ဂျပန်စာ သင်ပေးချင်တဲ့ ဆရာ၊ ဆရာမလေးတွေနဲ့ စာသင်လာတာ ဘာလိုလိုနဲ့ ၃ လပြည့်ပါတော့မယ်။ သူတို့မှာလည်း တခြား အလုပ်ကိစ္စတွေနဲ့ဆိုတော့ ကျမတို့ကို ၁ ပတ်မှာ ၁ ရက်ပဲ သအင်ပေးနိုင်ပါတယ်။ တစ်ပတ်လုံးမှာ ၁ ရက်ပဲ သင်ပေးရတာမို့ သူတို့က ည ၇ နာရီလောက်ကနေ စ သင်လိုက်တာ ကြားထဲ စကားပြောလိုက် စာသင်လိုက်နဲ့ သူတို့ပြန်သွားရင် အချိန်က အနည်းဆုံး ၁၁ နာရီကျော် နေပါပြီ။ ဗုဒ္ဓဟူးနေ့တိုင်း အိမ်တိုင်ရာရောက် ဆရာ၊ ဆရာမတွေမှာ တကူးတက လာသင်ပေးရှာပါတယ်။ အဲဒီရက်ဆိုရင် စာသင်ပေးတဲ့သူတော့ ဘယ်လိုနေမလဲမပြောတတ်တော့ဘူး။ သင်ယူရတဲ့ ကျမမှာတော့ သူတို့ပြန်သွားပြီးရင် ညစာစား၊ ဆေးကြောသိမ်းဆည်းပြီးတာနဲ့ အချိန်က အမြဲပဲ ည ၁ နာရီ ၁ နာရီခွဲလောက် ဖြစ်နေပါပြီ။ ရုံးအလုပ်က မပင်ပန်းပေမယ့် တနေကုန် အလုပ်ထဲနေရပြီး ညအိမ်ပြန်ရောက်လို့ စာသင်ပြီးရင် လူက တော်တော်ကို မဟန်တော့ဘူး။ ဆရာ၊ဆရာမတွေနဲ့ စကားပြောရတာလည်း ဂျပန်လို ပြောရတာဆိုတော့ တစ်ခါတစ်လေ စိတ်မရှည်ရင် အင်္ဂလိပ်လိုပဲ ပြောပစ်လိုက်တော့တာပါပဲ။ သူတို့လည်း တတ်နိုင်သလောက် ကိုယ့်ကို ပြင်ပေးရှာပါတယ်။
ဂျပန်စာ စကားလုံး vocabulary ကျက်ဖို့လည်း ပျင်း၊ Grammar ကလည်းသင်တုန်း ခဏပဲ၊ သင်ပြီးရင် အကုန်မေ့ကုန်တာပဲ။ မေ့လွယ်လွန်းလိုက်တာလေ..လို့ သီချင်းတောင် စပ်ဆိုလိုက်ချင်သေးတော့တယ်။ အစတုန်းကတော့ ဒီလို တွက်မိတာပေါ့လေ.. “တစ်နေ့တစ်လုံး Kanji ကို မှန်မှန်ကျက်ရင် ၁ လဆိုရင် အလုံး ၃၀၊ ၁ နှစ်ဆိုရင် ၃၆၅ လုံး” စသည်ဖြင့်ပေါ့.. တွက်ရေးကတော့ စက်သူဌေးလို့ ပြောရမယ်။ အခုထိ Kanji လေ့ကျင့်တာ အလုံး ၂၀ က မတက်ဘူး။ ရေးလိုက် ပြန်မေ့လိုက်။ မေ့လိုက် ပစ်ထားလိုက်နဲ့ ဂျာအေး သူ့အမေရိုက်သလို အဲဒီ အလုံး ၂၀ လောက်နဲ့ပဲ တ၀ဲဝဲရယ်မှ တလည်လည်။
နဂိုအခံကလည်း စာကျက်ဖို့ ပျင်း၊ အသက်ကြီးလို့ ဦးနှောက်က သိပ်အလုပ်မလုပ်ချင်တော့ဘူးဆိုပြီး အကြောင်းပြလိုက်၊ အလုပ်တစ်ဖက်နဲ့မို့ စာကျက်ဖို့ အချိန်မရဘူးဆိုပြီး ဆင်ခြေပေးလိုက်၊ တနေကုန် အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တော့လည်း အိမ်တာဝန်တွေကို လုပ်ရတာ တစ်မျိုးမို့ ခဏတဖြုတ် နားဦးမှဆိုပြီး ကိုယ့်ကို ကိုယ်ငဲ့ညှာပြီး နားလိုက်တာ စာကျက်ဖို့ကို စိတ်က ပြန်လည်မလာတော့ဘူး။ ရုံးဖွင့်ရက်မကျက်လို့ ရုံးပိတ်ရက် ကျက်မယ်ဆိုပြီး အားခဲထားတာ ပိတ်ရက်ကျတော့လည်း ပိတ်ရက်မို့လို့ ဈေးဝယ်ထွက်လိုက်၊ သတင်းလေး ရုပ်ရှင်လေး ကြည့်လိုက်၊ အိမ်အလုပ်လေး ပြေးလုပ်လိုက်၊ တစ်ပတ်လုံးစာ လျှော်ဖွတ် မီးပူတိုက်ရတာနဲ့ ဂျပန်စာဘက် လှည့်ဖို့ နေနေသာသာရယ် ကိုယ့်ဟာကိုယ် အနားယူရတာကိုပဲ တစ်ပတ် ၂ ရက် ပိတ်ရက်ဟာ လောက်တယ်လို့ကို မထင်ဘူး။ (သနားဖို့ပဲ တော်တော် ကောင်းနေသေးတော့တယ်... )
ရုံးက သူငယ်ချင်းတွေက “နုစံ ဂျပန်စာ ဘယ်လိုလဲ၊ တိုးတက်လာပြီလား”လို့မေးတိုင်း “ဒီလိုပါပဲ၊ မတိုးတက်သေးပါဘူး”လို့ မျက်နှာပူပူနဲ့ ကပေါက်တိ ကပေါက်ချာ ဂျပန်လို ပြန်ဖြေတာကိုကြည့်ပြီး ကျမ အခြေအနေကို သူတို့လည်း သိလောက်ရောပေါ့။ ဆရာမလေးတွေ စာလာသင်ပေးပြီးရင် စာအုပ်ကို ဒီအတိုင်း ပစ်ထားလိုက်တာ နောက်တစ်ပတ် ဆရာမတွေ ပြန်လာမှပဲ စာအုပ်ကို ကောက်ကိုင်မိတော့တယ်။ စိတ်ထဲက အားနာပေမယ့် တကယ်တော့ ဘာမှကို မလုပ်ဖြစ်တာ ကိုယ်ဘာသာ ကိုယ်သိတယ်။ ဒီအတိုင်း မဖြစ်ချေဘူး၊ စာကို လုပ်ကို လုပ်ရမယ်ဆိုပြီး စိတ်ကို နှစ်လည်း တိုးတက်မလာတဲ့ ကိုယ့်အခြေအနေက ဒုံရင်းက ဒုံရင်းပဲမို့ စိတ်ဓာတ်လည်း တော်တော် ကျနေပါပြီ။
သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ဂျပန်ဆရာတွေနဲ့ပဲဖြစ်ဖြစ် စကားပြောရင်တော့ ဟုတ်သလိုလိုပဲ။ သူတို့က ကျမပြောတဲ့ ဂျပန်စကားကို နားလည်တယ်။ ဒါပေမယ့် ရုံးမှာ ဒါမှမဟုတ် သွားလာနေရတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ ဂျပန်တွေ အချင်းချင်း စကားပြောရင် အရမ်းမြန်တယ်။ တစ်ခါတစ်လေ သူတို့ ပြောတာကို ကြိုးစားပြီး လိုက် နားထောင်ကြည့်မိတယ်။ တကယ်တမ်း ကိုယ်နားလည်လိုက်တာက ၁ ခွန်း ၂ ခွန်းထက် မပိုဘူး။ အိမ်ကို စာပို့သမားလာလို့ သူက လက်ခံကြောင်း ဖြတ်ပိုင်းမှာ လက်မှတ်ထိုးခိုင်းရင်လည်း အဲဒီလိုပဲ။ ကိုယ်က သူပြောသမျှ အကုန်နားလည်လို့ လက်မှတ်ထိုးပေးလိုက်တာ မဟုတ်ဘူး။ မှန်းခြေနဲ့ သူဘာပြောတယ်ဆိုတာလောက်ပဲ သိပြီး လုပ်ပေးလိုက်တာမျိုးဆိုတော့ ကိုယ်ကပဲ တအား ညံ့နေတာလား ဂျပန်စာကပဲ တအားခက်နေသလား၊ မသိတော့ပါဘူး။ အင်္ဂလိပ်စာလေ့လာတာထက် ပိုခက်တယ်လို့ ထင်မိတယ်။ အဲဒီလိုပြောလို့ အင်္ဂလိပ်စာ အရမ်းကျွမ်းကျင်တယ်လို့လည်း မထင်ကြပါနဲ့။
အခုဆိုရင် သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ဆရာမတွေနဲ့ပဲဖြစ်ဖြစ် ဆုံရင် ကျမဆီမှာ မှတ်စု စာအုပ် ၁ အုပ်နဲ့ ဘောပင် ၁ ချောင်း မပါမဖြစ် အမြဲဆောင်ထားရတယ်။ ဒါမှလည်း စားသောက်ဆိုင်သွားရင် ဟင်းအမည်တွေ၊ အသားဆိုရင်လည်း အခေါ်အဝေါ်တွေကို စာအုပ်ထဲ အကုန်စုမှတ်ထားရတယ်။ တော်ပါသေးရဲ့ .. ကိုယ်မသိတဲ့ စာ မေးချင်ရင် ဆရာမတွေဆီ အလွယ်တကူ မေးလို့ရတယ်။ ဂျပန်စကားပြောကို သူတို့နဲ့လေ့ကျင့်လို့ရတယ်ဆိုတော့ သူတို့ကို အရမ်းကျေးဇူးတင်ရပါတယ်။ ဂျပန်စာအတွက် အချိန်ဖဲ့ပေးပြီး ဖြစ်မြောက်အောင်လုပ်ဖို့လည်း ကိုယ့်ကိုယ်ကိုယ်တော့ အမြဲတမ်း အားပေးနေလျှက်ပါပဲ။ တကယ်ဖြစ်ချင်ရင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်ဆိုတော့ကာ.. ကျမ တကယ် မတတ်ချင်လို့ပဲ တကယ်မလုပ်တာများလား.....
အောက်တိုဘာ ၂၉၊ ၂၀၀၇။
12 comments:
အရမ်းခက်မှာပဲနော်..ဂျပန်စာက
အစ်မရေ ဖြစ်အောင်လုပ်ပါဗျာ အားပေးနေတယ် ..
အဆင်ပြေပါစေ ...
မနုစံရေ ကျွန်တော့် အိမ်သစ်ကို လာလည်ပါဦး။
dear sis...
congrats!
keep it up!
u can do it..
yeh!
မမရေ လုပ်ထားလုပ်ထား။
စကားမစပ်
ဆီဗုံးထားပါလား မမ။
အော်ချင်လွန်းလို့။
I am in the same situation. I think, watching Japanese TV program and Japanese movies,is the easiest and fastest way to learn Japanese language.
頑張りましょう!
အားမလျှော့ပါနဲ့။ဖြည်းဖြည်းချင်းပေါ့။
ဘာသာစကားတစ်ခုတစ်ခုသင်ရတာမလွယ်ပါဘူးအစ်မ ရယ်။အချိန်တစ်ခုကြာသွားရင်ရလာမှာပါ။
အမရေ
ဂျပန်စာက အဲလိုဘဲ။ အခြေခံက သင်ဖို့တတ်ဖို့လွယ်တယ်။ အသံထွက်နဲတော့ နားလည်ရခက်တယ်။ ကျမလည်း TVကြည့်ရင်သာ နဲနဲနားလည်တာ။ အပြင်မှာ ပြောကြတာတွေ မြန်လွန်းလို့ တလုံးမှ နားမလည်ဘူး။ တချို့ဆို မြန်ရတဲ့အထဲ ဘလုံးဘထွေးနဲ့ ပြောသေးတာ။ "ဟင်!! nani?" လို့ ပြန်မေးလိုက်တာဘဲ။ ဒါဆိုသူတို့ သဘောပေါက်တယ်။ ခပ်ဖြေးဖြေးနဲ့ ကိုယ်နားလည်နိုင်မယ့် စကားလုံးရွေးပြောတယ်။
မနုစံ.. ဒီပို့ စ်လေးကျနော်အဖြစ်နဲ့ တိုက်ဆိုင်လို့ ကော့ မန့်ရေခဲ့ တယ်နော့ ။ ကိုယ့်မိခင်ဘာသာစကားမဟုတ်တဲ့အခြားဘာသာတစ်ခုကိုတ်ဖို့ ဆိုတာမလွယ်ပါဘူး ၊ တတ်ကျွမ်းတဲ့သူတွေကိုတွေ့ ၇င်လဲ အရမ်းပဲအားကျတယ် ။ စာ ကစကားထက်အများကြီးပိုခက်တယ်နော် ။စကားကပြောပါများရင်တတ်မြန်တယ် ကျနော်ဆို ထိုင်းစာသင်တာ ၃ လကျော်ပြီ ဗျည်း ၄၄ လုံးရှိတာ ၁၂ လုံး ကကိုမကျော်ဘူး...ကိုယ်ညံတာလဲပါမှာပေါ့ ..အခုတော့စိတ်ညစ်လို့  မလေ့လာတာကြာပြီး --စာပို့ သမားလာရင်ဘယ်နားမှာထိုးပေးရမလဲလို့ အရင်မေးရတယ် ကိုကစာမတတ်တော့အရူးလိုပဲ ....အတွေ့ အကြုံလေးတေါဝေမျှတဲ့အတွက်ကျေးဇူးပါ...နောက်လဲလာလည်ပါအုံးမယ်
ဟားဟား...
ဝေဖန်မယ်နော်
၁..စာကျက်ပျင်းခြင်း
၂..စာမလုပ်ချင်၍အကြောင်းပြခြင်း
၃..စကားပြောခြင်းသည်စာဖတ်ခြင်းလောက်မခက်ပါ
အမလဲစာကျက်ရမှာပျင်းပါသည်..သို့သော်မြန်မာလူမျိုးအများစု
သည်စာကျက်ခြင်းကိုကြိုးဆွဲသောစာမေးပွဲမရှိပါက
ဆင်ခြေပေး၍အကြောင်းအမျိုးမျိုးပြကြပါသည်
ထိုအချက်ကားအကြောင်းရင်းတခုဖြစ်ပါသည်
ဘာပဲဖြစ်ဖြစ်..စာမကျက်သော်လည်း
ပုံမှန်၁ပတ်၁ရက်ပြောကျင့်နေမည်ဆိုပါက..
အခက်အခဲမရှိနိုင်ပါ..ဟီးဟီး
တူတူပါပဲ..စာကျက်ပျင်းတာ
ဟားဟား
ကျန်ခဲ့လို့ တကယ်တော့ဂျပန်ဝါကျတည်ဆောက်ပုံက
မခက်ပါဘူးနော်..မြန်မာစာဝါကျတည်ဆောက်ပုံအတိုင်းပဲ
ဒါပေမဲ့သင်တဲ့ဆရာပေါ်မှာမူတည်တာ
ဆရာကောင်းရင်တခါတည်းခေါင်းထဲရောက်တာ
အမတုန်းက ၂၀၀၁မှာစာမေးပွဲဖြေို့၎လအလိုမှာစလုပ်တာ
ဆရာကလဲကောင်းတော့အမှတ်တော်တော်ကောင်းတယ်
ပြီးလဲပြီးရောပြစ်ထားလိုက်တာမလာခင်အထိ
လာခါနီးမှကောက်ဖတ်လာလိုက်တယ်ပြန်နွေးယုံပေါ့
ဒီမှာ..မေးပါများစကားရ ဆိုတဲ့ထုံးနှလုံးမူပြီးသကာလ..မဆိုးပါဘူး..အဆင့်ပေါ့
အမလဲပျင်းလို့အခု ဂျပန်ကျောင်းပြန်တက်နေပြီ
၁ပတ်၁ရက်..
စာရှည်နေပြီ
ဘိုင့်
layma -> အမ အတွက်တော့ ခက်တယ်.. :)
မျှားပြာ, dilo, မိုးချစ်သူ -> အားပေးတာ ကျေးဇူးပါ။ ကျိုးစားပါ့မယ်။ :)
ကိုသင်္ကြန် -> အိမ်သစ်ကိုလည်း ရောက်ပြီးပါပြီ။
Thyda -> I agree with your suggestion but I haven't bought TV yet. waiting bonus time.. :P
ဟုတ်ပါတယ် ၀င်္ကပါရေ.. တစ်နေ့တစ်လံပေါ့. ဦးကျည်ပွေ့တောင် အတက်ပေါက်သေးတာပဲနော်.. :D
မြရွက်ဝေရေ.. ညီမက အဲဒီလို ပြောတယ်ဆိုရင် အမတော့ ပိုဆိုးပေါ့.. ဟုတ်ပါ့.. သူတို့ပြောတာ အရမ်းမြန်တယ် အမဆို နားမလည်ဘူး။ စာမဖတ်တတ်တော့ ပိုဆိုးတယ်။ ဒီလိုပေါ့ ညီမရေ.. ရောမ ရောက်တော့ ရောမလိုပေါ့.. :D
မောင်မျိုးရေ.. အမလည်း ထိုင်းစာ သင်ဖူးပါ့.. ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ဘာမှလည်း မရဘူး.. အမဆိုရင် ၁၀ တန်းအောင်တုန်းက သင်ဖူးတာ.. အခုတော့ ထိုင်းစာမြင်ရင် ဘာမှကို မသိတော့ဘူး.. ရမ်းသမ်းဖတ်ပဲ။ နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်.. :)
မသမုဒယရေ.. ဟုတ်တယ်အမရယ်.. ပြောရင်တော့ လွယ်ပါတယ်။ အဓိက က စာအရေးရယ် ပြီးတော့သူတို့ ပုံမှန်ပြောတာကို နားမလည်တာပါ။ ဥာဏ်မကောင်းတာလည်း ပါတယ် အမရေ.. ။ အမက တော်တာပေါ့..အမရ။ :)
Post a Comment