April 24, 2008

ပုံပြောပြပါ



ကျမတို့ မောင်နှမတွေ ငယ်ငယ်တုန်းကဆို ဦးလေးငယ်ကို တွေ့တာနဲ့ “ပုံပြောပြပါ” ဒါမှ မဟုတ် “ပုံပြင်နားထောင်ချင်တယ်”ဆိုပြီး ပူဆာခဲ့တာပေါ့။ အဲဒီလိုပြောလိုက်လို့ ဦးလေး အချိန်ရပြီ ဆိုတာနဲ့ စိတ်ရှည်ရှည်ထားပြီး သိသလောက် မှတ်မိသလောက်ပုံပြင်လေးတွေကို ကျမတို့ နားလည်အောင် ပြောပြလေ့ရှိတယ်။ ပုံပြင်မဟုတ်လည်း တစ်ထောင့်တစ်ည ၀တ္တုဖတ်ပြပြီး ပြန်ရှင်းပြတတ်တယ်။ ညဘက်ဆိုရင်လည်း ထမင်းစားပြီးချိန်ပေါ့။ ရုံးနားရက် ကျောင်းပိတ်ရက်ဆိုရင်လည်း နေ့လည်နေ့ခင်း ထမင်းစားပြီးချိန်ပေါ့။ ရုံးပိတ်ရက် နေ့လည်ဆိုရင် မြန်မာ့အသံက ကလေးတွေအတွက် ပုံပြင်လာတတ်တာ မှတ်မိသေးတယ်။ အဲဒီအချိန် မတိုင်ခင် ကျမတို့ အဒေါ်က မောင်နှမ အားလုံးကို ရေချိုးပေးပြီး ထမင်းစားခိုင်းထားပြီးပြီ။ ထမင်းစားပြီးတာနဲ့ တအောင့်နားပြီးရင် နေ့လည် တရေးအိပ်ရတယ်။ မအိပ်ခင်မှာ ရေဒီယိုက ပုံပြင်လာတော့ အဲဒါ နားထောင်းရင်း ကလေးတွေ အိပ်ပျော်စေချင်တယ်တူပါရဲ့။ ကျမတို့ မောင်နှမတွေကတော့ ငယ်ငယ်က နေ့လည်ဘက် အိပ်ခိုင်းရင် ဘယ်တော့မှ မအိပ်တတ်ဘူး။ ဆော့ဖို့ပဲ အားသန်နေကြတာ။ အဲဒါကြောင့် ပုံပြင်လည်းပြီးရော အားလုံး ထပြီး ဆော့ဖို့ တာဆူနေကြပြီ။ အခုများတော့လည်း အဲဒီလို အခွင့်အရေးမျိုးရမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိသေးတယ်။


ငယ်ငယ်က ပုံပြင်စာအုပ်တွေ ဘာတွေ မဖတ်ခဲ့ရတော့ လူကြီးတွေ ပြောပြတဲ့ ပုံပြင်တွေဆိုရင် စိတ်ဝင်တစား နားထောင်ခဲ့ရတယ်။ အခု ဒီအသက်အရွယ်ရောက်တဲ့ထိလည်း ကြိုက်နေတုန်းပဲ။ ပုံပြင်တွေကို ကြိုက်တဲ့အပြင် မြန်မာ့အသံက ပုံပြင်လာခါနီးမှာ လွှင့်တဲ့ တီးလုံးလေးကိုလည်း ကြိုက်တာပဲ။ နောက်ပြီး ပုံပြင်တွေ ဆုံးခါးနီးတိုင်းမှာ ပြောတဲ့ ဆုံးမစကားတွေကိုလည်း သဘောကျခဲ့တယ်။ ပုံပြင်ပြောပြနေသူက “မောင်ညီမလေးတို့ရေ.." လို့ ခေါ်လိုက်ရင် နားဝင်ချိုပြီး ကလေးသဘာဝ သဘောကျမိခဲ့တာပေါ့။ အခုတောင် ဒီစာရေးရင်း နားထဲ ပြန်ကြားယောင်နေမိတယ်။


အမှန်တော့ ကလေးနဲ့ ပုံပြင်ဆိုတာ ခွဲခြားလို့မရပါဘူး။ ပုံပြင်ဆိုတာလည်း ကလေးတွေအတွက် အဓိက ရည်ရွယ်ပြီး ရေးခဲ့ ပြောခဲ့ကြတာပဲ မဟုတ်လား။ “သူတဖက်သားကို ငဲ့ညှာသနားတတ်ဖို့၊ ကူညီပေးဖို့၊ နိုင်လိုမင်းထက် မဆက်ဆံဖို့၊ လိမ်မပြောဖို့၊ ကိုယ်ပြောလိုက်တဲ့ စကားလေးတစ်ခွန်းကြောင့်သူတပါး ဒုက္ခမရောက်ဖို့ ၊ လောဘမကြီးဖို့” စတဲ့ လိမ္မာရေးခြားရှိအောင် သွန်သင်ဆုံးမတာပါ။ ပုံပြင်ထဲက ဇာတ်ကောင်လေးတွေနဲ့ ကိုယ်စားပြု ဆုံးမတော့ ပိုပြီး နားလည်လွယ်တာပေါ့။ သုံးထားတဲ့ ဇာတ်ကောင်လေးတွေကိုလည်း ကလေးတွေ မြင်လွယ်အောင် အမျိုးမျိုး အထူးပြုထားသေးတယ်။ ဥပမာ.. ကောက်ကျစ်တဲ့ မြေခွေး၊ ကျားစဉ်းလဲကြီး၊ တစ်တောလုံးရဲ့ အရှင်သခင် ကေသရာဇာခြသေ့င်္၊ ခွန်အားကြီးတဲ့ ဆင်ကြီး၊ အဆော့သန်တဲ့ မျောက်ကလေး၊ ယုန်ပညာရှိလေး အစရှိသဖြင့်ပေါ့။


ကျမ မှတ်မိသလောက် မြန်မာ့ရိုးရာ ပုံပြင်တွေထဲမှာဆိုရင် ယုန်နဲ့ လိပ်ပုံပြင်၊ ထင်းခုတ်သမားနဲ့ ပုဆိန်၊ မြွေမင်းသားလေးနဲ့ မယ်ထွေးလေး ပုံပြင် အဲဒီလောက်ပဲ မှတ်မိတော့တယ်။ နောက်ပြီး ကြက်ကလေးက ဟတ်ချိုးချီလိုက်လို့ စဥ့်အိုးကွဲသွားပြီး ကြောင်ကြီး ထွက်ပြေးသွားတာ ဆိုရင် ရီလည်း ရီရသလို ချစ်ဖို့ကောင်းတယ်။ အင်္ဂလိပ်ပုံပြင်တွေထဲမှာ အခုထိလည်း နာမည်ကြီးနေသေးတဲ့ လူပုလေး ၇ ယောက်နဲ့ မနှင်းဖြူလေး၊ စင်ဒရဲလားပုံပြင်တို့ပေါ့။ ဂျပန်ပုံပြင်တွေထဲကတော့ ကျေးဇူးဆပ်တတ်တဲ့ ကြိုးကြာငှက်လေး ရယ် ၀ါးထဲက ထွက်လာတဲ့ မင်းသမီးလေး ဆိုတာ လောက်ပဲ သိတော့တယ်။
သေချာ အသေးစိတ် မမှတ်မိတော့ဘူး။ အခုဒီရောက်တော့ အဲဒီ ပုံပြင်လေးတွေကို ဖတ်ချင်ပေမယ့် စာအုပ်ရှာရမှာ ပျင်းနေတာရော၊ ဂျပန်စာ အခက်အခဲရှိတာရော ပြန်မဖတ်ဖြစ်တော့ဘူး။ တချို့လည်း စကားပြောရင်တောင် ပုံပြင်လေး ကြားညှပ်သုံးတတ်ကြတာ ကြားဖူးမှာပေါ့။ “ဟို.. မြည်းတစ်ကောင်နဲ့ သားအဖ နှစ်ယောက်ပုံပြင်” ဆိုတာမျိုးလေ။


ငယ်ငယ်တုန်းကတော့ လူကြီးတွေက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သိထားတဲ့ ပါးစပ်ပုံပြင်လေးတွေ လက်ဆင့်ကမ်းပေးခဲ့လို့ သိခွင့်ရပေမယ့် အခုခေတ် ကလေးတွေဆီက “ပုံ ပြောပြပါ” လို့ ပူဆာတာမျိုး မကြားမိဘူး။ အိမ်က တူဝမ်းကွဲလေးရော တူမလေးတွေရော မပူဆာကြဘူး။ ဒီဘက်ခေတ် မိဘတွေ အနေနဲ့ ကလည်း ပိုက်ဆံ ရှာနေရတာနဲ့ ကလေးကို အချိန်မပေးနိုင်ကြတာ များပါတယ်။ ကလေးတွေအဖို့မှာလည်း တစ်နှစ်၊ တစ်နှစ်ခွဲလောက်ဆိုတာနဲ့ မူကြိုရောက်ပြီး က ကြီး ခ ခွေး ရွတ်နေကြရပြီ။ ချမ်းသာတဲ့ မိသားစုဝင် ကလေးတွေ အတွက်တော့ မိဘတွေက အလုပ်အားရင် Game Centre လိုက်ပို့တာမျိုး၊ Super Market ထဲမှာ ကလေးတွေ ကစားလို့ရတဲ့ နေရာမျိုးမှာ သွားဆော့ခိုင်းတာမျိုး လုပ်ပေးလာကြတယ်။ ဒါမှမဟုတ်လည်း ကလေးက အိမ်မှာပဲ ကွန်ပျူတာ ဂိမ်းဆော့ချင်ဆော့၊ မဆော့ချင်လည်း တီဗွီ၊ ဗွီဒီယို၊ DVD နဲ့ ကာတွန်းကားတွေ၊ တီဗွီကြော်ငြာတွေ ကြည့်ခိုင်းထားကြတယ်။ နောက်ပြီး ကလေးကို ငယ်ငယ်ကတည်းက တခြားဘာသာစကားပြောနိုင်အောင် ဆရာမ အိမ်ခေါ်ပြီး သင်ခိုင်းလာကြသလို တချို့လည်း ILBC ၊ YES တို့လို သင်တန်းကျောင်းတွေ ပို့ကြတာပေါ့။ ကျောင်းရောက်တဲ့အခါ ဆရာမတွေက ကလေးတွေ ပျော်အောင် ကွန်ပျူတာနဲ့ သီချင်းလေးတွေ ဖွင့်ပြတာတို့၊ ကဗျာရွတ်တာတို့၊ ဥာဏ်ရည်ထက်မြက်အောင်ဆိုပြီး ဂိမ်း အမျိုးမျိုး ကစားကြတာမျိုးတို့ လုပ်ပေးကြပြန်ရော။ ဒါကလည်း တီဗွီထဲမှာ ကြော်ငြာလို့ မြင်ဖူးတာပါ။ မူကြိုကျောင်းတွေကလည်း တစ်ကျောင်းနဲ့ တစ်ကျောင်း ကစားပြိုင်ကြတဲ့ “ချစ်စရာ့အရွယ် ကစားကြမယ်”ဆိုတဲ့ အစီအစဉ်ကိုလည်း တီဗွီမှာ မြင်နေရတယ်လေ။ အဲဒါဆိုတော့ ခုခေတ် ကလေးတွေ “ပုံပြင်နားထောင်ချင်တယ်၊ ပုံပြောပြပါ” လို့ ပူဆာတတ် ကြရဲ့လားလို့ တွေးမိလာတယ်။

လူကြီးတွေ ဖြစ်လာတဲ့ ကျမတို့ကျတော့ရော ဘာထူးသေးလဲ။ နားထောင်ခဲ့ဖူးတဲ့ ပုံပြင်တွေထဲက တချို့ဟာတွေဆိုရင် မမှတ်မိတော့ဘူး။ တစ်ပိုင်းတစ်စ လောက်ပဲ မှတ်မိတာမျိုးတွေ ဖြစ်လာတယ်။ နောင် ကိုယ့်ရဲ့ ကလေးတွေက “ပုံပြောပြပါ” လို့ ပူဆာလာရင်တောင် မပြောပြတတ်တော့ဘူး ဖြစ်မှာသေချာတယ်။ ကလေးတွေကရော ပုံပြောပြဖို့ ပူဆာမှာထက် “ Nintendo DS ၀ယ်ပေးပါ၊ Wii Game ၀ယ်ပေးပါ၊ Computer ၀ယ်ပေးပါ” ဆိုပြီး လက်ရှိ ခေတ်ရဲ့ လိုအပ်ချက်တွေကိုပဲ ပူဆာကြတော့မယ်လို့ ထင်တယ်။ ဒါမှမဟုတ်လည်း ပါးစပ်နဲ့ပြောတဲ့ ပုံပြင်ထက် “Cinderella ၊ Nemo၊ Shrek၊ Spider Man" တို့လို နိုင်ငံခြားကာတွန်းကားတွေကို ပိုပြီး ကြည့်ချင်လာကြမလားပဲ။ ဒီလိုနဲ့ပဲ ကျမတို့ နားထောင်ခဲ့ရဖူးတဲ့ အိပ်ယာဝင်ပုံပြင်၊ ပါးစပ်ပုံပြင်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွား လိမ့်မယ် ထင်ပါရဲ့...။


ဧပြီ ၂၄၊ ၂၀၀၈။

April 21, 2008

2008 Cherry Blossom Viewing in Osaka

ချယ်ရီပင်ရဲ့ အလှဆုံးအချိန်၊ ဂုဏ်ယူစရာအကောင်းဆုံးအချိန်၊ အတင့်တယ်ဆုံးအချိန်ဟာ ပန်းတွေ ပင်လုံးကျွတ်ဝေနေတဲ့ အချိန်ပါပဲ။ ပန်းပွင့်လာမှပဲ လူတွေက ချယ်ရီကို သတိပြု၊ ဂရုစိုက်မိလာကြတယ်။ တစ်နှစ်ပတ်လုံး သတိမထားမိတဲ့သူတွေဟာ ချယ်ရီပွင့်တဲ့ မြင်ကွင်းကို ခံစားလာတတ်ကြတယ်။ တကူးတက လာကြည့်ရင်း ပန်းရဲ့အလှကို ချီးမွမ်းတတ်ကြတယ်။ ဖူးရာကနေ အငုံ၊ ငုံရာကနေ ပွင့်လာပြီး နောက်ဆုံးကြွေရတာလည်း ပန်းတို့ရဲ့ သဘာဝပဲ။ ဧပြီ လဆန်းလောက်က ပွင့်ခဲ့တဲ့ ချယ်ရီပင်တွေဟာ အခုချိန်ဆိုရင် ပွင့်ဖတ်တွေ ကြွေလို့ အရွက်နုလေးတွေနဲ့ ဝေဆာနေပါပြီ။ ပန်းအားလုံး ပွင့်တော့ ပန်းကြည့်ပွဲလုပ်ခဲ့ကြပေမယ့် ပန်းတွေလည်း ကြွေရော ဘယ်သူမှ ပန်းကြွေပွဲ မလုပ်တော့ဘူးနဲ့တူပါရဲ့။ ကျမ ရုံးသွားရင်း လမ်းမှာမြင်ရတဲ့ချယ်ရီပင်တွေမှာလည်း ပန်းပွင့်တွေ တချို့တလေလောက်ပဲ မြင်ရတော့တယ်။ အဲဒါကြောင့် ဂျပန်မှာ ချယ်ရီပန်းပွင့်တဲ့ ရာသီကုန်သွားပြီ၊ တစ်နှစ်ပြီးသွားပြန်ပြီလို့ တွေးလိုက်မိပါသေးတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့က ကျမနဲ့ cube တစ်ခုတည်း ထိုင်တဲ့ သူငယ်ချင်းက Osaka မှာ ချယ်ရီပန်းကြည့်ပွဲ ရှိသေးတယ်ဆိုပြီး website link တွေ ပို့ပေးခဲ့ပါတယ်။ Website မှာ ရေးထားတဲ့စာတွေကို ဖတ်ပြီးမှပဲ ဂျပန်တွေဟာ ချယ်ရီပင်တွေကို အမြတ်တနိုးနဲ့ စနစ်တကျ စာရင်းပြုစုထားတာပါလားဆိုပြီး သိလိုက်ရတယ်။ ပန်းကြည့်ပွဲ ရှိတဲ့ ပန်းခြံက ကျမတို့ ရုံးကနေ သွားမယ်ဆိုရင် သိပ်မဝေးလှပါဘူး။ နောက်ပြီး အဲဒီ ပန်းခြံက ဂျပန်ငွေအကြွေစေ့တွေ ထုတ်တဲ့ အဆောက်အဦးနားမှာ ရှိတာပါ။ ပန်းခြံကို ၁၈၈၃ ခုနှစ်ကတည်းက စဖွင့်ခဲ့ပြီး ရှားပါးတဲ့ ချယ်ရီမျိုးနွယ် အပါအ၀င် တခြားချယ်ရီပင်တွေကို စိုက်ထားတာ ဒီနှစ်ဆိုရင် ချယ်ရီမျိုးပေါင်း ၁၂၅ မျိုးနဲ့ အပင်ပေါင်း ၃၇၀ ရှိနေပါပြီ။
ဂျပန်နိုင်ငံ Tokyo, Kyoto, Hokkaido စတဲ့ နေရာအသီးသီးက အပင်မျိုးနွယ်တွေကို စုထားတာမို့ ချယ်ရီပန်းရဲ့ အရောင်၊ မျိုးနွယ်အမည်၊ ချယ်ရီပင် ရရှိတဲ့ နေရာ၊ အမျိုးတူ အပင် ဘယ်နှစ်ပင်ရှိသလဲဆိုတာကိုပါ စနစ်တကျ စာရင်းလုပ်ထားတာကို website မှာ ဖတ်ရပါတယ်။ တချို့ချယ်ရီမျိုးနွယ်ဆိုရင် ဂျပန်မှာ အပင်မရှိတော့ပေမယ့် အင်္ဂလန်ကနေ မျိုးပြန်ရလာတဲ့ အပင်မျိုးတောင် ရှိနေပါသေးတယ်။ ကျမ သတိထားမိတာ တစ်ခုက ဂျပန်လူမျိုးတွေဟာ ပန်းအလှကို အလှကြည့်သက်သက် ခံစားတတ်ကြပြီး ပန်းတွေကို ချိုးဖဲ့တာ၊ ခူးတာ၊ အကိုင်းအလက်တွေ ခုတ်တာမျိုး လုပ်တာ မတွေ့ရပါဘူး။ ကျမ မတွေ့သေးတာလည်း ဖြစ်မယ်ထင်ပါရဲ့။


နှစ်စဉ် ရှားပါးတဲ့ ချယ်ရီပန်းတွေကို ကြည့်ဖို့ ရောက်လာတဲ့ လူဦးရေဟာ တစ်နှစ်ထက် တစ်နှစ် ပို ပိုများလာခဲ့ပါတယ်။ ဒီနှစ်အတွက်တော့ ပန်းကြည့်ပွဲက ဧပြီ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိဖြစ်ပြီး အလားတူ ပန်းပြပွဲမျိုး Hiroshima မှာလည်း ရှိပါသေးတယ်။ ပန်းခြံဖွင့်ချိန်က ရုံးဖွင့်ရက်ဆိုရင် မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ နဲ့ ပိတ်ရက်ဆိုရင် မနက် ၉ နာရီကနေ ည ၉ နာရီအထိပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ပိတ်ရက်လည်း ဖြစ်တဲ့အပြင် ရာသီဥတုလည်း သာယာတော့ သွားကြတဲ့လူပေါင်း ၃ သောင်းကျော်ရှိတယ်လို့ ရုံးက သူငယ်ချင်းက ပြောပြပါတယ်။


ကျမကတော့ မနေ့ နေ့လည်ဘက် ထမင်းစားချိန် နည်းနည်းစောထွက်ပြီး သူငယ်ချင်းနဲ့အတူ ၂ ယောက်သား ပန်းကြည့်ပွဲ သွားခဲ့ပါတယ်။ ရုံးကနေဆိုရင် ရထား တစ်ဘူတာပဲ စီးရပြီး ဘူတာကနေ ပန်းခြံအထိက ၁၀ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ ဘူတာက ထွက်လိုက်တယ်ဆိုရင်ပဲ လူအုပ်ကြီးကို အရင်စပြီး တွေ့လိုက်ရတော့တာပါပဲ။ သူငယ်ချင်းကတော့ အရင်နှစ်တွေကလည်း ရောက်ဖူးပြီးသားပါ။ တကယ်လို့ နေရာမသိဘူးဆိုရင်တောင် ဘယ်သူကိုမှ မေးစရာမလိုပဲ သွားနေတဲ့ လူအုပ်ကြီးနောက် လိုက်သွားယုံပါပဲ။ မနေ့က ရုံးဖွင့်ရက်လည်း ဖြစ်တဲ့အပြင် နေ့လည် ထမင်းစားချိန်သွားတာမို့ လူမများလောက်ဘူးလို့ ထင်ထားတာ။ တကယ်တမ်းရောက်သွားတော့ ကိုယ်တွေလိုပဲ လာကြတဲ့သူတွေ မနည်းလှပါဘူး။ အထူးသဖြင့်ကတော့ အဘိုးအဘွားအရွယ်တွေပေါ့။ တချို့တွေဆိုရင် ပြပွဲရှိတဲ့ တစ်ပတ်လုံး နေ့တိုင်းနီးပါး လာကြည့်တဲ့သူတောင် ရှိတယ်တဲ့။


ပန်းခြံက တဖက်ကနေ ၀င်ပြီး တခြားတဖက် ကနေပြန်ထွက်ရတဲ့ လမ်းက တစ်လမ်းပဲရှိပါတယ်။ အရှည် ၅၆၀ မီတာ ရှိပြီး လမ်းတောက်လျှောက် ချယ်ရီပန်းမျိုးစုံ ဖူးပွင့်နေတာ ရုတ်တရက် ကြည့်လိုက်ရင် အားလုံးဟာ သိပ်မကွာဘူးလို့ ခံစားရတယ်။ အပင်မှာချိတ်ဆွဲထားတဲ့ စာနဲ့ ပန်းနာမည်ကြည့်လိုက်မှပဲ တစ်ပင်နဲ့ တစ်ပင် မတူပါလားဆိုတာ သိရတော့တယ်။ ကျမစိတ်ထင်တော့ ပန်းအမျိုးအစားကို ပန်းပွင့်တဲ့ ပုံစံရယ်၊ ပွင့်ချပ် အရေအတွက်နဲ့ အရောင်ကို ကြည့်ပြီး ခွဲခြားထားတယ်လို့ ထင်မိတယ်။ ကိုယ်တွေက ခဏတာလောက်ပဲ ကြည့်ရတာဆိုတော့ သိသိသာသာကြီး ကွာခြားမနေရင် တော်ယုံဆို မသိဘူးရယ်။


ပန်းခြံက ၀င်ဝင်ချင်းမှာ လမ်းနည်းနည်းကျယ်တော့ ဓာတ်ပုံရိုက်ချင်ရင် အေးအေးဆေးဆေး ရိုက်လို့ရပေမယ့် နောက်ပိုင်း လမ်းဆုံးခါနီးလေ တဖြည်းဖြည်း ကျဉ်းလာတော့ လုံခြုံရေးတွေက “ရပ်ပြီး ဓာတ်ပုံမရိုက်ဖို့၊ လမ်းကို ဆက်လျှောက်ဖို့၊ ထီးမဖွင့်ဖို့၊ ကလေးတွေ သတိထားဖို့” တချိန်လုံး အော်နေကြတာပါပဲ။ ပန်းခြံထဲလည်း ဘာအစားအစာမှ ယူသွားပြီး စားလို့မရပါဘူး။ ပန်းပုံတွေကို ကြိုးစားပြီး ဓာတ်ပုံရိုက်ယူပေမယ့်
ရိုက်လာခဲ့တဲ့ ပုံတွေက ချယ်ရီမျိုးပေါင်း ၁၂၅ မျိုး မပြည့်ပါဘူး။ တချို့ ကြွေတဲ့အပင်တွေလည်း ကြွေကုန်ပြီ။ ပွင့်ဖတ်များတဲ့ အပင်တွေသာ မကြွေပဲ ကျန်နေသေးတာ။ ပန်းနာမည်၊ အမျိုးအစားနဲ့ ဓာတ်ပုံတွေကို အသေးစိတ် ကြည့်ချင်တယ်ဆိုရင်တော့ မူလ website ကိုပဲ လမ်းညွှန်ပေးပါရစေ။ ဒီပို့စ်မှာရေးထားတဲ့ အချက်အလက်တွေကလည်း အဲဒီ website ကနေ ယူသုံးထားတာပါ။


*****


အရင်ရေးခဲ့ဖူးတဲ့ ချယ်ရီပန်းကြည့်ပွဲ နဲ့ အခု ပန်းကြည့်ပွဲက မတူပါဘူး။ ပန်းကို ကြည့်ကြတာချင်း တူပေမယ့် အခုကြည့်ရတဲ့ ပန်းကြည့်ပွဲကတော့ ကြည့်ယုံတင် ကြည့်ရပြီး ပန်းပင်အောက်မှာ စားသောက်ဖို့ နေနေသာသာ ပန်းပင်ရှေ့မှာတောင် အချိန်ကြာကြာ ရပ်ခွင့်မရခဲ့ပါဘူး။ ဒီအပင်တွေက ရှားပါးမျိုးနွယ်ဖြစ်လို့ ထင်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ်
ဂျပန်မှာတော့ အခုချိန်ထိ ချယ်ရီတွေ ပွင့်နေတုန်းပါပဲ... နောက်တစ်ပတ်လောက် ဆိုရင်တော့ အားလုံး ပြီးသွားမယ် ထင်ပါရဲ့.....

Reference:
Chart of Cherry Blossoms in Osaka



ဧပြီ ၂၂၊ ၂၀၀၈။

April 14, 2008

Blogger Status

ပြီးခဲ့တဲ့ ၂ ပတ် ကျော်လောက်က စပြီး ကျမ နေသိပ်မကောင်းတာနဲ့ ပို့စ်အသစ်လည်း မတင်နိုင်ခဲ့ပါဘူး။ ဖျားနာပြီး အိပ်ယာထဲ လဲတဲ့အထိလည်း မဖြစ်တော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ အဓိကက ချောင်းဆိုးတာပါ။ ချောင်းဆိုးတယ်လို့သာ ပြောလိုက်ရတာ အကြာကြီး မရပ်မနားဆိုးနေတာ မဟုတ်ပဲ သွားရင်း လာရင်း အနံ့ပြင်းပြင်း ရမိရင် အသက်ရှုကျပ်ပြီး ချောင်းဆိုးလာတာပါ။ အစတုန်းက အဲဒီလောက် အခြေအနေ ဆိုးမယ် မထင်လို့ ဆေးမသောက်ပဲ သူ့ဘာသာ သက်သာသွားလိမ့်မယ်ထင်တာ။ ကိုယ့်မှာပါလာတဲ့ဆေးကလည်း ချောင်းဆိုးပျောက်ဆေး ၂ ကဒ်လောက်ပဲ ယူလာခဲ့တော့ မလိုအပ်ပဲ ဆေးမသောက်ချင်ပြန်ဘူး။ နောက်ဆုံးတော့ ဆေးမသောက်ပဲ နေရာက မသက်သာလာတော့ ချောင်းဆိုးပျောက်ဆေး ကို စသောက်ရတော့တာပေါ့။ ဆေးကဒ် ၂ ကဒ်သာ ကုန်သွားတယ် မသက်သာဘူးလို့ပဲ ခံစားရတယ်။ ဖြစ်ချင်တော့ ရုံးက ကျမအလုပ်စားပွဲခုံရဲ့ ခပ်လှမ်းလှမ်းမှာ စက္ကူဖျက်စက်ရှိတယ်။ တစ်ရက်တော့ လူက ချောင်းဆိုးနေရတဲ့အထဲမှာ စက္ကူဖျက်စက်ကို တနေ့လုံးနီးနီးလိုလို လာသုံးကြတာ ကိုယ်သာ မမြင်ရတာ အမှုန်တွေ ထွက်တယ်တူပါရဲ့။ အဲဒီနောက်ပိုင်း အသက်ရှုမ၀သလိုဖြစ်ပြီး ပိုပိုဆိုးလာတယ်။ ဆေးလိပ်နံ့ရလည်း အသက်ရှုကျပ် လည်ချောင်းတွေယားပြီး ချောင်းဆိုးလာပြန်ရော။ ကိုယ့်ဘေးနားက လူတစ်ယောက်ယောက်ဆီက ရေမွှေးနံ့ပြင်းပြင်း ရမိရင်လည်း ကိုယ့်မှာ တဒုက္ခ။ ဈေးသွားဝယ်လို့ store ဆိုင်မှာ ကြော်လှော်ထားတဲ့ ဆီကြော်နံ့တွေများရလို့ကတော့ ပိုက်ဆံအမြန်ရှင်းပြီး အပြင်ကို ထွက်ပြေး ရတဲ့အဆင့်ထိဖြစ်လာရော။ ရန်ကုန်မှာတုန်းကလည်း ဒီလို မဖြစ်ဖူးဘူး။ နောက်ဆုံး ရုံးက ခွင့်ယူပြီး အိမ်မှာအနားယူရတော့တာပေါ့။ အိမ်ထဲနေတော့ သက်သာသလိုလိုရှိသား ဆိုပြီး နောက်နေ့ ရုံးပြန်တက်။ ပြန်ဖြစ်နဲ့ လုံးလည်လိုက်နေတာပဲ။


အဲဒီရက်အတွင်း အမျိုးသားလည်း ခရီးထွက်နေတာဆိုတော့ တစ်ယောက်ထဲလည်း ဆေးခန်းတွေ ဘာတွေ မသွားချင်ပြန်ဘူး။ ဆေးခန်းတော့ သွားပြမှ ရတော့မယ်ဆိုတာ သိနေပေမယ့် ဆေးရုံတက်ရတဲ့အထိဖြစ်လာရင် ကိုယ့်ကို ကူညီမယ့်သူ မရှိဘူး။ အဖေကတော့ ပြောသား။ အမျိုးသား ခရီးထွက်ရင် တခြားမိန်းကလေးဖော်ရှိတဲ့ သူငယ်ချင်းအိမ် သွားအိပ်ပါလားတဲ့။ ဂျပန်သူငယ်ချင်းအိမ်တွေကလည်း သွားအိပ်ဖို့မပြောနဲ့ သူတို့အိမ်တောင် အခုထိ အလည်ရောက်ဖူးတာမဟုတ်ဘူး။ အိမ်လည်ခေါ်လေ့လည်း မရှိကြဘူးထင်ပါရဲ့။ အဲဒါနဲ့ပဲ သူပြန်အလာကို ကိုယ့်မှာရှိတဲ့ဆေးလေးသောက်ပြီး စောင့်နေရတယ်။


သူပြန်ရောက်တော့မှ ရုံးက သူငယ်ချင်းကို ဆေးခန်းပြဖို့ လိပ်စာ မေးတော့ သူငယ်ချင်းက ကိုယ်တိုင်လိုက်ပို့ပေးတာနဲ့ ဆရာဝန်ဆီ ရောက်သွားတာပေါ့။ ဒီက ဆရာဝန်တွေကလည်း အမိုက်စား။ ဂျင်းဘောင်းဘီနဲ့ ကုတ်အဖြူနဲ့။ ကုတ် က ဆရာဝန်တွေ ၀တ်တဲ့ လောင်းကုတ် လိုမဟုတ်ဘူး။ ဆေးခန်းမှာ စောင့်နေတုန်း ဆရာဝန်က ဖြတ်သွားတာ ဆရာဝန်လို့ မထင်မိဘူး။ ကိုယ့်လို လူနာပဲထင်တာ။ ကိုယ့်အလှည့်ရောက်မှ အော်.. စောစောက လူက ဆရာဝန်ပါလားဆိုတာ သိရတာ။ အဖျားတိုင်းတော့လည်း အဖျားမရှိဘူး။ ဒါနဲ့ ပါးစပ်ဟခိုင်းပြီး အာခေါင်ထဲကို ဂွမ်းနဲ့ ဆေးပွတ်ပေးပြီး ဆေးစာရေးပေးလိုက်တာပဲ။ အာသီးယောင်နေတယ်လို့တော့ ပြောတယ်။ ဆရာဝန်စောင့်ရတာ ၁ နာရီနီးပါးကြာတယ်။ တကယ်တမ်း ပြရတာက ၁၀ မိနစ်တောင်မကြာပါဘူး။ သူပေးတဲ့ဆေးတွေကို ၄ ရက်သောက်ပြီး နောက်တစ်ပတ်ပြန်လာပါလို့ချိန်းလိုက်တယ်။ လိုက်ပို့ပေးတဲ့ သူငယ်ချင်းနဲ့ ဆရာဝန် ဂျပန်လိုပြောနေတာကတော့ အအေးပတ်ခြင်းတမျိုးလို့ပဲ ယူဆတယ်ပြောတာပဲ။ တကယ်လို့ မသက်သာရင် နောက်ထပ်ဆေးတစ်မျိုးပြောင်းပေးမယ်ပေါ့။ ပျောက်ဖို့တော့ နည်းနည်း ကြာချင် ကြာလိမ့်မယ်လို့ ဆရာဝန်က ကြိုပြောထားတယ်။ နောက်ပြီး အမြဲတမ်း မျက်နှာဖုံးတပ်ထားရမယ်လို့လည်း ပြောပါတယ်။ မျက်နှာဖုံးက နေ့ခင်းဘက်ဆိုရင် တမျိုးတပ်ရပြီး ညဘက်ဆိုရင်တော့ အစိုဓာတ်ပါတဲ့ မျက်နှာဖုံးမျိုးကို တပ်ပြီးမှ အိပ်ရပါတယ်။ နေ့ခင်းဘက်တပ်ရတဲ့မျက်နှာဖုံးကတော့ အလယ်မှာ menthol filter လို့ခေါ်တဲ့ ဂွမ်းစတမျိုးကို ခံထားတယ်။ ညဘက်တပ်အိပ်တဲ့ဟာကတော့ အရည်တစ်မျိုးနဲ့ စိုအောင် လုပ်ထားတဲ့ ဂွမ်းစကို မျက်နှာဖုံးအရှေ့က အိတ်ကပ်လေးထဲထည့်ထားရတာ။ ဒါကြောင့် အိပ်နေရင်း အသက်ရှုရင်ဂွမ်းစက အစိုဓာတ်ကို ရှုသွင်းမိပြီး လည်ချောင်းမခြောက်စေဘူး။ အဲဒါဆိုတော့ လည်ချောင်းယားပြီး ချောင်းဆိုးတာမျိုး မဖြစ်တော့ဘူးပေါ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေလည်း တော့ မသိတော့ပါဘူး။ အလကား ရတဲ့ လေကို သူများတကာတွေ ၀၀လင်လင် ရှုနေရချိန်မှာ ကိုယ်ကတော့ မျက်နှာဖုံးကြီးတပ်ပြီး အထဲမှာ filter အထပ်ထပ် ခံပြီး ရှုရတဲ့ဘ၀။


ဂျပန်မှာကလည်း အခုတလော Pollen Allergic ဖြစ်နေတဲ့ရာသီပါ။ ၂ လပိုင်းလောက်ကနေ ၄ လပိုင်းလောက်အထိက sugi လို့ခေါ်တဲ့ အပင်က ပန်းပွင့်ပါတယ်။ ၃ လပိုင်းကနေ ၅ လပိုင်းအထိက hinoki လို့ခေါ်တဲ့ အပင်ကနေ ပန်းပွင့်တယ်။ ၂ မျိုးစလုံးက ထင်းရှုးပင်မျိုးနွယ် အုပ်စုထဲမှာ ပါတယ်လို့ ထင်တယ်။ အဲဒီပန်းရဲ့ ၀တ်မှုန်ဟာ လူတွေကို မျက်စိနာစေတယ်၊ မျက်စိယားစေတယ်၊ နှာရည်ကျစေတယ်၊ အသားမှာ ယားယံစေတယ်။ အဲဒီအပင်တွေဟာ မြန်မာပြည်မှာရော နေရာတော်တော်များများမှာ ကျမ တွေ့ဖူးပါတယ်။ အရင်တုန်းကလည်း အိမ်မှာစိုက်ဖူးတယ်။ ဒါပေမယ့် အပင်က ပန်းပွင့်တာမျိုးကိုတော့ ဒီရောက်မှ တွေ့ဖူး၊ မြင်ဖူးတာပါ။ ဒါကြောင့် ၂ လပိုင်းကနေ ၅ လပိုင်းအထိ ဂျပန်လူမျိုး တော်တော်များများဟာ အဲဒီအပင်ရဲ့ ပန်းဝတ်မှုန်ကြောင့် kafunshou (花粉症) လို့ခေါ်တဲ့ pollen allergic ဝေဒနာကို ခံစားရလေ့ရှိကြတယ်။ တချို့ဆိုရင် အိမ်အပြင်မှာတောင် အ၀တ်မလှန်းရဲကြဘူး။ ဂျပန်နိုင်ငံတောင်ပိုင်းဘက်က okinawa လိုနေရာမျိုးမှာတော့ ရာသီဥတုက ပိုပူလို့ kafunshou ဖြစ်တဲ့သူ မရှိဘူးလို့ ရုံးက သူငယ်ချင်းကတော့ ပြောပြပါတယ်။ Yahoo weather website နဲ့ တီဗွီက မိုးလေ၀သ သတင်းမှာဆိုရင်လည်း နောက်တနေ့အတွက် ရာသီဥတုအပြင် ပန်းဝတ်မှုန်အနည်းအများကိုပါ ကြော်ငြာပေးပါတယ်။ ၀တ်မှုန်ကျတာ များမယ့်နေ့ဆိုရင်တော့ လူတော်တော်များများက မျက်နှာဖုံးစွပ်ထားကြတယ်။ တချို့ ဂျပန်တွေဆိုရင် တခြားအပင်တွေက ထွက်တဲ့ ၀တ်မှုန်ကြောင့်လည်း တစ်နှစ်ပတ်လုံး လိုလို အဲဒီဝေဒနာကို ခံစားရတဲ့သူတွေလည်းရှိတယ်။ ၉၀ ရာခိုင်နှုန်းလောက်ကတော့ ဒီရာသီမှာ အဖြစ်အများဆုံးပါပဲ။ ကျမနေမကောင်းဖြစ်လို့ ရုံးကသူငယ်ချင်းက ရှင်းပြပေးတာကို သိသလောက်ရေးလိုက်ရတာ။


အပေါ်ပုံကတော့ sugi (すぎ)လို့ခေါ်တဲ့အပင်ပါ။


ဒီအပင်ကတော့ hinoki (ひのき) လို့ခေါ်တယ်။ မြန်မာလို ဘယ်လိုခေါ်လည်းတော့ ကျမလည်း သေချာမသိပါဘူး။ ဒီလောက် အန္တရာယ်ပေးတဲ့အပင်ကို ဘာဖြစ်လို့ စိုက်ထားကြတာလည်းလို့မေးတော့ ဒီမှာက အဲဒီအပင်ရဲ့အသားနဲ့ အိမ်ဆောက်တယ်၊ ပရိဘောဂ အသုံးအဆောင်တွေ အတွက်သုံးဖို့စိုက်ကြတယ်။ တချို့လည်း အလှသက်သက် စိုက်ထားကြတာလို့ သူငယ်ချင်းက ပြောပြတယ်။


အမှန်တော့ ကျမချောင်းဆိုးတာလည်း အဲဒီလို allergic မျိုးဖြစ်နေမလားဆိုပြီး ကိုယ်တိုင်က သံသယ ရှိပေမယ့် ဆရာဝန်က အအေးပတ်တယ်လို့ပြောတော့လည်း သူပြောသလိုပဲပေါ့။ တော်သေးတယ် တခြားကြီးကြီးမားမား ရောဂါမျိုးမဟုတ်တာပဲ ကျေးဇူးတင်ရမယ်။ ရုံးက လူကြီးတွေ ကတော့ Asthma ဖြစ်မှာစိုးရိမ်နေကြတာပေါ့။ အအေးပတ်တယ်လို့ပြောမှပဲ သူတို့လည်းစိတ်အေးသွားတော့တယ်။ သောက်ရတဲ့ဆေးတွေကလည်း ဆေးလုံးရော ချောင်းဆိုးပျောက်ဆေးရည်ရော၊ ပြီးတော့ အပြင်ကပြန်လာတိုင်း gargle လုပ်ရတဲ့ဆေးရည်ရော။ စုံနေတာပါပဲ။ ဆေး ၅ မျိုး သောက်ရတာ မကြောက်ပေမယ့် ထမင်းစားပြီး ဆေးသောက်ပြီးလို့ကတော့ အိပ်ငိုက်ပြီသားပဲ။ နဂိုကလည်း အအိပ်မက်သူဆိုတော့ ဆေးသောက်ပြီးသွားရင် လူက ဘိန်းမှိန်း မှိန်းနေသလားထင်ရတယ် မျက်စိကို စင်းပြီး မျက်လုံးမဖွင့်ချင်တော့ဘူး။ အခုလည်းဆေးသောက်ပြီးသွားလို့ မျက်လုံးက စင်းလာတာနဲ့ ရိုက်လက်စလေး လက်စသတ်ရင်း blog ပေါ်အမြန်တင်လိုက်ပြီး အိပ်ပါတော့မယ်။



ဧပြီ ၁၄၊ ၂၀၀၈။

April 11, 2008

မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ


photo by chanmyasoe ,from flickr
(ဓာတ်ပုံကို မုတ်သုန် blog ကနေ တိုက်ရိုက် copy ကူးယူထားပါတယ်။)


ဘာလိုလိုနဲ့ သင်္ကြန်ရောက်လာပြန်ပြီ။ ဒီနေ့မနက် စောစောစီးစီး ၀င်္ကဘာလေး က ရေလာလောင်းတယ်လေ။ “၀င်္ကဘာလေးရေ.. အစောကြီးရှိသေးတယ် ရေလိုက်လောင်းနေပြီလား။ သိပ်မဆော့နဲ့နော်။ အအေးပတ်မယ်။ :) ” ဒီမှာတော့ ရာသီဥတုက ပူတယ်လည်းမဟုတ် အေးတယ်လည်းမဟုတ်။ ဒီနေ့အပူချိန်က ၁၅၊ ၁၆ လောက်ကနေ နောက်တစ်နေ့ဆိုရင် ၂၀၊ ၂၁ လောက်ဖြစ်တာမျိုး။ ဒီကြားထဲ မိုးက ရွာချင် ရွာသေးတယ်။ ဒါကြောင့် လူလည်း နေမကောင်းဖြစ်ပြီး အိပ်ယာထဲခွေနေတာနဲ့ blog ပေါ်လည်း စာအသစ်မတင်ဖြစ်ဘူး။ ဒီနေ့မနက် မေးလ်စစ်ကြည့်တော့ သူငယ်ချင်းတွေရဲ့ မြန်မာနှစ်သစ်အတွက် ဆုတောင်းစာတွေလည်း ဖတ်လိုက်ရသေးတယ်။ သူတို့ဆီက စာတွေ ဖတ်ပြီးတော့ blog မှာ မြန်မာနှစ်သစ်ကူးအတွက် ဆုတောင်းစာလေး တင်ဦးမယ်ဆိုပြီး စိတ်ကူးရလာမိတယ်။ ဒါကြောင့်

“အားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...”
လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါရစေ...


သင်္ကြန်အတွက် သီချင်းတွေနဲ့ ရန်ကုန်သတင်းထူးတွေကို မုတ်သုန် blog မှာလည်း ဖတ်လို့ရပါတယ်။ မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေးကိုတော့ မမလု blog မှာပဲ သွားစားလိုက်တော့နော်.. :D


ဧပြီ ၁၂၊ ၂၀၀၈။