April 14, 2008

Blogger Status

ပြီးခဲ့တဲ့ ၂ ပတ် ကျော်လောက်က စပြီး ကျမ နေသိပ်မကောင်းတာနဲ့ ပို့စ်အသစ်လည်း မတင်နိုင်ခဲ့ပါဘူး။ ဖျားနာပြီး အိပ်ယာထဲ လဲတဲ့အထိလည်း မဖြစ်တော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ အဓိကက ချောင်းဆိုးတာပါ။ ချောင်းဆိုးတယ်လို့သာ ပြောလိုက်ရတာ အကြာကြီး မရပ်မနားဆိုးနေတာ မဟုတ်ပဲ သွားရင်း လာရင်း အနံ့ပြင်းပြင်း ရမိရင် အသက်ရှုကျပ်ပြီး ချောင်းဆိုးလာတာပါ။ အစတုန်းက အဲဒီလောက် အခြေအနေ ဆိုးမယ် မထင်လို့ ဆေးမသောက်ပဲ သူ့ဘာသာ သက်သာသွားလိမ့်မယ်ထင်တာ။ ကိုယ့်မှာပါလာတဲ့ဆေးကလည်း ချောင်းဆိုးပျောက်ဆေး ၂ ကဒ်လောက်ပဲ ယူလာခဲ့တော့ မလိုအပ်ပဲ ဆေးမသောက်ချင်ပြန်ဘူး။ နောက်ဆုံးတော့ ဆေးမသောက်ပဲ နေရာက မသက်သာလာတော့ ချောင်းဆိုးပျောက်ဆေး ကို စသောက်ရတော့တာပေါ့။ ဆေးကဒ် ၂ ကဒ်သာ ကုန်သွားတယ် မသက်သာဘူးလို့ပဲ ခံစားရတယ်။ ဖြစ်ချင်တော့ ရုံးက ကျမအလုပ်စားပွဲခုံရဲ့ ခပ်လှမ်းလှမ်းမှာ စက္ကူဖျက်စက်ရှိတယ်။ တစ်ရက်တော့ လူက ချောင်းဆိုးနေရတဲ့အထဲမှာ စက္ကူဖျက်စက်ကို တနေ့လုံးနီးနီးလိုလို လာသုံးကြတာ ကိုယ်သာ မမြင်ရတာ အမှုန်တွေ ထွက်တယ်တူပါရဲ့။ အဲဒီနောက်ပိုင်း အသက်ရှုမ၀သလိုဖြစ်ပြီး ပိုပိုဆိုးလာတယ်။ ဆေးလိပ်နံ့ရလည်း အသက်ရှုကျပ် လည်ချောင်းတွေယားပြီး ချောင်းဆိုးလာပြန်ရော။ ကိုယ့်ဘေးနားက လူတစ်ယောက်ယောက်ဆီက ရေမွှေးနံ့ပြင်းပြင်း ရမိရင်လည်း ကိုယ့်မှာ တဒုက္ခ။ ဈေးသွားဝယ်လို့ store ဆိုင်မှာ ကြော်လှော်ထားတဲ့ ဆီကြော်နံ့တွေများရလို့ကတော့ ပိုက်ဆံအမြန်ရှင်းပြီး အပြင်ကို ထွက်ပြေး ရတဲ့အဆင့်ထိဖြစ်လာရော။ ရန်ကုန်မှာတုန်းကလည်း ဒီလို မဖြစ်ဖူးဘူး။ နောက်ဆုံး ရုံးက ခွင့်ယူပြီး အိမ်မှာအနားယူရတော့တာပေါ့။ အိမ်ထဲနေတော့ သက်သာသလိုလိုရှိသား ဆိုပြီး နောက်နေ့ ရုံးပြန်တက်။ ပြန်ဖြစ်နဲ့ လုံးလည်လိုက်နေတာပဲ။


အဲဒီရက်အတွင်း အမျိုးသားလည်း ခရီးထွက်နေတာဆိုတော့ တစ်ယောက်ထဲလည်း ဆေးခန်းတွေ ဘာတွေ မသွားချင်ပြန်ဘူး။ ဆေးခန်းတော့ သွားပြမှ ရတော့မယ်ဆိုတာ သိနေပေမယ့် ဆေးရုံတက်ရတဲ့အထိဖြစ်လာရင် ကိုယ့်ကို ကူညီမယ့်သူ မရှိဘူး။ အဖေကတော့ ပြောသား။ အမျိုးသား ခရီးထွက်ရင် တခြားမိန်းကလေးဖော်ရှိတဲ့ သူငယ်ချင်းအိမ် သွားအိပ်ပါလားတဲ့။ ဂျပန်သူငယ်ချင်းအိမ်တွေကလည်း သွားအိပ်ဖို့မပြောနဲ့ သူတို့အိမ်တောင် အခုထိ အလည်ရောက်ဖူးတာမဟုတ်ဘူး။ အိမ်လည်ခေါ်လေ့လည်း မရှိကြဘူးထင်ပါရဲ့။ အဲဒါနဲ့ပဲ သူပြန်အလာကို ကိုယ့်မှာရှိတဲ့ဆေးလေးသောက်ပြီး စောင့်နေရတယ်။


သူပြန်ရောက်တော့မှ ရုံးက သူငယ်ချင်းကို ဆေးခန်းပြဖို့ လိပ်စာ မေးတော့ သူငယ်ချင်းက ကိုယ်တိုင်လိုက်ပို့ပေးတာနဲ့ ဆရာဝန်ဆီ ရောက်သွားတာပေါ့။ ဒီက ဆရာဝန်တွေကလည်း အမိုက်စား။ ဂျင်းဘောင်းဘီနဲ့ ကုတ်အဖြူနဲ့။ ကုတ် က ဆရာဝန်တွေ ၀တ်တဲ့ လောင်းကုတ် လိုမဟုတ်ဘူး။ ဆေးခန်းမှာ စောင့်နေတုန်း ဆရာဝန်က ဖြတ်သွားတာ ဆရာဝန်လို့ မထင်မိဘူး။ ကိုယ့်လို လူနာပဲထင်တာ။ ကိုယ့်အလှည့်ရောက်မှ အော်.. စောစောက လူက ဆရာဝန်ပါလားဆိုတာ သိရတာ။ အဖျားတိုင်းတော့လည်း အဖျားမရှိဘူး။ ဒါနဲ့ ပါးစပ်ဟခိုင်းပြီး အာခေါင်ထဲကို ဂွမ်းနဲ့ ဆေးပွတ်ပေးပြီး ဆေးစာရေးပေးလိုက်တာပဲ။ အာသီးယောင်နေတယ်လို့တော့ ပြောတယ်။ ဆရာဝန်စောင့်ရတာ ၁ နာရီနီးပါးကြာတယ်။ တကယ်တမ်း ပြရတာက ၁၀ မိနစ်တောင်မကြာပါဘူး။ သူပေးတဲ့ဆေးတွေကို ၄ ရက်သောက်ပြီး နောက်တစ်ပတ်ပြန်လာပါလို့ချိန်းလိုက်တယ်။ လိုက်ပို့ပေးတဲ့ သူငယ်ချင်းနဲ့ ဆရာဝန် ဂျပန်လိုပြောနေတာကတော့ အအေးပတ်ခြင်းတမျိုးလို့ပဲ ယူဆတယ်ပြောတာပဲ။ တကယ်လို့ မသက်သာရင် နောက်ထပ်ဆေးတစ်မျိုးပြောင်းပေးမယ်ပေါ့။ ပျောက်ဖို့တော့ နည်းနည်း ကြာချင် ကြာလိမ့်မယ်လို့ ဆရာဝန်က ကြိုပြောထားတယ်။ နောက်ပြီး အမြဲတမ်း မျက်နှာဖုံးတပ်ထားရမယ်လို့လည်း ပြောပါတယ်။ မျက်နှာဖုံးက နေ့ခင်းဘက်ဆိုရင် တမျိုးတပ်ရပြီး ညဘက်ဆိုရင်တော့ အစိုဓာတ်ပါတဲ့ မျက်နှာဖုံးမျိုးကို တပ်ပြီးမှ အိပ်ရပါတယ်။ နေ့ခင်းဘက်တပ်ရတဲ့မျက်နှာဖုံးကတော့ အလယ်မှာ menthol filter လို့ခေါ်တဲ့ ဂွမ်းစတမျိုးကို ခံထားတယ်။ ညဘက်တပ်အိပ်တဲ့ဟာကတော့ အရည်တစ်မျိုးနဲ့ စိုအောင် လုပ်ထားတဲ့ ဂွမ်းစကို မျက်နှာဖုံးအရှေ့က အိတ်ကပ်လေးထဲထည့်ထားရတာ။ ဒါကြောင့် အိပ်နေရင်း အသက်ရှုရင်ဂွမ်းစက အစိုဓာတ်ကို ရှုသွင်းမိပြီး လည်ချောင်းမခြောက်စေဘူး။ အဲဒါဆိုတော့ လည်ချောင်းယားပြီး ချောင်းဆိုးတာမျိုး မဖြစ်တော့ဘူးပေါ့။ ဘယ်ဘ၀က ၀ဋ်ကြွေးတွေလည်း တော့ မသိတော့ပါဘူး။ အလကား ရတဲ့ လေကို သူများတကာတွေ ၀၀လင်လင် ရှုနေရချိန်မှာ ကိုယ်ကတော့ မျက်နှာဖုံးကြီးတပ်ပြီး အထဲမှာ filter အထပ်ထပ် ခံပြီး ရှုရတဲ့ဘ၀။


ဂျပန်မှာကလည်း အခုတလော Pollen Allergic ဖြစ်နေတဲ့ရာသီပါ။ ၂ လပိုင်းလောက်ကနေ ၄ လပိုင်းလောက်အထိက sugi လို့ခေါ်တဲ့ အပင်က ပန်းပွင့်ပါတယ်။ ၃ လပိုင်းကနေ ၅ လပိုင်းအထိက hinoki လို့ခေါ်တဲ့ အပင်ကနေ ပန်းပွင့်တယ်။ ၂ မျိုးစလုံးက ထင်းရှုးပင်မျိုးနွယ် အုပ်စုထဲမှာ ပါတယ်လို့ ထင်တယ်။ အဲဒီပန်းရဲ့ ၀တ်မှုန်ဟာ လူတွေကို မျက်စိနာစေတယ်၊ မျက်စိယားစေတယ်၊ နှာရည်ကျစေတယ်၊ အသားမှာ ယားယံစေတယ်။ အဲဒီအပင်တွေဟာ မြန်မာပြည်မှာရော နေရာတော်တော်များများမှာ ကျမ တွေ့ဖူးပါတယ်။ အရင်တုန်းကလည်း အိမ်မှာစိုက်ဖူးတယ်။ ဒါပေမယ့် အပင်က ပန်းပွင့်တာမျိုးကိုတော့ ဒီရောက်မှ တွေ့ဖူး၊ မြင်ဖူးတာပါ။ ဒါကြောင့် ၂ လပိုင်းကနေ ၅ လပိုင်းအထိ ဂျပန်လူမျိုး တော်တော်များများဟာ အဲဒီအပင်ရဲ့ ပန်းဝတ်မှုန်ကြောင့် kafunshou (花粉症) လို့ခေါ်တဲ့ pollen allergic ဝေဒနာကို ခံစားရလေ့ရှိကြတယ်။ တချို့ဆိုရင် အိမ်အပြင်မှာတောင် အ၀တ်မလှန်းရဲကြဘူး။ ဂျပန်နိုင်ငံတောင်ပိုင်းဘက်က okinawa လိုနေရာမျိုးမှာတော့ ရာသီဥတုက ပိုပူလို့ kafunshou ဖြစ်တဲ့သူ မရှိဘူးလို့ ရုံးက သူငယ်ချင်းကတော့ ပြောပြပါတယ်။ Yahoo weather website နဲ့ တီဗွီက မိုးလေ၀သ သတင်းမှာဆိုရင်လည်း နောက်တနေ့အတွက် ရာသီဥတုအပြင် ပန်းဝတ်မှုန်အနည်းအများကိုပါ ကြော်ငြာပေးပါတယ်။ ၀တ်မှုန်ကျတာ များမယ့်နေ့ဆိုရင်တော့ လူတော်တော်များများက မျက်နှာဖုံးစွပ်ထားကြတယ်။ တချို့ ဂျပန်တွေဆိုရင် တခြားအပင်တွေက ထွက်တဲ့ ၀တ်မှုန်ကြောင့်လည်း တစ်နှစ်ပတ်လုံး လိုလို အဲဒီဝေဒနာကို ခံစားရတဲ့သူတွေလည်းရှိတယ်။ ၉၀ ရာခိုင်နှုန်းလောက်ကတော့ ဒီရာသီမှာ အဖြစ်အများဆုံးပါပဲ။ ကျမနေမကောင်းဖြစ်လို့ ရုံးကသူငယ်ချင်းက ရှင်းပြပေးတာကို သိသလောက်ရေးလိုက်ရတာ။


အပေါ်ပုံကတော့ sugi (すぎ)လို့ခေါ်တဲ့အပင်ပါ။


ဒီအပင်ကတော့ hinoki (ひのき) လို့ခေါ်တယ်။ မြန်မာလို ဘယ်လိုခေါ်လည်းတော့ ကျမလည်း သေချာမသိပါဘူး။ ဒီလောက် အန္တရာယ်ပေးတဲ့အပင်ကို ဘာဖြစ်လို့ စိုက်ထားကြတာလည်းလို့မေးတော့ ဒီမှာက အဲဒီအပင်ရဲ့အသားနဲ့ အိမ်ဆောက်တယ်၊ ပရိဘောဂ အသုံးအဆောင်တွေ အတွက်သုံးဖို့စိုက်ကြတယ်။ တချို့လည်း အလှသက်သက် စိုက်ထားကြတာလို့ သူငယ်ချင်းက ပြောပြတယ်။


အမှန်တော့ ကျမချောင်းဆိုးတာလည်း အဲဒီလို allergic မျိုးဖြစ်နေမလားဆိုပြီး ကိုယ်တိုင်က သံသယ ရှိပေမယ့် ဆရာဝန်က အအေးပတ်တယ်လို့ပြောတော့လည်း သူပြောသလိုပဲပေါ့။ တော်သေးတယ် တခြားကြီးကြီးမားမား ရောဂါမျိုးမဟုတ်တာပဲ ကျေးဇူးတင်ရမယ်။ ရုံးက လူကြီးတွေ ကတော့ Asthma ဖြစ်မှာစိုးရိမ်နေကြတာပေါ့။ အအေးပတ်တယ်လို့ပြောမှပဲ သူတို့လည်းစိတ်အေးသွားတော့တယ်။ သောက်ရတဲ့ဆေးတွေကလည်း ဆေးလုံးရော ချောင်းဆိုးပျောက်ဆေးရည်ရော၊ ပြီးတော့ အပြင်ကပြန်လာတိုင်း gargle လုပ်ရတဲ့ဆေးရည်ရော။ စုံနေတာပါပဲ။ ဆေး ၅ မျိုး သောက်ရတာ မကြောက်ပေမယ့် ထမင်းစားပြီး ဆေးသောက်ပြီးလို့ကတော့ အိပ်ငိုက်ပြီသားပဲ။ နဂိုကလည်း အအိပ်မက်သူဆိုတော့ ဆေးသောက်ပြီးသွားရင် လူက ဘိန်းမှိန်း မှိန်းနေသလားထင်ရတယ် မျက်စိကို စင်းပြီး မျက်လုံးမဖွင့်ချင်တော့ဘူး။ အခုလည်းဆေးသောက်ပြီးသွားလို့ မျက်လုံးက စင်းလာတာနဲ့ ရိုက်လက်စလေး လက်စသတ်ရင်း blog ပေါ်အမြန်တင်လိုက်ပြီး အိပ်ပါတော့မယ်။



ဧပြီ ၁၄၊ ၂၀၀၈။

18 comments:

သက်ဝေ said...

ဟုတ်တယ်... ချောင်းဆိုးတာ တစ်ခါတစ်ခါဆို အတော်ခံရခက်တယ်။ ဆေးသောက်ပြန်တော့လဲ အိပ်ချင်တယ်။ ကိုယ့်ရေ ကိုယ့်မြေနဲ့ ဝေးနေတဲ့အချိန်မှာ ကျန်းမာရေးကို အထူးတလည် ဂရုစိုက်စေချင်ပါတယ် သူငယ်ချင်းလေးရေ...
ဒီကနေ လိုအပ်တာရှိရင်လဲပြောနော်... :-D

Anonymous said...

အစ်မရေ သက်ြန်မုန့်တွေ ထပ်လာပို့တာ.. စားနိုင်ပါ့မလား..
ကျန်းမာရေး ဂရုစိုက်နော်အစ်မရေ..
သိပ်တော့မပြောတော့ပါဘူး...
ဂရုစိုက်မယ့်လူကြီးတစ်ယောက်လုံး အနားမှာရှိနေတာပဲ နော့..
သို့သော်လည်း သို့သော်လည်းပေါ့လေ..
ဂရုစိုက်ပါ နော့...
ဂျပန်ကဆရာဝန်တွေချောကြောင်း ကြည့်ကောင်းကြောင်းကတော့..
ဒီနေ့တစ်နေ့တည်း အစ်ပါအပအ၀င် နောက်တစ်ယောက်ကလည်းပြောထားသေးရဲ့...
အစ်မဟန်နီလေ...
thinkinghoney.blogspot.com
နေကောင်းရင် အဲဒီကိုသွားကြည့်ကြည့်...
နှစ်သစ်မှာငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေးပါတယ်အစ်မရေ...

Anonymous said...

အော် .......ပြီးခဲ့တဲ့လကအစ်မ ပျောက်နေတာ ခရီထွက်သွားတယ် ထင်နေတာ ကျန်းမာရေးမကောင်းလို့ ကို ဂရုစိုက်အစ်မရေ့ ကိုယ်ကတစ်ပြည်ခြားမှာဆိုတော့ ဖျားတဲ့အချိန် အားငယ်စိတ်ဝင်၇င်ကပိုဆိုးတတ်တယ်လေ ...........နှစ်သစ်မှာ ကျန်းမာရွှင်လန်းပါစေ။
ရွှေရင်အေးလာပို့ တာ နေမကောင်းဘုးဆိုတော့ ကျနော်ပဲစားလိုက်တော့မယ် :P

မြရွက်ဝေ said...

မnu-sanရေ ဂရုစိုက်နော်။ ရာသီဥတုက ဒီနေ့မိုးရွာလိုက် နောက်နေ့နေသာလိုက်၊ အပူချိန်ထိုးကျလိုက် ချက်ချင်းပြန်တက်လိုက်နဲ့ ဖျားချင်စရာ အချိန်ကြီး။ ဒီနေ့လဲ တီဗီမှာ အပူချိန်အပြောင်းအလဲမြန်လို့ သတိပေးတာ ကြည့်လိုက်ရတယ်။ အမကိုသာ ပြောနေတာ၊ ညီမကိုယ်တိုင်လဲ ချူနာပါနာနဲ့။ ဟီး--

ThinkingHoney said...

တောင်ကြီးအိမ်မှာ hinoki ကြီး စိုက်ထားတယ် အမရေ
မွေးကတည်းက အဲဒီအပင်ရှိနေတာပဲ ကြီးလွန်းလို့ မြေပေါ်တောင် ချစိုက်လိုက်ရတယ်
ခုမှ သူ့အကြောင်းသိရတော့တယ်။

အဲ
ဂျပန်ဆရာဝန်အကြောင်းကတော့ :D

Get well soon, dozo ogenki de (ဟီး ဆက်မပြောတတ်တော့ဘူး)
ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာပါစေ။

မျှားပြာ said...

နှစ်သစ်မှာ အဆင်ပြေပါစေ အစ်မနုစံရေ ..။

နှင်းပွင့်ဖြူ said...

နေမကောင်းဖြစ်နေတဲ့ အန်တီကို
ရေခဲရေကားတစ်စီး တိုက်ပီး လာလောာင်းသွားပါတယ်
နေမြန်မြန်ကောင်းအောင်

နှစ်သစ်မှစပြီး စိတ်ကျန်းမာခြင်း၊ ကိုယ်ချမ်းသားခြင်းနဲ့ ပြည့်စုံပါစေ

Soe Mya Nandar Thet Lwin (Borros Roxo) said...

နှစ်သစ်မှာ ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာပါစေ။

အဆင်ပြေပါစေ အစ်မနုစံရေ ..။

Soe Mya Nandar Thet Lwin

pandora said...

နေကောင်းပါစေ အမရေ
ရေမလောင်းတော့ပါဘူး

ThuHninSee said...

ဘာကြောင့်ပဲနေမကောင်းညဖစ်ဖြစ်...
သက်သာပျောက်ကင်းပါစေနော်။

kay said...

လူမမာ လာမေး တာ.. လူတွေ စည်ကား နေ တာနဲ့..ခပ်လျှို ၂လေး မေး ပြီး..မြန်မြန် ပြန်သွား တယ်။း)
ကျန်းမာ ရွှင်လန်း ပါစေ။

လုလု said...

မရေ့  ရေခြားမြေခြားမှာ ဖျားနာတာဆိုတော့ အားငယ်စိတ် ၀င်တတ်တယ်နော်။ ဘာမှ အားမငယ်နဲ့နော်။ စားချင်တာ ရှိရင်လည်း ပြောနော်။ ချက်ကျွေးမယ်နော်။

ThinkingHoney said...

ခုလို သုတရတဲ့ စာတွေ ရေးပေးနိုင်တာကိုက ပါရမီတပါး ပါ အမရေ
ရုံးပိတ်ရက်လေးရတုန်း အမရဲ့ စာတွေကို အသေအချာပြန်ဖတ်နေတာ
------
ကဗျာရေးရင် မိုက်မိုက်ရိုင်းရိုင်းခေါင်းစဉ်တွေ ပေးပေးမိနေတယ်...
ကန်တော့ပါ။

nu-san said...

သက်ဝေ>> ဟုတ်ပါ့။ ချောင်းဆိုးရတာ မောတယ်။ အားပေးတဲ့အတွက် ၀မ်းသာရပါတယ် သက်ဝေရေ.. လိုတာရှိရင် ပြောမယ်နော်... :)

မုတ်သုန်>> ဂရုစိုက်တဲ့သူ ရှိနေပေမယ့် ကိုယ့်ဘာသာကိုယ်ပဲ နေကောင်းအောင် ကြိုးစားပြီး နေနေပါတယ်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ မုတ်သုန်ရေ..

မောင်မျိုး>> နေမကောင်းဖြစ်ပေမယ့် ရွှေရင်အေးတော့ သောက်ချင်သား။ တကူးတက blog တိုင်ရာရောက် လာပို့ပေးဖို့ စိတ်ကူးရတာကိုပဲ ၀မ်းသာလှပါပြီ.. :)

မြရွက်ဝေ>> Osaka မှာလည်း အပူချိန်က တက်လိုက် ကျလိုက်နဲ့ ညီမလေးရေ.. ဒီလိုပဲ တစ်ယောက်ကို တစ်ယောက် အားပေးရတာပေါ့.. :D

Honey>> အမလည်း အဲဒီအပင်တွေအကြောင်းကို အခုမှ သိရတာ ညီမလေးရ.. လူကို အန္တရာယ်ဖြစ်စေတယ်ဆိုတာ အရင်က မသိဘူး။ arigatou!!!

မျှားပြာ>> ပျောက်လှချည်လား မျှားပြာရေ.. မင်းလည်း နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ အမက ဆုတောင်းပေးပါတယ်။ :)

နှင်းပွင့်ဖြူလေး>> အား..ချမ်းလိုက်တာ... ရေခဲရေတွေနဲ့ လောင်းသွားတယ်ပေါ့လေ.. နေဦး.. နောက်နှစ်မှ ၂ ဆ တိုးပြီး ပြန်လောင်းရမယ်။ ပေးတဲဆုနဲ့ ပြည့်ပါစေရှင်...:)

Soe Mya Nandar Thet Lwin>> လာလည်ပြီး ဆုတောင်းပေးတာ ကျေးဇူးပါ ညီမလေးရေ... ပေးတဲ့ဆုနဲ့ပြည့်ရပါလို၏။ :)

မပန်>> မပန်က ရေလောင်းချင်တယ်ဆိုရင်လည်း လောင်းပါ.. :D

သုနှင်းဆီ>> ဆုတောင်းပေးတာ ကျေးဇူးပါ။ အခုဆိုရင် တော်တော်သက်သာလာပါပြီ။

မကေ>> တကူးတက သတင်းလာမေးရတဲ့အတွက် ကျေးဇူးပါ မရေ.. :)

မလု>> အား.. မလုပြောမှပဲ စားချင်တာတွေကို တွေးရင်း သွားရေကျလာပြီ။ မလု blog က ဟင်းတွေအကုန်ချက်စားချင်တာ။ ပစ္စည်းတွေက ဒီမှာ သိပ်ဝယ်လို့မရလို့ လက်လျော့ထားရတယ်။ ဂလု..

Honey >> နှစ်ခါပြန်လာလည်သွားတဲ့ Honey ရေ. ကျေးဇူးပါ။ ကဗျာအမည်လေးတွေ ကောင်းပါတယ် ညီမလေးရ.. မရိုင်းပါဘူး။ အမတော့ Honey ကဗျာလေးတွေ ကြိုက်တယ်။ :)

MCT said...

ဘလော့ဂ်တွေနဲ့ ကင်းကွာနေတာ ကြာ ပြီမို့ ချစ်မ နေမကောင်းတာ မသိလိုက်ဖူး...

မွေးနေ့ဆုတောင်းလေး တကူးတက လာပေးသွားတာ ကျေးဇူးလဲ တင် ။ ပျော်လဲ ပျော်တယ် ချစ်မ...........
ပန်းဝတ်မှုန်လေးတွေက allergic ဖြစ်တတ် ကျတယ်နော်။
ကိုယ့်မြေ မဟုတ်တော့လည်း သူတို့ ရာသီ အလေ့အထ လေးတွေနဲ့ ကျန်းမာရေး ဂရုစိုက်နော်...ချစ်မ........

MCT said...

ဘလော့ဂ်တွေနဲ့ ကင်းကွာနေတာ ကြာ ပြီမို့ ချစ်မ နေမကောင်းတာ မသိလိုက်ဖူး...

မွေးနေ့ဆုတောင်းလေး တကူးတက လာပေးသွားတာ ကျေးဇူးလဲ တင် ။ ပျော်လဲ ပျော်တယ် ချစ်မ...........
ပန်းဝတ်မှုန်လေးတွေက allergic ဖြစ်တတ် ကျတယ်နော်။
ကိုယ့်မြေ မဟုတ်တော့လည်း သူတို့ ရာသီ အလေ့အထ လေးတွေနဲ့ ကျန်းမာရေး ဂရုစိုက်နော်...ချစ်မ........

Layma said...

မရေ ..ချောင်းတွေဆိုးနေတုန်းက မသိလိုက်ဘူး..မသိဆိုမရှိဘူးလေ..။ ဂရုစိုက်ပါ..မ..။

nu-san said...

မိုးချစ်သူလေး>> ညီမလေးပျော်တယ်ဆိုလို့ အမလည်း ၀မ်းသာပါတယ်ရှင်..အလုပ်များနေလို့လား ညီမ?? Blog မှာလည်း အသစ်မတွေ့မိဘူး။ ဟုတ်ကဲ့.. ကျန်းမာရေးကို အထူး ဂရုစိုက်ပါတယ် ဆရာဝန်မလေးရေ.. :)

လေးမ>> “ဘယ်သွားနေလဲ မရွှေဖဲ” လို့မမေးတော့ဘူးနော်... ဂရုစိုက်ပါတယ်ရှင်.. :)