June 29, 2008

Bonus vs. Big Sales

ဂျပန်ရုံးတွေရဲ့ ထုံးစံအရ တစ်နှစ်ကို ၂ ခါ Bonus (အပိုဆုကြေး) ပေးပါတယ်။ အရင်မြန်မာပြည်မှာအလုပ်လုပ်တုန်းက Bonus တစ်ခါမှ မရခဲ့ဖူးဘူး။ Bonus ဆိုတဲ့ အဓိပ္ပာယ်ကို ကျမ နားလည်ထားတာက Company တစ်ခု၊ ရုံးတစ်ခုမှာ အလုပ်လုပ်တယ်ဆိုရင် အလုပ်ရှင်က အလုပ်သမားတွေကို လခအပြင် ဆုကြေးပေးတာမျိုး မဟုတ်လား။ စေတနာရှိသလောက် ပေးတာဆိုတော့ အနည်းအများတော့ ကွာမှာပေါ့။ ကိုယ့်လခအပြင် အပိုငွေ အဖြစ်ရတဲ့ ပိုက်ဆံကို မလိုချင်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဂျပန်ရဲ့ Bonus ကတော့ အပေါ်မှာကျမပြောတဲ့ အပိုဆုကြေးနဲ့ လုံးလုံး မတူပါဘူး။

*****


အခုလ ၁၂ ရက်နေ့မှာ ကျမတို့ရုံးက Bonus ပေးပါတယ်။ တခြားရုံးတွေလည်း ဒီလထဲမှာ Bonus ပေးကြမယ်ထင်ပါတယ်။ ပေးတဲ့ရက်ချင်းသာ မတူတာပဲ ရှိလိမ့်မယ်။ ဂျပန်က ရုံးအလုပ်လုပ်တဲ့သူတွေအားလုံး တစ်နှစ်မှာ Bonus
၂ ခါ ရကြတယ်။ ဇွန် နဲ့ ဒီဇင်ဘာမှာပေါ့။ ကိုယ်လည်း အစကတော့ “ဟာ .. Bonus ရတယ်ဆိုရင် ပွတာပဲ” ဆိုပြီး တွေးထားခဲ့မိတယ်။ တကယ်တမ်းတော့ ဒီက ပေးတဲ့ Bonus ဆိုတာ ကိုယ့်လခကို ကိုယ့်ကို ပြန်ပေးတာမျိုးပါပဲ။ မျက်စိလည်သွားမှာပဲနော်။ Bonus လည်းပြောသေးတယ် ကိုယ့်လခ ကိုယ်ပြန်ရတယ်ဆိုတာ မကြားဖူးဘူးလို့ ထင်ကြမှာပဲ။


ဂျပန်မှာ ရုံးဝန်ထမ်းတွေရဲ့ လုပ်အားခကို တစ်လချင်းစီနဲ့ ပြောလေ့မရှိကြဘူး။ ရာထူးအလိုက် အလုပ်အပေါ်မူတည်ပြီး တစ်နှစ်စာပြောလေ့ရှိကြတယ်။ အင်တာနက်က အလုပ်ရှာတဲ့ website တွေမှာဆိုရင်လည်း အလုပ်ရှင်က ပေးမယ့် လခကို တစ်နှစ်စာ ယန်း ၁ သန်း ၂ သန်း အစရှိသဖြင့် ပြောပြီး အလုပ်ခေါ်ကြတယ်။ အလုပ်ဝင်လို့ လခရပြီဆိုရင်လည်း တစ်နှစ်စာပြောထားတဲ့ လစာကို ၁၂ နဲ့ မစားပဲ ၁၆ နဲ့ စားပြီးမှ ပေးတယ်။ အဲဒါကြောင့် ပိုတဲ့ ၄ လစာ ပိုက်ဆံတွေကို Bonus အနေနဲ့ တစ်နှစ်မှာ ၂ ကြိမ်ပြန်ခွဲပေးတာမို့ အဲဒီပိုက်ဆံဟာ ကိုယ်ရမယ့် လခပါပဲ။ ဘာလို့ အဲဒီလို လုပ်ရတာလည်းလို့ မေးစရာ ရှိလာတာပေါ့။


အရင်တုန်းက Bonus ဆိုတာ ကိုယ့်ရဲ့ လုပ်အားခ မဟုတ်ပဲ အပိုဆုကြေးဖြစ်လို့ အဲဒီငွေပေါ်မှာ အခွန်ဆောင်စရာ မလိုပါဘူး။ အဲဒါဆိုတော့ နောက်ပိုင်း ရုံးတော်တော်များများက Bonus ပေးတဲ့နည်းကို ကျင့်သုံးပြီး အခွန်ရှောင်လာကြတယ်။ အဲဒီလို လုပ်လာတာတွေ များလာတော့ ဂျပန်အစိုးရကလည်း သူတို့ ပြဌာန်းထားတဲ့ ဥပဒေကို ပြင်လိုက်ပြီး Bonus ဆိုတာလည်းလခပဲဖြစ်လို့ အခွန်ဆောင်ရမယ်ဆိုပြီး သတ်မှတ်လိုက်တာလို့ ပြောသံကြားဖူးပါတယ်။ ဒါကြောင့် Bonus ရလည်း ဘာမှ ထူးထူးခြားခြား မခံစားရပါဘူး။ ဂျပန်မှာ အလုပ်အပြောင်းအရွှေ့ အများဆုံးအချိန်ဟာ Bonus ရပြီးချိန်ဖြစ်တဲ့ ဇူလိုင်လ နဲ့ ဇန်န၀ါရီ လတွေမှာပါ။ လက်ရှိအလုပ်ကနေ နားတာပဲဖြစ်ဖြစ် နောက်အလုပ်တစ်ခုကို ပြောင်းတာပဲ ဖြစ်ဖြစ် Bonus ငွေ ရပြီးမှ ပြောင်းကြ ရွှေ့ကြပါတယ်။


ကျမတို့ရုံးမှာကတော့ Special Bonus ဆိုပြီး နောက်တစ်မျိုးရှိပါသေးတယ်။ အဲဒီ Bonus ကတော့ နှစ်ကုန်မှာပေးလေ့ရှိပါတယ်။ နှစ်ကုန်ရင် ကိုယ့် မန်နေဂျာရဲ့ ထောက်ခံပေးမှုကြောင့် ပုံမှန် Bonus အပြင် Special Bonus ရတတ်ပါတယ်။ အဲဒီပိုက်ဆံကတော့ သူတို့စေတနာရှိသလောက်ပေးတာမို့ ကိုယ်တွေက နည်းတယ်များတယ် မပြောလိုပါဘူး။ ဒါပေမယ့် အဲဒီ ပိုက်ဆံအပေါ်မှာလည်း အခွန်ဆောင်ပေးရပါသေးတယ်။ ကိုယ့်လက်ထဲကို Company Director ဆီက Bonus ပေးတယ်ဆိုတဲ့စာလေးရလာပြီး ဘဏ်ထဲကို ပိုက်ဆံလွှဲလိုက်ပြီဆိုတာနဲ့ အခွန်ပိုက်ဆံက ဖြတ်ပြီးသား။ အမှန်တော့ အဲဒီ ငွေကို မြန်မာပြည်မှာလိုမျိုး Account Department ကပဲဖြစ်ဖြစ် HR ကနေပဲဖြစ်ဖြစ် ငွေသားကို စာအိတ်ထဲထည့်ပေးရင် ပြီးရော။ အခွန်ဆောင်စရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့်လည်း သူတို့ရဲ့ ဥပဒေက Bonus အပေါ်မှာလည်း အခွန် ပေးရမယ် ဆိုတော့လည်း ပေးလိုက်တာပေါ့။ ကျမရတာလို့ ထင်နေပြီမဟုတ်လား။ အထင်ကြီးတာ မစောပါနဲ့ဦး။ အဲဒီ Special Bonus ဆိုတာကလည်း ကျမရတာမဟုတ်။ အမျိုးသားရတာ။ အို.. နောက်ဆုံးတော့လည်း သူ့ပိုက်ဆံလည်း ကိုယ့်ပိုက်ဆံပဲ၊ ကိုယ့်ပိုက်ဆံလည်း ကိုယ့်ပိုက်ဆံပဲ မဟုတ်လား... :D


*****


မြန်မာပြည်မှာလည်း လက်ထဲ ငွေရွှင်ချိန် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ စပါးပေါ်ချိန်တွေဆိုရင် ဈေးဆိုင်တွေမှာ ဈေးရောင်းကောင်းသလိုပဲပေါ့။ ဂျပန်မှာလည်း Bonus ရချိန်မှာ Special Sales ၊ Big Sales ၊ Big Bargain၊ Clearance Sales ဆိုပြီး ပစ္စည်းတော်တော်များများကို ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး Sales ချလေ့ရှိတယ်။ ဟိုတရက် ဂျာနယ်တစ်ဆောင်မှာ ဖတ်လိုက်ရတာက ဒီပိတ်ရက်ကစပြီး နောက်လဆန်းလောက်အထိက Fashion ၊ အ၀တ်အထည်ဆိုင်တွေက ဈေးချမယ်လို့ ဆိုပါတယ်။ ပစ္စည်းတွေ ရှင်းချင်တာပဲဖြစ်ဖြစ် နောက်ပစ္စည်းအသစ်တွေပေါ်လာလို့ပဲဖြစ်ဖြစ် ဈေးချရင် Bonus ပေးချိန် ဈေးချတော့တာပဲ။ ဂျပန်မလေးတွေလည်း ဒီအချိန်ပဲ စောင့်ပြီး ဈေးဝယ်တတ်တာမို့ ကိုယ်တွေ ရောက်သွားပြီဆိုရင် သူများရွေးကျ ကျန်သလိုဖြစ်သွားတာနဲ့ သူတို့လို မ၀တ်တတ်တာနဲ့ဆိုတော့ အ၀တ်အစားလည်း သိပ်မ၀ယ်ဖြစ်ဘူး။ တချို့အ၀တ်အထည်တွေဆိုရင် Discount 70 % တဲ့။ ဈေးလျော့ပြီးသားတောင် သောင်းနားဝန်းကျင်မှာဆိုတော့ ကိုင်တောင် မကြည့်တော့ဘူး။


Electronic ပစ္စည်းတွေ ဈေးချတာမျိုးဆိုရင်လည်း model out လို့ မဟုတ်ပဲ သတ်မှတ်ထားတဲ့ အလုံးအရေအတွက်ပဲ လျော့ဈေးနဲ့ ရောင်းမယ်ဆိုတာမျိုးတွေရှိတယ်။ မနှစ်က ဒီလိုအချိန် အသိ ဂျပန်မလေးက သူ့အိမ်အတွက် TV ၀ယ်လာတယ်။ လက်ရှိ သတ်မှတ်ထားတဲ့ ပေါက်ဈေးထက်ကို အတော်လေး သက်သာလို့ ဘယ်လိုဝယ်ခဲ့တာလည်းဆိုပြီး စပ်စုကြည့်မိပါတယ်။ သူပြောပြတာက အဲဒီနေ့မှာ Electronic ကုန်တိုက်ကို TV သွားကြည့်ရုံ သက်သက်ပဲ သွားခဲ့တာပါ။ ဟိုရောက်တော့ သူကြိုက်တဲ့ TV အောက်မှာ “စိတ်ဝင်စားရင် ဈေးမေးပါ” လို့ ရေးထားတာတွေ့တယ်တဲ့။ အဲဒါနဲ့ အရောင်းစာရေးကို ဈေးမေးကြည့်လိုက်တော့ ဈေးသက်သာတာနဲ့ တစ်ခါတည်း ၀ယ်လာခဲ့တာလို့ ဆိုပါတယ်။ ကျမတို့လို ဂျပန်စာမဖတ်တတ်ရင် ဘာပစ္စည်းမှ ဈေးသက်သက်သာသာနဲ့ ရဖို့ လမ်းမမြင်လို့ တလက်စတည်း တွေးလိုက်မိတယ်။ ကဲ.. အခုလည်း ဒီတပတ် BIG SALES ဆိုတာနဲ့ မိန်းကလေးဗီဇ ၀ါသနာအရ Window Shopping လေးတော့ လျှောက်ကြည့်လိုက်ဦးမှပဲတွေးလိုက်ပြန်တော့ အပြင်မှာ မိုးရွာနေတာနဲ့ နောက်တစ်ပတ်မှပဲ သွားပါတော့မယ်လေ။


ဇွန် ၂၉၊၂၀၀၈။

12 comments:

Anonymous said...

အခွန်တွေ ဘယ်လိုပေးရပေးရ Bonus ဆို လိုချင်တယ်။ သူငယ်ချင်းတယောက်ဆိုလဲ သောင်း ၈၀ ရတယ်တဲ့။ ညီမတော့ ရစရာမရှိတော့ အမဆီပဲ မုန့်လာစားတော့မယ်။

Anonymous said...

Window Shopping လေးပဲ မလုပ်ပါနဲ့ မနုစံရ မောင်တော်ရှာတာ ဘယ်သူ့အတွက်လဲ အားရပါးရ ၀ယ်ပစ်လိုက် :P

Anonymous said...

အပေါ်မှာ လောလော၂ နဲ့ နာမည်မှားသွားတယ် :P

တန်ခူး said...

နုရေ…Bonusအကြောင်းလေးမှတ်သားသွားတယ်…သွားတုန်းကတော့window shoppingပေါ့..ပြန်လာတော့တန်လွန်းလို့ ဆို သယ်မနိုင်ဝယ်တတ်တာလဲ မိန်းခလေးဗီဇပဲနော်…ဟီ..ဟိ…နောက်တပတ်သွားကျရင် တန်ခူးပြောတာ
မှန်လိုက်တာလို့  တယောက်ထဲ ကြိတ်မပြုံးနေနဲ့ ဦး……

သက်ဝေ said...

နုစံရေ...
အဲဒီက Bonus က တစ်မျိုးဘဲနော်..
ဒီမှာတော့ အပြင် ကုမ္ပဏီတွေမှာ December ဆို လခအပြင် Bonus တစ်လစာ ရတတ်တယ်။
13 Month လို့ ခေါ်ကြတာပေါ့။ အဲဒါ ပုံမှန်ပါဘဲ။
သက်ဝေတို့ ရုံးကတော့ Chinese New Year မှာ
လတစ်ဝက်စာ ထပ်ရတတ်သေးတယ်။
ဘာဘဲဖြစ်ဖြစ် အပိုရတော့လဲ ပျော်တာပေါ့နော်...။
နောက်တစ်ပါတ်ကျရင်.. နုစံ နဲ့  Shopping လိုက်ချင်လိုက်တာ...။ ခေါ်မလား ဟင်...

Anonymous said...

အမ်....အစ်မ Bonus ရတယ်ဆိုလို့  မုန့် ဖိုးတောင်းမလားလို့  အခုတော့ ငါးကျင်းင်္ဆီနဲ့  ငါးကျင်းကြော်တာကြီးပဲ ဟားဟား တောင်းတော့ဘူးး ဒူးရင်းသီး ပို့ လိုက်မယ်လေ :) အစ်ကို့ အတွက် စားမလား ..............

khin oo may said...

ဖတ်သွားတယ်ညီမ. c box လေးထည်.ပေးပါလားကွယ်။ comment က အချိန် စားတယ်။ အစ်မက အများကြီးလည့်ရတယ်။

ကလိုစေးထူး said...

ဂျပန်က Bonus ပေးပုံကလဲ မှတ်သားစရာပဲနော်။ ကျနော်တို့ဆီမှာတော့ တနှစ်မှာ တခါပဲ ပေးတယ်။ ဒါပေမယ့် ဂျပန်နဲ့တော့ မတူဘူး။

diLo said...

Sis Nu!
hapi tat its d time of yr for bonus..c'mon come here to SG..
there is Great Singapore Sales going on..!very cheap cheap one ..

since u have bonus, i m sure ur "mg daw" will have..and since he is not going to spend it..why dun u spend for him?
come come..lets go shopping.. :P

မြရွက်ဝေ said...

အွန်!
အတူတူအလုပ်လုပ်ပြီး အမကျတော့ special bonusမရဘူးပေါ့လေ။
ဒီကုမ္ပဏီ တော်တော်ဆိုးတယ်။:D
အမအမျိုးသားဆီက စပယ်ရှယ်မုန့်ဖိုး တောင်းလိုက်ပေါ့နော်။ :P
ညီမအမျိုးသားကတော့ စာချုပ်နဲ့ အလုပ်လုပ်တာဆိုတော့ bonus မရှိဘူး။ hyakkaten (百貨店) ဈေးဝယ်လက်မှတ်တွေတော့ရတယ်။

Anonymous said...

ဟင်.. ကိုယ့်လခ ... ကိုယ်ရတာပဲဟာနော်...။ ဘီလိုကြီးလည်း မသိဘူး..။

nu-san said...

မဇနိ>> အင်းလိုချင်တာပေါ့ ညီမလေးရ။
ボーナス は 多ければ 多いほど いいですね。တကယ်လာစားပါရှင်။ အမကျွေးပါတယ်။

ကိုသင်္ကြန်>> အဟီး မောင်တော်ရှာတာကို သုံးဖို့ အရင်ဆုံး Window Shopping နဲ့ စကားခင်းထားရတာ။ ပြီးတော့မှ တကယ် Shopping လာမှာ ကိုသင်္ကြန်ကြီးရ။

မတန်ခူး>> မရေ.. ပိတ်ရက်မှာ သွားကြည့်သေးတယ် မ ရာ။ ကိုယ်ကြိုက်တာက ဈေးမလျော့ဘူးဖြစ်နေတယ်။ ဒါကြောင့် ဈေးလျော့ရင် ၀ယ်ပေးရမယ်နော်လို့ Booking တင်ထားလိုက်တယ်။ သူကလည်း လက်တလော ငွေမထွက်ရင် ပြီးရောလေ။ “အင်း”လိုက်တာပေါ့.. :D

သက်ဝေ>> Shopping အတူထွက်ဖို့ တကယ်ခေါ်ပါတယ် သက်ဝေရ။ စင်ကာပူက Bonus ပေးတာမှ အမှန်အကန် Bonus နော်.. ဒီကဟာကတော့ အကြံအဖန် Bonus. :P

မောင်မျိုး>> တကယ် ဒူးရင်းသီး ပို့ပေးမှာလား။ ဒီဘက်က လူကတော့ အကြားနဲ့တင် သွားရည်ယိုနေတယ် မောင်မျိုးရေ.. စားချင်လို့တဲ့ အော်နေလေရဲ့.. :D

မခင်ဦးမေ>>Cbox က မထည့်တော့ပါဘူး အမရယ်။ အမအတွက်အဆင်မပြေတာ စိတ်မကောင်းပါဘူး။ လာလည်တယ်ဆိုရင်ပဲ ကျေးဇူးတင်လှပါပြီ။

ကိုကလိုစေးထူး>> ဟုတ်တယ် ကိုစေးထူးရေ.. မတူတာမှ တော်တော်ကို မတူတာ.. :)

Dilo>> Hay sis... That's good idea!! Let's go shopping together when I visit to SG. right? :D

မြရွက်ဝေ>> အဟဲ.. အမက Special Bonus မရတာလည်းမပြောနဲ့လေ မန်နေဂျာနဲ့အမြဲ fight နေတဲ့ အမကို ဘယ်သူမှ ထောက်ခံပေးချင်မှာမဟုတ်ဘူး။ ကန်မထုတ်တာပဲ ကျေးဇူးတင်ရပါ့.. :P

လေးမ>> ဟုတ်တယ် လေးမရေ.. ကိုယ့်လခ ကိုယ်ပြန်ရတာမို့ Bonus ဆိုတာလည်း ခေါင်းစဉ်တစ်ခုပါပဲ..တကယ်ရတာမဟုတ်ပါဘူး.. :D