October 25, 2009

Chinese Buffet

မနှစ်က အောက်တိုဘာလ မှာ ပြင်သစ်က ကောင်မလေး တစ်ယောက် ကျမတို့ ရုံးကို Training အနေနဲ့ ရောက်လာခဲ့တယ်။ ပြင်သစ်က လာတယ်ဆိုပေမယ့် သူ့မိဘတွေက ကမ္ဘောဒီးယား နိုင်ငံသားတွေပါ။ သူ့ကိုတော့ ကျမတို့က “စိုးစိုး” လို့ခေါ်တယ်။ စိုးစိုး ဒီကို ရောက်လာပြီး သိပ်မကြာဘူး ၊ နိုဝင်ဘာလောက်ကျတော့ သူ့ကောင်လေးလည်း Osaka ကို ရောက်လာခဲ့တယ်။ သူ့ကောင်လေးက Holiday Working Visa နဲ့ ရောက်လာတာမို့ တစ်နှစ်ပဲ နေခွင့်ရှိတယ်လို့ ပြောပါတယ်။ စိုးစိုးနဲ့ ပတ်သက်ပြီး ကျမတို့လည်း သူ့ကောင်လေးနဲ့ပါ သူငယ်ချင်းဖြစ်သွားကြတာပေါ့။


ဒီနှစ် နိုဝင်ဘာလဆိုရင် သူ့ကောင်လေး Osaka မှာနေတာ တစ်နှစ်ပြည့်တော့မှာမို့ နောက်တပတ်ဆိုရင် ပြင်သစ်ကို ပြန်တော့မှာပါ။ ဒါကြောင့် သူ့အတွက် Farewell party လေးတစ်ခုကို Chinese Buffet ဆိုင်မှာ လုပ်ပေးဖြစ်ခဲ့တယ်။ ကျမတို့ မြန်မာလေးယောက်ရယ်၊ စိုးစိုးနဲ့ သူ့ကောင်လေးရယ် အားလုံး ၆ ယောက်ပဲ သွားကြတာ။


*****


ဘူဖေးဆိုင်က ရုံးဖွင့်ရက်ဆို လူမများပေမယ့် ပိတ်ရက်ဆို တန်းစီရတာ အကြာကြီးပဲ။ တစ်ယောက်ကို ၂၀၉၇ ယန်း ပေးရပြီး ၂ နာရီအချိန်ပေးပါတယ်။ မနေ့ (စနေနေ့) က ပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေက ၇ နာရီခွဲလောက်ကတည်းက သွားတန်းစီထားကြတယ်။ အမျိုးသားနဲ့ ကျမက ၈ နာရီ ထိုးခါနီးလောက်မှ အဲဒီဆိုင်ရောက်သွားကြတာ။ တကယ်တမ်း စားရတော့ ၈ နာရီခွဲခါနီးနေပါပြီ။


ဗိုက်လည်း ဆာနေပြီမို့ ကျမတို့ အုပ်စုလည်း ဆိုင်ထဲရောက်တာနဲ့ ခေါင်းမဖော်တမ်း စားပစ်လိုက်တာ မိနစ် ၃၀ အတွင်း ဗိုက်တော်တော် တင်းသွားကြတယ်။ ၁၀ နာရီ ခွဲခါနီးတော့မှ ဆိုင်က ထွက်လာကြတာ လူတွေက အိပဲ့ အိပဲ့နဲ့ ဗိုက်တင်းပြီး လမ်းတောင် သိပ်မလျှောက်နိုင်ဘူး။ ဆိုင်က ချပေးတဲ့ ဟင်းပွဲတွေက တစ်ပွဲကုန်ရင် နောက်တစ်မျိုး အသစ်ပြောင်းပြီး အလှည့်ကျ ချပေးတာမျိုးဆိုတော့ ဟင်းအမည် အားလုံးလည်း မမှတ်မိတော့ပါဘူး။ dim sum လိုမျိုးတွေလည်း ပါတယ်။ ရေနွေးကြမ်း အပါအ၀င် အအေးလည်း ၄ မျိုးလောက်လည်း ပေးထားပြီး အချိုပွဲအတွက် ရေခဲမုန့်၊ ပူတင်းနဲ့ သာဂူလို မုန့်အချိုတွေလည်းပါ ပါတယ်။


အမှန်တော့ အခုလို ဆိုင်မျိုးက ခဏခဏ သွားစားလို့ မကောင်းဘူး။ ဘူဖေးဆိုတော့ သိပ်မစားနိုင်ရင်လည်း မတန်ဘူးလို့ ခံစားရတယ်။ ကိုယ့်ဘာသာကိုယ် ၂ ယောက်တည်း အပြင်မှာ သွားစားမယ်ဆိုရင် အဲဒီလို ဆိုင်မျိုးကို မရွေးဖြစ်ဘူး။ သူငယ်ချင်းတွေနဲ့ဆိုတော့ စကားပြောလိုက်၊ နောက်ပြောင်လိုက်၊ ဟင်းအသစ်ရောက်ပြီလား တစ်ယောက်တစ်လှည့် သွားကြည့်ပြီး ယူလာပေးလိုက်နဲ့မို့ ပျော်စရာကောင်းပါတယ်။ ၂ နာရီဆိုတော့လည်း အေးအေးဆေးဆေး အချိန်ယူပြီး အချင်းချင်း စကားပြောရင်း စားလို့ရတာပေါ့။


*****

စားသောက်ပြီး လမ်းခွဲခါနီးတော့ စိုးစိုးနဲ့ သူကောင်လေးကို ကြည့်ပြီး စိတ်မကောင်းဘူး။ ကိုယ်တွေကလည်း သူ့ကောင်လေးနဲ့ပါ ခင်နေတာဆိုတော့ သိပ်မကြာခင် Osaka ကို ပြန်လာနိုင်ပါစေ လို့ ဆုတောင်းပေးယုံက လွဲပြီး ဘာမှ လုပ်မပေးတတ်ပါဘူး။ သူကောင်လေး Osaka ကို နောက်တစ်ခေါက် ပြန်လာဖြစ်မယ် ဆိုရင်တော့ ပြန်ဆုံနိုင်ကြဦးမယ် လို့ မျှော်လင့်ရတာပါပဲ။



ဒီပုံမှာ ပြထားသလို အားလုံးစုံအောင် မစားဖြစ်ပါဘူး။

ဖန်ခွက်ထဲက ၀ါဝါအရည်တွေကတော့ ၀ယ်သောက်ရတာ ဘူဖေးထဲမှာ မပါဘူး။




ည ၁၀ နာရီခွဲလောက်ရှိပြီဆိုတော့ ဆိုင်ထဲမှာလည်း လူတော်တော်ရှင်းနေပါပြီ..

အောက်တိုဘာ ၂၅၊ ၂၀၀၉။

October 18, 2009

ကြေးအိုး

ကျမအကြိုက်ဆုံး အစားအစာတွေထဲမှာ ကြေးအိုးက ထိပ်ဆုံးကပါ။ ကြေးအိုးများ စားရမယ်ဆို ဘယ်အချိန်ပဲ စားရ စားရ ဘယ်တော့မှ မမုန်းဘူး။ နေထိုင်မကောင်းဖြစ်လို့ ခံတွင်းပျက်နေရင်လည်း ကြေးအိုးဝယ်စားလိုက်တာပဲ။ သူငယ်ချင်းတွေ စုပြီး တခုခုစားမယ်ဆိုလည်း ကြေးအိုးဆိုင်ပဲ သွားဖြစ်တာ များတယ်။ ကျမက ကြေးအိုးကို အရည်နဲ့စားရတာ ပို ကြိုက်ပြီး အမျိုးသားကတော့ ကြေးအိုးဆီချက်ပဲ စားပါတယ်။

*****


ကြေးအိုး စ ပြီး စားတတ်တာ တက္ကသိုလ် ရောက်မှပါ။ အဲဒီမတိုင်ခင်ကတော့ စားရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ပါပါးနဲ့ မြို့ထဲ လိုက်သွားရင် ဆီချက်ခေါက်ဆွဲပဲ စားဖြစ်တာဆိုတော့ ဆီချက်ခေါက်ဆွဲလောက်ပဲ စားရကောင်းမှန်းသိခဲ့တယ်။ လှိုင်ကောလိပ်ရောက်တော့ ကျောင်းထဲမှာ ဖွင့်ထားတဲ့ ဟာမိုနီ စားသောက်ဆိုင်မှာ စ ပြီး စားဖြစ်ခဲ့တာ။ အဲဒီဆိုင်မှာ ရောင်းတဲ့ ကြေးအိုးက အရမ်းစားကောင်းလှတဲ့အထဲမှာ မပါပါဘူး။ ဒါပေမယ့် ကျမက အရည်ရယ် ကြာဇံရယ် အသားရယ် ရောပြုတ်ထားတာကို ငရုတ်ဆီနဲ့ တွဲပြီး စားရတာ သဘောကျတာမို့ ကြေးအိုးက ကျမ အကြိုက်ဆုံးအစားအစာ ဖြစ်လာခဲ့တာပါ။ အင်းစိန်မှာဆိုရင်တော့ လမ်းသစ်လမ်းမှာ ဖွင့်ထားတဲ့ ဟန်နီဆိုင်မှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မောင်နှမတွေ စုပြီးပဲဖြစ်ဖြစ် သွားစားဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက အင်းစိန်မှာ ကြေးအိုးဆိုင် ကောင်းကောင်းဆိုလို့ ဟန်နီပဲရှိလိမ့်မယ်ထင်တယ်။ နောက်ပိုင်းမှ ကြို့ကုန်းမှာ ရွှေယုန်လေး ဆိုင်ဖွင့်လာတာ။ ရွှေယုန်လေးမှာတော့ ၂ ခါ ၃ ခါလောက်ပဲ စားဖူးပါတယ်။ အဲဒီတုန်းက ကြေးအိုး တစ်ပွဲ ဘယ်လောက်မှန်း အခု ပြန်စဉ်းစားတာ မမှတ်မိတော့ဘူး။ နောက်ပိုင်း ဟန်နီဆိုင်က မင်းကြီးလမ်းဘက် ပြောင်းသွားတယ်။ အခုတော့ ဟန်နီရော ရွှေယုန်လေးဆိုင်ရော ရှိမှ ရှိသေးရဲ့လားတောင် မသိတော့ဘူး။


ကျောင်းပြီးလို့ အလုပ်ထဲ ရောက်တော့ ရုံးက သူငယ်ချင်းတွေစုပြီး မကြာခဏ ဆိုသလို မြို့ထဲမှာ ကြေးအိုး သွားစားဖြစ်ခဲ့တယ်။ အောင်မြင့်မိုရ် ၊ ရွှေတောင်တန်းကြေးအိုး၊ ၃၆ လမ်းက ကြေးအိုးဘုရင်၊ Eugenia၊ Million Coins ဆိုင်တွေမှာပါ။ Million Coins က Yangon International Hotel ၀န်းထဲမှာ ဖွင့်တာ။ Summit Park View နဲ့ ကပ်လျက် ၀န်းတခုထဲလားတောင် မသိဘူး။ ရုံးက လခထုတ်ပြီဆို အုပ်စုလိုက် နေ့လည် ထမင်းစားချိန် သွားစားခဲ့တာတွေ သတိရမိသေးတယ်။ တခါတော့ Million Coins က ကြေးအိုးကို တော်တော် စိတ်ပျက် သွားခဲ့ဖူးတယ်။ ရုံးက သူငယ်ချင်းတစ်ယောက်ရဲ့ Farewell ကို Million Coins မှာ လုပ်တုန်းကပေါ့။ ကျမတို့ သွားတဲ့ လူအုပ်ကလည်း များတော့ ဆိုင်က လူမနိုင်တော့လို့ပဲလား မသိဘူး ကြာဇံဖတ်တွေက ပြတ်ထွက်ပြီး ကြေးအိုးက လုံးဝ စားမကောင်းဘူး။ ဒီကြားထဲ ကောင်လေး တစ်ယောက်ရဲ့ ပန်းကန်ထဲဆို ခရုခွံလိုမျိုးပါလာလို့ မန်နေဂျာကို ခေါ်ပြီးပြောရတဲ့ အထိပါပဲ။ သူတို့ကတော့ တောင်းပန်တာပေါ့။ အဲဒီနောက်ပိုင်း Million Coins ကို မရောက်ဖြစ်တာ အခုထိပဲ။


စံပြမှာ ဖွင့်ထားတဲ့ YKKO ကြေးအိုးကတော့ ၀ါးတန်းလမ်းမှာ ကျူရှင်သွားတက်ရင်း စားဖြစ်သွားတာ။ နောက်ပိုင်း သူငယ်ချင်းတွေနဲ့ပဲဖြစ်ြဖစ်၊ အမျိုးသားနဲ့ပဲဖြစ်ဖြစ် စံပြမှတ်တိုင် ဆိုတော့ ဘတ်စ်နဲ့ သွား လာရတာ လွယ်လို့ ဆိုပြီး အဲဒီဆိုင်ပဲ အသွားများခဲ့တယ်။ အားပေးလွန်းလို့ ဆိုင်က ကောင်လေးတွေက member card လုပ်ထားပါလား လို့တောင် ပြောယူရတဲ့အထိပါပဲ။


*****

ရန်ကုန်ပြန်ရောက်တဲ့ ညနေမှာ သွား စားဖြစ်ခဲ့တဲ့ ဆိုင်က ကျောက်မြောင်းက “ရွှေတောင်တန်း” ကြေးအိုးဆိုင်ခွဲ မှာပါ။ ကျားကွက်သစ်လမ်းပေါ်မှာ ဆိုတော့ ဆိုင်က ခုံတွေပေါ်မှာ ဖုန်တွေချည်းပဲ။ စားပွဲထိုးကို ခေါ်ပြီး ဖုန်သုတ်ပေးဖို့ပြောတော့ “အင်း” လို့ တချက်ပြောပြီး ပြန်မလာတော့ဘူး။ ဒါနဲ့ အရှက်ပြေ ကိုယ့်ဘာသာပဲ ထိုင်ခုံရယ် စားပွဲခုံရယ်ကို တစ်ရှုးနဲ့ သုတ်ပစ်လိုက်ပါတယ်။ သူ့စိတ်ထဲ ကြီးကျယ်တယ်လို့တောင် ထင်မလား မသိဘူးရယ်။ မှာထားတာတွေ ရောက်လာတော့ ယောင်းမက ငရုတ်ဆီတွေ ထည့်မစားနဲ့ ဆိုးဆေးတွေပါတယ်လို့ ပြောပြီး မစားဖို့ တားပါတယ်။ ကျမကလည်း ကြေးအိုးစားရင် ငရုတ်ဆီ ထည့်စားရမှ ကျေနပ်တာမို့ သူလည်း စိတ်ကျေနပ်အောင် ကိုယ်လည်း အာသာပြေအောင် နည်းနည်းတော့ ထည့်စားဖြစ်ပါတယ်။ မစားရတာကြာပြီမို့ အရမ်းစားကောင်းတာပဲ။


နောက်ပြီး စံပြမှာရှိတဲ့ YKKO မှာ စားချင်လို့ အင်းစိန်ကနေ စံပြအထိ တကူးတက Taxi ငှားစီးသွားလိုက်သေးတယ်။ ဟိုရောက်တော့ ကြေးအိုးဆိုင် ပျောက်နေလို့ လမ်းများမှားသလား၊ မျက်စေ့များ မှားသလားဆိုပြီး အဲဒီနားမှာ ၂ ယောက်သား ၂ ခေါက် ၃ ခေါက် လမ်းလျှောက်ရင်း ဆိုင်လိုက်ရှာရတာပေါ့။ ဘယ်ဟုတ်မလဲ YKKO ဆိုင်နေရာမှာ သတို့သား သတို့သမီးတွေ အတွက် ၀တ်စုံငှားတဲ့ဆိုင်ဖြစ်သွားလို့ ကြေးအိုးဆိုင် မတွေ့တော့တာကိုး။ ကိုယ်စားနေကျ ကြေးအိုးဆိုင်နေရာမှာ Wedding ၀တ်စုံဌားတဲ့ဆိုင်ကြီးဖြစ်နေတာ ကြည့်ပြီး စိတ်ထဲ ၀မ်းနည်းသလိုလို ဘာလိုလိုနဲ့။ Taxi ခ ၃၅၀၀ ကျပ်ပေးလိုက်ရတာပဲ အဖတ်တင်တယ်။ အမျိုးသားက ကြေးအိုးမဟုတ်လည်း တခြား စားစရာ တခုခု စားပါလားလို့ ပြောပေမယ့် ဒီကလည်း မရဘူး စိတ်ကြီးတယ် ကြေးအိုးပဲ စားကို စားရမှဆိုတာမျိုး ဇွတ် နောက်တော့ ရွှေတောင်တန်းလမ်းအထိ ဆိုက်ကားနဲ့သွားပြီး ရွှေတောင်တန်း ကြေးအိုးပဲ သွားစားလိုက်တော့တယ်။ အခုတော့ YKKO ဆိုင်ခွဲက လှည်းတန်းက ရန်ကုန် အင်းစိန်လမ်းမကြီးပေါ်မှာ ဖွင့်ထားတယ်။ ကိုယ့်လို အဖြစ်မျိုးနဲ့ ကြုံနေမှာစိုးလို့ YKKO ဆိုင်ပြောင်းသွားကြောင်း သတင်းပေးတာပါ


ပြန်တဲ့ ၃ ပတ်အတွင်း ကြေးအိုး ၅ ခါလောက် စားပစ်လိုက်တယ်။ YKKO, Eugenia နဲ့ ရွှေတောင်တန်း ကြေးအိုး ဆိုင်တွေမှာပါ။ YKKO ကြေးအိုးကိုတော့ ဆရာစံလမ်းမှာ သွားစားခဲ့ရတယ်။ အင်းစိန်က ဟန်နီနဲ့ ရွှေယုန်လေးမှာ သွားမစားဖြစ်ခဲ့တာ တွေးပြီး စိတ်မကောင်းဘူး။ ဒီမှာတော့ စားချင်ရင် Blog တွေ Forum တွေက ကြေးအိုးချက်နည်းတွေ ကြည့်ပြီး ချက်စားနေရတာပဲ။ ၀ယ်လို့ရတဲ့ ပစ္စည်းတွေနဲ့ပဲ ချက်ရတာဆိုတော့ ဆိုင်မှာ စားရတာလောက် စားမကောင်းဘူး။ လုံးလုံးမစားရတာထက် စာရင်တော့ အာသာပြေပါတယ်။



ရန်ကုန် ပြန်တုန်းက စားခဲ့ရတဲ့ Eugenia က ကြေးအိုးလေးကို အမှတ်တရ ဖြစ်အောင် Blog ပေါ်တင်ထားလိုက်ပါတယ်။


ဒါကတော့ ကျမလက်ရာပေါ့..

အောက်တိုဘာ ၁၈၊ ၂၀၀၉။