June 29, 2008

Bonus vs. Big Sales

ဂျပန်ရုံးတွေရဲ့ ထုံးစံအရ တစ်နှစ်ကို ၂ ခါ Bonus (အပိုဆုကြေး) ပေးပါတယ်။ အရင်မြန်မာပြည်မှာအလုပ်လုပ်တုန်းက Bonus တစ်ခါမှ မရခဲ့ဖူးဘူး။ Bonus ဆိုတဲ့ အဓိပ္ပာယ်ကို ကျမ နားလည်ထားတာက Company တစ်ခု၊ ရုံးတစ်ခုမှာ အလုပ်လုပ်တယ်ဆိုရင် အလုပ်ရှင်က အလုပ်သမားတွေကို လခအပြင် ဆုကြေးပေးတာမျိုး မဟုတ်လား။ စေတနာရှိသလောက် ပေးတာဆိုတော့ အနည်းအများတော့ ကွာမှာပေါ့။ ကိုယ့်လခအပြင် အပိုငွေ အဖြစ်ရတဲ့ ပိုက်ဆံကို မလိုချင်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဂျပန်ရဲ့ Bonus ကတော့ အပေါ်မှာကျမပြောတဲ့ အပိုဆုကြေးနဲ့ လုံးလုံး မတူပါဘူး။

*****


အခုလ ၁၂ ရက်နေ့မှာ ကျမတို့ရုံးက Bonus ပေးပါတယ်။ တခြားရုံးတွေလည်း ဒီလထဲမှာ Bonus ပေးကြမယ်ထင်ပါတယ်။ ပေးတဲ့ရက်ချင်းသာ မတူတာပဲ ရှိလိမ့်မယ်။ ဂျပန်က ရုံးအလုပ်လုပ်တဲ့သူတွေအားလုံး တစ်နှစ်မှာ Bonus
၂ ခါ ရကြတယ်။ ဇွန် နဲ့ ဒီဇင်ဘာမှာပေါ့။ ကိုယ်လည်း အစကတော့ “ဟာ .. Bonus ရတယ်ဆိုရင် ပွတာပဲ” ဆိုပြီး တွေးထားခဲ့မိတယ်။ တကယ်တမ်းတော့ ဒီက ပေးတဲ့ Bonus ဆိုတာ ကိုယ့်လခကို ကိုယ့်ကို ပြန်ပေးတာမျိုးပါပဲ။ မျက်စိလည်သွားမှာပဲနော်။ Bonus လည်းပြောသေးတယ် ကိုယ့်လခ ကိုယ်ပြန်ရတယ်ဆိုတာ မကြားဖူးဘူးလို့ ထင်ကြမှာပဲ။


ဂျပန်မှာ ရုံးဝန်ထမ်းတွေရဲ့ လုပ်အားခကို တစ်လချင်းစီနဲ့ ပြောလေ့မရှိကြဘူး။ ရာထူးအလိုက် အလုပ်အပေါ်မူတည်ပြီး တစ်နှစ်စာပြောလေ့ရှိကြတယ်။ အင်တာနက်က အလုပ်ရှာတဲ့ website တွေမှာဆိုရင်လည်း အလုပ်ရှင်က ပေးမယ့် လခကို တစ်နှစ်စာ ယန်း ၁ သန်း ၂ သန်း အစရှိသဖြင့် ပြောပြီး အလုပ်ခေါ်ကြတယ်။ အလုပ်ဝင်လို့ လခရပြီဆိုရင်လည်း တစ်နှစ်စာပြောထားတဲ့ လစာကို ၁၂ နဲ့ မစားပဲ ၁၆ နဲ့ စားပြီးမှ ပေးတယ်။ အဲဒါကြောင့် ပိုတဲ့ ၄ လစာ ပိုက်ဆံတွေကို Bonus အနေနဲ့ တစ်နှစ်မှာ ၂ ကြိမ်ပြန်ခွဲပေးတာမို့ အဲဒီပိုက်ဆံဟာ ကိုယ်ရမယ့် လခပါပဲ။ ဘာလို့ အဲဒီလို လုပ်ရတာလည်းလို့ မေးစရာ ရှိလာတာပေါ့။


အရင်တုန်းက Bonus ဆိုတာ ကိုယ့်ရဲ့ လုပ်အားခ မဟုတ်ပဲ အပိုဆုကြေးဖြစ်လို့ အဲဒီငွေပေါ်မှာ အခွန်ဆောင်စရာ မလိုပါဘူး။ အဲဒါဆိုတော့ နောက်ပိုင်း ရုံးတော်တော်များများက Bonus ပေးတဲ့နည်းကို ကျင့်သုံးပြီး အခွန်ရှောင်လာကြတယ်။ အဲဒီလို လုပ်လာတာတွေ များလာတော့ ဂျပန်အစိုးရကလည်း သူတို့ ပြဌာန်းထားတဲ့ ဥပဒေကို ပြင်လိုက်ပြီး Bonus ဆိုတာလည်းလခပဲဖြစ်လို့ အခွန်ဆောင်ရမယ်ဆိုပြီး သတ်မှတ်လိုက်တာလို့ ပြောသံကြားဖူးပါတယ်။ ဒါကြောင့် Bonus ရလည်း ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ ဂျပန်မှာ အလုပ်အပြောင်းအရွှေ့ အများဆုံးအချိန်ဟာ Bonus ရပြီးချိန်ဖြစ်တဲ့ ဇူလိုင်လ နဲ့ ဇန်န၀ါရီ လတွေမှာပါ။ လက်ရှိအလုပ်ကနေ နားတာပဲဖြစ်ဖြစ် နောက်အလုပ်တစ်ခုကို ပြောင်းတာပဲ ဖြစ်ဖြစ် Bonus ငွေ ရပြီးမှ ပြောင်းကြ ရွှေ့ကြပါတယ်။


ကျမတို့ရုံးမှာကတော့ Special Bonus ဆိုပြီး နောက်တစ်မျိုးရှိပါသေးတယ်။ အဲဒီ Bonus ကတော့ နှစ်ကုန်မှာပေးလေ့ရှိပါတယ်။ နှစ်ကုန်ရင် ကိုယ့် မန်နေဂျာရဲ့ ထောက်ခံပေးမှုကြောင့် ပုံမှန် Bonus အပြင် Special Bonus ရတတ်ပါတယ်။ အဲဒီပိုက်ဆံကတော့ သူတို့စေတနာရှိသလောက်ပေးတာမို့ ကိုယ်တွေက နည်းတယ်များတယ် မပြောလိုပါဘူး။ ဒါပေမယ့် အဲဒီ ပိုက်ဆံအပေါ်မှာလည်း အခွန်ဆောင်ပေးရပါသေးတယ်။ ကိုယ့်လက်ထဲကို Company Director ဆီက Bonus ပေးတယ်ဆိုတဲ့စာလေးရလာပြီး ဘဏ်ထဲကို ပိုက်ဆံလွှဲလိုက်ပြီဆိုတာနဲ့ အခွန်ပိုက်ဆံက ဖြတ်ပြီးသား။ အမှန်တော့ အဲဒီ ငွေကို မြန်မာပြည်မှာလိုမျိုး Account Department ကပဲဖြစ်ဖြစ် HR ကနေပဲဖြစ်ဖြစ် ငွေသားကို စာအိတ်ထဲထည့်ပေးရင် ပြီးရော။ အခွန်ဆောင်စရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့်လည်း သူတို့ရဲ့ ဥပဒေက Bonus အပေါ်မှာလည်း အခွန် ပေးရမယ် ဆိုတော့လည်း ပေးလိုက်တာပေါ့။ ကျမရတာလို့ ထင်နေပြီမဟုတ်လား။ အထင်ကြီးတာ မစောပါနဲ့ဦး။ အဲဒီ Special Bonus ဆိုတာကလည်း ကျမရတာမဟုတ်။ အမျိုးသားရတာ။ အို.. နောက်ဆုံးတော့လည်း သူ့ပိုက်ဆံလည်း ကိုယ့်ပိုက်ဆံပဲ၊ ကိုယ့်ပိုက်ဆံလည်း ကိုယ့်ပိုက်ဆံပဲ မဟုတ်လား... :D


*****


မြန်မာပြည်မှာလည်း လက်ထဲ ငွေရွှင်ချိန် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ စပါးပေါ်ချိန်တွေဆိုရင် ဈေးဆိုင်တွေမှာ ဈေးရောင်းကောင်းသလိုပဲပေါ့။ ဂျပန်မှာလည်း Bonus ရချိန်မှာ Special Sales ၊ Big Sales ၊ Big Bargain၊ Clearance Sales ဆိုပြီး ပစ္စည်းတော်တော်များများကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး Sales ချလေ့ရှိတယ်။ ဟိုတရက် ဂျာနယ်တစ်ဆောင်မှာ ဖတ်လိုက်ရတာက ဒီပိတ်ရက်ကစပြီး နောက်လဆန်းလောက်အထိက Fashion ၊ အ၀တ်အထည်ဆိုင်တွေက ဈေးချမယ်လို့ ဆိုပါတယ်။ ပစ္စည်းတွေ ရှင်းချင်တာပဲဖြစ်ဖြစ် နောက်ပစ္စည်းအသစ်တွေပေါ်လာလို့ပဲဖြစ်ဖြစ် ဈေးချရင် Bonus ပေးချိန် ဈေးချတော့တာပဲ။ ဂျပန်မလေးတွေလည်း ဒီအချိန်ပဲ စောင့်ပြီး ဈေးဝယ်တတ်တာမို့ ကိုယ်တွေ ရောက်သွားပြီဆိုရင် သူများရွေးကျ ကျန်သလိုဖြစ်သွားတာနဲ့ သူတို့လို မ၀တ်တတ်တာနဲ့ဆိုတော့ အ၀တ်အစားလည်း သိပ်မ၀ယ်ဖြစ်ဘူး။ တချို့အ၀တ်အထည်တွေဆိုရင် Discount 70 % တဲ့။ ဈေးလျော့ပြီးသားတောင် သောင်းနားဝန်းကျင်မှာဆိုတော့ ကိုင်တောင် မကြည့်တော့ဘူး။


Electronic ပစ္စည်းတွေ ဈေးချတာမျိုးဆိုရင်လည်း model out လို့ မဟုတ်ပဲ သတ်မှတ်ထားတဲ့ အလုံးအရေအတွက်ပဲ လျော့ဈေးနဲ့ ရောင်းမယ်ဆိုတာမျိုးတွေရှိတယ်။ မနှစ်က ဒီလိုအချိန် အသိ ဂျပန်မလေးက သူ့အိမ်အတွက် TV ၀ယ်လာတယ်။ လက်ရှိ သတ်မှတ်ထားတဲ့ ပေါက်ဈေးထက်ကို အတော်လေး သက်သာလို့ ဘယ်လိုဝယ်ခဲ့တာလည်းဆိုပြီး စပ်စုကြည့်မိပါတယ်။ သူပြောပြတာက အဲဒီနေ့မှာ Electronic ကုန်တိုက်ကို TV သွားကြည့်ရုံ သက်သက်ပဲ သွားခဲ့တာပါ။ ဟိုရောက်တော့ သူကြိုက်တဲ့ TV အောက်မှာ “စိတ်ဝင်စားရင် ဈေးမေးပါ” လို့ ရေးထားတာတွေ့တယ်တဲ့။ အဲဒါနဲ့ အရောင်းစာရေးကို ဈေးမေးကြည့်လိုက်တော့ ဈေးသက်သာတာနဲ့ တစ်ခါတည်း ၀ယ်လာခဲ့တာလို့ ဆိုပါတယ်။ ကျမတို့လို ဂျပန်စာမဖတ်တတ်ရင် ဘာပစ္စည်းမှ ဈေးသက်သက်သာသာနဲ့ ရဖို့ လမ်းမမြင်လို့ တလက်စတည်း တွေးလိုက်မိတယ်။ ကဲ.. အခုလည်း ဒီတပတ် BIG SALES ဆိုတာနဲ့ မိန်းကလေးဗီဇ ၀ါသနာအရ Window Shopping လေးတော့ လျှောက်ကြည့်လိုက်ဦးမှပဲတွေးလိုက်ပြန်တော့ အပြင်မှာ မိုးရွာနေတာနဲ့ နောက်တစ်ပတ်မှပဲ သွားပါတော့မယ်လေ။


ဇွန် ၂၉၊၂၀၀၈။

June 26, 2008

သရဖူမဂ္ဂဇင်း website

မမေရဲ့ Blog အသစ်ကို သွားလည်ရင်း သရဖူမဂ္ဂဇင်း website ကို တွေ့ထားတာ ကြာပါပြီ။ မကြာခဏဆိုသလိုလည်း မမေရဲ့ Blog ဆီကို သွားလည်ဖြစ်ပါတယ်။ ဂျူးစာအုပ် တွေရယ် ကိုယ်ကြိုက်တဲ့ သီချင်းတွေကို မမေဆီက ရတတ်တာလည်း ပါတယ်။ အခုမဂ္ဂဇင်းလင့်ကိုလည်း မမေဆီမှာ ခွင့်တောင်းပြီး ကိုယ့် Blog ပေါ်မှာ တင်မယ်လို့ စိတ်ကူးထားခဲ့တာ ကြာပြီ။ အခုမှပဲ တင်ဖြစ်တော့တယ်။ သရဖူ မဂ္ဂဇင်း website တွေ့လိုက်ရတော့ ပျော်သွားပြီး တခြားသူတွေကိုလည်း ပြန်ဝေမျှပေးချင်တာကြောင့် website လမ်းညွှန်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။


မြန်မာပြည်မှာတုန်းက သရဖူမဂ္ဂဇင်းကို ဈေးကြီးလို့ ၀ယ်မဖတ်နိုင်ပါဘူး။ ငှားဖတ်မယ်ဆိုရင်လည်း တော်တော်နဲ့ ကိုယ့်လက်ထဲ မရောက်နိုင်တော့ဘူး။ စာအုပ်ဆိုင်မှာ ကိုယ့်ထက် ၀ီရိယကောင်းတဲ့သူတွေက ဘယ်အချိန်ကတည်းကများ တန်းစီထားသလဲတော့ မသိဘူး။ နောက်ဆုံး လက်ထဲရောက်လာရင် စာရွက်တွေကို ဖြဲထားကြပါပြီ။ အထဲက ကြော်ငြာဓာတ်ပုံနဲ့ သုံးထားတဲ့ စာရွက်တွေက ကောင်းတော့လည်း လိုချင်စရာပဲပေါ့။ နောက်ပိုင်း စာသားပါတဲ့ စာရွက်တွေပါ ဖြဲယူလာကြတော့ ဖတ်နေရင်း ဒေါသထွက်ရတာနဲ့ ငှားမဖတ်ဖြစ်တော့ဘူး။ နောက်တော့ forever space က စာအုပ်အဟောင်းတွေကို free ပေးလို့ download လုပ်ပြီး ဖတ်ဖူးတယ်။ သရဖူ မဂ္ဂဇင်းလိုပဲ အမျိုးသမီးတွေအတွက် Fashion Image မဂ္ဂဇင်းလည်း အရင်တုန်းကဆို တစ်အုပ်လုံးစာ PDF file နဲ့ download ပေးလုပ်သလို website လည်းရှိတယ်။ အခုတော့ PDF File လည်း မပေးတော့ဘူး။ သူ့ website လည်း update မလုပ်နိုင်တော့ အသစ်မဖတ်ရတော့ဘူး။


ပြီးခဲ့တဲ့ ၃လလောက်ကတော့ ရွှေအမြုတေ မဂ္ဂဇင်း ကို website လမ်းညွှန်ရေးပြီးပြီ။ အခုဟာကတော့ သရဖူ မဂ္ဂဇင်းပေါ့။ အဲဒီလို online မဂ္ဂဇင်းတွေ များများပေါ်လာပါစေလို့ ဆုတောင်းရမလိုပါပဲ.. သူငယ်ချင်းတို့လည်း သွားလည်ကြည့်နော်.. အမျိုးသမီးရေးရာ၊ ၀တ္ထုတို ၊ ကျန်းမာရေး အလှအပ အမေးအဖြေ၊ ပြီးတော့ အနုပညာရှင်တို့ရဲ့ အင်တာဗျူးတွေအစုံအလင်ပါတာမို့ စိတ်ဝင်စားမှာ သေချာတယ်။ သရဖူမဂ္ဂဇင်း Website အဖွဲ့သားများ နဲ့အတူ Emotional Corner @ LanOLay ကိုကျေးဇူးတင်တယ်လို့ ပြောပါရစေ။


(** မဂ္ဂဇင်း website တွင် မြန်မာစာလုံးပေါ်ရန်အတွက် MyMyanmar Unicode Font ကို install လုပ်ရန် လိုပါသည်။ Font install လုပ်ပြီးသွားသော အခါ လက်ရှိ window ၏ default system font ကိုပါ MyMyanmar Font အဖြစ် ပြောင်းသွားပါမည်။)

ဇွန် ၂၇၊ ၂၀၀၈။

June 23, 2008

Flowers in Japan

ကျမ ရဲ့ Blog မှာ အမြဲတမ်းမဟုတ်တောင် Banner လေးတွေ ပြောင်းနေတာ သတိထားမိမှာပါ။ အခုနောက်ပိုင်း Banner ကို ဂျပန်က ပန်းပွင့်ချိန်အလိုက် update လုပ်လေ့ရှိပါတယ်။ ဧပြီမှာ ချယ်ရီတွေ ပွင့်တော့ ချယ်ရီပန်း Banner ပေါ့။ နောက်တော့ စဆုကိ (さつき) လို့ခေါ်တဲ့ ပန်းပုံပါ။ အပင်နဲ့ အရွက်က မြန်မာပြည်က ပုဏ္ဏရိတ်ပင်နဲ့ အတော်လေး တူပါတယ်။ စဆုကိ နဲ့ အပွင့်ဆင်တူပြီး တချိန်တည်း ပွင့်တဲ့ပန်းက ဆုဇုဂျိ (つづじ) ပန်းပါ။ ဆုဇုဂျိ ပန်းကတော့ အပွင့်နည်းနည်းကြီးပြီး အရွက်လည်း ပိုကြီးပါတယ်။ များသောအားဖြင့် ပန်းရောင် အနု၊အရင့် နဲ့ အဖြူရောင်တွေ ပွင့်လေ့ရှိပါတယ်။ ဓာတ်ပုံတွေ ထဲမှာတော့ အနီရောင်အပြင် တခြားအရောင်တွေလည်း မြင်ဖူးတယ်။ အဲဒီ ပန်း နှစ်မျိုးစလုံးက နွေဦးပေါက်ချိန် မေလလောက်ဆိုရင် ပွင့်လေ့ရှိပြီး ပန်းတွေ တချိန်တည်း ပွင့်ရင် အရွက်တောင်မမြင်ရပါဘူး။ ကျမတို့ ရုံးရှေ့မှာလည်း စဆုကိ (さつき) ပင်တွေ ကို စနစ်တကျ စိုက်ထားပြီး အဆောက်အဦးစောင့်တဲ့သူတွေက မနက်ဆိုရင် ရေဖြန်းပေးပါတယ်။ ပြီးရင်အရွက်လေးတွေ ညီနေအောင် ပုံဖော်ပေးကြတယ်။ ဒါမှလည်း ပန်းပွင့်ရင် အားလုံး ညီပြီး လှနေအောင်လို့တဲ့။










အပေါ် ၂ ပုံက ရုံးရှေ့မှာ စိုက်ထားတဲ့ satsuki (さつき)


အခုလက်ရှိ Blog Banner မှာ တင်ထားတဲ့ပုံကတော့ Ajisai (
あじさい) သို့မဟုတ် Hydrangea လို့ခေါ်တဲ့ အပင်က ပွင့်တဲ့ ပန်းပါ။ အခုတလော ရုံးသွားတိုင်း လမ်းမှာတွေ့နေရပြီး အပင်ပုပုလေးနဲ့ အဆုပ်လိုက်ပွင့်နေတာ အတော်လေး ကြည့်လို့ကောင်းပါတယ်။ အဲဒီပန်းက ဂျပန်ရဲ့ မိုးရာသီမှာပွင့်လေ့ရှိပြီး အရောင်မျိုးစုံရှိပါတယ်။ အဖြူ၊ အနီ၊ အပြာ၊ ပန်းရောင်၊ ခရမ်းရောင် ရှိပြီး ပန်း ရဲ့ အရောင်က မြေကြီးမှာပါဝင်တဲ့ pH ပေါ်လည်း မူတည်တယ်လို့ wiki မှာ ဖတ်ရပါတယ်။ acidic မြေကြီးမျိုးဆိုရင် အပြာရောင်ပန်း၊ alkaline မြေအမျိုးအစားဆိုရင်တော့ ပန်းရောင်နဲ့ ခရမ်းရောင်ပန်း ပွင့်တတ်ပြီး သာမန်မြေကြီး အမျိုးအစားဆိုရင် cream အရောင်ရှိတဲ့ ပန်းမျိုးပွင့်တယ် လို့ ဆိုထားပါတယ်။ တခြားအရောင်တွေလည်း ရှိပါသေးတယ်။











ပြီးခဲ့တဲ့ ပို့စ်ရဲ့ comment မှာ မတန်ခူးနဲ့ မသက်ဝေ က အခု Banner က ပန်းကို ဘာပန်းလဲလို့မေးထားလို့ ပို့စ်တစ်ခုတင်ပြီး ပြောပြပေးလိုက်ပါတယ်။ Google images မှာ Ajisai ဒါမှမဟုတ် Hydrangea ဆိုပြီး ရှာကြည့်ရင်လည်း ပန်းပုံတွေကို တွေ့ရမှာမို့ ရှာကြည့်ပါနော်။ wiki မှာ ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။ နားလည်သလို ခပ်လွယ်လွယ်ဘာသာပြန်ထားတာ အမှားပါရင် ပြင်ပေးနော်.. :)


(ပန်းပုံများကို အင်တာနက်မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။)


ဇွန် ၂၄၊ ၂၀၀၈။

June 14, 2008

Myanmar Cyclone Fund Collection - 1

မြန်မာပြည်ကို မုန်တိုင်းဝင်ခဲ့တာ အခုဆိုရင် တစ်လကျော်လာပါပြီ။ ဒါပေမယ့် ဂျပန်က အဖွဲ့တွေကတော့ အလှူငွေကို တတ်နိုင်သလောက် လိုက်စုနေကြတုန်းပါပဲ။ ကျမလည်း ကိုယ့်ရုံးက လူတွေ၊ နီးစပ်ရာ သူငယ်ချင်းတွေ၊ ခင်မင်ရာအုပ်စုလေးအတွင်းမှာပဲ အလှူငွေကောက်ခံပေးခဲ့ပါတယ်။ ကိုယ့်နိုင်ငံက လူတွေအတွက် ယန်း ၁၀၀၀ ရလည်း မြန်မာငွေ ၁ သောင်းရတယ်၊ ယန်း ၁ သောင်းရရင် မြန်မာငွေ ၁ သိန်းရတာပဲ။ ရနိုင်သလောက် တတ်နိုင်သလောက် စုမယ်ဆိုတဲ့ စိတ်နဲ့ပဲ ရုံးမှာ အလှူငွေကောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

*****


မြန်မာပြည်ကို မုန်တိုင်းဝင်ပြီး ၁ ရက် ၂ ရက်လောက်အထိ ဂျပန်သတင်းတွေထဲမှာ မတွေ့မိခဲ့ပါဘူး။ အဲဒါကြောင့် ကျမတို့ ရုံးကလူတွေရော၊ ဂျပန်သူငယ်ချင်းတွေရော မြန်မာပြည်သတင်းကို ချက်ချင်း မသိခဲ့ကြဘူး။ ဖြစ်ချင်တော့ အဲဒီရက်ကလည်း ဂျပန်မှာ Golden Week ရုံးပိတ်ရက် ဖြစ်နေတာနဲ့ ရုံးတွေ ပိတ်ထားတဲ့အချိန်ပါ။ ရုံးပြန်တက်တော့မှ သူငယ်ချင်းအချို့က “အလှူငွေ လှူချင်တယ် ဘယ်လိုလုပ်ရမလဲ” ဆိုပြီး ကျမကို လာမေးကြတယ်။ နောက်ပြီး သူတို့ကိုယ်တိုင်က ဒုက္ခသည်တွေဆီကို မြန်မြန်ဆန်ဆန်နဲ့ တိုက်ရိုက်ရောက်မယ့် အဖွဲ့မျိုးကိုပဲ လှူချင်ကြတယ်။ အဲဒီတော့ ရုံးကလူတွေကို အလှူခံဖို့ အတွက် Myanmar Cyclone Victims (Japan)အဖွဲ့ ရဲ့ Poster ကို Print out ထုတ်ပြီး ထမင်းစားခန်းမှာ ကပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ Print out ထုတ်ရင်လည်း အဖြူအမည်းဆို ဓာတ်ပုံတွေ မထင်ရှားမှာစိုးတော့ Color Printer နဲ့ ထုတ်ရင် ကောင်းမယ်လို့ တွေးမိတယ်။ ကျမထင်တာက စာရွက်ကို Print out ထုတ်ပြီး ရုံးက ထမင်းစားခန်းမှာ ကပ်လိုက်ရင် ပြီးပြီထင်နေတာ။ လှူချင်တဲ့သူတွေက ကိုယ့်ကို အလှူငွေလာပေးရင် တဆင့် ငွေပြန်လွှဲပေးလိုက်မယ်လို့ပဲ အလွယ်တွေးထားခဲ့မိတယ်။

တကယ်တမ်းတော့ ထင်သလောက်မလွယ်တာတွေက တွေ့လာတော့တာပါပဲ။ ရုံးက ထမင်းစားခန်းမှာ စာရွက်ကပ်တဲ့အလုပ်က HR နဲ့ ဆိုင်တယ်ဆိုတာ အရင်ကမသိခဲ့ရပါဘူး။ ဒါပေမယ့် Department manager ကို အရင် မေးကြည့်မယ်လို့ စိတ်ကူးထားပါတယ်။ ဖြစ်ချင်တော့ Department manager ကလည်း ခွင့်ယူထားတာနဲ့ ကြုံတယ်။ သူ့ကို မမေးခင် အရင်ဆုံး အလှူခံ Poster စာရွက်ကို Color Printer အရင်ထုတ်ထားမယ်ပေါ့။ Color Printer ထုတ်မယ်ဆိုရင်လည်း လက်မှတ်ထိုးပြီး ထုတ်ရတာမို့ ဘယ်လိုလုပ်ရမလဲဆိုတာ မေးရင်းက HR က အမျိုးသမီးဆီရောက်သွားတော့တာပါပဲ။ HR ကိုရောက်တော့ ကျမက ဒီစာရွက်ကို ထမင်းစားခန်းမှာ ကပ်ချင်လို့ဆိုတာရယ်၊ ရုံးကလူတွေ လှူချင်ရင်လည်း စာရွက်ပေါ်ပါတဲ့ လိပ်စာတွေကို ဆက်သွယ်ပြီး လှူလို့ရပါတယ်လို့ပြောပြပါတယ်။ ဒါပေမယ့် သူ ထင်သွားတာက ရုံးအနေနဲ့ အလှူငွေ ထည့်ခိုင်းတယ်လို့ ထင်သွားပြီး ကျမကို “ကုမ္ပဏီအနေနဲ့ ဘာအလှူငွေမှာ မကောက်ခံပေးပါဘူး” ဆိုပြီး ပြောပါတယ်။ ကျမလည်း “ ရုံးက ၀န်ထမ်းအားလုံးကို အလှူငွေထည့်ပေးဖို့ မတိုက်တွန်းလိုဘူး။ တကယ်လို့ သူတို့စိတ်ဆန္ဒအရ အလှူငွေထည့်ချင်ရင် ဘယ်ကို ဆက်သွယ်ရမှန်းမသိမှာစိုးလို့ ငါ့ဆီကို ဆက်သွယ်နိုင်တယ်ဆိုတဲ့အချက်လေးကိုပဲအားလုံးကို သိစေချင်တာပါ။ ကျန်တာကတော့ ရုံးလုပ်နည်းအတိုင်းပဲပေါ့။ အဲဒီတော့ ထမင်းစားခန်းမှာ ကပ်လို့ရမလား မရဘူးလားပဲ သိချင်ပါတယ်” လို့ပြောတော့မှ Myanmar Cyclone Victims (Japan)အဖွဲ့ ရဲ့ Poster အောက်မှာ မှတ်ချက်လိုမျိုး ထပ်ရေးပြီး အားလုံးကို စီစဉ်ပေးပါ့မယ်လို့ ပြောပါတော့တယ်။


ကျမတို့ ရုံးက Osaka မှာ ၃ ထပ်ရှိပြီး Tokyo မှာလည်း ၃ ထပ်ရှိပါတယ်။ Osaka ကတော့ Head Office ပါ။ HR ရဲ့ ထုံးစံက စာရွက်တခု၊ ကြေငြာတစ်ခု ကပ်မယ်ဆိုရင် ရုံးတံဆိပ်တုံး ထုပြီးမှ တရားဝင်ကပ်လို့ရတယ် ဆိုတာရယ်၊ နောက်ပြီး ထမင်းစားခန်း ၃ ခန်းရှိရင် ၃ ခန်းစလုံးမှာပါ ကပ်ရမှာဖြစ်ပြီး၊ Tokyo ရုံးအတွက်ပါ ၃ ရွက်ပို့ပေးရမယ်လို့ ပြောပါတယ်။ ကျမကတော့ ကပ်ပေးမယ်ဆိုရင် ပြီးပြီမို့ သူ့ဆီကို Poster PDF file ပဲ ပို့ပေးလိုက်ပါတယ်။ ကျန်တဲ့ အောက်မှာ မှတ်ချက်ရေးတာကတော့ သူပဲ ဂျပန်လိုရော၊ အင်္ဂလိပ်လိုပါ ထပ်ဖြည့်ပြီး ရေးပေးပါတယ်။ ပြီးတော့ HR က လူတွေ ကိုယ်တိုင်ပဲ ထမင်းစားခန်းတိုင်းမှာ လိုက်ကပ်ပေးပါတယ်။ အောက်မှာရေးတဲ့ မှတ်ချက်ကတော့ မြန်မာပြည်ကမုန်တိုင်းဒဏ်ခံရသူတွေအတွက် ကုမ္ပဏီအနေနဲ့တော့ အလှူငွေ ကောက်ခံတာ မဟုတ်ဘူးဆိုတဲ့အကြောင်း၊ ဒီအလှူငွေကို ကောက်ခံသူတွေက ဂျပန်မှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေဖြစ်ပြီး အစိုးရနဲ့ ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းမဟုတ်ကြောင်း၊ တကယ်လို့ အလှူငွေပါဝင်ချင်တယ်ဆိုရင် Osaka ရုံးရဲ့ ၈ ထပ်မှာ အလုပ်လုပ်နေတဲ့ ကျမဆီကို မေးလ်ပို့ပြီးဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်ကြောင်း ထပ်ဖြည့်ရေးထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ထမင်းစားခန်းမှာ poster ကပ်ထားခွင့်ရခဲ့ပါတယ်။ အဲဒီအကျိုးကျေးဇူးကြောင့်လည်း ထမင်းစားခန်းမှာ ကျမနဲ့ ကြုံတာနဲ့ အလှူငွေ ထည့်ချင်ပါတယ်ဆိုပြီး ပေးသွားတာမျိုးလည်း ရှိခဲ့ပါတယ်။ တချို့လည်း ၇ ထပ်ကနေ တကူးတက ၈ ထပ်ထိလာပြီး အလှူငွေ လာပေးကြပါတယ်။ အဲဒီလို လာလှူတဲ့အတွက် အလုပ်ထဲက လူတွေကို တကယ် ကျေးဇူးတင်မိပါတယ်။


*****


မြန်မာပြည်က လေဘေးဒုက္ခသည်တွေအတွက် ရုံးကနေ အလှူငွေကောက်ခံပေးနေတာ အခုဆိုရင် တတိယအကြိမ်မြောက် လှူပေးခဲ့ပြီးပါပြီ။ စုစုပေါင်း ယန်း ၁၂ သောင်းဝန်းကျင်လောက် ရခဲ့ပါတယ်။ အခုထက်ထိ ရုံးက ထမင်းစားခန်းထဲမှာ ကြေငြာစာရွက် ကပ်ထားတုန်းပါပဲ။ အလှူငွေကောက်ခံ ရသလောက်ကိုတော့ နီးစပ်ရာ ဒုက္ခသည်တွေဆီကို ထိထိရောက်ရောက် လှူဒါန်းနိုင်ဖို့ကိုပဲ အားလုံးက ရည်ရွယ်ကြပါတယ်။ ဒါကြောင့် Myanmar Cyclone Victims (Japan)အဖွဲ့ အနေနဲ့ ကောက်ခံရရှိတဲ့ အလှူငွေတွေကို ပထမဆုံးအကြိမ်အနေနဲ့ ဦးကျော်သူရဲ့ နာရေးကူညီမှု အသင်းကို သိန်း၂၀ လှူခဲ့ပါတယ်။ ဒုတိယအကြိမ်ကတော့ ၂၅ သိန်း လှူပေးခဲ့ပါတယ်။ ဒုတိယအကြိမ်ကတော့ အဆိုတော် ဦးဇော်ဝင်းထွဋ်တို့ ဦးဆောင်ပြီး ဖျာပုံအပြင် အနီးနားက ရွာတွေကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ဓာတ်ပုံတွေကိုတော့ Myanmar Cyclone Victims (Japan)အဖွဲ့ ရဲ့ website မှာ သွားကြည့်လို့ရပါတယ်။ နောက်တပတ်မှာ Kyoto က ဘုရားကျောင်းမှာ အလှူငွေကောက်ခံခဲ့တဲ့ အဖြစ်အပျက်လေးကို သတ်သက်ထပ်ရေးပါဦးမယ်....




ဇွန် ၁၅၊ ၂၀၀၈။

June 6, 2008

Flower Arrangement - June 5, 2008

အခုဆိုရင် ဂျပန်ရဲ့ ရာသီဥတုက နွေကို တဖြည်းဖြည်းပြောင်းလာပါပြီ။ ဒါပေမယ့်လည်း မိုးရာသီရယ်လို့ သီးသန့်မရှိလေတော့ ဒီလ တစ်လကို မိုးရာသီလို့ အကြမ်းအားဖြင့်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ နောက်လဆိုရင် နွေရာသီ စ တော့မယ်။ ဒီတစ်ခါ ပန်းအလှပြင်တာကတော့ Summer Style ပေါ့။ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကျမသူငယ်ချင်းက “နု-စံ နောက်တစ်ခါ ပန်းအလှပြင်မယ်ဆိုရင် ဘယ်လိုပုံစံ ပြင်ချင်လဲ။ နွေရာသီနဲ့လည်း ကိုက်ညီအောင် ကူပြီး စဉ်းစားပေးပါဦး”ဆိုပြီး လမ်းမှာတွေ့တိုင်း မေးပါတယ်။ ကျမကလည်း “မစဉ်းစားရသေးလို့ နောက်မှပြောမယ်နော်”ဆိုပြီး ရှောင်နေတာ။ နောက်ဆုံး အားနာလာတာနဲ့ “ငါ စဉ်းစားပြီးရင် မေးလ်ပို့လိုက်ပါ့မယ်”လို့ ကတိပေးလိုက်ရတယ်။


ကတိပေးပြီးပြီဆိုတော့ မဖြစ်မနေ စဉ်းစားပေးရတော့မယ်လေ။အရင်ဆုံး ကျမ member မဖြစ်ခင်တုန်းက သူတို့ ဘယ်လို ပန်းပုံစံတွေ လုပ်ထားပြီးပြီလည်းဆိုတာ ရုံးက Intranet မှာ လိုက်ရှာကြည့်ရတယ်။ ပြီးမှ နွေရာသီဆိုတော့ နေကြာပန်းနဲ့ဆို လိုက်ဖက်မှာလို့ တွေးမိတယ်။ ဒါနဲ့ အင်တာနက်ကနေ image ပုံတွေ ရှာကြည့်လိုက်ပြီး စိတ်ကြိုက် ၂ မျိုး ၃ မျိုးကို သူငယ်ချင်းဆီ ပို့ပေးလိုက်ရတယ်။ ပန်းအလှပြင်တာ သင်ပေးမယ့် ဆရာမကလည်း ကျမပို့ပေးတဲ့ ပုံတွေကို သဘောကျတာနဲ့ နောက်ဆုံး Basket Arrangement လို့ခေါ်တဲ့ ခြင်းနဲ့ပန်းအလှပြင်တာကို မနေ့ကပဲ လုပ်ခဲ့ကြတယ်။


ဂျပန်မှာ ပန်းဝယ်မယ်ဆိုရင် အင်မတန် ဈေးကြီးပါတယ်။ ပန်းမှ မဟုတ်ပါဘူး အကုန်ကို ဈေးကြီးတာပါ။ နှင်းဆီပန်း ၁ ပွင့်ကို အနည်းဆုံး ယန်း ၂၀၀၊ ၃၀၀ မပေးပဲ မရပါဘူး။ အဲဒါကြောင့် ကျမကတော့ ပန်းကို ဘုရားပန်းအတွက်ပဲ အဓိက ထားပြီး ၀ယ်လှူပါတယ်။ ကျန်တဲ့အချိန်ဆိုရင် ပန်းမ၀ယ်ဖြစ်ပါဘူး။ အိမ်မှာဆို အလှပန်းအိုးထိုးတာတို့ ဘာတို့လည်း ပန်းဈေးကြီးတာနဲ့ မလုပ်နိုင်ပါဘူး။ အဲဒါဆိုတော့ ရုံးက Flower Arrangement လုပ်ပေးတဲ့အချိန်မှာပဲ ပန်းတွေကို ကိုယ်စိတ်တိုင်းကြ လုပ်ခွင့်ရလို့ ပျော်လည်းပျော်တယ်။ သဘောလည်းကျတယ်။ ဈေးကလည်း လူအများနဲ့ဆိုတော့ တော်တော်သက်သာတယ်။ Company Budget ငွေလည်းပါတာမို့ ကိုယ်က ထပ်ပေးရလည်း နည်းနည်းပါးပါးလောက်ပဲ ပေးရပါတယ်။ တစ်ခါတလေဆို ဘယ်လောက်မှ ပေးစရာမလိုတဲ့အခေါက်တွေလည်း ကြုံခဲ့ရဖူးတယ်။ အခုတစ်ခေါက် ပန်းအလှပြင်တာက ကျမအတွက်တော့ ၄ ကြိမ်မြောက်ပါဝင်ခဲ့တာပေါ့။


*****


ဒီတစ်ခါကတော့ ပန်းအစိုတွေနဲ့ပဲ ပြင်တာပါ။ ပြင်ရမယ့် ပန်းတွေက ဘောလုံးလို ပန်းလုံးလုံးလေးက ၃ ခက်၊ နေကြာပန်း ၃ ပွင့်၊ အနီရောင် အသီးခက်လေး တစ်ခက်၊ သစ်ခွပန်း ၁ ခက်၊ အ၀ါပေါ်မှာ အနီစက်ကြားပါတဲ့ ပန်းက တစ်ခက်၊ ကာနေရှင်း ၃ ခက်နဲ့ နောက်ဆုံးကတော့ menthol နံ့ထွက်တဲ့ အရွက် ၃ ခက် ပါ။ ပြီးတော့ ပန်းထည့်ထိုးဖို့ ခြင်းလေးရယ်၊ ပန်းထိုးစိုက်ဖို့ ဖော့တုံး တစ်ခုစီပေါ့။ အခုပန်းတွေထဲမှာ ကျမ သိတဲ့ပန်းဆိုလို့ နေကြာပန်းရယ်၊ ကာနေရှင်းပန်းရယ်၊ သစ်ခွပန်းရယ်ပဲမြင်ဖူးတယ်။ ကျန်တာတွေကို အခုမှ မြင်ဖူးတာမို့ နာမည်ဘယ်လိုခေါ်လည်းဆိုတာ သေချာ မသိပါဘူး။


အရင်ဆုံး ပန်းထိုးစိုက်ဖို့ ဖော့တုံးလေးကို ရေစွတ်ပြီး ခြင်းထဲကို ထည့်လိုက်ပါတယ်။ ခြင်းထဲမှာ ပလပ်စတစ်ခွက်တစ်ခု ထပ်ခံထားသေးတယ်။ ရေစိမ့်ပြီး မထွက်အောင်နဲ့တူတယ်။ ဆရာမ ရှင်းပြပေးတာကတော့ နေကြာပန်းက အဓိကဖြစ်ပြီး သူနဲ့လိုက်ဖက်အောင် ဘေးမှာ သစ်ခွပန်းအ၀ါရောင်ရယ်၊ ဘောလုံးလို ပန်းလုံးလုံးရယ်၊ ပြီးတော့ အ၀ါရောင်ပေါ်မှာ အနီအစက်တွေပါတဲ့ ပန်းတွေကို ကိုယ့်စိတ်ကူးသင့်သလို နေရာချခိုင်းပါတယ်။ ပန်းထိုးရမယ့် ခြင်းကသေးတော့ ပန်းတွေကို Balance ညီအောင် ခပ်တိုတို ပဲဖြတ်ခိုင်း ပါတယ် စိတ်တိုင်းကျ နေရာချပြီးပြီဆိုမှ ကာနေရှင်းပန်း၊ တခြားအရွက်တွေနဲ့ ပန်းအပိုတွေကို သင့်တော်သလို လွတ်တဲ့နေရာတွေမှာ လိုက်ဖြည့်ထိုးရတာပါ။ ဒီတစ်ခါ ပန်းအလှပြင်တာက ပန်းအစစ်တွေမို့ လွယ်လည်းလွယ်တယ် မြန်လည်းမြန်ပါတယ်။

အားလုံးပြီးတော့ ဒီလိုပုံလေး ရလာတာပါပဲ။ ဓာတ်ပုံထဲက နေကြာပန်းကို ကြည့်ရတာ အရောင်တောက်လို့လားမသိဘူး ပိုပြီး လန်းဆန်းနေသလိုပဲ။


ဒီပုံက အရှေ့ကနေ ရိုက်ထားတဲ့ပုံပါ။



ဒါလေးကတော့ နောက်ဘက်ကနေ ရိုက်ယူထားတာ။ လှတယ်နော်.. :)

ဇွန် ၆၊ ၂၀၀၈။