April 21, 2008

2008 Cherry Blossom Viewing in Osaka

ချယ်ရီပင်ရဲ့ အလှဆုံးအချိန်၊ ဂုဏ်ယူစရာအကောင်းဆုံးအချိန်၊ အတင့်တယ်ဆုံးအချိန်ဟာ ပန်းတွေ ပင်လုံးကျွတ်ဝေနေတဲ့ အချိန်ပါပဲ။ ပန်းပွင့်လာမှပဲ လူတွေက ချယ်ရီကို သတိပြု၊ ဂရုစိုက်မိလာကြတယ်။ တစ်နှစ်ပတ်လုံး သတိမထားမိတဲ့သူတွေဟာ ချယ်ရီပွင့်တဲ့ မြင်ကွင်းကို ခံစားလာတတ်ကြတယ်။ တကူးတက လာကြည့်ရင်း ပန်းရဲ့အလှကို ချီးမွမ်းတတ်ကြတယ်။ ဖူးရာကနေ အငုံ၊ ငုံရာကနေ ပွင့်လာပြီး နောက်ဆုံးကြွေရတာလည်း ပန်းတို့ရဲ့ သဘာဝပဲ။ ဧပြီ လဆန်းလောက်က ပွင့်ခဲ့တဲ့ ချယ်ရီပင်တွေဟာ အခုချိန်ဆိုရင် ပွင့်ဖတ်တွေ ကြွေလို့ အရွက်နုလေးတွေနဲ့ ဝေဆာနေပါပြီ။ ပန်းအားလုံး ပွင့်တော့ ပန်းကြည့်ပွဲလုပ်ခဲ့ကြပေမယ့် ပန်းတွေလည်း ကြွေရော ဘယ်သူမှ ပန်းကြွေပွဲ မလုပ်တော့ဘူးနဲ့တူပါရဲ့။ ကျမ ရုံးသွားရင်း လမ်းမှာမြင်ရတဲ့ချယ်ရီပင်တွေမှာလည်း ပန်းပွင့်တွေ တချို့တလေလောက်ပဲ မြင်ရတော့တယ်။ အဲဒါကြောင့် ဂျပန်မှာ ချယ်ရီပန်းပွင့်တဲ့ ရာသီကုန်သွားပြီ၊ တစ်နှစ်ပြီးသွားပြန်ပြီလို့ တွေးလိုက်မိပါသေးတယ်။


ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့က ကျမနဲ့ cube တစ်ခုတည်း ထိုင်တဲ့ သူငယ်ချင်းက Osaka မှာ ချယ်ရီပန်းကြည့်ပွဲ ရှိသေးတယ်ဆိုပြီး website link တွေ ပို့ပေးခဲ့ပါတယ်။ Website မှာ ရေးထားတဲ့စာတွေကို ဖတ်ပြီးမှပဲ ဂျပန်တွေဟာ ချယ်ရီပင်တွေကို အမြတ်တနိုးနဲ့ စနစ်တကျ စာရင်းပြုစုထားတာပါလားဆိုပြီး သိလိုက်ရတယ်။ ပန်းကြည့်ပွဲ ရှိတဲ့ ပန်းခြံက ကျမတို့ ရုံးကနေ သွားမယ်ဆိုရင် သိပ်မဝေးလှပါဘူး။ နောက်ပြီး အဲဒီ ပန်းခြံက ဂျပန်ငွေအကြွေစေ့တွေ ထုတ်တဲ့ အဆောက်အဦးနားမှာ ရှိတာပါ။ ပန်းခြံကို ၁၈၈၃ ခုနှစ်ကတည်းက စဖွင့်ခဲ့ပြီး ရှားပါးတဲ့ ချယ်ရီမျိုးနွယ် အပါအ၀င် တခြားချယ်ရီပင်တွေကို စိုက်ထားတာ ဒီနှစ်ဆိုရင် ချယ်ရီမျိုးပေါင်း ၁၂၅ မျိုးနဲ့ အပင်ပေါင်း ၃၇၀ ရှိနေပါပြီ။
ဂျပန်နိုင်ငံ Tokyo, Kyoto, Hokkaido စတဲ့ နေရာအသီးသီးက အပင်မျိုးနွယ်တွေကို စုထားတာမို့ ချယ်ရီပန်းရဲ့ အရောင်၊ မျိုးနွယ်အမည်၊ ချယ်ရီပင် ရရှိတဲ့ နေရာ၊ အမျိုးတူ အပင် ဘယ်နှစ်ပင်ရှိသလဲဆိုတာကိုပါ စနစ်တကျ စာရင်းလုပ်ထားတာကို website မှာ ဖတ်ရပါတယ်။ တချို့ချယ်ရီမျိုးနွယ်ဆိုရင် ဂျပန်မှာ အပင်မရှိတော့ပေမယ့် အင်္ဂလန်ကနေ မျိုးပြန်ရလာတဲ့ အပင်မျိုးတောင် ရှိနေပါသေးတယ်။ ကျမ သတိထားမိတာ တစ်ခုက ဂျပန်လူမျိုးတွေဟာ ပန်းအလှကို အလှကြည့်သက်သက် ခံစားတတ်ကြပြီး ပန်းတွေကို ချိုးဖဲ့တာ၊ ခူးတာ၊ အကိုင်းအလက်တွေ ခုတ်တာမျိုး လုပ်တာ မတွေ့ရပါဘူး။ ကျမ မတွေ့သေးတာလည်း ဖြစ်မယ်ထင်ပါရဲ့။


နှစ်စဉ် ရှားပါးတဲ့ ချယ်ရီပန်းတွေကို ကြည့်ဖို့ ရောက်လာတဲ့ လူဦးရေဟာ တစ်နှစ်ထက် တစ်နှစ် ပို ပိုများလာခဲ့ပါတယ်။ ဒီနှစ်အတွက်တော့ ပန်းကြည့်ပွဲက ဧပြီ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိဖြစ်ပြီး အလားတူ ပန်းပြပွဲမျိုး Hiroshima မှာလည်း ရှိပါသေးတယ်။ ပန်းခြံဖွင့်ချိန်က ရုံးဖွင့်ရက်ဆိုရင် မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ နဲ့ ပိတ်ရက်ဆိုရင် မနက် ၉ နာရီကနေ ည ၉ နာရီအထိပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ ပိတ်ရက်လည်း ဖြစ်တဲ့အပြင် ရာသီဥတုလည်း သာယာတော့ သွားကြတဲ့လူပေါင်း ၃ သောင်းကျော်ရှိတယ်လို့ ရုံးက သူငယ်ချင်းက ပြောပြပါတယ်။


ကျမကတော့ မနေ့ နေ့လည်ဘက် ထမင်းစားချိန် နည်းနည်းစောထွက်ပြီး သူငယ်ချင်းနဲ့အတူ ၂ ယောက်သား ပန်းကြည့်ပွဲ သွားခဲ့ပါတယ်။ ရုံးကနေဆိုရင် ရထား တစ်ဘူတာပဲ စီးရပြီး ဘူတာကနေ ပန်းခြံအထိက ၁၀ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ ဘူတာက ထွက်လိုက်တယ်ဆိုရင်ပဲ လူအုပ်ကြီးကို အရင်စပြီး တွေ့လိုက်ရတော့တာပါပဲ။ သူငယ်ချင်းကတော့ အရင်နှစ်တွေကလည်း ရောက်ဖူးပြီးသားပါ။ တကယ်လို့ နေရာမသိဘူးဆိုရင်တောင် ဘယ်သူကိုမှ မေးစရာမလိုပဲ သွားနေတဲ့ လူအုပ်ကြီးနောက် လိုက်သွားယုံပါပဲ။ မနေ့က ရုံးဖွင့်ရက်လည်း ဖြစ်တဲ့အပြင် နေ့လည် ထမင်းစားချိန်သွားတာမို့ လူမများလောက်ဘူးလို့ ထင်ထားတာ။ တကယ်တမ်းရောက်သွားတော့ ကိုယ်တွေလိုပဲ လာကြတဲ့သူတွေ မနည်းလှပါဘူး။ အထူးသဖြင့်ကတော့ အဘိုးအဘွားအရွယ်တွေပေါ့။ တချို့တွေဆိုရင် ပြပွဲရှိတဲ့ တစ်ပတ်လုံး နေ့တိုင်းနီးပါး လာကြည့်တဲ့သူတောင် ရှိတယ်တဲ့။


ပန်းခြံက တဖက်ကနေ ၀င်ပြီး တခြားတဖက် ကနေပြန်ထွက်ရတဲ့ လမ်းက တစ်လမ်းပဲရှိပါတယ်။ အရှည် ၅၆၀ မီတာ ရှိပြီး လမ်းတောက်လျှောက် ချယ်ရီပန်းမျိုးစုံ ဖူးပွင့်နေတာ ရုတ်တရက် ကြည့်လိုက်ရင် အားလုံးဟာ သိပ်မကွာဘူးလို့ ခံစားရတယ်။ အပင်မှာချိတ်ဆွဲထားတဲ့ စာနဲ့ ပန်းနာမည်ကြည့်လိုက်မှပဲ တစ်ပင်နဲ့ တစ်ပင် မတူပါလားဆိုတာ သိရတော့တယ်။ ကျမစိတ်ထင်တော့ ပန်းအမျိုးအစားကို ပန်းပွင့်တဲ့ ပုံစံရယ်၊ ပွင့်ချပ် အရေအတွက်နဲ့ အရောင်ကို ကြည့်ပြီး ခွဲခြားထားတယ်လို့ ထင်မိတယ်။ ကိုယ်တွေက ခဏတာလောက်ပဲ ကြည့်ရတာဆိုတော့ သိသိသာသာကြီး ကွာခြားမနေရင် တော်ယုံဆို မသိဘူးရယ်။


ပန်းခြံက ၀င်ဝင်ချင်းမှာ လမ်းနည်းနည်းကျယ်တော့ ဓာတ်ပုံရိုက်ချင်ရင် အေးအေးဆေးဆေး ရိုက်လို့ရပေမယ့် နောက်ပိုင်း လမ်းဆုံးခါနီးလေ တဖြည်းဖြည်း ကျဉ်းလာတော့ လုံခြုံရေးတွေက “ရပ်ပြီး ဓာတ်ပုံမရိုက်ဖို့၊ လမ်းကို ဆက်လျှောက်ဖို့၊ ထီးမဖွင့်ဖို့၊ ကလေးတွေ သတိထားဖို့” တချိန်လုံး အော်နေကြတာပါပဲ။ ပန်းခြံထဲလည်း ဘာအစားအစာမှ ယူသွားပြီး စားလို့မရပါဘူး။ ပန်းပုံတွေကို ကြိုးစားပြီး ဓာတ်ပုံရိုက်ယူပေမယ့်
ရိုက်လာခဲ့တဲ့ ပုံတွေက ချယ်ရီမျိုးပေါင်း ၁၂၅ မျိုး မပြည့်ပါဘူး။ တချို့ ကြွေတဲ့အပင်တွေလည်း ကြွေကုန်ပြီ။ ပွင့်ဖတ်များတဲ့ အပင်တွေသာ မကြွေပဲ ကျန်နေသေးတာ။ ပန်းနာမည်၊ အမျိုးအစားနဲ့ ဓာတ်ပုံတွေကို အသေးစိတ် ကြည့်ချင်တယ်ဆိုရင်တော့ မူလ website ကိုပဲ လမ်းညွှန်ပေးပါရစေ။ ဒီပို့စ်မှာရေးထားတဲ့ အချက်အလက်တွေကလည်း အဲဒီ website ကနေ ယူသုံးထားတာပါ။


*****


အရင်ရေးခဲ့ဖူးတဲ့ ချယ်ရီပန်းကြည့်ပွဲ နဲ့ အခု ပန်းကြည့်ပွဲက မတူပါဘူး။ ပန်းကို ကြည့်ကြတာချင်း တူပေမယ့် အခုကြည့်ရတဲ့ ပန်းကြည့်ပွဲကတော့ ကြည့်ယုံတင် ကြည့်ရပြီး ပန်းပင်အောက်မှာ စားသောက်ဖို့ နေနေသာသာ ပန်းပင်ရှေ့မှာတောင် အချိန်ကြာကြာ ရပ်ခွင့်မရခဲ့ပါဘူး။ ဒီအပင်တွေက ရှားပါးမျိုးနွယ်ဖြစ်လို့ ထင်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ်
ဂျပန်မှာတော့ အခုချိန်ထိ ချယ်ရီတွေ ပွင့်နေတုန်းပါပဲ... နောက်တစ်ပတ်လောက် ဆိုရင်တော့ အားလုံး ပြီးသွားမယ် ထင်ပါရဲ့.....

Reference:
Chart of Cherry Blossoms in Osaka



ဧပြီ ၂၂၊ ၂၀၀၈။

8 comments:

Anonymous said...

အစ်မရေ..
အစ်မအတွက် ပန်းအသစ်တွေရှာနေတယ်..
တစ်ခါတလေ ပန်းကြည့်ရတဲ့အလုပ်ကလည်း ပျော်ဖို့ကောင်းသားနော်..
လာမယ့်ရက်ပိုင်းအတွင်း... အစ်မအတွက်..
စိန်ပန်းတွေတင်ပေးနိုင်ဖို့ကြိုးစားနေတယ်..
ခဏလေးတော့စောင့်ပေးနော်....

လုလု said...

မနုစံရေ့
ဂျပန်မှာ ချယ်ရီတွေပွင့်တဲ့အချိန်မှာ မြန်မာပြည်မှာ ပိတောက်တွေ ဝေနေတဲ့အချိန်ပဲလေ။ ပိတောက်တွေနဲ့ မြန်မာကို လွမ်းနေမှာပဲနော်

ThinkingHoney said...

အမblogမှာ ဟနမိသွားတယ်
ကျေးဇူးပဲ အမရေ
မေလဆို ရုံးပိတ်ရက်အများကြီးရဦးမယ် မလား?
ကောင်းလိုက်တာနော် ...............
:)

Anonymous said...

အစ်မရေ့ ပန်းတွေက လှလိုက်တာဗျာ နုဖတ်ပြီးတော့ တို့ ရက်စရာတောင်မရှိဘူး ချစ်သူပါးပြင်လေးလိုပဲး) ပန်းတွေအ အရွက်တွေလည်း မများဘူးနော် နောက်ပြီးတော့ ရိုးတံလေးတွေမှာ ပွင့်နေတာကော တော်၂လှတယ် အမောပြေလေး ကြည့်ချင်လိုက်တာ ကျေးဇူးပါ အစ်မရေ့ ဂျပန်မုန့် တွေမစားရတာတောင်ကြာပြီး ;P

MCT said...

ဘလော့ဂ်တွေနဲ့ ကင်းကွာနေတာ ကြာ ပြီမို့ ချစ်မ နေမကောင်းတာ မသိလိုက်ဖူး...

မွေးနေ့ဆုတောင်းလေး တကူးတက လာပေးသွားတာ ကျေးဇူးလဲ တင် ။ ပျော်လဲ ပျော်တယ် ချစ်မ...........
ပန်းဝတ်မှုန်လေးတွေက allergic ဖြစ်တတ် ကျတယ်နော်။
ကိုယ့်မြေ မဟုတ်တော့လည်း သူတို့ ရာသီ အလေ့အထ လေးတွေနဲ့ ကျန်းမာရေး ဂရုစိုက်နော်...ချစ်မ........

MCT said...

ဘလော့ဂ်တွေနဲ့ ကင်းကွာနေတာ ကြာ ပြီမို့ ချစ်မ နေမကောင်းတာ မသိလိုက်ဖူး...

မွေးနေ့ဆုတောင်းလေး တကူးတက လာပေးသွားတာ ကျေးဇူးလဲ တင် ။ ပျော်လဲ ပျော်တယ် ချစ်မ...........
ပန်းဝတ်မှုန်လေးတွေက allergic ဖြစ်တတ် ကျတယ်နော်။
ကိုယ့်မြေ မဟုတ်တော့လည်း သူတို့ ရာသီ အလေ့အထ လေးတွေနဲ့ ကျန်းမာရေး ဂရုစိုက်နော်...ချစ်မ........

Anonymous said...

ကိုယ့်နိုင်ငံက ပန်းကို တန်ဖိုး တက်သထက် တက်အောင် လုပ်ပေးကြတာပေါ့နော်..။
လေးမ

nu-san said...

မုတ်သုန်>> စိန်ပန်းပုံတွေအတွက် ကျေးဇူးပါ မုတ်သုန်ရေ.. ပန်းကြည့်ရတာက တခါတလေတော့လည်း ပျော်ပါတယ်။ ခဏတာတော့ စိတ်အေးချမ်းသွားတာပေါ့.. :)

လုလု>> အင်း..ဟုတ်တယ် မလု၊ ချယ်ရီပွင့်ရင် မြန်မာပြည်မှာလည်း ပိတောက်တွေ လှိုင်နေအောင်ပွင့်ပြီလို့ အမြဲတမ်းယှဉ်ပြီး သတိရမိတယ်။ မြန်မာပြည်ကို လွမ်းတာကတော့ မပြောပါနဲ့တော့ မလုရေ...

Honey>> Honey ရေ.. ပိတ်ရက်က ဒီနှစ် သိပ် ဇိမ်မရှိလှဘူး။ ရုံးပိတ်ရက်က ဘယ်လိုကြီးလည်းမသိ။ အရင်နှစ်တွေကဆို ရုံးက ၂ ရက်လောက် ခွင့်ယူလိုက်ရင် ၉ ရက် ၁၀ ရက်လောက် ရတတ်တယ်။ ဒီနှစ်တော့ ၄ ရက် ၂ ခါစီ ပိတ်နေတော့ နားရတာ မကောင်းဘူး.. :P

မောင်မျိုး>> အမလေး.. ငါ့မောင်ရယ်.. ကဗျာဆန်နေပါလား.. “ချစ်သူပါးပြင်လေးလိုပဲ” တဲ့လား.. မရိုးတော့ဘူးပဲ.. :)

မိုးချစ်သူလေး>> ညီမလေးပျော်တယ်ဆိုလို့ အမလည်း ၀မ်းသာပါတယ်ရှင်..အလုပ်များနေလို့လား ညီမ?? Blog မှာလည်း အသစ်မတွေ့မိဘူး။ ဟုတ်ကဲ့.. ကျန်းမာရေးကို အထူး ဂရုစိုက်ပါတယ် ဆရာဝန်မလေးရေ.. :)

လေးမ>> လေးမပြောသလိုပဲ ပြောရမယ်ထင်ပါ့။ ဘယ်ပန်းကိုမဆို ဂရုစိုက်ကြတယ်။ Public Location တွေမှာ စိုက်ထားတဲ့ ပန်းဆိုရင် ခူးတာ ချိုးတာ ခုတ်တာမျိုး မတွေ့ရဘူး။ အဲဒါတစ်ခုတော့ သတိထားမိတယ်။