November 2, 2010

DPT Vaccine

သမီးလေးကို မေလမှာ BCG ကာကွယ်ဆေး ထိုးပေးခဲ့တာကို ပို့စ် အဖြစ်ရေးခဲ့ဖူးပါတယ်။ BCG ကာကွယ်ဆေး ထိုးပြီး တစ်လအကြာမှာ DPT (မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ) ကာကွယ်ဆေး ထိုးပေးရပါတယ်။ ဂျပန်မှာတော့ အဲဒီ ဆေး ၃ မျိုးကို တစ်လ တစ်ခါနဲ့ သုံးလ ဆက်တိုက် ထိုးပေးရမယ်လို့ ညွှန်ကြားထားတယ်။

ဇွန်လရောက်တော့ ကျမတို့ ကိုယ်ရေးကိုယ်တာ ကိစ္စ တစ်ခုကြောင့် မြန်မာပြည် ပြန်သွားခဲ့ရတယ်။ တကယ်တမ်း ကာကွယ်ဆေး ထိုးတော့ ဇူလိုင်လမှပဲ သွားထိုးပေးဖြစ်ခဲ့ပါတယ်။ အကြောင်းက မြန်မာပြည်က ပြန်လာတော့ သမီးလေး ကိုယ်မှာ မိတ်ဖုလို အပူဖုတွေ ထွက်တာ တော်တော်နဲ့ မပျောက်ပါဘူး။ ဆရာဝန်နဲ့ ပြတော့ လိမ်းဆေး ပေးလိုက်ပြီး ထိုးလက်စ ကာကွယ်ဆေး အားလုံး ရပ်ထားဖို့ မှာလိုက်တာနဲ့ မိတ်ဖုတွေ အရှင်းပျောက်မှပဲ ဇူလိုင်လ ၁၄ မှာ ကာကွယ်ဆေး ထိုးဖြစ်ခဲ့ပါတယ်။

ဆေးက အလကား ထိုးပေးတာ ဖြစ်ပြီး ဆေးထိုးဖို့ကို နီးစပ်ရာ ဆေးရုံ ဒါမှ မဟုတ် ဆေးခန်းမှာ သွားထိုးလို့ရပါတယ်။ ကျမကတော့ အိမ်နဲ့ နီးတဲ့ ကလေး ဆေးခန်းမှာပဲ သွားထိုးဖြစ်ခဲ့တယ်။ ဆေးခန်းမှာထိုင်တာက ဆရာဝန်မကြီး တစ်ယောက်တည်းပါ။ ဆရာဝန်မကြီးက အသက်က ၇၀ ကျော်လောက် ရှိပြီလို့ ထင်ရပေမယ့် သူ့ ကြည့်ရတာ သွက်သွက်လက်လက် သန်သန်မာမာ ပါပဲ။

ကာကွယ်ဆေး မထိုးခင် ထုံးစံအတိုင်း form မှာပါတဲ့ မေးခွန်းတွေ ဖြေပြီး ကလေး ကိုယ်အပူချိန်ကို တိုင်းယူပါတယ်။ ပြီးတော့ ဆရာဝန်မကြီးက ရင်ဘတ်ကို နားကြပ်နဲ့ထောက်ပြီး စမ်းသပ်ပေးတဲ့အပြင် အာခေါင်ကိုလည်း လက်နှိပ်ဓာတ်မီးနဲ့ထိုးကြည့်ပါတယ်။ ပြီးတော့မှ ဆေးထိုးပေးတာပါ။ ဆေးထိုးတာက အပ်သေးသေးလေးနဲ့ လက်မောင်းမှာ ထိုးတာမို့ စစချင်း သမီးလေးက လန့်ပြီး အော် ငိုပါတယ်။ ခဏလောက်နေတော့မှ အငို တိတ်ပြီး ရီရီမောမော ပြန်ဖြစ်သွားတယ်။ ဆေးထိုးအပြီးမှာ ကျမက ထိုးထားတဲ့ နေရာကို လက်နဲ့ခြေပေးမယ် လုပ်တော့ ဆရာမကြီးက ဖိယုံတင် ဖိခိုင်းထားပြီး ဆေးကို မခြေခိုင်းပါဘူး။ ပြန်ခါနီးတော့ ဒုတိယအကြိမ် ကာကွယ်ဆေးကို နောက် ၃ ပတ်အကြာမှာ လာထိုးဖို့ ရက်ချိန်းပေးလိုက်ပါတယ်။ အဲဒီလိုနဲ့ သြဂုတ်လ (၁၈) ရက်နေ့မှာ ဒုတိယအကြိမ် ကာကွယ်ဆေး နဲ့ စက်တင်ဘာ (၂၁) ရက်နေ့မှာ တတိယအကြိမ် ကာကွယ်ဆေး သွား ထိုးပေးဖြစ်ခဲ့တယ်။ ဆေး ၃ လုံးစလုံး ထိုးပြီးသွားပေမယ့် နောက် ၁ နှစ် ဒါမှမဟုတ် ၁ နှစ်ခွဲအကြာမှာ ထပ် လာထိုးရမယ်လို့လည်း မှာလိုက်ပါတယ်။

သမီးလေးကို ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် ကာကွယ်ဆေးတွေ ထိုးတုန်းကတော့ ပုံမှန်ပါပဲ။ မှတ်မှတ်ရရ တတိယ အကြိမ် ကာကွယ်ဆေး သွားထိုးတော့ သူ့ပါပါး ပါ လိုက်ပေးပါတယ်။ အဲဒီနေ့က ဆေးထိုးတော့ သမီးလေး ငိုတာ အသံတောင် ပျောက်ပါတယ်။ တစ်ခါမှ အဲဒီလောက် ငိုတာ မမြင်ဖူးပါဘူး။ အော်ငိုတာများ နှုတ်ခမ်းတွေတောင် ပြာပြီး ရှိုက်ကြီး တငင်ငိုတာမို့ ကျမ တော်တော် လန့်သွားမိတယ်။ ဒါကြောင့် ဆေးခန်းမှာပဲ အဖေတစ်လှည့် အမေတစ်လှည့် ချော့ရင်း အငိုတိတ်အောင် ခဏစောင့်ပြီးမှ အိမ်ပြန်လာခဲ့ကြပါတယ်။ အရင်တုန်းက ဆေးထိုးရင် အခုလိုမျိုး အကြာကြီး မငိုတတ်ပါဘူး။ အခုမှ ဘယ်လိုဖြစ်လဲ မသိဘူးလို့တောင် သူ့ပါပါးကို ပြောဖြစ်ပါသေးတယ်။

အဲဒီနေ့က ဆေးခန်းကနေ အိမ်ပြန်လာတယ် ဆိုပေမယ့် လမ်းမှာ ဈေးဝယ်ဖို့အတွက် တခြားနေရာကို သွားလိုက်မိတယ်။ တစ်လမ်းလုံးလည်း ဂျီကျပြီး တွန်းလှည်းထဲ ထည့်မရလို့ သူ့ကို အဖေနဲ့ အမေ တစ်ယောက် တစ်လှည့် ချီပြီး သွားရပါတယ်။ ဈေးဝယ်ပြီး အပြန် ဘတ်စ်ကားပေါ်ကျမှ ဇာတ်လမ်းက စပါတော့တယ်။ ကျမဘေးမှာ ထိုင်တာက ဘွားဘွားကြီးတစ်ယောက်ပါ။ ဘွားဘွားကြီးက သမီးလေးကို စကားပြောပြီး ချော့မြူပါတယ်။ သမီးလေးက အဲဒီ ဘွားဘွားကြီးကို သေချာ စိုက်ကြည့်ပြီး နောက်တော့ အသံအကျယ်ကြီးနဲ့ အော် ငိုပါလေရော။ အဲဒါနဲ့ ကျမလည်း ကလေး စိတ်ပြောင်းသွားအောင် ရေဘူးတိုက်၊ ကစားစရာ လက်ထဲထည့်ပေးပေမယ့် သမီးလေးက ဘွားဘွားကြီးကိုပဲ ချောင်းချောင်းကြည့်ပြီး အော်အော်ငိုတာ ကားပေါ်က လူတွေကလည်း ကျမတို့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ပေါ့။ ကလေးက အော်ငိုလွန်းမက ငိုတော့ ဘွားဘွားကြီးလည်း သူ့မျက်နှာကို လက်ကိုင်ပုဝါလေးနဲ့ အုပ်ပြီး ကာထားရှာပါတယ်။ အဲဒါလည်း ဒီက ဂျစ်တူးမလေးက မရပါဘူး။ ကျမလည်း ဘွားဘွားကြီးကိုရော ကားပေါ်က လူတွေကိုပါ အားနာလာတဲ့အပြင် သိပ်မကြာခင်မှာ အိမ်နားရောက်တော့မှာမို့ ကလေး အငိုတိတ်အောင် မတ်တပ်ရပ်ပြီးပဲ ချီထားလိုက်ပါတယ်။ အဲဒါ ဘွားဘွားကြီးက သူ့ကြောင့် ဖြစ်တာလို့ ထင်တယ်နဲ့ တူပါရဲ့။ ကျမကို ထိုင်ခိုင်းပြီး သူ မတ်တပ်ရပ်ပေးပါ့မယ်လို့ ပြောလို့ ကျမက ပြန်ပြီး အားနာရပါသေးတယ်။ ကျမလည်း ဘွားဘွားကြီးကို တောင်းပန်ပြီး နောက်တစ်မှတ်တိုင်ဆို ဆင်းတော့မှာလို့ ပြောလိုက်ပါတယ်။

ကားပေါ်က ဆင်းပြီး အိမ်ပြန်ရောက်တော့လည်း သမီးလေးက ရီမောပြီး ပျော်ရွှင်နေပြန်ပါရော။ ကျမတို့ ထင်တာကတော့ သမီးလေးက ဆရာဝန်မကြီးကို မှတ်မိသွားတဲ့ပုံစံပါပဲ။ အဲဒါဆိုတော့ ဆရာဝန်မကြီးနဲ့ ဆင်တူ တဲ့သူတွေ့ရင် သူ သတိရပြီး အော်ငိုတယ်လို့ ထင်မိပါတယ်။ နောက်ပိုင်းလည်း အကြောင်းတစ်ခုခုကြောင့် ဆေးခန်း သွားရပြီဆို သမီးလေးက သူ့ကို ဘာမှ မလုပ်ရသေးခင် ဆရာဝန်မကြီး မြင်တာနဲ့တင် ရှိုက်ကြီးတငင် ငိုနေတတ်ပါတယ်။ အမှန်တော့ ဒီအကြောင်းက ကာကွယ်ဆေးထိုးတာနဲ့ ဘယ်လိုမှ မပတ်သက်ပေမယ့် နောက်ဆုံးအကြိမ် ကာကွယ်ဆေး ထိုးခဲ့တုန်းက ဖြစ်ခဲ့တာလေးမို့ အမှတ်တရ ရေးထားလိုက်တာပါ။

ကာကွယ်ဆေးထိုးပြီးတိုင်း ဆေးအရှိန်နဲ့ သမီးလေး ဖျားနာမှာကိုပဲ စိတ်ပူမိပါတယ်။ ကလေးက ဆေးထိုးပြီး ညနေလောက်ဆို အမေကို ကပ်ပြီး နည်းနည်း ဂျီကျတတ်တယ်။ ဆေးအရှိန်နဲ့ မအီမသာဖြစ်တယ်လို့ ထင်ရတာပါပဲ။ နောက်ရက်တွေဆိုရင်တော့ ရီမောပြီး ပုံမှန်အတိုင်း သူ့ဘာသာ ဆော့ကစား နေတာမို့ စိတ်အေးရပြန်တယ်။ နောက်ပြီး ဆေးထိုးပြီး မခြေရတော့ လက်မောင်းက ဆေးထိုးထားတဲ့ နေရာကို စမ်းလိုက်ရင် အဖုလေးက တော်တော်နဲ့ မပျောက်ပါဘူး။ ၁ လကျော်လောက် ကြာတော့မှ ပျောက်သွားတော့တယ်။


DPT ကာကွယ်ဆေး ထိုးထားတဲ့မှတ်တမ်းပါ။

နိုဝင်ဘာ ၃၊ ၂၀၁၀

4 comments:

:P said...

သမီးလေးက မှတ်ထားတာကိုး...

T T Sweet said...

ဖွားဖွားကြီးအကျပ်ရိုက်နေပုံရော ... သမီးလေး ငိုနေပုံပါ မြင်ယောင်သွားပါတယ်။ သမီးလေးသနားပါတယ်နော်။

ဂျူဂျူတုံးကတော့ ထိုးတုံးပဲ ခဏငိုတယ်။ နောက်တော့ တိတ်သွားရော။

Shinlay said...

သူ့ ခင်မျာမှတ်ထားတယ်ထင်ပါရဲ့ ။
သနားပါတယ်။ many kisses to her...pls.

nu-san said...

:P>> ဟုတ်တယ် ဆင်ဆင်။ သူမှတ်ထားတတ်နေပြီ။ :)

T T Sweet>> ဟုတ်တယ် မမဆွီရေ.. သူ့ကို ကြည့်ပြီး သနားလည်း သနား၊ အဖွားကြီးကိုလည်း မျက်နှာပူနဲ့ ကျနော်မှာ ဘေးကျပ်နံကျပ်လေ။ ကားပေါ်က လူတွေကလည်း ၀ိုင်းကြည့်တော့ မြန်မြန်ရောက်ပါစေလို့ပဲ ဆုတောင်းနေရတယ်။ :D

Shinlay>> Thanks ma! :)