November 8, 2009

Flower Arrangement - June 16


ပန်းအလှပြင်တဲ့ ပို့စ်တွေတောင် Blog မှာ မတင်ဖြစ်တာ ကြာပါပြီ။ စာမရေးဖြစ်တဲ့ အချိန်အတွင်း ရုံးမှာ ပန်းအလှပြင်တာ ၂ ကြိမ် လုပ်ဖြစ်ခဲ့တယ်။ ဇွန် လ မှာ တစ်ခါနဲ့ စက်တင်ဘာလမှာ တစ်ခါပါ။ အခုမှ ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်ပြီး Blog မှာတင်ဖို့ သတိရမိတယ်။ ဒါကြောင့် ဇွန်လ ၁၆ ရက်တုန်းက လုပ်ခဲ့တဲ့ ပန်းအလှပြင်ထားတာ ကို အရင် တင်ပေးလိုက်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာ လုပ်တဲ့ ပန်းအလှပြင်ပွဲက ရုံးအနေနဲ့တော့ အကြိမ် ၃၀ မြောက်ဖြစ်ပြီး ကျမအတွက်တော့ ၈ ကြိမ်မြောက်ပါဝင်ခဲ့တာပါ။ ဒီတစ်ခါ ပန်းအလှပြင်တာ က Summer Floral Arrangement (春のアレンジ) အနေနဲ့ ဆေးစိမ်ထားတဲ့ပန်းတွေ (Preserved Flowers) နဲ့ ပြင်ခဲ့ကြတာ။ ပါဝင်တဲ့ ပန်းတွေက ပုံမှာ ပြထားသလိုပါပဲ။ နှင်းဆီပန်း၊ သစ်ခွပန်း၊ Ajisai (Hydrangea) ပန်းခြောက် ၁ ခက်၊ သစ်ရွက်ခြောက် ၁ ခက်၊ ဖော့တုံး (Oasis Foam) ၁ တုံး၊ ဖန်ပန်းအိုး နဲ့ ပန်းအိုးဘေးမှာ အလှထည့်ဖို့ ကျောက်စရစ်သေးသေးလေး (Color Sand) တွေ ပါ။

ပုံ(၁) ပန်းပြင်ဖို့ ပါဝင်တဲ့ ပစ္စည်းတွေပါ။

စစချင်း ဖော့တုံးကို စက္ကူနဲ့ ပတ်ပြီး ဖန်ပန်းအိုးထဲ ထည့်ပါတယ်။ ပြီးရင် ပန်းအိုးနဲ့ ဖော့တုံးရဲ့ လွတ်နေတဲ့ ဘေးပတ်လည် နေရာတွေမှာ Color Sand ကိုအစိမ်းတစ်ရစ်၊ အဖြူတစ်ရစ်ဖြစ်အောင် စိတ်ရှည်ရှည် နဲ့ ထည့်ယူရပါတယ်။ ပန်းပြင်တာ မကြာပေမယ့် Color Sand ကို ပန်းအိုးထဲ ဖြည့်တာ အချိန်အရမ်းကြာပါတယ်။ Color Sand ကို စက္ကူကန်တော့ထဲ အရင် ထည့်ပြီးမှ ပန်းအိုး ဘေးပတ်လည် နည်းနည်းချင်းစီ လိုက်ညှိပြီး ပြင်ရတာရော၊ ကျောက်တုံး သေးသေးလေးတွေ ဘေးကို လျှံထွက်ကုန်မှာ စိုးရိမ်တာရောနဲ့ အချိန်တော်တော်ပေးလိုက်ရတယ်။

ပုံ(၂) ပန်းအိုးနဲ့ ဖော့တုံး ဘေးပတ်လည်ကို color sand ဖြည့်ထားပြီးသား ပန်းအိုးပါ။

ဒီတစ်ခါက ပန်းအခြောက်တွေနဲ့ ပြင်တာဆိုတော့ ပန်းတွေကို လိုသလို ဖြတ်၊ ဖော့တုံးမှာ စိုက်လို့ရအောင် နန်းကြိုးနဲ့ ပြန်တွယ်ရပါတယ်။ ပြီးမှ နန်းကြိုးမပေါ်အောင် နောက်ဆုံးမှာ စက္ကူတိပ်နဲ့ လိုက်ပတ်ရတယ်။ ပန်းအခြောက်တွေနဲ့ လုပ်တိုင်းမှာ အဲဒီအဆင့်က အမြဲတမ်းပါပါတယ်။ ဒါကြောင့် စစချင်း Ajisai ပန်းခြောက်တွေကို လိုသလောက် ဖြတ်ယူပြီးတော့ နန်းကြိုးမျှင်နဲ့ တွယ်၊ ပြီးတော့မှ အပေါ်က စက္ကူတိပ်နဲ့ ကပ်ပါတယ်။ နှင်းဆီပန်းကတော့ အရိုးတံမာလို့ နန်းကြိုးနဲ့ တွယ်စရာ မလိုပေမယ့် သစ်ခွပန်းရဲ့ အရိုးတံက ပျော့တော့ နန်းကြိုးနဲ့ တွယ်ရပါတယ်။ အားလုံး လုပ်ပြီးသွားတော့ အခုလို ပုံလေး ရလာတာပါပဲ။
ပုံ(၃) Ajisai ပန်းနဲ့ သစ်ခွပန်းကို နန်းကြိုးနဲ့ တွယ်ပြီး စက္ကူကပ်ထားတာပါ။

ပန်းတွေအားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ ပန်းအိုးထဲမှာ နေရာချပြီး ထိုးစိုက်လိုက်တာပါ။ နှင်းဆီပန်း အစိမ်းရောင် အပွင့်ကြီး ၃ ပွင့်ကို အဓိက ထားပြီး ဘေးက အရောင်ဖျော့ဖျော့ နှင်းဆီနဲ့ သစ်ခွပန်းကို သင့်တော်သလို လိုက်ဖြည့်ထိုးလိုက်တာ။ နောက်ဆုံးမှ သစ်ရွက်အစိမ်းလေးတွေကို လိုသလို ညှပ်ယူပြီး ဘေးကနေ ရံထားလိုက်တာပါ။

ပုံ(၄) နှင်းဆီပန်းနဲ့ သစ်ခွပန်းတွေကို သင့်တော်သလို နေရာချပြီး ပန်းအိုးထဲ ထိုးစိုက်ပါတယ်။

ပုံ(၅) နောက်ဆုံးမှာ သစ်ရွက်ခြောက်အခက်တွေကို လိုသလို ဖြတ်ယူပြီး ဘေးက ရံထား လိုက်တာပါ။

ပန်းတွေကို ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပြင်ယူကြတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်း မတူဘူးပေါ့။ ဒီအောက်က ပန်းအိုးက ကျမ ပြင်ယူထားတာပါ။ သူများတွေ ပြင်ထားတဲ့ ပန်းအိုးတွေကိုလည်း နမူနာ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ပုံ(၆) ဒီပုံက ကျမ ပြင်ထားတဲ့ ပန်းအိုးပါ။

ပုံ(၇-၁)

ပုံ(၇-၂)

ပုံ(၇-၃)

ပုံ(၇-၄) အပေါ်က ပန်းပုံတွေက ရုံးက သူငယ်ချင်းတွေ ပြင်ထားတဲ့ ပန်းအိုးပုံတွေပါ။ ပန်းပြင်ထားတဲ့ ပုံစံတွေ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ပန်းပွင့်တွေကို သင့်တော်သလို ပြင်ဆင်ပြီး ပန်းအိုးမှာ ထိုးစိုက်တာက အရင် အခေါက်တွေတုန်းကလိုပါပဲ။ ထူးထူးခြားခြား မရှိလှဘူးလို့ ထင်မိတယ်။ ဒါပေမယ့် အခုလို ပန်းတွေကို သင့်သလို အရောင်ရွေးတာ၊ ပန်းအိုးပေါ်မူတည်ပြီး ပန်းရွေးတာ၊ ပန်းအိုးပြင်မယ့် ဒီဇိုင်းက အစ ဆရာမပဲ စီစဉ်ပေးတာမို့ ကျမတို့က ပန်းထိုးစိုက်ဖို့ နေရာချတဲ့ idea လေးပဲ စဉ်းစားလိုက်ရတာ။ ကိုယ့်ဘာသာ ပန်းအိုး နဲ့ ပန်းဝယ်ပြီး ထိုးရမယ်ဆိုရင် ပန်းအိုးရွေးဖို့တို့၊ သင့်တော်မယ့် ပန်းအရောင်ရွေးဖို့က သိပ်မလွယ်ဘူးလို့ အောက်မေ့မိပါတော့တယ်။

နိုဝင်ဘာ ၈၊ ၂၀၀၉။

November 1, 2009

၂၀၁၀ ခုနှစ် + ၂၀

မမတန်ခူး က “နောင်လာမယ့် အနှစ်နှစ်ဆယ်” ဆိုပြီး ရေးခိုင်းထားတာ ကြာလှနေပါပြီ။ အကြောင်းကြောင်းတွေကြောင့် စာမရေးဖြစ်တာရော၊ ဘာအကြောင်းရေးရမှန်း မသိဖြစ်နေတာနဲ့ ချက်ချင်း မရေးဖြစ်ခဲ့ဘူး။ အခုတော့ အားလုံးအတွက် သတင်းကောင်းလည်း ပါးရင်း၊ နောင်အနှစ် ၂၀ မှာ တကယ်ဖြစ်ချင်တဲ့ ဆန္ဒုလည်း ရှိလို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက တင်နေတဲ့အကြွေးလည်း ဆပ်ပြီးသားဖြစ်သွားတာပေါ့နော် မမတန်ခူးရေ.. :)

*****

ငယ်ငယ်တုန်းကတည်းက ရည်မှန်းချက် ကြီးကြီးမထားတတ်တဲ့အကြောင်းကို ဒီပို့စ်လေး မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီလို ရည်မှန်းချက် ကြီးကြီးမထားတတ်တာကြောင့် ၅ နှစ်ကြာရင် ဘာဖြစ်ရမယ်၊ နောက် ၁၀ နှစ်ကြာရင် မိသားစု ဘ၀က ဘယ်လိုရှိနေရမယ် အစရှိသဖြင့် ကိုယ့်ဘ၀ကို နှစ်အလိုက် plan လုပ်တတ်တဲ့အကျင့်မျိုးလည်း ကျမမှာ ရှိမနေခဲ့ဘူး။ အရာအားလုံးဟာ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန် ပျက် လို့ သဘောထားပြီး ဖြစ်လာရင်လည်း အကောင်းဆုံးဖြစ်အောင်၊ ပျက်သွားရင်လည်း စိတ်ထားတတ်အောင်ဆိုပြီး အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုပဲ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် မဖြစ်လာသေးတဲ့ အနှစ်နှစ်ဆယ်အကြောင်းရေးဖို့ဆိုတာ ကျမအတွက်တော့ အင်မတန် ခက်ခဲခဲ့တယ်။ ဘဲဥ အစရှာမရသလို ဘယ်က စရေးရမှန်းကို မသိတော့ဘူး။ ရေးဖို့အကြောင်းအရာ ရှာမရလို့ အမျိုးသားကို မေးကြည့်တော့လည်း သူဖြေတာ အားရှိစရာပါ။ “နောင် အနှစ် နှစ်ဆယ်ဆို တို့တွေအသက် ၅၀ ကျော်ပေါ့၊ ၅၀ ကျော်ဆိုတော့ သေချာတာက မသေသေးရင် အလုပ် ဆက်လုပ်ပြီး ပိုက်ဆံရှာနေရဦးမှာပဲ၊ မြန်မာပြည်ပြန်ပြီး အေးအေးဆေးဆေး နားဖို့မဖြစ်နိုင်သေးဘူးတဲ့” လေ။ သူပြောတာလည်း မှန်ပါတယ်။ နောင် အနှစ် နှစ်ဆယ်မှာ ကျမတို့ ၂ ယောက်စလုံး မသေသေးရင်တော့ ဂျပန်မှာ မဟုတ်တောင် တခြားနေရာတခုခုမှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အလုပ်လုပ်နေရဦးမှာပဲလို့ တွေးထားမိခဲ့တယ်။

*****

တလက်စတည်း ဒီပို့စ်ကနေ သူငယ်ချင်းတွေကိုလည်း သတင်းကောင်းတစ်ခု ပြောစရာရှိပါတယ်။ Osaka ကနေ ရန်ကုန်ကို ပြန်တုန်းက ကျမတို့ ၂ ယောက်ထဲပါ။ ဒါပေမယ့် Osaka ကို ပြန်လာတော့ ကျုမတို့ရဲ့ ရင်သွေးလေးနဲ့အတူ မိသားစု ၃ ယောက်ပြန်လာခဲ့ကြတယ်။ ဒီပြန်ရောက်ပြီး သိပ်မကြာခင် ဆေးရုံပြဖို့ စုံစမ်း၊ အင်္ဂလိပ်စကားပြောတတ်မယ့် ဆရာဝန်ရှာနေတာနဲ့ တကယ်တမ်း ဆရာဝန်နဲ့ ပြချိန်မှာ ကိုယ်ဝန် ၂ လလောက်ရှိနေပါပြီ။ အဲဒီအချိန်မှာ ကိုယ်ဝန် လနုသေးတာကြောင့် အသွားအလာ အနေအထိုင် ဂရုစိုက်ခဲ့ရတယ်။ နောက်ပြီး ကျမရဲ့ အသက်က ဂျပန်အမျိုးသမီးကိုယ်ဝန်ဆောင်တွေနဲ့ ယှဉ်လိုက်ရင် ငယ်ပေမယ့် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ဆို နောက်ကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကလေးတခုခုဖြစ်မှာ အရမ်းစိုးရိမ်ခဲ့ရတယ်။ မှတ်မှတ်ရရပဲ အဲဒီတုန်းကလည်း မမခင်ဦးမေရဲ့ Yangon 20 ပို့စ်ကို ဖတ်ပြီး မမအတွက် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အဲဒီလို စိုးရိမ်စိတ်တွေနဲ့ အလုပ်ဖွင့်ရက်ဆို အလုပ်သွားလိုက်၊ ပိတ်ရက်မှာ ကောင်းကောင်း အနားယူလိုက်လုပ်ရင်းက အခုဆို ကလေးက ၇ လကျော်လို့ ၈ လ ထဲရောက်နေပါပြီ။

ကလေးရှိလာပြီဆိုတော့ ကျမတို့ ၂ ယောက်စလုံးအတွက် စိတ်ကူးအိပ်မက်သစ်တွေ ပြောင်းလဲ လာခဲ့ရတယ်။ ဆေးခန်းပြရတဲ့ ရက်တိုင်း တဖြည်းဖြည်း ကြီးထွားပြီး လူလုံးပီပြင် လာတဲ့ ကလေးပုံလေးကို ultra sound screen ကနေ ကြည့်ရင်း နှစ်ယောက်သား ကြည်နူးရတယ်။ ဆေးခန်း သွားတိုင်းလည်း ဆရာဝန်က ကလေးရဲ့ ဖွံ့ဖြိုးလာတဲ့ ကိုယ်ခန္ဓာအလေးချိန်နဲ့ ultra sound ဓာတ်ပုံလေးတွေကို သူလည်း သိမ်းထားပြီး ကျမတို့ကိုလည်း တစ်ပုံ အမြဲပေးပါတယ်။ ဓာတ်ပုံကြည့်ပြီး ဒါလေးက လက်၊ ဒါလေးက ဦးခေါင်း၊ ဒီနေရာက နှလုံး အစရှိသဖြင့် ရှင်းပြပေးရင် အဖေရော အမေရော စာရွက်ကို ပြူးပြဲပြီး လိုက်ကြည့်ရတာ အမောပါပဲ။ အားလုံးစစ်ဆေးပြီးလို့ ဆရာဝန်က “ကလေးရော အမေရော အားလုံးအခြေအနေကောင်းတယ်၊ စိုးရိမ်စရာမရှိဘူး” ပြောတော့မှ ကျမတို့မှာ စိတ်အေးရတယ်။

၅ လကျော်လာတဲ့အချိန်မှာ ဆရာဝန်ကို “ယောင်္ကျားလေး ၊မိန်းကလေး သိရပြီလား” လို့ မေးတော့ ဆရာဝန်က “မသိရသေးဘူး၊ မသေချာသေးဘူး” လို့ပဲ ဖြေတယ်။ ယောင်္ကျားလေး မိန်းကလေး မသိရသေးပေမယ့် “ယောင်္ကျားလေးဆို အဖေနဲ့ game ကစားဖို့ အဖော်ရတာပေါ့” လို့ ကျမက အမျိုးသားကို ပြောလိုက်၊ “မိန်းကလေးဆို အမေနဲ့ တိုးတိုးဖော်ရတာပေါ့”ဆိုပြီး အမျိုးသားကလည်း ကျမကို ပြောလိုက်နဲ့ နောက်ဆုံး ၆ လကျော်လာတဲ့ အချိန်မှ “မိန်းကလေး” ဆိုပြီး ဆရာဝန်က ပြောပါတယ်။

*****

ကိုယ်တိုင် မိဘနေရာရောက်လာမှ မိဘတွေရဲ့ခံစားချက်ကို သဘောပေါက်လာခဲ့ရတယ်။ ကိုယ့်သားသမီး အတွက် အစစ အရာရာ ကောင်းမွန် ပြည်စုံ စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ အခုလည်း ကျမတို့ ၂ ယောက်မှာ မကြာခင် လူ့လောကထဲ ရောက်လာတော့မယ့် သမီးလေးအတွက် အားလုံး ကို အကောင်းဆုံးဖြစ်စေချင်တယ်။ ကလေး ကိုယ်လက်အင်္ဂါပြည့်စုံအောင်၊ စိတ်ကျန်းမာ ကိုယ်ကျန်းမာတဲ့ ကလေးဖြစ်အောင်၊ ဘုရားရှိခိုးတိုင်း ဆုတောင်းရတယ်။ ကလေး ငြိမ်နေရင် စိတ်ပူရသလို အရမ်းလှုပ်ပြန်တော့လည်း စိတ်ပူရတာပါပဲ။ ဗိုက်ထဲမှာ ကလေးအနေအထားမှ မှန်ရဲ့လား၊ ကိုယ်စားသမျှကရော ကလေးလိုအပ်တဲ့ အာဟာရမျိုး ဖြစ်ပါ့မလား၊ စားချင်လို့ အပူအစပ်နည်းနည်းစားမိရင်ကိုပဲ ကလေးများ ပူနေမလား အစရှိသဖြင့် ကိုယ်လုပ်သမျှ ကိစ္စတိုင်း ကလေးအတွက်ပဲ အရင်ဆုံး စဉ်းစားရတာနဲ့..စုံနေတာပါပဲ။

သမီးလေးကို နောက်နှစ် ဇန်န၀ါရီမှာ မွေးမယ်လို့ ဆရာဝန်က ရက်ချိန်းပေးထားပါတယ်။ နောက် အနှစ် နှစ်ဆယ် ၂၀၃၀ခုနှစ် ဆို သမီးလေးက အသက် ၂၀ ပေါ့။ အဲဒီ အနှစ် ၂၀ အတွင်းမှာ သူ့အတွက် လိုအပ်တာတွေဖြည့်ဆည်းပေးရင်း လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ချင်ပါတယ်။ အသိဥာဏ် အလိမ္မာရှိပြီး သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်တဲ့ သမီးလေးအဖြစ် အတတ်နိုင်ဆုံး ထိန်းကြောင်းပြုပြင်ပေးချင်ပါတယ်။ နောက်ဆုံး အသက် ၂၀ မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အောင်မြင်မှုတွေနဲ့ပြည့်နေတဲ့ သမီးလေးကိုလည်း မြင်ချင်ပါသေးတယ်။ ဒါကြောင့် သမီးလေး အသက် ၂၀ ရောက်တဲ့အချိန်အထိ ကျမတို့ ၂ ယောက်စလုံး လူ့လောကထဲမှာ သက်ရှိထင်ရှား ကျန်းကျန်းမာမာ ရှိနေချင်တယ်။ ဒါဟာ နောင် နှစ်ပေါင်း ၂၀ အတွက် ကျမတို့ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေပါပဲ။


နိုဝင်ဘာ ၂၊ ၂၀၀၉။

October 25, 2009

Chinese Buffet

မနှစ်က အောက်တိုဘာလ မှာ ပြင်သစ်က ကောင်မလေး တစ်ယောက် ကျမတို့ ရုံးကို Training အနေနဲ့ ရောက်လာခဲ့တယ်။ ပြင်သစ်က လာတယ်ဆိုပေမယ့် သူ့မိဘတွေက ကမ္ဘောဒီးယား နိုင်ငံသားတွေပါ။ သူ့ကိုတော့ ကျမတို့က “စိုးစိုး” လို့ခေါ်တယ်။ စိုးစိုး ဒီကို ရောက်လာပြီး သိပ်မကြာဘူး ၊ နိုဝင်ဘာလောက်ကျတော့ သူ့ကောင်လေးလည်း Osaka ကို ရောက်လာခဲ့တယ်။ သူ့ကောင်လေးက Holiday Working Visa နဲ့ ရောက်လာတာမို့ တစ်နှစ်ပဲ နေခွင့်ရှိတယ်လို့ ပြောပါတယ်။ စိုးစိုးနဲ့ ပတ်သက်ပြီး ကျမတို့လည်း သူ့ကောင်လေးနဲ့ပါ သူငယ်ချင်းဖြစ်သွားကြတာပေါ့။


ဒီနှစ် နိုဝင်ဘာလဆိုရင် သူ့ကောင်လေး Osaka မှာနေတာ တစ်နှစ်ပြည့်တော့မှာမို့ နောက်တပတ်ဆိုရင် ပြင်သစ်ကို ပြန်တော့မှာပါ။ ဒါကြောင့် သူ့အတွက် Farewell party လေးတစ်ခုကို Chinese Buffet ဆိုင်မှာ လုပ်ပေးဖြစ်ခဲ့တယ်။ ကျမတို့ မြန်မာလေးယောက်ရယ်၊ စိုးစိုးနဲ့ သူ့ကောင်လေးရယ် အားလုံး ၆ ယောက်ပဲ သွားကြတာ။


*****


ဘူဖေးဆိုင်က ရုံးဖွင့်ရက်ဆို လူမများပေမယ့် ပိတ်ရက်ဆို တန်းစီရတာ အကြာကြီးပဲ။ တစ်ယောက်ကို ၂၀၉၇ ယန်း ပေးရပြီး ၂ နာရီအချိန်ပေးပါတယ်။ မနေ့ (စနေနေ့) က ပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေက ၇ နာရီခွဲလောက်ကတည်းက သွားတန်းစီထားကြတယ်။ အမျိုးသားနဲ့ ကျမက ၈ နာရီ ထိုးခါနီးလောက်မှ အဲဒီဆိုင်ရောက်သွားကြတာ။ တကယ်တမ်း စားရတော့ ၈ နာရီခွဲခါနီးနေပါပြီ။


ဗိုက်လည်း ဆာနေပြီမို့ ကျမတို့ အုပ်စုလည်း ဆိုင်ထဲရောက်တာနဲ့ ခေါင်းမဖော်တမ်း စားပစ်လိုက်တာ မိနစ် ၃၀ အတွင်း ဗိုက်တော်တော် တင်းသွားကြတယ်။ ၁၀ နာရီ ခွဲခါနီးတော့မှ ဆိုင်က ထွက်လာကြတာ လူတွေက အိပဲ့ အိပဲ့နဲ့ ဗိုက်တင်းပြီး လမ်းတောင် သိပ်မလျှောက်နိုင်ဘူး။ ဆိုင်က ချပေးတဲ့ ဟင်းပွဲတွေက တစ်ပွဲကုန်ရင် နောက်တစ်မျိုး အသစ်ပြောင်းပြီး အလှည့်ကျ ချပေးတာမျိုးဆိုတော့ ဟင်းအမည် အားလုံးလည်း မမှတ်မိတော့ပါဘူး။ dim sum လိုမျိုးတွေလည်း ပါတယ်။ ရေနွေးကြမ်း အပါအ၀င် အအေးလည်း ၄ မျိုးလောက်လည်း ပေးထားပြီး အချိုပွဲအတွက် ရေခဲမုန့်၊ ပူတင်းနဲ့ သာဂူလို မုန့်အချိုတွေလည်းပါ ပါတယ်။


အမှန်တော့ အခုလို ဆိုင်မျိုးက ခဏခဏ သွားစားလို့ မကောင်းဘူး။ ဘူဖေးဆိုတော့ သိပ်မစားနိုင်ရင်လည်း မတန်ဘူးလို့ ခံစားရတယ်။ ကိုယ့်ဘာသာကိုယ် ၂ ယောက်တည်း အပြင်မှာ သွားစားမယ်ဆိုရင် အဲဒီလို ဆိုင်မျိုးကို မရွေးဖြစ်ဘူး။ သူငယ်ချင်းတွေနဲ့ဆိုတော့ စကားပြောလိုက်၊ နောက်ပြောင်လိုက်၊ ဟင်းအသစ်ရောက်ပြီလား တစ်ယောက်တစ်လှည့် သွားကြည့်ပြီး ယူလာပေးလိုက်နဲ့မို့ ပျော်စရာကောင်းပါတယ်။ ၂ နာရီဆိုတော့လည်း အေးအေးဆေးဆေး အချိန်ယူပြီး အချင်းချင်း စကားပြောရင်း စားလို့ရတာပေါ့။


*****

စားသောက်ပြီး လမ်းခွဲခါနီးတော့ စိုးစိုးနဲ့ သူကောင်လေးကို ကြည့်ပြီး စိတ်မကောင်းဘူး။ ကိုယ်တွေကလည်း သူ့ကောင်လေးနဲ့ပါ ခင်နေတာဆိုတော့ သိပ်မကြာခင် Osaka ကို ပြန်လာနိုင်ပါစေ လို့ ဆုတောင်းပေးယုံက လွဲပြီး ဘာမှ လုပ်မပေးတတ်ပါဘူး။ သူကောင်လေး Osaka ကို နောက်တစ်ခေါက် ပြန်လာဖြစ်မယ် ဆိုရင်တော့ ပြန်ဆုံနိုင်ကြဦးမယ် လို့ မျှော်လင့်ရတာပါပဲ။



ဒီပုံမှာ ပြထားသလို အားလုံးစုံအောင် မစားဖြစ်ပါဘူး။

ဖန်ခွက်ထဲက ၀ါဝါအရည်တွေကတော့ ၀ယ်သောက်ရတာ ဘူဖေးထဲမှာ မပါဘူး။




ည ၁၀ နာရီခွဲလောက်ရှိပြီဆိုတော့ ဆိုင်ထဲမှာလည်း လူတော်တော်ရှင်းနေပါပြီ..

အောက်တိုဘာ ၂၅၊ ၂၀၀၉။

October 18, 2009

ကြေးအိုး

ကျမအကြိုက်ဆုံး အစားအစာတွေထဲမှာ ကြေးအိုးက ထိပ်ဆုံးကပါ။ ကြေးအိုးများ စားရမယ်ဆို ဘယ်အချိန်ပဲ စားရ စားရ ဘယ်တော့မှ မမုန်းဘူး။ နေထိုင်မကောင်းဖြစ်လို့ ခံတွင်းပျက်နေရင်လည်း ကြေးအိုးဝယ်စားလိုက်တာပဲ။ သူငယ်ချင်းတွေ စုပြီး တခုခုစားမယ်ဆိုလည်း ကြေးအိုးဆိုင်ပဲ သွားဖြစ်တာ များတယ်။ ကျမက ကြေးအိုးကို အရည်နဲ့စားရတာ ပို ကြိုက်ပြီး အမျိုးသားကတော့ ကြေးအိုးဆီချက်ပဲ စားပါတယ်။

*****


ကြေးအိုး စ ပြီး စားတတ်တာ တက္ကသိုလ် ရောက်မှပါ။ အဲဒီမတိုင်ခင်ကတော့ စားရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ပါပါးနဲ့ မြို့ထဲ လိုက်သွားရင် ဆီချက်ခေါက်ဆွဲပဲ စားဖြစ်တာဆိုတော့ ဆီချက်ခေါက်ဆွဲလောက်ပဲ စားရကောင်းမှန်းသိခဲ့တယ်။ လှိုင်ကောလိပ်ရောက်တော့ ကျောင်းထဲမှာ ဖွင့်ထားတဲ့ ဟာမိုနီ စားသောက်ဆိုင်မှာ စ ပြီး စားဖြစ်ခဲ့တာ။ အဲဒီဆိုင်မှာ ရောင်းတဲ့ ကြေးအိုးက အရမ်းစားကောင်းလှတဲ့အထဲမှာ မပါပါဘူး။ ဒါပေမယ့် ကျမက အရည်ရယ် ကြာဇံရယ် အသားရယ် ရောပြုတ်ထားတာကို ငရုတ်ဆီနဲ့ တွဲပြီး စားရတာ သဘောကျတာမို့ ကြေးအိုးက ကျမ အကြိုက်ဆုံးအစားအစာ ဖြစ်လာခဲ့တာပါ။ အင်းစိန်မှာဆိုရင်တော့ လမ်းသစ်လမ်းမှာ ဖွင့်ထားတဲ့ ဟန်နီဆိုင်မှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မောင်နှမတွေ စုပြီးပဲဖြစ်ဖြစ် သွားစားဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက အင်းစိန်မှာ ကြေးအိုးဆိုင် ကောင်းကောင်းဆိုလို့ ဟန်နီပဲရှိလိမ့်မယ်ထင်တယ်။ နောက်ပိုင်းမှ ကြို့ကုန်းမှာ ရွှေယုန်လေး ဆိုင်ဖွင့်လာတာ။ ရွှေယုန်လေးမှာတော့ ၂ ခါ ၃ ခါလောက်ပဲ စားဖူးပါတယ်။ အဲဒီတုန်းက ကြေးအိုး တစ်ပွဲ ဘယ်လောက်မှန်း အခု ပြန်စဉ်းစားတာ မမှတ်မိတော့ဘူး။ နောက်ပိုင်း ဟန်နီဆိုင်က မင်းကြီးလမ်းဘက် ပြောင်းသွားတယ်။ အခုတော့ ဟန်နီရော ရွှေယုန်လေးဆိုင်ရော ရှိမှ ရှိသေးရဲ့လားတောင် မသိတော့ဘူး။


ကျောင်းပြီးလို့ အလုပ်ထဲ ရောက်တော့ ရုံးက သူငယ်ချင်းတွေစုပြီး မကြာခဏ ဆိုသလို မြို့ထဲမှာ ကြေးအိုး သွားစားဖြစ်ခဲ့တယ်။ အောင်မြင့်မိုရ် ၊ ရွှေတောင်တန်းကြေးအိုး၊ ၃၆ လမ်းက ကြေးအိုးဘုရင်၊ Eugenia၊ Million Coins ဆိုင်တွေမှာပါ။ Million Coins က Yangon International Hotel ၀န်းထဲမှာ ဖွင့်တာ။ Summit Park View နဲ့ ကပ်လျက် ၀န်းတခုထဲလားတောင် မသိဘူး။ ရုံးက လခထုတ်ပြီဆို အုပ်စုလိုက် နေ့လည် ထမင်းစားချိန် သွားစားခဲ့တာတွေ သတိရမိသေးတယ်။ တခါတော့ Million Coins က ကြေးအိုးကို တော်တော် စိတ်ပျက် သွားခဲ့ဖူးတယ်။ ရုံးက သူငယ်ချင်းတစ်ယောက်ရဲ့ Farewell ကို Million Coins မှာ လုပ်တုန်းကပေါ့။ ကျမတို့ သွားတဲ့ လူအုပ်ကလည်း များတော့ ဆိုင်က လူမနိုင်တော့လို့ပဲလား မသိဘူး ကြာဇံဖတ်တွေက ပြတ်ထွက်ပြီး ကြေးအိုးက လုံးဝ စားမကောင်းဘူး။ ဒီကြားထဲ ကောင်လေး တစ်ယောက်ရဲ့ ပန်းကန်ထဲဆို ခရုခွံလိုမျိုးပါလာလို့ မန်နေဂျာကို ခေါ်ပြီးပြောရတဲ့ အထိပါပဲ။ သူတို့ကတော့ တောင်းပန်တာပေါ့။ အဲဒီနောက်ပိုင်း Million Coins ကို မရောက်ဖြစ်တာ အခုထိပဲ။


စံပြမှာ ဖွင့်ထားတဲ့ YKKO ကြေးအိုးကတော့ ၀ါးတန်းလမ်းမှာ ကျူရှင်သွားတက်ရင်း စားဖြစ်သွားတာ။ နောက်ပိုင်း သူငယ်ချင်းတွေနဲ့ပဲဖြစ်ြဖစ်၊ အမျိုးသားနဲ့ပဲဖြစ်ဖြစ် စံပြမှတ်တိုင် ဆိုတော့ ဘတ်စ်နဲ့ သွား လာရတာ လွယ်လို့ ဆိုပြီး အဲဒီဆိုင်ပဲ အသွားများခဲ့တယ်။ အားပေးလွန်းလို့ ဆိုင်က ကောင်လေးတွေက member card လုပ်ထားပါလား လို့တောင် ပြောယူရတဲ့အထိပါပဲ။


*****

ရန်ကုန်ပြန်ရောက်တဲ့ ညနေမှာ သွား စားဖြစ်ခဲ့တဲ့ ဆိုင်က ကျောက်မြောင်းက “ရွှေတောင်တန်း” ကြေးအိုးဆိုင်ခွဲ မှာပါ။ ကျားကွက်သစ်လမ်းပေါ်မှာ ဆိုတော့ ဆိုင်က ခုံတွေပေါ်မှာ ဖုန်တွေချည်းပဲ။ စားပွဲထိုးကို ခေါ်ပြီး ဖုန်သုတ်ပေးဖို့ပြောတော့ “အင်း” လို့ တချက်ပြောပြီး ပြန်မလာတော့ဘူး။ ဒါနဲ့ အရှက်ပြေ ကိုယ့်ဘာသာပဲ ထိုင်ခုံရယ် စားပွဲခုံရယ်ကို တစ်ရှုးနဲ့ သုတ်ပစ်လိုက်ပါတယ်။ သူ့စိတ်ထဲ ကြီးကျယ်တယ်လို့တောင် ထင်မလား မသိဘူးရယ်။ မှာထားတာတွေ ရောက်လာတော့ ယောင်းမက ငရုတ်ဆီတွေ ထည့်မစားနဲ့ ဆိုးဆေးတွေပါတယ်လို့ ပြောပြီး မစားဖို့ တားပါတယ်။ ကျမကလည်း ကြေးအိုးစားရင် ငရုတ်ဆီ ထည့်စားရမှ ကျေနပ်တာမို့ သူလည်း စိတ်ကျေနပ်အောင် ကိုယ်လည်း အာသာပြေအောင် နည်းနည်းတော့ ထည့်စားဖြစ်ပါတယ်။ မစားရတာကြာပြီမို့ အရမ်းစားကောင်းတာပဲ။


နောက်ပြီး စံပြမှာရှိတဲ့ YKKO မှာ စားချင်လို့ အင်းစိန်ကနေ စံပြအထိ တကူးတက Taxi ငှားစီးသွားလိုက်သေးတယ်။ ဟိုရောက်တော့ ကြေးအိုးဆိုင် ပျောက်နေလို့ လမ်းများမှားသလား၊ မျက်စေ့များ မှားသလားဆိုပြီး အဲဒီနားမှာ ၂ ယောက်သား ၂ ခေါက် ၃ ခေါက် လမ်းလျှောက်ရင်း ဆိုင်လိုက်ရှာရတာပေါ့။ ဘယ်ဟုတ်မလဲ YKKO ဆိုင်နေရာမှာ သတို့သား သတို့သမီးတွေ အတွက် ၀တ်စုံငှားတဲ့ဆိုင်ဖြစ်သွားလို့ ကြေးအိုးဆိုင် မတွေ့တော့တာကိုး။ ကိုယ်စားနေကျ ကြေးအိုးဆိုင်နေရာမှာ Wedding ၀တ်စုံဌားတဲ့ဆိုင်ကြီးဖြစ်နေတာ ကြည့်ပြီး စိတ်ထဲ ၀မ်းနည်းသလိုလို ဘာလိုလိုနဲ့။ Taxi ခ ၃၅၀၀ ကျပ်ပေးလိုက်ရတာပဲ အဖတ်တင်တယ်။ အမျိုးသားက ကြေးအိုးမဟုတ်လည်း တခြား စားစရာ တခုခု စားပါလားလို့ ပြောပေမယ့် ဒီကလည်း မရဘူး စိတ်ကြီးတယ် ကြေးအိုးပဲ စားကို စားရမှဆိုတာမျိုး ဇွတ် နောက်တော့ ရွှေတောင်တန်းလမ်းအထိ ဆိုက်ကားနဲ့သွားပြီး ရွှေတောင်တန်း ကြေးအိုးပဲ သွားစားလိုက်တော့တယ်။ အခုတော့ YKKO ဆိုင်ခွဲက လှည်းတန်းက ရန်ကုန် အင်းစိန်လမ်းမကြီးပေါ်မှာ ဖွင့်ထားတယ်။ ကိုယ့်လို အဖြစ်မျိုးနဲ့ ကြုံနေမှာစိုးလို့ YKKO ဆိုင်ပြောင်းသွားကြောင်း သတင်းပေးတာပါ


ပြန်တဲ့ ၃ ပတ်အတွင်း ကြေးအိုး ၅ ခါလောက် စားပစ်လိုက်တယ်။ YKKO, Eugenia နဲ့ ရွှေတောင်တန်း ကြေးအိုး ဆိုင်တွေမှာပါ။ YKKO ကြေးအိုးကိုတော့ ဆရာစံလမ်းမှာ သွားစားခဲ့ရတယ်။ အင်းစိန်က ဟန်နီနဲ့ ရွှေယုန်လေးမှာ သွားမစားဖြစ်ခဲ့တာ တွေးပြီး စိတ်မကောင်းဘူး။ ဒီမှာတော့ စားချင်ရင် Blog တွေ Forum တွေက ကြေးအိုးချက်နည်းတွေ ကြည့်ပြီး ချက်စားနေရတာပဲ။ ၀ယ်လို့ရတဲ့ ပစ္စည်းတွေနဲ့ပဲ ချက်ရတာဆိုတော့ ဆိုင်မှာ စားရတာလောက် စားမကောင်းဘူး။ လုံးလုံးမစားရတာထက် စာရင်တော့ အာသာပြေပါတယ်။



ရန်ကုန် ပြန်တုန်းက စားခဲ့ရတဲ့ Eugenia က ကြေးအိုးလေးကို အမှတ်တရ ဖြစ်အောင် Blog ပေါ်တင်ထားလိုက်ပါတယ်။


ဒါကတော့ ကျမလက်ရာပေါ့..

အောက်တိုဘာ ၁၈၊ ၂၀၀၉။

September 30, 2009

မြန်မာ ပိုက်ဆံ

ဂျပန်မှာ ငွေစက္ကူ အနေနဲ့ဆိုရင် ၁၀၀၀ တန်၊ ၂၀၀၀ တန်၊ ၅၀၀၀ တန် နဲ့ ၁ သောင်းတန်တွေ သုံးပါတယ်။ ၂၀၀၀ တန်ကတော့ အရမ်းရှားတယ်။ ဈေးဆိုင်တွေက ပြန်အမ်းတာပဲဖြစ်ဖြစ်၊ စက်တွေက ပြန်အမ်းရင်ပဲဖြစ်ဖြစ် အသစ်ချပ်ချွတ်မဟုတ်တောင် ခပ်လတ်လတ်တွေချည်းပါပဲ။ ဂျပန်လူမျိုးတွေကတော့ မင်္ဂလာဆောင် လက်ဖွဲ့ပေးတာတို့၊ မွေးနေ့လက်ဆောင်ပေးတာ စတဲ့ မင်္ဂလာရှိတဲ့ ကိစ္စတွေအတွက် သုံးမယ့် ပိုက်ဆံကိုတော့ အသစ်ချပ်ချွတ်ပဲသုံးလေ့ရှိကြတယ်။ အဲဒီပိုက်ဆံအသစ်ကို ဘဏ်မှာဖြစ်ဖြစ်၊ စာတိုက်မှာဖြစ်ဖြစ် တမင်ကို သွားလဲယူပြီးမှ လက်ဆောင်ပေးမယ့် စာအိတ်ထဲ ထည့်ပြီး ပေးတတ်ပါတယ်။


*****


ကျမမှာ ငယ်ငယ်ကတည်းက ပိုက်ဆံအသစ်လေးတွေဆိုရင် နှမျောလို့ မသုံးရက်ပဲ သိမ်းထားတတ်တဲ့ အကျင့်ရှိတယ်။ ချက်ချင်းမသုံးဖြစ်ပဲ သိမ်းထားတတ်တာ။ မသုံးတာလည်း မဟုတ်ဘူး။ အဟောင်းတွေ အရင်ဆုံး သုံးလို့ ကုန်မှ ပိုက်ဆံအသစ် ထုတ်သုံးတာ။ အဲဒီအကျင့်က ကျောင်းပြီးလို့ အလုပ် လုပ်တဲ့ အချိန်ထိပဲ ဆိုပါတော့။


မူလတန်းတုန်းကဆို မုန့်ဖိုးက ငါးမူး ၊ ၁ ကျပ်တန် ရတဲ့ အချိန်ကိုး။ တရုတ်နှစ်သစ်ကူးမှ အန်ပေါင်းအနေနဲ့ ၁၀၊ ၁၂ ကျပ် ရတတ်တာ။ နှစ်ကူးအတွက် အန်ပေါင်းရပြီဆိုရင်တော့ ၁၀ တန် အသစ်လေးတွေ ၅ ကျပ်တန်အသစ်လေးတွေ ရလေ့ရှိပါတယ်။ အဲဒီတုန်းက ဇီးထုပ် ၁ ထုပ်မှ ၁၀ ပြား တမတ်ခေတ်ဆိုတော့ ၅ ကျပ်တန်လောက် လက်ထဲရှိရင်ကိုပဲ သုံးမကုန်တော့ဘူးလို့ ထင်နေခဲ့ဖူးတာပေါ့။ တခါတလေ အမေက သူလိုချင်တာလေးတွေ အိမ်နားက ဈေးဆိုင်မှာ သွားဝယ်ခိုင်းလို့ ဆိုင်က ပြန်အမ်းတဲ့ ကျပ်တန်က စုတ်နေတာကို ယူခဲ့ရင် အဆူခံရတတ်သေးတယ်။ “ကိုယ်ပြန်ပေးတဲ့အခါ ဘယ်သူမှ ယူမှာမဟုတ်ဘူး၊ ပိုက်ဆံကို စစ်ပြီး မယူရကောင်းလား” ဆိုပြီး ဆူတာ။ ကိုယ်တွေကလည်း ငယ်တော့ နားမလည်ဘူးလေ။ ဆိုင်က ပေးရင် ပေးတဲ့အတိုင်းပဲ ယူခဲ့လိုက်တာပဲ။ အမေ ဆူတော့မှ “ပိုက်ဆံစုတ်ပြဲနေရင် မယူရဘူး၊ ဆိုင်ရှင်ကို ပြန်လဲခိုင်းရတယ်၊ သူများဆီက ပိုက်ဆံကို စစ်ပြီး ယူရတယ်” ဆိုတာ နားလည်လာခဲ့တယ်။


*****


ကျမတို့ ရန်ကုန် ပြန်ရောက်တဲ့ ညနေမှာ အိမ်နားက ကြေးအိုးဆိုင် မှာ ကြေးအိုး သွားစားဖြစ်ခဲ့တယ်။ ကျမက ကြေးအိုး အရည်နဲ့ အမျိုးသားက ကြေးအိုးဆီချက် ကို ၀က်သားနဲ့ မှာစားခဲ့တာပါ။ တပွဲကို ၂၃၀၀ ကျပ် ပေးခဲ့ရပါတယ် (ဧပြီလတုန်းက ဈေးနှုန်းပါ)။ ပိုက်ဆံရှင်းတော့ အမျိုးသားက သူသိမ်းထားတဲ့ ထောင်တန် အသစ်လေးတွေ ပေးလိုက်ပါတယ်။ ဆိုင်က အမျိုးသမီးက ၂၀၀ တန်နဲ့ ၁၀၀ တန်တွေ ပြန်အမ်းပါတယ်။ ပိုက်ဆံတွေက အရမ်းစုတ်နေလို့ အမျိုးသားက ပြန်လဲပေးဖို့ ပြောတော့ သူတို့က လှောင်သလိုလိုနဲ့ ရီကြတယ်။ ကျမတို့လည်း အူကြောင်ကြောင်တော့ ဖြစ်သွားတာပေါ့။ ပြီးတော့ ဆိုင်ရှင် အမျိုးသမီးက ပြောလိုက်သေးတယ် “ပိုက်ဆံအားလုံးက ဒီအတိုင်းချည်းပဲ။ လဲခိုင်းလည်း အသစ်ရမှာ မဟုတ်ဘူး” လို့ပြောပါတယ်။ အဲဒီနောက်ပိုင်း ဈေးသည်တွေ ကားသမားတွေဆီက ပြန်အမ်းတဲ့ ပိုက်ဆံကို သတိထားကြည့်မိတယ်။ ဟုတ်ပါတယ် ၊ တော်တော်များများ ပိုက်ဆံတွေက ဟောင်းနွမ်း စုတ်ပြဲနေပြီး တချို့ဆို ပြဲနေတာကို tape တွေနဲ့ ကပ်ပြီး ပြန်သုံးနေကြတယ်။ ၅၀ တန်၊ ၂၀ တန်၊ ၁၀ တန်၊ ၅ ကျပ်တန်တွေဆို မတွေ့မိသလောက်ပဲ။ အစုတ်ပေးရင် အရင်လို ဘာမှ ပြန်မပြောတော့ပဲ ဒီအတိုင်းပဲ ယူလိုက်ကြတယ်။ ပိုက်ဆံကြီး စုတ်နေတယ် ပြန်လဲပေးပါ ဘာညာဆိုပြီး ပြောသံဆိုသံ မကြားရတော့ဘူး။ ကားသမားတစ်ယောက်ကတော့ “အစုတ်ပေးတာ မထူးဆန်းတော့ဘူး၊ အသစ်ပေးရင်တောင် အတုလားဆိုပြီး သံသယ ၀င်နေဦးမယ်” ဆိုပြီး ပြောလို့ ရီရသေးတယ်။ ရန်ကုန်မပြန်ဖြစ်တဲ့ ၂ နှစ်ကျော် ၃ နှစ်အတွင်း ပိုက်ဆံတွေ ဒီလိုဖြစ်သွားတာကို အံ့သြမိတယ်။


*****


ရန်ကုန်က ပြန်လာခါနီးတော့ ပိုက်ဆံ အစုတ်အပြဲ၊ ဖာထေး၊ ဖြတ်ဆက် ၊ အဟောင်းနွမ်းလေးတွေကို အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ ကျမလည်း အင်တာနက်မှာ ပိုက်ဆံပုံတွေ တွေ့ရင် စုထားဦးမယ်။ နောက်မျိုးဆက်သစ်တွေကို ပြလို့ရအောင်လို့ပါ။ အဲဒီအချိန်လောက်ဆိုရင်လည်း မြန်မာပြည်မှာ ဂျပန်နဲ့ အပြိုင် ၁ သောင်းတန် တွေ ၂ သောင်းတန်တွေများ ကိုင်နေကြဦးမလားပဲ၊ မကြာခင် ၅၀၀၀ တန်တောင် ထွက်လာဦးမှာဆိုတော့လေ။







အောက်တိုဘာ ၁၊ ၂၀၀၉