March 29, 2008

ချယ်ရီပန်းကြည့်ပွဲ



အခုဆိုရင် ဂျပန်မှာ အအေးချိန်လျော့လာတာနဲ့အမျှ လမ်းဘေးက ချယ်ရီပင်တွေမှာ ပန်းအဖူးလေးတွေကို စတွေ့နေရပါပြီ။ တချို့အပင်တွေကျတော့လည်း ဟိုတကွက် ဒီတကွက် စပွင့်နေကြပြီ။ နောက်လထဲရောက်ရင် အားလုံးပွင့်လောက်ပြီလို့ထင်ပါတယ်။ ဘာလိုလိုနဲ့ ချယ်ရီတွေတခါပြန်ပွင့်ပေဦးတော့မယ်....


******


မနှစ်တုန်းက အလုပ်မ၀င်ရသေးတော့ အပြင်သိပ်မထွက်ရတာနဲ့ ချယ်ရီပွင့်လို့ ပွင့်မှန်း မသိခဲ့ရဘူး။ ဒီနှစ်တော့ တပတ်မှာ ၅ ရက်က ရုံးတက်ရတာမို့ လမ်းမှာ ချယ်ရီပင်တွေကို တကူးတက သတိမထားကြည့်ပဲနဲ့တောင် တွေ့နေရတယ်လေ။ အဖူးလေးတွေ ၊ အပွင့်လေးတွေကိုမြင်ရတော့ ပျော်မိတာ အမှန်ပါပဲ။ ရန်ကုန်မှာမွေး ရန်ကုန်မှာ ကြီးပြင်းခဲ့တဲ့ ကျမအတွက် ချယ်ရီပန်းကို စပြီး မြင်ဖူးတာ ဂျပန် ရောက်မှပါ။ ရန်ကုန်လို ပူပြင်းတဲ့နေရာမှာ ချယ်ရီပန်းက ဘယ်မှာပွင့်နိုင်မှာလဲ။ တောင်ကြီးလို အေးတဲ့နေရာမှာ ပွင့်တယ်ဆိုပေမယ့် အဲဒီလို နေရာမျိုးကလည်း ရန်ကုန်ကနေ တကူးတက သွားမှရောက်မှာမို့လား။ ဒါကြောင့် အရင်တုန်းက “ချယ်ရီပန်း” ဆိုတာ စာထဲမှာပဲ ဖတ်ဖူးခဲ့တယ်။ ရုပ်ရှင်ထဲလည်း ဖြတ်ခနဲလောက်ပဲ မြင်ဖူးခဲ့တယ်။ အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒီရောက်တော့ ချယ်ရီတွေအပြုံလိုက် အစုလိုက်လည်း ပွင့်တာမြင်ရရော ပျော်လည်းပျော်တယ်။ ပြီးတော့ ချယ်ရီပန်းကို အနီးကပ်ကြည့်ပြီး ရိုးရှင်းတဲ့ ပန်းပွင့်ပုံစံကိုလည်း သဘောကျတယ်။ ပန်းရောင်သမ်းတဲ့ ပန်းမျိုးရှိသလို အဖြူရောင်၊ ပန်းဆီရောင် အရောင်အမျိုးမျိုးနဲ့ တကယ်လှတဲ့ ချယ်ရီပန်းပါပဲ။ ပုံမှန်ချယ်ရီက ပွင့်ဖတ် ၅ ဖတ်ပဲပါတယ်။ အလယ်မှာမှ ၀တ်ဆံပေါ့။ တချို့အပင်တွေက ပွင့်ဖတ် အထပ်ထပ်လေးတွေလည်း ရှိတယ်။ နောက်ပြီး မိုးမခပင်လို အကိုင်းတွေ တွဲလောင်းကျနေတဲ့ ချယ်ရီပင်မျိုးလည်း ရှိသေးတယ်။ အကိုင်းအခက် အနက်ရောင်နဲ့အတူ ပွင့်လာတဲ့ ပန်းရောင်နုနု ချယ်ရီပန်းက ကြည့်လို့ ကောင်းလှတာတော့ အမှန်ပါပဲ။



အဖြူရောင်ချယ်ရီ..



ပန်းရောင်ချယ်ရီ၊ ဒီချယ်ရီမျိုးက မိုးမခပင်လိုပဲ၊ တွဲလောင်းကျနေပြီး ပွင့်ဖတ်တွေက အထပ်ထပ်လေးတွေလေ။ ဂျပန်တွေ စာရင်းပြုစုထားတဲ့ တခြားချယ်ရီမျိုးကွဲတွေလည်း ရှိနေသေးတယ်။


ဂျပန်မှာကလည်း ချယ်ရီပင်က နေရာတိုင်းမှာ ရှိတယ်။ ပန်းခြံတွေ၊ ရပ်ကွက် ကလေးကစားကွင်းလေးတွေ၊ ကျောင်းတွေ၊ နောက်ဆုံး အိမ်နောက်ဘက် ထွက်ကြည့်လိုက်ရင်တောင် တဖက်အိမ်မှာ စိုက်ထားတဲ့ ချယ်ရီပင်ကို လှမ်းမြင်နေရတယ်။ နှစ်တိုင်း ဧပြီလဆန်းလောက်ဆိုရင် ချယ်ရီတွေ ပင်လုံးကျွတ်ပွင့်ကြပြီ။ ပန်းအားလုံး ပွင့်ပြီဆိုတာနဲ့ ဂျပန်မှာ ချယ်ရီပန်း ကြည့်ပွဲ (Hanami) လုပ်ကြတယ်။ Hanami ဆိုတာ ပန်းပွင့်တာကို ကြည့်ရင်း ချယ်ရီပင် အောက်မှာ ကိုယ့်မိသားစု၊ အပေါင်းအသင်း၊ သူငယ်ချင်းတွေစုပြီး သောက်လိုက် စားလိုက် သီချင်းဆိုလိုက်နဲ့ ပါတီစုလုပ်ကြတာပါပဲ။ တချို့လည်းနေ့ဘက်ပေါ့။ တချို့လည်း ညဘက်လုပ်လေ့ရှိတယ်။ ချယ်ရီပန်းချည်းပဲ ထိုင်ကြည့်ကြတာတော့လည်း မဟုတ်ဘူးပေါ့။


ချယ်ရီပန်းပွင့်ချိန်မှာ ကျမရောက်ဖူးတာက Osaka Castle မှာ ရှိတဲ့ ပန်းခြံကိုပါ။ ပုံမှန်ဆိုရင် အဲဒီပန်းခြံက ပိတ်ထားတယ်။ အခုလို ပန်းပွင့်ချိန်ရောက်မှ ဖွင့်ပေးပြီး ၀င်ကြေး ယန်း ၃၅၀ ပေးရပါတယ်။ ပန်းခြံက အတော်လေးကိုကျယ်ပြီး အလယ်မှာ ကစားကွင်းအကြီးကြီး ရှိပါတယ်။ ဘေးပတ်လည်ကမှ ချယ်ရီပင်တွေဝိုင်းပြီး စိုက်ထားတာမို့ ပန်းအားလုံးပွင့်မှပဲ လှတာ။ ကျမတို့ ရုံးက နှစ်တိုင်း ပန်းကြည့်ပွဲဆိုရင် Osaka Castle က ပန်းခြံကိုပဲ သွားလေ့ရှိတယ်။ အဲဒီရက်ဆိုရင် R&D က တချို့သူတွေက မနက်၆ နာရီလောက် ထပြီး နေရာသွားဦးထားကြတယ်။ သူများတွေလည်း ဒီလိုပဲ လာဦးကြတာပဲ။ တနေ့လုံး သောက်လိုက်၊ စားလိုက်၊ ကစားလိုက်၊ ဘောလုံးကန်လိုက်၊ ဓာတ်ပုံရိုက်လိုက်နဲ့ ညနေ စောင်းမှပဲ အိမ်ပြန်ဖို့ ပြင်ကြတော့တယ်။ ညနေစောင်းရင် Castle က မီးထွန်း ထားတာမို့ ညဘက်မှာ မြင်ရတဲ့ Osaka Castle ရဲ့ ရှုခင်းကလည်း တကယ်ကြည့်လို့ကောင်းလှပါတယ်။




Osaka Castle က ချယ်ရီပန်းကြည့်ပွဲ (Hanami) တုန်းက ပုံတွေပါ။ တချို့ပုံတွေက လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ရိုက်ထားတဲ့ပုံတွေပေါ့။


ဒီနှစ်အတွက် Osaka Castle မှာ ပန်းကြည့်ပွဲက ဧပြီလ ၅ ရက်နေ့ပါ။ တခြားနေရာတွေကို သွားမယ်ဆိုရင်တော့ နေရာနဲ့ ပန်းအားလုံးပွင့်မယ့်အချိန်ကို Internet မှာရှာကြည့်လိုက်ယုံပါပဲ။ Hanami အတွက် Department Store တွေ ဈေးဆိုင်တွေမှာလည်း Beer ဘူးမျိုးစုံကို ကြော်ငြာပြီး ဈေးကွက်လုနေကြပါပြီ။ လမ်းမှာရှိတဲ့ ပန်းခြံသေးသေးလေးမှာတောင် မီးပုံးလေးတွေ စီတန်း ချိတ်ထားတာ မြင်နေရပြီ်။ ဒါတွေက ချယ်ရီပန်းကြည့်ဖို့ အားလုံး ကြိုတင်ပြင်ဆင်နေကြတာတွေပါပဲ။ ကျမအတွက်တော့ အမျိုးသား ခရီးထွက်နေတာနဲ့ Osaka Castle ကို သွားဖြစ်မယ် မထင်ပါဘူး။ သူပြန်လာမှပဲ တခြားနေရာကို သွားမယ်လို့ စဉ်းစားထားကြတယ်။ တစ်နှစ်မှာ တခါသာ ပွင့်တဲ့ ပန်းပွင့်ချိန်လေးကို နှစ်ယောက်အတူကြည့်ဖြစ်အောင်တော့ ကြည့်မယ်လို့ စိတ်ကူးထားတယ်။ ဘယ်နေရာဖြစ်မလဲတော့ မသိသေးဘူး။

******


ဂျပန်မှာ ချယ်ရီပင်တွေ ရှိနေသမျှ၊ ဂျပန်လူမျိုးတွေရဲ့ ချယ်ရီပန်းကြည့်ပွဲကတော့ ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကပွင့်ခဲ့တဲ့ ချယ်ရီ၊ မနှစ်က ပွင့်တဲ့ချယ်ရီ၊ ဒီနှစ်ပွင့်မယ့်ချယ်ရီ၊ နောင်နှစ်ပွင့်မယ့်ချယ်ရီ.. အားလုံးဟာ အတူတူပါပဲ။ ဒီမှာနေရခိုက်မှာလည်း ချယ်ရီဟာ ပွင့်ချိန်တန်ရင် ပွင့်ရှာတယ်။ ဒီမှာမနေရတော့ရော ချယ်ရီက ပွင့်နေဦးမှာပါပဲ။ ဘယ်သူတွေ ဘယ်လိုပဲပြောင်းသွား ပြောင်းသွား ချယ်ရီပင်တွေကတော့ နှစ်စဉ် နှစ်တိုင်းပွင့်နေမှာဦးမှာပါ။


မတ် ၃၀၊ ၂၀၀၈။

12 comments:

Anonymous said...

ချယ်ရီ ပန်းကို ကျနော်လဲကြားပဲကြားဖူးတာ ပုံလေးတွေသေချာကြည့်သွားတယ် အစ်မရေ့ ကျေးဇူးဗျ ချယ်ရီပန်းက ရိုးရှင်းပြီးတော် ၂ လှမယ်ထင်တယ် ထင်လို့ ပဲရတယ် တွေ့ မှမတွေ့ ဖူးတာ ဟားဟား။ အလုပ်သွားတဲ့အချိန် ပန်ူးကလေးတွေ ကိုတွေ့ ရတယ်ဆိုတော့ စိတ်တွေလန်းဆန်းသွားမယ်ထင်တယ်။
ပျော်ရွှင်ပါစေဗျာ။

Soe Mya Nandar Thet Lwin (Borros Roxo) said...

I love cheery flowers..,

Thanks for the posts..,

Pls visit me back soon. C ya!!

SMNTL

Anonymous said...

လှလိုက်တာ

Winkabar said...

လှလိုက်တဲ့ ပန်းတွေအစ်မရယ်။ အဲဒါတွေကို ထိုင်ကြည့်ရတာ တော်တော် စိတ်ချမ်းသာစရာကောင်းမှာပဲနော်။

ဧပြီတစ်ရက်နေ့မှာ ဘာတွေလုပ်ဖြစ်လဲအစ်မ။ ဧပြီတစ်လလုံး ပျော်ရွှင်မှုတွေနဲ့ပဲကြုံတွေ့ရပါစေနော်။ :D

Khin said...

လှတယ်နော်

တောကကိုရင် said...

ချယ်ရီတွေတစ်ဝကြီးလာကြည့်သွားတယ်အစ်မရေ..
ကျေးဇူါ်

Layma said...

လှလိုက်တာ.. အဖြူတွေကိုပိုကြိုက်တယ်..။ အင်း ..ပန်းရောင်လေးလဲလှတာပဲ...။ မ..ကို တောင်ကြီးသူမှတ်လို့...။
နှစ်ယောက်အတူ ချယ်ရီ ကြည့်ပြီးပြီလား...။

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Câmera Digital, I hope you enjoy. The address is http://camera-fotografica-digital.blogspot.com. A hug.

သက်ဝေ said...

အခါအခွင့်သင့်ပြီး အခြေအနေများပေးခဲ့မယ် ဆိုရင်တော့ ဒီလောက်လှတဲ့ ပန်းချယ်ရီတွေကို တစ်ခါလောက်တော့ ကိုယ်တိုင်ကိုယ်ကျ လာကြည့်ချင်ပါသေးတယ်။ ဓါတ်ပုံလေးတွေ အတွက် ကျေးဇူးပါ သူငယ်ချင်းရေ...

Winkabar said...

comment နှစ်ခေါက်ဖြစ်သွားပြီ။ :P ။ သင်္ကြန်ရေလာလောင်းတာအစ်မရေ။ နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်။ :D

nu-san said...

မောင်မျိုး >> မောင်မျိုးရေ.. အမလည်း ဒီရောက်မှ မြင်ဖူးတာ။ ပန်းတွေ အစုလိုက်ပွင့်တာမြင်တော့ စိတ်ထဲ ပျော်မိတာ အမှန်ပါပဲ။ မိန်းကလေး သဘာဝကလည်း ပန်းမြင်ရင် သဘောကျတတ်တာဆိုတော့လေ.... :)

SMNLT >> Thanks for you visiting!

အမွန်>> ဟုတ်တယ် ညီမလေးရေ..:)

ဝင်္ကဘာလေး>> ပန်းတွေ ထိုင်ကြည့်ရတာ ခဏတာတော့ စိတ်ချမ်းသာတာပေါ့။ ဖြစ်နိုင်ရင်လေ ဘယ်ပန်းမှ မကြွေစေချင်ဘူး။ အလှကြည့်နေချင်တာ... ဧပြီလ ၁ ရက်ကတော့ ဘာမှလည်း မလုပ်ဖြစ်ပါဘူး ၀င်္ကဘာလေးရေ.. :)

မုတ်သုန်>>ပန်းတွေ တ၀ကြီး လာကြည့်သွားတဲ့အတွက် ကျေးဇူး မုတ်သုန်ရေ..

လေးမ>> အမက ရန်ကုန်သူပါ လေးမရယ်၊ တောင်ကြီးသူ မဟုတ်ရပါဘူး။ ၂ ယောက်အတူ ပန်းတွေ တ၀ကြီး ကြည့်ချင်ပေးမယ့် ကျန်းမာရေးက မကောင်းလို့ ခဏပဲ ကြည့်လိုက်ရတယ်ပြောမလို့ပါ... :D

သက်ဝေ>>အခါအခွင့်ကြုံပါစေ သက်ဝေရေ.. တကယ်ပါ.. :)

ဝင်္ကဘာလေး>> comment ပြန်တာ နောက်ကျသွားလို့... :P ညီမလေးလည်း နှစ်သစ်မှာပျော်ရွှင်ပါစေ.. :)

Unknown said...

အစ်မရေ ..အခုဆိုရင်ကလော၊ တောင်ကြီးဘက်မှာတောင် ချယ်ရီပန်းတွေက အရင်ကလောက်မလှတော့ ဘူးသိလား။ သူက အပင်ကြီးလေ အပွင့်ကပိုလှလေ လေ။အခုတော့ အပင်ကြီးတွေက မရှိတော့ဘူးလေ။