January 9, 2008

Around Osaka - II

Around Osaka - II (Osaka Bay Area)

Osaka မှာနောက်ထပ် လည်ဖြစ်တဲ့နေရာတစ်ခုကတော့ Osaka Bay Area ကိုပါ။ အဲဒီမှာ နာမည်ကြီးတာကတော့ Kaiyukan လို့ခေါ်တဲ့ ငါးပြတိုက်ပါပဲ။ ကမ္ဘာမှာ အကြီးဆုံး ငါးပြတိုက် တစ်ခုအပါအ၀င်လို့ website တွေမှာရေးထားတာ ဖတ်ရပါတယ်။ အရင်အခေါက်တွေ သွားတုန်းက အပြင်မှာပဲ ရှုခင်းကြည့်၊ ပြီးရင် အနီးအနားမှာရှိတဲ့ Shopping Mall ကို ၀င်ငေး၊ အထဲမှာ ကလေးတွေအတွက် လုပ်ပေးထားတဲ့ ကစားကွင်းမှာ ဓာတ်ပုံဝင်ရိုက်၊ ဂျပန်မှာ နာမည်ကြီး ကာတွန်းကားတွေ ထုတ်တဲ့ Studio Ghibli ရဲ့ DVD နဲ့ ကာတွန်းဇာတ်ကောင်အရုပ်တွေရောင်းတဲ့ဆိုင်မှာ လျှောက်ငေးပြီး သွားရည်ကျ(ဈေးကြီးပြီး မ၀ယ်နိုင်လို့).. အဲလိုပဲ ပြန်လာခဲ့ရတာချည်းပါပဲ။ နောက်ပြီး Yokohama မှာရှိတဲ့ Sea Paradise ကို တစ်ခါ ရောက်ဖူးပြီးသားမို့ ငါးပြတိုက်ဆိုရင် ဒီလိုချည်းပဲ ဖြစ်မှာပဲဆိုပြီး ၀င်ကြည့်ဖို့ စိတ်မကူးခဲ့ပါဘူး။

Osaka Bay Area ကို သွားဖို့အတွက်ဆိုရင် Subway Line တစ်ခုဖြစ်တဲ့ Chou Line (အစိမ်းရောင်) ကို စီးရပါတယ်။ Osaka ko ဘူတာကျရင် ဆင်းပြီး ၅ မိနစ်လောက် လမ်းလျှောက်ရင် Osaka Bay Area ရှိတဲ့နေရာကို ရောက်ပါပြီ။ ငါးပြတိုက် ၀င်ကြည့်လို့ရမယ်။ အပျော်စီး သင်္ဘောနဲ့ Osaka Bay Area တ၀ိုက်ကို sightseeing ကြည့်လို့ရမယ်။ ဘိုအခေါ် Giant Wheel ၊ မြန်မာအခေါ် ရဟတ်အကြီးကြီးလည်း စီးလို့ရမယ်။ နောက်ပြီး Shopping Mall မှာလည်း ဈေးဝယ်လို့ရမယ်၊ အထဲမှာ အစားအသောက် စားချင်ရင်လည်း စားလို့ရသေးတယ်။ နောက်တစ်ခုက Suntory Museum အဆောက်အဦးအထဲမှာ IMAX 3D Movie လည်း ကြည့်လို့ရပါတယ်။ အခုလောလောဆယ် ပြနေတာကတော့ DEEP SEA 3D ပါ။

နွေရာသီဆိုရင် အေးအေးဆေးဆေး ကမ်းခြေဘက်မှာ ထိုင်ရင်း နေ၀င်ချိန်ကြည့်ရတာလည်း အရသာ တစ်ခုပါပဲ။ မြန်မာပြည်ကမ်းခြေတွေက sunset လိုမျိုး၊ ပုဂံက sunset လိုမျိုးနဲ့တော့ ကြည့်ရတဲ့ အရသာချင်း မတူဘူးပေါ့။ တစ်နေ့တာရဲ့ နေ၀င်တာချင်းကတော့ အတူတူပါပဲလေ။ Christmas ဆိုရင်တော့ အတွဲတွေနဲ့ လူစည်ကားလေ့ရှိတယ်။ ဒီဇင်ဘာလ ၁၅ ရက် ကနေစပြီး ဖေဖော်ဝါရီလအထိ ရုံးပိတ်ရက်ဆိုရင် Penguin parade ပွဲတွေ လည်းလုပ်ပေးပါတယ်။ Penguin parade က ဘာမှမဟုတ်ပေမယ့် ကလေးတွေအတွက်တော့ အတော်လေး သဘောကျစရာပါ။ Penguin လေးတွေ စီတန်းပြီး သတ်မှတ်ထားတဲ့နေရာရဲ့ ဟိုဘက်ထိပ်ကနေ ဒီဘက် ထိပ်အထိ လမ်းလျှောက်ပြတာပါပဲ။ သူတို့မလျှောက်ခင်မှာ ငါးပြတိုက် ၀န်ထမ်းတွေက လမ်းလျှောက်ဖို့အတွက် သီးသန့်ကော်ဇော ခင်းပေးကြပါတယ်။ လူဝင်ထားတဲ့ Penguin ပုံအရုပ်နဲ့ ဓာတ်ပုံတွဲရိုက်လို့လည်း ရတယ်။ ကျမကတော့ အရုပ်ကြိုက်လို့ ကလေးတွေနဲ့အပြိုင် တန်းစီပြီး ဓာတ်ပုံတွဲရိုက်လိုက်တာပါပဲ။ Penguin parade က တစ်ခါကို မိနစ် ၂၀ လောက်ကြာပြီး တစ်နေ့လုံးဆို ၄ ပွဲလောက်ရှိမယ်ထင်တယ်။ လေအရမ်းတိုက်ရင်တော့ show မရှိပါဘူး။ Penguin တွေလမ်းလျှောက်ပြီးသွားရင် ကလေးတွေအတွက် (လူကြီးတွေလည်း မေးလို့ရမယ် ထင်တယ်။) သီးသန့် အမေးအဖြေ ပုံစံမျိုး program တွေ လုပ်ပေးပါတယ်။ ဂျပန်လိုပြောတာတော့ သိပ်နားမလည်တာနဲ့ နားမထောင်ဖြစ်ပါဘူး။ တစ်စွန်းတစ်စ ကြားမိတာက Penguin တွေက ဘယ်လို အစားအစာမျိုး ကြိုက်တတ်သလဲဆိုပြီးမေးလိုက်သံတော့ ကြားမိလိုက်တယ်။ Penguin show ကြည့်တာက ပိုက်ဆံပေးစရာ မလိုပါဘူး။

Penguin show ကြည့်ပြီးတာနဲ့ ကျမတို့လည်း Suntory Museum ထဲဝင်ပြီး 3 D Movie ကြည့်ဖြစ်ပါတယ်။ ၀င်ကြေးက ပုံမှန်ဆိုရင် ယန်း ၁၀၀၀ ပေးရပေမယ့် အဲဒီနေ့ကတော့ ၁ ရက်နေ့မို့လား မသိဘူး ယန်း ၇၀၀ ပဲ ပေးခဲ့ရတယ်။ ငါးပြတိုက်နဲ့ တွဲကြည့်မယ်ဆိုရင် ယန်း ၂၃၀၀ ပဲပေးရမယ်တဲ့။ ကျမတို့ရောက်သွားတော့ ညနေ ၄ နာရီထိုးလောက်ဖြစ်နေတာနဲ့ Movie ကြည့်ပြီး ပြန်လာခဲ့ရတယ်။ ဒါတောင် ရုပ်ရှင်က မိနစ် ၄၀ ကြာတယ်။ ရေအောက်က ငါးမျိုးစုံ၊ အကောင်မျိုးစုံကို ရိုက်ပြထားတာမို့ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ပုံမှန် နောက်ခံစကားပြောပေးတာက ဂျပန်လိုပါ။ တကယ်လို့ အင်္ဂလိပ်လို အသံထွက် နားထောင်ချင်ရင်တော့ လက်မှတ်ဝယ်ကတည်းက ကြိုပြောရင် ရုံထဲမ၀င်ခင်မှာ 3 D ကြည့်ဖို့ မျက်မှန်နဲ့ အတူ Headset ပေးပါတယ်။

ရုပ်ရှင်ပြီးလို့ ရုံကထွက်လာတော့ ညနေ ၅ နာရီကျော်နေပါပြီ။ သူငယ်ချင်းကို နေမ၀င်ခင် ဓာတ်ပုံအမြန်ရိုက်ခိုင်းပြီး Museum က ထွက်လာတော့ မှောင်စပြုနေပါပြီ။ တစ်ချက် တစ်ချက် ဝှေ့ပြီးတိုက်လာတဲ့ လေအေးအေးကြောင့် ကမ်းခြေမှာ ခဏလောက် ရပ်ပြီး ရေပြင်ကြည့်ချင်တဲ့ စိတ်ကူးကို ချိုးနှိမ်ပြီး အားလုံး ခပ်သုတ်သုတ်ပဲ ဘူတာရုံဆီ အပြေးလှမ်းခဲ့ရပါတော့တယ်။

ဝင်ကြေးနဲ့ တခြားအချက်အလက်တွေကို အသေးစိတ်သိချင်တယ်ဆိုရင် Kaiyukan, Suntory Museum နဲ့ Bay Area Information Links တွေ အပြင် wiki ကနေလည်း ကြည့်လို့ရပါတယ်။ ကျမသွားတုန်းက ရိုက်ယူလာတဲ့ ပုံတချို့ကိုပါ virtual tour လုပ်ပြီး တင်ပေးလိုက်ပါတယ်။



ဇန်န၀ါရီ ၉၊ ၂၀၀၈။

5 comments:

Chit Lay Pyay said...

မရေ ဖတ်လို့ ကောင်း လိုက်တာ အမနဲ့ အတူ ကိုယ်ပါ လိုက်လည် နေသလိုပဲ၊ အခုလို ဂျပန်မြို့က နံမည်ကြီးနေရာလေးတွေ အကြောင်း ဖတ်ရတာ ဗဟုသုတလဲ ရတယ်၊ ပြီးတော့ မရောက်ဖူး ပေမဲ့ ရင်းနှီးသွားတာပေါ့၊ ကျေးဇူးနော်၊ ဓာတ်ပုံလေးတွေကို Slide Show လို လုပ်ထားတာ မိုက်တယ်နော်၊ လေပြေလဲ လုပ်ချင်လိုက်တာ ဘယ်လို လုပ်ရတာလဲ ဟင်၊ ဓာတ်ပုံလေးတွေက လှမှလှ၊ နောက်လဲ များများရေးအုံးနော်

MgThaJan said...

လာလည်တယ် မနုစံရေ။ ဂျပန်က ရှုခင်းတွေကတော့ အရမ်း လှတာပဲနော်။ :)

မြရွက်ဝေ said...

ပုံတွေ အရမ်းလှတာဘဲ။ ပျော်စရာကြီး။ အမရေးထားတာဖတ်ပြီး စိတ်ကူးနဲ့ လည်လိုက်တယ်။ :D

နှင်းပွင့်ဖြူ said...

ပျော်စရာကြီးနော်..
လိုက်လည်ချင်လိုက်တာ
စိတ်ကူးနဲ့လည်လိုက်တယ် နှံသွားတာပဲ..း)
ညောင်းကိုက်သွားတာပဲ ဟီး............

Anonymous said...

Penguin တွေနဲ့ ဓါတ်ပုံရိုက်ချင်တယ်..။ ကြည့်လည်းကြည့်ချင်တယ်..။ ဟီး....ဟင့်..ဟင့်...။