August 31, 2010

သမီးဖတ်ဖို့ (၂၀၀၉ ခုနှစ် မေ- ဇွန်လ)

မိဘ ညီအကို မောင်နှမ အသိုင်းအ၀ိုင်း နဲ့ဝေးပြီး ကိုယ်ဝန်ဆောင်ရလိမ့်မယ်လို့ မေမေ တစ်ခါမှ တွေးမထားခဲ့မိဘူး။ တွေးမထားတာတွေက တကယ်ဖြစ်လာတော့လည်း ရှောင်လွှဲလို့ မရဘူးလေ။ “ဖြစ်ပါ့ မလား” ဆိုတဲ့ စိတ် ထက် “ဖြစ်အောင် လုပ်မယ်” ဆိုတဲ့ စိတ် ထားတတ်အောင် ကြိုးစားခဲ့ရတယ်။ ဒီကြားထဲမှာမှ ဗိုက်ထဲက ကလေး တစ်ခုခုဖြစ်သွားမှာလည်း ပူပင်ရသလို ကလေးကို ကောင်းကောင်း မပြုစုနိုင်မှာလည်း ကြောင့်ကြနေခဲ့ရတယ်။ အဲဒီလို အတွေးတွေနဲ့ လူက အလိုလို နေရင်း အားငယ်နေတတ်ပြန်တယ်။ ဒါတွေဟာ ဆေးပညာ အယူအဆအရ ဆိုရင်တော့ Hormone အပြောင်းအလဲကြောင့် ဖြစ်တာပါ လို့ ပြောလို့ရပေမယ့် ကလေးနဲ့ပတ်သက်တဲ့ ပူပင်ကြောင့်ကြစိတ်တွေဟာ သူ့အလိုလိုကို ဖြစ်နေတာ။ မိခင်တိုင်း ကိုယ်ဝန်ဆောင်ခါစမှာ ဒီလို ခံစားချက်မျိုးတွေ ရှိတယ်လို့ မေမေ စာအုပ်ထဲ ဖတ်ဖူးတယ်။ သားဦး ကလေးဆိုတော့ မိခင်က အတွေ့အကြုံမရှိသေးတာလည်း ပါတာပေါ့။ ခုခေတ်မှာတော့ မေမေ့လိုပဲ မြန်မာပြည်ရဲ့ မိဘအသိုင်းအ၀ိုင်းနဲ့ ဝေးပြီး ကိုယ်ဝန်ဆောင်၊ ကလေးမွေးတဲ့သူတွေ နိုင်ငံအရပ်ရပ်မှာရှိကြမှာပါ။ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာမဟုတ်တော့လည်း အားငယ်တယ်၊ ၀မ်းနည်းတယ်ဆိုတာတွေကို တတ်နိုင်သလောက် ဖျောက်ထားပြီး ကိုယ့်စိတ်ကို တင်းထားခဲ့ရတယ်။ အဓိကတော့ စိတ်ဓာတ်ပျော့ညံ့မနေပဲ ကိုယ့်ရင်သွေးအတွက် အရာရာကို ရင်ဆိုင်မယ် ဆိုတဲ့ စိတ်က အရေးကြီးဆုံးပါပဲ။

*****

မေလ ၁၈ ရက်နေ့မှာ ရုံးပြန်တက်ပြီး သိပ်မကြာခင်ပဲ အလုပ်ထဲက အထက်လူကြီးတွေကို ကိုယ်ဝန်ရှိကြောင်း ဖွင့်ပြောလိုက်တော့တယ်။ နောက် blog ရေးရင်း ခင်တဲ့ သူငယ်ချင်းတစ်ချို့ရယ်၊ မေမေ့အရင် အလုပ်ထဲက သူငယ်ချင်းတချို့ရယ်ကို ပြောပြဖြစ်ခဲ့တယ်။ အဲဒီ သူငယ်ချင်းတွေက မေမေ့ဆီကို စာရေးပြီး ကိုယ်ဝန်စရှိတဲ့အချိန်မှာ ဂရုစိုက်ရမယ့် အချက်တွေကို အသေးစိတ် တကူးတက ပြောပြပေးကြတယ်။ အဲဒီအတွက်လည်း မေမေ့မှာ အားတက်ခဲ့ရသလို သူတို့ကိုလည်း စိတ်ထဲကနေ အကြိမ်ကြိမ် ကျေးဇူး တင်နေမိတယ်။ ဘာလို့လည်းဆိုတော့ မေမေက ကိုယ့်မိဘတွေနဲ့ အတူနေပြီး ကိုယ်ဝန်ဆောင်နေရတာ မဟုတ်တဲ့အတွက် မသိသေးတာတွေက များလှတယ်။ ဒါကြောင့် သူငယ်ချင်းတွေ ပေးတဲ့ အကြံဥာဏ်တွေအပြင် တခြား သိသင့်တာတွေအတွက်လည်း စာများများ ဖတ်ရတာပေါ့။ ကိုယ်ဝန်ဆောင်သည်တွေ ဖတ်ရမယ့် စာအုပ်တွေကိုလည်း ရန်ကုန်ကနေ ၀ယ်လာခဲ့တော့ အဲဒီ စာအုပ်တွေ ဖတ်ဖြစ်ခဲ့တယ်။ နောက်ပြီး မေမေ့ရဲ့ မန်နေဂျာ ၂ ယောက်ကလည်း ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ စာအုပ် တစ်ယောက် တစ်အုပ်ဆီ လက်ဆောင်ပေးကြတယ်။ တစ်အုပ်က ဂျပန်လိုဖြစ်ပြီး တစ်အုပ်ကတော့ အင်္ဂလိပ်လိုပါ။ ဂျပန်လို စာအုပ်ကိုတော့ အရုပ်နဲ့ စာလေးနည်းနည်းပါးပါးလောက်ပဲ ဖတ်နိုင်ပါတယ်။ အင်္ဂလိပ်လို စာအုပ်ကိုတော့ ပါပါးက မေမေ့ကို ဖတ်ပြတယ်လေ။

နောက် မေမေဟာ ကိုယ့်ရဲ့ အနေအထိုင်၊ အစားအသောက်၊ အပြုအမူတွေကို အရင်လို စိတ်ထင်တိုင်း လုပ်လို့မရတော့ဘူး။ စိတ်လွတ်ကိုယ်လွတ်ပြုမိရင်လည်း ပါပါးက ဘေးကနေ လှမ်းသတိပေးတာမျိုး လုပ်ပေးတာပေါ့။ ကိုယ်တိုင်က မိဘနေရာ ရောက်လာပြီဆိုမှ မိဘမေတ္တာကို ပိုပြီး သိနားလည်လာရတယ်။ ဗိုက်ထဲက ကလေးလေးဟာ ဖြူသလား မဲသလား၊ ယောင်္ကျားလေးလား မိန်းကလေးလား ဘာမှ မသိရသေးတဲ့ အချိန်ကတည်းက အစားရှောင်ရတာနဲ့ အနေအထိုင် အသွားအလာ ဆင်ခြင်ရတာနဲ့လေ။ နောက်ပြီး အချိန်ရရင် ရသလို ပရိတ်ကြီး ၁၁ သုတ်နဲ့ ပဌာန်းတရားတော်ကို ဖွင့်ထားပြီး စိတ်ထဲက လိုက်မှတ်ရင်း ကျန်းမာသန်စွမ်းပြီး ကိုယ်လက်အင်္ဂါစုံလင်တဲ့ ကလေးလေးဖြစ်ဖို့ မေတ္တာပို့ပြီး ဆုတောင်းနေရတာလည်း အမောပါပဲ။

*****

ဆေးရုံပြဖို့ အတွက်တော့ မေမေတို့ ရုံးက HR ၀န်ထမ်းတွေဆီမှာ အကူအညီတောင်းခဲ့ရတယ်။ အဓိက အင်္ဂလိပ်လို ပြောတတ်တဲ့ ဆရာဝန်ရှိမယ့် ဆေးရုံကို ရှာခိုင်းရတာပါ။ သူတို့ရှာပေးတဲ့ ဆေးရုံထဲကမှ ပါပါးက အိမ်နဲ့ နီးတဲ့ Kitano Hospital (北野 病院) ကို ရွေးလိုက်တယ်။ ဆေးရုံ စ ပြတော့ မေလ ၃၀ ရက်နေ့ဖြစ်နေပြီ။ ဒါပေမယ့် အဲဒီနေ့က အင်္ဂလိပ်စကားပြောတတ်တဲ့ ဆရာဝန် ထိုင်တဲ့ရက် မဟုတ်တာနဲ့ သူနာပြု ဆရာမနဲ့ပဲ တွေ့ခဲ့ရတယ်။ ဆရာမလေးကတော့ မေမေတို့ကို ပြောပါတယ် “အခုပြမယ့် OG ဆရာဝန်က အရမ်းသဘောကောင်းပြီး အင်္ဂလိပ်စကားအပြင် တခြားဘာသာစကား ၉ မျိုးလောက်တတ်တယ်” တဲ့။ မေမေတို့ကတော့ ဆရာက မြန်မာစကား ပြောတတ်လိမ့်မယ် မထင်ထားမိဘူး။ ဒါနဲ့ ဇွန်လ ၁ ရက်နေ့ မှာမှ ဆရာနဲ့စ ပြရတယ်။ မေမေလည်း ဂျပန်ရောက်ကတည်းက ဆေးရုံဆိုတာ တစ်ခါမှ မပြဖူးတော့ အဆင်မှ ပြေပါ့မလားလို့ စိုးရိမ်စိတ် ဖြစ်မိတာပေါ့။ တကယ်တမ်း ဆရာဝန်နဲ့ တွေ့ဖို့ အခန်းထဲ ၀င်လိုက်တာနဲ့ မေမေတို့ကို “ မင်္ဂလာပါ” လို့ ဆရာက နှုတ်ဆက်တယ်။ နောက် ultra sound screen မှာ ပေါ်တဲ့ ကလေးရဲ့ အနေအထားနဲ့ ကိုယ်လက်အင်္ဂါလေးတွေကိုလည်း မြန်မာလိုပဲ ဖြေးဖြေးချင်း ရှင်းပြပေးတယ်။ ဆရာရဲ့ မြန်မာစကားက ၀ါကျ တိုတိုလေးတွေပေမယ့် နားလည်အောင် ပြောတာမို့ ဆေးရုံမှာ အဆင်ပြေခဲ့ပါတယ်။

ဆေးရုံစပြတဲ့ နေ့မှာ ultra sound ရိုက်တော့ ကလေးက နှလုံးခုန်နေပြီ၊ ခေါင်းနေရာလေးလည်း မြင်ရတယ်လို့ ဆရာဝန်ကတော့ ပြောပြတာပါပဲ။ မေမေ့မျက်စေ့ထဲတော့ ကလေးက လှုပ်စိ လှုပ်စိလေးပဲ ။ အဲဒီတုန်းက ကိုယ်ဝန် ၈ ပတ်ရှိနေတဲ့ သမီးလေးဟာ အရပ်က ၁၅ မီလီမီတာ ပဲရှိသေးတာ။ monitor screen မှာ ကြည့်လိုက်ရင် သေးသေးရှည်ရှည်လေးပဲပေါ့။ ဆရာဝန်ကတော့ မေမေ့ကို နောက်နှစ် ဇန်န၀ါရီလ ၁၀ ရက် မှာ မွေးမယ် ဆိုပြီး Due Date ပေးလိုက်တယ်။ နောက် ၂ ပတ် (ဇွန် ၁၅) နေရင် တစ်ခါ ထပ်လာပြဖို့ တလက်စတည်း ရက်ချိန်းပေးခဲ့ရတယ်။ နောက်ပြီး မေမေတို့ အခုနေတဲ့ ရပ်ကွက်ရုံးမှာ မိခင်နဲ့ ကလေးမှတ်တမ်း စာအုပ်ရယ်၊ ကိုယ်ဝန်ဆောင်သည်တွေအတွက် ဆေးကုသစရိတ်ကို မျှခံပေးတဲ့ discount coupon စာအုပ်ရယ် သွားထုတ်ဖို့ နဲ့ နောက်တစ်ခါ ရက်ချိန်းမှာ အဲဒီစာအုပ်တွေပါ ယူလာခဲ့ဖို့ သူနာပြုဆရာမလေးက မေမေ့ကို ပြောလိုက်တယ်။


သြဂုတ် ၃၁၊ ၂၀၁၀။

8 comments:

subuueain said...

ိမိဘမေတ္တာ ကို ခံစားမိပါတယ် မမရယ်

JuneOne said...

သားကြီးတုန်းက အဲလိုပဲ အားငယ်တယ်။ဆောင်ရန် ရှောင်ရန်တွေလည်းလုပ်တယ်။သမီးလည်းကျရော လုပ်ချင်တာလုပ် စားချင်တာစားတော့တာပါပဲ။သက်ဦး သမီးလေးမွေးတာကောင်းတယ်။တို့က WESHEME တို့လို သမီးကအကြီး သားကအငယ် လိုချင်တာ။

အိ said...

ဟယ် ၀မ်းသာလိုက်တာ အဖော်ရပြီ အိလည်း အမေနဲ့ ဝေးနေချိန်ဆိုတော့ ရုံးက လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းတွေ Blogတွေ ကိုယ်ဝန်ဆောင်လမ်းညွှန်စာအုပ်တွေနဲ့ အဖော်ပြုနေရတာ။ ဒီBlog လေးထပ်တွေ့တာ ပျော်လိုက်တာ။

မောင်မျိုး said...

အစ်ကိုသာ ဘလော့ဂါတစ်ယောက်ဖြစ်မယ်ဆိုရင်လည်း သမီးနဲ့ပက်သက်တဲ့ ခံစားချက်လေးတွေကိုဘယ်လိုရေးမလဲမသိဘူးနော့်  ။ မအေ တစ်ယောက်နေရာက ၀င်ခံစားကြည့်တော့ ဘယ်လိုမှအဆင်မပြေဘူးဗျ ဟိဟိ ဖအေ ဆိုဟုတ်တုတ်တုတ် ။ ဝေ့ အစ်ကို (အော်ခေါ်တာနော် ) ကျနော် မောင်မျိုးပါ တစ်ပုဒ်လောက်ေ၇းပါလား ဖတ်ကြည့်ချင်လို့ ဗွီဒီယိုတွေထဲမှာကြည့်ရတာတော့ မိန်းမ တွေ ခလေးမွေးကာနီးကျ ယောက်ျားတွေက နေမထိ ထိုင်မထိ နဲ့ အင်္ဂုလိမာလသုတွေရွတ်လို့ အစ်ကိုကကော ????

Anonymous said...

မနုစံ

အမစာက ကျနော့ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကို ခေါ်သွားတယ်ဗျာ
အဲ့ဒီတုန်းက အိမ်မှာ စာအုပ်တွေရှင်းရင်း ပေဖူးလွှာအဟောင်းတွေ ရှာနေခဲ့တာ
အမှတ်မထင် နောင်တချိန် သားဖတ်ဖို့ ဆိုတဲ့ မေ့ရဲ့ဒိုင်ယာရီ စာအုပ်ကို တွေ့သွားမိတယ်။ ကိုယ်ဝန်စဆောင်ချိန်ကနေပြီး နေ့စဉ်မှတ်တမ်းလေးလို အဖြစ်အပျက်တွေကို ရေးထားခဲ့တာ။ မိခင်တယောက်ရဲ့ အခက်အခဲတွေ၊ ရပ်တည်မှုတွေ ချွေးတွေ မျက်ရည်တွေ အကုန်လုံး မြင်ခဲ့ရတယ်ဗျာ။ အခုလို ဘလော့တွေရှိရင် မေလည်း ဘလော့ပေါ်တင်မလားမသိဘူးနော်။ ကျနော်စာရေးဝါသနာပါတာ သူ့ဆီကများ စီးဆင်းလေသလားတွေးမိတယ်။
အမစာလေးဖတ်ပြီး သူခွင့်ပြုရင် ကျနော် အဲ့ဒီစာအုပ်လေးတောင် တောင်းပြီး ဘလော့မှာတင်ချင်စိတ်ပေါ်လာတယ်။

မိခင်စိတ်အပြည့်နဲ့ မိခင်တွေတိုင်းကို ဦးညွတ်လေးစားမိပါတယ် ခင်ဗျာ..

လုလု said...

နုရေ့ 
သမီးလေးဖတ်ဖို့ စာလေးတွေကို ဖတ်လိုက်ရတိုင်း ရင်ခုန်ကြည်နူးမိတယ်။ ကိုယ့်ကိုယ်ကို သမီးလေးနေရာမှာ ခံစားကြည့်မိ သလို အမေတစ်ယောက်နေရာမှာလည်း ခံစား ကြည့်မိတယ်။
သမီးလေးက ဒီစာတွေကို ဖတ်တတ်တဲ့အရွယ် ရောက်ရင် အမေ့ကို သိပ်ပြီး ကျေးဇူးတင်ပြီး သိပ်ချစ်မှာပဲလို့ တွေးမိတယ်။
မိခင်တစ်ယောက်ရဲ့ ကိုယ်ဝန်စလွယ်ချိန်ကနေ စပြီး ကြည်နူးမှုလေးတွေ၊ စိတ်ပူပင်တာလေးတွေ အရမ်းကို ဖတ်လို့ကောင်းတယ်နော်။
နောက်ထပ်အဆင်ပြေတဲ့အခါ ထပ်ရေးနော်။ သမီးလေးရော နေကောင်းတယ်ဟုတ်။ အရမ်းကို ၀မ်းသာပါတယ်နော်။
ချစ်တဲ့
မမလု

သက်ဝေ said...

သမီးဖတ်ဖို့ တဲ့...
အမေ တယောက်ရဲ့ မေတ္တာတွေ ပြည့်နေတဲ့ ချစ်စရာ မှတ်တမ်းလေးပါ...း))

nu-san said...

subuueain>> မိဘမေတ္တာကို ခံစားမိတယ်ဆိုရင် အမ ရေးရကြိုးနပ်တာပေါ့ ညီမရယ်... :)

JuneOne>> ကျော့လည်း အခု သားတစ်ယောက် သမီးတစ်ယောက်နဲ့ ဘယ်လောက်ကောင်းလဲ။ ဒီက ဂျပန်တွေကလည်း တစ်ဦးကလေးကို သမီးလေး ဖြစ်ချင်ကြပြီး နောက်ကလေးကို ယောင်္ကျားလေး ပိုလိုချင်ကြတယ်။ ကံပဲပေါ့ ညီမ.. :))

အိ>> အိရေ.. လာလည်တဲ့အတွက် ကျေးဇူးနော်။ ဟုတ်တယ် အမေနဲ့ ဝေးပြီး ကိုယ်ဝန်ဆောင်ရတာဆိုတော့ သိသင့်တာတွေအတွက် စာဖတ်ရတာပေါ့။ ဘ၀တူတွေပါပဲ အိရယ်.. :)

မောင်မျိုး>> မောင်မျိုးရေ.. သူကတော့ အဂုင်္လိမာလသုတ်ကို အလွတ်မရတော့ အမ မွေးခါနီးမှာ ကွန်ပျူတာထဲ ထည့်ပြီး ဖွင့်ပေးထားတယ်လေ။ ဟုတ်ပါတယ် အမက အမေတစ်ယောက်ရဲ့ ခံစားချက်ကို ရေးထားတာဆိုတော့ ယောင်္ကျားလေးတွေ ဖတ်မိရင် တစ်မျိုးကြီး ဖြစ်နေမှာပဲ။ အဓိက အမကိုယ်တိုင် ပြန်ဖတ်ဖို့ရယ်၊ ကိုယ့်လိုပဲ မိခင်နဲ့ ဝေးပြီး ကိုယ်ဝန်ဆောင်တဲ့ သူတွေ ဖတ်ဖို့ရယ် ရည်ရွယ်ပြီး ကိုယ့်အတွေ့အကြုံလေးကို ဝေမျှထားတာပါ။ :))

Anonymous >> ကျေးဇူးပါ။ သူ ခွင့်ပြုရင် blog မှာ တင်ပေးပါနော်။ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေအတွက် အတွေ့အကြုံ ဗဟုသုတ အနေနဲ့ ဖတ်လို့ရတာပေါ့။ တကယ်လို့ blog ပေါ် တင်ဖြစ်ရင်လည်း ကျမကို blog လင့်လေးတော့ ပေးပါဦး။ စာ လာဖတ်ချင်လို့ပါ။ :))

မမလု>> မလုရေ.. သမီးလေးအတွက် ရေးနေတာ ဆိုတော့ သူ့ကို မြန်မာစာ အရင်ဖတ်တတ်အောင် လုပ်ပေးဖို့ တာဝန်ရှိလာပြန်တယ်။ ရေးမယ် အမ။ ရေးလည်း ရေးထားချင်တယ်။ ဒါပေမယ့် ကလေးအိပ်ချိန်မှ ရေးရတော့ အချိန်ပေးရတယ်။ စိတ်ထဲမှာလေ ရေးချင်တာတွေက အရမ်းများနေတယ် မလုရယ်။ သမီးလေးလည်း နေကောင်းတယ် အမ။ :)

မမသက်ဝေ>> ဟုတ်တယ် မရယ် သူဖတ်ဖို့ရယ်၊ ကိုယ်ပြန်ဖတ်ဖို့ရယ်အတွက် မှတ်တမ်းလေး ဆိုလည်း မမှားပါဘူး။ :)