November 15, 2010

သမီးဖတ်ဖို့(၂၀၀၉ ခုနှစ် ဇူလိုင် - သြဂုတ်လ)

ဂျပန်က ဆရာဝန်တွေရဲ့ အယူအဆ နဲ့ ကိုယ်ဝန်ဆောင်သည်တွေ အတွက် ညွှန်ကြားထားတာလေးတွေကို ဗဟုသုတဖြစ်အောင် ပြောပြရဦးမယ်။ ဒီက ဆရာဝန်တွေကတော့ ရှင်းတယ် သမီးရေ။ ပါပါးက “ကိုယ်ဝန် အတွက် အာဟာရပြည့်အောင် ဘယ်လို အားဆေးတွေ သောက်ဖို့လိုအပ်သလဲ” လို့ မေးတော့ ဆရာဝန်က “ဘာဆေးမှ သောက်စရာမလိုဘူး။ အစားလည်း ရှောင်နေစရာ မလိုဘူး၊ အားလုံး စားလို့ရတယ်” ဆိုပြီး ခပ်တိုတိုပဲ ပြန်ဖြေတယ်။ အဲဒါဆိုတော့ မေမေလည်း ရန်ကုန်က ယူလာတဲ့ ကိုယ်ဝန်ဆောင် အားဆေးကို ဆက်မသောက်ဖြစ်တော့ဘူး။

အရင်အခါတွေတုန်းက ဆေးရုံပြရတဲ့ရက်ဆို ဆရာဝန်က စမ်းသပ်ပြီးရင် နောက်ဆုံး သူနာပြုဆရာမနဲ့ သွားတွေ့ပြီး သူတို့မေးတဲ့ မေးခွန်းတွေကို ၁ နာရီနီးပါး ဖြေရသေးတယ်။ သူနာပြုဆရာမ မေးတာက နေ့စဉ် စားတဲ့ အစားအစာ၊ ဘယ်အချိန်စားလဲ၊ မနက်ဘယ်နာရီအိပ်ယာထလဲ၊ ရုံးသွားရင် ဘယ်လိုသွားလဲ၊ ရုံးမှာ ဘယ်နှစ်နာရီ အလုပ်လုပ်ရလဲ၊ စတဲ့ မေးခွန်းတွေ ဖြေရတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်တာနဲ့ ပတ်သက်ပြီး ဗဟုသုတ အနေနဲ့ ဘာတွေ သိထားလဲ ဆိုတာလည်း မေးတယ်။ အဲဒီတော့ မေမေက “အလေးအပင်မ မ ရဘူး၊ ဒေါက်မြင့်ဖိနပ် မစီးရဘူး၊ အပူအစပ် မစားရဘူး” ဆိုပြီး ကိုယ်သိတာလေးကို ပြောပြရတာပေါ့။ မေမေ ဖြေပြီးတော့မှ သူနာပြုဆရာမက ကိုယ်ဝန်ဆောင်မိခင်လောင်းတွေက အအေးမမိစေရဘူး၊ ဖြစ်နိုင်ရင် မေမေ့ကို အမြဲပဲ အနွေးထည်ဆောင်ထားခိုင်းတယ်။ ပြီးတော့ အချိုတွေ သိပ်မစားခိုင်းဘူး။ အခုလောလောဆယ် မေမေ့မှာ သွေးတိုးနဲ့ ဆီးချိုတော့ မရှိပေမယ့် မွေးခါနီးရင် သွေးတိုးတတ်လို့ အငန်တွေလည်း မစားခိုင်းဘူး။ နောက်ပြီး အစားကို အများကြီးလည်း မစားခိုင်းပြန်ဘူး။ ကိုယ်ဝန်ရှိချိန်မှာ မ ၀ တာ၊ ၀ိတ် မတက်တာ ကို ပိုပြီး သဘောကျကြတယ်။ တကယ်လို့ မိခင်က အရမ်းဝရင် ကလေး ရော မိခင်ပါ မွေးခါနီးရင် ဒုက္ခရောက်နိုင်တယ်တဲ့။ မိခင်က အစား အများကြီး စားတဲ့အတွက် ကလေးက တအားထွားတဲ့အပြင် သွေးတိုးတာပါ ပိုဖြစ်နိုင်တယ် ဆိုပြီး မေမေ့ကို ပြောပြတယ်။ တစ်လကို ပုံမှန် ၁ ကီလိုလောက်ပဲ တက်တာ အကောင်းဆုံးပဲတဲ့။ အဲဒီ မတိုင်ခင်ကတော့ ပါပါးက မေမေ့ကို ထမင်းအများကြီး စားခိုင်းတယ်လေ။ အမှန်တော့ ပါပါးက စိတ်ပူပြီး ကိုယ်ဝန်နဲ့ဆိုတော့ ကလေးအတွက်ပါ ပိုစားမှ မိခင်က အားရှိမယ်ဆိုပြီး စားခိုင်းတာ။ အခုလို သူနာပြု ဆရာမတွေ ရှင်းပြလိုက်တော့မှပဲ ပါပါးလည်း မေမေ့ကို အစား အများကြီး မစားခိုင်းတော့ဘူး။

နောက်ထပ် မေးခွန်းတွေက နှစ်ဘက် မိဘတွေ နဲ့ မေမေတို့မှာ ရောဂါ ရှိမရှိ၊ မီးဖွားခါနီးရင် မေမေနဲ့ ဘယ်သူလာနေပေးမလဲတို့၊ မွေးခန်းထဲကို ပါပါးအပြင် တခြား ဘယ်သူလိုက်ဦးမလဲတို့၊ ကလေးမွေးပြီးသွားရင် မိသားစုဝင်တွေထဲက မေမေ့ကို ဘယ်သူလာကြည့်ပေးမလဲတို့ ၊ မေမေ့သူငယ်ချင်းတွေထဲမှာ ကိုယ်ဝန်ဆောင် ကလေးမွေးဖူးတဲ့ မိခင်ရှိလားတို့၊ ပြီးတော့ မေမေတို့ နေတဲ့ အနီးနားမှာရော ကိုယ်ဝန်ဆောင် ကလေးမွေးဖူးတဲ့သူရှိလား စတဲ့မေးခွန်းတွေ မေးတယ်။ မွေးခန်းထဲ ၀င်မယ့်သူရော၊ ကလေးမွေးပြီးသွားလို့ လာကြည့်မယ့်သူရော၊ ဆေးရုံကနေ အိမ်ပြန်ရောက်လို့ ကလေးကို ၀ိုင်းကြည့်ပြီး စောင့်ရှောက်ပေးမယ့် သူရော မေးခွန်း အားလုံးအတွက် အဖြေက အတူတူပဲလေ။ ပါးပါးတစ်ယောက်ပဲ ရှိတာဆိုတော့ ဘာမေးမေး မေမေက ပါပါးကိုပဲ လက်ညှိုးထိုးပြလိုက်တယ်။ အဲဒါဆိုတော့ သူနာပြု ဆရာမက ပါပါးအပြင် တခြားသူကို ပြောပါဆိုတော့ မေမေတို့မှာ တခြားပြောစရာ လူမရှိဘူး။ မေမေနဲ့ အလုပ်အတူတူလုပ်နေတဲ့သူတွေထဲက ကလေးမွေးဖူးတဲ့သူတွေ ရှိပေမယ့် သူတို့က အိုဆာကာမှာ နေကြတာမဟုတ်ဘူး။ အဲဒါဆိုတော့ အနီးအနားမှာရော သူငယ်ချင်းတွေထဲမှာပါ ကလေးမွေးဖူးတဲ့သူ မရှိဘူးလို့ပဲ ဖြေလိုက်ရတယ်။ မွေးပြီးရင် သမီးအန်းမကလည်း မေမေနဲ့ လာနေပေးနိုင်မှာ မဟုတ်ဘူးလို့ သူတို့ကိုပါ ကြိုပြောထားလိုက်တော့ သူနာပြုဆရာမလည်း တော်တော်ကို စိတ်ရှုတ်သွားပုံရတယ်။ သူတို့ကတော့ မေမေ့အတွက်ရော သမီးလေးအတွက်ပါ စိုးရိမ်လို့ ကြိုတင် စီစဉ်ထားရအောင် မေးတာပါ။ ဒါကြောင့်လည်း မေမေဖြေတာတွေ အားလုံးကို သူတို့က မှတ်တမ်းလိုမျိုး ရေးမှတ်ထားတယ်။ အဲဒါအပြင် ကိုယ်ဝန်ဆောင်သည်တွေ ဖတ်ဖို့ ဆေးရုံက ထုတ်ထားတဲ့ စာအုပ်လည်း ထုတ်ပေးတယ်။ စာအုပ်ထဲမှာပါတာက ကလေးမမွေးခင်၊ မွေးပြီးချိန်နဲ့ ဆေးရုံတက်နေတုန်းမှာ သိထားသင့်တာတွေကို ရှင်းပြထားတာပါပဲ။

ကံကောင်းတာ တစ်ခုက မေမေ့ကို ဂျပန်စာ သင်ပေးနေတဲ့ ဆရာမကလည်း မေမေနဲ့ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကိုယ်ဝန်ရှိလာတယ်။ အဲဒီတော့ ဆရာမက မေမေ့ကို ကိုယ်ဝန်နဲ့ပတ်သက်တာ၊ ကလေးနဲ့ပတ်သက်တာအပြင် တခြားသိသင့်တာတွေနဲ့ ဂျပန်လို အခေါ်အဝေါ်တွေကို အိမ်မှာ လာသင်ပေးရှာတယ်။ နောက်ပြီး မေမေ သိချင်တာ နားမလည်တာရှိရင်လည်း ဆရာမက မေမေ့ကိုစာဖတ်ပြီး ပြန်ပြောပြပေးတယ်။ ဆရာမကျေးဇူးတွေ မေမေ့မှာ အများကြီးပါပဲ။ မေမေတို့ နှစ်ယောက် တွေ့ပြီဆို တစ်ယောက် အခြေအနေ တစ်ယောက်ပြောပြပြီး အချင်းချင်း အားပေးနှစ်သိမ့်ရတာပေါ့။ မေမေကတော့ ထိုင်ရလွန်းလို့ ခါးနာတဲ့ ဝေဒနာ ခံစားရပြီး ဆရာမကတော့ အလုပ်ထဲမှာ မတ်တပ်ရပ်ရလွန်းလို့ ကိုယ်ဝန် လနုတုန်းမှာ ခြေထောက်တွေ ပြည့်ပြီး ဖောတဲ့ ဝေဒနာကို ခံစားရတယ်။ ဒါတောင် သမီးလေး ကိုယ်ဝန်ကို လွယ်ထားရပြီဆိုကတည်းက မေမေ့ အလုပ်ထဲက လူကြီးတွေက မေမေ့ကို ငဲ့ညှာပြီး အချိန်ပို လုပ်ခိုင်းတာတို့၊ နောက်ကျပြီး ရုံးမှာ နေရတာမျိုးတို့ မလုပ်ခိုင်းတော့ဘူး။ အလုပ်ကိုလည်း ပုံမှန်အတိုင်း လုပ်နေရယုံပဲမို့ တော်သေးတယ်လို့ ပြောရမှာပေါ့။

ကိုယ်ဝန် ၃ လကျော်လာတဲ့ နောက်ပိုင်းတော့ မေမေလည်း နေရတာ၊ လှုပ်ရှားရတာ တဖြည်းဖြည်း ပေါ့ပါး လာတယ်။ အရင်လို မောတာ ပင်ပန်းတာလည်း သက်သာလာတဲ့အပြင် အိပ်ကောင်း၊ စားကောင်းဖြစ်လာတယ်။ အဲဒီတော့ မေမေ့ကို အင်းစိန် အန်းမကရော၊ သူငယ်ချင်းတွေကပါ ဘာစားချင်လဲ၊ ဘာချဉ်ခြင်းတပ်လဲ လို့ မေးကြတယ်။ ကိုယ်ဝန်ဆောင် မိခင်သည်တွေ ချဉ်ခြင်းတပ်တာလည်း အတော်ထူးဆန်းတယ်လို့ပဲ ပြောရမှာပဲ။ မေမေကတော့ သားကြီး ငါးကြီးနဲ့ အဆီအစိမ့်တွေထက်ကို ရန်ကုန်မှာ ၀ယ်လို့ရတဲ့ ငါးမျိုး (ရေချိုငါး) ပိုစားချင်တယ်။ ဂျပန်မှာက ပင်လယ်ငါး ပေါပေမယ့် ရေချိုငါးက ရှားတယ် မဟုတ်လား။ အဲဒါဆိုတော့ ထူးထူးခြားခြား ချဉ်ခြင်းတပ်ပြီး စားချင်စိတ်လည်း မဖြစ်မိတော့ပါဘူး။

ဒီလိုနဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဆရာဝန်နဲ့တွေ့ဖို့ ဆေးရုံသွားရပြန်တယ်။ ဆရာဝန်နဲ့ မတွေ့ခင်မှာ ဆေးရုံရောက်တာနဲ့ အရင်ဆုံး သွေးပေါင်ချိန်ရတယ်၊ ပြီးတော့ ကိုယ်အလေးချိန် တိုင်းရတယ်။ နောက်ပြီး ဆီးစစ်ရတယ်။ သွေးပေါင်ချိန်တာနဲ့ ကိုယ်အလေးချိန် ကိုတော့ စက်တွေ ချပေးထားလို့ ကိုယ့်ဘာသာကိုယ်ပဲ တိုင်းရတယ်။ ပြီးမှ ရလာတဲ့ အဖြေကို သူနာပြုဆရာမလေးတွေကို ပေးလိုက်ရင် သူတို့က မိခင်နဲ့ ကလေးမှတ်တမ်းစာအုပ်မှာ မှတ်ထားပေးတယ်။ ဆီးစစ်တဲ့အဖြေကတော့ ဆရာဝန်ဆီ တိုက်ရိုက်သွားတာမို့ မေမေတို့ သိစရာ မလိုဘူး။ နောက်ပြီး ကိုယ်ဝန် ၁၂ ပတ်ကျော်လာတဲ့နောက်ပိုင်းဆို မေမေ့ရဲ့ ဗိုက်ကိုပါ ပေကြိုးနဲ့ တိုင်းယူတယ်။ အဲဒါပြီးတော့ ဆရာဝန်က Echo ကြည့်မယ်လို့ ပြောပြီး စက်တစ်ခုရှေ့မှာ မေမေ့ကို စမ်းသပ်ပေးတာပဲ။ ဆရာဝန် စမ်းသပ်ချိန်ဆို ပါပါးလည်း ဘေးမှာ ရှိနေတော့ ဆရာဝန်က monitor screen ကနေ မြင်ရတဲ့ သမီးရဲ့ ပုံရိပ်လေးကို သေချာ ရှင်းပြပေးတယ်။ ပြီးတော့မှ မေမေ့ဗိုက်ထဲက သမီးရဲ့ ပုံလေးကို print ထုတ်ပြီး မေမေတို့ကို တစ်ရွက်ပေးတယ်။ အဲဒီနေ့က ကိုယ်ဝန် ၁၆ ပတ်နဲ့ ၁ ရက်ရှိတဲ့ သမီးလေးရဲ့ ကိုယ်အလေးချိန်က (၁၃၅) ဂရမ်တဲ့။ အဲဒီနေ့ကစပြီး ဆရာဝန်က သမီးရဲ့ အရပ်ကို မတိုင်းပေးတော့ဘူး။ ပြီးတာနဲ့ “ကလေးရဲ့ ကြီးထွားနှုန်းလည်း ပုံမှန်ပဲ၊ အနေအထားလည်း ပုံမှန်ပဲမို့ စိုးရိမ်စရာ ဘာမှ မရှိဘူး၊ နောက်တစ်လ (သြဂုတ် ၂၄ ရက်) နေမှ ပြန်လာပြ” လို့ မေမေတို့ကို ပြောတယ်။ နောက်ပြီး မေမေ့သွေးအမျိုးအစား ထပ်စစ်ထားတာကလည်း “A” သွေးပဲ ဆိုပြီး ထပ်ပြောပြတယ်။ အဲဒီနေ့က ကိုယ်ဝန် ၄ လရှိတဲ့ မေမေ့ရဲ့ ကိုယ်အလေးချိန်က ၄၉.၈၂ ကီလို ရှိတယ် သမီးရဲ့။




နိုဝင်ဘာ ၁၅၊ ၂၀၁၀။

7 comments:

Anonymous said...

ပေတူးလေးက ငါးကြိုက်တယ်ထင်တယ်။
မေမေက သိပ်ချစ်တတ်တာပဲ။
း)
mm

့်Home Sweet Home said...

အမနုစံရေ

ရေးထားတာလေးတွေလာဖတ်သွားတယ်။ ဂျပန်ရဲ့ ကျန်းမာရေးစောင့်ရှောက်ပုံတွေကိုလည်းသိရတယ်။ မိခင်လောင်းကိုဘယ်လိုအလုပ်သွားတယ်၊ဘာစားတယ်ကအစမေးပြီးတော့ အနေအထိုင်အစားအသောက်တွေကိုဂရုစိုက်တာနော်။ သမီးလေးမွေးလာတော့ မီးတွင်းထဲ လင်မယားနှစ်ယောက် သမီးလေးနဲ့ ဘယ်လိုဆိုတာလေးဆက်ရေးပါအုံး။

မောင်မျိုး said...

ခလေး အကြောင်းလာထပ်ဖတ်တယ်အစ်မရေ ရက်ပါစ်သေးသေးလေးရေ အာဘွားး)

အစ်မ ဒါနဲ့ အစ်မလေးမ တစ်ယောက်လည်း ခုချိန်လောက်ဆို အစ်မလိုပဲလားမသိဘူးနော် အဆက်သွယ်ပြတ်နေတာကြာပြီး သူ့ကိုလည်းသတိရတယ် ။

Shinlay said...

လာဖတ်သွားပါတယ်။ သမီးလေးကိုနှုတ်ဆက်ပေးပါနော်။

Anonymous said...

မနုစံက..
သိပ်အနုစိတ်ရေးနိုင်တာပဲ။
သိပ်အနုစိတ်မှတ်မိတယ်..။
ဘာမဆို သေသေချာချာ မှတ်ထားတယ်
လေ့လာတယ်..။
အားကျတယ်.။
လိုက်မလုပ်နိုင်ဘူး။
ခခမူကြိုကျောင်းပြီးပွဲတွေ.။မိဘတွေတွေ့ဆုံပွဲတွေ
ဘာမှ မသွားနိုင်..မပါဝင်နိုင်ဘူး။(အလုပ်ကြောင့်)

အခုတော့ အတတ်နိုင်ဆုံး လိုက်သွားတယ်။
ကိုယ့်ကိုယ်ကိုယ်တောင် သံသယရှိလာပြီ။


Pauk

nu-san said...

mm>> မွန်ရေ.. ပေတူး ငါးမကြိုက်ဘူး သိလား။ သူလေ အခုတလော ခေါက်ဆွဲနဲ့ နန်းကြီးဖတ်လိုမျိုးတွေ အရမ်းစားတာပဲ။ ထမင်းလည်း ကျွေးမရဘူး။ ဘိုစိတ်ဝင်နေတယ်နဲ့ တူတယ်.. :D

Home Sweet Home>> ဟုတ်တယ် ညီမရေ.. အမသွားပြတဲ့ ဆေးရုံက သူနာပြုတွေ၊ ဆရာဝန်တွေကတော့ အဲဒီလို လုပ်ပေးပေမယ့် တခြားဆေးရုံမှာတော့ မလုပ်ပေးဘူးလို့ ပြောတယ်။ ဆေးရုံနဲ့လည်း ဆိုင်မယ်နဲ့တူပါရဲ့။ အမ ဆက်ရေးဖြစ်ဦးမှာပါ။ အခုနောက်ပိုင်းဆို Blog မှာ သမီးလေး အကြောင်းပဲ တင်နေတော့လေ ဖတ်ရတဲ့သူတွေတောင် ညီးငွေ့နေလောက်ပြီ။ အမက မှတ်တမ်းလိုမျိုးလေး မှတ်ထားချင်လို့ရယ်၊ တခြားကိုယ်ဝန်ဆောင်သည်တွေ ဖတ်ရအောင်လည်း ပါတယ်။ ကျေးဇူးပါ စနိုးလေး မာမားရေ.. :))

မောင်မျိုး>> မီးမီးကို ရက်ပါစ်သေးသေးလေးလို့ ပြောတဲ့ ဦးဦးမျိုးရေ.. မင်္ဂလာပါ :) ဟုတ်တယ်နော်.. အမလည်း သူ့အကြောင်းတွေးနေတာ။ ဟိုတလောကဆို အမရဲ့ အရင်ပို့စ်က comment တွေ ဖတ်မိပြီး လေးမ ကို သတိရနေမိတယ်။ ဒီ comment လေးတွေ လေးမ ဖတ်မိရင် အမတို့ကို သတိရမလား မသိဘူးနော်။ :)

Shinlay>> ကျေးဇူးပါ မရှင်လေးရေ။ သမီးလေးကလည်း အန်တီ့ကို နှုတ်ဆက်ပါတယ်တဲ့။ :))

ပေါက်>> ပေါက်ရေ.. သားဦးမို့လို့လည်း လုပ်နိုင်တာနဲ့ တူပါရဲ့ဟယ်။ နောင်တစ်ချိန် ပြန်ဖတ်ရတာပေါ့။ ခခနဲ့အတူ တတ်နိုင်သလောက် လိုက်သွားပေးတာ ကောင်းပါတယ်။ ဒါပေမယ့်လေ ခခ ကို ကြည့်ရတာ သူ့ကိုယ်သူ confident အပြည့်ရှိတဲ့ပုံမို့ တို့ကတော့ သဘောကျတယ် ပေါက်ရဲ့။ အဲဒီလိုမျိုးမှ ကောင်းတာ။

lcd said...

မကြာမကြာဖတ်ဖြစ်အောင်ကြိုးစားပါမယ်။