November 29, 2010

သမီးဖတ်ဖို့(၂၀၀၉ ခုနှစ် စက်တင်ဘာ-အောက်တိုဘာ)

မေမေလည်း ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ယောင်္ကျားလေး၊ မိန်းကလေး မသိခဲ့ရတော့ နောက်တစ်ခေါက် ဆိုရင်တော့ သိရလောက်တယ် ဆိုပြီး တစ်ပတ်နဲ့ တစ်ပတ် ဆေးရုံပြရမယ့် ရက်ကိုပဲ မျှော်နေမိတယ်။ မေမေတို့ မန်နေဂျာပြောတာတော့ ဒီက ဆရာဝန်တွေက ကိုယ်ဝန် ၅ လ မကျော်မချင်း ယောင်္ကျားလေး မိန်းကလေး ဆိုတာ မပြောကြဘူးနဲ့ တူတယ်တဲ့။ ကလေး ဖျက်ချပစ်မှာစိုးလို့ လို့ပြောတာပဲ။ တရုတ်ပြည်မှာတော့ ယောင်္ကျားလေး မဟုတ်ဘူးဆိုရင် ဖျက်ချပစ်တာတော့ ကြားဖူးတယ်။ ဒီမှာတော့ အဲဒီလို ဖျက်ချလို့ ရလား မရလား မေမေလည်း သေချာ မသိဘူး။

နောက်ပြီး ရှိသေးတယ်၊ ကိုယ်ဝန်ရှိခါစမှာ မအန်မပြုရင် ယောင်္ကျားလေးဖြစ်မယ်တို့၊ ultra sound ကြည့်လို့ မိန်းကလေးဆို နောက်ကျမှ သိရတယ်တို့၊ ကိုယ်ဝန်ဆောင်သည်ကို နောက်ကကြည့်ရင် ဗိုက်က ဘေးကို ကားမနေပဲ ရှေ့ကို ထွက်နေရင် ယောင်္ကျားလေးဖြစ်မယ်တို့၊ မိခင်လောင်းရဲ့ ဗိုက်မှာပေါ်တဲ့ အကြောင်းက ကွေးကောက်နေရင် မိန်းကလေးဖြစ်ရမယ်တို့ ပြောလိုက်ကြ၊ ခန့်မှန်းလိုက်ကြတာများ စုံနေတာပါပဲ။ နောက်ပြီး အမျိုးတွေကလည်း ပါပါးရဲ့ မွေးနေ့ရက်နဲ့ မေမေ့မွေးနေ့ရက်ကို တွက်ချက်ပြီး စုံ ဂဏန်းဆို မိန်းကလေး ဆိုလား၊ ယောင်္ကျားလေးဆိုလား မှတ်တောင် မမှတ်မိတော့ဘူး သူတို့ ပြောကြတာ။ နှစ်ဘက် အဘိုးအဘွားတွေက ယောင်္ကျားလေး လိုချင်တော့ မေမေတို့ကို တွက်ချက်ကြည့်ပေးပြီး စိတ်ကူးထဲကနေ ယောင်္ကျားလေး ဖြစ်မှာပဲ လို့ ကြိမ်းသေပေါက် တွက်ထားကြတယ်လေ။ အရာအားလုံးက ကံပါပဲ သမီးရယ်။ ဗိုက်ထဲက ကလေးက ယောင်္ကျားလေးလား၊ မိန်းကလေးလား ဆိုတာ သူ့ဟာသူ သတ်မှတ်ထားပြီးသားပါ။ ဘယ်သူကမှ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ မေမေတို့အတွက်ကတော့ ဗိုက်ထဲက ကလေးလေးက နေကောင်းတယ်၊ ကျန်းမာတယ်၊ ကြီးထွားတာလည်း ပုံမှန်ပဲ ဆိုတာနဲ့တင် စိတ်အေးရပါပြီ။

ပြောမယ့်သာ ပြောရတာ။ မေမေလည်း ဗိုက်ထဲက ကလေးလေးက ယောင်္ကျားလေးလား၊ မိန်းကလေးလားဆိုတာ သိပ်သိချင်တာပဲ။ ဘာလို့လည်းဆိုတော့ စိတ်ထဲကနေ ကလေးနဲ့ စကားပြောတိုင်း “ကလေးရေ” လို့ပဲ ခေါ်နေရတော့ ယောင်္ကျားလေးဆိုလည်း “သား” လို့ ခေါ်ပြီး စကားပြောချင်တယ်၊ မိန်းကလေးဆိုလည်း “သမီး” လို့ ခေါ်ပြီး စကားပြောချင်နေမိတယ်။ ကလေးကလည်း မေမေနဲ့ စိတ်ချင်းဆက်နေတာဆိုတော့ တစ်ခါတလေ ငြိမ်နေရင် “ကလေးရေ.. ငြိမ်နေပါလား” လို့ စိတ်ထဲက ပြောလိုက်တာနဲ့ အထဲက သမီးလေးက “မငြိမ်ပါဘူး မေမေ” လို့ ပြောနေသလိုပဲ တွန်းထိုးပြီးကို လှုပ်ပြနေတော့တာ။ တစ်ခါတလေလည်း မေမေက ဗိုက်ပေါ် လက်တင်ထားမိရင် သမီးလေးက လက်အောက်နားလေးမှာ ခုံးခုံးလေး ကြွတက်လာပြန်ရော။ အဲဒီလို ကြွတက်လာရင် ဒါလေးက ခေါင်းလေးများဖြစ်မလား၊ ဒါလေးက တင်ပါးလေးများဖြစ်မလား ဆိုပြီး စမ်းကြည့်ရင်းက စိတ်ထဲလည်း ပီတိဖြစ်ရတယ်။ နောက်တစ်ခေါက် ဆေးရုံသွားရင်တော့ မိန်းကလေး ယောင်္ကျားလေး သိရလောက်ပြီလို့ တွေးမိပြီး မေမေလည်း ဆရာဝန်နဲ့ တွေ့ဖို့ကို စိတ်စောနေမိတယ်။

ကိုယ်ဝန် ၅ လကျော် ၆ လထဲ ၀င်လာပြီဆိုတော့ ဗိုက်လည်း သိသိသာသာကို ထွက်လာပြီလေ။ ရုံးကလူတွေက ဗိုက်ကို ကြည့်ပြီး “လေးလားတဲ့” မေမေ့ကို လာမေးကြသေးတယ်။ မေမေ့စိတ်ထဲတော့ လေးတယ်လို့လည်း မထင်မိပါဘူး။ ကလေးတိုးရင်ပဲဖြစ်ဖြစ် လှုပ်ရင်ပဲဖြစ်ဖြစ် တစ်ချက် တစ်ချက် တင်းပြီး ဗိုက်နာသလိုဖြစ်တာက လွဲရင် ကျန်တာတော့ ဘာမှ မဖြစ်လိုလှဘူး။ စက်တင်ဘာ ၁၂ ရက်နေ့ကတော့ မေမေ့ သွားတွေကို စစ်ဆေးဖို့ သွားဆေးခန်း သွားလိုက်သေးတယ်။ ကိုယ်ဝန်ဆောင်သည်တွေက ဟိုမုန်းအပြောင်းအလဲကြောင့် သွားဖုံး ရောင်ပြီး သွေးထွက်တာမျိုးတွေ ဖြစ်တတ်တယ်လို့ စာထဲလည်း ဖတ်လိုက်မိတယ်။ ပြီးတော့ ကိုယ်ဝန်လရင့်လာရင် သွားနှုတ်တာတို့၊ သွားပိုးစားလို့ သွားဖာတာမျိုးတွေ လုပ်လို့မရဘူး ဆိုပြီး ဒီပို့စ်လေး မှာ ရေးထားတာ ဖတ်မိလို့ မေမေလည်း စောစောစီးစီး သွားကို စစ်ဆေးပြီး သန့်ရှင်းရေး သွားလုပ်ထားလိုက်တယ်။ တော်ပါသေးတယ်။ မေမေ့ သွားတွေက အားလုံးကောင်းတယ်၊ သွားဖုံးရောင်တာ သွေးထွက်တာမျိုးတွေ မရှိဘူး။ သွားနဲ့ ပတ်သက်ပြီး အဲဒါလေး တခုတော့ ကံကောင်းတယ်ပြောရမယ်။

ဒီလိုနဲ့ စက်တင်ဘာ ၁၄ ရက် ဆေးရုံပြရမယ့်နေ့ ရောက်တော့ ဆရာဝန်က ထုံးစံအတိုင်း ဗိုက်ပေါ် ဂျယ်လီလို ခပ်ပြစ်ပြစ်အရည်တွေ လောင်းချလိုက်ပြီး ကလေးကို စပြီး စစ်တော့တာပဲ။ အရင်ဆုံး ခေါင်းအရွယ်တိုင်းယူတယ်။ ပြီးတော့ ကလေး အရပ်လေး တိုင်းပြီး အလေးချိန်တွက်ယူတယ် ထင်ရတာပဲ။ စက်နဲ့ လုပ်နေတာဆိုတော့ မေမေနဲ့ ပါပါးလည်း ဘေးကနေပဲ ကြည့်နေရတာပေါ့။ အဲဒီနေ့က ကိုယ်ဝန် ၂၃ ပတ်နဲ့ ၁ ရက်ရှိနေတဲ့ သမီးလေးရဲ့ ကိုယ်အလေးချိန်က ၆၅၆ ဂရမ်ရှိလာပြီး နှလုံးခုန်တာလေးတွေ၊ အစာအိမ်၊ ဆီးအိမ်၊ မျက်လုံး၊ လက်၊ ခြေထောက်လေးတွေ၊ ကြောရိုး နဲ့ လည်ပင်းတွေပါ မြင်နေရပြီ။ အဲဒါတွေ ကြည့်ပြီးတော့ ဆရာဝန်က “အားလုံး ကောင်းတယ်” လို့ ပြောပြီး ပြန်တော့မယ် လုပ်ရော။ အဲဒီတော့ မေမေက “ယောင်္ကျားလေး မိန်းကလေး သိရပြီလား” လို့ ဆရာဝန်ကို မေးလိုက်တယ်လေ။ မေမေ မေးလိုက်တော့မှ ဆရာက စက်မှာ ခဏပြန်ထိုင်လိုက်ရင်း “ကြည့်လို့ရပြီလား မသိဘူး”လို့ ပြောပြီး ပြန်စစ်ကြည့်တယ်။ သူကြည့်တာလည်း ခဏပါပဲ ၁ မိနစ် ၂ မိနစ်လောက်လောက်တောင် ရှိပါ့မလား မသိဘူး။ စစ်ကြည့်ပြီးတာနဲ့ “Not decided yet” လို့ပြောပြီး ပြီးသွားရော။

ဆရာဝန်ကတော့ “ကလေးကြီးထွားနှုန်းက ပုံမှန်ပဲ ဆိုတာရယ်၊ စိုးရိမ်စရာ မရှိဘူးဆိုတာရယ်” ပြောပြီး နောက် ၃ပတ် (အောက်တိုဘာ ၅ ရက်) နေ ပြန်လာခဲ့ဖို့ ထပ်ချိန်းလိုက်တာပါပဲ။ သူနာပြုဆရာမလေးကတော့ “နောက်တစ်ခေါက်ဆိုရင် သိရမှာပါ” ဆိုပြီး မေမေ့ကို နှစ်သိမ့်လိုက်တယ်။ ကလေးကတော့ အားလုံး အခြေအနေကောင်းပေမယ့် မေမေကတော့ အိပ်ကောင်းစားကောင်းမို့ ကိုယ်အလေးချိန် တက်လာတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ၂ ကီလိုနီးပါး တက်လာပြီး ဒီတစ်ခေါက်ကျတော့ ၃ ကီလို တက်လာလို့ ဆရာဝန်က မေမေ့ကို “ကိုယ်အလေးချိန်တက်တာ များတယ်၊ ပုံမှန် ၁ လကို ၁ ကီလိုပဲ တက်ရမှာ အခု ၃ ကီလိုဖြစ်နေပြီ” လို့ ပြောပြီး စာရွက်မှာ မင်နီတားပေးလိုက်တယ်။ ကျန်တာတွေကတော့ အားလုံး ပုံမှန်ပါပဲ။

ဆေးရုံက အပြန် ရုံးရောက်တာနဲ့ မေမေတို့ မန်နေဂျာက “ဘာလေးလဲ” လို့ တန်းမေးပါလေရော။ “မသိရသေးဘူး” ဆိုတော့ သူက တခြား ဆရာဝန်နဲ့ ပြောင်းပြခိုင်းတယ်။ ပုံမှန် သူများတွေ ၅ လကျော်မှာ သိနေရပြီလေ။ ရုံးက မေမေတို့ အသိ တစ်ယောက်ဆို ၁၈ ပတ်ထဲက သိရတယ်ပြောတယ်။ အဲဒါဆိုတော့ မေမေတို့ မန်နေဂျာနဲ့ ပါပါးက “မိန်းကလေးဖြစ်လို့ နေမှာပေါ့၊ ယောင်္ကျားလေးဆို အခုလောက်ရှိ မြင်သာထင်သာ ရှိလောက်ရောပေါ့၊ ဒါမှမဟုတ် ကလေးက မပြဘူး ဆိုတော့ ရှက်လို့များ ပေါင်စေ့ထားသလားပဲ” လို့ ပြောပြီး နောက်ရင်း ရီမောနေကြတယ်။

မေမေလည်း မန်နေဂျာ ပြောသလို အပြင်မှာ သွားစစ်ကြည့်ရင် ကောင်းမလား လို့တောင် စိတ်ကူးမိပြီး ပါပါးနဲ့ တိုင်ပင်ကြည့်လိုက်သေးတယ်။ ပါပါးကတော့ “ ယောင်္ကျားလေး မိန်းကလေး သိရဖို့ဆိုတာ ဆရာဝန်တွေ အတွက်က ဘာမှ အရေးမကြီးဘူး၊ ကလေး ကျန်းမာဖို့၊ ကြီးထွားနှုန်း ပုံမှန်ဖြစ်ဖို့သာ သူတို့အတွက် အရေးအကြီးဆုံး ဆိုတော့ ကလေးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ အားလုံးကို သေချာစစ်ဆေးပေးတာပဲ၊ အခု ကလေးက အားလုံး OK နေတော့ ကျန်တာတွေကို သိပ်ပြီး အလေးထားပုံ မပေါ်ဘူး။ ဒါကြောင့် အခု မသိရသေးလည်း နောက်တော့ သိရမှာပေါ့၊ အရင်တုန်းက လူတွေဆို မွေးပြီးတော့မှတောင် သိရသေးတာ။ ဟိုဟိုဒီဒီတွေ လျှောက်မတွေးနဲ့” ဆိုပြီး မေမေ့ကို အားပေးရှာတယ်။ ပါပါး ပြောတာလည်း ဟုတ်ပါတယ်လေ။ ဆရာဝန်က ယောင်္ကျားလေး မိန်းကလေး မပြောသေးတာကလွဲပြီး ကလေးကိုရော မေမေ့ကိုပါ သေချာ စစ်ဆေးပေးပါတယ်။ အဲဒီနေ့ ဆေးရုံက ပြန်လာပြီးတဲ့ နောက်ပိုင်း မေမေလည်း ဗိုက်ထဲက ကလေးနဲ့ နေ့တိုင်းလိုလို စကားပြောနေမိတယ်။ နောက်တစ်ခေါက် ဆေးရုံရက်ချိန်းမှာ ultra sound ကြည့်ရင် မေမေတို့ကို ယောင်္ကျားလေး မိန်းကလေးဆိုတာ သိသာအောင် ပြပါ ဆိုပြီးတော့ပေါ့။

နိုဝင်ဘာ ၃၀၊ ၂၀၁၀။

4 comments:

Shinlay said...

သမီးလေးအတွက်အဖိုးတန်တဲ့ မှတ်တမ်းလေး လာဖတ်
ရင်းကြည်နှုးသွားပါတယ်။ သမီးလေးကိုနှုတ်ဆက်ပေးပါ။

လသာ said...

ရင်သွေးဆိုတော့ ချစ်တော့ချစ်တာပေါ့။ ဒါပေမယ့် ယောက်ျားလေး မိန်းကလေးကတော့ သိချင်တာပါပဲး)
သုံးပတ်စောင့်ပြီး နောက်တခါဆိုရင် သိရပြီပေါ့နော်။ နေ့တိုင်း တွေးရတာကို ပျော်စရာကြီး ဖြစ်နေမှာ။

PhyoPhyo said...

ချစ်ဖို့ကောင်းလိုက်တာ ရေးထားတာလေးတွေ၊
သမီးလေးမေမေအတွက် ဂုဏ်ယူပါတယ်၊
ချမ်းမြေ့ပါစေ
ခင်မင်တဲ့

Anonymous said...

ကျမတို့ဆီမှာက အသက် ၃၅နှစ်နဲ့ အထက်ကို ကိုယ်ဝန်၁၆ပတ်ကျော်ရင် ကလေးဦးနှောက်စစ်ခိုင်းတယ်.(စစ်သင့်တယ်လို့ပြောတယ်) အဲဒီကတည်းက မိန်းကလေးဆိုတာ သိနေရပြီ..သိလို့ ကိုယ်လိုချင်တဲ့မိန်းကလေးရလို့ ဗိုက်ကို အပ်နဲ့အစိမ်းထိုးပြီး အရည်ထုတ်တာတောင်နာရမှန်းမသိတော့ဘူး ကြည်နူးနေရတာနဲ့..တို့လည်း သမီးလေးအတွက် ဘလော့လေးရေးချင်တယ်..ဒါပေမယ့် အကူမရှိတဲ့တို့ဘ၀မှာ ကလေးတစ်ဖက် အလုပ်တစ်ဖက် ထမင်းဟင်းချက်တာတဖက်နဲ့ ဘယ်တော့မှမအားဘူး
ကလေးနို့တိုက်ရင်းနဲ့ ဘလော့တွေဝင်စာဖတ်တာလောက်ပဲလုပ်နို်င်တယ်..