September 14, 2007

ဂျပန်နိုင်ငံရှိ ရွှေတိဂုံဘုရား ပုံတူစေတီ

ကျမတို့ ဂျပန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ကျမဦးလေးကတဆင့် သူ့သူငယ်ချင်းလင်မယားနဲ့ သိကျွမ်းခဲ့ရပါတယ်။ အန်ကယ်က Kagoshima University မှာ Professor အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး YIT ကျောင်းသားဟောင်းတစ်ဦးပါ။ ဂျပန်ကို ရောက်နေတာ ၁၉ နှစ်တောင်ရှိနေပါပြီ။ အပြင်မှာ မတွေ့ဖူး မမြင်ဖူးကြပေမယ့် ဖုန်း၊ Email နဲ့ပဲ ဆက်သွယ်ရင်း ခင်မင်နေကြတာပါ။

ဟိုတရက်ကတော့ အန်ကယ်နဲ့ဖုန်းပြောဖြစ်ရာက အခု Kagoshima မှာရွှေတိဂုံဘုရားပုံတူ စေတီတစ်ဆူ တည်မှာဖြစ်တဲ့အတွက် လက်လှမ်းမ်ီသလောက် ဂျပန်မှာရောက်နေတဲ့ ခင်မင်ရင်းနှီးသူတွေကို ကုသိုလ်ဒါန ပါဝင်ဖို့ ပြောပါတယ်။ ကျမတို့လည်း ကြုံတောင့်ကြုံခဲ ဖြစ်တာမို့ အလှူဒါနပြုချင်ပါတယ်လို့ ပြောလိုက်ပါတယ်။ အန်ကယ်က ဘုရားသမိုင်းနဲ့တကွ အလှူငွေလွှဲဖို့ စာရွက်စာတမ်းတွေ ပြီးခဲ့တဲ့အပတ်က ပို့ပေးလိုက်တာ ဒီနေ့ ရောက်လာတာကြောင့် အားလုံးလည်း သိရအောင် Blog မှာ တင်ပေးလိုက်ပါတယ်။ Google Group မှာလည်း “Myanmar in Kagoshima” ဆိုပြီး ရှာရင် ဘုရားတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို သိနိုင်ပါတယ်။
ရက်စွဲ၊ ၂၀၀၇ ခုနှစ်၊ ဇန္န၀ါရီလ ၁ ရက်။

ဗုဒ္ဓဘာသာနွယ်ဝင်သူတော်စင်အပေါင်းတို့ ခင်ဗျား-

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလမှစ၍ မြန်မာနိုင်ငံ ရှမ်းပြည်နယ် တောင်တန်းဒေသများတွင် တိုင်းရင်းသား ကလေးသူငယ်များအတွက် မူလတန်းကျောင်း (၃၀) ကို တည်ဆောက်ပေးခဲ့ပြီး၊ ကျောင်းသူ/သား တစ်ထောင်ကျော်ခန့်ကို ပညာသင်ထောက်ပံ့ကြေးများ ပေးလှူခဲ့ပါသည်။ ထို့အပြင် ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော ဂျပန်စစ်သည်များအား ရည်စူး၍ ပအိုဝ့်ဒေသတွင် ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် စေတီတော်တစ်ဆူကိုလည်း တည်ဆောက်လှူဒါန်းခဲ့ပါသည်။

လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်မှစ၍ Kitakyushu မြို့၊ Mekari ဥယျာဉ်တွင် ကမ္ဘာအေး အမည်ရှိ စေတီတော် တစ်ဆူတည်ရှိခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ Kagoshima မြို့၊ Hanao အရပ်တွင် ဉာဏ်တော် (၇)မီတာ ရှိသော မြန်မာနိုင်ငံမှ ရွှေတိဂုံဘုရားပုံတူ စေတီတော်တစ်ဆူကို တည်ထားကိုးကွယ်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်များအနေဖြင့် နည်းများမဆို လှူဒါန်းပါဝင်ကြပါရန် နှိုးဆော်အပ်ပါသည်။

ဆရာတော် ဦးမီယာရှိတ
(ဥက္ကဌ- ဂျပန်နိုင်ငံ ရွှေတိဂုံဘုရားပုံတူ တည်ဆောက်ရေး အကျိုးဆောင်အဖွဲ့)
ဆက်သွယ်လှူဒါန်းရန် လိပ်စာ-
3841 HANAO CHO, KAGOSHIMA CITY,

JAPAN 891 - 1101
TEL: 099 - 298-8247
FAX: 099-298-8250
BANK ACCOUNT No. 81301
SHUUKYOUHOUJIN DAIYUUZAN NANSEN-INN DAIHYOU
MIYASHITA RYOZEN
KORIYAMA BRANCH KAGOSHIMA BANK

ဘုရားအလှူခံ နှိုးဆော်စာထဲမှာ ပါတဲ့“လွန်ခဲ့သော နှစ်ပေါင်း(၅၀)ကျော်မှစ၍ Kitakyushu မြို့၊ Mekari ဥယျာဉ်တွင် ကမ္ဘာအေး အမည်ရှိ စေတီတော် တစ်ဆူတည်ရှိခဲ့ပြီး ဖြစ်ပါသည်”ဆိုတာကိုတော့ စာရေးဆရာ သူရိန်ထက် ရေးထားတဲ့ နိပွန်း နဲ့ ဘိရုမာ ဆောင်းပါးမှာ ဖတ်ဖူးပါတယ်။ PDF file ကနေ တဆင့် ဖတ်ရတာပါ။ ဘယ်နေရာက Download လုပ်လိုက်မိမှန်းတောင် မမှတ်မိတော့ဘူး။

စာရေးဆရာ သူရိန်ထက် ရေးထားတဲ့ နိပွန်း နဲ့ ဘိရုမာ ဆောင်းပါးမှာ ပါတဲ့ ဘုရားနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တချို့ပါ။

ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ မြန်မာမြေဖက်ကို စစ်ထွက်ခဲ့တာ ၃ သိန်းလောက်ရှိပြီး အသက်ရှင်လျက် ဂျပန်မြေကို ပြန်ရောက်လာတာက ၁ သိန်း ၀န်းကျင်ပဲ ရှိပါသတဲ့။ မြန်မာ့မြေပေါ်က ပြန်ရောက်လာတဲ့ ဂျပန်စစ်သားတိုင်းဟာ မြန်မာပြည်ကို နှစ်သက်ကြသလို မြန်မာတွေရဲ့ သနားကြင်နာတတ်မှု၊ ကူညီရိုင်းပင်းမှုတွေကို ကျေးဇူးမမေ့နိုင်ပဲ ရှိကြပါတယ်။ ဒါကြောင့်လဲ စစ်ပြီးခေတ် ဆင်းရဲ ခက်ခဲတဲ့ကြားကပဲ မြန်မာပြည်အလွမ်းပြေလဲ ဖြစ်၊ မြန်မာတွေကို ကျေးဇူးဆပ်ရာလဲ ရောက် ဆိုပြီး ဂျပန်ကနေ မြန်မာပြည်ကို သင်္ဘောနဲ့စပြီး ထွက်ခွာခဲ့တဲ့ ခိတကျူးရှူးက မိုဂျိ ဆိုတဲ့ ဆိပ်ကမ်းက ကုန်းမြင့်ပေါ်မှာ ၁၉၅၇ ခုနှစ်မှာ ဘုရားစေတီ တည်ထား ကိုးကွယ်တယ်။ သိမ် ရှိရတယ်။ အခုအချိန်အထိ မြန်မာဘုန်းတော်ကြီးတွေ ကျောင်းထိုင်ပြီး စစ်ပြန်ကြီးတွေက ကပ္ပိယ၊ ဂေါပကအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ ဦးနု လက်ထက်မှာ တည်ထားကိုးကွယ်တာမို့ အဲဒီစေတီကိုလဲ ကမ္ဘာအေးစေတီလို့ ခေါ်ပါတယ်။ ဦးနုတို့ အစိုးရက လှမ်းကူညီခဲ့ပြီး မြန်မာဆရာတော်ကြီးတွေကိုယ်တိုင် သိမ်သမုတ်၊ အနေကဇာတင် ခဲ့တာဖြစ်ပါတယ်။ မြန်မာက ဂျပန်ကို ကူညီတယ်ဆိုတော့ ဒီနေ့ခေတ်မှာတော့ ရယ်စရာ ပြောနေသလားလို့ ယူဆစရာပါ။ အဲဒီခေတ်က မြန်မာငွေ ၁ ကျပ်ကို ယန်း ၈၀ နီးပါးရှိပါတယ်။ ဒီနေ့ခေတ် မြန်မာငွေ ၁၀၀၀ ကျပ်ကို ယန်း ၉၀ ၀န်းကျင်ဆိုတော့ မြန်မာငွေ တန်ဖိုးဟာ နှစ်ပေါင်း ၅၀ ၀န်းကျင်မှာ အဆပေါင်း ၁၀၀၀ နီးပါး နိမ့်ကျသွား တယ်လို့ ဆိုရမှာပါ။

ကျူးရှူးက အဲဒီ ကမ္ဘာအေးစေတီကို မြန်မာတွေ အုပ်စုဖွဲ့ပြီး ဘုရားဖူးကြ၊ လှူတန်းကြ၊ ထီးတော်တင်ကြ ဆိုသလိုမျိုး ပွဲလမ်း သဘင်များရှိရင် စစ်ပြန် အဖိုးအို ဂေါပကတွေ ရောက်လာတတ်ပါတယ်။ မြန်မာတွေကို ပြုံးပြုံးပြုံးပြုံး ပိတိဖုံးပြီး လိုက်နှုတ်ဆက် တတ်ပါတယ်။ လူတွေကသာ တုန်ချိ အိုမင်းနေပေမယ့် မြန်မာတွေအပေါ် လေးစားခင်မင်မှုကတော့ ပျိုမြစ်နေဆဲပါ။ `မင်္ဂလာပါ။ နေ ကောင်းလား၊ ဘယ်ကလာလဲ။ ထမင်းစားပြီးပြီလား။ ထမင်းစားပါ´ဆိုတာမျိုး မှတ်မိသမျှ မြန်မာစကားတွေနဲ့ ဧည့်ဝတ်ပြုတတ်ပါ တယ်။ ”

နိပွန်းနဲ့ ဘိရုမာ ဆောင်းပါးကို ဖတ်ချင်တယ်ဆိုရင် ဟစ်တိုင်မှာ ဖတ်လို့ရပါတယ်။ ဂျပန်မှာက ဘာသာမဲ့တွေများပါတယ်။ သူတို့ကို ဘယ်ဘာသာ ကိုးကွယ်လည်းလို့မေးရင် တိတိကျကျ မပြောနိုင်ကျပါဘူး။ Osaka မှာဆိုရင် မြန်မာဘုန်းကြီးကျောင်းလည်း မရှိပါဘူး။ ဒါကြောင့် ဂျပန်နိုင်ငံမှာ မြန်မာပြည်က ရွှေတိဂုံဘုရား ပုံတူစေတီတည်ထားကိုးကွယ်ဖို့ အလှူငွေ ထည့်ဝင် လှူဒါန်း ခွင့်ရတာဟာ မြန်မာတစ်ယောက် အနေနဲ့ အများကြီးကို ကျေနပ် ၀မ်းသာ ပီတိဖြစ်ရပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ်တိုင် သွားရောက် ဖူးမျှော်ခွင့် ရချင်ပါသေးတယ်။ အကြောင်း ကြောင်းတွေ တိုက်ဆိုင် လာခဲ့ရင်ပေါ့....။

စက်တင်ဘာ ၁၄၊ ၂၀၀၇။

7 comments:

thamudayanwe said...

သူဦးသွားပြီ

thamudayanwe said...

သြော်ဦးမျိုးခင်တူမကိုး...
ကျတော်လဲ ဘုရားကိဏနဲ့ပတ်သက်ပြီး ဖုန်းပြောဘူးတယ်

Anonymous said...

သာဓုပါ အမရေ ။

pandora said...

သာဓု သာဓု သာဓုပါ အမရေ

nu-san said...

မသမုဒယ၊ မဂျစ်၊ မပန် >> လာလည်တဲ့အတွက်ရော comment အတွက်ရော ကျေးဇူးပါ။

thamudayanwe said...

cbox ထားပါလား.. ပျင်းရင်gtalk မှာတွေ့ရအောင်လေ
thamudayanwe@gmail.com

thureinhtat said...

ကျနော် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ရေးခဲ့တဲ့ “နိပွန်းနဲ့ ဘိရုမာ” ဆောင်းပါး တချို့တ၀က်ကို ပြန်ဖတ်ရလို့ကျေးဇူးတင်ပါ တယ်။ ကျနော့်မှာတောင် ဒီဆောင်းပါးတွေ လက်ခံ မရှိတော့ဘူး။ ဆောင်းပါးထဲက အချက်အလက် တချို့ကို အဲဒီကျူးရှူး ကျောင်းက ဆရာတော်ကြီးကိုယ်တိုင် ပြောပြခဲ့တာကို ပြန်အမှတ်ရမိပါတယ်။ ပြန်လည်ကိုးကားစရာအဖြစ် မှတ်တမ်းတင်နိုင်တာကို ဂုဏ်ယူမိပါတယ်။ကျေးဇူးတင်ပါတယ်ဗျာ။

သူရိန်ထက်