Showing posts with label ဘာသာစကား. Show all posts
Showing posts with label ဘာသာစကား. Show all posts

March 20, 2009

မြန်မာစကားနဲ့ ဂျပန်လူမျိုး - ၂

၂၀၀၈ ခုနှစ် နိုဝင်ဘာလတုန်းက မြန်မာစကားနဲ့ ဂျပန်လူမျိုး ဆိုပြီး ပို့စ်ရေးခဲ့ဖူးပါတယ်။ အခု ရေးမှာက အဲဒီပို့စ်ရဲ့ နောက်ဆက်တွဲလို့ ပြောရင်လည်း ရတာပေါ့။ ဒီကြားထဲ ကျမတို့လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ရှုတ်နေတာရော၊ ပြီးတော့ မြန်မာစာ သင်တန်းက ကျောင်းသားတွေနဲ့ ဆရာမကြီး အားတဲ့ အချိန် ညှိပြီး စာသင်ကြတာမို့ ပုံမှန် အတန်းချိန်ဆိုတာ မရှိတာကြောင့် ထပ်မရောက်ဖြစ်တော့တာ။ ပြီးခဲ့တဲ့လ ကတော့ ကျောင်းတာဝန်ခံ အန်တီကြီးက “မြန်မာစာ သင်တန်းကို လာခဲ့ပါဦး” လို့ ဖိတ်တာနဲ့ အမျိုးသားနဲ့ နှစ်ယောက်သား နောက်တစ်ကြိမ် ထပ် ရောက်ဖြစ်ခဲ့တယ်။


ကျောင်းရောက်သွားတော့ အရင် ကျောင်းသား ၂ ယောက်ဖြစ်တဲ့ “ကိုမြင့်သန်းမောင်” နဲ့ “မအေးနှင်းအိအိ” အပြင် နောက်ထပ် ဧည့်သည်တစ်ယောက်နဲ့ပါ ထပ်တွေ့ခဲ့ရတယ်။ ဧည့်သည်အဖြစ်လာတဲ့ ဂျပန်မလေးက Osaka University ကနေ မြန်မာစာ အဓိကနဲ့ ဘွဲ့ယူထားတဲ့သူပါ။ မြန်မာ နာမည်က “မနှင်းသက်အေး” လို့ခေါ်ပါတယ်။ မနှင်းသက်အေး လည်း အခု သင်တန်းကျောင်းကို ကျမတို့လိုပဲ မြန်မာစကားပြော လေ့ကျင့်ပေးဖို့ လာခဲ့တာ။ ဒီတစ်ခေါက် သူတို့နဲ့ တွေ့ချိန်မှာ ပြောခဲ့တဲ့ အကြောင်းတွေကို ပြန်ဝေမျှချင်တာကြောင့် ဒီပို့စ်ကို ရေးဖြစ်ပါတယ်။


*****


ကျမတို့ သင်တန်းကျောင်း ရောက်သွားတော့ ညနေ ၃ နာရီလောက် ရှိနေပါပြီ။ ဒီတစ်ခါက သူတို့ စာသင်တာ ဘေးက ၀င်ဖြေပေးရင်း စကားအတူ ပြောပေးရတာ။ နောက်ပြီး မအေးနှင်းအိအိက ၂၀၀၈ ဒီဇင်ဘာလ ကုန်ခါနီးမှာ မြန်မာပြည်ကို အလည် သွားခဲ့တာကြောင့် သူ့ရဲ့ မြန်မာပြည် အတွေ့အကြုံလည်း နားထောင်ရင်းပေါ့။ အဲဒီနေ့ကတော့ မအေးနှင်းအိအိက မြန်မာထမီ ၀တ်ထားပါတယ်။ ထမီ ၀တ်ရတာ နှစ်သက်လို့ မြန်မာပြည်ကနေ ပြန်လာတော့လည်း ထမီ အထည် ၂၀ ထပ်ဝယ်ခဲ့သေးတယ်လို့ ပြောပြတယ်။ ဂျပန်မက ကြိုးနဲ့ ပတ်ထမီ ၀တ်ထားတာများ သေသေသပ်သပ်နဲ့မို့ ကျမတောင် အံ့သြမိပါတယ်။ လူမျိုးခြားက မြန်မာထမီကို မက်မက်မောမော ၀တ်နေပြီး ကိုယ်က မြန်မာ ဖြစ်ရဲ့သားနဲ့ ဂျင်းဘောင်းဘီ ၀တ်ထားတော့ မျက်နှာပူပြီး ရှက်မိတာတော့ အမှန်ပဲ။


နောက်ပြီး မြန်မာစာနဲ့ ဘွဲ့ယူထားတဲ့ မနှင်းသက်အေးနဲ့လည်း စကားပြောဖြစ်ခဲ့တယ်။ သူ့ကို “ဘာဖြစ်လို့ မြန်မာစာ အဓိက နဲ့ ဘွဲ့ယူထားတာလဲ” ဆိုပြီး မေးကြည့်တော့ မြန်မာစာကို သဘောကျလို့ Osaka University မှာ ၅ နှစ်ကြာ သင်ယူခဲ့ကြောင်း၊ မြန်မာပြည်လည်း ၂ ခေါက် ရောက်ဖူးကြောင်း၊ ရှမ်းဘာသာ၊ ရှမ်းစကားနဲ့ စာတမ်း တင်ခဲ့ပြီး ဘွဲ့ယူခဲ့ကြောင်းတွေ ကျမတို့ကို ပြောပြပါတယ်။ မနှင်းသက်အေးက စကားပြောရင် ကျမကို “အမ” လို့ခေါ်ပြီး ပြောတယ်။ ပြီးတော့ “ရန်ကုန်ဘယ်နားမှာနေသလဲ” လို့မေးတော့ ကျမက “အင်းစိန်” မှာပါလို့ဖြေတာကို “စော်ဘွားကြီးကုန်းကားဂိတ်ရှိတဲ့ နေရာမှာလား” တဲ့။ အခု အဝေးပြေးကားဂိတ်က နေရာ ပြောင်းသွားတာလည်း သူသိတယ်။ အမျိုးသားကိုလည်း တောင်ငူကဆိုတော့ “ရန်ကုန်နဲ့ မန္တလေး ကြားက မြို့ မဟုတ်လား” တဲ့လေ။


*****


စာသင်တာ ပြီးသွားတော့ ကိုမြင့်သန်းမောင်က ဆရာမကြီးကို မြန်မာလို ရေးထားတဲ့ အိမ်စာတွေ ပြပြီး အမှတ်ခြစ်ခိုင်းပါတယ်။ သူ ရေးထားတဲ့ အသုံးအနှုန်းတွေ မှားနေရင် ဆရာမကြီးက ပြင်ပေးပြီး အမှန်ကို ရှင်းပြပေးပါတယ်။ ကျမတို့ကတော့ ဘေးကနေ နည်းနည်းပါးပါး ၀င်ဖြေပေးရတာလောက်ပဲ ရှိတာပါ။ အမှန်တော့ ကိုမြင့်သန်းမောင်က မြန်မာစာ အရမ်းရေးတတ်ချင်နေတဲ့သူပါ။ ပြီးတော့ သူ့ဘာသာသူလည်း ဂျပန်လို ရှင်းပြထားတဲ့ မြန်မာစာ စာအုပ်တွေ ရှာပြီး ဖတ်တယ်။ ကိုယ်တိုင်လည်း သိသလောက်ကို စာကြောင်းတိုတိုလေးတွေ ကြိုးစားပြီး ရေးကြည့်တယ်။ ရေးထားတာတွေကို ၀ိုင်းပြင်ပေးရင် သူ့ရဲ့ စာကြိုးစားပုံကို အံ့သြ လေးစားမိတယ်။ သူရေးထားတာကို ဆရာမကြီး ဖတ်ပြတော့ ကျမတို့ ရီချင်တာ မနည်းကို ဘရိတ်အုပ်ရတယ်။ ကျမတို့ ရီချလိုက်ရင် သူရှက်သွားမှာ စိုးလို့ပါ။ နောက်ပြီး သူကြိုးစားပမ်းစား ရေးထားတာကို လှောင်တယ်လို့လည်း ထင်သွားမှာ စိုးပါတယ်။


သူရေးထားတဲ့ တချို့စာကြောင်းတွေကို ဖတ်ကြည့်ပါဦး..
ကျွန်တော် ပိုက်ဆံနည်းနည်း ရှိပါသည်။
ကျွန်တော် ရိုးသားပါသည်။
ကျွန်တော် သဘောကောင်းပါသည်။
ကျွန်တော့်မိတ်ဆွေ သဘောမကောင်းပါ။
အဲဒီလို အသုံးအနှုန်းတွေကို ပုံမှန် စကားအပြောဆိုရင် မသုံးဘူးလို့ပဲ ယေဘုယျ ပြောပြပေးရတယ်။ သူရေးထားတဲ့ ထဲက ကိုယ့်ကိုကိုယ် ချီးမွမ်းတဲ့ စကားမျိုး ၊ ကိုယ့်ဂုဏ် ကိုယ်ဖော်တဲ့ စကားမျိုး သုံးလေ့မရှိဘူး၊ ပြောလေ့မရှိဘူးဆိုတာ အနီးစပ်ဆုံး ဂျပန်လူမျိုးတွေရဲ့ စကားပြောပုံ နဲ့ နှိုင်းယှဉ်ပြရပါတယ်။ နောက်ထပ် ဥပမာ အနေနဲ့ မိန်းကလေး ဆိုရင်လည်း မအေးနှင်းအိအိကို တခြားတစ်ယောက်က “မအေးနှင်းအိအိက လှတယ်နော်” ဆိုပြီး ပြောလို့ရပေမယ့် မအေးနှင်းအိအိ ကိုယ်တိုင်က “ကျမ လှပါတယ်၊ ချောပါတယ်” ဆိုပြီး သုံးရင် လူတွေ ရီစရာ ဖြစ်တယ်ဆိုတဲ့အကြောင်း နားလည်အောင် ဆရာမကြီးက ရှင်းပြပေးပါတယ်။ ဆက်ဖတ်ကြည့်ပါဦး..


ကျွန်တော် ဦးနှောက်ကောင်းပါသည်။
ကျွန်တော့် မိတ်ဆွေ ဦးနှောက် မကောင်းပါ။
မြန်မာစကားမှာ “ဦးနှောက်ကောင်းတယ်၊ ဦးနှောက်မကောင်းဘူး” ဆိုတဲ့ အဓိပ္ပာယ်ဟာ စိတ်ဝေဒနာရှင်တွေကို သုံးတာ ဖြစ်လို့ “ဥာဏ်ကောင်းတယ် ၊ မကောင်းဘူး” လို့ ပြောရတယ်ဆိုပြီး ပြင်ပေးရပါတယ်။ နောက်တစ်ခု သူသုံးထားတာကတော့


ကျွန်တော့် အမေ လူလိမ်ပါ။
ကျွန်တော့် အဖေ ဒေါသကြီးပါသည်။
အဲဒီလိုအသုံးမျိုးကို ဆရာမကြီးက မြန်မာတွေအနဲ့ဆိုရင် ယဉ်ကျေးမှုအရ မသုံးသင့်ဘူးလို့ သင်ပေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေ၊ မိဘဆိုတာ သားသမီးကို ကိုးလလွယ် ဆယ်လ ဖွားရတဲ့အပြင် ကိုယ့်မိဘလောက် ဘယ်သူမှ ကိုယ့်အပေါ် မကောင်းနိုင်ဘူး၊ အနွံတာ မခံဘူး ၊ ဒါကြောင့် ဗုဒ္ဓဘာသာတို့ရဲ့ အနန္တော အနန္တ ငါးပါးထဲမှာ မိဘက ပါနေရတယ်ဆိုတဲ့အကြောင်း၊ မိဘက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကိုယ်က သိနေသည့်တိုင်အောင် ဘယ်တော့မှ မိဘကို မကောင်းမပြောရဘူး ဆိုတာကို ဆရာမကြီးက ဂျပန်လို နားလည်အောင် ရှင်းပြပေးပါတယ်။ နောက်တစ်ကြောင်းက


ကျွန်တော် နည်းနည်း နှာဗူးပါသည်။
သူ့ကို ဘယ်သူက အဲဒီ စကား သင်ပေးလိုက်တာလည်းတော့ မသိပါဘူး။ မြန်မာစာ ဆရာမကြီးကတော့ “နှာဗူး” ဆိုတဲ့ စကားက အင်မတန် ရင့်သီးပြီး ရိုင်းတဲ့အတွက် မသုံးသင့်ဘူးလို့ ပြောပါတယ်။ အဲဒီလို ပြောတဲ့အတွက် တဖက်သားကို အရှက်ရစေတာမို့ တတ်နိုင်သလောက် မသုံးပါနဲ့ လို့ ရှင်းပြတယ်။


သူရေးထားတာတွေထဲက ကျမ မမှတ်မိပဲ ကျန်နေတာတွေ ရှိပါသေးတယ်။ ရေးထားတဲ့ မြန်မာလက်ရေးကို ဓာတ်ပုံ ရိုက်ယူချင်ပေးမယ့် အားနာလို့ မရိုက်ဖြစ်ခဲ့ပါဘူး။ အဲဒီနေ့က ကျောင်းက ပြန်လာတော့ ကိုမြင့်သန်းမောင် မြန်မာစာ ရေးထားတာကို သဘောကျပြီး အိမ်ပြန်ရောက်မှ အားရ ပါးရ ရီဖြစ်တော့တယ်။ ကျန်တဲ့ မိန်းကလေး ၂ ယောက်ကတော့ စကားကို ဖြေးဖြေးပြောပေးရင် နားလည်ကြပါတယ်။ နောက်ပြီး သူတို့က မြန်မာပြည်ကိုလည်း အလည် ရောက်ဖူးတာမို့ မြန်မာတွေရဲ့ လေယူလေသိမ်းနဲ့ စကားပြောကို ကောင်းကောင်း သိနေပါပြီ။


*****


နိုင်ငံခြားသားတွေ မြန်မာစကား ပြောရင် တလွဲ မှားပြောတတ်တာကို ဆရာကြီး မဟာဆွေ ရဲ့ “စာရေးကြီး” စာအုပ်ထဲမှာ ဖတ်ဖူးတာ သွားသတိရမိတယ်။ “၀မ်းဘဲဥ မှဲ့သလား၊ လိမ္မော်သီး ဖွင့်ပေးပါ၊ ရေခဲ အလွန်ချမ်းသည်၊ ပန်းကန်တွေ ရေချိုးပြီး စားပွဲပေါ် ထိုင်ထား” ဆိုတာတွေ ထက် စာရင်တော့ ကိုမြင့်သန်းမောင်က အခြေအနေ ကောင်းတယ်လို့ ပြောရမှာပဲ။


မြန်မာစာက သင်ပေးရတာလည်း ခက်သလို သင်ယူရတာလည်း ခက်မှာပါ။ ဒါပေမယ့် လူမျိုးခြားက ကြိုးစား ပမ်းစား သင်ယူနေတာကို ကြည့်ပြီး ကြည်နူးမိတယ်။ ပြီးတော့ သူတို့ရဲ့ ကြိုးစား အားထုတ်မှုကိုလည်း အားကျမိတယ်။ မြန်မာစကားဟာ အသုံးအနှုန်း ကျယ်ပြန့်တာကြောင့် လူမျိုးခြား နားလည်အောင် ပြန်ရှင်းပြဖို့ ခက်ခဲတာတွေ အပြင် တချို့ အသုံးအနှုန်းတွေကို နိုင်ငံခြားသားတွေကို မသင်ပေးသင့်ဘူးဆိုတဲ့ သင်ခန်းစာကို အဲဒီနေ့ သင်တန်းကနေ ရလိုက်ပါတယ်။ နောက်ပြီး သူတို့တောင် တို့ လူမျိုးစကား သင်ယူနိုင်တာ သူတို့ လူမျိုးစကားကိုလည်း သင်ယူနိုင်ရမှာပေါ့လို့ ကိုယ့်ကိုကိုယ်လည်း အားပေးနေမိပါတော့တယ်။


မတ်လ ၂၀၊ ၂၀၀၉။

March 18, 2009

ကျမနဲ့ ဂျပန်စကား

ဘာသာစကားနဲ့ ပတ်သက်ပြီး ကျမက ထိုင်းစာလည်း သင်ဖူးသလို တရုတ်စာလည်း အနည်းအကျဉ်းလောက် သင်ဖူးပါတယ်။ လ အနည်းငယ်လောက်ပဲ သင်ဖြစ်တာမို့ ဖြစ်မြောက်အောင် မတတ်ခဲ့ပါဘူး။ အင်္ဂလိပ်စာ ကတော့ ငယ်ငယ်ကတည်းက ရေးရ ဖတ်ရတာမို့ အလုပ်လုပ်လို့ ရတယ်ဆိုတဲ့ အဆင့်လောက်တော့ ရှိတာပေါ့။ ဂျပန်စာကိုတော့ ပထမတစ်ခေါက် Osaka မလာခင် လ အနည်းငယ်လောက် အလိုမှ ကပ်ပြီး သင်ဖြစ်ခဲ့တာ။


ရန်ကုန်မှာ ဂျပန်စာ စသင်တော့ ရိုမဂျိ (Romaji -
ロマジ) လို့ခေါ်တဲ့ ဂျပန်အသံထွက်ကို အင်္ဂလိပ် စာလုံးနဲ့ ရေးထားတဲ့ စာအုပ်နဲ့ စ သင်ရပါတယ်။ ပြီးတော့ Osaka ရောက်ပြီး ရုံးကနေ ဆရာမ ခေါ်သင်ပေးတော့လည်း ရိုမဂျိ စာလုံးနဲ့ပါပဲ။ အလုပ်ထဲမှာက နိုင်ငံခြားသား မန်နေဂျာ လက်အောက်မှာ လုပ်ရတာမို့ ဂျပန်စကားလည်း ပြောတတ်ဖို့ မလိုခဲ့ပါဘူး။ ဒါကြောင့် ဂျပန်မှာ တစ်နှစ် နေပြီး ရန်ကုန်သာ ပြန်သွားတယ်၊ ဂျပန်စာ ဟိရဂန (Hiragana - ひらがな) နဲ့ ခတခန (Katakana - カタカナ) ကို ကောင်းကောင်း မဖတ်တတ်ခဲ့ဘူး။

*****


အခုတစ်ခေါက် ဂျပန်စာ ပြန်သင်တော့ ရိုမဂျိ ပဲ အလွယ် ဖတ်ချင်တဲ့ စိတ်ကို ဖျောက်ပြီး ဟိရဂန နဲ့ ခတခန စာလုံးတွေကို ဖတ်နိုင်အောင် ကြိုးစားခဲ့ရတယ်။ ဒီအပြင် ဂျပန်စာမှာက ခန်းဂျိ (Kanji - 漢字) လို့ခေါ်တဲ့ တရုတ်စာလုံး လည်း ရှိသေးတာမို့ စောစောက ပြောထားတဲ့ ၂ ခု ဖတ်တတ်ယုံနဲ့ မလုံလောက်သေးပြန်ဘူး။ အဲဒီတော့ ခန်းဂျိ စာလုံးတွေကိုလည်း ကြက် အစာကောက်သလို တဖြည်းဖြည်းချင်း လေ့လာနေရတာ အခုထိပါပဲ။


ဂျပန်စကားမှာလည်း သူဟာနဲ့ သူ ခက်တဲ့ အပိုင်းတွေ ရှိတာပေါ့။ အဓိပ္ပာယ်အတူတူကိုပဲ ကိုယ့်အထက် လူကြီးကို ပြောရင် တစ်မျိုး၊ ကိုယ့်ရဲ့ လက်အောက်ငယ်သားကို ပြောရင်တစ်မျိုး၊ ဈေးရောင်းတဲ့သူက ၀ယ်သူကို ပြောရင် တစ်မျိုး၊ သူငယ်ချင်းအချင်းချင်း ပြောရင် တစ်မျိုး နဲ့ အဓိပ္ပာယ်သာ တူတယ် ပြောတာချင်း မတူတွေ အများကြီးပဲ။ နောက်ပြီး ဂျပန်လူမျိုးတွေလည်း စကားပြောတဲ့အခါမှာ ကိုယ့်ကိုကိုယ် ချီးမွမ်းတဲ့ စကားမျိုး သုံးလေ့ မရှိကြပါဘူး။ ဥပမာ ဆိုပါတော့။ ဂျပန်စာ သင်ယူနေတဲ့ ကျမကို ရုံးက သူငယ်ချင်းတွေက “နုစံ ဂျပန်စကား ပြောနိုင်လာတယ်နော်” လို့ ပြောရင် ကိုယ်က “ဟုတ်တယ်၊ ပြောနိုင်လာတယ်” ဆိုပြီး ပြန်မဖြေရဘူး။ “အဲဒီလောက်လည်း မဟုတ်ပါဘူး၊ ကြိုးစားနေတုန်းပါ” ဆိုတာမျိုး၊ “အဲဒီလောက် မဟုတ်ပါဘူး၊ ထပ်ကြိုးစားရဦးမယ်” ဆိုတာမျိုး ပြန်ဖြေရပါတယ်။


နောက်ပြီး ဂျပန်စာ သင်ယူရင်း ကြုံခဲ့ဖူးတဲ့ အမှားတွေကို ဖောက်သည်ချရဦးမယ်။ ကျမ ဂျပန်စာ သင်ခါစမှာ အသံထွက် ဆင်တူတဲ့ စာလုံးတွေဆိုရင် အဓိပ္ပာယ်တွေ ရောပြီး မှားပြောမိတယ်။ အထူးသဖြင့်- ယာစရှိ (yasashii -
やさしい) ၊ ယာစအိ (yasai - やさい)၊ ယာစုအိ (yasui - やすい) စာလုံးတွေပါ။ အဲဒီ ၃ လုံးကို ရောထွေးပြီး ကျမ ဘယ်လိုမှ ခွဲမရဘူး။ စာလုံး ၃ လုံးက ရုတ်တရက် ဖတ်လိုက်ရင် ဆင်တူ ပေမယ့် အဓိပ္ပာယ်က တခြားစီပါပဲ။


ယာစရှိ
 ဆိုတဲ့ အသံထွက်မှာ အဓိပ္ပာယ် ၂ မျိုးရှိသလို ခန်းဂျိ လည်း ၂ မျိုး ရှိတယ်။ တစ်မျိုးက “လွယ်ကူတယ်(易しい)လို့ အဓိပ္ပာယ်ရပြီး လူကို ရည်ညွှန်းပြီးသုံးမယ် ဆိုရင်တော့ “သဘောကောင်းတယ်(優しい)လို့ အဓိပ္ပာယ် ရတယ်။ နောက် “ယာစအိ” ကတော့ “ဟင်းသီးဟင်းရွက်” (野菜) ဆိုတဲ့ အဓိပ္ပာယ် တစ်မျိုးပဲ ရှိတယ်။ “ယာစုအိ” ကိုလည်း ၂ မျိုး သုံးလို့ရတယ်။ ခန်းဂျီး ကတော့ “ဈေးသက်သာတယ် (安い)ဆိုတဲ့ အဓိပ္ပာယ် တစ်လုံးထဲပါ။ ဒါပေမယ့် verb တခုခုကို ရာစုအိ ရှေ့မှာ ခံပြီး သုံးမယ်ဆိုရင် ထည့်သုံးလိုက်တဲ့ verb ပေါ် မူတည်ပြီး အဓိပ္ပာယ်က ပြောင်းသွားတယ်။ ဥပမာ “စားတယ်” ဆိုတဲ့ စာလုံးကို “ယာစုအိ” နဲ့ တွဲသုံးလိုက်ရင် “စားရတာ လွယ်တယ်” ဆိုတဲ့ သဘောမျိုး ဖြစ်သွားတယ်။ စာသင်နေတာ မဟုတ်လို့ အသေးစိတ် မရှင်းပြတော့ဘူးနော်။


တရက်တော့ ရုံးက သူငယ်ချင်းတွေနဲ့ စကားပြောမိရင်း ကိုယ့်အစွမ်းအစလေးတွေ ထုတ်ကြွားဦးမှဆိုပြီး ပြောလိုက်တာ “
ခနိုဂျို ၀ ယာစအိ ဒဲ့စနဲ (kanojyo wa yasai desu ne - かのじょ は やさい ですね。) ဆိုတော့ သူတို့တွေ ရီလိုက်ကြတာ။ ကျမလည်း အူကြောင်ကြောင် နဲ့ ဘယ်ကြောင့် ရီကြလဲ မသိဘူးပေါ့။ အမှန်က “သူမက သဘောကောင်းတယ်”လို့ ပြောချင်တာပါ။ မှားပြောလိုက်တော့ “သူမက ဟင်းသီးဟင်းရွက်ပါ” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားတာ။


နောက်ပြီး ဂျပန်စာလုံးမှာ tsu (
) နဲ့ su () ဆိုပြီး စာလုံး ၂ လုံးရှိပါတယ်။ su” က အသံထွက်ရတာ လွယ်ပေမယ့် မြန်မာလူမျိုးမှာ လုံးလုံး မရှိတဲ့ “tsu” ဆိုတဲ့ အသံကို ကျမ ကောင်းကောင်း အသံ မထွက်နိုင်သေးဘူး။ အသံထွက်ကို မြန်မာစာလုံးနဲ့ ဘယ်လို ရေးပြ ရမှန်းတောင် မသိဘူး။ ဒီ tsu ဆိုတဲ့ အသံမှာ လျှာလိပ်သံပါတယ်။ ဆရာမလည်း လျှာထားပုံ ထားနည်းက အစ သေချာ သင်ပေးတာပဲ။ သင်တုန်းခဏပဲ မှန်တယ်။ ပြီးတော့ အသံထွက်က ပြန်မှားတာပဲ။ အခုထိကို မမှန်သေးဘူး။


နောက် အမြဲလိုလို မှား သုံးတာက “လာပါ” (kite -
きて), “ရေးပါ” (kaite -かいて), “၀ယ်ပါ” (katte - かって), နားထောင်ပါ” (kiite -きいて ) တွေပါ။ မှတ်မှတ်ရရ ပေါ့။ တရက် ကျမတို့ အိမ်ကို ဂျပန်မသူငယ်ချင်း လာလည်ပါတယ်။ သူက အိမ် လာလည်ရင်း စားစရာ မုန့် တချို့ ၀ယ်လာခဲ့တယ်။ ပြန်ခါနီး သူ့ကို အိမ် တံခါးဝအထိ လိုက်ပို့ပေးရင်း ကျမက လောကွတ်ချော်ပြီး “မတ ခိတဲ့ ခုဒဆိုင်း” (mata kite kudasai - また きて ください。နောက်လည်း လာလည်ပါလို့) ပြောရမှာကို “မတ ခပ်တဲ့ ခုဒဆိုင်း” (mata katte kudasai - また、かってください。နောက်လည်း ၀ယ်ပါ) ဆိုတော့ အားလုံး တ၀ါးဝါးနဲ့ ၀ိုင်းရီကြတယ်။


*****


ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ဘာသာစကားကို လေ့လာတဲ့အခါမှာ မှားမယ်၊ ရီစရာ ဖြစ်မယ်၊ တလွဲဖြစ်မယ် ဒီလိုမျိုးတွေကို ကြုံရတတ်ပါတယ်။ ဘယ်ဘာသာစကားမဆို သင်ခါစမှာတော့ အခက်အခဲတွေ ရှိတာပေါ့။ ကိုယ်က တစိုက်မတ်မတ် လုပ်ဖြစ်ဖို့ပဲ လိုတာပါ။ ကျမ ကိုယ်တိုင်လည်း ဂျပန်စာကို တဖြည်းဖြည်းချင်း လေ့လာ သင်ယူနေရတုန်းပဲ။ မသိသေးတာတွေက များလွန်းတော့ ကောင်းကောင်း ပြောနိုင် ဆိုနိုင် ရေးနိုင်တဲ့ အဆင့်ရောက်ဖို့ကို အချိန်အတိုင်းအတာ တစ်ခုပေးပြီး ကြိုးစားနေရဦးမှာပါ။


*ကျမ မြန်မာလို ရေးထားခဲ့တဲ့ ဂျပန်စာလုံး အသံထွက် “ရာစရှိ၊ ရာစအိ၊ ရာစုအိ” ကို “ra” အသံနဲ့ မှားထွက်မိမှာစိုးလို့ “ယာစရှိ၊ ယာစအိ၊ ယာစုအိ” ဆိုပြီး ပြင်လိုက်ပါတယ်။ အမှားပြင်ဆင်ပေးတဲ့ ကိုပီတိရေ.. ကျေးဇူးပါ.. :)


မတ်လ ၁၉၊ ၂၀၀၉။

November 3, 2008

မြန်မာစကား နှင့် ဂျပန်လူမျိုး - ၁

ကျမတို့ မြန်မာပြည်က ခေတ်လူငယ်တွေဟာ မြန်မာစကားအပြင် တခြား ဘာသာစကား တစ်ခုခုကို သင်ယူကြတာ များပါတယ်။ ကိုယ်တိုင်က မသင်ချင်ရင်တောင် မိဘတွေက အနည်းဆုံး အင်္ဂလိပ်စကားပြောသင်တန်းလောက်ကို တက်ဖို့ အားပေးကြပြန်တယ်။ ဒါကြောင့် ကျောင်းစာအပြင် နွေရာသီ ကျောင်းအားရက်ဆိုရင် အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီယား၊ ပြင်သစ် စတဲ့ စကားပြောသင်တန်းတွေမှာ သက်တန်းတက်ဖို့ သွားလာနေကြတာ အများကြီးပဲ။ ဘွဲ့ရပြီးသွားရင်လည်း UFL မှာ ဒီပလိုမာဘွဲ့ယူဖို့ ကိုယ်ဝါသနာပါတဲ့ ဘာသာစကား တခုခုကို ဆက်ပြီး သင်ယူကြပြန်ရော။ များသောအားဖြင့် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာပဲ စကားပြန်အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ်၊ နိုင်ငံခြား တက္ကသိုလ်မှာ ကျောင်းလျှောက်ချင်လို့ပဲဖြစ်ဖြစ် သင်ယူနေကြတာပါ။ ကျမတို့ မြန်မာ လူမျိုးတွေ တခြားဘာသာစကားကို လေ့လာနေကြသလို ဒီမှာ ရှိနေတဲ့ ဂျပန်လူမျိုးတွေလည်း သူတို့ ၀ါသနာ ပါတဲ့ ဘာသာစကားတစ်ခုခုတော့ လေ့လာ သင်ယူနေကြတာပါပဲ။ အခုပြောမှာကတော့ ဂျပန်လူမျိုးတွေ မြန်မာစာ လေ့လာတဲ့အကြောင်းလေးပါ။


အရင်တုန်းကဆို တချို့ဂျပန်တွေက မြန်မာပြည်ဆိုတာ ဘယ်နေရာလဲ မသိကြဘူး။ ထိုင်းကိုတော့ သိကြတယ်။ ထိုင်းနဲ့ အိမ်နီးချင်းနိုင်ငံ၊ ထိုင်းကနေ ဆက်သွားရင် ရောက်တယ်ဆိုပြီး ပြောပြရတယ်။ တချို့ကတော့ ဘိရုမာလို့ ပြောလိုက်ရင် အောင်ဆန်းစုကြည်-စံ ရှိတဲ့နိုင်ငံလား ဆိုပြီး ပြန်မေးကြတယ်။ အဲဒါကိုတော့ သိတဲ့သူများပါတယ်။ ဒါပေမယ့် အခုဆိုရင် Mr. Nagai Kenji နဲ့ Nargis ကြောင့် မြန်မာပြည်အကြောင်းကို ဂျပန်လူမျိုး တော်တော်များများ သိကုန်ကြပါပြီ။ ကောင်းသတင်းတော့ မဟုတ်လှဘူး။ ထားပါတော့လေ။ စကားပြန်ဆက်ရရင် အလုပ်ထဲက အသိတွေနဲ့ ပါတီမှာ တွေ့လို့ စကားပြောဖြစ်ပြီဆိုရင်လည်း မြန်မာပြည်အကြောင်း၊ မြန်မာလူမျိုးအကြောင်း၊ မြန်မာစကားအကြောင်းကို စိတ်ဝင်တစား မေးကြတယ်။ အဲဒါဆိုတော့ ကိုယ်ကလည်း တတ်သလောက် မှတ်သလောက် ပြန်ပြောပြပေးရတာပေါ့။ သူတို့မေးတာကိုလည်း ဂရုစိုက်ပြီး ပြန်ဖြေရတယ်။ ကိုယ့်အဖြေက တစ်ခုခု မှားသွားမှာလည်း စိုးရိမ်တယ်လေ။ “မင်္ဂလာပါ”၊ “နေကောင်းလား”၊ “ကျေးဇူးတင်ပါတယ်”၊ “စားကောင်းတယ်” ၊ “အရသာရှိတယ်” ၊ “ဟုတ်ပါတယ်”၊ “မဟုတ်ပါဘူး” စတဲ့ စကားလုံး တိုတိုတွေကို မှတ်ရလွယ်အောင် ပြောပြပေးပြီး သင်ပေးရတယ်။


ဒါပေမယ့် ရုံးက သူငယ်ချင်းတွေက စိတ်ဝင်စားလို့ သိချင်တာလောက်ပဲရှိတာ၊ မြန်မာစကားပြော သင်ဖို့ ကိုတော့ လုံးလုံး စိတ်ဝင်စားပုံမရဘူး။ သူတို့ကို မြန်မာလို ရေးပြရင်လည်း အ၀ိုင်းတွေကို ဆက်ထားတယ်လို့ပဲ မြင်ကြတယ်။ နောက်ပြီး ဂျပန်လူမျိုးမှာက “င” အသံ၊ “ထ” အသံ၊ “သ” အသံ ၊ “လ” အသံ မရှိဘူး။ “ရ” (ra) သံပဲ ရှိတယ်။ အသံအနိမ့်အမြင့်လည်း မရှိတော့ သူတို့က မေးလို့ ပြောပြပေးရင်တောင် “ခက်တယ်” ဆိုပြီး ပြောကြတယ်။ ကျမတို့ မြန်မာနာမည်တွေကိုလည်း မှန်အောင် မခေါ်နိုင်ကြဘူး။ အဲဒါဆိုတော့ သူတို့နဲ့ စပြီး မိတ်ဆက်ပြီ ဆိုကတည်းက ကိုယ့်ရဲ့ ရှေ့ဆုံးနာမည်တွေကိုပဲ မှတ်ရလွယ်အောင် ပြောပြီး မိတ်ဆက်ရတယ်။ ဥပမာ ကျမကိုဆို “နု” လို့ခေါ်ပါဆိုပြီး ပြောပြပေးထားလိုက်တယ်။ ဒါကြောင့် အားလုံးက Nu-san၊ NuNu-san, Nu-chan ဆိုပြီး ခေါ်ကြတယ်။


*****


ကျမအမျိုးသားက Tokyo မှာ ၂ နှစ်လောက်နေဖူးပါတယ်။ အဲဒီတုန်းက မြန်မာစကား ကောင်းကောင်းပြောတတ်တဲ့ ဂျပန်လူမျိုးတွေနဲ့ ဆုံဖူးတယ်လို့ သူပြန်ပြောပြတယ်။ သူတွေ့ဖူးတဲ့ဂျပန်ဦးလေးကြီးဆိုရင် တွေ့သမျှ ကြားသမျှ မြန်မာစကားအသုံးတွေကို စာအုပ်ထဲရေးမှတ်ပြီး မြန်မာလူမျိုး တွေ့တာနဲ့ စာအုပ်ဖွင့်ပြီး မြန်မာလို ကြိုးစားပြီးပြောပါတယ်။ အဲဒီလိုနဲ့ပဲ ဟိုလူက သင်ပေး ဒီလူကသင်ပေးနဲ့ သူ့ရဲ့ ဗလာစာအုပ်မှာ မြန်မာစကားပြောတွေ မှတ်ထားတာ အများကြီးပဲတဲ့။ နောက်ပြီး မြန်မာလိုလည်း ရေးတတ်တယ်။ မြန်မာသီချင်း ကာရာအိုကေလည်း ဆိုနိုင်တယ်ဆိုလို့ ကျမဖြင့် ကြားတုန်းက အံ့သြနေတာ။ အဲဒီ ဦးလေးကြီးက ဂျပန်မှာ အငြိမ်းစားယူထားပြီး မြန်မာပြည်ကို သွားလည်ရင်းက သဘောကျလို့ မြန်မာစကားကိုပါ ကြိုးစားပြီး လေ့လာသင်ယူနေတဲ့သူပါ။


ကျမတို့ ပြီးခဲ့တဲ့နှစ် Tokyo သွားတုန်းကလည်း အဲဒီလိုပဲ။ ရောက်တုန်း မြန်မာအစားအစာတွေ ရောင်းတဲ့ဆိုင်ကို သွားတာ ဓာတ်လှေကားမှာ ဂျပန်အမျိုးသမီး နှစ်ယောက်နဲ့ ဆုံပါတယ်။ သူတို့ကလည်း ကျမတို့ သွားမယ့် မြန်မာဆိုင်ကို လာကြတာ။ မြန်မာဆိုင်က စောသေးလို့ မဖွင့်သေးပါဘူး။ ကျမတို့ နှစ်ယောက်လည်း ဆိုင်မဖွင့်သေးဘူးဆိုပြီး ပြောဆိုနေတာ စောစောက ဂျပန်မလေးတွေ ကြားသွားတယ်နဲ့ တူပါတယ်။ “မြန်မာပြည်ကလား”ဆိုပြီး မြန်မာလိုမေးတော့ တော်တော် အံ့သြသွားတယ်။ အဲဒါနဲ့ စကားစမြည်ပြောရင်း သူတို့မေးသမျှကို ဖြေရတာပေါ့။ ပြန်ဖြေရင်း စိတ်ထဲကနေ “မြန်မာစကားအတော်လေး ပြောနိုင်တယ်”လို့ တွေးနေမိသေးတယ်။ မြန်မာပြည်လည်း ရောက်ဖူးကြတယ် လို့ပြောပါတယ်။ နောက်တစ်ခု အံ့သြတာက ဆိုင်ရှေ့မှာ ကပ်ထားတဲ့ “အင်္ဂါနေ့ဆိုင်ပိတ်သည်” ဆိုတဲ့ ဆိုင်းဘုတ်က စာကို ကောင်းကောင်းဖတ်နိုင်တာပါ။ တကယ်တော့ သူတို့ မြန်မာဆိုင်ကို လာကြတာ ခရစ်ယာန်အသင်းက ထုတ်တဲ့ စာစောင်တွေ ကမ်းဖို့ လာကြတာ။ ကျမတို့ကိုလည်း စာစောင်တွေ ကမ်းလို့ ယူခဲ့ရသေးတယ်။ ကျမဖြင့် တခြားလူမျိုးခြားက မြန်မာလို ကြိုးစားပြီး ပြောတာကို ကြားရတာ ဘယ်လို ၀မ်းသာမှန်းမသိဘူး။ စိတ်ထဲလည်း တစ်မျိုးပဲ။


*****


ရုံးကအသိ ဂျပန်မလေးက Asian Library Club ဆိုပြီး NGO က ဖွင့်တဲ့ အာရှဘာသာစကားသင်တဲ့ ကျောင်းမှာ ဟိန္ဒူစာသင်ယူနေပါတယ်။ အဲဒီကျောင်းမှာ မြန်မာစာ သင်ပေးတဲ့ အတန်းလည်းရှိပြီး မြန်မာစာသင်နေတဲ့ ကျောင်းသားတွေကို စကားပြော လေ့ကျင့်ပေးဖို့ ဖြစ်နိုင်ရင် ကျောင်းကို လာလည်ဖို့ ကျမတို့ကို ခေါ်ပါတယ်။ ကျမကလည်း ဂျပန်လူမျိုးတွေက မြန်မာစာသင်နေတာကို စိတ်ဝင်စားလို့ လာခဲ့ပေးပါ့မယ်လို့ ကတိပေးလိုက်ပြီး ဒီအပတ် ပိတ်ရက်မှာ အဲဒီကျောင်းကို သွားဖြစ်ခဲ့တယ်။


ကျမတို့ရောက်သွားတော့ နေ့လည် ၁၁ နာရီလောက်ရှိပါပြီ။ ကျောင်းမှာက မြန်မာဆရာမကြီး တစ်ယောက်နဲ့ ကျောင်းသား ၂ ယောက်ရှိပါတယ်။ အမျိုးသမီးတစ်ယောက်၊ အမျိုးသားတစ်ယောက်ပါ။ သူတို့ မြန်မာစာ သင်နေကြတာ ၆ လလောက်တော့ ရှိပြီ။ ကျမတို့နဲ့တွေ့တော့ မြန်မာလို မေးလိုက်တာစုံနေတာပါပဲ။ ကျမတို့လည်း သူတို့မေးသမျှကို စိတ်ရှည်ရှည်ပြန်ဖြေပေးပါတယ်။ မှားရင်လည်း ရီလိုက်ကြပေါ့။ သူတို့ မြန်မာစကားပြောက အရမ်းအားရဖို့ ကောင်းတယ်။ ဆရာမကြီးကလည်း သူတို့ကို မြန်မာနာမည်ပေးထားသေးတယ်။ ဂျပန်ဦးလေးကိုတော့ “ကိုမြင့်သန်းမောင်”တဲ့၊ ဂျပန်မလေးကိုတော့ “မအေးနှင်းအိအိ”တဲ့။ သူတို့ကိုယ် သူတို့ မိတ်ဆက်တော့ မြန်မာနာမည်နဲ့ပဲ မိတ်ဆက်လို့ ဂျပန်နာမည်တောင် မသိခဲ့ရပါဘူး။ ကျမတို့ကို မေးတဲ့ မေးခွန်းတွေက “ဘယ်မှာနေတာလဲ”၊ “ဘာအလုပ်လုပ်ပါသလဲ”၊ “ဂျပန်ရောက်တာ ဘယ်လောက် ကြာပါပြီလဲ”၊ “မိသားစု ဘယ်နှစ်ယောက်ရှိပါသလဲ”၊ “နာမည်ဘယ်လိုခေါ်ပါသလဲ”၊ “မြန်မာပြည်ကို ဘယ်တော့ပြန်မလဲ”၊ “ဘာဖြစ်လို့ ပြန်တာပါလဲ” အစရှိသဖြင့်ပေါ့။ အားလုံးတော့လည်း မမှတ်မိတော့ပါဘူး။ နောက်ပြီး “အား ပါတယ်” ကို “အ ပါတယ်” ဆိုပြီး မှားပြောလို့ ၀ိုင်းရီရသေးတယ်။


သူတို့ကိုတော့ “မြန်မာစာ ဘာဖြစ်လို့ သင်တာလဲ” ဆိုပြီး မေးဖြစ်ပါတယ်။ ဂျပန်မလေးကတော့ မြန်မာပြည်ကို အရမ်းချစ်ပြီး မြန်မာပြည်မှာ အကြာကြီးနေချင်ပါတယ်လို့ပြောပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ သူမြန်မာပြည်ကို ထပ်သွားလည်ဦးမှာပါ။ မြန်မာပြည်ကို တစ်ခေါက်ရောက်ဖူးတယ်ဆိုတဲ့အကြောင်း၊ မြန်မာပြည်က ဘုရား၊ ဘုန်းကြီးကျောင်းတွေက ဂျပန်မှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ မတူကြောင်း၊ မြန်မာအစားအစာ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ သိပ်ကြိုက်တယ်ဆိုတဲ့အကြောင်း၊ မြန်မာပြည်မှာ သူ့သူငယ်ချင်းဂျပန်မလေးတွေ ရှိတယ်ဆိုတဲ့အကြောင်း၊ မြန်မာလူမျိုးတွေရဲ့ နာမည်ကို သိလိုက်တာနဲ့ ဘယ်နေ့မွေးတာလည်းဆိုတာကို သိရတာ အံ့သြဖို့ကောင်းကြောင်း၊ မြန်မာပြည်က ထမီကို သိပ်ကြိုက်တဲ့အတွက် အများကြီး ၀ယ်ထားပြီး ကျောင်းလာရင် ထမီပဲ ၀တ်ကြောင်း ဒီနေ့မှ ဂျပန်ရိုးရာ ကီမိုနိုကို ၀တ်လာမိတဲ့အတွက် စိတ်မကောင်းကြောင်း၊ ဗုဒ္ဓဘာသာတွေရဲ့ ငါးပါးသီလကို အရမ်းစိတ်ဝင်စားပြီး ဂျပန်လူမျိုး ဗုဒ္ဓဘာသာတွေနဲ့ မတူကြောင်း၊ ပါဠိ ဖတ်ရတာ ခက်တဲ့အကြောင်း၊ စတဲ့ စတဲ့ အကြောင်းတွေကို ကြားရတာ မြန်မာလူမျိုးတစ်ယောက်အတွက် တကယ်ကို အံ့မခန်းပါပဲ။


ဂျပန်ဦးလေးကြီးကတော့ “မြန်မာပြည်ကို သွားလည်ချင်လို့ မြန်မာစကားကို သင်တာပါ”တဲ့။ နောက်ပြီး ဆရာမကြီးက ငါးပါးသီလ အကြောင်းကို ဂျပန်လို ရှင်းပြပေးလိုက်တာနဲ့ ချက်ချင်းပဲ လက်အုပ်ချီပြီး သူ ဗုဒ္ဓဘာသာပဲ လုပ်တော့မယ်လို့ ပြောပါတယ်။ နေ့လည် ၁ နာရီခွဲမှာ ကမ္ဘောဒီးယားအတန်း ရှိတာနဲ့ မြန်မာစာသင်တန်းကို ပြီးဆုံးပါတယ်။


ဒီနေ့ စာသင်ကျောင်းက ပြန်လာတော့ အတွေ့အကြုံအသစ်ရလို့ ကျမတို့ နှစ်ယောက်လည်း ကြည်နူးမှုအပြည့်နဲ့ ပျော်ရွှင်ပြီးပြန်လာခဲ့ကြတာပေါ့။ ဂျပန်လူမျိုးတွေ မြန်မာစကားကို ကြိုးစားပြီး လေ့လာသင်ယူတဲ့အတွက် ချီးကျူးမိတယ်။ ကျမတို့ နှစ်ယောက်ကို “နောက်တစ်ပတ်လည်း လာခဲ့ပေးပါ၊ ဂျပန်စကားသင်ပေးပါမယ်” လို့ပြောတာနဲ့ “လာခဲ့ပေးပါမယ်” လို့ ပြောလိုက်ရတယ်။ အဲဒီအခါကျရင် ကျမက ဂျပန်ဦးလေးကြီးအတွက် အမျိုးသားရဲ့ ပုဆိုးအသစ်တစ်ထည် လက်ဆောင်ပေးပြီး ၀တ်ကြည့်ခိုင်းမယ်လို့ စိတ်ကူးထားတယ်။

*****



လူမျိုးခြားတွေက မြန်မာစကားကို ကြိုက်လို့ပဲ သင်သင်၊ ၀ါသနာပါလို့ပဲ သင်သင်။ ဘယ်လိုအကြောင်းကြောင့်ပဲ သင်သင်ပေါ့။ ကျမကတော့ အားလုံးကို တတ်နိုင်သလောက် ကူညီပေးချင်ပါတယ်။ မြန်မာလူမျိုးတွေက ကူညီတတ်တယ်၊ စိတ်သဘောကောင်းတယ်ဆိုတဲ့ အမြင်ကိုလည်း ဆက်လက်ထိန်းသိမ်းထားစေချင်သလို မြန်မာကို ကောင်းသောနည်းနဲ့ ကမ္ဘာက သိစေချင်တာပါပဲ..


(ပို့စ် ၁၀၀ မြောက် အမှတ်တရ)

နိုဝင်ဘာ ၃၊ ၂၀၀၈။

October 29, 2007

၃ လပြည့် ဂျပန်စာတိုးတက်မှု မှတ်တမ်း

ဂျပန်စာ သင်ပေးချင်တဲ့ ဆရာ၊ ဆရာမလေးတွေနဲ့ စာသင်လာတာ ဘာလိုလိုနဲ့ ၃ လပြည့်ပါတော့မယ်။ သူတို့မှာလည်း တခြား အလုပ်ကိစ္စတွေနဲ့ဆိုတော့ ကျမတို့ကို ၁ ပတ်မှာ ၁ ရက်ပဲ သအင်ပေးနိုင်ပါတယ်။ တစ်ပတ်လုံးမှာ ၁ ရက်ပဲ သင်ပေးရတာမို့ သူတို့က ည ၇ နာရီလောက်ကနေ စ သင်လိုက်တာ ကြားထဲ စကားပြောလိုက် စာသင်လိုက်နဲ့ သူတို့ပြန်သွားရင် အချိန်က အနည်းဆုံး ၁၁ နာရီကျော် နေပါပြီ။ ဗုဒ္ဓဟူးနေ့တိုင်း အိမ်တိုင်ရာရောက် ဆရာ၊ ဆရာမတွေမှာ တကူးတက လာသင်ပေးရှာပါတယ်။ အဲဒီရက်ဆိုရင် စာသင်ပေးတဲ့သူတော့ ဘယ်လိုနေမလဲမပြောတတ်တော့ဘူး။ သင်ယူရတဲ့ ကျမမှာတော့ သူတို့ပြန်သွားပြီးရင် ညစာစား၊ ဆေးကြောသိမ်းဆည်းပြီးတာနဲ့ အချိန်က အမြဲပဲ ည ၁ နာရီ ၁ နာရီခွဲလောက် ဖြစ်နေပါပြီ။ ရုံးအလုပ်က မပင်ပန်းပေမယ့် တနေကုန် အလုပ်ထဲနေရပြီး ညအိမ်ပြန်ရောက်လို့ စာသင်ပြီးရင် လူက တော်တော်ကို မဟန်တော့ဘူး။ ဆရာ၊ဆရာမတွေနဲ့ စကားပြောရတာလည်း ဂျပန်လို ပြောရတာဆိုတော့ တစ်ခါတစ်လေ စိတ်မရှည်ရင် အင်္ဂလိပ်လိုပဲ ပြောပစ်လိုက်တော့တာပါပဲ။ သူတို့လည်း တတ်နိုင်သလောက် ကိုယ့်ကို ပြင်ပေးရှာပါတယ်။

ဂျပန်စာ စကားလုံး vocabulary ကျက်ဖို့လည်း ပျင်း၊ Grammar ကလည်းသင်တုန်း ခဏပဲ၊ သင်ပြီးရင် အကုန်မေ့ကုန်တာပဲ။ မေ့လွယ်လွန်းလိုက်တာလေ..လို့ သီချင်းတောင် စပ်ဆိုလိုက်ချင်သေးတော့တယ်။ အစတုန်းကတော့ ဒီလို တွက်မိတာပေါ့လေ.. “တစ်နေ့တစ်လုံး Kanji ကို မှန်မှန်ကျက်ရင် ၁ လဆိုရင် အလုံး ၃၀၊ ၁ နှစ်ဆိုရင် ၃၆၅ လုံး” စသည်ဖြင့်ပေါ့.. တွက်ရေးကတော့ စက်သူဌေးလို့ ပြောရမယ်။ အခုထိ Kanji လေ့ကျင့်တာ အလုံး ၂၀ က မတက်ဘူး။ ရေးလိုက် ပြန်မေ့လိုက်။ မေ့လိုက် ပစ်ထားလိုက်နဲ့ ဂျာအေး သူ့အမေရိုက်သလို အဲဒီ အလုံး ၂၀ လောက်နဲ့ပဲ တ၀ဲဝဲရယ်မှ တလည်လည်။

နဂိုအခံကလည်း စာကျက်ဖို့ ပျင်း၊ အသက်ကြီးလို့ ဦးနှောက်က သိပ်အလုပ်မလုပ်ချင်တော့ဘူးဆိုပြီး အကြောင်းပြလိုက်၊ အလုပ်တစ်ဖက်နဲ့မို့ စာကျက်ဖို့ အချိန်မရဘူးဆိုပြီး ဆင်ခြေပေးလိုက်၊ တနေကုန် အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တော့လည်း အိမ်တာဝန်တွေကို လုပ်ရတာ တစ်မျိုးမို့ ခဏတဖြုတ် နားဦးမှဆိုပြီး ကိုယ့်ကို ကိုယ်ငဲ့ညှာပြီး နားလိုက်တာ စာကျက်ဖို့ကို စိတ်က ပြန်လည်မလာတော့ဘူး။ ရုံးဖွင့်ရက်မကျက်လို့ ရုံးပိတ်ရက် ကျက်မယ်ဆိုပြီး အားခဲထားတာ ပိတ်ရက်ကျတော့လည်း ပိတ်ရက်မို့လို့ ဈေးဝယ်ထွက်လိုက်၊ သတင်းလေး ရုပ်ရှင်လေး ကြည့်လိုက်၊ အိမ်အလုပ်လေး ပြေးလုပ်လိုက်၊ တစ်ပတ်လုံးစာ လျှော်ဖွတ် မီးပူတိုက်ရတာနဲ့ ဂျပန်စာဘက် လှည့်ဖို့ နေနေသာသာရယ် ကိုယ့်ဟာကိုယ် အနားယူရတာကိုပဲ တစ်ပတ် ၂ ရက် ပိတ်ရက်ဟာ လောက်တယ်လို့ကို မထင်ဘူး။ (သနားဖို့ပဲ တော်တော် ကောင်းနေသေးတော့တယ်... )

ရုံးက သူငယ်ချင်းတွေက “နုစံ ဂျပန်စာ ဘယ်လိုလဲ၊ တိုးတက်လာပြီလား”လို့မေးတိုင်း “ဒီလိုပါပဲ၊ မတိုးတက်သေးပါဘူး”လို့ မျက်နှာပူပူနဲ့ ကပေါက်တိ ကပေါက်ချာ ဂျပန်လို ပြန်ဖြေတာကိုကြည့်ပြီး ကျမ အခြေအနေကို သူတို့လည်း သိလောက်ရောပေါ့။ ဆရာမလေးတွေ စာလာသင်ပေးပြီးရင် စာအုပ်ကို ဒီအတိုင်း ပစ်ထားလိုက်တာ နောက်တစ်ပတ် ဆရာမတွေ ပြန်လာမှပဲ စာအုပ်ကို ကောက်ကိုင်မိတော့တယ်။ စိတ်ထဲက အားနာပေမယ့် တကယ်တော့ ဘာမှကို မလုပ်ဖြစ်တာ ကိုယ်ဘာသာ ကိုယ်သိတယ်။ ဒီအတိုင်း မဖြစ်ချေဘူး၊ စာကို လုပ်ကို လုပ်ရမယ်ဆိုပြီး စိတ်ကို နှစ်လည်း တိုးတက်မလာတဲ့ ကိုယ့်အခြေအနေက ဒုံရင်းက ဒုံရင်းပဲမို့ စိတ်ဓာတ်လည်း တော်တော် ကျနေပါပြီ။

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ဂျပန်ဆရာတွေနဲ့ပဲဖြစ်ဖြစ် စကားပြောရင်တော့ ဟုတ်သလိုလိုပဲ။ သူတို့က ကျမပြောတဲ့ ဂျပန်စကားကို နားလည်တယ်။ ဒါပေမယ့် ရုံးမှာ ဒါမှမဟုတ် သွားလာနေရတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဂျပန်တွေ အချင်းချင်း စကားပြောရင် အရမ်းမြန်တယ်။ တစ်ခါတစ်လေ သူတို့ ပြောတာကို ကြိုးစားပြီး လိုက် နားထောင်ကြည့်မိတယ်။ တကယ်တမ်း ကိုယ်နားလည်လိုက်တာက ၁ ခွန်း ၂ ခွန်းထက် မပိုဘူး။ အိမ်ကို စာပို့သမားလာလို့ သူက လက်ခံကြောင်း ဖြတ်ပိုင်းမှာ လက်မှတ်ထိုးခိုင်းရင်လည်း အဲဒီလိုပဲ။ ကိုယ်က သူပြောသမျှ အကုန်နားလည်လို့ လက်မှတ်ထိုးပေးလိုက်တာ မဟုတ်ဘူး။ မှန်းခြေနဲ့ သူဘာပြောတယ်ဆိုတာလောက်ပဲ သိပြီး လုပ်ပေးလိုက်တာမျိုးဆိုတော့ ကိုယ်ကပဲ တအား ညံ့နေတာလား ဂျပန်စာကပဲ တအားခက်နေသလား၊ မသိတော့ပါဘူး။ အင်္ဂလိပ်စာလေ့လာတာထက် ပိုခက်တယ်လို့ ထင်မိတယ်။ အဲဒီလိုပြောလို့ အင်္ဂလိပ်စာ အရမ်းကျွမ်းကျင်တယ်လို့လည်း မထင်ကြပါနဲ့။

အခုဆိုရင် သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ဆရာမတွေနဲ့ပဲဖြစ်ဖြစ် ဆုံရင် ကျမဆီမှာ မှတ်စု စာအုပ် ၁ အုပ်နဲ့ ဘောပင် ၁ ချောင်း မပါမဖြစ် အမြဲဆောင်ထားရတယ်။ ဒါမှလည်း စားသောက်ဆိုင်သွားရင် ဟင်းအမည်တွေ၊ အသားဆိုရင်လည်း အခေါ်အဝေါ်တွေကို စာအုပ်ထဲ အကုန်စုမှတ်ထားရတယ်။ တော်ပါသေးရဲ့ .. ကိုယ်မသိတဲ့ စာ မေးချင်ရင် ဆရာမတွေဆီ အလွယ်တကူ မေးလို့ရတယ်။ ဂျပန်စကားပြောကို သူတို့နဲ့လေ့ကျင့်လို့ရတယ်ဆိုတော့ သူတို့ကို အရမ်းကျေးဇူးတင်ရပါတယ်။ ဂျပန်စာအတွက် အချိန်ဖဲ့ပေးပြီး ဖြစ်မြောက်အောင်လုပ်ဖို့လည်း ကိုယ့်ကိုယ်ကိုယ်တော့ အမြဲတမ်း အားပေးနေလျှက်ပါပဲ။ တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်ဆိုတော့ကာ.. ကျမ တကယ် မတတ်ချင်လို့ပဲ တကယ်မလုပ်တာများလား.....

အောက်တိုဘာ ၂၉၊ ၂၀၀၇။

August 9, 2007

ဂျပန်စာသင်တန်းအစ

ရုံးက သူငယ်ချင်းရဲ့ သူငယ်ချင်း ရဲ့ ညီမက ဂျပန်စာသင်တဲ့ဆရာမသင်တန်းပြီးထားပြီးသား။ ဒါပေမယ့် စာသင်တဲ့အတွေ့အကြုံမရှိတဲ့အတွက် တပည့်ရှာပုံတော်ဖွင့်လိုက်တာ ကျွန်မတို့ မြန်မာအုပ်စုမဲပေါက်ကြပါလေရော။ ဆရာမက အလကားသင်ပေးမှာ။ သူကလည်း စာသင်တဲ့ အတွေ့အကြုံလိုချင်၊ ကိုယ်ကလည်း ဂျပန်စာ သင်ချင်တယ်ဆိုတော့ (ပိုက်ဆံမကုန်ဘူးဆိုတော့ ပိုစိတ်ဝင်စားတာပေါ့) အတော်ပဲဖြစ်သွားတယ်။ အဲဒါနဲ့မနေ့က ဆရာမနဲ့သွားတွေ့ပြီး တယောက်နဲ့တယောက် မိတ်ဆက်၊ ပြီးတော့ ဂျပန်စာ ဘယ်လောက်ပြောတတ်သလဲ၊ ဘယ်တုန်းက ဂျပန်ရောက်လည်း စသည်ဖြင့် စကားစမြည်ပြောဖြစ်ကြတာပေါ့။ ဆရာမကလည်း သူနဲ့ ကျောင်းအတူပြီးထားပြီးသား သူ့သူငယ်ချင်း ၂ ယောက်ပါ ခေါ်လာတော့ ဆရာမက ၂ ယောက်၊ ဆရာ ၁ ယောက် စုစုပေါင်း ၃ ယောက်။ တပည့် မြန်မာကလည်း ဂျပန်မှာ ၄ နှစ်လောက်ကြာပြီဖြစ်တဲ့ တပည့်တယောက်။ အရင်က ဂျပန်ကို ၁ နှစ်ကို ၂ ကြိမ်နေဖူးပြီးသား တပည့်တယောက်။ နောက်ပြီးကျွန်မပေါ့။

တယောက်နဲ့တယောက် ဂျပန်စာ ပြောနိုင်တဲ့စွမ်းရည် Level မတူဘူးဆိုတော့ ဆရာ၊ ဆရာမတွေလည်း တော်တော် အလုပ်ရှုတ်သွားကြတယ်။ ပထမဆုံးက ဘယ်လောက်ပြောနိုင်သလဲ ဘယ်လောက်ထိ ဂျပန်စာသိလဲ။ ရုံးမှာ ဂျပန်စကားသုံးရလား အစရှိသဖြင့် Placement Test လုပ်တယ်။ ပြီးမှ သူတို့ အချင်းချင်း တိုင်ပင်ပြီးတော့ စာသင်ရမဲ့နေရာ၊ ဘယ်ကစသင်ရမယ် ဆိုတာညှိလိုက်ကြပြီး နောက်ဆုံး ကျွန်မတို့အိမ်မှာပဲ စာစုသင်ဖို့ နေရာ ရွေးလိုက်ကြတယ်။

ဒီမှာ ဂျပန်စာ သင်တန်း တက်တော့မယ်ဆိုရင် အရင်ဆုံး Placement Test ဖြေရတယ်။ ပိုက်ဆံပေးတက်တာဆိုတော့ တက်တော့တက်ရမှာ။ ဒါပေမယ့် ကိုယ်က အခြေခံဘယ်လောက်ရှိသလဲဆိုပြီး ရေးဖြေ နှုတ်ဖြေ ပြီးတော့ ဂျပန်စာ Hiragana, Katakana, Kenji ဘယ်လောက်ဖတ်တတ် ရေးတတ်လဲ ဆိုပြီး အရင်ဆုံး စစ်တယ်။ အဲဒါပြီးမှ Level ခွဲတယ်။ Basic Level I, Level II, Intermediate, Advance ပေါ့။ ကျွန်မက ရန်ကုန်မှာလည်း Basic သင်ခဲ့ဖူးတယ်။ အရင် ၂၀၀၅ ခုနှစ်လာတုန်းကလည်း ရုံးက ဆရာမငှားပြီးသင်ပေးတော့လည်း Basic ပဲ။ အဲဒီ့ကကို မတက်တော့ဘူး။ မပြောဖြစ်တော့လည်း စာတွေ မေ့ကုန်တာပဲ။ နောက်ပြီး စာအုပ်ထဲသင်ရတာနဲ့ အပြင်မှာပြောနေကြတာက လုံးလုံးမတူတော့ သူပြောရင် ကိုယ်မသိ၊ ကိုယ်ပြောတာ သူနားမလည်။ ဂျပန်စကားသာ လေ့လာနေတာ စကားလုံးဆိုလည်း အကုန်မေ့။ ပြောလိုက်ရင်လည်းတလွဲနဲ့ ကြာတော့လည်း စိတ်ဓာတ်ကျချင်လာသလိုလို။ ဖတ်တတ်ဖို့ကတော့ ဝေလာဝေးပဲ။ အခု ဆရာမလေးတွေက ဘာကို အဓိက ထားပြီးသင်ချင်တာလဲ မေးတယ်။ ပြောတာလား၊ရေးတာလား၊နားထောင်တာလား၊ ဖတ်တာလားပေါ့။ အကုန်သင်ပေးပါလို့ပြောလိုက်တယ်။ ( လေကတော့ မလျှော့ဘူး.. ဟုတ်တယ်လေ)

ဂျပန်တွေက နိုင်ငံခြားသားတော့ အထင်ကြီးကြသား။ အဓိကကတော့ အမေရိကန်ပေါ့။ ဒါပေမယ့် အင်္ဂလိပ်လို သိပ်ပြောလေ့မရှိဘူး။ ကျွန်မတို့လည်း ဂျပန်သာ ဘုမသိ ဘာမသိရောက်လာတာ တခုခု မသိရင် ရုံးက HR မှာရှိတဲ့ ဂျပန်မလေးဆီပြေးပြီး မေးရတယ်။ ရုံးမှာကတော့ အင်္ဂလိပ်လိုပဲ ပြောရတယ်။ ဂျပန်တွေနဲ့ အလုပ်မလုပ်ရဘူး။ အဲဒီ့တော့ ရုံးမှာအလုပ်လုပ်ဖို့အတွက် ဂျပန်စာ လုံးဝမလိုပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်ပြောဆိုဆက်ဆံရမဲ့ဟာတွေကျတော့ ဂျပန်စာမတက်ရင် နည်းနည်းတော့ ကသီတာပေါ့။ နောက်ပြီး ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းကလည်း သိပ်မကျယ်ပြန့်တော့ဘူး။ ဒါကြောင့် သူတို့က သင်ပေးမယ်ဆိုတာကို မငြင်းပဲ ခပ်မြန်မြန်ပဲ ခေါင်းညိတ်လိုက်မိတယ်။

သြဂုတ် ၉၊ ၂၀၀ရ။