July 4, 2010

BCG Vaccine


Photo Link:

သမီးလေးမွေးပြီး ၃ လကျော်လာတဲ့အထိ ဆေးရုံမှာ Vitamin K2 syrup ကို ၃ ခါတိုက်တာက လွဲပြီး ကာကွယ်ဆေး မထိုးပေးပါဘူး။ Vitamin K2 ကို မွေးပြီး ၁ ရက်မှာ တစ်ခါ၊ ၅ ရက်မှာ တစ်ခါ နဲ့ ၁ လပြည့်လို့ ဆေးရုံမှာ ပြန်ပြရတုန်းက တစ်ခါ တိုက်ပေးပါတယ်။ ကလေး ၃ လကျော်လာတော့ အိမ်ကို ရပ်ကွက်ရုံးကနေ မေလ ၆ ရက်နေ့မှာ BCG ကာကွယ်ဆေး လာထိုးဖို့ အကြောင်းကြားစာ ရောက်လာခဲ့တယ်။

အဲဒီရက် ရောက်တော့ ရပ်ကွက်ရုံးကို ကာကွယ်ဆေးထိုးဖို့ သွားရတာပေါ့။ ရပ်ကွက်ရုံးရောက်တော့ ဖောင်အရင်ဖြည့်ပြီး မေးခွန်းတစ်ချို့ဖြေရပါတယ်။ အဓိကတော့ ၃ လအတွင်း ကလေး ဖျားနာခြင်း ရှိမရှိ၊ မိသားစုထဲမှာ တီဘီရောဂါ ရှိမရှိ၊ ကလေးက ရောဂါတစ်ခုခုကြောင့် ဆေးရုံ တက်ရခြင်း ရှိမရှိ၊ လက်ရှိဆေးသောက်နေတာမျိုး ရှိမရှိ၊ ကလေးနဲ့ မတည့်တဲ့ဆေးတွေ ရှိမရှိ စတဲ့ မေးခွန်းတွေ ဖြေရပါတယ်။ တခြား ကိုယ် မေးချင်တာ၊ သိချင်တာ ရှိရင်လည်း ဖောင်ထဲမှာ ထပ်ဖြည့်ရေးလို့ရပါတယ်။ ကျမကတော့ ဆေးထိုးပြီးရင် ဆေးရှိန်ကြောင့် ကလေး ဖျားနာမှာ စိုးရိမ်မိပါတယ်။ ဒါကြောင့် တကယ်လို့များ ဆေးထိုးပြီး ကလေးတခုခုဖြစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ဖောင်ထဲမှာ ဖြည့်ရေးလိုက်ပါတယ်။ ကာကွယ်ဆေးအတွက် ပိုက်ဆံပေးစရာ မလိုပါဘူး။

နောက်ပြီး ရပ်ကွက်ရုံး ဆရာမလေးကလည်း ဆေးမထိုးခင် သိသင့်တာတွေကို ရှင်းပြပေးပါသေးတယ်။ ဆေးထိုးပြီးတာနဲ့ ထိုးထားတဲ့နေရာကို လက်၊ အ၀တ်၊ ဆံပင် စတာတွေနဲ့မထိမိဖို့၊ ဆေးထိုးပြီး ၁၅ မိနစ်ကနေ နာရီဝက်အတွင်း အိမ်မပြန်သေးပဲ ရပ်ကွက်ရုံးမှာပဲ ခဏစောင့်နေဖို့၊ ၃ ရက်နဲ့ ၁၀ ရက်အတွင်း ဆေးထိုးထားတဲ့နေရာမှာ အနာဖုတွေထွက်လာရင် ရပ်ကွက်ရုံးကို အကြောင်းကြားဖို့၊ ဆေးထိုးပြီး ကလေးအဖျားတက်ရင်လည်း ရပ်ကွက်ရုံးကို အကြောင်းကြားဖို့၊ ဆေးထိုးပြီး ၃ ပတ်ကနေ ၅ ပတ်အတွင်း အနီဖုတွေ ပေါ်လာရင်တော့ မစိုးရိမ်ဖို့ စတာတွေကို ရှင်းပြပေးပါတယ်။


ဆေးထိုးပေးတဲ့ အပ်ပါ။ Photo Link:

ဆေးထိုးပေးမယ့် အခန်းထဲရောက်တော့ အရင်ဆုံး ကလေးရဲ့ ကိုယ်အပူချိန် တိုင်းယူပါတယ်။ ပြီးတော့ ဖောင်မှာဖြေထားတဲ့ မေးခွန်းတွေကို တစ်ခါ ထပ်ပြီး confirm လုပ်ပါတယ်။ ပြီးရင် ကလေးရဲ့ ဘယ်လက်မောင်းမှာ ဆေးထိုးမှာမို့ အင်္ကျီတို့ သွားရည်ခံတို့ကို ဘယ်လက်လေး ပေါ်အောင် ချွတ်ထားရပါတယ်။ ကလေးဆရာဝန်က အရင် စမ်းသပ် စစ်ဆေးပြီးမှ ဆေးထိုးပေးမယ့် ဆရာမတွေဆီ သွားရတာပါ။ ဆေးထိုးမယ့် နေရာရောက်တော့ သမီးလေးကို ပေါင်ပေါ်တင်ပြီး နောက်ဘက်ကနေ ပိုက်ထားရပါတယ်။ ဆရာမတွေနဲ့ဆို ကလေးက မျက်နှာချင်းဆိုင် အနေအထားပေါ့။ ထင်ထားတာက ကာကွယ်ဆေးကို ဆေးထိုးအပ်နဲ့ လက်မောင်းမှာ ထိုးပေးမယ် ထင်တာပါ။ တကယ်တမ်းဆေးထိုးတော့ သမီးလေး လက်မောင်းပေါ်ကို ဆေးစက် ချလိုက်ပြီးမှ ပင်အပ် ၉ ချောင်းပါတဲ့ တံဆိပ်တုံးနဲ့ အရှည်လိုက် ၂ ခါ ဖိချလိုက်တာပါ။ ဒီတော့ ကလေးရဲ့ လက်မောင်းမှာ အပ်ရာလေးတွေ ၁၈ ပေါက်ဖြစ်သွားတာပေါ့။

ဆေးထိုးပြီးသွားတော့ မိနစ် ၂၀ လောက် ဆေးခြောက်အောင် ခဏစောင့်ရပါတယ်။ ဆေးမခြောက်မချင်း ဆေးထိုးထားတဲ့နေရာကို ဆံပင်၊ အ၀တ်တို့နဲ့ မထိအောင်လည်း သတိထားရပါသေးတယ်။ သမီးလေးကတော့ ဆေးထိုးတုန်း နာလို့ အသံစူးစူးလေးနဲ့ ၂ ချက်လောက် အော်လိုက်ပြီး နောက်တော့ သူ့ဘာသာသူ တိတ်သွားပါတယ်။ တခြားကလေးတွေလည်း နာလို့ ငိုတဲ့သူလည်း ငို၊ မငိုတဲ့ကလေးတွေလည်း မငိုကြဘူး။ ဆေးခြောက်သွားတော့မှ ဆရာဝန်မလေးက အင်္ကျီပြန်ဝတ်ပြီး အိမ်ပြန်လို့ရပြီလို့ ပြောပါတယ်။


ဆေးထိုးပြီး ၂ ရက်။

ဆေးထိုးပြီးတော့ ကလေးများ တခုခုဖြစ်မလား ဆိုပြီး စိုးရိမ်ပေမယ့် သမီးလေးက ပုံမှန်အတိုင်းပဲမို့ စိတ်အေးရပါတယ်။ ဆေးထိုးပြီး ၁ ရက် ၂ ရက်အတွင်းတော့ အနာကို နည်းနည်း သတိထားပြီး ကြည့်ပေးဖြစ်တယ်။ ဆေးထိုးထားတဲ့ အနာ ရှိပေမယ့်လည်း ပုံမှန်အတိုင်း ရေချိုးပေးလို့ရပါတယ်။ အညှော်မိပြီး အနာဖြစ်မှာစိုးလို့ အဲဒီတလောကတော့ ဆီသတ်ပြီး ချက်ရတဲ့ ဟင်းမျိုး မချက်ဖြစ်ပါဘူး။ ၁၀ ရက်လောက်အထိ စောင့်ကြည့်ပြီး ပြည်တည်သလိုမျိုး အနာဖုတွေ ထွက်မလာတော့မှ စိတ်အေးရပါတယ်။


ဆေးထိုးပြီး ၃ ပတ်ကျော်။

ဆေးထိုးထားတာ ၃ ပတ်ကျော်လာတော့ ပင်အပ်ရာလေးတွေက ခြင်ကိုက်ဖုလေးတွေလို အဖုလေးတွေ ပေါ်လာတယ်။ ၅ ပတ်ကျော်လာတော့ အဖုလေးတွေက ကြွတက်လာပြီး ပြည်တည်ဖုလေးတွေလို ဖြစ်လာတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်တုန်းကလည်း ကျမတို့က ရန်ကုန်ရောက်နေတာမို့ အညှော်တွေမိလို့ အနာက ပြည်တည်လာတယ်လို့ ထင်တာပါ။ အဲဒီလိုဖြစ်တာ ပုံမှန်ပဲဆိုတာ အင်တာနက်မှာ ရှာကြည့်တော့မှ သိရလို့ စိတ်အေးရပါတယ်။ အခုဆို ဆေးထိုးပြီးတာ ၂ လနီးပါးရှိလာပြီမို့ အနာတွေလည်း တဖြည်းဖြည်း ချပ်သလောက်တော့ ဖြစ်လာပါပြီ။ သိပ်မကြာခင်မှာပဲ အနာတွေ အရှင်းပျောက်သွားမယ်လို့ မျှော်လင့်ရတာပါပဲ။


ဆေးထိုးပြီး ၅ ပတ်ကျော်။


ဆေးထိုးပြီး ၂ လနီးပါး။

** ကျမရဲ့ သူငယ်ချင်းက Blog မရေးတာကြာလို့ စိတ်ပြေလက်ပျောက်ဖြစ်အောင် စာပြန်ရေးပါလို့ ပြောတာမို့ သူငယ်ချင်းစကားနားထောင်တဲ့အနေနဲ့ မေလ ထဲက ရေးထားတဲ့ အကြောင်းလေးကိုပဲ နည်းနည်းပြန်ပြင်ပြီး တင်လိုက်ပါတယ်။ comment ရေးသွားတဲ့ သူငယ်ချင်းတွေရော၊ အားပေးစကားပြောတဲ့ သူငယ်ချင်းတွေရော ကျေးဇူးအထူးတင်ပါတယ်နော်။

ဇူလိုင် ၄၊ ၂၀၁၀။

11 comments:

khin oo may said...

ခလေး ကိစ္စကလည်းမလွယ်ပါလား. ရင်အတော်ပူရမယ်။

subuueain said...

မလွယ်ပါလားအမရယ် စိတ်ပူရတယ်နော်

သက်ဝေ said...

အမ အဲဒါမျိုး တခါမှ မတွေ့ဖူးဘူးရော....
အပေါက်လေး ၁၈ ပေါက်နဲ့ သမီးလေးရဲ့ လက်ကလေးကို သနားသွားတယ်...း((

Maung Myo said...

ခလေး အသားနုနုလေး သမီးလေး ကျန်းမာပါစေ ။

ပုံရိပ် / Pon Yate said...

သမီးလေး သနားပါတယ်။ ကလေးတွေ ဆေးထိုးခံရတာ သနားစရာ။

Shinlay said...

သမီးလေးကို နှုတ်ဆက်ပေးပါ။

့်Home Sweet Home said...

သမီးလေးကို ဘီစီဂျီ ထိုးတုန်းက အပ်တစ်ချောင်းတည်းနဲ့ ထိုးတာဒီလိုအပ်အများကြီးနဲ့ မဟုတ်ဘူး။ ရပ်ကွက်က ဒေသန္တရ ဆေးခန်းမှာ သမီးတစ်လခွဲအရွယ်မှာထိုးရတာ။ အမနုစံ သမီးလေးကအသားဖြူတယ်နော်။

T T Sweet said...

သမီးဂျူဂျူတုံးကတော့ အဲလိုတွေအများကြီး မထိုးခဲ့ရပါဘူး ... မွေးပြီးနောက်တစ်နေ့မှာ တစ်လုံးပဲထိုးရပါတယ်။ ခုခေတ်မှ ပေါ်လာတာနဲ့တူတယ် မနုစံရေ ... ခလေးလေးတွေ သနားစရာကောင်းပါတယ်။

တန်ခူး said...

သမီးလေး သနားပါတယ် နုရယ်... ဆွိပြောသလိုပဲ သားတုန်းက အဲလိုမထိုးရဘူးညီမရဲ့... အမအထင်တော့ ဒီကနဲ့ နုတို့ ဆီက နည်းချင်းကွာတာဖြစ်မယ်... အပေါက်လေးတွေအများကြီးဖြစ်သွားတာ ကြည့်ပြီး စိတ်မကောင်းလိုက်တာ... အေးလေ... ကာကွယ်ဆေးဆိုတော့ ထိုးရမှာပဲပေါ့... သားလေးမွေးပြီး နောက်တရက် အသားလေးနဲနဲဝါလို့  ကိုယ်လုံးတီးလေးနဲ့ မျက်စိလေးအုပ်ပြီး မီးပြတော့ သားလေးကြောက်ပြီး ငိုနေတာကြည့်ပြီး ကိုယ်ပါငိုမိတာ သတိသွားရတယ် နုရယ်....

ဧပရယ်လ်ပူး@ပူးတေ said...

ကလေးလက်ကလေးမှာ အပ်ရာလေးတွေတွေ့တာ သနားလိုက်တာ... ကလေးက မနာဘူးလားဟင်... ထု့ဆေးတို့ ဘာတို့ သုံးရသေးတာလား... ဒီလို ကာကွယ်ဆေးမျိုး စင်္ကာပူမှာလဲ မထိုးရဘူးထင်တယ်...ရုံးက admin ကို ပြပြီး ဒီဆေးမျိုး နင့်ကလေးထိုးရလားမေးတော့ မထိုးရဘူးတဲ့လေ... ဘာကွာလဲ မသိ....သူ့ကလေးက နိုဝင်ဘာ ၁၅ ရက်နေ့ 2009 တုန်းက မွေးတာဆိုတော့ ၈ လလောက်ရှိပြီထင်တယ်...

တော်တော် နာမယ်ထင်တယ်...သနားလိုက်တာ အစ်မရယ်

nu-san said...

မမခင်ဦးမေ၊ စုဘူးအိမ် >> မမ နဲ့ စုဘူးရေ.. အဟုတ်ပဲ စိတ်ပူရတယ်။ နောက်ပြီး ကိုယ်တွေက မသိနားမလည်တာတွေလည်း ရှိတော့ တခုခုဆို မသိလိုက်တာမျိုးဖြစ်မှာလည်း စိုးရတယ်။

မမသက်ဝေ>> ဆေးစ ထိုးတုန်းက အဲဒီလို မဟုတ်ဘူး မ။ နောက်မှ တဖြည်းဖြည်း အဲဒီလို ဖြစ်လာတာ။ ညီမလည်း တခါမှ အဲဒီလို ကာကွယ်ဆေးထိုးတာမျိုး မမြင်ဖူးဘူး။ အခု သမီးလေးကျမှ ပထမဆုံးမြင်ဖူးတာ။

မောင်မျိုး>> ကျေးဇူးပါ မောင်မျိုးရေ.. ပေးတဲ့ဆုနဲ့ပြည့်ပါစေ။

ပုံရိပ်>> ဟုတ်တယ် ညီမရေ.. အမလည်း သူဆေးထိုးထားတဲ့နေရာကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ပုံရိပ်လည်း အလုပ်များနေလား ညီမ၊ စာရေးပါဦးနော်..း)

ShinLay>> မမရှင်လေးရေ.. ကျေးဇူးပါ အမ။

Home Sweet Home>> ညီမရေ.. ဒါက ဂျပန် စတိုင်လို့ ခေါ်ရမလားပဲ။ တခြားတွေမှာ အပ်တစ်ချောင်းနဲ့ပဲ ထိုးတာ။ နောက်ပြီး ဒီမှာက ကာကွယ်ဆေးကို ၃ လ ကျော်မှ တဖြည်းဖြည်းချင်း စ ထိုးပေးတာ။ မတူဘူး ညီမရယ်။ သူ့ဘာသာသူသာ အသားဖြူတာ ညီမ။ ဂျပန်ကလေးတွေနဲ့ယှဉ်ရင် သမီးလေးက ညိုတိုတိုတောင်ဖြစ်သွားသေးတယ်။ စနိုးလေး အကြောင်းလည်း ရေးပါဦးနော်။ မျှော်နေတယ်..း))

TTSweet>> ဟုတ်တယ် အမရေ.. ဒီမှာမှ အခုလို အပ် ၉ ချောင်းပါတဲ့ တံဆိပ်တုံးလိုမျိုးနဲ့ ထိုးရတာ။ ညီမ ဆို ကလေးဆေးထိုးတာ ကြည့်ပြီး အသည်းယားလာတယ်။ ကလေးတွေ ဆေးထိုးတော့ အာပြဲလေးတွေနဲ့ ငိုတာ ကြည့်ပြီး ကိုယ့်မှာ စိတ်မကောင်းဘူး.. ဒီမှာတော့ ၃ လကျော်မှ ကာကွယ်ဆေး စ ထိုးပေးတာ အမ။

တန်ခူး>> မရေ.. ဂျပန်က ကာကွယ်ဆေးထိုးတာ တခြားနေရာကနဲ့ မတူလို့ ဘာလုပ်ရမှန်းမသိဘဲ အူကြောင်ကြောင်ဖြစ်မိတယ်။ သူတို့က တချို့နေရာတွေကသာ ခေတ်ရှေ့ပြေးတာ တချို့ကျတော့လည်း ရှေးရိုးစွဲဆန်သလိုပဲ။ အမပြောသလိုပဲ ကလေးတွေ တခုခုဖြစ်ရင် အမေတွေက စိတ်မကောင်းလို့ ကလေးနဲ့ အတူ ငိုချင်တာ အမှန်ပဲ အမရေ.. သမီးလေး တခုခုဖြစ်လို့ ၀မ်းနည်းပက်လက် ရှိုက်ကြီးတငင်ငိုရင် ကိုယ်ပါ မျက်ရည် လိုက်ကျရတယ်။ သားသားလိုသာ ဆိုရင် ညီမလည်း ငိုမိမှာပဲ။

ဧပရယ်လ်ပူး@ပူးတေ>> ညီမရေ.. ကလေးက ဆေးထိုးတုန်းတော့ အသံ စူးစူးလေးနဲ့ အော်လိုက်တယ်။ ပြီးတော့ အငိုတိတ်သွားတယ်။ အဲဒီနောက်ပိုင်း သူ့ကြည့်ရတာလေ နာပုံတော့ မရဘူး။ အမလည်း အဲဒီဆေးထိုးတဲ့နေရာကို ရေချိုးပေးရင်း တခါတလေ ပွတ်သပ်ပေးမိရင် သူမအော်ဘူးဆိုတော့ သိပ်မနာလောက်ဘူးလို့ ထင်ရတာပဲ ညီမ။ ထုံးဆေးတို့ ဘာတို့ မသုံးဘူး ညီမ။ ဒီအတိုင်းပဲ ပင်အပ်ပါတဲ့ တံဆိပ်တုံးလေးနဲ့ ၂ ချက် ဆက်တိုက် ဖိချလိုက်တာ။ တံဆိပ်တုံး ထုသလိုပေါ့။ သူတို့ ဖိတော့လည်း ညင်သာပါတယ်။ ပင်အပ်တွေကပဲ ချွန်လို့လား မသိဘူး။ ကလေးလက်ကလေးတွေမှာ အပ်ပေါက်ရာတွေ ဖြစ်ကုန်တာပဲ။ ဒီလိုမျိုးထိုးတာ ဂျပန်တခုထဲမှာပဲ ထိုးတယ်လို့ အမ wiki မှာ ဖတ်လိုက်ရသလိုပဲ။ အမလည်း သိပ်နားမလည်တော့ သူတို့ ဆေးထိုးဖို့ ခေါ်တဲ့ရက် သွားထိုးလိုက်တာပဲ။ အခုတော့ သူ့လက်က အနာလေးတွေ ချပ်သလောက်ဖြစ်ကုန်ပါပြီ။ ပျောက်တော့မှာပါ ညီမ..း))