July 21, 2008

My Totoro


*ဓာတ်ပုံကို အင်တာနက်မှ ကူးယူဖော်ပြပါသည်။

ဂျပန်မှာ ဒီနေ့က အစိုးရ ရုံးပိတ်ရက်ပါ။ ဘာဖြစ်လို့ ပိတ်လဲတော့ မသိပေမယ့် ရုံး ၃ ရက်ပိတ်ရင်တော့ ပျော်တာ အမှန်ပဲ။ ဖြစ်နိုင်ရင် တပတ်မှာ ၄ ရက်လောက် ရုံးတက်လိုက် ၃ ရက်လောက်နားလိုက် အဲဒီလိုလေးဖြစ်ချင်တာပေါ့။ ဒါမှလည်း နားရတယ်လို့ ထင်တယ်။ နို့မို့ဆို ပိတ်ရက်က တပတ်စာ ဈေးဝယ်ထွက်ရတာနဲ့ ချက်ပြုတ်၊ လျှော်ဖွတ်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေး လုပ်ရတာနဲ့ နားရတယ်လို့ကို မထင်ဘူး။


ဒီနေ့ အပြင်သွားလည်မယ်လို့ စီစဉ်ထားတော့ မနေ့ကတည်းက အိမ်အလုပ်တွေ ပြီးအောင်လုပ်ထားလိုက်တာပေါ့။ အပြင်သွားတယ်ဆိုလို့ တခြား ထူးထူးခြားခြား နေရာ သွားတာတော့ မဟုတ်ပါဘူး။ ပင်လယ်ရှိတဲ့ဘက်မှာ အေးအေးဆေးဆေး လမ်းလျှောက်ရင်း နေ၀င်တာ သွားကြည့်မယ်လို့ နှစ်ယောက်သား စိတ်ကူးထားကြတာပါ။ ပထမတော့ Kobe ကို သွားမလို့ လုပ်လိုက်သေးတယ်။ Kobe ဆိုရင် အပြန်နောက်ကျနေမှာစိုးလို့ နီးနီးနားနား Osaka Ko ကိုပဲ သွားလိုက်တာ။ အိမ်ကစထွက်တော့ပဲ ၄ နာရီခွဲကျော်နေပါပြီ။ ဟိုကိုရောက်တော့ ညနေ ၅ နာရီကျော်နေပေမယ့် နေအပူရှိန်ရှိနေပါသေးတယ်။ Osaka Ko ပတ်ဝန်းကျင်ကိုတော့ ဒီပို့စ် မှာလည်း ရေးဖူးပါတယ်။


*****


ဂျပန်မှာ animation ရုပ်ရှင် ကားတွေ ထုတ်လုပ်တဲ့
Studio Ghibli ကုမ္ပဏီက အတော်လေးကို နာမည်ကြီးပါတယ်။ အရင် ထုတ်လုပ်ခဲ့ပြီးသမျှ Animation ကားတွေထဲက တချို့ဆို မြန်မာရုပ်မြင်သံကြားမှာလည်း ပြဖူးတယ်။ ကျမမှတ်မိသလောက်က My Neighbour Totoro (となりのトトロ, Tonari no Totoro) နဲ့ Kiki Delivery Service (魔女の宅急便, Majo no Takkyūbin) ပါ။ အမှန်တော့ အဲဒီကားတွေက ဂျပန်မှာ ၁၉၈၈/၈၉ လောက်က ထုတ်လုပ်ခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ကားတွေပါ။ အခုချိန်ထိလည်း DVD ခွေတွေကို ၀ယ်လို့ ငှားလို့ ရနေပါသေးတယ်။ နောက်ထပ် ရုပ်ရှင်တွေထဲကဆိုရင် ဒုတိယကမ္ဘာစစ်အတွင်း Kobe မှာ မီးလောင်ဗုံးကျဲလို့ လူတွေသေကြေပျက်စီးတဲ့ အဖြစ်ကို အခြေခံပြီး စစ်ရဲ့ အနိဌာရုံတွေကို ရိုက်ပြထားတဲ့ Grave of the Fireflies (火垂るの墓, Hotaru no Haka) ကားဆိုရင် ကြည့်ပြီးတော့ ငိုခဲ့ရဖူးပါတယ်။ Spirited Away (千と千尋の神隠し, Sen to Chihiro no Kamikakushi) ကားဆိုရင်လည်း ၂၀၀၂ ခုနှစ်မှာ Oscar ဆု ကို ပထမဆုံး Animation ကားအနေနဲ့ ရခဲ့တာလို့ wiki မှာ ဖတ်ရပါတယ်။ တခြား နာမည်ကြီးတဲ့ ကားတွေလည်း ရှိနေပါသေးတယ်။ ၂၀၀၈ မှာ ထုတ်လိုက်တဲ့ ရုပ်ရှင်ကတော့ Ponyo on the Cliff by the Sea (崖の上のポニョ, Gake no Ue no Ponyo) ပါ။ ကျမစိတ်ထင် နောက်ပိုင်း ကားတွေက အရင်ကာတွန်းလက်ရာတွေကို သိပ်မမှီတော့ဘူးလို့ ခံစားလာရတယ်။ နောက်ဆုံး ရုပ်ရှင်ကတော့ မကြည့်ရသေးလို့ ကောင်း မကောင်း မသိသေးပါဘူး။


*****


Donguri Kyowakoku
 (どんぐり 共和国) ဆိုင်လေးတွေက ဂျပန်ရဲ့ နေရာတော်တော်များများမှာ ရှိပါတယ်။ အဲဒီဆိုင်လေးတွေက Studio Ghibli ရဲ့ character နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်လေးတွေပါ။ ကျမတို့သွားခဲ့တဲ့ ဆိုင်က Osaka Ko ရဲ့ Shopping Mall ထဲက ဆိုင်ကို သွားခဲ့ကြတာပါ။ ဆိုင်ရှေ့ရောက်တာနဲ့ Totoro အရုပ်နဲ့အတူ တခြား အလှဆင်ထားတဲ့ အရုပ်လေးတွေမြင်ရတာမို့ ကလေးတွေ သဘောကျမယ် ဆိုလည်း ကျချင်စရာပါပဲ။ အထဲမှာ ဆိုင်ခန်းက ကျဉ်းပေမယ့် ၀ယ်လို့ရနိုင်တဲ့ ပစ္စည်းတွေက အစုံပါပဲ။ Totoro အရုပ် ဆိုဒ်မျိုးစုံ အရွယ်မျိုးစုံ အရောင်မျိုးစုံနဲ့ ပုံစံမျိုးစုံ ရှိပါတယ်။ အဓိက ရောင်းချတဲ့ ပစ္စည်းတွေက တခြား character တွေထက် ကာတွန်း ပိုဆန်တဲ့ တိုတိုရိုအရုပ် (Totoro) ၊ မဲ့ (mei めい) ၊ နဲကို ဘတ်စ် ( Neko Bus ネコバス) ၊ ကိကိ ရဲ့ ကြောင်နက်လေး ဂျိဂျိ စတဲ့ အရုပ်တွေကို ကပ်ပြီး ပုံဖော်ထားတဲ့ လက်ကိုင်ပုဝါ၊ စားပွဲအလှတင်ပစ္စည်း၊ ကီးချိန်း၊ ဖုန်းမှာ အလှချိတ်တဲ့ပစ္စည်း၊ အိမ်တွင်းအလှဆင်တဲ့ ပန်းအိုး၊ အိမ်သာ ရေချိုးခန်း အသုံးအဆောင်၊ လက်ပတ်နာရီ၊ စားပွဲတင်နာရီ၊ ကလေးကျောပိုးအိတ်၊ ကလေးသွားရည်ခံ၊ အိမ်တွင်းစီးဖိနပ်နဲ့ လက်ကိုင်အိတ်တွေပါပဲ။ အဲဒီပစ္စည်းတွေမှာ သက်ဆိုင်ရာ character တံဆိပ်လေး၊ အရုပ်လေး ကပ်လိုက်တာနဲ့ ဈေးက ထောင်သောင်းချီနေတော့တာပါပဲ။ ပြီးတော့ Studio Ghibli က ထုတ်တဲ့ DVD ခွေတွေလည်း ၀ယ်ချင်တယ်ဆို ၀ယ်လို့ရပါသေးတယ်။ အရင်တခေါက် လာတုန်းကတော့ ဆိုင်ထဲမှာ Neko Bus ကြီး ရပ်ထားတာ တွေ့မိသေးတယ်။ အခုတခေါက်တော့ မတွေ့မိတော့ဘူး။ အထဲမှာ ပစ္စည်းတွေက များပြီး သူ့နေရာနဲ့သူ နေရာချထားတော့ တချို့အရုပ်တွေဆို မကိုင်ပါနဲ့ လို့ စာကပ်ထားလို့ ဒီအတိုင်းပဲ ကြည့်ပြီး ပြန်လာခဲ့ရတယ်။ အမှန်က အဲဒီလောက်ကြီးတဲ့ Totoro အရုပ်ကြီး ဖက်ပြီး ဓာတ်ပုံရိုက်လိုက်ချင်တာ။





ဒီအရုပ်လေးက ကျမကို ဒီနေ့ဝယ်ပေးတဲ့ Totoro ပုံပါ။ အင်တာနက်ကနေ ရှာထားတာ။ ရှေ့ပုံနဲ့ ဘေးပုံ။ ၀ယ်လာတဲ့ အရုပ်က ဓာတ်ပုံမရိုက်ရသေးဘူး။ နောက်မှ ရိုက်ထားရမယ်။

ကျမက Osaka Ko ကို မသွားခင် အရုပ်တခုလောက် ၀ယ်ပေးပါလို့ အမျိုးသားကို ပူဆာထားပါတယ်။ ဂျပန်မှာက အရုပ်ဆိုင်တွေ များပေမယ့် ဈေးက မသက်သာလှပါဘူး။ ဒါကြောင့် ကျမ အ၀ယ်အများဆုံး အရုပ်တွေက ယန်း ၁၀၀ ဆိုင်က ခွေးရုပ်၊ ကြောင်ရုပ်လေးတွေပါပဲ။ အရင်ကတည်းက Totoro အရုပ်ကို အရမ်းလိုချင်ပေမယ့် အသေးလေးကိုပဲ ထောင်ချီပေးရမယ်ဆိုတော့ မ၀ယ်ဖြစ်ခဲ့ပါဘူး။ ဒီတခေါက် ရောက်လာတော့ အရုပ်တွေမြင်ရင် လိုချင်တဲ့စိတ်က တားမရပြန်ဘူး။ ဒီနေ့လည်း Totoro အရုပ်ကို လိုချင်လို့ ကိုင်လိုက်၊ နှမြောလို့ ပြန်ချထားလိုက်၊ ပြီးရင် မ လို့ ကိုင်လို့ရတဲ့ အရုပ်နဲ့ အာသာပြေ ဓာတ်ပုံလေး တွဲရိုက်လိုက် လုပ်နေရာက အမျိုးသားက “တစ်ရုပ်ဝယ်ပေးမယ် ကြိုက်တဲ့အရုပ်ယူ” လို့ပြောပါတယ်။ ကျမကတော့ လိုလည်း လိုချင်၊ ဈေးကလည်း များတော့ ၀ယ်ရမှာ တွန့်နေတာပေါ့။ အရုပ်ဈေးကလည်း ကြည့်ပါဦး။ Totoro အရုပ် Small Size (18 cm) ဆိုရင် ယန်း ၁၆၈၀၊ Medium Size (27 cm) က ယန်း ၂၉၄၀၊ Large Size (40 cm) က ယန်း ၅၀၄၀၊ LL size (55 cm) က ယန်း ၁၂၆၀၀ ပါ။ အကြီးကြီးကတော့ ယန်း ၃ သောင်းကျော်မလား မသိဘူး။ တခြား အရုပ်တွေရှိပေမယ့် ကျမက Totoro ကို ပိုသဘောကျလို့ ၀ယ်မယ်ဆို Totoro ပဲ ၀ယ်ချင်ပါတယ်။ နောက်ပြီး ဒီအရုပ်က ဂျပန်မှာပဲ နာမည်ကြီးတာမို့ပါ။ နောက်ဆုံး ဈေးနဲ့ အရုပ်အရွယ်နဲ့ ဘာကို ၀ယ်ရင်ကောင်းမလဲလို့ ချီတုံချတုံဖြစ်နေရာက အမျိုးသားက “ယန်း ၅၀၄၀ တန် အကြီးပဲ ယူလိုက်ပါ” လို့ recommend လုပ်တာနဲ့ သူ့ကို အားနာပြီး အဲဒီအရုပ်လေးပဲ ယူလိုက်တော့တယ်... (တော်သေးတယ်။ အလိုက်သိပေလို့.. :P)


*****


ကျမ ဒီရောက်ကတည်းက စုနေတာ အရုပ်တွေပါပဲ။ အခုတော့ ၀ယ်ပေးမယ့် သူရှိပြီဆိုတော့ “တခြားဟာ ချွေတာပါ့မယ် အရုပ်လေးတော့ ၀ယ်ပေးပါ” လို့ ပူဆာပြီး ၀ယ်ခိုင်းထားတာ အရုပ်လေးတွေ များနေပါပြီ။ ထားဖို့နေရာက မရှိဘူးဆိုတော့ သူတို့အတွက် စင်လေးတစ်ခု ထပ်ဝယ်ခိုင်းဦးမှလို့ တွေးရင်း ဒီညတော့ Totoro အရုပ်အသစ် ရလာလို့ပျော်ပြီး Blog ပေါ်တင်လိုက်ပါပြီ။ (အမှန်ကတော့ ကြွားတာလည်း ပါတာပေါ့လေ.. :D)



ဆိုင်ထဲမှာ ရိုက်ယူလာခဲ့တဲ့ ပုံတွေလည်း ကြည့်လို့ရအောင် virtual tour လုပ်ပြီး တင်ပေးလိုက်ပါတယ်နော်။

ဇူလိုင် ၂၁၊ ၂၀၀၈။

July 15, 2008

Multitasking



အခုတလော စိတ်တိုင်းမကျတဲ့ ကိစ္စတွေ ခဏခဏ ကြုံနေရတယ်။ ကျမကလည်း ဘယ်အရာမှ စိတ်ထဲ မြိုသိပ်မထားတတ်သလို စိတ် သိပ်မရှည်တတ်ပါဘူး။ “၀ုန်း” ဆို “ဒိုင်း” လုပ်လိုက်ရမှ ကျေနပ်တာမျိုး။ (စာဖတ်ရင်း သိပ်လည်းကြောက်မနေကြပါနဲ့။ စကားအဖြစ်ပြောတာပါ.. :D) အဲဒီတော့ ကိုယ့်ရှေ့မှာ ကိုယ့်ရိုးကားယားတွေ ဖြစ်လာပြီဆိုရင် မျက်စိနောက်ပြီး သိပ်ကြည့်မရချင်တော့ဘူး။ ဒါနဲ့ “လူတစ်ယောက်က အလုပ် ၂ ခု ၃ ခုကို တပြိုင်တည်းလုပ်တာ မျက်စိရှေ့မှာ ကြုံဖူးလားဟင်?” ရထားစီးရင်း စာအုပ်ဖတ်တာမျိုး၊ TV ကြည့်ရင်း ထမင်းစားတာမျိုးကို မဆိုလိုပါဘူး။ ဒါပေမယ့် ဂျပန်မှာတော့ အလုပ် ၂ ခု ၃ ခု တပြိုင်တည်း လုပ်တတ်တဲ့ သူတွေရဲ့ အကျင့် ကြောင့် သူတစ်ပါးကို ထိခိုက်နိုင်တာတွေ မြင်တွေ့နေရပါတယ်။ ဒီပို့စ်ကို ရေးဖြစ်တာက သူငယ်ချင်းတို့လည်း အဲဒီလို လူမျိုးတွေ တွေ့ရင် သတိထားနေနိုင်အောင်လို့ပါ။


*****


ကျမက လက်ကိုင်ဖုန်း ကိုင်ရတာကို ကြိုက်တဲ့အထဲမှာ မပါ ပါဘူး။ မြန်မာပြည်ကနေ အလေ့အကျင့်ကောင်းလေး ပါလာတယ်ပြောရမလား။ ကိုယ့်မိဘတွေကလည်း အရာရှိအသိုင်းအ၀ိုင်းက မဟုတ်တော့ GSM ပေါက်ဖို့ အကြောင်းလည်း မရှိဘူး။ မြန်မာပြည်ရဲ့ GSM ဈေးကွက်က သိတဲ့အတိုင်းပဲ။ သိန်း ၂၀ ကျော် ၃၀ လောက် ရှိမှ လက်ကိုင်ဖုန်း နဲ့ ဟန်ရေးပြလို့ရမှာကိုး။ ကိုယ့်ဝင်ငွေကလည်း မြန်မာကျပ်ငွေ သောင်းဂဏန်းလေးဆိုတော့ လက်ကိုင်ဖုန်းကိုင်ဖို့ ဝေလာဝေးပဲ။ ဒါကြောင့် ကျမအတွက် မရှိမဖြစ် လိုအပ်ချက်ထဲမှာ လက်ကိုင်ဖုန်း မပါ ပါဘူး။ အိမ်ဖုန်းရှိရင် ရပြီ။ တကယ်လို့ အိမ်ဖုန်း မရှိဘူးဆိုရင်လည်း ရသေးတယ်။ ဆက်သွယ်ရေးကနေ လုပ်ပေးထားတဲ့ ဖုန်းပြောလို့ရတဲ့ နေရာလေးတွေ အများကြီးပဲ မဟုတ်လား။ အဲဒါမှ မရတဲ့အဆုံး ဖုန်းရှိတဲ့ အိမ်နီးနားချင်းဆီမှာ အကူအညီတောင်းပြီး ပြောလို့ရရင်တော်ပြီလေ။ အဲဒီလို ဘ၀မျိုးနဲ့ နှစ် ၃၀ လောက် ရင်းနှီးနေပြီးသား။ ပထမတစ်ခေါက် ဂျပန်လာတုန်းကလည်း လက်ကိုင်ဖုန်း ၀ယ်မကိုင်ခဲ့ဘူး။ တစ်နှစ်ထဲနေရမှာ သေချာတာရော ပြီးတော့ အရှင်းဆုံး ပြောရရင် ပိုက်ဆံနှမြောတာလည်းပါတာပေါ့။ နောက် ထိုင်းရောက်တော့လည်း လက်ကိုင်ဖုန်းတွေ ဈေးပေါပေါနဲ့ ရတာတောင် အမျိုးသားနဲ့ ၂ ယောက်ပေါင်းပြီး ရုံးက အလကားပေးထားတဲ့ လက်ကိုင်ဖုန်းပဲ သုံးတယ်။ ကိုယ့်ပိုက်ဆံနဲ့ ၀ယ်မကိုင်ခဲ့ဘူး။


အခုတခေါက် ဂျပန်ရောက်တော့ အမျိုးသားက ကျမအတွက် လက်ကိုင်ဖုန်းတစ်လုံး ၀ယ်ပေးပါတယ်။ ကျမက မလိုဘူးလို့ ပြောပေမယ့် ရောက်ခါစ သူက အလုပ်ဆင်းရပြီး ကျမက အလုပ်မရသေးတော့ အိမ်မှာ နေရတာမို့ စိတ်မချဘူး ဆိုပြီး တလက်စတည်း ၀ယ်လိုက်လို့သာ ၀ယ်ဖြစ်သွားတာပါ။ သူငယ်ချင်းတွေကိုလည်း ဖုန်းနံပါတ်ပေးရင် ၂ ယောက်လုံးရဲ့ ဖုန်းနံပါတ် ပေးထားလိုက်တယ်။ အဲဒီဖုန်းကို တခါတလေဆိုရင် မေ့တောင်နေတယ်။ သူငယ်ချင်းတစ်ယောက်ကဆို ဖုန်းဆက်တိုင်း မကိုင်လို့တဲ့။ ကျမကလည်း ကျမပဲ။ အရေးအကြောင်း ကိစ္စကြီးငယ်မရှိပဲ ဖုန်းကို လက်က တကိုင်ကိုင် မလုပ်တတ်ဘူး။ ဖုန်းကင်မရာနဲ့လည်း တခါမှ မရိုက်ကြည့်ဖူးဘူး။ နောက်ပြီး တော်ရုံလည်း ကိုယ့်ဆီ ဖုန်းဆက်မယ့်သူ မရှိဘူးလေ။ message ဆိုရင် အရင်တုန်းက လုံးဝကို မနှိပ်တတ်တာ။ နောက်တော့ ဂျပန်ဆရာမတွေနဲ့ message ပို့ရင်း ခလုတ်တွေကို သုံးတတ်သွားတာ။ Message တခါပို့ဖို့ အရေး ဖုန်းပေါ်က ခလုတ်တွေ ရှာနေရတာနဲ့ပဲ အချိန်ကုန်တယ်။ ဖုန်းဆက်ပြီးပြောလိုက်တာမှ အချိန်ကုန်သက်သာသေးတယ်လို့ပဲ တွေးမိတယ်။ နောက်ပြီး လက်ကိုင်ဖုန်း နဲ့ပတ်သက်တဲ့ ကိစ္စအားလုံးကို အမျိုးသားပဲ တာဝန်ယူတယ်။ ဥပမာ ဖုန်း charging သွင်းပေးလည်း သူပဲ။ အားပြည့်သွားလို့ မနက်ရုံးတက်ခါနီး အိတ်ထဲပြန် ထည့်ပေးထားလည်း သူပဲ ဆိုတော့ ကျမက ကိုယ့်မှာ လက်ကိုင်ဖုန်း တစ်လုံးရှိနေပါလားဆိုတာ လုံးဝကို မေ့နေတာပါ။


ဒီရက်အတွင်း လက်ကိုင်ဖုန်းနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်စရာတွေ ခဏခဏ ကြုံရတော့ အခုဆိုရင် လက်ကိုင်ဖုန်းကို နည်းနည်းတောင် အမြင်ကပ်လာသလိုပဲ။ အမှန်ကတော့ ဖုန်းနဲ့မဆိုင်ပါဘူး။ ဖုန်းကိုင်တဲ့သူတွေနဲ့ပဲ ဆိုင်တာပါ။ ဖြစ်ပုံက ဒီလို.. ဂျပန်မှာက လူတိုင်း လက်ကိုင်ဖုန်း ကိုင်ကြတယ်လေ။ ကလေးလေးတွေ ဆိုရင်လည်း လည်ပင်းမှာ အမေတွေက ဆွဲကြိုးလို ချိတ်ဆွဲပေးထားတော့ သူတို့ကို ကြည့်လိုက်ရင် ၄ နှစ် ၅ နှစ်အရွယ်တွေက စက်ဘီးနဲ့ လက်ကိုင်ဖုန်းနဲ့။ လူတိုင်း ဖုန်းကိုင်ကြတာလည်း မပြောနဲ့။ သူတို့အတွက်တော့ အတော်လေး အသုံးဝင်ပုံရတယ်။ ကိုယ်ကပဲ မသုံးတတ်တာလား။ သူတို့ကပဲ အသုံးချ လွန်နေတာလား။ တခုခုပဲ။ ဖုန်းနဲ့အင်တာနက် သုံးတယ်။ ဖုန်းနဲ့ သီချင်းနားထောင်တယ်။ ဖုန်းနဲ့ တီဗွီကြည့်တယ်။ ဖုန်းကနေ game ဆော့တယ်။ ဖုန်းထဲမှာ ရှိတဲ့ ၀တ္ထုဖတ်တယ်။ အဲဒီတော့ လက်ကိုင်ဖုန်းက သူတို့အတွက် တကယ်ကို မရှိမဖြစ် လိုအပ်တဲ့ပစ္စည်း တစ်ခုလိုဖြစ်နေတာပေါ့။ အဲဒီလို အသုံးကျလွန်းတော့ လူတွေဟာ စက်ဘီးစီးရင်း ဖုန်းနဲ့ message ရိုက်တယ်။ ရထားပေါ်မှာ ဖုန်းကိုင်ပြီး game ဆော့ရင် ဆော့၊ မဆော့ရင် အင်တာနက်ကြည့်၊ ဒါမှမဟုတ် message ရိုက်ပေါ့။ ကားမောင်းရင်း ဖုန်းနဲ့ message ရိုက်တယ်။ ရထားဘူတာကနေ တနေရာရာကို လမ်းလျှောက်ရင်း Baseball ပွဲကို ဖုန်းကနေကြည့်တယ်။ အဲဒီ style တွေက တခြားနိုင်ငံတွေတော့ မပြောတတ်ဘူး။ ဂျပန်မှာတော့ အတော်လေး ခေတ်စားတယ် ဆိုရမယ်။ အဲဒီလိုမလုပ်တဲ့သူဆိုရင် သေချာတယ် အဲဒါ ကျမလို အူကြောင်ကြားပဲဖြစ်မှာပဲ။




ပြောချင်တာက အခုမှစတာ။ ဟိုတလောက ဂျပန်က သတင်းတစ်ခုမှာ နားထောင်လိုက်ရတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ အမှုနဲ့ စက်ဘီးတိုက်မှုဖြစ်တဲ့အမှုဆိုရင် စက်ဘီးတိုက်မှုတွေ ပိုများလာတယ်ဆိုပဲ။ ကျမကတော့ စိတ်ထဲကနေ “ဖြစ်နိုင်တယ်” လို့ ကောက်ချက် ချလိုက်သေးတယ်။ စဉ်းစားကြည့်လေ။ ဂျပန်မှာက ကား၊ ရထား အပြင် သွားလာလို့ အလွယ်ဆုံး ယာဉ်က စက်ဘီးပဲဆိုတော့ လူတိုင်းစက်ဘီးစီးကြတယ်။ စက်ဘီးစီးရင် ရိုးရိုးမစီးကြဘူး။ သီချင်းနားထောင်ဖို့ MP3 Player ဒါမှမဟုတ် IPOD ကို နားထဲတပ်ထားတယ်။ တချို့လည်း ဖုန်းနဲ့တဆင့် ear phone လေးချိတ်ပြီး သီချင်းနားထောင်ကြတယ်။ အဲဒီလို နားထဲ တစ်ခုခုတပ်ထားပြီး သီချင်းနားထောင်ရုံတင်အားမရဘူး။ လက်က ဖုန်းကို နှိပ်ပြီးဆော့နေတတ်သေးတယ်။ ဖုန်းဆော့ရင်ဆော့ မဆော့ရင် ဖုန်းပြောနေကြရော။ အဲဒီတော့ အနောက်က ကားဟွန်းတီးလည်း မကြား၊ အရှေ့က စက်ဘီးအချင်းချင်း ဘဲလ်တီးလည်း မကြားတွေဖြစ်ကုန်တာပေါ့။ သူတို့က စက်ဘီးစီးရင်း တခြားအပိုအလုပ်တွေကို ၂ ခု ၃ ခု တပြိုင်တည်းလုပ်ရတာကိုး။ အဲဒီလောက် အာရုံများနေတဲ့သူတွေမှ စက်ဘီးတိုက်မှု မဖြစ်ရင် ဘယ်သူမှဖြစ်မှာမဟုတ်ဘူး။


အဲဒီလိုပဲ တချို့လည်း ကားမောင်းရင်း ဖုန်းဆော့တတ်တယ်။ ကိုယ်တွေ့မို့လို့သာ ယုံလိုက်ရတာ။ ပြီးခဲ့တဲ့တစ်ပတ် ရုံးကအပြန် လူကူးမျဉ်းကြားက မီးစိမ်းလို့ ကျမလည်း စက်ဘီးနင်းပြီး အထွက် ကားက လုံးဝ
အရှိန် မလျော့ပေးဘူး။ စက်ဘီးနဲ့ ကား ခေါင်းချင်းဆိုင်မိဖို့ နည်းနည်းပဲ လိုတော့တယ်။ ကျမ ဘရိတ်အုပ်မြန်လိုက်လို့ပေါ့။ နို့မို့ဆို ဒီနေ့လောက်ဆိုရင် ရက်လည်နေရလောက်ပြီ။ ကားသမားက ဘာလုပ်နေတယ်ထင်လဲ။ ကားမောင်းရင်း လက်ကနေ ဖုန်းရိုက်နေတယ်။ ကျမကိုမြင်တော့ လူကူးမီးပွိုင့်ကို တချက် လှမ်းကြည့်ပြီး မီးစိမ်းတာ မြင်တော့မှ သူမှားမှန်းသိသွားလို့ ကားပေါ်ကနေ ခေါင်းညိတ်ပြ တောင်းပန်သွားတယ်လေ။


ပြီးတော့ ရုံးရှေ့က ဖြတ်သွားတဲ့ လူတစ်ယောက် ဖုန်းကို သဲကြီးမဲကြီး ငုံကြည့်ပြီး လမ်းလျှောက်နေတာ။ နားကလည်း နားကြပ် တပ်လျှက်သားပေါ့။ ဘာလုပ်နေသလဲ ဆိုပြီး ကိုယ်က ဘေးနားကဖြတ်သွားရင်း စပ်စုလိုက်မိတယ်။ ကျေးဇူးရှင်က တီဗွီက Live လွှင့်တဲ့ Baseball ပွဲကို ဖုန်းကနေ တဆင့်ကြည့်နေတာ တလောကလုံး သူတစ်ယောက်တည်းလို့ ထင်ပြီး လမ်းကို လျှောက်ချင်သလို လျှောက်နေတော့တာပဲ။ အနောက်က စက်ဘီးနဲ့ လူက ဘဲလ်တီးလည်း သူ ဂရုကိုမစိုက်ဘူး။ ဟိုတရက်ကလည်း ရုံးသွားတော့ ကောင်လေးက ရှေ့ကနေ စက်ဘီးနင်းရင်း ဖုန်းကို ခေါင်းငုံ့ပြီး ရိုက်နေတယ်။ နောက်မှာ စက်ဘီးသမားပါတာကို သူသတိထားမိပုံမပေါ်ဘူး။ မီးပွိုင့်ရှေ့လည်းရောက်ရော ရှေ့ကနေ ဖျတ်ခနဲ ကွေ့ချလိုက်တော့ နောက်က လိုက်လာတဲ့ စက်ဘီးသမားနဲ့ တိုက်မိမလို့ နည်းနည်းပဲလိုတော့တယ်။ နောက်လူကလည်း ကောင်လေးကို ဘုကြည့်ကြည့်ပေါ့လေ။ အမယ် ကိုယ်တော်က ယောင်လို့တောင် ခေါင်းမော့မလာဘူး။ သူရိုက်လက်စကိုပဲ ဆက်ရိုက်ပြီး ဖုန်းသုံးနေတာ။ ငါအမှားလုပ်လိုက်မိပါလားလို့ သတိထားမိပုံမပေါ်ဘူး။




နောက်တစ်မျိုး လူတွေရှိသေးတယ်။ စက်ဘီးစီးရင်း စာအုပ်ဖတ်ရတာနဲ့၊ စက်ဘီးစီးရင်း သတင်းစာ ဟိုဘက်အစ ဒီဘက်အစ ကို စက်ဘီးလက်ကိုင်နဲ့ ပူးကိုင်ပြီး ဖတ်တဲ့သူနဲ့။ ကျမဖြင့် အံ့သြလွန်းလို့။ အော်.. အိမ်မှာ အေးအေးဆေးဆေး ဖတ်လည်း ရသားပေါ့နော်။ မတော် ကားတိုက်တာတို့ ဘာတို့ ဖြစ်နေမှဖြင့်လို့ ကိုယ်ကတွေးပေမယ့် သူတို့ကတော့ မသေတဲ့ဆေး စားထားသလား ထင်ရတယ်၊ ကိုယ်လုပ်ချင်တာ လုပ်နေရရင်ပြီးပြီဆိုတဲ့ ပုံမျိုးပဲ။ တချို့လည်း စက်ဘီးစီးရင်း ခွေး ကျောင်းကြသေးတယ်။ ခွေးလေးတွေ ၃ ကောင်၊ ၄ ကောင်လောက်ကို အားလုံး ကြိုးနဲ့ စုကိုင်ထားတယ်။ လူကတော့ စက်ဘီးပေါ်ကပေါ့၊ အောက်ကခွေးက သူသွားချင်တဲ့ဆီသွား၊ အပေါ်က စက်ဘီးသမားကလည်း ဖုန်းပြောနဲ့ သူ့ခွေးတွေက အောက်မှာ ဖြစ်ချင်တိုင်းကို ဖြစ်နေတာပဲ။ ခွေးက တစ်နေရာသွားချင်တယ်။ စက်ဘီးသမားက စက်ဘီးနင်းရင်း ချိုးချင်တဲ့နေရာချိုး၊ ကွေ့ချင်သလိုကွေ့ဆိုရင် ခွေးက လည်ပင်းဆန့်ငင် ဆန့်ငင်နဲ့ စက်ဘီးခေါ်ရာ နောက်ပါသွားရပြန်ရော။ ကိုယ်က အဲဒါတွေ မြင်ရတော့ စိတ်မကောင်းဖြစ်ရတာပေါ့။


အဲဒီလို အလုပ် ၂ ခု ၃ ခုကို တပြိုင်တည်းလုပ်မယ်ဟေ့ဆို ဒီကလူတွေ အမျိုးမျိုး လုပ်ပြပါလိမ့်မယ်။ တခါတလေဆို ရီလည်းရီချင်၊ ဒေါသလည်း ထွက်ပေါ့လေ။ အမှန်တော့ လူတိုင်းဟာ ကိုယ်လုပ်ချင်ရာကို လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း သူတစ်ပါးကို မထိခိုက်တာတော့ အကောင်းဆုံးပဲ မဟုတ်လား။ ကျမအတွက်တော့ အဲဒီလို ကိစ္စမျိုးတွေနဲ့ ကြုံတဲ့နေ့ဆို အင်မတန် စိတ်အနှောက်အယှက် ဖြစ်တာပါပဲ။ ကျမကလည်း မနက်တိုင်း ရုံးသွားရင် စက်ဘီးနဲ့ပဲ သွားတာဆိုတော့ ဟွန်းတွေ ဘာတွေ တီးရင် မကြားမှာစိုးလို့ သီချင်းတောင် နားမထောင်ဘူး။ ဖုန်းဆိုလည်း အဲဒီလိုပဲ ဘယ်တော့မှ လူကြားထဲ ထုတ်မကြည့်ဘူး။ တချို့ဆို ၅ မိနစ်ခြားတစ်ခါ ဖုန်းကို ထုတ်ကြည့်တတ်တယ်။ ပြီးတော့ ဖွင့်လိုက်ပိတ်လိုက်နဲ့။ အလကား ဘာမှလည်း အကျိုးမရှိဘူး။ ဖုန်း ဓာတ်ခဲ အားကုန်တာပဲ အဖတ်တင်တာပေါ့။


*****


ဂျပန်မှာ စက်ဘီး ၁ စီးကို လူ ၂ ယောက်စီးရင် ရဲက ခေါ်ပြီး သတိပေးပါတယ်။ ဖမ်းမယ်ဆို ဖမ်းလို့ရတယ်တဲ့။ အဲဒါကြောင့်ကျမ စဉ်းစားမိတာက စက်ဘီး ၁စီးမှာ ၂ ယောက်စီးတာကို ဖမ်းမယ့်အစား စက်ဘီးစီးရင်း ဖုန်းပြောတဲ့သူ၊ ဖုန်း message ရိုက်တဲ့သူ၊ သီချင်းနားထောင်သူ၊ စာအုပ်ဖတ်သူတွေကို ခေါ်ပြီး သတိပေးသင့်တယ်လို့ တွေးမိပါတယ်။ သူတို့မဆင်မခြင်လုပ်ပြီး ပတ်ဝန်းကျင်ကို ဂရုမစိုက်လို့ ဖြစ်လာမယ့် နောက်ဆက်တွဲ အန္တရာယ်က ပြဿနာပို ကြီးသွားနိုင်ပါတယ်။ အသက်သေလောက်တဲ့ အထိတောင်ဖြစ်သွားနိုင်တယ်။ ကျိုးပဲ့သွားတာမျိုးလည်းဖြစ်သွားနိုင်တာပဲ။ ကဲ.. သူငယ်ချင်းတို့လည်း အဲဒီလို လူမျိုးတွေနဲ့ တွေ့လို့ကတော့ ဝေးဝေးကသာ ရှောင်ပြီး သတိထားကြ ပေတော့နော်။


ဇူလိုင် ၁၅၊ ၂၀၀၈။

July 2, 2008

Tanabata Festival



အခုအရေးမယ့် အကြောင်းက ၇ ရက် ၇ လ မှာ ကျင်းပတဲ့ ဂျပန်လူမျိုးတွေရဲ့ တနဘတ Tanabata (七夕) ပွဲတော်အကြောင်းပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က Osaka ကို လာတော့ ကျမတို့အတွက် ရုံးက ဆရာမ ခေါ်ပြီး ဂျပန်စာသင်ပေးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေ့မှာ ဂျပန်စာ သင်တန်းရှိတော့ ဆရာမကြီးက ဒီနေ့ဟာ Tanabata ပွဲတော်နေ့ ဆိုပြီး နောက်ခံသမိုင်းပုံပြင်ကို ပြောပြပေးခဲ့တယ်။ အခု ၇ လပိုင်းရောက်လာတော့ ပုံပြင်နဲ့ ဆက်နွယ်နေတဲ့ ပွဲတော်အကြောင်းကို သူငယ်ချင်းတွေကို ပြောပြချင်လာတယ်... သိပြီးတဲ့သူလည်း ရှိမှာပါ။ မသိသေးတဲ့သူတွေလည်း ဖတ်ပြီးရင် ဘယ်လိုခံစားရသလဲဆိုတာ ပြန်ပြောပြပေးနော်။


Tanabata ရဲ့ အဓိပ္ပာယ်က “၇ ရက်မြောက် ညနေခင်း” ပါ။ ဂျပန်မှာ Tanabata ပွဲတော်ကို ကျင်းပရင် ညဘက်မှာကျင်းပလေ့ရှိတယ်လို့ ဆိုပါတယ်။ အမှန်တော့ ဒီပွဲတော်ဟာ “ကြယ်” နဲ့ ပတ်သက်တဲ့ ပွဲတော်ဖြစ်ပြီး တရုတ်ရိုးရာ ယဉ်ကျေးမှုက ဆင်းသက်လာတာပါ။ Orihime (vega) ကြယ်နဲ့  Hikoboshi (Altair) ကြယ် ချစ်သူနှစ်ဦးဟာ နဂါးငွေ့တန်း (Amanogawa) ကိုဖြတ်ပြီး ၇ ရက် ၇ လရဲ့ ညဖြစ်တဲ့ တနှစ်မှာ တစ်ကြိမ်သာ တွေ့ခွင့်ရကြတယ်။ Tanabata နဲ့ပတ်သက်ပြီး တရုတ်ရိုးရာပုံပြင်ရှိသလို ဂျပန်ပုံပြင်တွေလည်းရှိပါတယ်။ အားလုံးဟာ သဘောတရားခြင်း ဆင်တူတာမို့ လူသိများတဲ့ တရုတ်ပုံပြင်ကိုပဲ ရေးပေးလိုက်ပါတယ်။




အမနိုဂ၀ (Amanogawa 天の川) လို့ခေါ်တဲ့ မြစ်ကမ်းဘေးမှာ မိုးနတ်မင်းကြီးနေထိုင်ပြီး သူ့မှာ အိုရိဟိမဲ (Orihime おりひめ) လို့ခေါ်တဲ့ သမီးတော်တစ်ယောက်ရှိတယ်။ သမီးတော်ဟာ ယက်ကန်းယက်လုပ်ပြီး ဖခင် မိုးနတ်မင်းကြီးနဲ့ အတူ တခြားနတ်မင်း အားလုံးကို အ၀တ်အထည် ဆက်သရသတဲ့။ သမီးတော် အရွယ်ရောက်လာတော့ ဖခင်ဖြစ်သူ မိုးနတ်မင်းကြီးက သမီးတော်အတွက် သင့်တော်မယ့် ဖူးစာရှင် ရှာပေးဖို့တွေးမိတယ်။ အဲဒီလိုနဲ့ ဖူးစာရှင်ရှာလိုက်တာ Amanogawa မြစ်တဖက်ကမ်းမှာ မိုးနတ်မင်းရဲ့ နွားတွေကို ကျောင်းရတဲ့ ဟိကိုဘိုးရှိ (Hikoboshi ひこぼし) ဆိုတဲ့ လူငယ်ကို သဘောကျပြီး သမီးတော်နဲ့ ပေးတွေ့စေတယ်။ နှစ်ယောက်စလုံးက ငယ်ရွယ်ချောမောသူတွေဆိုတော့ကာ မြင်မြင်ချင်းပဲ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စုံမက်ပြီး သိပ်မကြာခင်မှာ လက်ထပ်လိုက်ကြပါရော။ လက်ထပ်ပြီးတော့ ၂ ယောက်သား ဘာအလုပ်မှ မလုပ်ကြပဲ အပျော်လွန်နေတာနဲ့ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်တွေ လစ်ဟင်းကုန်ပါတယ်။





“Orihime မင်းသမီးလေးက ယက်ကန်းမယက်တော့တဲ့ အတွက် အ၀တ်တွေ ဟောင်းနွမ်း စုတ်ပြတ်ကုန်ပြီ။ အ၀တ်အထည် အသစ်ကို ယက်လုပ်ဖို့ ပြောပေးကြပါဦး” ။
“Hikoboshi လည်း နွားတွေကို ကောင်းကောင်း ဂရုမစိုက်တော့ဘူး။ အခုဆိုရင် နွားတွေ နာမကျန်းဖြစ်ကုန်ပြီ” ဆိုပြီး တခြားနတ်မင်းတွေက အပြစ်တင် ဝေဖန်စကားပြောပြီး မိုးနတ်မင်းကြီးဆီ တိုင်တန်းကြတယ်။


အကြောင်းစုံကို သိတော့ မိုးနတ်မင်းကြီးက တအားစိတ်ဆိုးပြီး “Amanogawa မြစ်ရဲ့ အရှေ့ဘက်မှာ တစ်ယောက်ထား၊ အနောက်ဘက်မှာ တစ်ယောက်ထား” လို့ ဆိုပြီး သူတို့ ၂ ယောက်ကို ခွဲထားဖို့ အမိန့်ပေးလိုက်တယ်။ ဒါပေမယ့် မိုးနတ်မင်းကြီးခမျာ သမီးတော်အရမ်း စိတ်မကောင်းဖြစ်သွားတာ မြင်လိုက်ရတော့ တစ်နှစ်မှာ တစ်ခါ ၇ ရက် ၇ လ
 နေ့ရောက်တိုင်း ချစ်သူ ၂ ယောက်ကို တွေ့ဆုံဖို့ ချွင်းချက်အနေနဲ့ ခွင့်ပြုလိုက်တယ်။ အဲဒီနေ့ကစပြီး Orihime မင်းသမီးလေးဟာ Hikoboshi နဲ့ တွေ့ဖို့အရေးကို တွေးပြီး ယက်ကန်းအလုပ်ကို တစ်နှစ်ပတ်လုံး ကြိုးကြိုးစားစား လုပ်ရရှာတယ်။ Hikoboshi ဟာလည်း မင်းသမီးနဲ့ တွေ့ဖို့ရက်ကို မျှော်တွေးရင်း တနှစ်ပတ်လုံး အလုပ်ကို အားသွန်ခွန်စိုက် ကြိုးစားပြီး လုပ်ရှာတယ်။ သူတို့ စောင့်မျှော် နေရတဲ့ ၇ ရက် ၇ လ နေ့ ရောက်ပြီ ဆိုရင် Orihime မင်းသမီးလေးဟာ Amanogawa မြစ်ကို ဖြတ်ပြီး Hikoboshi နဲ့ လာတွေ့တယ်။ တကယ်လို့ အဲဒီနေ့မှာ မိုးရွာရင်တော့ မြစ်ရေလျှံပြီး ၂ ဦးသား တွေ့ခွင့်မရတော့ပဲ နောက်တစ်နှစ်ထပ်စောင့်ရရှာတယ်။





ဒီပို့စ်ကို မရေးခင် Tanabata နဲ့ ပတ်သတ်ပြီး ဂျပန် website အချို့နဲ့ wiki မှာ ရှာဖတ်ကြည့်တော့ တရုတ်ရိုးရာ ပုံပြင်အပေါ်မှာပဲ ဇာတ်သိမ်းလေးတွေ ကွဲနေသေးတယ်။ ဂျပန် website မှာ ရေးထားတာက တကယ်လို့ အဲဒီနေ့မှာ မိုးရွာလို့ မြစ်ရေလျှံရင် magpie (カササギ)လို့ခေါ်တဲ့ ငှက်ကလေးရောက်လာပြီး Orihime သွားဖို့ သူ့အတောင်ဖြန့်ခင်းပေးတယ်လို့ဆိုပါတယ်။ အဲဒီအခါမှာ Orihime က Amanogawa မြစ်ကိုဖြတ်ကူးပြီး သူ့ချစ်သူ Hikoboshi နဲ့ တွေ့ခွင့်ရ ရှာတယ်။ ဒါပေမယ့် wiki မှာရေးထားတာက ပထမဆုံးအကြိမ် သူတို့ ၂ ဦး တွေ့ဆုံဖို့ Amanogawa မြစ်ကို ရောက်လာချိန်မှာ မြစ်မှာ တံတားမရှိလို့ Orihime မင်းသမီးလေးဟာ တဖက်ကမ်းကို ဖြတ်ကူးလို့မရဘူး။ အဲဒါနဲ့ မင်းသမီးလေးဟာ ငိုပါလေရော။ အဲဒီလို ငိုကြွေးတဲ့အသံကို magpie ငှက်ကလေးက ကြားပြီး သူတို့ ၂ ဦးအတွက် အတောင်ကို ဖြန့်ခင်းပေးပြီး မြစ်ကို ကူးစေတယ်။ တကယ်လို့သာ အဲဒီနေ့ မိုးရွာရင် ငှက်ကလေးဟာ မလာနိုင်ရှာတဲ့အတွက် Orihime မင်းသမီး နဲ့ Hikoboshi တို့ ဟာ အဲဒီနှစ်အတွက် မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။


အဲဒီအဖြစ်အပျက်ကို အခြေခံပြီး ၇ ရက် ၇ လ
 နေ့ဆိုရင် Tanabata အထိမ်းအမှတ်အနေနဲ့ shopping mall နဲ့ လမ်းတွေမှာ ၀ါးပင်ကို တခြားပစ္စည်းတွေနဲ့ အလှဆင်ပြီး စိုက်ထူထားကြတယ်။ ဆုတောင်းစာ၊ ကိုယ့်ဖြစ်ချင်တဲ့ဆန္ဒ တွေကိုလည်း စာရွက်ပေါ်ရေးပြီး ၀ါးပင်မှာ ချိတ်ဆွဲထားကြတယ်။ ပွဲတော်ပြီးရင် အဲဒီဝါးပင်ကို ရေနဲ့မျောရင် မျော ဒါမှမဟုတ် မီးရှို့ပစ်တယ်လို့ဆိုပါတယ်။ Tanabata ပွဲတော်ကို ဂျပန်နိုင်ငံရဲ့ နေရာပေါ်မူတည်ပြီး ပွဲတော်ကျင်းပတဲ့ပုံစံမတူပါဘူး။ Osaka မှာတော့ ဘယ်နားမှာ ရှိမှန်းမသိတာနဲ့ တစ်ခါမှ မကြုံဖူးသေးဘူး။ ဒါပေမယ့် Sendai နဲ့ Kantou area မှာ ကျင်းပတဲ့ Tanabata Festival တွေက နာမည်ကြီးတယ်လို့ wiki မှာ ဖတ်ရပါတယ်။ ပြီးခဲ့တဲ့ ပိတ်ရက်မှာ အိမ်နားက Department Store ကိုသွားတော့လည်း Tanabata ပွဲတော်အတွက် ၀ါးပင်တွေရယ် တခြားအလှဆင်တဲ့ စာရွက်တွေ ရောင်းနေတာ မြင်ခဲ့မိသေးတယ်။


ကဲ.. ကျမတို့လည်း ၇ ရက် ၇ လ နေ့မှာ ချစ်သူနှစ်ဦး ပြန်ဆုံနိုင်ဖို့အတွက် မိုးမရွာပါစေနဲ့လို့ ဆုတောင်းပေးကြရအောင်လား...။


ဇူလိုင် ၃၊ ၂၀၀၈။