်၊ ဆေးစစ်တာဖြစ်ဖြစ်၊ ရဲစခန်းထောက်ခံစာတောင်းတာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ case number နဲ့ D-260 form confirmation page (bar code ပါတဲ့စာမျက်နှာ) ကို ဂျပန်မှာ တောင်းပါတယ်။ လိုအပ်တဲ့အချိန်ပေးနိုင်အောင်၊ ပြနိုင်အောင် print လုပ်ပြီး သိမ်းထားပါ။
D-260 form ဖြည့်တော့ ကျမတို့အတွက် အခက်အခဲက အလုပ်ကြောင့် နေရာပြောင်းခဲ့တာတွေ ရှိတာမို့ တချို့ အိမ်လိပ်စာတွေ၊ ရုံးလိပ်စာတွေ မမှတ်မိတော့ပါဘူး။ ပညာအရည်အချင်း ဘွဲ့ရတဲ့နှစ်တွေ နောက် အလုပ်နဲ့ ပတ်သက်တဲ့ ရာဇဝင်ဖြည့်တဲ့အခါမှာ တော်တော်လေး သတိထားဖြည့်ခဲ့ရသလို၊ မဖြည့်ခင် အချက်အလက် စုဆောင်းတာ အချိန်ကြာတာမို့ ကျမတို့ မိသားစု ၄ ယောက်စလုံး အတွက် D-260 form ကို submit လုပ်တော့ စက်တင်ဘာ ၄ ရက်၊ ၂၀၂၀ ဖြစ်သွားပါပြီ။
အောက်တိုဘာ ၂၃ ၊ ၂၀၂၀ မှာ နောက်တဆင့်အတွက် လိုအပ်တဲ့စာရွက်စာတမ်းတွေ (Further DV Documents Required) ပေးဖို့ KCC ကနေ မေးလ်ရောက်လာပါတယ်။ ပေးရမယ့် စာရွက်တွေက မိသားစု ၄ ယောက်လုံးစာအတွက်
၁။မွေးစာရင်း (မူရင်း + နိုတြီ)
၂။လက်ထပ်စာချုပ် ( မူရင်း + နိုတြီ)
၃။ ရဲစခန်းထောက်ခံစာ
၄။ လက်ရှိ Passport Bio page ( D-260 form မှာဖြည့်ခဲ့တဲ့ valid passport ပါ)
၁။ မွေးစာရင်းက ကျမတို့ လူကြီး ၂ ယောက်ကတော့ မြန်မာပြည်က မွေးစာရင်း ကို နိုတြီပြန်ရပါတယ်။ ကလေး ၂ ယောက်ကတော့ ဒီနိုင်ငံမှာ မွေးတာဖြစ်လို့ မွေးစာရင်းကို နေထိုင်ရာ ရပ်ကွက်ရုံးမှာ သွားထုတ်ပြီး အင်္ဂလိပ်လို translate လုပ်ပေးရပါတယ်။
၂။ လက်ထပ်စာချုပ်ကိုလည်း နိုတြီပြန်ရပါတယ်။
၃။ ရဲစခန်းထောက်ခံစာပေးဖို့အတွက် ကျမက ၂ ခုပေးဖို့ လိုပါတယ်။ ရန်ကုန် လိပ်စာအတွက် တခု ၊ အခု လက်ရှိနေရတဲ့ နိုင်ငံအတွက် တခုပါ။
အမျိုးသားအတွက်ကတော့ ရဲစခန်းထောက်ခံစာ ယူခဲ့ရတာ တော်တော်များပါတယ်။ ရန်ကုန်မှာ တခု၊ နယ်မှာ တခု၊ UK၊ China နဲ့ လက်ရှိနိုင်ငံက ရဲစခန်းထောက်ခံစာတွေပါပဲ။
စစချင်း UK အတွက်ကို ONLINE ကနေ လုပ်တာ ဒေါ်လာ ၁၀၀ သာ ပေးခဲ့ရပြီး လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က UK မှာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာကို ၁ လကျော်ကျော်လောက်ပဲ စောင့်လိုက်ရတယ် လွယ်လွယ်ကူကူ အဆင်ပြေပြေနဲ့ ယူလို့ရခဲ့ပါတယ်။ နောက် China ရဲစခန်းထောက်ခံစာအတွက် လုပ်မယ်ဆိုပြီး စာလိုက်ဖတ်တော့ China မှာက UK လိုမျိုး ONLINE ကနေ လုပ်လို့ရတာမျိုး မရှိပါဘူး။ China ရဲစခန်းထောက်ခံစာလုပ်ဖို့ တရုတ်ပြည်က အေးဂျင့်တခုကို မေးလ်နဲ့ ဆက်သွယ်ပြီး မေးကြည့်တော့ အေးဂျင့်က ရဲစခန်းထောက်ခံစာ လျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းပါတယ်။ သူတို့ တောင်းတဲ့ စာရွက်တွေက ၁၈ နှစ်ကျော်ကြာခဲ့ပြီဆိုတော့ မရှိတာရော မသိခဲ့တာရောနဲ့ ပေးဖို့ အဆင်မပြေခဲ့ပါဘူး။ အမျိုးသားကလည်း တရုတ်မှာ training အနေနဲ့ အလုပ်လုပ်ခဲ့တာ ဖြစ်ပေမယ့် သူက အဲဒီတုန်းက business visa လိုမျိုးနဲ့ နေခဲ့တာကြောင့် အခွန်ဆောင်ရတာမျိုး မရှိတဲ့အပြင်၊ သူ training အနေနဲ့ အလုပ်လုပ်ခဲ့တဲ့ ရုံးကလည်း နီးစပ်ရာ ရဲစခန်းမှာ (Temporary registration card) သူ့အတွက် လုပ်ပေးခဲ့လား မလုပ်သလား မသိခဲ့ပါဘူး။ Temporary registration card ရှိတယ် ဆိုတာတောင် သူ မသိခဲ့ပါဘူး။ နောက် သူ training အနေနဲ့ အလုပ်လုပ်ခဲ့တဲ့ company က အခု မရှိတော့ပါဘူး။ အဲဒါနဲ့ တရုတ်ပြည် ရဲစခန်းထောက်ခံစာက လိုအပ်တဲ့စာရွက်တွေ မရှိတဲ့အတွက် ပေးလို့မရပါဘူးဆိုပြီး ရိုးရိုး စာ ၂ ကြောင်း ၃ ကြောင်းလောက်သာ ရေးပြီး KCC ကို တင်ခဲ့ပါတယ်။
နောက် ဂျပန်ရဲ့ ရဲစခန်းထောက်ခံစာကတော့ ကိုယ်နေထိုင်တဲ့ နေရာရဲ့ မြို့နယ်ရဲစခန်းလိုမျိုးမှာ သွားတောင်းရတာပါ။ ရဲစခန်းထောက်ခံစာအတွက် ပိုက်ဆံတပြားမှ ပေးစရာမလိုပါဘူး။ ဒါပေမယ့် ဘာကြောင့် ရဲစခန်းထောက်ခံစာ တောင်းရတာလဲဆိုတာကိုတော့ တိတိကျကျ ပြောပြဖို့ လိုအပ်ပါတယ်။ ကျမတို့က US Embassy ကို တင်ဖို့ပါလို့ ပြောတော့ တာဝန်ကျ ရဲမှုးက case number တောင်းပါတယ်။ စစချင်းတော့ သူ ဘာ​ စာရွက်တွေ တောင်းနေမှန်း ကျမတို့ နားမလည်ခဲ့ပါဘူး။ နောက်မှ ဖုန်းထဲမှာ KCC က ပို့ထားတဲ့ email တွေ ပြတော့မှ သူတို့ တောင်းတာက D-260 confirmation page ကို တောင်းတာပါ။ အဲဒါနဲ့ နီးစပ်ရာ 7/11 လိုမျိုးမှာ Print ထုတ်ပေးပြီး ရဲမှူးကို ပေးလိုက်တော့မှ ရဲစခန်းထောက်ခံစာ လုပ်ပေးမယ်ဆိုပြီး လိုအပ်တဲ့ Form ဖြည့်ခိုင်း ပါတယ်။ ပြီးတော့ လက် ၁၀ ချောင်းစလုံးရဲ့ လက်ဗွေ ယူပါတယ်။ ၂ ပတ်ကျော် ၃ ပတ် လောက် စောင့်ရပြီး ရဲစခန်းထောက်ခံစာထည့်ထားတဲ့ ချိတ်ပိတ်ထားတဲ့ စာအိတ်ကို သွားပြန်ယူရပါတယ်။ စာအိတ်ကို လုံး၀ မဖွင့်ရပဲ အဲဒီ စာအိတ်အတိုင်းလေးပဲ scan ဖတ်ပြီး KCC ကို တင်ခဲ့ပါတယ်။
၄။Passport ကတော့ ဓာတ်ပုံ ပါတဲ့ စာမျက်နှာ (Bio Page) တခုကိုပဲ scan ဖတ်ပေးရတာပါ။
စာရွက်စာတမ်းတွေအကုန်လုံးကို image file (jpg) အဖြစ်ပြောင်း၊ပြီးတော့ file size တွေကိုလည်း ပြင်ဆင်ပြီး သူတို့ပြောတဲ့ format အတိုင်း ၄ ယောက်စလုံးအတွက် သေချာ file name ကို ရှင်းရှင်းလင်းလင်း ပေးပြီး ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၂၀ နေ့မှာ KCC ကို မေးလ်နဲ့ ပို့ပေးခဲ့ပါတယ်။ အဲဒီအထိက ဘာမှလည်း ခက်ခဲတာမရှိသေးသလို ပိုက်ဆံလည်းအများကြီး မကုန်သေးပါဘူး။ လိုအပ်တဲ့ စာရွက်တွေ ပို့ပေးလိုက်ပြီးတာနဲ့ KCC ကနေ Auto reply mail ပြန်ဝင်လာပါတယ်။
စာရွက်တွေ ပို့ပေးလိုက်ပြီး ၂၀၂၁ ခုနှစ် မတ်လလောက်အထိ ဘာမှ အကြောင်း မထူးတာနဲ့ မတ်လ ၁၅ ရက်၊၂၀၂၁ မှာ KCC ကို follow up mail ပို့ပြီး မေးခဲ့ပါတယ်။ မတ်လ ၂၃ ရက် ၂၀၂၁ မှာ processing လုပ်နေတယ်ဆိုတာလောက်ပဲ KCC ကနေ စာပြန်လာပြီး အဲဒီနောက်ပိုင်း KCC ကို စာပို့ပြီး ဘာမှ မမေးဖြစ်တော့ပါဘူး။
မေလ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်မှာ ကျမပို့ပေးလိုက်တဲ့ စာရွက်စာတမ်းတွေ လက်ခံရရှိပါတယ်ဆိုတဲ့ (Documents Reveived) မေးလ် ရခဲ့ပါတယ်။ အဲဒီအချိန်အထိ ၂၀၂၁ ခုနှစ် DV ပေါက်တဲ့သူတွေ အင်တာဗျူး မစ သေးဘူးလို့ ထင်ပါတယ်။ နောက်ပြီး ကျမရဲ့ case number ကလည်း 11xxx ကျော်မို့ အင်တာဗျူးခေါ်တဲ့အဆင့်ထိ ရောက်လာဖို့ရာ သိပ်တော့ အားမရှိလှပါဘူး။
ဒီလိုနဲ့ ဩဂုတ်လ ရောက်လာတော့ ကျမစိတ်ထဲမှာ ၂၀၂၁ ခုနှစ် DV progam ကလည်း ပြီးခါနီးနေပြီမို့ အင်တာဗျူး ဒိတ် ရတော့မယ်လည်း မထင်ထားတော့ပါဘူး။ ၂၀၂၁ အတွက် DV ပေါက်သာ ပေါက်ခဲ့ပြီး မသွားရလောက်ဘူးလို့ စိတ်ထဲကနေ တွေးထားခဲ့မိပါတယ်။
ဩဂုတ် ၃ ရက် ၂၀၂၁ ရောက်တော့ noreply ဆိုပြီး mail တစောင်ဝင်လာပါတယ်။ မေးလ်ကို သေချာ ကြည့်တော့မှ title က Required Entry Status Check for DV Submission ဆိုပြီး interview date ပေးတဲ့ စာဖြစ်နေပါတယ်။ သံရုံးကပေးလိုက်တဲ့ interview date က ဩဂုတ်လ ၁၉ ရက် ၂၀၂၁ ခုနှစ်၊ မနက် ၈ နာရီ ၁၅ မိနစ် ပါ။
ဩဂုတ်လ ၄ ရက်နေ့မှာတော့ တိုကျို US Embassy ကနေ ကျမဆီကို တိုက်ရိုက် မေးလ်နဲ့ ဆက်သွယ်ပြီး အင်တာဗျူး ရက်ကို ထပ်ပြီး အကြောင်း ကြားလာပါတယ်။ နောက်ပြီး လိုအပ်တဲ့ စာရွက် မူရင်းတွေကို အင်တာဗျူးရက် မတိုင်ခင် ကြိုပို့ပေးထားဖို့ ပြောပါတယ်။ သံရုံးက တောင်းတဲ့ စာရွက်စာတမ်းတွေက မိသားစု ၄ ယောက်စာအတွက်..
၁။မွေးစာရင်း (မူရင်း)
၂။လက်ထပ်စာချုပ် (မူရင်း)
၃။အရင် ပတ်စပို့ စာအုပ် အဟောင်းတွေ အကုန်လုံး
၄။ဒီနိုင်ငံရဲ့ residence card
၅။ကျမအတွက်တော့ ဘာကြောင့် ဂျပန်ကို လာရသလဲ ဆိုတဲ့ Essay လိုမျိုးစာ (Statement explaining what brought you to Japan)
၆။ဓာတ်ပုံ ၂ ပုံစီ
၇။လက်ရှိ ပတ်စပို့ Bio page (ဓာတ်ပုံပါတဲ့ စာမျက်နှာ)
၈။DV - 260 confirmation page
၉။Additional form က လူကြီး ၂ ယောက်အတွက်ဖြည့်ပေးရပါတယ်။
Additional form ကတော့ တခြားမဟုတ်ပါဘူး။ စစ်ဘက်ဆိုင်ရာ နဲ့ ကြံ့ဖွတ်ပါတီ၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေမှာ ရာထူး ကြီးကြီး အတူနေတဲ့ မိသားစုဝင် ရှိမရှိ ဖြည့်ခိုင်းတာပါ။ ကျမတို့ကတော့ ဘယ်သူမှ မရှိကြောင်းကို မှန်မှန်ကန်ကန် ပျော်ပျော်ရွှင်ရွှင်ပဲ ဖြည့်ပေးလိုက်ပါတယ်။

အပေါ်က စာရွက်တွေ အကုန်လုံးကို စာတိုက်ကနေ registered mail (letter pack) နဲ့ တိုကျို US သံရုံးကို ဩဂုတ်လ ၆ ရက် ၂၀၂၁ မှာ ပို့ပေးခဲ့ပါတယ်။ ဩဂုတ်လ ၉ ရက် ၂၀၂၁ မှာ သံရုံးက မွေးစာရင်း နဲ့ လက်ထပ်စာချုပ်က မူရင်းတွေပဲပါလာတာမို့ နိုတြီဘာသာပြန်တွေ email attachedment နဲ့ ထပ်ပို့ပေးပါဆိုတာနဲ့ email ကနေ တဆင့်ပို့ပေးခဲ့ပါတယ်။ အဲဒီစာရွက်တွေနဲ့ အတူ ထပ်တောင်းတာက အမြင့်ဆုံး ပညာအရည်အချင်း အထောက်အထားပါ။ အဲဒါနဲ့ ကျမတို့ ၂ ယောက်ရဲ့ ဘွဲ့လက်မှတ်တွေကို scan ဖတ်ပြီး မေးလ်နဲ့ပဲ ထပ်ပို့ ပေးခဲ့ပါတယ်။ ဘွဲ့လက်မှတ်တွေမှာက အင်္ဂလိပ်လို ဘာသာပြန်ပြီးသားမို့ ဒီအတိုင်း scan ဖတ်ပြီးပဲ ပို့ပေးလိုက်တာပါ။ တကယ်လို့ အင်္ဂလိပ်လိုရေးထားတာ မပါရင်တော့ နိုတြီဘာသာပြန်တာတွေ လုပ်ဖို့ လိုအပ်ပါတယ်။ ဩဂုတ်လ ၁၀ ရက် ၂၀၂၁ မှာ သံရုံးကနေ စာထပ်ပို့လာပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အကုန်စုံနေပြီ ဖြစ်တဲ့အတွက် အင်တာဗျူး နေ့မှာ မူရင်းစာရွက်တွေ ယူလာခဲ့ဖို့နဲ့ နောက်တစ်ခု ထပ်တောင်းတာက Financial evidences ပြဖို့ စာထပ်ရောက်လာပါတယ်။ အဲဒါနဲ့ ကျမလည်း Financial evidences ဆိုတာ ဘဏ် စာအုပ်ကို ပြရမှာလားလို့ မေးတော့ ဘဏ်စာအုပ် ပြရင်လည်း ရတယ်ဆိုပြီး စာပြန်လာပါတယ်။ အဲဒီအချိန်အထိ ကျမတို့ မိသားစု အားလုံး ဆေးမစစ်ရသေးပါဘူး။

အောက်တိုဘာ ၃ ရက်၊ ၂၀၂၁။

September 27, 2009

ရန်ကုန် ခရီးစဉ်

၂၀၀၇ ခုနှစ် ဇန်န၀ါရီ မှာ ကျမတို့ မြန်မာပြည်ကနေ ဂျပန်ကို ထွက်လာခဲ့တယ်။ တစ်နှစ်တစ်ခါလောက် မြန်မာပြည်ပြန်လည်ချင်ပေမယ့် လေယာဉ်စရိတ် ဈေးကြီးတာရော၊ ရုံးက ခွင့်ယူဖို့ ဘာညာတွေ တွက်ချက်နေတာကြောင့် ပြီးခဲ့တဲ့ ဧပြီလကမှ မြန်မာပြည်ပြန်လည်ဖြစ်ခဲ့တယ်။ ကြားထဲ မပြန်ဖြစ်တာ ၂ နှစ်ကျော်ပေါ့။ ဒီတစ်ခေါက်ပြန်ဖို့အတွက် ရုံးကခွင့်တွေကို တတ်နိုင်သလောက် ချွေတာ၊ ငွေလည်း တတ်နိုင်သလောက် စုဆောင်းပြီး မတ်လလောက်ကတည်းက ပြန်ဖို့ အစီအစဉ်တွေ စခဲ့ရတယ်။


*****


မြန်မာပြည်ပြန်မယ်ဆို ထုံးစံအတိုင်း မြန်မာသံရုံးကို အခွန်အခတွေ ပေးဆောင်ရပါတယ်။ ၁ လ ယန်း ၁ သောင်း အပြင် တခြားလိုအပ်တဲ့ စာရွက်စာတမ်းတွေ နဲ့ Passport သက်တမ်းတိုးတာတွေ အတွက်ပါ ပိုက်ဆံအပို လေးတွေ ထပ်ဆောင်းပြီး ပေးခဲ့ရတာပေါ့။ ၂ နှစ်စာဆိုတော့ စိတ်ထဲကပဲ တွက်ကြည့် လိုက်ပါတော့နော်။ ကိန်းဂဏန်းတွေကို ရေးပြနေရင် ရင်ထဲ မချိလွန်းလို့ပါ။ မြန်မာပြည်သံရုံးကိစ္စ ပြီးပြန်တော့ ဂျပန်ဘက်မှာ ထပ်ပြီး visa သက်တမ်းတိုး၊ multiple entry ပြန်လျှောက်နဲ့ အလုပ်တစ်ခါ ထပ်ရှုတ်ရတယ်။ ဒီမှာ visa သက်တမ်းတိုးတာက ၁ ပတ်ကျော်ကျော်လောက်ပဲ ကြာတယ်။ visa သက်တမ်းတိုးခ အတွက် ယန်း ၄၀၀၀၊ multiple entry အတွက် ယန်း ၆၀၀၀ ပေးလိုက်ရတယ်။ ဒီဘက်မှာ ပေးရတာတော့ အဲဒီလောက်ပါပဲ။ အခွန်တွေက လစဉ်ဖြတ်တောက်ပြီးသားဆိုတော့ မြန်မာသံရုံးလို တစ်လုံးတည်း တခဲတည်း ပေးစရာမလိုဘူး။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံး အဆင်သင့် ဖြစ်ပြီဆိုမှ လေယာဉ်လက်မှတ်ကို စ စီစဉ် ရတယ်။


လေယာဉ်လက်မှတ်က ၁ လ ခွဲလောက် ကြိုပြီး ၀ယ်တာတောင် ကိုယ်လိုချင်တဲ့ ရက်အတိုင်း အတိအကျ မရခဲ့ဘူး။ လက်မှတ်က တစ်ယောက်ကို ယန်း ၈ သောင်း ပေးရပြီး လေယာဉ်ဆီ၊ အခွန်တွေ ထပ်ပေါင်းလိုက်တော့ အသွားအပြန်ကို ယန်း ၁၀ သောင်းစွန်းစွန်း ပေးလိုက်ရတယ်ပေါ့။ ၂ ယောက်ဆိုတော့ လေယာဉ်လက်မှတ်တင် ဒေါ်လာ ၂၀၀၀ နီးပါး တခါတည်းပြုတ်ပါတယ်။ ခရီးသွား Agent ကနေ ၀ယ်တာမို့ သူတို့ကိုတော့ အကျိုးဆောင်ခ ယန်း ၃၀၀၀ အပိုဆောင်း ပေးလိုက်ရတယ်။ ကျမတို့ပြန်ချိန်က ဂျပန်ရဲ့ ပိတ်ရက်ရှည် (Golden Week) နားနီးနေတာကြောင့်လည်း လေယာဉ်လက်မှတ် ယန်း ၈ သောင်း ပေးရတာပါ။ ခရီးသွားနည်းတဲ့ အချိန်တွေ ဆိုရင်တော့ ဈေးပိုသက်သာပါတယ်။ ကျမတို့က သင်္ကြန်အပြီးလောက် ပြန်တာဆိုတော့ Osaka ကနေ Bangkok ကို လေယာဉ်လက်မှတ် သိပ်မခက်ပေမယ့် Bangkok ကနေ ရန်ကုန်ကို လက်မှတ်ရဖို့ ခက်တယ်။


လေယာဉ်လက်မှတ်ဝယ်ပြီးတော့မှ ၂ ဘက်ဆွေမျိုးတွေအတွက် လက်ဆောင် ၀ယ်ဖို့ပြင်ဆင်ရတယ်။ နောက်ပြီး ပြန်ဖို့ အထုတ်အပိုးပြင်ဆင်ရင်း အိမ်မှာလည်း သိမ်းစရာရှိတာ သိမ်းဆည်းခဲ့ရသေးတယ်။ အဲဒီလိုနဲ့ Osaka ကနေ ဧပြီလ ၂၂ ရက် ည သန်းခေါင် ၁၂ နာရီကျော် လေယာဉ် စထွက်ပြီး ဘန်ကောက်အထိကို ၅ နာရီ ခွဲလောက် စီးရတယ်။ လေယာဉ်ပေါ်မှာ Breakfast ဆိုပြီး မနက် ၂ နာရီလောက် အိပ်ယာက အတင်း နိုးကျွေးလို့ စိတ်တိုမိတာက လွဲရင် ကျန်တာ အားလုံး အဆင်ပြေပါတယ်။ Bangkok ကို မနက် ၄ နာရီ လောက်ရောက်ပါတယ်။ ဘန်ကောက်အချိန် မနက် ၇ နာရီမှာ ရန်ကုန်ကိုပြန်မယ့် လေယာဉ် ဆက်စီးဖြစ်ခဲ့တယ်။ အိမ်ပြန်ချင်နေတဲ့ ဇောတွေကြောင့် ပင်ပန်းတယ်လို့တော့ မထင်မိဘူး။ သိပ်မကြာခင် ရန်ကုန်ရောက်တော့မှာဆိုပြီး ပျော်တာလည်း ပါတာပေါ့လေ။ ဧပြီ ၂၂ ရက် မနက် ၈း၄၅ မှာ ရန်ကုန်လေဆိပ်ကို ပြန်ရောက်ခဲ့ပါတယ်။


*****


ကျမတို့ ရန်ကုန်က ထွက်လာတော့ လေဆိပ်အဆောက်အဦးအသစ်က ဆောက်လက်စ ကြီးပါ။ အခုပြန်ရောက်တော့ ဆောက်ပြီးသွားတဲ့ လေဆိပ်အသစ်ကြီးက ဆီးကြိုနေပါတယ်။ ရောက်ရောက်ချင်း အဆောက်အဦးအသစ်ကြီးကို မြင်ရတော့ စိတ်ထဲ အမြင်ဆန်းနေသလိုပဲ။ ဘယ်က ဘယ်လို သွားရမှန်းမသိလို့ သူများတွေ သွားတဲ့နောက် ရောယောင်ပြီး ခပ်သွက်သွက် လိုက်သွားလိုက်ရတယ်။ ပြီးတော့ immigration မှာ ၀င်တန်းစီရတာပေါ့။ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီး ယူလာခဲ့ပေမယ့် immigration နဲ့ custom ကိုတော့ အပေးအကမ်းလေးတွေနဲ့ ထုံးစံအတိုင်း ကျော်ဖြတ်ခဲ့ရတယ်။ စနစ်တွေကတော့ အရင်အတိုင်းပါပဲ ဘာမှ မပြောင်းဘူး။ ၈း၄၅ မှာ ထိုင်းလေယာဉ်ဆိုက်ပြီး immigration မှာ ကျမတို့ စောင့်နေရတုန်းရှိသေးတယ် နောက်ထပ် ၉း၀၀ မှာ MAI စင်ကာပူလေယာဉ်ထပ်ဆိုက်တော့ လူတွေ တန်းစီနေတာ immigration ရော baggage claim လုပ်တဲ့နေရာမှာရော ကျိတ်ကျိတ်တိုးပဲ။ ၁ နာရီနီးပါး စောင့်လိုက်ရပြီးတော့မှ ကျမတို့ရဲ့ ပစ္စည်းထုပ်တွေ ထွက်လာပါတယ်။ အဲဒီတော့မှ ကိုယ့်အထုပ်ကိုယ်ဆွဲလို့ Taxi ငှားပြီး လေဆိပ်ကြီးထဲကနေ ခပ်သွက်သွက် ပဲ ထွက်လာခဲ့တော့တယ်။ မိသားစုက စောင့်နေမှာဆိုတော့ အိမ်အမြန် ပြန်ရောက်ချင်ပြီလေ။


စက်တင်ဘာ ၂၈၊ ၂၀၀၉

March 11, 2008

Sapporo Snow Festival - Day 1



မတ်လထဲ ရောက်လာပြီဆိုတော့ ဂျပန်ရဲ့ ရာသီဥတုက အရင်လတွေကလောက် မအေးတော့ဘူးလို့ ဆိုရမှာပါပဲ။ ဒီနေ့ဆိုရင် 17 degree C လောက်အထိ ဖြစ်လာပြီ။ အရင် ၂ လလောက်တုန်းကတော့ သုည၊ အနှုတ် ၁ ၊ ၂ အဲဒီနားတင်ပတ်ချာလည်နေတာ။ ဒါကြောင့် အရမ်းအေးပြီး ဘယ်မှလည်း မသွားချင်၊ အပြင်လည်း အထွက်ချင်ခဲ့ဘူး။ မဖြစ်မနေ အပြင်ထွက်ရပြီဆိုရင် ၀တ်လိုက်ရတဲ့ အနွေးထည်တွေ၊ ခြေအိတ်၊ လက်အိတ်၊ ဦးထုပ်၊ မာဖလာ တွေဝတ်ပြီးမှ ထွက်လို့ရတာ မဟုတ်လား။ အိမ်ပြန်ရောက်ရင်ပဲဖြစ်ဖြစ်၊ ရုံးရောက်ရင်ပဲဖြစ်ဖြစ် အပေါ်က ထပ်ထားတဲ့ အင်္ကျီအထူတွေကို ပြန်ချွတ်ရပြန်တာနဲ့ အတော်လေး စိတ်ရှုတ်၊ အလုပ်ရှုတ်တာပါပဲ။ နောက်ပြီး ကျမက အအေး ကြောက်တတ်သေးတယ်။ အဲဒါကြောင့် သူများက အေးပြီဆိုရင် ကျမက အတော်အေးနေပြီလို့ ခံစားရတတ်တယ်။ အဲဒီလို အအေးကြောက်တတ်လို့ပဲ ပြီးခဲ့တဲ့ လတုန်းက သွားခဲ့ရတဲ့ နေရာက အနှုတ် ၈ လောက်ရှိပြီး ညဘက်ဆိုရင် အနှုတ် ၁၅ လောက်အထိကို အေးတဲ့ Sapporo ကို သွားခဲ့ကြတာ။ ၃ ရက်နေခဲ့ရပြီး အပြင်တခါထွက်ခါနီးရင် ကျမမှာ အင်္ကျီ ၇ ထပ် ဘောင်းဘီ ၄ ထပ်လောက် ထပ်ထားမှ လူက နေသာ ထိုင်သာရှိတော့တယ်။ ဓာတ်ပုံအရိုက်ခံရင်လည်း အကျီင်္တွေ ထပ်ထားတာ များလို့ ဖောင်းကားပြီး ကြည့်လို့ မကောင်းပါဘူး။ ဒါကြောင့် ရှုခင်းအသားပေးပုံတွေပဲ များများရိုက်ခဲ့တယ်။


*****


ပထမဆုံး Sapporo ကို လေယာဉ်ဆိုက်တော့ နေ့လည် ၁၁ နာရီကျော်ကျော်ပါ။ ၂ လပိုင်းလောက်အထိက Osaka မှာ နှင်းလုံးဝ မကျသေးတာမို့ Sapporo လည်းရောက်ရော မြင်သမျှ မြင်ကွင်းတွေထဲမှာ အရာအားလုံးဟာ ဖြူဖွေးနေပြီး နှင်းတွေနဲ့ ဖုံးအုပ်ထားတာ မြင်မြင်ချင်းတော့ ထူးဆန်းနေသလိုပဲ။ လေဆိပ်ကနေ Sapporo မြို့ထဲအထိကို ရထားစီးတာက ၄၅ မိနစ်လောက် ကြာပါတယ်။ ကျမတို့ Sapporo မြို့ကို ရောက်တော့ နေ့လည် ၁၂ နာရီကျော်ကျော်လောက်ပဲရှိသေးတာမို့ ဘူတာရုံ coin locker ထဲမှာ ပစ္စည်းတွေ သိမ်းပြီး ကလေးတွေအတွက် သီးသန့် စီစဉ်ပေးထားတဲ့ ကလေး ကစားကွင်းကို အရင်သွားခဲ့ကြပါတယ်။ လမ်းတလျှောက်မှာလည်း လမ်းပေါ်က နှင်းတွေကို ကော်ပြီး လမ်းဘေး တဖက်စီမှာ ပုံထားတာ နှင်းခဲထုက ခါးတစ်ဝက်လောက်အထိရှိတဲ့ နေရာတွေလည်း တွေ့ခဲ့ရပါတယ်။ ရောက်ရောက်ချင်းနေ့ကတော့ နှင်းကျလိုက် ရပ်လိုက်နဲ့ပါပဲ။


ကစားကွင်းကို မြို့တွင်းဘတ်စ်ကား မိနစ် ၃၀ လောက်စီးပြီးမှ ရောက်ပါတယ်။ အစတုန်းကတော့ ဘယ်လိုနေရာမှန်းမသိပဲ ရောက်တုန်း နာမည်ကြီးတဲ့နေရာ ရောက်ဖူးတယ်ရှိအောင် သွားခဲ့ကြတာပါ။ တကယ်ရောက်သွားတော့မှပဲ ကလေးတွေအတွက် သီးသန့်လုပ်ပေးထားတာမှန်း သိရပါတော့တယ်။ အများအားဖြင့် ကစားကွင်းလာကြတာ ကလေးမိဘတွေနဲ့ ကလေးတွေ အရွယ်စုံပါပဲ။ ကျမတို့လည်း ကားပေါ်က ဆင်းဆင်းချင်း နှင်းတောထဲ ခုန်ပေါက်ပြေးလွှားရင်း နှင်းတွေကို လက်နဲ့ဆုပ်ပြီး အချင်းချင်း ပစ်ပေါက် ဆော့ကစားရတာ ပျော်စရာပါ။ နောက်ပိုင်း အရမ်းအေးလာတော့ မဆော့ချင်တော့ဘူး။ ကစားကွင်းထဲမှာ နှင်းရုပ်တုတွေ လျှောက်ကြည့်လိုက်၊ ရေခဲတုံးနဲ့ လုပ်ထားတဲ့ ၀င်္ကဘာထဲကို ၀င်လျှောက်လိုက်၊ နှင်းတောထဲ speed boat လိုမျိုး စီးလိုက်နဲ့ ရောက်တုန်းလေးမှာ တန်အောင်တော့ ဆော့ခဲ့ကြတာပေါ့။


ကျမတို့အတွက် ထူးခြားတာက အဲဒီမှာ နှင်းရုပ်ကို ကိုယ်တိုင်လုပ်ဖို့ ဇလုံအကြီးအသေး ၂ စုံရယ် (ဇလုံအကြီးက အရုပ်ဗိုက်လုပ်ဖို့နဲ့ အသေးက အရုပ်ခေါင်းလုပ်ဖို့ပါ။ )၊ အရုပ်အတွက် မျက်လုံး၊ မျက်ခုံးလုပ်ဖို့ အ၀ါရောင်၊ အနီရောင်၊ အနက်ရောင်လေးတွေ ချယ်ထားတဲ့ သစ်သားတုံးလေးတွေရယ်၊ အရုပ်လုပ်ပြီးရင် စာရေးပြီး ချိတ်ဆွဲဖို့ ကဒ်ရယ်၊ ကြိုးရယ်၊ ပေးပါတယ်။ အဲဒီအရုပ်ကို ဂျပန်လို yuki daruma တဲ့။ အမှန်တော့ ဗိုက်ပူပူနဲ့ ပစ်တိုင်းထောင်ရုပ်လိုမျိုးပါပဲ။ နှင်းနဲ့လုပ်လို့ yuki လို့ ထပ်ဖြည့်ခေါ်လိုက်တာ။ ကျမတို့ ၂ ယောက်လည်း ကလေးတွေနဲ့အပြိုင် daruma အရုပ်လုပ်ခဲ့ကြပါတယ်။ ပြီးသွားတော့ အရုပ် တပိုက်ပိုက်နဲ့ ဓာတ်ပုံ တ၀ကြီးရိုက်ပြီးမှ အရုပ်ထားဖို့ သတ်မှတ်ထား တဲ့နေရာမှာ ထားခဲ့ရတာပါ။ သူများတွေလည်း အရုပ်လုပ်ပြီး ထားခဲ့ကြတာမို့ အဲဒီ နေရာမှာ အရုပ်တွေ တော်တော်များများ စုမိနေပါပြီ။ တချိန်ချိန်မှာတော့ ဒီအရုပ်တွေအားလုံးဟာ အရည်ပျော်သွားကြမှာပါပဲ။ ကျမအတွက်ကတော့ မရောက်ဖူးသေးတဲ့နေရာကို ရောက်ခဲ့တာမို့ ပျော်ခဲ့ရပါတယ်။ ညနေ ၃ နာရီလောက်မှာ နှင်းအရမ်းကျလာပြီး မခံနိုင်တဲ့အဆုံး တည်းမယ့်ဟိုတယ်ကို ပြန်ခဲ့ကြတာပါ။ ဒါကတော့ ပထမရက် ခရီးစဉ်ပေါ့လေ။ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို သူငယ်ချင်းတို့လည်း ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။





မတ် ၁၁၊ ၂၀၀၈။

January 24, 2008

Amanohashidate (Heaven's Bridge)

ဇန်န၀ါရီလ ၁၅ ရက်နေ့က ကျမတို့ Osaka ကို ရောက်လာတာ ၁ နှစ်တင်းတင်းပြည့်တဲ့နေ့ပါပဲ။ ဒီကို ရောက်လာပြီးကတည်းက ခရီးသိပ်မထွက်ဖြစ်ပါဘူး။ ဆောင်းတွင်းဆိုလည်း ရာသီဥတုက အေးလို့၊ နွေဘက်ဆိုရင်လည်း ရာသီဥတုက ပူလို့ အကြောင်းပြချက်မျိုးစုံနဲ့ အိမ်ထဲမှာပဲ အချိန်ကုန်ခဲ့ရတဲ့ရက်တွေက များပါတယ်။ လည်ဖြစ်တာဆိုလို့ မေပယ်လ်ရွက်တွေ အရောင်ပြောင်းတုန်းက အနီးအနားမှာရှိတဲ့ Mino ရေတံခွန်ကိုရောက်ဖြစ်ခဲ့တာ တစ်ခုပဲရှိတယ်။ ဒီနှစ်ဆန်းပိုင်းမှာမှ သူငယ်ချင်းလာလည်လို့ သူနဲ့အတူ ကျိုတိုနဲ့ အိုဆာကားတ၀ိုက်ကို ထပ်လည်ဖြစ်ခဲ့တာပါ။ ဒီဇင်ဘာ ပိတ်ရက်ရတုန်းကလည်း Hiroshima ကို ၂ရက်လောက် ခရီး ထွက်မယ်လို့ စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် Hiroshima သွားဖို့ ပိတ်ရက်နားနီးမှ စဉ်းစားမိတာမို့ ဟိုတယ်တွေ ကားလက်မှတ်တွေ ကျပ်နေတာနဲ့ပဲ မသွားဖြစ်ခဲ့ပါဘူး။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ပိတ်ရက် ၃ ရက်မှာတော့ Osaka နဲ့ သိပ်မဝေးတဲ့ Amanohashidate ကို တစ်ညအိပ် သွားဖြစ်ခဲ့ပါတယ်။ ဂျပန်မှာ ရှုခင်းအလှဆုံးလို့ နာမည်ကြီးတဲ့နေရာ ၃ ထဲက တစ်ခုအပါအ၀င်ပေါ့။ ဇန်န၀ါရီမှာ သွားဖို့အတွက် ဒီဇင်ဘာ လလယ်လောက် ကတည်းက တည်းခိုခန်းနဲ့ ကားလက်မှတ်ကို ကြိုစီစဉ်ထားခဲ့ရတာပါ။ ကျမတို့ အဆင်ပြေပြေ နဲ့ အလွယ်တကူ သွားနိုင်ခဲ့တာ ကလည်း သူငယ်ချင်း ဂျပန်မလေးရဲ့ ကျေးဇူးကြောင့်ပါပဲ။ တည်းခိုးခန်းနဲ့ကားလက်မှတ်က အစ အကုန်လုံးကို သူပဲ ဖုန်းနဲ့ ဒိုင်ခံ စုံစမ်းပေးပြီး စီစဉ်ပေးခဲ့တာပါ။


Amanohashidate က Kyoto Prefecture ရဲ့ Miyazu City နားမှာရှိပြီး ကားနဲ့သွားလို့ရသလို ရထားနဲ့လည်း သွားလို့ရပါတယ်။ Osaka ကနေ ကားနဲ့သွားမယ်ဆိုရင် ၃နာရီ ကြာပြီး ရထားနဲ့ သွားမယ် ဆိုရင်တော့ ၂ နာရီပဲ ကြာပါတယ်။ ကျမတို့သွားတုန်းကတော့ Hankyu ဘတ်စ်ကားလိုင်း နဲ့သွားတာမို့ ကားခ ယန်း ၂၅၀၀ ပေးရပြီး ရထားခဆိုရင်တော့ ယန်း ၄၀၀၀ ကျော်လောက်ကျမှာပါ။ ဟိုမှာ ညအိပ်မှာမို့ ကျမတို့လည်း အသွားအပြန်ကို ကားနဲ့ပဲ သွားဖို့ စီစဉ်လိုက်တာပါပဲ။ ၂ ယောက်ပေါင်း ကားခတင်ပဲ ယန်း ၁ သောင်းနီးပါးပေးလိုက်ရပါတယ်။ အစောဆုံး စထွက်တဲ့ကားက Osaka Hankyu ကားဂိတ်ကနေ မနက် ၉ နာရီ ၅၀ မှာ ထွက်ပါတယ်။

Amanohashidate ကို အင်္ဂလိပ်လို ဘာသာပြန်ထားတာတော့ Heaven's Bridge လို့ တိုက်ရိုက်ဘာသာပြန်ထားကြတယ်။ Miyazu Bay ရဲ့ ဟိုဘက်ကျွန်းနဲ့ ဒီဘက်ကျွန်း ကို သဲဖြူလမ်း နဲ့ အလယ်မှာ ခြားထားပါတယ်။ သဲဖြူလမ်းရဲ့ အရှည်က ၃.၆ ကီလိုမီတာ (တချို့ကလည်း ၃.၃ ကီလိုမီတာ လို့ပြောတယ်) ရှည်ပြီး လမ်းတလျှောက်မှာ ထင်းရှုးပင်ပေါင်း (Pine Trees) ၇၀၀၀ ကျော်ရှိတာမို့ ကြည့်လိုက်ရင် တောလမ်းလေး လို ဖြစ်နေတာပါပဲ။ တောင်ထိပ်တွေပေါ်ကနေ ကြည့်လို့ မြင်ရတဲ့ ရှုခင်းကတော့ အရမ်းလှပါတယ်။ အဲဒီမှာ ရှုခင်းကြည့်ရင်လည်း ရိုးရိုး ကြည့်လေ့ မရှိကြပါဘူး။ “ရိုးရိုး မကြည့်ရဘူး ဆိုတော့ ဘယ်လိုကြည့်ရမှာလဲ။ ကင်းမြှီးကောက်ထောင်သလို ထောင်ကြည့်ရမှာလား” လို့ ရွဲ့ပြီးမေးရမလိုပါပဲ။ ဟုတ်ပါတယ်။ ရိုးရိုးမကြည့်ပဲ ဆန်းဆန်းကြည့်ရပါတယ်။ ကင်းမြှီးကောက်ထောင်သလိုတော့ လည်းမဟုတ်ဘူးပေါ့လေ။ ခြေထောက် ၂ ချောင်းကား၊ ခေါင်းကို အောက်ဘက်ကို ငုံ့၊ ခါးကုန်းပြီး ရှုခင်းကို ခြေထောက် ၂ ချောင်း ကြားထဲက ကြည့်ရတာပါ။ အဲဒီလိုကြည့်လိုက်လို့ မြင်ရတဲ့ မြင်ကွင်းထဲမှာ သဲဖြူလမ်းက ကောင်းကင်ကို တံတားထိုးနေသလို မြင်နေရတာမို့ Amanohashidate (Heaven's Bridge)
လို့ခေါ်ကြတာလို့ စာထဲမှာ ဖတ်ရပါတယ်။ နွေဘက်ဆိုရင် သဲဖြူလမ်းတလျှောက် စက်ဘီးစီးရင်း ဟိုဘက်နဲ့ ဒီဘက်ကို ကူးလို့ရသလို လမ်းလျှောက်ပြီးလည်း သွားလို့ရပါတယ်။ နောက်ပြီး ရေကူးဖို့အတွက် သီးသန့် နေရာသတ်မှတ်ပေးထားပါတယ်။ နွေဘက်သွားရင်တော့ ရှုခင်း လှတဲ့ အပြင် ရေကူးလို့ကောင်းမယ့် beach တစ်ခုပါပဲ။


ဟိုဘက်ကျွန်းနဲ့ ဒီဘက်ကျွန်းကို သင်္ဘောစီးပြီး ကူးလို့ရသလို တချို့လည်း speed boat စင်းလုံးငှားပြီး ကူးကြပါတယ်။ တဖက်ကျွန်းရောက်ရင် တောင်ပေါ်ကို cable car နဲ့ဖြစ်ဖြစ် chair lift နဲ့ဖြစ်ဖြစ် အတက်အဆင်း လုပ်လို့ရပါတယ်။ မိုးရွာနေရင်တော့ chair lift ကို မသုံးကြပါဘူး။ အဲဒီကမှ တဆင့် နောက်ထပ် တခါ ကားစီးပြီး တောင်ပေါ်မှာရှိတဲ့ ဘုရားကျောင်းကို သွားလို့ရပါသေးတယ်။ ကျမတို့ကတော့ အဲဒါတွေ အကုန်စီးလို့ရအောင် 2 days free ticket ကို ယန်း၂၃၀၀ နဲ့ ၀ယ်ပြီး တန်အောင်လို့ အကုန် လျှောက်စီးခဲ့ပါတယ်။


ကျမတို့ ရောက်တဲ့ရက်က
ကံဆိုးချင်တော့ Amanohashidate မှာ ပထမရက် မိုးရွာနေပြီး နောက်တရက်မှာ နှင်းကျတာနဲ့ကြုံပါတယ်။ ရောက်သွားတော့ နေ့လည် ၁ နာရီလောက် ရှိနေပါပြီ။ တည်းခိုခန်းက ၃ နာရီမှ check in ပေးလုပ်မှာမို့ အ၀တ်အစားအိတ်ကို တည်းခိုးခန်းမှာပဲ အပ်ခဲ့ပြီး ၂ ယောက်သား မိုးရွာထဲမှာ ထီး၁ ချောင်းနဲ့ အနီးအနားကို လျှောက်လည်ပါတယ်။ တည်းခိုခန်းမှာက ညစာ၊ မနက်စာ ကျွေးပြီး ရေပူစိမ်လို့လည်းရတာမို့ တယောက်ကို ယန်း ၁၅၀၀၀ ပေးရပါတယ်။ နောက်တနေ့မနက် ၁၀ နာရီမှာ တည်းခိုခန်းက check out ပြန်လုပ်ပြီး သွားဖို့ကျန်တဲ့နေရာတွေ၊ စီးစရာရှိတာတွေကို နှင်းတောထဲမှာပဲ ထီးဆောင်းပြီး လျှောက်လည်ရတော့တာပေါ့။


ရှုခင်းက လှပေမယ့်လည်း မိုးရွာတာနဲ့ နှင်းကျတာနဲ့ဆိုတော့ ဓာတ်ပုံရိုက်ဖို့ သိပ်မကောင်းဘူး။ ဒါတောင် ကင်မရာမင်းကို တောင်းတောင်းပန်ပန် ရိုက်ပေးပါဆိုလို့ တချို့ပုံတွေ ရလာခဲ့တာ။ အရမ်းလည်း အေးတော့ ရေကူးလို့ရတဲ့ beach ကိုသာ ရောက်သွားတယ် ရေလည်း ဆော့လို့မရပါဘူး။ ပါးစပ်က “ဟယ်..လှလိုက်တာ... ရေဆော့ချင်လိုက်တာ.. မြန်မာပြည်က ချောင်းသာတို့ ငွေဆောင်တို့ကို လွမ်းလိုက်တာ”ဆိုတာပဲ တွင်တွင်ပြောရင်း ရေစပ်နားသွားဖို့ နေနေသာသာ၊ နှင်းတောထဲမှာ ချောမလဲအောင် မနည်း ဂရုစိုက်ပြီး လျှောက်နေရတယ်။


ရုံးက မန်နေဂျာကတော့ ကျမတို့ Amanohashidate မသွားခင် တစ်ရက်မှာ ကောင်းကောင်းထောပနာပြုပါတယ်။ “အဲဒီနေရာက ပင်လယ်ကမ်းခြေမို့လို့ နွေဘက်သွားသင့်တာကို ဒီလောက် အေးစက်နေတာ ဘာသွားလုပ်မှာလဲ။ နင်တို့ပဲ ရှိလိမ့်မယ်။ ဘယ်သူမှ ရှိမှာမဟုတ်ဘူး”ဆိုပြီး ပြောပါတယ်။ တကယ်တမ်း ဟိုရောက်တော့လည်း လာကြတဲ့သူတွေများသားပဲ။ မိုးရွာပြီး နှင်းကျလို့သာ တော်တော့တယ်၊ နေပူရင်တော့ လာတဲ့လူ ဒီထက်ပိုများမလားပဲ။ နောက်မှ သူငယ်ချင်း ဂျပန်မလေးကို မေးကြည့်တော့ သူက “ ဂျပန်တွေက ဂဏန်းကို အရမ်းကြိုက်ကြတယ်။ ၁၁ လပိုင်းလောက်ကနေစပြီး ၃ လပိုင်းလောက်အထိ ပင်လယ် ဂဏန်းတွေက လတ်ဆတ်ပြီး အရသာ ရှိတာမို့ ရေပူလည်းစိမ်ရင်းနဲ့ ဂဏန်းလာစားကြတာ”ဆိုပြီး ရှင်းပြပါတယ်။


ဈေးဆိုင်တွေမှာဆိုရင် ဂဏန်းကို ရေခဲပုံးထဲထည့်ပြီး အဆင်သင့် သယ်သွားလို့ရအောင် စနစ်တကျ ဖော့ဘူးတွေနဲ့ ထည့်ပြီး ရောင်းတာ မြင်ခဲ့ရပါတယ်။ အိမ်အပြန် သယ်တဲ့သူတွေလည်း ၂ ဗူး၊ ၃ ဗူး သယ်ကြတာပဲ။ ဒီမှာတွေ့ရတဲ့ ပင်လယ်ဂဏန်းတွေက မြန်မာပြည်က ဂဏန်းထက်ဆိုရင် အရွယ်တော်တော်လေးကြီးပါတယ်။ ဂျပန်တွေက ပင်လယ် ဂဏန်းကို ရေနဲ့ပြုတ်စားတယ် (ရေနွေးနဲ့ ခဏလောက်ပြုတ်ပြီး ပြန်ဆယ်ထားတာဖြစ်မယ်)၊ မီးကင်ပြီးလည်း စားကြတယ်။ soup လိုမျိုး လုပ်စားတာတော့ မတွေ့မိဘူး။ ကျမတို့တည်းတဲ့ တည်းခိုခန်းက ညစာကျွေးတာတော့ အရင်ဆုံး ဂဏန်း လက်တွေချည်းပဲ ပြုတ်ထားပြီးသားကို source တစ်မျိုးနဲ့ တို့စားခိုင်းတယ်။ နောက်ပြီး အောက်က ဆားခံပြီး ပေါင်းထားတာလိုမျိုး စားခဲ့ရတယ်။ ကျမကတော့ မြန်မာပြည် ကမ်းခြေတွေမှာ စားရတဲ့ ဂဏန်းမဆလာချက်လောက်ကို ဘယ်ဟာမှ မကြိုက်ဘူး။ ရေပူစိမ်တာတော့ နောက်မှ သတ်သတ်ထပ်ရေးပါ့မယ်။ အခုတော့ ပို့စ်လည်းအတော်ရှည်နေပြီမို့ ဒီလောက်နဲ့ပဲ နားထားလိုက်ပါတော့မယ်...


အခုတလော ခရီးသွားပို့စ်တွေချည်း ရေးနေတာမို့ လာလည်တဲ့ သူငယ်ချင်းတွေလည်း ဖတ်ရတာ ငြီးငွေ့ရောပေါ့။ ဒါကြောင့် နောက်ပို့စ်ကျရင် သူငယ်ချင်းတွေကို Amanohashidate က ၀ယ်လာတဲ့ ဂျပန်မုန့်တွေ နဲ့ ဧည့်ခံမယ်နော်။ အခုတော့ ရှုခင်းပုံတွေပဲ အရင်ကြည့်ထားလိုက်ပါဦး။ ညစာ ဂဏန်းကျွေးတာ ကို ဓာတ်ပုံရိုက်ချင်ပေမယ့် အိပ်ချင်မူးတူးနဲ့ အပေါ်ထပ်မှာ ကင်မရာ မေ့ကျန်ခဲ့လို့ မရိုက်ခဲ့လိုက်ရပါဘူး။ ဒါကြောင့် တည်းခိုခန်း website မှာ တင်ထားတဲ့ ပင်လယ်ဂဏန်းပုံ နဲ့ အင်တာနက်ထဲမှာ ရှာဖွေထားတဲ့ ဂဏန်းပုံတွေပါ အားလုံးကြည့်လို့ရအောင် ကူးယူ ဖော်ပြ ပေးလိုက်ပါတယ်။




ဇန်န၀ါရီ ၂၄၊ ၂၀၀၈။

January 21, 2008

Around Kyoto - III

Around Kyoto - III (Kinkaku-ji)



Kyoto မှာ နောက်ထပ် နာ
မည်ကြီးတဲ့ နေရာကတော့ Kinkaku-ji (Golden Pavilion) ပါပဲ။ ကျမတို့ကတော့ အလွယ်တကူ “ရွှေကျောင်း”လို့ပဲ ခေါ်လိုက်တယ်။ Kyoto မြို့ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး Kinkakuji Area ထဲမှာ ပါဝင်ပါတယ်။ Kyoto Station ကနေ sightseeing bus စီးမယ်ဆိုရင် ကားနံပါတ် ၁၀၁ နဲ့ ၂၀၅ စီးရမယ်လို့ ဘတ်စ်ကားလမ်းညွှန်မှာတော့ ပြထားပါတယ်။


ကျမတို့တုန်းက
Sanjūsangen-dō ဘုရားကျောင်းကနေတဆင့် ဘတ်စ်ကားစီးရမယ်ဆိုရင် မိနစ် ၄၀ ကျော်လောက် ကြာမှာဆိုတော့ ဘတ်စ်မစီးတော့ပဲ Kyoto အရှေ့ဘက်ကနေ မြောက်ဘက်ကို taxi ငှားစီးပြီး သွားခဲ့ရပါတယ်။ Taxi နဲ့တောင် မိနစ် ၃၀ လောက် အချိန်ပေးခဲ့ရပြီး ရွှေကျောင်းကို ရောက်တော့ ညနေ ၄ နာရီ ကျော်လောက်ဖြစ်နေပါပြီ။ ၀င်ကြေးက ယန်း ၄၀၀ ပေးရပါတယ်။ ဘုရားကျောင်း ပိတ်ချိန်က ညနေ ၅ နာရီဆို ပိတ်တာမို့ ရွှေကျောင်း မပိတ်ခင် အမှီ ပြေးလာခဲ့ရတာပါ။ နောက်ပြီး ဒီမှာက ၅ နာရီလောက်ဆိုရင် အတော် မှောင်နေတာမို့ သူငယ်ချင်းလည်း ရောက်တုန်းရောက်ခိုက်မှာ ရှုခင်းလည်း ကြည့်ရအောင်နဲ့ ဓာတ်ပုံရိုက်ချင်လည်း ရိုက်လို့ရအောင် ကားငှားသွားလိုက်ကြတာပါပဲ။


တကယ်လို့များ Kyoto မှာ နာမည်ကြီးနေရာတွေပဲ ရွေးလည်မယ်ဆိုရင် တနေရာနဲ့ တနေရာ taxi စီးသွားလိုက်တာ အတန်ဆုံးပါပဲ။ လိုင်းကားက ဈေးသက်သာပေမယ့် ကားစောင့်ရမယ့် အချိန်ရယ် နောက်ပြီး ကားက မှတ်တိုင်တိုင်းမှာ ရပ်မှာဆိုတော့ အချိန် အရေးကြီးရင် ကားငှားစီးပြီး လည်တာ ပိုကောင်းပါတယ်။ ကားခကလည်း အများကြီး မပေးရတော့ လူ ၄ ယောက်နဲ့ ၅ ယောက်ဆိုရင် ကားစုငှားပြီး လည်တာ ပိုကောင်းတယ်လို့လည်း website တစ်ခုမှာပြောထားပါသေးတယ်။


ဝင်ကြေးပေးပြီး အထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ရွှေကျောင်းဆိုတဲ့ နာမည်နဲ့လိုက်အောင် ရွှေရောင်တ၀င်းဝင်းနဲ့ ကျောင်းဆောင်ကို ကန်ရေပြင်အလည်မှာတွေ့ရပါတော့တယ်။ ကန်ရှေ့က view ကောင်းတဲ့နေရာမှာလည်း ထုံးစံအတိုင်း အားလုံးက ရွှေကျောင်းကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ချင်ကြတော့ လူရှင်းအောင် မနည်း တန်းစီစောင့်ရင်း မမှောင်ခင်မှာ ဓာတ်ပုံအရင်ဆုံး ရိုက်လိုက်ရပါသေးတယ်။ (ကိုယ့် blog မှာလည်း ဓာတ်ပုံပါချင်သေးတာကိုး.. )


ဘုရားကျောင်းက ပေးတဲ့ လက်ကမ်းစာရွက်ပေါ်မှာ ရွှေကျောင်းနဲ့ ပတ်သက်တာတွေကို အင်္ဂလိပ်လိုလည်းပါတာမို့ ကူးယူဖော်ပြပေးလိုက်ပါတယ်။

History

Kinkaku (Golden Pavilion) is a popular name for one of the main buildings of this temple, which is properly called Rokuon-ji Temple. In the 1220's it was the comfortable villa of Kintsune Saionji.

Yoshimitsu, the 3rd Shōgun of Ashikaga, abdicated the throne in 1394. After three years, he began to build Kitayamaden and he made a special effort to make it a breath-taking site. He indulged in his peaceful life in this serene setting. After Yoshimitsu's death, Kitayamaden was made into a Zen temple in accordance with his will. All the buildings of those days came to ruin expect Kinkaku. The garden, however, remains as it was in former days and can be enjoyed as it was hundreds of years ago. Rokuon-ji Temple was inscribed as World Cultural Heritage in 1994.


Building

Kinkaku was formally called Shariden. The elegant, harmonious building consists of three types of architecture. The 1st floor is Shinden-zukuri, the palace style. It is named Hō-sui-in. The 2nd floor is Buke-zukuri, the style of the samurai house and is called Chō-on-dō. The 3rd floor is Karayō style or Zen temple style. It is called Kukkyō-chō. Both the 2nd and 3rd floors are covered with gold-leaf on Japanese lacquer. The roof, upon which the Chinese phoenix settles, is thatched with shingles.

Recently, the coating of Japanese lacquer was found a little decayed and a new coating as well as gilding with gold-leaf, much thicker than the original ones, was given to the building and was completed in 1987. Furthermore, the beautiful painting on the ceiling and the statue of Yoshimitsu was restored, with utmost care, to their original splendor. Then, the restoring of its roof was performed in the spring of 2003.


Points of interest

The name of the pond is Kyōko-chi (Mirror pond). The pond contains many large and small islands. Climbing a few steps, you stand at the edge of another small pond, An-min-taku. The small stone pagoda on the island is called Hakuja-no-tsuka (the mound in memory of the white snake).

The classic tea house is called Sekka-tei. In Sekka-tei there is a celebrated pillar made of a nandin. The house was restored in 1997. On the way to the exit of the temple, you will find the small Fudōdō shrine where the stone Fudō-myōō (Acara) is enshrined as a guardian.


စာရွက်ပေါ်မှာ ရေးထားတာတွေကတော့ ဒါအကုန်ပါပဲ။ Website တချို့ကတော့ ရွှေကျောင်းအတွင်းထဲမှာရှိတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးထားတာတွေ့ရပါတယ်။ ရွှေကျောင်းကို အပြင်ကနေပဲကြည့်ခွင့်ရှိပြီး ကျောင်းဆောင်ထဲကိုတော့ ၀င်လို့မရပါဘူး။ ရွှေကျောင်းကို ကျမရောက်ဖူးတာ ၂ ခါရှိပေမယ့် ၂ ခါစလုံးက အရမ်းအေးတဲ့အချိန်မှာပဲ ရောက်ဖြစ်တာမို့ ရာသီဥတုက အမြဲတမ်းပဲ ညို့မှိုင်းမှိုင်းအဖြစ် မြင်ခဲ့ရတာချည်းပါပဲ။ ရောက်သွားတုန်းကတော့ စာရွက်ထဲက အကြောင်းအရာတွေလည်း သေချာ မဖတ်မိပဲ မှောင်နေပြီမို့ မြန်မြန် သွက်သွက် ပန်းခြံထဲ နှံ့အောင် လျှောက်ကြည့်ရင်း ပြန်လာခဲ့ရပါတော့တယ်။ တကယ်လို့ ဘုရားကျောင်းအတွင်းဘက်က ပုံတွေ ကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ကြည့်လို့ရပါတယ်။


ဇန်န၀ါရီ ၂၁၊ ၂၀၀၈။

January 15, 2008

Around Kyoto - II

Kiyomizu-dera ကနေ ကျမတို့ ပြန်ထွက်လာတော့ နေ့လည် ၁ နာရီကျော်လောက်ဖြစ်နေတာနဲ့ နေ့လည်စာ စားဖို့ အနီးအနား တစ်ဝိုက်မှာ စားသောက်ဆိုင် လိုက်ရှာကြတာပေါ့။ ဖြစ်ချင်တော့ အဲဒီနေ့က ဇန်န၀ါရီလ ၁ ရက်နေ့ဆိုတော့ ဆိုင်တော်တော်များများ ပိတ်ထားတာနဲ့ ကြုံပါတယ်။ ဗိုက်ဆာဆာနဲ့ ၃ ယောက်သား စားသောက်ဆိုင်တွေ့လို တွေ့ငြား လမ်းလျှောက်လာရင်း ကားမှတ်တိုင် ၂ တိုင် ကျော်လည်းရောက်ရော နောက်ထပ် ဘုရားကျောင်းတစ်ခုကို ထပ်ရောက်ပါတယ်။ ဘုရားကျောင်းရဲ့ လမ်းတဖက်မှာလည်း ထမင်းဆိုင် ရှိတာနဲ့ အဲဒီမှာပဲနေ့လည်စာ စားဖြစ်ခဲ့တယ်။ ဘုရားကျောင်းရဲ့ နာမည်ကတော့ Sanjūsangen-dō ပါ။

Around Kyoto - II (Sanjūsangen-dō)

Sanjūsangen-dō
ဘုရားကျောင်းက
Kyoto မြို့ရဲ့အရှေ့ဘက် ၊ Hagashiyama Area မှာ တည်ရှိပါတယ်။ Kyoto Station ကနေ ဘတ်စ်ကား စီးမယ်ဆိုရင်လည်း ခဏလောက်ပဲ စီးရမှာဖြစ်ပြီး လမ်းလျှောက်ရင်တော့ ၁၅ မိနစ် လောက်ဆို ရောက်နိုင်ပါတယ်။ Kiyomizu-dera ဘက်ကို သွားတဲ့ ဘတ်စ်ကားကိုပဲ စီးရမှာဆိုတော့ ကျမတို့က Kiyomizu-dera ဘုရားကျောင်းကိုအရင်သွားပြီး အပြန်မှာမှ Sanjūsangen-dō ကို ၀င်ဖြစ်ခဲ့တာပါ။ ဘုရားကျောင်းထဲမ၀င်ခင်မှာ ၀င်ခအတွက် လက်မှတ်ဖြတ်ပြီး ဘုရားကျောင်းက ၀န်ထမ်းတွေ ကမ်းတဲ့ စာရွက်လေးမှာရေးထားတာတွေကို မူရင်းအတိုင်းပဲ ကူးယူဖော်ပြပေးလိုက်ပါတယ်။ ၀င်ကြေးကတော့ ယန်း ၆၀၀ ပါ။


ဘုရားကျောင်းဆောင်အပြင်ဘက်ကနေ ရိုက်ယူထားတဲ့ပုံပါ။

The official name of Sanjūsangen-dō is Rengeō-in temple, and the structure is registered as a National Treasure by the Japanese government. It was established by the powerful warrior-politician Taira-no-Kiyomori in 1164. The original temple building was lost in a fire, but the building was reconstructed in 1266. That structure has remained unchanged for 700 years since then with four great renovations during that period. The long temple hall, which is about 120 meters long, is made in the Wayo (Japanese) style architecture. As there are thirty-three spaces between the columns, this temple came to be called ' Sanjūsangen-dō ' (a hall with thirty-three spaces between columns). Other noteworthy objects in this temple are the roofed earthen fence and the Sought Gate, which are registered as Important Cultural Properties. They are noted in connection with Regent Toyotomi Hideyoshi and reflect the aesthetics of the 16th century.

ကျမတို့လည်း ပထမဆုံး ရောက်ဖူးတာဖြစ်တဲ့အပြင် ဒီဘုရားကျောင်းကို ၀င်ဖူးရခြင်း အဓိက အကြောင်းကတော့ ရှေးနှစ်ပေါင်းများစွာက သက်တမ်းကြာလှပြီဖြစ်တဲ့ ကျောင်းဆောင်အပြင် အတွင်းမှာ ဘုရားဆင်းတုပေါင်း ၁၀၀၁ ဆူရှိတယ်ဆိုတာကြောင့် ၀င်ဖူးဖြစ်တာပါ။



The principal images of Sanjūsangen-dō temple are the 1001 statues of the Buddhist deity. Juichimen-senju-sengen Kanzeon, which is often called by the simplified name, "Kannon". One thousand standing statues of Kannon (Important Cultural Properties) and one gigantic seated statue (National Treasure), placed at the center of the standing statues, are housed in the temple hall. The statues are made of Japanese cypress. Among the standing statues, 124 were made in the 12th century when this temple was founded, and the remaining 876 were made in the 13th century when the temple was renovated.






ဘုရားကျောင်းဆောင်အတွင်းမှာရှိတဲ့ ဆင်းတု ၁၀၀၁ ဆူနဲ့ နတ်ရုပ် ပုံတွေပါ။ ဓာတ်ပုံတွေကို ဒီနေရာ က ကူးယူဖော်ပြပါတယ်။


ဘုရားကျောင်းဆောင်ထဲကို ၀င်မယ်ဆိုရင် စီးလာတဲ့ ဖိနပ်တွေကို အပြင်မှာ အရင်ချွတ်ခဲ့ပြီး ကျောင်းဆောင်အတွင်းမှာ စီးရမဲ့ ဖိနပ်ကို လဲစီးရပါတယ်။ နောက်ပြီး ဓာတ်ပုံလည်း မရိုက်ရဘူးလို့ စာရေးထားလေတော့ ကျမတို့လည်း ပါလာတဲ့ ကင်မရာတွေကို အကုန်စုပြီး သိမ်းထားလိုက်ရတော့တာပေါ့။ ကျောင်းဆောင်ထဲမှာတော့ များပြားလှတဲ့ ဘုရားဆင်းတုတော်တွေအပြင် အရှေ့မှာရှိတဲ့ ထူးခြားတဲ့ နတ်ရုတ်တွေရဲ့ သမိုင်းရာဇ၀င်တွေကိုပါ အင်္ဂလိပ်လို ရေးထားတာကို ဖတ်ခဲ့ရပါတယ်။ ထူးခြားတဲ့ နတ်ရုပ် ၂ ရုပ် အကြောင်းကတော့ လက်ကမ်း စာရွက်ပေါ်မှာလည်း ရေးထားပါတယ်။ ကျန်တဲ့ နတ်ရုပ်တွေရဲ့ ရာဇ၀င်ကိုတော့ စာရွက်ထဲမှာ တိတိကျကျ မရေးပြထားတာမို့ ကျမလည်း ဘုရားကျောင်းဆောင်ထဲမှာ ဖတ်ယုံတင်ပဲ ဖတ်ခဲ့ပြီး အခုချိန်မှာတော့ ခေါင်းထဲမှာ ဘာမှ မကျန်နေတော့ပါဘူး။ ထူးခြားတဲ့ နတ်ရုပ် ၂ ရုပ်ကတော့ လေနတ်သားနဲ့ မိုးနတ်သား ပါပဲ။



The powerful and dynamic statues of the Thunder God and Wind God are placed at either side of the temple hall on raised pedestals of cloud shape. The images of these gods derived from people's fear of and gratitude for nature in the old days. People worshipped them as deities who controlled rain and wind, and brought about good harvests. These statues are representative masterpiece sculptures of the Kamakura period (12th - 14th centuries).

လေနတ်သားနဲ့ မိုးနတ်သား ရုပ်တုတွေအပါအ၀င် တခြားလက်ရာမြောက်လှတဲ့ နတ်ရုပ်တွေနဲ့ အားလုံးပေါင်း ရုပ်တု ၂၈ ခုရှိပါတယ်။

The twenty-eight images placed in a straight line in front of the 1001 Kannon statues are guardian deities which protect the Buddhist deity Kannon as well as pious Buddhists who believe in Kannon. Many of these deities, whose mythic images are expressed in a vivid manner, have their origin in ancient India. Technically these statues are made in an assembled construction method. Arms and heads are carved separately, then joined together, coated with lacquer, and finished by coloring.



လေနတ်သားနဲ့ မိုးနတ်သား နတ်ရုပ်ပုံ။ ဓာတ်ပုံကို ဒီနေရာ မှ ကူးယူဖော်ပြပါသည်။


စာရွက်ထဲမှာတော့ ဘုရားကျောင်းနဲ့ ပတ်သက်ပြီး ရှင်းပြထားတာကတော့ အဲဒါအကုန်ပါပဲ။ နတ်ရုပ်တွေကို ထုဆစ်ထားတဲ့ လက်ရာတွေက တကယ့်ကို အံ့မခန်းပါပဲ။ ဓာတ်ပုံရိုက်လို့ မရဘူးလို့ပြောပေမယ့် အင်တာနက်မှာရှာကြည့်တော့ ဓာတ်ပုံတွေ အများအပြားတွေ့ရပါတယ်။ ဂျပန်နိုင်ငံ Kyoto မြို့ရဲ့ နှစ်ပေါင်း ၇၀၀ ကျော်အောင် ထိန်းသိမ်းထားတဲ့ ဆင်းတု ဘုရားတွေအပြင် နတ်ရုပ်တွေရဲ့ လက်ရာကိုပါ ကြည့်လို့ရအောင် ကျမ blog မှာ ဖော်ပြပေးလိုက်ပါတယ်။ အသေးစိတ် သိချင်ရင် wiki နဲ့ japan guide မှာလည်း ဖတ်ကြည့်လို့ ရပါတယ်။


ဓာတ်ပုံကို ဒီနေရာ မှ ယူပါသည်။


ဘုရားကျောင်းမှာ နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလဆိုရင် ပွဲတော် ၂ ခုကျင်းပတယ်လို့ wiki မှာ ဖတ်ရပါတယ်။ ဇန်န၀ါရီ ၁၅ ရက်မှာတော့ ဘုရားကျောင်း hall ရဲ့ မြောက်ဘက်အစွန်ကနေ တောင်ဘက်အစွန်အထိ မြှားပစ်ပြိုင်ပွဲ Toshi-ya Matsuri ကို ကျင်းပပါတယ်။ နောက်ထပ် ပွဲတော်ကတော့ ခေါင်းကိုက်တဲ့သူတွေအတွက် ဆေးကုပေးတာပါ။ ဘုရားကျောင်းမှာရေးထားတဲ့ စာကို ဖတ်ရတာတော့ တပတ်တိတိ ဘုရားစာရွတ်ဖတ်ပြီး ဆက်ကပ်လှူဒါန်းထားတဲ့သောက်တော်ရေကို မိုးမခပင်ရဲ့ အခက်(willow branch) နဲ့ ခေါင်းကို ပုတ်ပေးရင် ခေါင်းကိုက်ပျောက်တယ်လို့ဆိုပါတယ်။


(ကျမသိသလောက်၊ မှတ်မိသလောက် နဲ့ အင်တာနက်ထဲက အချက်အလက်တွေကို ရှာဖွေစုဆောင်းပြီး ရေးပြပေးထားတာပါ။)


ဇန်န၀ါရီ ၁၅၊ ၂၀၀၈။

January 11, 2008

Around Kyoto - I

ဒီနေ့တော့ Kyoto ကို လျှောက်လည်ကြစို့နော်။ Kyoto မြို့တစ်ခုလုံးကို စုံအောင်လည်ဖို့ဆိုရင် တော်တော် အချိန်ပေးရမယ်ထင်ပါတယ်။ Sightseeing အတွက် ဘတ်စ်ကား လမ်းညွှန်မှာတော့ နာမည်ကြီး Area တွေကို ပြထားပါတယ်။ အဲဒါတွေကတော့ 1) Arashiyama Area 2)Kinkakuji Area 3)Ginkakuji Area 4) Okazaki Area နဲ့ 5) Hagashiyama Area တွေပါ။

Kyoto မြို့ ထဲမှာ တစ်နေရာနဲ့ တစ်နေရာ အလွယ်တကူ အဆင်ပြေပြေ သွားလာနိုင်အောင် Sightseeing bus တွေ စီစဉ်ပေးထားတာပါ။ တကယ်တမ်း Kyoto ကိုလျှောက်လည်ဖို့အတွက် “ဘယ်နေရာသွားရမလဲ၊ သွားလည်သင့်သလဲ” လို့ ကျမကို မေးလာရင်တော့ “အကုန်သွားလည်သင့်တယ်”လို့ ဖြေရမလိုပါပဲ။ နေရာတိုင်းဟာ သူ့နေရာနဲ့ သူ နာမည်ကြီးသလို လှလည်း လှပါတယ်။ ချယ်ရီပန်းပွင့်ချိန်နဲ့ မေပယ်လ်ရွက်အရောင်ပြောင်းချိန်က အလှဆုံး အချိန်ပါပဲ။ Kyoto မြို့ရဲ့ အလှက တည်ငြိမ်တယ်၊ အေးချမ်းတယ်လို့လည်း ဆိုချင်ပါတယ်။ ဂျပန် ခရီးသွား guide ထဲမှာတော့ Kyoto ဆိုရင် Central Kyoto (မြို့လယ်), Eastern Kyoto (အရှေ့ပိုင်း), Northern Kyoto (မြောက်ပိုင်း), Southern Kyoto (တောင်ပိုင်း) နဲ့ Western Kyoto (အနောက်ပိုင်း) ဆိုပြီး ထပ်ခွဲပြထားပါတယ်။ ဒီတစ်ခေါက် ကျမတို့ရောက်ဖြစ်တော့ သူငယ်ချင်းက Kyoto မှာ တစ်ရက်ပဲ လည်မယ်ဆိုပြီး ခရီးစဉ်ဆွဲထားတာပါ။ ဒါနဲ့ ကျမတို့လည်း သူ့ကို Kyoto ရဲ့ ဘယ်နေရာတွေကို လိုက်ပို့ပေးရင် ကောင်းမလဲဆိုတာ အားလုံးတိုင်ပင်ပြီး နောက်တစ်နေ့မှာ Kyoto မြို့ရဲ့ တစ်နေ့တာ ခရီးစဉ်ကို စခဲ့ပါတော့တယ်။

Around Kyoto - I (Kiyomizu-dera)

Kiyomizu-dera ကို အင်္ဂလိပ်လို ခေါ်ကြတာကတော့ The Pure Water Temple လို့လည်း ခေါ်ကြတယ်။ Kyoto ရဲ့ အရှေ့ပိုင်းမှာ ရှိပြီး Hagashiyama Area ထဲမှာ ပါဝင်ပါတယ်။ Kyoto မှာဆိုရင် သွားသင့်တဲ့ နေရာတစ်ခုလို့ပြောချင်ပါတယ်။ Osaka Umeda Station ကနေ Kyoto ကို JR Limited Express ရထားနဲ့ သွားမယ်ဆိုရင် မိနစ် ၂၀ ကျော်လောက်ကြာပါတယ်။ Kyoto Station ရောက်တော့ မြို့တွင်း ကားစီးဖို့အတွက် သူငယ်ချင်းက Tourist Information ဌာနမှာ အင်္ဂလိပ်လို မြေပုံ သွားတောင်းပါတယ်။ ကျမတို့လည်း မရောက်ဖူးသေးတော့ ဘယ်လို သွားရင် ကောင်းမလဲဆိုတာ တိုင်ပင်ပြီး ဘူတာရုံက ထွက်လာတယ်ဆိုရင်ပဲ ဘတ်စ်ကားစီးဖို့ တန်းစီနေတဲ့ လူတန်းကြီးကို စပြီးတွေ့ရတော့တာပါပဲ။ နှစ်သစ်ကူးချိန် ဖြစ်တဲ့အပြင် ပိတ်ရက်လည်းဖြစ်ပြန်ဆိုတော့ တန်းစီနေတဲ့ သူတွေက မနည်းပါဘူး။ ကျမတို့လည်း Kiyomizu-dera သို့ဆိုတဲ့ မှတ်တိုင်မှာ ၀င်တန်းစီလိုက်ပါတယ်။

Kyoto Station ကနေ Kiyomizu-dera ကို ရောက်တဲ့ ဘတ်စ်ကားနံပါတ်က ၁၀၀ နဲ့ ၂၀၆ ပါ။ တစ်စီးလူပြည့်သွားတာနဲ့ နောက်တစ်စီးက အဆင်သင့်စောင့်နေတာမျိုးဆိုတော့ ဒီလိုပဲ တစ်စီးပြီး တစ်စီးထွက်သွားလိုက်တာ ၁၅ မိနစ်လောက်ကြာတော့ ကျမတို့အလှည့်ရောက်လာပါတယ်။ အရင်ဆုံး တက်ရတဲ့အလှည့်ဖြစ်တာကြောင့် နေရာရပြီး ကောင်းကောင်း ထိုင်စီးလိုက်ရပါသေးတယ်။ ၁၅ မိနစ်လောက် ကားစီးပြီးတော့ Kiyomizu-machi မှတ်တိုင်ရောက်ရင် ဆင်းပြီး တောင်ပေါ်ကို ၁၀ မိနစ်လောက် လမ်းလျှောက်ရင် Kiyomizu-dera ဘုရားကျောင်းရှိတဲ့ နေရာကိုရောက်ပါပြီ။

တောင်ပေါ်ကို လမ်းလျှောက်ပြီး မတက်ချင်သူများကြတော့လည်း မြန်မာပြည်မှာခေါ်သလို လန်ချားစီးကြလေရဲ့။ ကျမတို့ကတော့ လမ်းဘေးတစ်လျှောက် ဈေးဆိုင်တန်းတွေကို ငေးမောရင်း လူအုပ်ကြီးသွားတဲ့နောက်ကနေ တဖြည်းဖြည်း လိုက်သွားလိုက်တာ နောက်ဆုံး ဘုရားကျောင်းရှိတဲ့နေရာကို ရောက်သွားပါတော့တယ်။ ဘုရားကျောင်းကို ၀င်မယ်ဆိုရင်တော့ ၀င်ကြေးပေးရပါတယ်။ ဘုရားကျောင်းထဲရောက်တာနဲ့ ဂျပန်တွေကတော့ ထုံးစံအတိုင်း တိုးဝှေ့တန်းစီနေတာပါပဲ။ ကျမတို့ကတော့ တိုးဝှေ့ဓာတ်ပုံရိုက်ရင်း ဘေးက ရှုခင်းကြည့်ရတာပေါ့။ နောက်ပြီး အားလုံးလိုလိုလည်း ဗေဒင်မေးတာ ၀ါသနာပါကြပုံရတယ်။ အဲဒီနေ့ကတော့ ဗေဒင်တွက်တဲ့နေရာမှာ ပိုပြီး လူစည်နေတာ မြင်ခဲ့ရတယ်။ ဂျပန်တွေအယူကတော့ စာရွက်ပေါ်မှာ တွက်ထားတဲ့အဖြေက ကောင်းတာဆိုရင်ကိုယ်နဲ့ မကွာဆောင်ထားပြီး မကောင်းတာဆိုရင်တော့ ဘုရားကျောင်းက သစ်ပင်မှာဖြစ်ဖြစ်၊ ဘုရားကျောင်းထဲ သတ်မှတ်ထားတဲ့နေရာမှာ စာရွက်ကို ချည်ပြီး ထားရစ်ခဲ့တတ်တယ်။ သူတို့အယူကတော့ မကောင်းတာဆိုရင် ချန်ထားရစ်ခဲ့တယ်၊ ကိုယ်နဲ့အတူမပါလာတော့ဘူးဆိုတဲ့ သဘောပါပဲ။

ဘုရားကျောင်းဆောင်ကြီးအပေါ်ကနေ အောက်ဘက်ကို ကြည့်ရင်ပဲ ရေသောက်တဲ့ နေရာမှာ လူတွေ တန်းစီနေကြတာတွေ့နေရပါပြီ။ ရေစီးကျနေတာက ၃ လိုင်းစီးကျနေတာပါ။ ညာဘက်အစွန်းဆုံးက ကျန်းမာပြီး ရုပ်ရည် နုပျိုစေဖို့အတွက်၊ အလယ်က ရေစီးကြောင်းကတော့ ဥာဏ်ကောင်းဖို့အတွက် ၊ဘယ်ဘက်အစွန်ဆုံး ရေစီးကြောင်းကတော့ အသက်ရှည်ဆေး ဆိုပြီး ခွဲထားတာပါ။ တကယ်တော့ ဘယ်ရေစီးကြောင်းက ဘာအတွက်ရည်ရွယ်တာလည်းဆိုတာ အတိအကျ ဘာသာပြန်ရခက်ပါတယ်။ website တစ်ခုနဲ့ တစ်ခု ပြောတာချင်းကလည်း မတူတာမို့ ကျမပြောတာ မှားရင်ပြင်ပေးကြပါနော်။ အဲဒီ ၃ မျိုးထဲက ဖြစ်ချင်တာကို ဆုတောင်းပြီး၊ ရေသောက်ရင်လည်း သူနဲ့သက်ဆိုင်တဲ့နေရာက ရေကို ခွက်နဲ့ခံ သောက်ကြတာမို့ ဆုတောင်းပြည့်တယ်လို့ ယူဆကြတယ်နဲ့ တူပါတယ်။ ကျမကတော့ တန်းစီဖို့ အချိန်မရတာနဲ့ အဲဒီရေလည်း မသောက်ဖြစ်ခဲ့ပါဘူး။

နောက်ထပ် လူစည်တဲ့ နေရာကတော့ မြန်မာလို ဘာသာပြန်ရရင် ဖူးစာရေးနတ်ကွန်း လို့ပြောရမယ်နဲ့တူတယ်။ အဲဒီမှာ တွေ့ရတာက ကျောက်တုံး ၂ တုံးကို ဟိုဘက်ထိပ်မှာ တစ်တုံး၊ ဒီဘက်ထိပ် မှာတစ်တုံး ချထားပါတယ်။ အဲဒီ ကျောက်တုံး ၂ တုံးကို Love Fortune Teller လို့ နာမည်ပေးထားသေးတယ်။ မျက်စိမှိတ်ထားပြီး ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်အထိ လျှောက်လာနိုင်ရင် အချစ်ရေးမှာ ကံကောင်းတယ်တဲ့ (တချို့စာတွေထဲမှာတော့ ပါးစပ်က ကိုယ့်ရည်းစားနာမည်ကို ရွတ်ပြီး လျှောက်ရမယ်တဲ့။ တည့်တည့်လျှောက်နိုင်ရင်တော့ အဲဒီလူနဲ့ တကယ်ဖူးစာဆုံမယ်ဆိုပဲ။) အစကတော့ ကျမလည်း နားမလည်ပါဘူး။ ပြီးမှ အနောက်မှာ ရေးထားတဲ့ ဆိုင်းဘုတ်က စာသားကို မြင်မှပဲ သဘောပေါက်တော့တယ်။ ကျမတို့သွားတုန်းကတော့ နိုင်ငံခြားသား ကောင်လေးကမျက်လုံးမှိတ်ပြီး လမ်းလျှောက်တာကို ဂျပန်ကောင်မလေးက အနောက်ကနေ တည့်ပေးနေတာတောင် မြင်ခဲ့ရသေးတယ်။ နောက်ပြီး ဒီနှစ်က ဂျပန်လို ကြွက်နှစ်မို့လို့ ကြွက်ရုပ်ပုံ ပါတဲ့သစ်သားပြားလေးတွေမှာ ဆုတောင်းစာရေးပြီး ဘုရားကျောင်းရဲ့ သတ်မှတ်ထားတဲ့ စင်မှာ တွဲလောင်းလေးတွေ ချိတ်ထားခဲ့တာလည်း တွေ့ခဲ့ရပါတယ်။ တချို့ကြလည်း သူများဆုတောင်းစာတွေ တစ်ခုချင်းစီ စိတ်ရှည်ရှည်ဖတ်နေတဲ့ သူကလည်း ရှိသေးတယ်။ ကျမလည်း အချိန်ရပြီး နားလည်ရင်တော့ စပ်စုဖြစ်မလားမသိဘူး။ အခုတော့ နောက်တစ်နေရာကူးရဦးမှာမို့ ဘေးနားပတ်ဝန်းကျင်ကို ခပ်မြန်မြန်လျှောက်လည်ပြီး ဘုရားကျောင်းက ပြန်ဆင်းလာတော့ နေ့လည် ၁ နာရီ ထိုးခါနီးနေပါပြီ။ ဘုရားကျောင်းနဲ့ ပတ်သက်တာတွေကတော့ ရေးလို့မကုန်နိုင်ပါဘူး။ ကျမလည်း အခုမှ ရောက်ဖူးတာဆိုတော့ သိသလောက် မှတ်မိသလောက်နဲ့ အင်တာနက်ထဲ လျှောက်ကြည့်ပြီး blog အဖြစ် အသွင်ပြောင်းလိုက်တာပါ။ အမှားပါရင်လည်း ခွင့်လွှတ်ပေးဖို့နဲ့ နောက်ထပ် အသေးစိတ် သိချင်သေးတယ်ဆိုရင်တော့ wiki နဲ့ Japan guide တွေမှာ ဖတ်ကြည့်လို့ရပါတယ်။ ထုံးစံအတိုင်း ဓာတ်ပုံလေးတွေနဲ့အတူ တွဲကြည့်ကြပါနော်။ နောက်ထပ် ရောက်ဖြစ်တဲ့ နေရာ ၂ ခုကိုလည်း နောက်ရက်တွေမှာ ဆက်ပြီး ရေးပါဦးမယ်။ အခုတော့ ခဏနားကြစို့....



ဇန်န၀ါရီ ၁၁ ၊ ၂၀၀၈။

January 9, 2008

Around Osaka - II

Around Osaka - II (Osaka Bay Area)

Osaka မှာနောက်ထပ် လည်ဖြစ်တဲ့နေရာတစ်ခုကတော့ Osaka Bay Area ကိုပါ။ အဲဒီမှာ နာမည်ကြီးတာကတော့ Kaiyukan လို့ခေါ်တဲ့ ငါးပြတိုက်ပါပဲ။ ကမ္ဘာမှာ အကြီးဆုံး ငါးပြတိုက် တစ်ခုအပါအ၀င်လို့ website တွေမှာရေးထားတာ ဖတ်ရပါတယ်။ အရင်အခေါက်တွေ သွားတုန်းက အပြင်မှာပဲ ရှုခင်းကြည့်၊ ပြီးရင် အနီးအနားမှာရှိတဲ့ Shopping Mall ကို ၀င်ငေး၊ အထဲမှာ ကလေးတွေအတွက် လုပ်ပေးထားတဲ့ ကစားကွင်းမှာ ဓာတ်ပုံဝင်ရိုက်၊ ဂျပန်မှာ နာမည်ကြီး ကာတွန်းကားတွေ ထုတ်တဲ့ Studio Ghibli ရဲ့ DVD နဲ့ ကာတွန်းဇာတ်ကောင်အရုပ်တွေရောင်းတဲ့ဆိုင်မှာ လျှောက်ငေးပြီး သွားရည်ကျ(ဈေးကြီးပြီး မ၀ယ်နိုင်လို့).. အဲလိုပဲ ပြန်လာခဲ့ရတာချည်းပါပဲ။ နောက်ပြီး Yokohama မှာရှိတဲ့ Sea Paradise ကို တစ်ခါ ရောက်ဖူးပြီးသားမို့ ငါးပြတိုက်ဆိုရင် ဒီလိုချည်းပဲ ဖြစ်မှာပဲဆိုပြီး ၀င်ကြည့်ဖို့ စိတ်မကူးခဲ့ပါဘူး။

Osaka Bay Area ကို သွားဖို့အတွက်ဆိုရင် Subway Line တစ်ခုဖြစ်တဲ့ Chou Line (အစိမ်းရောင်) ကို စီးရပါတယ်။ Osaka ko ဘူတာကျရင် ဆင်းပြီး ၅ မိနစ်လောက် လမ်းလျှောက်ရင် Osaka Bay Area ရှိတဲ့နေရာကို ရောက်ပါပြီ။ ငါးပြတိုက် ၀င်ကြည့်လို့ရမယ်။ အပျော်စီး သင်္ဘောနဲ့ Osaka Bay Area တ၀ိုက်ကို sightseeing ကြည့်လို့ရမယ်။ ဘိုအခေါ် Giant Wheel ၊ မြန်မာအခေါ် ရဟတ်အကြီးကြီးလည်း စီးလို့ရမယ်။ နောက်ပြီး Shopping Mall မှာလည်း ဈေးဝယ်လို့ရမယ်၊ အထဲမှာ အစားအသောက် စားချင်ရင်လည်း စားလို့ရသေးတယ်။ နောက်တစ်ခုက Suntory Museum အဆောက်အဦးအထဲမှာ IMAX 3D Movie လည်း ကြည့်လို့ရပါတယ်။ အခုလောလောဆယ် ပြနေတာကတော့ DEEP SEA 3D ပါ။

နွေရာသီဆိုရင် အေးအေးဆေးဆေး ကမ်းခြေဘက်မှာ ထိုင်ရင်း နေ၀င်ချိန်ကြည့်ရတာလည်း အရသာ တစ်ခုပါပဲ။ မြန်မာပြည်ကမ်းခြေတွေက sunset လိုမျိုး၊ ပုဂံက sunset လိုမျိုးနဲ့တော့ ကြည့်ရတဲ့ အရသာချင်း မတူဘူးပေါ့။ တစ်နေ့တာရဲ့ နေ၀င်တာချင်းကတော့ အတူတူပါပဲလေ။ Christmas ဆိုရင်တော့ အတွဲတွေနဲ့ လူစည်ကားလေ့ရှိတယ်။ ဒီဇင်ဘာလ ၁၅ ရက် ကနေစပြီး ဖေဖော်ဝါရီလအထိ ရုံးပိတ်ရက်ဆိုရင် Penguin parade ပွဲတွေ လည်းလုပ်ပေးပါတယ်။ Penguin parade က ဘာမှမဟုတ်ပေမယ့် ကလေးတွေအတွက်တော့ အတော်လေး သဘောကျစရာပါ။ Penguin လေးတွေ စီတန်းပြီး သတ်မှတ်ထားတဲ့နေရာရဲ့ ဟိုဘက်ထိပ်ကနေ ဒီဘက် ထိပ်အထိ လမ်းလျှောက်ပြတာပါပဲ။ သူတို့မလျှောက်ခင်မှာ ငါးပြတိုက် ၀န်ထမ်းတွေက လမ်းလျှောက်ဖို့အတွက် သီးသန့်ကော်ဇော ခင်းပေးကြပါတယ်။ လူဝင်ထားတဲ့ Penguin ပုံအရုပ်နဲ့ ဓာတ်ပုံတွဲရိုက်လို့လည်း ရတယ်။ ကျမကတော့ အရုပ်ကြိုက်လို့ ကလေးတွေနဲ့အပြိုင် တန်းစီပြီး ဓာတ်ပုံတွဲရိုက်လိုက်တာပါပဲ။ Penguin parade က တစ်ခါကို မိနစ် ၂၀ လောက်ကြာပြီး တစ်နေ့လုံးဆို ၄ ပွဲလောက်ရှိမယ်ထင်တယ်။ လေအရမ်းတိုက်ရင်တော့ show မရှိပါဘူး။ Penguin တွေလမ်းလျှောက်ပြီးသွားရင် ကလေးတွေအတွက် (လူကြီးတွေလည်း မေးလို့ရမယ် ထင်တယ်။) သီးသန့် အမေးအဖြေ ပုံစံမျိုး program တွေ လုပ်ပေးပါတယ်။ ဂျပန်လိုပြောတာတော့ သိပ်နားမလည်တာနဲ့ နားမထောင်ဖြစ်ပါဘူး။ တစ်စွန်းတစ်စ ကြားမိတာက Penguin တွေက ဘယ်လို အစားအစာမျိုး ကြိုက်တတ်သလဲဆိုပြီးမေးလိုက်သံတော့ ကြားမိလိုက်တယ်။ Penguin show ကြည့်တာက ပိုက်ဆံပေးစရာ မလိုပါဘူး။

Penguin show ကြည့်ပြီးတာနဲ့ ကျမတို့လည်း Suntory Museum ထဲဝင်ပြီး 3 D Movie ကြည့်ဖြစ်ပါတယ်။ ၀င်ကြေးက ပုံမှန်ဆိုရင် ယန်း ၁၀၀၀ ပေးရပေမယ့် အဲဒီနေ့ကတော့ ၁ ရက်နေ့မို့လား မသိဘူး ယန်း ၇၀၀ ပဲ ပေးခဲ့ရတယ်။ ငါးပြတိုက်နဲ့ တွဲကြည့်မယ်ဆိုရင် ယန်း ၂၃၀၀ ပဲပေးရမယ်တဲ့။ ကျမတို့ရောက်သွားတော့ ညနေ ၄ နာရီထိုးလောက်ဖြစ်နေတာနဲ့ Movie ကြည့်ပြီး ပြန်လာခဲ့ရတယ်။ ဒါတောင် ရုပ်ရှင်က မိနစ် ၄၀ ကြာတယ်။ ရေအောက်က ငါးမျိုးစုံ၊ အကောင်မျိုးစုံကို ရိုက်ပြထားတာမို့ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ပုံမှန် နောက်ခံစကားပြောပေးတာက ဂျပန်လိုပါ။ တကယ်လို့ အင်္ဂလိပ်လို အသံထွက် နားထောင်ချင်ရင်တော့ လက်မှတ်ဝယ်ကတည်းက ကြိုပြောရင် ရုံထဲမ၀င်ခင်မှာ 3 D ကြည့်ဖို့ မျက်မှန်နဲ့ အတူ Headset ပေးပါတယ်။

ရုပ်ရှင်ပြီးလို့ ရုံကထွက်လာတော့ ညနေ ၅ နာရီကျော်နေပါပြီ။ သူငယ်ချင်းကို နေမ၀င်ခင် ဓာတ်ပုံအမြန်ရိုက်ခိုင်းပြီး Museum က ထွက်လာတော့ မှောင်စပြုနေပါပြီ။ တစ်ချက် တစ်ချက် ဝှေ့ပြီးတိုက်လာတဲ့ လေအေးအေးကြောင့် ကမ်းခြေမှာ ခဏလောက် ရပ်ပြီး ရေပြင်ကြည့်ချင်တဲ့ စိတ်ကူးကို ချိုးနှိမ်ပြီး အားလုံး ခပ်သုတ်သုတ်ပဲ ဘူတာရုံဆီ အပြေးလှမ်းခဲ့ရပါတော့တယ်။

ဝင်ကြေးနဲ့ တခြားအချက်အလက်တွေကို အသေးစိတ်သိချင်တယ်ဆိုရင် Kaiyukan, Suntory Museum နဲ့ Bay Area Information Links တွေ အပြင် wiki ကနေလည်း ကြည့်လို့ရပါတယ်။ ကျမသွားတုန်းက ရိုက်ယူလာတဲ့ ပုံတချို့ကိုပါ virtual tour လုပ်ပြီး တင်ပေးလိုက်ပါတယ်။



ဇန်န၀ါရီ ၉၊ ၂၀၀၈။

January 7, 2008

Around Osaka - I

ဘာလိုလိုနဲ့ ပိတ်ရက် ၉ ရက် ကုန်ဆုံးပြီး ရုံးပြန်တက်ရပြီ။ ပိတ်ရက်အတွင်း Tokyo က သူငယ်ချင်းလာလည်တော့ သူနဲ့အတူ ကျမတို့လည်း Osaka တ၀ိုက်နဲ့ Kyoto တ၀ိုက်ကို အလည် သွားဖြစ်ခဲ့ပါတယ်။ ကျမလည်း ကိုယ်ရောက်ခဲ့တဲ၊့ ရောက်ဖူးတဲ့ နေရာတွေကို အမှတ်တရအဖြစ် blog မှာ တင်ထားမယ် လို့ စိတ်ကူးမိတယ်။ တချို့နေရာတွေက ဓာတ်ပုံထဲမှာ အရမ်းလှပြီး နာမည်ကြီးပေမယ့် တကယ်ရောက်သွားတဲ့အခါမှာ အဲဒီနေရာရဲ့ သမိုင်းကြောင်းကို မသိထားရင် ကိုယ့်အတွက် ဘာမှ မထူးသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် နေရာတစ်ခုစီရဲ့ ထူးခြားချက်လေးတွေ သိထားရင်တော့ သွားသင့် မသွားသင့် အလွယ်တကူ ဆုံးဖြတ်လို့ ရနိုင်တာပေါ့။ ကဲ.. ကျမနဲ့အတူ လျှောက်လည်ကြစို့............


Around Osaka - I (Osaka Castle)

Osaka မှာတော့ နာမည်ကြီးတဲ့ Castle တစ်ခုပါပဲ။ ဂျပန်တွေ ကတော့ Osaka Jo လို့ ခေါ်ကြတယ်။ ပထမတစ်ခေါက် ဂျပန်ရောက်တုန်းကတော့ ကျမတို့နေတဲ့အိမ်ကနေ စက်ဘီးနဲ့ သွားရင် ၁၀ မိနစ်လောက်ပဲ စီးရတယ်။ အခုတော့ အိမ်ကနေ နာရီဝက်လောက် စက်ဘီး စီးရမှာမို့ ရထားနဲ့ သွားရတာ ပိုအဆင်ပြေပါတယ်။ Osaka မြို့တွင်း Subway Line တစ်ခုဖြစ်တဲ့ Tanimachi Line (ခရမ်းရောင်) ကို စီးပြီး Tanimachi 4 chome ဘူတာမှာ ဆင်းရပါတယ်။ ပြီးတော့ ဘူတာကနေ ၁၅ မိနစ်လောက် လမ်းလျှောက်ရင် Osaka Castle ကို လှမ်းမြင်နေရပါပြီ။ Castle ကို သွားတဲ့ လမ်းမှာလည်း ဂျပန်နိုင်ငံရဲ့ နာမည်ကြီး အသံလွှင့် ဌာန တစ်ခုဖြစ်တဲ့ NHK အဆောက်အဦး ကိုလည်း မြင်ရမှာပါ။ Castleရဲ့ ရာဇ၀င် သမိုင်းကြောင်းတွေကို ကျမ သေချာမသိပေမယ့် Castle ရှိတဲ့နေရာကနေ လှမ်းကြည့်လို့ မြင်ရတဲ့ Osaka မြို့ရဲ့ မြင်ကွင်းကတော့ ကြည့်လို့ အရမ်းလှပါတယ်။ Osaka Castle ကို JR Loop Line ရထား စီးသွားလည်း ရပါတယ်။ ကျမကတော့ JR Line စီးပြီး မသွားဖူးသေးပါဘူး။

ဒီတစ်ခေါက် ကျမတို့ရောက်သွားတာ ဇန်န၀ါရီ ၁ ရက်နေ့ ဆိုတော့ Castle အပေါ်တက်ကြည့်ဖို့ ပိတ်ထားတာနဲ့ အနီးအနားတ၀ိုက် လျှောက်ကြည့်ပြီး ပြန်လာခဲ့ရတယ်။ ကျမအတွက်တော့ တစ်ခါမှ အပေါ်တက်ကြည့်ခွင့် မကြုံသေးပါဘူး။ Osaka Castle မှာ ချယ်ရီပန်း (April) နဲ့ plum tree (February) ပွင့်ချိန်ဆိုရင် လူစည်ကားလှပါတယ်။ (plum ဆိုတာ ကျမသိထားတာကတော့ ဇီးသီးပါပဲ။ အခု အပင်တွေက ပွင့်ရင်တော့ တအားလှတယ်။ ဂျပန်အခေါ်ကတော့ ume တဲ့၊ အသီးသီးချိန်တော့ မကြုံဖူး သေးဘူး)။

ဂျပန် ဘုန်းကြီးကျောင်း လည်းရှိတော့ ဇန်န၀ါရီလ ၁ ရက်နေ့တုန်းကဆိုရင် Castle ကို လာတဲ့သူထက် ဘုရားကျောင်းကို ၀တ်ပြုဆုတောင်းဖို့လာတဲ့သူတွေက ပိုများလှပါတယ်။ Castle ရဲ့ အပေါ်ကို တက်ကြည့်မယ်ဆိုရင်သာ ၀င်ကြေးပေးရပေမယ့် အပြင်မှာပဲ ရှုခင်းကြည့်ရင်း အပန်းဖြေလာတဲ့သူတွေ အတွက်တော့ ၀င်ကြေး ပေးစရာ မလိုပါဘူး။ ဒါကြောင့် ရာသီဥတု သာတဲ့နေမျိုးဆိုရင် ခွေးလာကျောင်းတဲ့သူတွေ၊ မိသားစုလိုက် အပန်းဖြေ လာကြတဲ့သူတွေ၊ နောက်ပြီး အဲဒီမှာ ပုံတူဆွဲ ပန်းချီဆရာတွေ လည်းရှိတော့ ပုံဆွဲခံတဲ့သူတွေနဲ့ လူပြတ်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ကျမတို့ ရုံးကတော့ ချယ်ရီပွင့်ချိန်ဆိုရင် Hanami အတွက် Osaka Castle ကို နှစ်တိုင်း သွားလေ့ရှိတယ်။ ချယ်ရီပွင့်ချိန်ဆိုရင် ချယ်ရီပန်းတွေချည်းပဲ စိုက်ထားတဲ့ ပန်းခြံကို ၀င်ဖို့ ၀င်ကြေးပေးရပေမယ့် အခုအချိန်ကတော့ ချယ်ရီမပွင့်သေးတာမို့ အဲဒီ ပန်းခြံကို ပိတ်ထားပဲ တွေခဲ့ရတယ်။

Osaka Castle ရဲ့ ဓာတ်ပုံတွေကို စုပြီး virtual tour လုပ်ပြီး တင်ပေးလိုက်ပါတယ်။ အရင်နှစ်တွေက ချယ်ရီနဲ့ plum tree ပွင့်ချိန် တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ တင်ပေးလိုက်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ wiki မှာ ဖတ်ကြည့်လို့ရပါတယ်။




ဇန်န၀ါရီ ၇၊၂၀၀၈။