September 22, 2007

သံဃာအာဇာနည်

သံဃာအာဇာနည် - သပိတ်မှောက်ကံဆောင် သံဃာတော်များသို့ ဂုဏ်ပြုသီချင်း။ ပြည်တွင်းက အနုပညာရှင်များကိုယ်စား မိုးမခက တင်ဆက်သည်။

အထက်ပါ သီချင်းကို ညီညီ(သံလွင်) မှ Mp3 file သို့ ပြောင်းပေးထားပါသည်။ ဒီမှာ ယူပါ။ လက်ဆင့်ကမ်း ဝေမျှပေးခြင်းဖြင့် ကူညီအားပေးကြပါစို့။

စက်တင်ဘာ ၂၂၊ ၂၀၀၇။

မေတ္တာစောင်ခြုံထားသူများ


ဓာတ်ပုံ - ဒီနေရာ မှ ယူပါသည်။ (၂၁-၀၉-၂၀၀၇)


ဓာတ်ပုံ- ဒီနေရာ မှ ယူပါသည်။ (၂၁-၀၉-၂၀၀၇)

သတင်း စာမျက်နှာတွေပေါ်မှာ မြင်နေရတဲ့ ဘုန်းဘုန်းတွေ လမ်းလျှောက်တဲ့ဓာတ်ပုံတွေ ကြည့်ပြီး တကယ် စိတ်မကောင်းဖြစ်မိတယ်။ ဘုန်းဘုန်းတွေရဲ့ ပြည်သူလူထုအတွက် ရှေ့က မားမားမတ်မတ်ရပ်ပြီး လုပ်ဆောင်ချက်အပေါ် ကြည်ညိုလေးစားမိတယ်။ ဒီရက်အတွင်း ရန်ကုန်မှာ မိုးဆက်တိုက်ရွာတာဆိုတော့ ဓာတ်ပုံထဲ ကြည့်ရင် သင်္ယန်းရေစိုလို့ ဘုန်းဘုန်းတွေခမျာ ချမ်းလို့တုန်နေတယ်။ ဖိနပ်မပါ ခြေမှာဗလာနဲ့ လမ်းလျှောက်နေကြတာ။ ဘုန်းဘုန်းတွေနဲ့အတူ ဘေးက လက်ချင်းယှက်ပြီး လိုက်ပါတဲ့သူတွေကိုလည်း လေးစားမိတယ်။ ဓာတ်ပုံတွေကြည့်ရင်း ရင်ထဲမှာ ဆို့လာတယ်။ မမြင်ရက်တော့ဘူး။

ဒီလိုပြောနေလို့ “နင်က နိုင်ငံရေး ဘယ်လောက်နားလည်လို့လဲ” မေးလို့ကတော့ “တစ်လုံးမှ နားမလည်ပါဘူး” လို့ပဲ မရှက်တမ်းဖြေပါရစေ။ ကျမရဲ့ ဘ၀စာမျက်နှာမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး စွမ်းစွမ်းတမံ လုပ်ခဲ့ဖူးတာ ဘာမှမရှိခဲ့ပါဘူး။ ၈၈ ကျောင်းသားခေါင်းဆောင်တွေလိုမျိုး၊ ယခု လက်ရှိ နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်နေတဲ့သူမျိုးလည်း မဟုတ်ပါဘူး။ သာမန်ပြည်သူတယောက်အနေနဲ့ပဲ ဒီစကားတွေကို ပြောပါတယ်။ စိတ်ထဲမှာ ဖြစ်တဲ့အတိုင်းကိုပဲ ရေးပါတယ်။ ကိုယ့်နိုင်ငံအခြေအနေ၊ အကျိုးအကြောင်း၊ အဆိုးအကောင်းကိုတော့ မြင်နိုင်တဲ့ မျက်စိတွေ ရှိပါသည်။ ဝေဖန်ပိုင်းခြားနိုင်တဲ့ ဦးနှောက်တခုလည်းပါသည်။ မြန်မာလူမျိုး ၊ မြန်မာပြည်သူများ အားလုံးကို သင့်တင့်မျှတသော လူအခွင့်အရေး ရစေချင်သည့်စိတ်ရှိသည်။ “ဒါမြန်မာဟေ့” လို့ ဘယ်နေရာမှာမဆို ဂုဏ်ယူဝင့်ကြွားချင်သည်။ “နင်က နိုင်ငံခြားရောက်နေပြီး ဒါတွေ ပြောနေလို့ အပိုပါပဲ”လို့ ထင်လိုကလည်း ထင်နိုင်ပါတယ်။ ”ကိုယ်ကိုယ်တိုင်ကတော့ ဘာမှ လုပ်မပေးနိုင်ပဲ ဒီလိုရေးမယ်ဆို လူတိုင်း ရေးလို့ရတာပဲ” လို့ ပြောလိုကလည်း ပြောကြပါတော့။ အဓိကက ဘုန်းဘုန်းတွေအပေါ်ဖြစ်နေတဲ့ကြည်ညိုတဲ့စိတ်၊ ဘုန်းဘုန်းတွေနဲ့အတူ လိုက်ပါနေတဲ့သူတွေအတွက်ပါ။

အရှင်ဘုရားတို့.. တပည့်တော်မသည် ဘုန်းဘုန်းတို့ကို ဘာမှ အကူအညီမပေးနိုင်ပါ။ တပည့်တော်မ လုပ်ပေးနိုင်တာ ကတော့ ဘုန်းဘုန်းတို့စိတ်အတိုင်း တပည့်တော်မ၏ စိတ်သည်လည်း တသားတည်း တထပ်တည်းကျပါတယ်ဘုရား.. ဘုန်းဘုန်းတို့ လုပ်ဆောင်ချက်အပေါ်လည်း ကြည်ညိုမိပါတယ် အရှင်ဘုရား။ သို့ဖြစ်ပါသောကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်အရပ်ရပ်တွင် လမ်းလျှောက် ဆန္ဒပြနေသော ရဟန်းသံဃာများအားလုံး ဘေးရန် ကင်းရှင်းကြပါစေ။ ရဟန်းသံဃာတော်တို့၏ လုံခြုံရေးအတွက် ဘေးမှ လိုက်ပါကုန်ကြသော ကျောင်းသားလူငယ် ပြည်သူများအားလုံး ဘေးရန်ကင်းရှင်းကြပါစေ။ မကောင်းသောဘေး၊ မကောင်းသောရန်၊ မကောင်းသော မလိုမုန်းထား၊ အနှောင့်အယှက် အတိုက်အခိုက်များမှလည်း ကင်းဝေးကြပါစေ။ ပြည်သူလူထု အတွက် ရှေ့မှ ထွက်ကာ မတရားမှုများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေးသော ရဟန်းသံဃာများအား သံဃာ့ဂုဏ်ကျေးဇူးကို သိတတ်သောအားဖြင့် လက်စုံမိုး၍ ရှိခိုးကန်တော့ပါတယ် အရှင်ဘုရားများ..

တပည့်တော်၊ တပည့်တော်မတို့၏ ပို့သသော မေတ္တာဓာတ်သည်လည်း အရှင်ဘုရားတို့နှင့်အတူ လိုက်ပါသူ ပြည်သူ့ဘက်တော်သား အားလုံးအတွက် တံတိုင်းသဖွယ်ဖြစ်ပြီး အနှောင့်အယှက်များနှင့်မကောင်းသော ဘေးရန်များမှ ကာကွယ်တားဆီးနိုင်ပါစေ ဘုရား...

စက်တင်ဘာ ၂၂၊ ၂၀၀၇။

September 21, 2007

ဒီနေ့ညစာ

ဒီည နောက်ကျမှ အိမ်ပြန်ရောက်တယ်။ ဒီတလော မနောက်ကျတဲ့ရက်က မရှိသလောက်ပဲ။ တနင်္လာနေ့က ပိတ်ရက်ဆိုတော့ ဒီတစ်ပတ်ထဲ ၄ ရက်ပဲ အလုပ် လုပ်လိုက်ရတယ်။ ၄ ရက်ထဲသာဆိုတယ် လူမပင်ပန်းပေမယ့် စိတ်တော့ ပင်ပန်းသား။ ပြီးတော့လည်း အားလုံးက ပြီးသွားတာပါပဲလေ။ ဒါကြောင့် ဒီညနေ အိမ်ပြန်ရောက်တော့ ဘာမှလည်း မချက်ချင်တော့ဘူး။ (မရှက်တမ်း ၀န်ခံရရင် ချက်ထားတာလည်း ဘာမှ မရှိဘူး။) အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ကြေးအိုးဆီချက် လုပ်စားလိုက်တာ။ ကြေးအိုးဆိုရင်လည်း သူက မစားပြန်ဘူးလေ။ နောက်ပြီး ၀က်သားက ဒီမှာ အသားချည်းပဲ ရတယ်။ ၀က်အသည်းတို့ ကလီစာတို့ ဘာမှမရဘူး။ အဲဒီတော့ ကြေးအိုး ချက်လည်း စားမကောင်းမဲ့အတူတူ ကြေးအိုးဆီချက် လုပ်စားပစ်လိုက်တယ်.. အေးရော..။


ကြေးအိုးဆီချက်က ချက်ရတာလွယ်ပါတယ်။ ၀က်သားစဉ်းထားပြီးသားထဲ ငရုတ်ကောင်း၊ သကြား၊ ဆား၊ ကြက်သွန်ဖြူ၊ ဂျင်း။ ကော်မှုန့်ထည့်ပြီး နယ်ထားလိုက်တာ။ ရေနွေးဆူရင် ၀က်သားနယ်ထားတာကို လုံးပြီး ထည့်တယ်၊ Ready Made ငါးဖယ်လုံး၊ ပဲပြား၊ ကြက်အမြစ်ပြုတ်ပြီးသားထည်၊့ အပေါ့အငန် မြည်း ပြီးရင် ဆန်ကြာဇံထည့်ပြီး မီးအေးအေးလေးနဲ့ ခဏထားလိုက်။ ကြာဇံနူးခါနီးရင် မုန်ညင်းရွက်ထည့်၊ ခဏနေရင် ဇကာထဲ သွန်ချပြီး ရေစစ်ထားလိုက်တယ်။ ပြီးမှ ဆီချက် ချက်ထားတာရယ် ပဲငံပြာရည်အကြည်ရယ် ငရုတ်ကောင်းမှုန့်နည်းနည်းထည့်ပြီး ကြာဇံရေစစ်ထားတာကိုပါ ရောမွှေလိုက်တော့ အခုလို ကြေးအိုးဆီချက် ရလာတာပေါ့။ စားခါနီးတော့ ငုံးဥလေး ထည့်လိုက်တယ်။ မယုံရင် စားကြည့်ပါလား... စားလို့ကောင်းတယ် (သူကတော့ အဲဒီလို ပြောတာပဲ...) အချဉ်ရည်က ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထောင်း၊ သကြား၊ဆား၊ ရှာလကာရည်၊ ငရုတ်ဆီ၊ ပဲငံပြာရည် အပြစ်ရည် နည်းနည်းထည့်ပြီး မွှေလိုက်တာပဲ။

(ဒီမှာရှိတဲ့ပစ္စည်းတွေကို စိတ်ကူးပေါက်သလို ထည့်ပြီးလုပ်စားခြင်းဖြစ်ပါသည်။)




စက်တင်ဘာ ၂၂၊ ၂၀၀၇။

September 19, 2007

ပြိုင်ပွဲ

ဒီကို မလာခင် ထိုင်းမှာ နေခဲ့တုန်းက ကျမတို့ company ပိုင်ရှင်က သူ့ခြံကို အလည်ခေါ်ခဲ့ပါတယ်။ ဘန်ကောက်ကနေ ကားနဲ့ ဆိုရင် ၄ ၊ ၅ နာရီလောက် သွားရတာပါ။ ဘယ်နေရာလည်းဆိုတာ ထိုင်းနာမည်မို့လို့ မမှတ်မိတော့ပါဘူး။ အဲဒီ အချိန်တုန်းက ဘန်ကောက်မှာ အရမ်းပူနေပေမယ့် သူဌေးခြံရှိတဲ့ နေရာမှာတော့ တော်တော်အေးပါတယ်။ တောင်ကြီးလို ရာသီဥတုမျိုးနဲ့ ဆင်တယ်။ ၀န်ထမ်းတွေ အားလုံးစုပြီး သွားတာဆိုတော့ ထိုင်းတွေရော မြန်မာတွေရောပေါ့။ သူဌေးခြံကို ပျော်ပွဲစား ထွက်ကြတယ်ပဲ ဆိုပါတော့။

အစကတော့ သိပ် မသွားချင်ဘူး။ ထိုင်းတွေနဲ့လည်း မခင်တော့ ဆက်ဆံရေး အဆင်မပြေမှာလည်း စိုးတယ်။ နောက်ပြီး ရန်ကုန်ကို ပြန်ခါနီးနေပြီဆိုတော့ ပြန်ဖို့လောက်ပဲ စိတ်ထက်သန် နေတာ။ ဘယ်ကိုမှ မလည်ချင်တော့ဘူး။ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် လက်ဆောင်ဝယ်ချင်တဲ့ စိတ်က များနေတာကြောင့်လည်း ပါတယ်။ အခုတော့ ဓာတ်ပုံတွေ ပြန်ကြည့်မိရင်း အဲဒီတုန်းက အဖြစ်တွေကို သတိရလာတာနဲ့ ဒီပို့စ်ကို ရေးဖြစ်တာပါ။

မှတ်မှတ်ရရ ဘန်ကောက်ကနေ ကားစထွက်တော့ မနက် ၇ နာရီကျော်ကျော်ပေါ့။ သူဌေးခြံရောက်တော့ ၁၂ နာရီ ၀န်းကျင်လောက်ရှိနေပါပြီ။ အဲဒီနေရာကို ရောက်တဲ့ လိုင်းကား မရှိတဲ့အတွက် Van ကား ၂ စီးငှားပြီး သွားကြတာပါ။ ခြံထဲရောက်တော့ သူဌေးက သူ့ခြံကို အရင်လိုက်ပြပါတယ်။ ပြီးတော့ နေ့လည်စာမစားခင် game ၂ ခုကစားပါတယ်။ ဒုတိယ game က စပြီး နိုင်တဲ့သူကို ဆုပေးပါတယ်။ တတိယ game ကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးပါပဲ။ အုပ်စုလိုက် ကစားကြတာဆိုတော့ team work က အရေးကြီးပါတယ်။

ဒုတိယ game ပြီးတော့ ခဏတဖြုတ်နားကြပြီး နေ့လည်စာ စားကြပါတယ်။ ထမင်းစားပြီးမှ တတိယ game ကို စတာပါ။ တတိယ game အတွက် လူစုခွဲတဲ့အခါ ထိုင်းရော မြန်မာရော အုပ်စုတစ်ခုချင်းဆီမှာ ရောပြီး နေရာချပေးထားပါတယ်။ တစ်အုပ်စုကို ၆ ယောက်ဆီပါပြီး စုစုပေါင်း ၃ အုပ်စု ရှိပါတယ်။ အုပ်စုတစ်စုအတွက် solo tape ၂ ခု၊ အိမ်သာသုံး စက္ကူလိပ် ၁ လိပ်၊ အင်္ကျီချိတ် တဲ့ သံချိတ် ၁ ခုဆီ ပေးပြီးတော့ သူဌေးလိုချင်တဲ့ ပုံစံက

(၁) ကြက်ဥ ၃ လုံး တင်လို့ရရမယ်။
(၂) အမြင့်ဆုံးဖြစ်ရမယ်။
(၃) ခိုင်ခံ့ရမယ်။
(၄)တနေရာက တနေရာကို ရွှေ့ပြောင်းလို့ ရရမယ်။ နေရာတခုတည်းမှာ အသေချည်ထားတာမျိုး မဖြစ်ရဘူး။
ကိုယ်ကြိုက်ရာ ပုံစံတခုကို အဲဒီပစ္စည်း သုံးမျိုး သုံးပြီး ဆောက်ပေးရမယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ့်ဘာသာ လုပ်ကြဆိုပြီး အချိန် နာရီဝက်ပေးပါတယ်။

တစ်အုပ်စုနဲ့ တစ်အုပ်စု ကြည့်လို့လည်း မရဘူး။ တခြားအုပ်စုက ဘယ်လို ပုံစံတွေ လုပ်ကြလဲ ဆိုတာလည်း မကြည့်အားဘူး။ တစ်အုပ်စုနဲ့တစ်အုပ်စု မြင်လည်း မမြင်ရတော့ အားလုံးက နိုင်ချင်ဇောနဲ့ အပြိုင်အဆိုင် အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပေါ့။ ပြိုင်ပြီဆိုမှတော့ နိုင်ချင်တာလည်း သဘာဝပဲ မဟုတ်လား။ အားလုံးခေါင်းချင်းဆိုင်ကြ၊ တိုင်ပင်ကြ၊ ကောင်းမယ်ထင်သလိုလုပ်ကြနဲ့ နောက်ဆုံးတော့ ဒီလိုပုံလေးတွေ ထွက်လာပါတယ်။




ကဲ.. အမှတ်ပေးတော့မယ်။ ဘယ်ဘက်အစွန်ဆုံးက အုပ်စု ၁ ၊ အလယ်က အုပ်စု ၂ နဲ့ ညာဘက်က အုပ်စု ၃ ပေါ့။


(၁) ကြက်ဥ ၃ လုံးက ပုံစံ အားလုံးတင်လို့ရတယ်။ အားလုံး အမှတ်တူတယ် (၁၀) မှတ်ဆီ ရကြတယ်။
(၂) အမြင့်ဆုံးပြိုင်တော့ အုပ်စု ၁ နဲ့ ၂ က ရှုံးပြီး အုပ်စု ၃ က ကပ်နိုင်သွားတယ်။ အုပ်စု ၃ (၁၀) မှတ်ရတယ်။
(၃) ခိုင်ခံ့ရမယ်။ ကြက်ဥ ၃ လုံးတင်ပြီးတဲ့အထိ ခိုင်တယ်ဆိုတော့ အားလုံးက အမှတ်တူပဲရတယ် (၁၀)မှတ်။
(၄)မ ရွှေ့လို့ ရရမယ် ဆိုတော့ အားလုံးက အတူတူပဲ ရွှေ့ပြောင်း နိုင်တယ်လေ။ ဒါကြောင့် အမှတ်တူတယ်။ ဇယားလေးကို တချက်ကြည့်ကြည့်ပါအုံး.. အမှတ်တွေ တွက်လို့ရအောင်လို့။



အုပ်စု ၁

အုပ်စု ၂

အုပ်စု ၃

နံပါတ် ၁

၁၀

၁၀

၁၀

နံပါတ် ၂

၁၀

နံပါတ်

၁၀

၁၀

၁၀

နံပါတ် ၎

၁၀

၁၀

၁၀


အခုအတိုင်းဆိုရင် အုပ်စု ၃ က နိုင်နေတာပေါ့။ ဒါပေမယ့် ပွဲက မပြီးသေးဘူးတဲ့။ နောက်ဆုံး bonus stage ကျန်သေးတယ်ဆိုပြီး သူဌေးက နောက်ဆုံးဖဲကို ထုတ်သုံးပါလေရော။ အဲဒါကတော့ “အစတုန်းက requirement က ကြက်ဥ ၃ လုံးစာ တင်ဖို့ပဲ။ ဒါပေမယ့် နောက်ထပ် ကြက်ဥ ဆန့်သလောက်ထပ်တင်ချင်တယ်ဆိုရင်ရော နင်တို့ လုပ်ထားတဲ့နေရာက တင်နိုင်ပါ့မလား၊ တင်နိုင်မယ်ဆိုရင် တင်ပြပါ”လို့ သူဌေးက ထပ်ပြောပါတော့တယ်။ အဲဒီမှာပဲ အုပ်စု ၁ က လုပ်တဲ့ ပုံစံငယ်က နောက်ထပ် ကြက်ဥ ၅ လုံးစာကိုပါ ထပ်တင်နိုင်ပါတယ်။ အုပ်စု ၂ နဲ့ ၃ ကတော့ ကြက်ဥ ၃ လုံးအပြင် အပိုထပ်တင်တော့ အလေးချိန် မနိုင်လို့ ကြက်ဥတွေ ပြုတ်ကြကုန်တာလည်း ရှိတယ်။ နေရာမရှိတော့လို့ တင်မရတာလည်းရှိတယ်။ နောက်ဆုံး bonus point မှာ အမှတ် ၂၀ ရပြီး အုပ်စု ၁ က နိုင်သွားပါတယ်။


သူဌေးပေးချင်တဲ့ Message ကတော့ ဘယ်အလုပ်ကိုမဆို requirement အတိုင်း အတိအကျဖြစ်ရမယ်။ ဒါပေမယ့် လက်ရှိ လုပ်နေတဲ့ အလုပ်မှာလည်း နောက်ထပ် လိုအပ်ချက်တွေ ပြင်ဆင်ချင်တာတွေ ရှိလာခဲ့ရင် လိုတိုး ပိုလျော့ လုပ်နိုင်ရမယ်။ ကိုယ့်အတွက်ပဲဖြစ်ဖြစ် အလုပ်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် ကြိုပြီး မြင်နိုင်အောင်ကျိုးစားထားရမယ်လို့ဆိုပါတယ်။ ၀န်ထမ်းတွေကလည်း programmer တွေ ဆိုတော့ software တခုကိုရေးမယ်ဆိုရင် client လိုချင်တဲ့အတိုင်းဖြစ်ရမယ်။ နောက်ပြီး client က အသစ်ထပ်ထည့်ချင်တာ ပြင်ချင်တာ၊ ရှိနေတဲ့အပိုင်းကို မလိုအပ်လို့ ဖြုတ်ချင်တဲ့အခါမှာလည်း ကိုယ့် software က အလွယ်တကူ လုပ်ယူလို့ရနေ ရမယ်လို့ ဆိုလိုချင်တာပါ။ ကျမ ရေးထားတာက သူဌေးပြောတာနဲ့ ထပ်တူကျချင်မှ ကျပါလိမ့်မယ်။ ကျမ နားလည်သလို ရေးလိုက်တာပါ။ ဖတ်တဲ့သူများလည်း လိုသလို တွေးယူလို့ရပါတယ်။

ကျမလား.. ဘယ်အုပ်စုထဲပါလဲ..ဟုတ်လား??? အဲဒီတုန်းက ကျမတို့အုပ်စုရဲ့ idea က ကြိုပြီး အရမ်းကြီးစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ အဓိက ကြက်ဥတင်ဖို့ပဲ စဉ်းစားပြီး လုပ်မိခဲ့ကြတာပါ။ ကြက်ဥ မပြုတ်ကြဖို့ အရေးကြီးတယ်ပဲ ခေါင်းထဲထည့်လို့ ပုံ ၁ လေးထွက်လာခဲ့တာပါ။ ကျမအတွက် ဒီပြိုင်ပွဲလေးဟာ အမြဲအမှတ်တရ ဖြစ်နေတော့မှာပါ။ တစ်အုပ်စုတည်း အတူ ကစားခဲ့တဲ့ မောင်၊ ညီမလေးတွေလည်း ဒီပို့စ်နဲ့အတူ ဓာတ်ပုံကို မြင်ရင်တော့ သတိရကြမှာပါလေ...။

စက်တင်ဘာ ၁၉၊ ၂၀၀၇။

September 14, 2007

ဂျပန်နိုင်ငံရှိ ရွှေတိဂုံဘုရား ပုံတူစေတီ

ကျမတို့ ဂျပန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျမဦးလေးကတဆင့် သူ့သူငယ်ချင်းလင်မယားနဲ့ သိကျွမ်းခဲ့ရပါတယ်။ အန်ကယ်က Kagoshima University မှာ Professor အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး YIT ကျောင်းသားဟောင်းတစ်ဦးပါ။ ဂျပန်ကို ရောက်နေတာ ၁၉ နှစ်တောင်ရှိနေပါပြီ။ အပြင်မှာ မတွေ့ဖူး မမြင်ဖူးကြပေမယ့် ဖုန်း၊ Email နဲ့ပဲ ဆက်သွယ်ရင်း ခင်မင်နေကြတာပါ။

ဟိုတရက်ကတော့ အန်ကယ်နဲ့ဖုန်းပြောဖြစ်ရာက အခု Kagoshima မှာရွှေတိဂုံဘုရားပုံတူ စေတီတစ်ဆူ တည်မှာဖြစ်တဲ့အတွက် လက်လှမ်းမ်ီသလောက် ဂျပန်မှာရောက်နေတဲ့ ခင်မင်ရင်းနှီးသူတွေကို ကုသိုလ်ဒါန ပါဝင်ဖို့ ပြောပါတယ်။ ကျမတို့လည်း ကြုံတောင့်ကြုံခဲ ဖြစ်တာမို့ အလှူဒါနပြုချင်ပါတယ်လို့ ပြောလိုက်ပါတယ်။ အန်ကယ်က ဘုရားသမိုင်းနဲ့တကွ အလှူငွေလွှဲဖို့ စာရွက်စာတမ်းတွေ ပြီးခဲ့တဲ့အပတ်က ပို့ပေးလိုက်တာ ဒီနေ့ ရောက်လာတာကြောင့် အားလုံးလည်း သိရအောင် Blog မှာ တင်ပေးလိုက်ပါတယ်။ Google Group မှာလည်း “Myanmar in Kagoshima” ဆိုပြီး ရှာရင် ဘုရားတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို သိနိုင်ပါတယ်။
ရက်စွဲ၊ ၂၀၀၇ ခုနှစ်၊ ဇန္န၀ါရီလ ၁ ရက်။

ဗုဒ္ဓဘာသာနွယ်ဝင်သူတော်စင်အပေါင်းတို့ ခင်ဗျား-

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလမှစ၍ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်တန်းဒေသများတွင် တိုင်းရင်းသား ကလေးသူငယ်များအတွက် မူလတန်းကျောင်း (၃၀) ကို တည်ဆောက်ပေးခဲ့ပြီး၊ ကျောင်းသူ/သား တစ်ထောင်ကျော်ခန့်ကို ပညာသင်ထောက်ပံ့ကြေးများ ပေးလှူခဲ့ပါသည်။ ထို့အပြင် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော ဂျပန်စစ်သည်များအား ရည်စူး၍ ပအိုဝ့်ဒေသတွင် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် စေတီတော်တစ်ဆူကိုလည်း တည်ဆောက်လှူဒါန်းခဲ့ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်မှစ၍ Kitakyushu မြို့၊ Mekari ဥယျာဉ်တွင် ကမ္ဘာအေး အမည်ရှိ စေတီတော် တစ်ဆူတည်ရှိခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ Kagoshima မြို့၊ Hanao အရပ်တွင် ဉာဏ်တော် (၇)မီတာ ရှိသော မြန်မာနိုင်ငံမှ ရွှေတိဂုံဘုရားပုံတူ စေတီတော်တစ်ဆူကို တည်ထားကိုးကွယ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်များအနေဖြင့် နည်းများမဆို လှူဒါန်းပါဝင်ကြပါရန် နှိုးဆော်အပ်ပါသည်။

ဆရာတော် ဦးမီယာရှိတ
(ဥက္ကဌ- ဂျပန်နိုင်ငံ ရွှေတိဂုံဘုရားပုံတူ တည်ဆောက်ရေး အကျိုးဆောင်အဖွဲ့)
ဆက်သွယ်လှူဒါန်းရန် လိပ်စာ-
3841 HANAO CHO, KAGOSHIMA CITY,

JAPAN 891 - 1101
TEL: 099 - 298-8247
FAX: 099-298-8250
BANK ACCOUNT No. 81301
SHUUKYOUHOUJIN DAIYUUZAN NANSEN-INN DAIHYOU
MIYASHITA RYOZEN
KORIYAMA BRANCH KAGOSHIMA BANK

ဘုရားအလှူခံ နှိုးဆော်စာထဲမှာ ပါတဲ့“လွန်ခဲ့သော နှစ်ပေါင်း(၅၀)ကျော်မှစ၍ Kitakyushu မြို့၊ Mekari ဥယျာဉ်တွင် ကမ္ဘာအေး အမည်ရှိ စေတီတော် တစ်ဆူတည်ရှိခဲ့ပြီး ဖြစ်ပါသည်”ဆိုတာကိုတော့ စာရေးဆရာ သူရိန်ထက် ရေးထားတဲ့ နိပွန်း နဲ့ ဘိရုမာ ဆောင်းပါးမှာ ဖတ်ဖူးပါတယ်။ PDF file ကနေ တဆင့် ဖတ်ရတာပါ။ ဘယ်နေရာက Download လုပ်လိုက်မိမှန်းတောင် မမှတ်မိတော့ဘူး။

စာရေးဆရာ သူရိန်ထက် ရေးထားတဲ့ နိပွန်း နဲ့ ဘိရုမာ ဆောင်းပါးမှာ ပါတဲ့ ဘုရားနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တချို့ပါ။

ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာမြေဖက်ကို စစ်ထွက်ခဲ့တာ ၃ သိန်းလောက်ရှိပြီး အသက်ရှင်လျက် ဂျပန်မြေကို ပြန်ရောက်လာတာက ၁ သိန်း ၀န်းကျင်ပဲ ရှိပါသတဲ့။ မြန်မာ့မြေပေါ်က ပြန်ရောက်လာတဲ့ ဂျပန်စစ်သားတိုင်းဟာ မြန်မာပြည်ကို နှစ်သက်ကြသလို မြန်မာတွေရဲ့ သနားကြင်နာတတ်မှု၊ ကူညီရိုင်းပင်းမှုတွေကို ကျေးဇူးမမေ့နိုင်ပဲ ရှိကြပါတယ်။ ဒါကြောင့်လဲ စစ်ပြီးခေတ် ဆင်းရဲ ခက်ခဲတဲ့ကြားကပဲ မြန်မာပြည်အလွမ်းပြေလဲ ဖြစ်၊ မြန်မာတွေကို ကျေးဇူးဆပ်ရာလဲ ရောက် ဆိုပြီး ဂျပန်ကနေ မြန်မာပြည်ကို သင်္ဘောနဲ့စပြီး ထွက်ခွာခဲ့တဲ့ ခိတကျူးရှူးက မိုဂျိ ဆိုတဲ့ ဆိပ်ကမ်းက ကုန်းမြင့်ပေါ်မှာ ၁၉၅၇ ခုနှစ်မှာ ဘုရားစေတီ တည်ထား ကိုးကွယ်တယ်။ သိမ် ရှိရတယ်။ အခုအချိန်အထိ မြန်မာဘုန်းတော်ကြီးတွေ ကျောင်းထိုင်ပြီး စစ်ပြန်ကြီးတွေက ကပ္ပိယ၊ ဂေါပကအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ ဦးနု လက်ထက်မှာ တည်ထားကိုးကွယ်တာမို့ အဲဒီစေတီကိုလဲ ကမ္ဘာအေးစေတီလို့ ခေါ်ပါတယ်။ ဦးနုတို့ အစိုးရက လှမ်းကူညီခဲ့ပြီး မြန်မာဆရာတော်ကြီးတွေကိုယ်တိုင် သိမ်သမုတ်၊ အနေကဇာတင် ခဲ့တာဖြစ်ပါတယ်။ မြန်မာက ဂျပန်ကို ကူညီတယ်ဆိုတော့ ဒီနေ့ခေတ်မှာတော့ ရယ်စရာ ပြောနေသလားလို့ ယူဆစရာပါ။ အဲဒီခေတ်က မြန်မာငွေ ၁ ကျပ်ကို ယန်း ၈၀ နီးပါးရှိပါတယ်။ ဒီနေ့ခေတ် မြန်မာငွေ ၁၀၀၀ ကျပ်ကို ယန်း ၉၀ ၀န်းကျင်ဆိုတော့ မြန်မာငွေ တန်ဖိုးဟာ နှစ်ပေါင်း ၅၀ ၀န်းကျင်မှာ အဆပေါင်း ၁၀၀၀ နီးပါး နိမ့်ကျသွား တယ်လို့ ဆိုရမှာပါ။

ကျူးရှူးက အဲဒီ ကမ္ဘာအေးစေတီကို မြန်မာတွေ အုပ်စုဖွဲ့ပြီး ဘုရားဖူးကြ၊ လှူတန်းကြ၊ ထီးတော်တင်ကြ ဆိုသလိုမျိုး ပွဲလမ်း သဘင်များရှိရင် စစ်ပြန် အဖိုးအို ဂေါပကတွေ ရောက်လာတတ်ပါတယ်။ မြန်မာတွေကို ပြုံးပြုံးပြုံးပြုံး ပိတိဖုံးပြီး လိုက်နှုတ်ဆက် တတ်ပါတယ်။ လူတွေကသာ တုန်ချိ အိုမင်းနေပေမယ့် မြန်မာတွေအပေါ် လေးစားခင်မင်မှုကတော့ ပျိုမြစ်နေဆဲပါ။ `မင်္ဂလာပါ။ နေ ကောင်းလား၊ ဘယ်ကလာလဲ။ ထမင်းစားပြီးပြီလား။ ထမင်းစားပါ´ဆိုတာမျိုး မှတ်မိသမျှ မြန်မာစကားတွေနဲ့ ဧည့်ဝတ်ပြုတတ်ပါ တယ်။ ”

နိပွန်းနဲ့ ဘိရုမာ ဆောင်းပါးကို ဖတ်ချင်တယ်ဆိုရင် ဟစ်တိုင်မှာ ဖတ်လို့ရပါတယ်။ ဂျပန်မှာက ဘာသာမဲ့တွေများပါတယ်။ သူတို့ကို ဘယ်ဘာသာ ကိုးကွယ်လည်းလို့မေးရင် တိတိကျကျ မပြောနိုင်ကျပါဘူး။ Osaka မှာဆိုရင် မြန်မာဘုန်းကြီးကျောင်းလည်း မရှိပါဘူး။ ဒါကြောင့် ဂျပန်နိုင်ငံမှာ မြန်မာပြည်က ရွှေတိဂုံဘုရား ပုံတူစေတီတည်ထားကိုးကွယ်ဖို့ အလှူငွေ ထည့်ဝင် လှူဒါန်း ခွင့်ရတာဟာ မြန်မာတစ်ယောက် အနေနဲ့ အများကြီးကို ကျေနပ် ၀မ်းသာ ပီတိဖြစ်ရပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ်တိုင် သွားရောက် ဖူးမျှော်ခွင့် ရချင်ပါသေးတယ်။ အကြောင်း ကြောင်းတွေ တိုက်ဆိုင် လာခဲ့ရင်ပေါ့....။

စက်တင်ဘာ ၁၄၊ ၂၀၀၇။

September 10, 2007

ရိက္ခာနှင့်သိက္ခာ

*”ရဝေနွယ်(အင်းမ) ရေးသားသော အတွေးများနှင့် မိတ်ဖွဲ့ခြင်းစာအုပ် မှ အကြောင်းအရာ များကို ကူးယူ ဖော်ပြပါသည်။

ရွှေကျင်ဆရာတော်ဆိုတာ ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီး လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော် ဘုရားပါ။ ရွှေကျင်ဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ဆရာတော်ဘုရားလည်း ဖြစ်ပါတယ်။ ရွှေဘိုမြို့နယ်အတွင်း ရွှေကျင်ရွာဇာတိဖြစ်လို့ ရွှေကျင်ဆရာတော်လို့ ခေါ်ကြတာပါ။ ပဲခူးတိုင်း ရွှေကျင်မြို့က ရွှေကျင်မဟုတ်ပါဘူး။

ဆရာတော်ဘုရားရဲ့ ဘ၀သမိုင်းကို ကြည့်ရင် အကြည်ညိုရဆုံး တွေ့ရတာက ၀ိနည်း ကိုယ်ကျင့်သိက္ခာကို အထူးလေးစားစောင့်ထိန်းတာပါပဲ။ ဆရာတော် ၀ိနည်း ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းပုံကတော့ သာသနာဝင်မှာ စာတင်ရတဲ့ အထိပါပဲ။

ဒီဆောင်းပါးမှာတော့ ဆရာတော်ရဲ့ ၀ိနည်း ကိုယ်ကျင့်သိက္ခာပိုင်းလေးတွေကိုပဲ အဓိကထား ရေးသွားချင်ပါတယ်။

ရဟန်းတော်တွေဟာ မိဘဆွေမျိုးအရင်း မဟုတ်ရင်ဘဲဖြစ်ဖြစ်၊ ဖိတ်မထားရင်ဘဲဖြစ်ဖြစ် ဒကာ၊ ဒကာမတွေဆီမှာ အလှူခံခွင့်၊ တောင်းခံခွင့် မရှိပါဘူး။ တကယ်လို့ အလှူခံဖြစ်မယ်၊ တောင်းခံဖြစ်မယ်ဆိုရင် အညာတက ၀ိညတ္တိသိက္ခာပုဒ်အရ နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါတယ်။

ရွှေကျင်ဆရာတော်ဘုရား ငယ်စဉ်က ဆရာတော်က ဒီသိက္ခာပုဒ်ကို အာရုံပြုပြီး ပစ္စည်းလိုအပ်ရင် အမေဆီကိုပဲ တောင်းပါတယ်၊ အဖေဆီကို လုံးဝမတောင်းပါဘူး။

အမေနဲ့ အဖေမှာ အမေကတော့ ကိုယ်တိုင်မွေးတာဆိုတော့ အမေစစ်တာ ကျိန်းသေပါတယ်။ အဖေစစ်ဖို့ကျတော့ မကျိန်းသေတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ အမေလုပ်တဲ့သူက လော်မာခဲ့ရင် အဖေ လုံးဝ မစစ်နိုင်တော့ပါဘူး။ အဖေမစစ်ရင် ဆွေမျိုးမတော်တဲ့အတွက် မတောင်းကောင်းတော့ပါဘူး။ တောင်းရင် အာပတ်သင့်တော့မှာပါ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆရာတော်ဘုရားက ဆွေမျိုးကျိန်းသေစစ်တဲ့ အမေဆီကိုပဲ တောင်းတာပါ။

အဖေစစ် မစစ် သံသယဖြစ်ပြီး အဖေကို မတောင်းတော့ အဖေလုပ်သူ ဒကာကြီးက ရယ်ရအခက်၊ ငိုရအခက် ဖြစ်ပုံရပါတယ်။ ဒီတော့ အဖေလုပ်သူ ဒကာကြီးက -

“မောင်ပဉ္စင်းရယ် ... အဖေစစ် မစစ် သံသယဖြစ်နေရင် မောင်ပဉ္စင်း ဒကာမကြီးကိုသာ မေးကြည့်ပါတော့။ ဒီလိုမျိုး သံသယဖြစ်ရတယ်လို့ တပည့်တော်တော့ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးဘူး” လို့ လျှောက်ထားလိုက်ပါတယ်။

တစ်ခါမှာလည်း မင်းတုန်းမင်းတရားကြီးက ရွှေကျင်ဆရာတော် အပါအ၀င် ဆရာတော်တချို့ကို မြောက်ဥယျာဉ်တော်ကို ပင့်ပါတယ်။ ဆရာတော်တွေ မြောက်ဥယျာဉ်ကို ရောက်လာပေမယ့် မင်းတုန်းမင်းကြီးကတော့ ရောက်မလာသေးပါဘူး။ ဒါကြောင့် ဆရာတော်တွေက ဥယျာဉ်တော်အတွင်း အညောင်းပြေ လှည့်လည်ကြည့်ရှု တော်မူကြပါတယ်။

ရွှေကျင်ဆရာတော်ဘုရားလည်း နေရာကထပြီး လျှောက်ရင်း သစ်ပင်တစ်ပင်အောက်အရောက်မှာ သစ်ကိုင်းတစ်ကိုင်းကို လှမ်းကိုင်ပြီး ရပ်နေလိုက်ပါတယ်။

ရွှေကျင်ဆရာတော် သစ်ကိုင်းကို ကိုင်ထားဆဲမှာပဲ မင်းတုန်းမင်းကြီးက ရောက်လာပါတယ်။ ဒါပေမယ့် ရွှေကျင်ဆရာတော်က ကိုင်ထားတဲ့သစ်ကိုင်းကို လုံးဝ မလွှတ်ပါဘူး။ ကိုင်မြဲတိုင်းပဲ ကိုင်ထားပါတယ်။ လက်တစ်ဖက် မြှောက်ထားတာဆိုတော့ ချိုင်း (ဂျိုင်း) မွှေးတွေက အထင်းသား ပေါ်နေပါတယ်။ ပေါ်နေပေမယ့် ဆရာတော်က လက်ကို လုံးဝ ပြန်မရုပ်ပါဘူး။

ဒီတော့ ဆရာတော်တစ်ပါးက ဘယ်လိုပြောသလဲဆိုတော့ “ရွှေကျင်ဆရာတော်က မင်းတုန်းမင်းကြီးကို ချိုင်း (ဂျိုင်း) မွှေးတွေ လှစ်ပြလိုက်တာလား” လို့ ပြောလိုက်ပါတယ်။

တကယ်တော့ ရွှေကျင်ဆရာတော်က မဟာနိဒ္ဒေသပါဠိတော်လာ ကြည်ညိုမှုကို ရှေးရှုပြီး ဣရိယာပုထ်ကိုပြုပြင်ခြင်း ကုဟနပုဂ္ဂိုလ် မဖြစ်အောင် နေမြဲအတိုင်း နေလိုက်တာပါ။ လာဘ်လာဘကို တောင့်တပြီး သူတစ်ပါး ကြည်ညိုအောင် ဣရိယာပုထ်ကို ပြုပြင်ရင် ကောက်ကျစ်စဉ်းလဲတဲ့ ကုဟနပုဂ္ဂိုလ်ဖြစ်ပါတယ်။

ကုဟန ကောက်ကျစ်စဉ်းလဲလို့ရတဲ့ ပစ္စည်းဟာလည်း သမ္မာအာဇီဝနဲ့ရတဲ့ ပစ္စည်းမဟုတ်တော့ပါဘူး။ ရတဲ့ ပစ္စည်းကို သုံးခဲ့ရင် အာဇီဝ ပါရိသုဒ္ဓိသီလ ပျက်ပါတယ်။ ဒါကိုတွေးပြီး ဆရာတော်က ဣရိယာပုထ်ကို မပြင်ဘဲ နေလိုက်တာပါ။

မင်းတုန်းမင်းကြီးဟာ ရွှေကျင်ဆရာတော်ဘုရားကြီးကို အတော်ကြည်ညိုတာပါ။ ဒါပေမယ့် ဆရာတော်က ရာဇ၀လ္လဘအဖြစ်ကို အထူးပဲ ရှောင်ရှားစောင့်စည်းပါတယ်။ ရာဇ၀လ္လဘဆိုတာ မင်းနှင့်ကျွမ်းဝင်သူလို့ အဓိပ္ပာယ် ရပါတယ်။ သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးတွေဟာ ရာဇ၀လ္လဘကို အပြစ်တစ်ခုလို သဘောထားပြီး ဝေးဝေးက ရှောင်ရှားလေ့ရှိကြပါတယ်။

တစ်ခါမှာလည်း မင်းတုန်းမင်းကြီးက အမတ်တစ်ယောက်ကို လွှတ်ပြီး ရွှေကျင်ဆရာတော်ဘုရားထံ ဆွမ်းစား ပင့်ခိုင်းလိုက်ပါတယ်။

ဆွမ်းစားပင့်သူအမတ် ဆရာတော်ဘုရားဆီ ရောက်တဲ့အချိန်မှာ ဆရာတော်က သင်္ကန်းရုံနေပါပြီ။ ဒါကြောင့် ပင့်သူအမတ်ကလည်း “ဆရာတော်ဘုရား ရေမြေ့ရှင် မင်းတရားကြီးက နန်းတော်ကို ဆွမ်းစားကြွဖို့ ပင့်ခိုင်းလိုက်ပါတယ် ဘုရား”လို့ ကဗျာကယာ လျှောက်လိုက်ရပါတယ်။ ရွှေကျင် ဆရာတော်ဘုရားက ဘာမှပြန်မပြောပါဘူး။ သင်္ကန်းရုံပြီးတော့ သပိတ်လွယ်ပြီး ကျောင်းပေါ်က ဆင်းသွားပါတယ်။

လာပင့်သူအမတ်ကလည်း နောက်ကနေ အသာလိုက်ကြည့်တော့ မန္တလေးတောင်ခြေက အဖိုးအို အဖွားအို နှစ်ယောက်ရဲ့ တဲထဲကို ကြွသွားတာ တွေ့လိုက်ရပါတယ်။

အမတ်လုပ်သူလည်း ပြန်လာပြီး မင်းတုန်းမင်းကြီးကို အကျိုးအကြောင်း ပြန်ပြောရပါတော့တယ်။

ရွှေကျင်ဆရာတော်ဘုရားဟာ ရာဇ၀လ္လဘအဖြစ်ကို အထူးရှောင်ရှားတယ်ဆိုပေမယ့် တကယ် လိုအပ်လာတဲ့အခါမျိုးမှာတော့ မင်းတုန်းမင်းကြီးကို တကူးတက သွားတွေ့ပါတယ်။

တစ်ခါမှာတော့ ထန်းပင်ရင်းတိုက်နေ ကသာစား မင်းသားလေးရဲ့ အင်္ကျီကို တစ်ခြားတစ်ယောက်က ၀တ်သွားတဲ့အတွက် ဒါကို အခြေခံပြီး မလိုသူတွေက ပုန်ကန်ခြားနားလိမ့်မယ်ဆိုပြီး ကုန်းတိုက်စကား ပြောကြပါတယ်။ ဒီတော့ ထန်းပင်ရင်းတိုက်သား ဦးဓမ္မသာမိ အပါအ၀င် ဘုန်းကြီးသုံးပါးကို ကြံရာပါဆိုပြီး ဖမ်းလိုက်ကြပါတယ်။ ပြီးတော့ နံနက် (၁၀)နာရီမှာ ကွက်မျက်ဖို့လည်း တစ်ခါတည်း အမိန့်ချလိုက်ပါတယ်။

ဒီတော့ မတ္တရာဆရာတော်၊ မင်းတဲဆရာတော်၊ မန္တလာဆရာတော် တို့က “မောင်ရွှေကျင်ဆီသွားပါဟ”ဆိုပြီး ဘုန်းကြီး မဉ္ဇူကို လွှတ်လိုက်ပါတယ်။

ဘုန်းကြီးမဉ္ဇူက ရွှေကျင်ဆရာတော်ရဲ့တူ ကိုရင်ရာဓကို ခေါ်ပြီး ညတွင်းချင်းပဲ ရွှေကျင်ဆရာတော်ဆီ သွားပါတယ်၊ ရွှေကျင်ဆရာတော်ဆီ ရောက်ချိန်မှာ ည (၁၀)နာရီ ထိုးနေပါပြီ။

ရွှေကျင်ဆရာတော်ကို ဖြစ်စဉ်လျှောက်ပြတော့ “အင်း... အင်း ကိုယ်ကျိုးနဲလို့၊ ကိုယ်ကျိုးနဲလို့၊ ဖြစ်မှ ဖြစ်ရပလေ၊ ပြောတော့ သာသနာ့ ဒါယကာ၊ သာသနာ့ ဒါယကာနဲ့၊ သံဃာတွေသတ်ပစ်ရင် ရာဇ၀င်ရိုင်းတော့ မှာပဲ။ ကိုင်း ... ခုတော့ မိုးချုပ်ပြီ၊ ပြန်ကြဦး။ မနက်မှ ကြွခဲ့မယ်”လို့ မိန့်လိုက်ပါတယ်။

မနက်စောစောရောက်တော့ ရွှေကျင်ဆရာတော်ဘုရားက နန်းတော်ကို ကြွပြီး ဘုန်းကြီးသုံးပါးကို လွှတ်စေပါတယ်။ ပြီးတော့ မင်းတုန်းမင်းကြီးကိုလည်း မြည်တွန် ဆုံးမပြီး သြ၀ါဒ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရိက္ခာထက် ကိုယ်ကျင့်တရားကိုပဲ တစ်သက်လုံး ငဲ့ခဲ့တဲ့ ဆရာတော်ဘုရားရဲ့ ပုံရိပ်တွေကို ဖျက်လို့မရတဲ့ အက္ခရာတွေနဲ့ သမိုင်းမှာ ကမ္ပည်းထိုးထားကြပါတယ်။ သာသနာတည်နေသရွေ့ ဒီကမ္ပည်း အက္ခရာတွေဟာ ဘယ်တော့မှ ပျက်သွားမှာ မဟုတ်တော့ပါဘူး။

သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်တွေဟာ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်ပြီး၊ ရှောင်သင့် ရှောင်ထိုက်တာကို ရှောင်ရှားလေ့ရှိပါတယ်။

******

စဇေဓနံ အင်္ဂ၀ရဿ ဟေတု၊
အင်္ဂံ စဇေ ဇီဝိတံ ရက္ခမာနော။
အင်္ဂံဓနံ ဇီဝိတဉ္စာပိ သဗ္ဗံ၊
စဇေ နရော ဓမ္မမနုဿရန္တော။


ဒီဂါထာလေးက ငါးရာ့ငါးဆယ် မဟာသုတသောမ ဇာတ်ကလာတဲ့ ဂါထာလေးပါ။ စွန့်ရမယ့်အရာ အဆင့်ဆင့်ကို ပြထားတာပါ။

ပထမအဆင့်က လက်ခြေစတဲ့ အင်္ဂါနဲ့ ပစ္စည်းဝတ္ထု နှစ်ခုထဲက တစ်ခုခုကို စွန့်ဖို့ကြုံလာရင် ပစ္စည်းဝတ္ထု ကို စွန့်လိုက်ပါတဲ့။

ဥပမာ လမ်းမှာ လူဆိုး ဓားပြတွေနဲ့ တွေ့တဲ့အခါ ခန္ဓာကိုယ်ကို အနာမခံပါနဲ့။ ပစ္စည်းဝတ္ထုကို စွန့်လိုက်ဖို့ပါ။ ပစ္စည်းဝတ္ထုဆိုတာ အချိန်မရွေး ပြန်ရှာလို့ ရပါတယ်။

ဒုတိယအဆင့်က အသက်နဲ့ လက်ခြေစတဲ့ အင်္ဂါ တစ်ခုခု စွန့်ဖို့ ကြုံလာရင် လက်ခြေကို စွန့်လိုက်ပါတဲ့။

ဥပမာ ရောဂါ တစ်ခုခုဖြစ်လို့ ဆေးရုံတက်ရတဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဟာ ပျက်စီးနေတဲ့အတွက် စွန့်ဖို့ကြုံလာရင် အသက်ကိုငဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို စွန့်ရပါမယ်။

တတိယအဆင့်က ကိုယ်ကျင့်သိက္ခာပျက်စီးဖို့ အခွင့်ကြုံလာရင် ပစ္စည်းဥစ္စာ အင်္ဂါခြေလက် အားလုံး စွန့်လိုက်ပါ။ ကိုယ်ကျင့်သိက္ခာကိုတော့ လုံးဝ မစွန့်ပါနဲ့တဲ့။ လူတွေ ပြောပြောနေကြတဲ့ သိက္ခာကို ရိက္ခာနဲ့ မလဲဘူးဆိုတာ ဒီကလာတာပါ။

လောကကြီးမှာ မက်မောစရာ အာရုံတွေက အများကြီးဆိုတော့ ကိုယ်ကျင့်သိက္ခာကို မက်ပြီး အာရုံနောက်ကို လိုက်သွားမိတတ်ကြတာပါ။

ဆန်တစ်အိတ်၊ ဆီတစ်ပုံးနဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ ပုဆိုးတစ်ထည် လုံချည်တစ်ထည်နဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ နာမည်တစ်လုံးအတွက်နဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ ငွေတစ်ထောင် တစ်သောင်း တစ်သိန်းနဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့် သိက္ခာကို လဲလိုက်ကြတာပါပဲ။

အဲဒီလိုလူမျိုးဟာ လူကမသေသေးပေမယ့် ကိုယ်ကျင့်တရားကတော့ သေသွားပါပြီ။ ကိုယ်ကျင့်တရားသေနေတဲ့ လူတစ်ယောက်ကို သူ့ရဲ့ ၀တ္ထု ပစ္စည်းအရှိန်တွေကြောင့် အပြင်ပန်းက ပြုံးပြဆက်ဆံနေရပေမယ့် “ရိက္ခာနဲ့ သိက္ခာလဲသူကြီး၊ ကိုယ်ကျင့်တရားသေနေသူကြီး၊ ဘုရားအလိုတိုင်း မနေတဲ့သူကြီးရယ်”လို့ ရင်ထဲကတော့ ပြောနေကြမှာပါ။

ကိုယ်ကျင့်သိက္ခာနဲ့ လဲပြီး ရတဲ့ ပစ္စည်းတွေဟာ အပူစာတွေပါ။ ကိုယ့်ကံ၊ ကိုယ့်ဉာဏ်၊ ကိုယ့်ချွေး၊ ကိုယ့်သွေးနဲ့ ရင်းပြီး ရတဲ့ပစ္စည်း မဟုတ်တဲ့အတွက် ငြိမ်းချမ်းတဲ့ဘ၀ကို ဘယ်တော့မှ မရနိုင်ပါဘူး။ တစ်မျိုးမဟုတ် တစ်မျိုး လိုအပ်ချက်တွေနဲ့ ပူလောင်နေရမှာပါ။

မြတ်စွာဘုရားက ကိုယ်ကျင့်သိက္ခာနဲ့ အသက်ယှဉ်လာရင်တောင် အသက်ကို စွန့်ရမယ်။ ကိုယ်ကျင့်သိက္ခာကို ဘယ်တော့မှ မစွန့်ရဘူးလို့ ဟောထားတာဆိုတော့ ပစ္စည်းဝတ္ထုဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး။

ဗုဒ္ဓဘာသာမဟုတ်ပေမယ့် ဗုဒ္ဓရဲ့ အဆုံးအမကို မခံယူဖူးပေမယ့် ကမ္ဘာ့ရာဇ၀င်မှာ ကိုယ်ကျင့်သိက္ခာနဲ့ အသက်နဲ့ ယှဉ်လာရင် အသက်ကိုပဲ စွန့်သွားကြတဲ့ သာဓကတွေ အများကြီးပါ။

ကိုယ်ကျင့်သိက္ခာနဲ့ အသက်ကို လဲသွားတဲ့သူတွေကို နောင်ကျန်ခဲ့တဲ့ မျိုးဆက်တွေက အဆင့်ဆင့်လေးစားနေရဆဲပါ။ သမိုင်းစာမျက်နှာတွေမှာလည်း လက်ဆင့်ကမ်း ကမ္ပည်းထိုးလာခဲ့ကြတာ ဒီနေ့အထိပါပဲ။

ဒီလိုပါပဲ။ ကိုယ်ကျင့်သိက္ခာကို စွန့်ပြီး ပစ္စည်းဝတ္ထုတွေနောက် လိုက်သွားတဲ့သူတွေကိုလည်း သမိုင်းစာမျက်နှာမှာ ကမ္ပည်းတင်ထားကြပါတယ်။

“သေသွားတော့လည်း သိတော့တာမှ မဟုတ်တာ၊ သမိုင်းတွေ၊ ရာဇ၀င်တွေ၊ ကမ္ပည်းတွေ လာပြောမနေစမ်းပါနဲ့။ လက်ရှိပစ္စုပ္ပန်မှာပဲ ကောင်းကောင်းခံစားဖို့ပဲ အရေးကြီးတယ်”လို့ ပြောလာမယ်ဆိုရင်လည်း ကိုယ့်လုပ်ပိုင်ခွင့်နဲ့ ကိုယ်ပါပဲ။ ဒါပေမယ့် လုပ်ပိုင်ခွင့်ရဲ့ နောက်မှာ ကိုယ်ဉာဏ်မမီတဲ့ နောက်ဆက်တွဲအရာတွေ အများကြီး ရှိတယ်ဆိုတာရယ်၊ မြတ်စွာဘုရားအလိုကျ မဟုတ်ဘူးဆိုတာရယ်လေးကိုတော့ သိထားသင့်ပါတယ်။

အမြင့်ဆုံးဖြစ်တဲ့ အသက်အထိ တင်ပြောနေရပေမယ့် အသက်နဲ့ ယှဉ်ပြီး ဖြစ်ရတဲ့ အဆင့်အထိတော့ ဖြစ်ခဲကြပါတယ်။ အဖြစ်များနေကြတာက ပစ္စည်းဝတ္ထုတွေနဲ့ ရင်ဆိုင် ရင်ဆိုင်နေကြရတာပါ။ ပစ္စည်းဝတ္ထုနဲ့တင် ကိုယ်ကျင့်သိက္ခာကို စွန့်စွန့်နေကြတော့ တကယ်တမ်း အသက်နဲ့ယှဉ်လာရင်တောင် ချစ်တဲ့အသက်ကလေးကို စောင့်ရှောက်လိုက်တော့မှာပါ။

ရခဲလှတဲ့ လူ့ဘ၀ရခိုက်လေးမှာ ရပ်တည်ချက် မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ပစ္စည်းဝတ္ထုတွေကြောင့် ရပ်တည်ချက် ယိမ်းယိုင်ပြီး တောင်တောင်အီအီတွေပြော၊ တောင်တောင်အီအီတွေရေး၊ တောင်တောင်အီအီတွေ လုပ်နေမယ်ဆိုရင် ဘ၀ရဲ့ ကာလတစ်ခုမှာ ဓမ္မရဲ့ ဒဏ်ခတ်ခြင်းကို ခံရပါလိမ့်မယ်။ ဘာပဲပြောပြော ကိုယ့်ရဲ့ ရပ်တည်ချက်ဟာ အများအကျိုးရှိမှုကိုတော့ ရှေ့ရှုဦးတည်နေရပါမယ်။

တကယ်သေချာစဉ်းစားကြည့်ရင် ရခဲလှတဲ့ လူ့ဘ၀ကို ရထားတာပါ။ ရခဲတဲ့ လူ့ဘ၀ကို ရခိုက်လေးမှာ တကယ်လုပ်ရမယ့် အလုပ်ကို လုပ်မိလိုက်ဖို့ အရေးကြီးပါတယ်။ လူတစ်ယောက်မှာ အရေးအကြီးဆုံး တကယ်လုပ်ရမယ့် အလုပ်က ၀ိပဿနာတရား အားထုတ်ခြင်းပါပဲ။

ဝိပဿနာတရားကို တကယ်အားထုတ်လိုက်ရင် ကိုယ်တစ်ချိန်က အထင်ကြီးခဲ့တဲ့ ပစ္စည်းဝတ္ထုတွေဟာ အလကားဖြစ်သွားပါပြီ။ ပုထုဇဉ်ပီပီ ရှေ့မှာ မသိလို့ မေ့လို့ မှားခဲ့တာတွေတော့ ထားလိုက်ပါတော့။ တရားဆိုတာ နောက်ကျတယ်မရှိပါဘူး။ သိလိုက်တဲ့အချိန်ဟာ အဖိုးတန်ဆုံး အချိန်ပါ။ သိတာနဲ့ ကျင့်ပစ်လိုက်ဖို့ပါ။

ဝိပဿနာတရားသာ အားထုတ်ပစ်လိုက်စမ်းပါ။ အားထုတ်ရင်းနဲ့ပဲ ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတာ အသိဉာဏ်ထဲမှာ အလိုလိုပေါ်လာပါလိမ့်မယ်။ တကယ်တော့ သံသရာနဲ့ ချီပြောရင် ကိုယ်မခံစားဖူးတဲ့ စည်းစိမ်ဆိုတာ မရှိပါဘူး။ စကြ၀တေးမင်းစည်းစိမ်လည်း ခံစားဖူးတာပဲ။ ဘုရင့်စည်းစိမ်လည်း ခံစားဖူးတာပဲ။ မိဖုရားကြီးစည်းစိမ်လည်း ခံစားဖူးတာပဲ။ သူဌေးကြီး စည်းစိမ်လည်း ခံစားဖူးတာပဲ။ ဖြစ်ခဲ့တဲ့ဘ၀တွေကို မမှတ်မိတော့လို့သာပါ။

ဘာပဲပြောပြော လူ့ဘ၀ကို တကယ် ရ ထားတာပါ။ တကယ် ရ ထားခိုက်မှာ တကယ်လုပ်ရမယ့် အလုပ်ကလေးကို လုပ်ဖြစ်လိုက်ဖို့ပါပဲလေ။

ကျမ်းကိုး -

၁။ ရွှေကျင်နိကာယ သာသနာဝင်
ရွှေဟင်္သာဆရာတော် အရှင်ပဏ္ဍိတထေရ်။

၂။ ရွှေကျင်ဆရာတော်
ဦးမာနီတသိရီဘိဝံသ

အလင်းတန်းဂျာနယ်
၁၅.၈.၂၀၀၅။


မှတ်ချက် - ဤစာအုပ်ကို ကြိုက်နှစ်သက်သောကြောင့် ကျမ၏ Blog
တွင် ကူးယူဖော်ပြပါသည်။


စက်တင်ဘာလ ၁၀၊ ၂၀၀၇။

September 7, 2007

အသုပ်စုံ စားကြရအောင်

မနေ့က အိမ်ပြန်ရောက်တော့ ည ၉ နာရီကျော်နေပါပြီ။ ပထမတုန်းကတော့ ၂ ယောက်သား Mac Donald မှာပဲ ဘာဂါ ၀ယ်စားလိုက်မယ်လို့ စီစဉ်ထားတာ။ ဒါပေမယ့် လူ့စိတ်များ ပြောင်းချင်တော့ ချက်ချင်း။ ဘယ်ကဘယ်လို အသုပ်စုံ စားချင်တဲ့စိတ်ဝင်လာလည်း မသိဘူး။ ဒါနဲ့ပဲ အသုပ်စုံလုပ်ဖို့ လိုအပ်တာလေး ၀င်ဝယ်ပြီးတော့ အိမ်ပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်တာနဲ့ မနားနိုင်ဘူး။ မမောနိုင် မပန်းနိုင် တယောက်တည်း လှီးစရာရှိတာလှီး၊ ဆီချက်ချက်၊ အသုပ်အတွက် အချဉ်ရည်ဖျော်၊ ကြာဇံ၊ ခေါက်ဆွဲပြုတ်၊ ဟင်းခါးလေးလည်းပါဦး မှဆိုပြီး ဟင်းခါးအိုးတည်၊ အားလုံး ပြင်ဆင်ပြီးတော့ ည ၁၁ နာရီကျော်နေပါပြီ။ သူက ဓာတ်ပုံရိုက်ပေးလို့ ဒီပုံလေးတွေရလာတာ။ သူများလည်း သွားရည်ကျလို့.. (အဲ..ဟုတ်ပါဘူး။) ကြည့်ရအောင် တင်ပေးလိုက်ပါတယ်။


ဒီလိုလေး ပြင်ထားလိုက်တယ်။ ငံပြာရည်ပုလင်းတောင် ကျန်ခဲ့တယ်။ ဓာတ်ပုံထဲ မပါလာရရှာဘူး။


အသုပ်စုံလုပ်နည်းက လွယ်ပေမယ့် လုပ်ရတာ အမည်များတော့ အချိန်ကုန်ပြီး အလုပ်တော့ ရှုတ်တာပေါ့။ ဒါပေမယ့်လည်း ကောင်းကောင်းစားချင်ရင် အလုပ်ရှုတ်တော့ ခံနိုင်ရမယ်လေ။ အိမ်မှာလိုတော့ “မားမားရေ.. အသုပ်စားချင်တယ်” ဆိုရင် အရန်သင့် စားချင်လို့တော့ ဘယ်ရမလဲ။ ဒီတော့ ကိုယ့်ဘာသာစားချင်ရင် ကိုယ့်ဘာသာလုပ်ပေါ့။ ပင်ပန်းရင် ပင်ပန်းပါစေ။

အာလူးနဲ့ ပဲကြာဇံကို ပြုတ်ထားတုန်း ဂေါ်ဖီ၊ သခွားသီး၊ ကြက်သွန်နီ အဲဒါတွေကို အရင်လှီးထား။ ပဲပြားကြော်ပြီး ပိုတဲ့ဆီကို ကြက်သွန်ဖြူ ဆီချက် ချက်လိုက်တယ်။ မန်ကျီးသီးထဲကို ထန်းညှက်၂ တုံး ၃ တုံးလောက်ထည့် ရေစိမ်ထားလိုက်တယ်။ ပဲပင်ပေါက်ကိုတော့ ရေနည်းနည်းလေးထည့်၊ အိုးအဖုံးပိတ်ပြီး မီးအေးအေးနဲ့ နူးအောင်လုပ်ထားလိုက်ပြီး တအောင့်ကြာလို့ ပဲပင်ပေါက် နွမ်းလာပြီဆိုရင် ရေစစ်ထားလိုက်ယုံပဲ။ ပဲကြာဇံ၊ အာလူး ပြုတ်ထားတာ ရပြီဆိုရင် ပဲကြာဇံကို ရေစစ်၊ အာလူးကိုပါ အခွံနွှာပြီး လှီးထားလိုက်တယ်။ ခေါက်ဆွဲပြုတ်၊ ဆန်ကြာဇံပြုတ်။ ဆန်ကြာဇံကိုတော့ ပဲငံပြာရည် အနောက်ထည့်နယ်မှ အရောင်လှတယ်။ ဒါဆိုရင် အချဉ်ရည်ဖျော်ဖို့ပဲ ကျန်တော့တာပေါ့။ အဲဒီအချဉ်ရည်က စိတ်ကူးပေါက်သလို ထင်သလို လျှောက်လုပ်ထားတာ။ စားကြည့်တော့ အဆင်ပြေသွားတာနဲ့ နောက်ပိုင်းအဲဒီလိုပဲ ဖျော်စားဖြစ်တော့တယ်။ (ပြီးရင်တော့ ဗိုက်နာတာ တော်တော်ခံစားရတယ်.. )

အချဉ်ရည်ဖျော်မဲ့ ခွက်ထဲကို ငရုတ်သီးအစိမ်းမှုန့် (အရောင်တင်မှုန့်) နည်းနည်းထည့်၊ ဆီနည်းနည်းလေးပူအောင်လုပ်ပြီးရင် ဆီပူကို လောင်းထည့်လိုက်တယ်။ အမှန်က ဆီသတ်ရမှာ၊ နည်းနည်းပဲ လုပ်တာ၊ ဆီသတ်နေရင် အိုးကပ်တာနဲ့ မကာမိဘူးဆိုတော့ အပျင်းနည်းလုပ်လိုက်တာ။ အညှော်လည်းသက်သာတာပေါ့။ မန်ကျီးသီးရေစိမ်ထားတာကို အနှစ်ရအောင် လုပ်ပြီး ငရုတ်သီး ဆီသတ်တာနဲ့ရောလိုက်တယ်။ ငံပြာရည်၊ ငရုတ်ဆီ၊ ရှာလကာရည် နည်းနည်းဆီ သင့်သလို ရောသမမွှေ ပြီး နောက်ဆုံးမှ ကြက်သွန်ဖြူ ထောင်းထည့်လိုက်တာ။ နံနံပင်ရှိရင် နံနံပင်ထည့်လည်း ကောင်းတာပဲ။ အစပ် ကြိုက်တယ်ဆိုရင် ငရုတ်သီးစိမ်းလည်း ထည့်လို့ရတယ်။

အချဉ်ရည်ဖျော်နေတုန်း ဟင်းချိုအတွက် ရေနွေးတည်ထားရတာပေါ့။ ဆူမှ ပုဇွန်ခြောက်မှုန့်၊ ဂေါ်ဘီအရိုး အရွက်၊ ပဲပင်ပေါက် ကျက်ပြီးသာဟာ နည်းနည်း၊ ပဲကြာဇံ လည်း အဲဒီလိုပဲ ပြုတ်ပြီးသားဟာ ယူထည့်လိုက်တာပေါ့။ လိုသလို အပေါ့၊ အငန်မြည်းပြီးရင် နောက်ဆုံး ငရုတ်ကောင်း၊ ကြက်သွန်ဖြူ ထောင်းထည့်လိုက်ရင် အားလုံးပြည့်စုံသွားပါပြီ။ လိုအပ်တာတွေကို ဇကာထဲ စုပုံထားပြီး ငံပြာရည်၊ အချိုမှုန့်၊ ပဲမှုန့်လေး၊ ငရုတ်သီးအကျက်မှုန့် ပါ တစုထဲ စုထားလိုက်တယ်။



ဒါကတော့ အားလုံး နယ်ပြီးသားပေါ့။ ကဲ.. စားလို့ရပါပြီ။


အသုပ်သုပ်တိုင်း သတိရတာက အိမ်မှာဆိုရင် မောင်လေးက ပဲမှုန့် အာလူး များများထည့်ခိုင်းပြီး “မနု ငါ့ကို စီးစီးလေး သုပ်ပေးနော်” ဆိုပြီး ဘေးက တဖွဖွပြောတတ်တာ သတိရတယ်။ တစ်ခါတစ်လေ ရန်ကုန်မှာတုန်းက မားမား မအားရင် ကျမပဲ အားလုံးအတွက် မနက်စောစောထပြီး ပြင်ပေးရတာ။ သူတို့ (အဖေ၊အကို၊မောင်လေး) နိုးလာရင် အဆင်သင့်စားလို့ရအောင်ပေါ့။ အကိုနဲ့ မောင်ကို နောက်ချင်တော့ သူတို့ အားပါးတရ စားနေချိန်မှာ “ဟဲ့.. ဘယ်လိုလဲ ငါသုပ်ကျွေးတာ စားကောင်းလား” လို့မေးလိုက်တယ်။ သူတို့ကလည်း ကောင်းတယ် ဆိုပြီး ဆက်စားကြတယ်။ အဲဒီတော့မှ ကျမက “အေး ကောင်းမှာပေါ့ဟ။ အဲဒါတွေ လုပ်နေတုန်း ငါက မနက်အစောကြီးထပြီး လုပ်ထားတာဆိုတော့ မျက်နှာမသစ်ပဲ လုပ်ထားတာ.. အဲဒါကို နင်တို့က စားကောင်းတယ်.. ဟုတ်လား”ဆိုပြီး ပြောရင် သူတို့တွေ ကျမကို ပြောပါလေရော.. “ဟင်.. နင်အကျင့်ပုပ်လှချည်လား၊ သူများစားနေတာကို.. ” ဘာညာဆိုပြီး အကိုက တမျိုး ကောင်းချီးပေးလိုက် မောင်က တစ်မျိုး ကောင်းချီးပေးလိုက်နဲ့ တော်တော်ပျော်ဖို့ကောင်းတယ် ဆိုတာ အသုပ်သုပ်စားတိုင်း သတိရမိတယ်။

“ကိုကြီးနဲ့ ညီညီရေ.. ငါတို့ အဲဒီလိုပြန်နေရဖို့ မလွယ်တော့ဘူးနော်။ ဒီတခါ ငါသုတ်ထားတာက ညဘက်ကြီးပါဟ။ နင်တို့ ဓာတ်ပုံကြည့်ပြီး စားလိုက်နော်။ ပြီးရင် ကောင်းတယ်ပြောပေး။ သိလား။ ”

စက်တင်ဘာ ၈၊ ၂၀၀၇။

September 6, 2007

ဘယ်လိုနှုတ်ဆက်ကြမလဲ?

ဂျပန်လူမျိုးတွေ နေ့စဉ်သုံးတဲ့ အပြောအဆို၊ သူတို့အပြုအမူတွေ ကို သိသလောက် ပြောပြချင်တာရယ် ပြီးတော့ ဘယ်နေရာ ဘယ်နိုင်ငံမဆို ကောင်းတာရှိသလို ဆိုးတာလည်း ရှိတယ်လို့ ခံစားမိတာကြောင့် ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ တချို့အကြောင်းအရာတွေဆိုရင် မြန်မာအယူအဆနဲ့ တော်တော်နီးစပ်တာမျိုးလည်း ရှိပါတယ်။ ကျမ နေရတဲ့ ပတ်ဝန်းကျင်မှာ မြင်တွေ့ခံစားရတာ သက်သက်ကိုပဲ ရေးတာပါ။

ကျမ ဂျပန်ကိုမလာခင်က လမ်းလျှောက်ရင် ခါးနည်းနည်းကိုင်းတယ် (ကိုယ့်ဘာသာကိုယ် လျော့ရေးထားတာ.. အမှန်က ခါးကုန်းတာပေါ့) အဲဒါဆိုတော့ လမ်းလျှောက်ပြီဆိုရင် နည်းနည်းတော့ သတိထားပြီး မတ်မတ် လျှောက်ဖြစ်တယ်။ ဒါကလည်း ၁၀ ခါလောက်မှ သတိရပြီး ၁ ခါလောက်မတ် ဖြစ်တာပါ။

ဒါပေမယ့် ဒီရောက်ပြီဆိုရင်တော့ ခါးကမကုန်းချင်လည်း ကုန်းရတာပဲလေ။ သူတို့က နှုတ်ဆက်ပြီဆိုတာနဲ့ ခါးကုန်း၊ ခေါင်းငုံ့ပြီးမှ နှုတ်ဆက်တတ်တာကိုး။ အလုပ်ထဲမှာဆိုရင် တွေ့ပြီဆိုတာနဲ့ Ohayou gozaimasu (အိုဟရိုး ဂိုဇိုင်းမတ်စ်) ဆိုပြီး အချင်းချင်း သိသိ မသိသိ တရုံးထဲ တွေ့တာနဲ့ နှုတ်ဆက်ကြတယ်။ Good Morning ပေါ့။ ကိုယ်ကလည်း ရုပ်တည်လေးနဲ့ “Ohayou gozaimasu” လို့ ပြန်နှုတ်ဆက်ရတော့တာပေါ့။ မနက်ပိုင်းရုံးရောက်ပြီဆိုရင် အဲဒီစကားက စပြီး ကြားနေရပြီ။

မနက်ပိုင်းပြီးတာနဲ့ နောက်ပိုင်းကို Otuskaresamadesu (အိုဆုကရဲစမဒဲ့စ်) ဆိုပြီး နှုတ်ဆက်ကြတယ်။ ရုံးက မပြန်ခင်အချိန်ထိပဲဆိုပါတော့။ အဲဒီတော့လည်း ကိုယ်တွေက အလိုက်အထိုက်ပေါ့.. (အရင်တုန်းကတော့ အဓိပ္ပါယ် မသိဘူးလေ။ ဒါနဲ့ သူတို့ ဘာပြောတာလဲ တချိန်လုံး တွေ့တိုင်း ဒါပဲ ပြောနေတာပဲလို့ သိတဲ့သူကို မေးကြည့်ရသေးတယ်။ မြန်မာလိုဆိုရင် “ပင်ပန်းသွားပြီ်လား” ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဆရာမကို အဓိပ္ပါယ်အတိအကျမေးတော့ သူလည်း မဖြေတတ်ဘူး။ အမျိုးမျိုး သုံးတယ်ဆိုတာလောက်ပဲ ရှင်းပြတယ်)။

ကျမတို့ကတော့ ရုံးက ပြန်ပြီဆိုရင် ကိုယ်ဘာသာကိုယ်ပဲ ပြန်လိုက်တာပါပဲ။ ဒါပေမယ့် ဓာတ်လှေကားမှာဆုံရင်ပဲဖြစ်ဖြစ်၊ လမ်းအတူလျှောက်လာပြီးမှ လမ်းခွဲခါနီးပဲဖြစ်ဖြစ် နှုတ်ဆက်ရင်တော့ “Otuskaresamadesu” ပြောလေ့ရှိပါတယ်။ တခါတလေလည်း sayonara (ဆာရိုးနရ- Good bye)ပေါ့။ ဒါတွေက ကျမ ရုံးမှာ နေ့စဉ် ကြုံနေရတဲ့ ဂျပန်စကားတွေပါ။ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး သင့်သလို နှုတ်ဆက်တတ်ကြပါသေးတယ်။ နေ့ခင်းဆိုရင် konichiwa (ခွန်နိချိဝ)၊ ညဘက်ဆိုရင် konbanwa (ခွန်ဘန်းဝ) စသည်ဖြင့်ပေါ့လေ။ konnichiwa ကတော့ Hello ပေါ့။ မနက် ၁၀နာရီလောက်ကစပြီး ညနေစောင်းအထိ သုံးလို့ရတယ်လို့တော့ စာအုပ်ထဲ ဖတ်ဖူးတယ်။ konbanwa ကတော့ Good evening ။ (ဂျပန်စာကို အရမ်းကျွမ်းကျင်လို့ ပြောနေတာမဟုတ်ပါဘူး။ တချို့အသုံးတွေက မြန်မာလို အတိအကျဘာသာပြန်ရ ခက်လို့ ဆိုလိုရင်းလောက်ပဲ ထည့်ရေးထားတာပါ။)

ဂျပန်သူငယ်ချင်းတွေကလည်း မြန်မာပြည်မှာ ဘယ်လိုနှုတ်ဆက်ကြလဲဆိုတာ ပြန်သိချင်လာပြန်ရောပေါ့။ ဒီတော့ မှတ်မိလွယ်ပြီး ယဉ်ကျေးတဲ့သဘောလည်းပါအောင် “မင်္ဂလာပါ” လို့နှုတ်ဆက်တယ်။ တို့ဆီမှာက မနက်တစ်မျိုး၊ ညတစ်မျိုး၊ နေ့လည်တစ်မျိုးတော့ နှုတ်ဆက်လေ့မရှိကြဘူး။ အရမ်း ရင်းနှီးရင်တော့ “ထမင်းစားပြီးပြီလား၊ ဘာဟင်းချက်လဲ” ဆိုပြီး မေးတတ်တယ်၊ မတွေ့တာ ကြာရင်လည်း “နေကောင်းလား၊ မတွေ့ရတာ ကြာပြီနော်”ဆိုပြီး နှုတ်ဆက်တတ်ကြတယ်၊ သူငယ်ချင်း အချင်းချင်းဆိုရင်တော့ တကူးတက မနှုတ်ဆက်ကြဘူး။ ပြီးတော့ သိပ်မခင်ရင်လည်း ပြုံးပြ၊ ခေါင်းညိတ်ပြ အဲဒီလောက်ပဲ နှုတ်ဆက်တတ်တယ် ဆိုပြီး ပြောပြရတော့တာပေါ့။

Blog ကမ္ဘာမှာလည်း အချင်းချင်း ခင်မင်ကြတယ်ဆိုရင် တစ်ယောက်ရဲ့ CBox မှာ တစ်ယောက်က နောက်တာလေးတွေနဲ့ နှုတ်ဆက်တတ်ကြသေးတာပဲနော်။ ပြီးတော့လည်း လာလည်တယ်တို့။ ခံစားသွားတယ်။ ပို့စ်အသစ်တွေ ဖတ်သွားတယ်၊ ငြိမ်လှချည်လား၊ အသစ်မတင်ဘူးလား၊ အာဘွား အစရှိသဖြင့် ကိုယ်အားသန်သလို သင့်တော်သလို နှုတ်ဆက်တတ်ကြတာဆိုတော့ ဘာပဲပြောပြော မြန်မာတွေ အချင်းချင်း နှုတ်ဆက်တယ်ဆိုတာ တစ်ဦးနဲ့တစ်ဦး ဘယ်လောက် ခင်မင်ကြသလဲဆိုတာ ပြသတာပါပဲ။ ရင်ထဲက ခံစားချက်ပါတယ်။ အပေါ်ယံနှုတ်ဖျားက လာတာမဟုတ်ဘူးဆိုတာ တဖက်သားကလည်း ခံစားလို့ရတယ်လေ။ ဒီလိုစာမျိုးလေးတွေ CBox မှာဖတ်ရရင် အိမ်ရှင် (ဘလော့ခ်ပိုင်ရှင်)၊ ဧည့်သည် (လာလည်သူ) အပြန်အလှန် စကားပြောထားတာလေးတွေကို တစ်ယောက်တည်း ဖတ်ရင်း ရီလိုက်၊ ပြုံးလိုက် နဲ့ သူတို့လေးတွေရဲ့ အပျော်က ကိုယ့်ဆီပါ ရောက်လာသလိုပေါ့။ သူတို့ အချင်းချင်း နှုတ်ဆက်တဲ့ စာသားတွေကတဆင့် ခင်မင်မှုကို ခံစားလို့ရတယ်လေ။

ဒီမှာကတော့ ထုံးစံတခုလိုမျိုး နှုတ်ဆက်ကြတာဆိုတော့ သူတို့က ခပ်တည်တည်ဆိုရင် ဒီကလည်း ခပ်တည်တည်ပဲ။ သူက နှုတ်ဆက်ရင်တော့ ကိုယ်ကလည်း ပြန်နှုတ်ဆက်လိုက်တာပေါ့။ သူက ခေါင်းညိတ်တာလောက် ဆိုရင် ကိုယ်ကလည်း ခေါင်းညိတ်လောက်ပဲ လုပ်နိုင်မယ်။ ဒီထက်တော့ လောကွတ်ချော်ပြီး မပြုံးပြပါဘူး။ တချို့ဆိုရင် လူကိုတောင် ကြည့်တာမဟုတ်ဘူး။ ပါးစပ်ကသာ နှုတ်ဆက်စကားက အလိုလို ထွက်လာကြတာ။ ရင်ထဲက ပါတာမဟုတ်ဘူး။ ပေါ့ပျက်ပျက်နဲ့။ တာဝန်တခုလို လုပ်နေကြတာပဲ။ ကိုယ်တွေကလည်း ဒီပတ်ဝန်းကျင်မှာ နေသား မကျသေးတာလည်း ပါမှာပေါ့လေ။ သူတို့အချင်းချင်းဆိုရင်တော့ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြမှာပေါ့။ ရှားပါတယ်။ တကယ်ကူညီပြီး၊ တကယ်ခင်ဖို့ကောင်းတဲ့ သူတွေလည်း ရှိပါတယ်။ လူအမျိုးမျိုး စိတ်အမျိုးမျိုးဆိုတော့ ထူးပြီးလည်း ခံစားမနေတော့ပါဘူး။ ဘယ်နေရာမှာပဲ နေရ နေရ မတတ်သာလို့ နေရတဲ့အခိုက်လေးမှာ အားလုံးနဲ့ အဆင်ပြေအောင် ၊ နေတတ်အောင် နေမယ်ဆိုပြီး စိတ်ထားလိုက်တော့ စိတ်မပင်ပန်းတော့ဘူးပေါ့။


စက်တင်ဘာ ၀၆၊ ၂၀၀၇။

September 2, 2007

Takoyaki Video

Takoyaki နဲ့ ပတ်သက်တဲ့ Video ကို YouTube မှာတွေ့လို့ တင်ပေးလိုက်ပါတယ်။


စက်တင်ဘာ ၂၊ ၂၀၀၇။

Takoyaki Party

ဂျပန်စာ သင်ပေးတဲ့ ဆရာ၊ ဆရာမတွေက မနေ့က ဂျပန်မုန့်တစ်မျိုးလုပ်ကျွေးမယ်ဆိုပြီး ချိန်းထားတာနဲ့ နေ့လည် ၁၂ နာရီလောက်ကျတော့ အိမ်ကိုရောက်လာကြတယ်။ ခဏတဖြုတ်နားပြီးတာနဲ့ အိမ်နားမှာရှိတဲ့ Department Store ကို ဈေး သွားဝယ်ကြတာပေါ့။ ကိုယ်ကလည်း ဘာပစ္စည်းတွေ လိုမယ်ဆိုတာ မသိတော့ ကြိုတင်ပြီး ၀ယ်မထားပေးခဲ့နိုင်ဘူး။ ဒါကြောင့် သူတို့နဲ့ပဲ အတူသွားဝယ်ဖြစ်ခဲ့တယ်။

သူတို့ လုပ်ကျွေးမဲ့မုန့်က Takoyaki (တာကိုရကိ) ပါ။ Osaka ဘက်မှာတော့ Takoyaki ဆိုင်တွေ များသလို ပိုပြီးလည်း စားလို့ကောင်းတယ်၊ နာမည်လည်းကြီးတယ်လို့ ဆရာမက ပြောပြပါတယ်။ နောက်ပြီး Osaka ကလူတွေကတော့ Takoyaki ကို ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ လုပ်စားကြတာများတယ်။ Takoyaki လုပ်ရင် သုံးတဲ့ အိုးကို အိမ်တိုင်းမှာ ၀ယ်ထားလေ့ရှိတယ်လို့လည်း ပြောပြပါတယ်။ ဒါကြောင့်လည်း Osaka သူစစ်စစ် ဆရာမက မုန့်လုပ်ဖို့အိုးကို သူ့အိမ်မှာရှိတဲ့ဟာ ယူလာပေးတာပါ။ Takoyaki မုန့်ကို မြန်မာလို လွယ်လွယ်ခေါ်ရင်တော့ ရေဘ၀ဲမုန့်ပေါ့။ YouTube မှာတော့ Octopus Ball လို့ခေါ်ထားတာပဲ။ Tako ရဲ့ အဓိပ္ပါယ်က ရေဘ၀ဲပါ။ yaki ဆိုတာကတော့ grill လုပ်ထားတာကိုခေါ်ပေမယ့် ဒီမှာကျတော့ မုန့်ကို အပူပေးပြီး လုပ်ထားတာပါပဲ။

မုန့်လုပ်ဖို့ လိုအပ်တာတွေကတော့ ရေဘ၀ဲ၊ မုန့်နှစ်လုပ်ဖို့ အမှုန့်၊ ဂျင်းနဲ့ ရှာလကာရည် စိမ်ထားတာ၊ ကြက်သွန်မိတ်၊ ပင်လယ်ရေညှိအခြောက်ကို အမှုန့်လုပ်ထားတဲ့ဟာ၊ Takoyaki sauce, mayonnaise၊ Cheese ၁ထုပ်၊ ပြီးတော့ ဂျပန်တွေ စားလေ့ရှိတဲ့ jelly တစ်မျိုးလည်းပါပါတယ်။ အဲဒါတွေက အဓိက ပစ္စည်းတွေပါပဲ။ ဂျပန်မုန့်လုပ်စားတာဆိုတော့ လိုအပ်တဲ့ ပစ္စည်းတွေက အရံသင့် ရှိပြီးသားတွေကို ၀ယ်လိုက်ယုံပါပဲ။ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ လုပ်ရတာ မပါ ပါဘူး။ အရင်ကတော့ စားချင်ရင် ဆိုင်မှာဝယ်စားလိုက်တာပဲ။ အခု ဒီမုန့်လုပ်နည်းသိသွားတော့လည်း တော်တော် လွယ်ပါတယ်။

ဂျပန်ဆရာက ယောင်္ကျားလေးပေမယ့် မုန့်လုပ်ဖို့အတွက် သူဘာသာသူပဲ ပြင်ပါတယ်။ မုန့်အနှစ်လည်း သူ့ဘာသာသူ စပ်တယ်။ လှီးစရာ ရှိတာလည်း သူဘဲ လှီးတယ်။ ကျမနဲ့ ဆရာမတွေကတော့ Blog တွေ လျှောက်သွားပြီး မြန်မာပြည်က ရှုခင်းပုံတွေ ပြရင်း အလုပ်ရှုတ်နေကြတာပါ။ မိန်းခလေးတွေ ဘာမှ လုပ်ပေးစရာ မလိုပါဘူး။ (ဒီတစ်ခါ အသက်သာဆုံးပဲ။ သူက အားလုံးပြီးတော့လည်း ပန်းကန်တွေ ဆေးကြောသွားပေးသေးတယ်လေ။ )

ဒါကတော့ မုန့်မလုပ်ခင် ပစ္စည်းတွေပေါ့။




ဆရာက ခေါင်းကို မျက်နှာသုတ်ပုဝါကြီးစီးပြီးတော့ ရေဘ၀ဲတွေ စပြီးလှီးတော့တာပဲ။ အခုလှီးနေတာကတော့ ဂျပန် Jelly လိုမျိုးကို လှီးနေတာပါ။ သူတို့ခေါ်တာကတော့ Konnyaku (ကွန်ညခု)တဲ့။


စစချင်း မုန့်လုပ်တဲ့အိုးလေးကို ပူလာအောင် ပလပ်ပေါက်ထိုးထားလိုက်ပြီး အိုးပူလာတော့ ဆီလိုက်သုတ်ထားရတယ်။ ပြီးရင် မုန့်အနှစ်ရယ် ကြက်ဥရယ် ဖျော်ထားတာကို အိုးထဲ လိုက်ဖြည့်လိုက်တာ။ ဆရာမ တစ်ယောက်က ရေဘ၀ဲ၊ Jelly တုံး၊ ကြက်သွန်မိတ် ၊ ဂျင်း၊ လှီးထားပြီးသားတွေ လိုက်ဖြူးပေးတယ်။


တအောင့်ကြာရင် တုတ်ချောင်းလေးတွေနဲ့ လိုက်မွှေပေးတာ ပျော်စရာ။ အလုံးလေးဖြစ်အောင် လှည့်မွှေပြီး တဖက်ပြန်လှန်ရတယ်။ မလုပ်တတ်ခင်တော့ တုတ်နဲ့ လျှောက်ဆွထားတာ ပွပေကုန်တာပေါ့။ နောက်ပိုင်းမှ အဆင်ပြေသွားတယ်။




ကျက်ပြီဆိုရင် မုန့်လုံးလေးတွေကို ပန်းကန်ပြားထဲထည့်လိုက်ပြီး အပေါ်က Takoyaki sauce (အညိုရောင်အနှစ်)၊ mayonnaise စမ်းပြီး အပေါ်ဆုံးကမှ ရေညှိအခြောက်မှုန့်လေး ဖြူးပြီးရင် စားလို့ရပြီ။



ဆိုင်မှာစားမယ်ဆိုရင်တော့ ဒီလို ပုံစံလေး စားရတယ်။

စက်တင်ဘာ ၂၊ ၂၀၀၇။

September 1, 2007

Sushi မကြိုက်တဲ့ ကျမ (သို့မဟုတ်) လူမိုက်

အမှန်အတိုင်း ပြောရရင် ကျမ Sushi လည်း မကြိုက်ဘူး။ Sashimi လည်း မကြိုက်ဘူး။ Sushi ကြိုက်တဲ့ သူငယ်ချင်းကတော့ ကျမကို “ဒီလောက်ကောင်းတဲ့ အစားအစာကို မကြိုက်တာ လူမိုက်တဲ့။ ဂျပန်မှာ လွယ်လွယ်ဝယ်စားလို့ရနေတော့ မကြိုက်တာပါ” ဆိုပြီး ကောင်းချီးပေးဖူးပါတယ်။

ဂျပန်ရောက်ခါစတုန်းကလည်း Sushi စားဖူးတယ်ရှိအောင် ဆိုင်မှာသွားစားခဲ့တာပါ။ ကျမသွားစားခဲ့တဲ့ ဆိုင်မှာကျတော့ Sushi ထည့်ထားတဲ့ ပန်းကန်ပြားလေးတွေက ထိုင်တဲ့လူတွေရှေ့ကနေ ဖြတ်ပြီး သွားနေတာ၊ ကိုယ်စားချင်တာဆိုရင် လှမ်းဆွဲပြီး စားလိုက်ယုံပါပဲ။ စားပြီးမှ ပန်းကန်ပြားလေးတွေကို ငွေရှင်း ကောင်တာဆီယူသွားပြီး ကျသင့်ငွေရှင်းပေးရတာပါ။ အဲဒီတုန်းကလည်း ၁ခု ၂ခုလောက်ပဲ စားနိုင်ခဲ့တယ်။ နောက်ပိုင်း ဆက်စားလို့မရတော့တာနဲ့ အသားကျက်မယ်ထင်တာလေးတွေပဲ ရွေးယူပြီး စားခဲ့ရတာ မှတ်မိသေးတယ်။ ဆိုင်မှာက ဂျင်းနုနုလေးတွေကို ရှာလကာရည်ထဲ ထည့်စိမ်ထားတဲ့ဟာနဲ့ တွဲစားရတာ၊ အဲဒါ Sushi သိပ်မစားဖြစ်ပဲ ဂျင်းဖတ်က ပိုစားကောင်းတာနဲ့ ဂျင်းဖတ်ပဲ အများကြီး စားဖြစ်ခဲ့တယ်။

နောက်ပြီး ရုံးကနေ ဂျပန်စာ ခေါ်သင်ပေးတဲ့ ဆရာမကြီး အိမ်လာလည်တုန်း ကျမတို့ မြန်မာမိန်းကလေးတွေက မုန့်ဟင်းခါး၊ ကြာဇံချက် နည်းနည်းချင်းစီ ချက်ပြီး ဆရာမကြီးကို မြန်မာအစားအစာ လုပ်ကျွေးကြတယ်။ သူကတော့ စားကောင်းတယ် စားကောင်းတယ်ဆိုပြီး ကျမတို့ ချက်ကျွေးသမျှ စားရှာတယ်။ ကျမတို့အတွက် Sushi set ကို ဗန်းလိုက်ဝယ်လာပေးတာလည်း အများကြီးပဲ။ ဈေးလည်းအတော်ကြီးမဲ့ပုံ။ ထမင်းဆုပ်ပေါ်က ငါးဥကြီးတွေကလည်း တော်တော်ကြီးတယ်။ ပဲငံပြာရည်နဲ့တို့စားတာ ကြိုက်တဲ့သူအတွက်တော့ ကောင်းတယ်ပြောပေမယ့် ကျမ ကြိုးစားပြီး စားကြည့်တာ ငါးဥက ပါးစပ်ထဲမှာ ပေါက်သွားရင် ညှီတဲ့အနံ့ကို ဘယ်လိုမှ မခံနိုင်ဘူး။ အဲဒီကတည်းက ဘယ်တော့မှ Sushi မစားဖြစ်တော့တာ အခုထိပါပဲ။

Sashimi စားတုန်းကလည်း အဲဒီလိုပဲ။ ငါးအစိမ်းတွေ ပါးစပ်ထဲထည့်လိုက်ပြီးရင် အေးစက်စက်နဲ့ အစိမ်းကြီး စားနေရပါလားဆိုတဲ့အသိကြောင့် ဆက်စားလို့ မရတော့ဘူး။ ပြီးတော့လည်း အသားစိမ်းဆိုတာ တစ်ခါမှ မစားဖူးတော့ စားရင်းက ပြန်ထွေးထုတ်ပစ်ချင်တဲ့ စိတ်ကို မနည်းထိန်းချုပ်ထားခဲ့ရတယ်။ ဘေးနားက အချိုရည်နဲ့ မြန်မြန်မျောချခဲ့ရဖူးတယ်။ နောက်ပြီး ပထမ တစ်ခါ မြန်မာပြည်ပြန်ခါနီးတော့ ရုံးက လူတွေက ကျမတို့ကို Farewell party လုပ်ပေးခဲ့တယ်။ အဲဒီမှာ တမင်ပဲ Sashimi မှာပေးတယ်။ မပြန်ခင် စားသွားရအောင် သူတို့ကတော့ စေတနာနဲ့မှာပေးတာပါပဲ။ ဈေးကြီးပေးရတာ သိပေမယ့် ကျမ တို့တောင် မတို့ခဲ့ဘူး။

ဂျပန်တွေက Sushi ကို ပုံစံအမျိုးမျိုး လုပ်စားကြတယ်။ ထမင်းပူပူထဲကို ရှာလကာရှည်၊ ဆား၊ သကြားထည့်နယ်ထားပြီး အသား၊ ငါး၊ ပင်လယ်စာ၊ အသီးအရွက် (အများအားဖြင့် သခွားသီးပေါ့)၊ ကြက်ဥ၊ ငါးဥ ၊ ပင်လယ်ရေညှိအခြောက် အဲဒါတွေနဲ့သင့်သလို စားကြတာပဲ။ ရှာလကာရည်နဲ့ ထမင်းပါပြီဆိုရင်ပဲ Sushi လို့ခေါ်ကြတယ်။

ကိုယ်က မြန်မာပါးစပ်မို့လို့ အသားစိမ်း၊ ငါးစိမ်း စားမရလို့ Sushi တို့ Sashimi တို့ မကြိုက်တာမှန်ပေမယ့် သူငယ်ချင်း ဂျပန်မ စစ်စစ်က သူလည်း အသားစိမ်း၊ ငါးစိမ်း စားမရလို့ Sushi နဲ့ Sashimi ကို မကြိုက်ဘူးတဲ့။ သူပြောတာ ကြားခါစက အရမ်းအံ့သြမိတာပေါ့။ ဘယ့်နှယ် ဂျပန်မက သူတို့ စားနေကြ အစားအစာကို မကြိုက်ဘူး ရှိရတယ်လို့။ ဒါနဲ့ကျမလည်း အဖော်ရပြီဆိုပြီး တိတ်တိတ်လေး ပျော်သွားတယ်။ “အမယ်... တယ်ဟုတ်ပါလား..ငါတစ်ယောက်ထဲ အကောင်းမကြိုက်တာမဟုတ်ဘူး။ သူ ဂျပန်စစ်စစ်ကလည်း မကြိုက်ဘူး။ ဒါဆို သူလည်း လူမိုက်ပေါ့။ အမိုက် အမိုက်ချင်းပေါင်းမိပြီ” ဆိုပြီး ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိလိုက်သေးတယ်။

အခု ဂျပန်စာ သင်ပေးတဲ့ဆရာကလည်း Sushi ဆိုင်မှာ အလုပ်လုပ်ဖူးတော့ သူလည်း ထမင်းရယ် ရှာလကာရည် ရောနယ်ထားတဲ့အနံ့ကို လုံးဝမကြိုက်ဘူးတဲ့။ အဲဒီ အနံ့မခံနိုင်တဲ့သူက Sushi ဆိုင်မှာ အလုပ်လုပ်ခဲ့ရတယ်ဆိုတာ ပြောပြလို့ ရီခဲ့ရသေးတယ်။ ကျမတို့ မြန်မာ လူမျိုးထဲမှာကိုပဲ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ၊ အသုပ်စုံ မကြိုက်တဲ့သူ ရှိသေးတာပဲဆိုတော့ သူတို့ဂျပန်လူမျိုး Sushi မကြိုက်တာ ဆန်းတော့ မဆန်းဘူးပေါ့လေ။

ကျမလည်း Sushi ကို ကြိုးစားပြီး စားကြည့်မယ်ဆိုတဲ့ စိတ်ကူးတော့ ခဏခဏ ရမိသား။ ဘယ်တော့မှ ဒီလို အစားအစာမျိုးကို ကြိုက်လာမလဲတော့ မပြောတတ်တော့ပါဘူး။ လူ့စိတ်ဆိုတာကလည်း ပြောင်းလဲတတ်တာဆိုတော့ အခုမကြိုက်ပေမယ့် နောင်တစ်ချိန် ကြိုက်ချင်ကြိုက်လာနိုင်တာပဲ မဟုတ်လား။ ကိုယ်ကြိုက်လာတဲ့ အချိန်မှာ စားချင်တဲ့ အရာကို အလွယ်တကူ ၀ယ်လို့ ရနေပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့လေ။

ကြုံကြိုက်တုန်းတော့ ပြီးခဲ့တဲ့ တပတ်က ဂျပန်စာ ဆရာမကို Sushi လုပ်နည်းလေး သင်ပေးပါလို့ တောင်းဆိုလိုက်တယ်။ ဆရာမက ဒီလာမဲ့အပတ်မှာတော့ ဂျပန်မုန့်တမျိုး လုပ်ကျွေးမယ်တဲ့။ နောက်တစ်ခါဆိုရင်တော့ လုပ်လို့လည်း လွယ်ပြီး ဘယ်နေရာမှာမဆို ၀ယ်လို့ရတဲ့ ပစ္စည်းတွေနဲ့ လုပ်တဲ့ Sushi လုပ်နည်းပြောပြပေးမယ်လို့ ပြောပါတယ်။ Sushi မစားခင် သူတို့ ဂျပန်ရိုးရာ Sushi စားတဲ့ ထုံးစံလေးကို YouTube မှာ တင်ထားတာ ခဏကြည့်လိုက်ကြပါစို့။




စက်တင်ဘာ ၁၊ ၂၀၀၇။