September 13, 2010

သမီးဖတ်ဖို့ (၂၀၀၉ ခုနှစ် ဇွန်-ဇူလိုင်လ)

ဇွန်လ ၈ ရက် ကျတော့ ပါပါးနဲ့ မေမေလည်း ဆေးရုံက ဆရာမလေး ပြောတဲ့အတိုင်း ရပ်ကွက်ရုံးမှာ "မိခင်နဲ့ ကလေး မှတ်တမ်း စာအုပ်" နဲ့ "discount coupon" စာအုပ်တွေ သွားထုတ်လာခဲ့တယ်။ ရပ်ကွက်ရုံးက ပေးလိုက်တဲ့ စာရွက်စာတမ်းတွေကတော့ အများကြီးပါပဲ။ တချို့စာရွက်တွေက ကလေးမွေးပြီးမှ သုံးရမှာတွေလည်း ပါတယ်။ ဘယ်စာရွက်ကို ဘယ်တော့၊ ဘယ်လို သုံးရမလဲ ဆိုတာ ရပ်ကွက်ရုံးက ၀န်ထမ်းတစ်ယောက်က မေမေတို့ကို သေချာ ရှင်းပြပေးတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်သည်တွေ အတွက် ဖွင့်ထားတဲ့ သင်တန်းတွေကို အချိန်ရရင် လာတက်ကြည့်ဖို့လည်း မှာလိုက်သေးတယ်။ သင်တန်းတွေက အလကား တက်ရပေမယ့် မေမေလည်း ရုံးချိန်ဖျက်ပြီး သွားရတာ အဆင်မပြေတာမို့ မတက်ဖြစ်ခဲ့ဘူး။

နောက်ပြီး သမီးလေး ကိုယ်ဝန်စရှိကတည်းက သွားနေကျ ဂျပန်စာ သင်တန်းကျောင်းလည်း မသွားနိုင်တော့ပဲ နားလိုက်ရတယ်လေ။ ကျောင်းက စာသင်ချိန် ၃ နာရီဆိုတော့ ထိုင်ရတာ အရမ်းပင်ပန်းပြီး စနေနေ့တစ်ရက်က ဘယ်လို ကုန်သွားမှန်း မသိလိုက်ရဘူး။ တနင်္ဂနွေကျပြန်တော့လည်း လုပ်စရာရှိတဲ့ အိမ်အလုပ်တွေ လုပ်ရသေးတာ ဆိုတော့ မေမေ့မှာ မနားရဘူး။ ဒါကြောင့် စနေနေ့တော့ ကျောင်းမသွားတော့ပဲ နားလိုက်မယ် ဆိုပြီး အိမ်အလုပ်တွေကို ပိတ်ရက်မှာ ဖြေးဖြေးချင်း ၂ ရက်ခွဲလုပ်လိုက်တော့တယ်။ လုပ်စရာရှိရင် နည်းနည်း ထလုပ်လိုက်၊ မောရင် အိပ်ယာထဲ လှဲနေလိုက်နဲ့ အတတ်နိုင်ဆုံး လူသက်သက်သာသာ ဖြစ်အောင် နေဖြစ်ခဲ့တာပေါ့။

သမီးလေး ကိုယ်ဝန် ၂လကျော် ၃ လထဲမှာ မေမေဖြစ်တာက အရမ်းအိပ်ချင်တာပါပဲ။ အမြဲတမ်း အိပ်ဖို့ပဲ စိတ်ထဲမှာရှိတယ်။ ပင်ပန်းတာ မောတာ ဖြစ်လွယ်တယ်လို့လည်း ခံစားရတယ်။ နည်းနည်းလေး လှုပ်ရှားလိုက်ရင်ကိုပဲ လူက မောပြီး နှုံးနေရော။ သမီးကိုယ်ဝန် ရှိပြီဆိုကတည်းက စက်ဘီးလည်း မစီးတော့ဘူး။ ဒါကြောင့် မနက် ရုံးသွားရင် အိမ်ကနေ ဘူတာအထိကို အိပဲ့အိပဲ့ လမ်းလျှောက်နေတာနဲ့တင် အချိန်တော်တော်ကြာတယ်။ ထမင်းစားပြီးရင် မေမေ လမ်းလည်း မလျှောက်ချင်တော့ဘူး။ ရုံးမှာလည်း နေ့လည် နေ့ခင်း ထမင်းစားပြီးရင် အိပ်ငိုက်နေတာ များတယ်။ နောက်ပြီး ဗိုက်ခဏခဏ ဆာတယ်။ အများကြီးလည်း မစားနိုင်တော့ စားချင်တာကို စားနိုင်သလောက် နည်းနည်းချင်းဆီ စားရတာပေါ့။ ဒါကြောင့် ဗိုက်ဆာတာနဲ့ ချက်ချင်း စားနိုင်အောင် ရေနဲ့ ပေါင်မုန့်လို မုန့်မျိုးကို အမြဲဆောင်ထားရတယ်။ အဲဒါတွေကြောင့်လား မသိဘူး မေမေဟာ ကိုယ်ဝန်ဆောင်သည်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ morning sickness ဆိုတာကို မခံစားလိုက်ရဘူး။ မူးခြင်း အန်ခြင်း မရှိတဲ့အတွက် ပုံမှန်မှ ဟုတ်ရဲ့လားလို့တောင် တွေးမိတယ်။ စာအုပ်ထဲမှာ တချို့လည်း morning sickness မဖြစ်ကြဘူး လို့ရေးထားတာ ဖတ်ရတော့မှ စိတ်အေးရတယ်။ နောက်ပြီး မေမေက ရုံးမှာ ထိုင်ရတာ များတော့ ခါးလည်း ခဏခဏ နာတယ်။ ထိုင်ခုံကြောင့်လား ထိုင်တဲ့ပုံစံမမှန်လို့ပဲလားတော့ မသိဘူး။

ကိုယ်ဝန် လနုတုန်းတော့ အစားအသောက်လည်း မပျက်လိုလှဘူး။ ဗိုက်ဆာပြီဆို ဘာပဲ စားရစားရ စားလို့ ရသလို စားလို့လည်း ကောင်းတယ်။အမဲသား ၀က်သားလို အသားတွေ မစားချင်ပဲ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံပဲ စားချင်တယ်။ ဖရဲသီးနဲ့ ရှောက်ချိုသီးကို နေ့တိုင်းနီးပါး ၀ယ်စားဖြစ်ခဲ့တယ်။ ပြီးတော့ အရင်တုန်းက နွားနို့မကြိုက်တဲ့ မေမေဟာ ကိုယ်ဝန်ရှိပြီဆိုကတည်းက နွားနို့ကို နေ့တိုင်း သောက်ဖြစ်ခဲ့တယ်။ ဆေးအနေနဲ့တော့ မြန်မာပြည်က ဆရာဝန်မကြီး သောက်ခိုင်းတဲ့ folic acid ကို မနက်တစ်လုံး ညတစ်လုံး သောက်ပေးတာကလွဲပြီး တခြား ဘာဆေးမှ မသောက်ဖြစ်ခဲ့ဘူး။

ဒီလိုနဲ့ ဇွန်လ ၁၅ ရက်မှာ ရက်ချိန်းအတိုင်း OG ဆရာဝန်နဲ့ ပြဖို့ ဆေးရုံ ထပ်သွားရတယ်။ အဲဒီနေ့က ကိုယ်ဝန် ၁၀ ပတ်နဲ့ ၁ရက်ရှိတဲ့ သမီးလေးရဲ့ အရပ်ဟာ ၃၁.၇ မီလီလီတာ ဖြစ်လာပြီး ၂ ပတ်အတွင်းမှာ တော်တော်လေး သိသာလာတယ်။ ultra sound screen မှာကြည့်တော့ သမီး ကွေးကွေးလေး နေတာကိုလည်း မြင်ရတဲ့အပြင် သမီးရဲ့ ခေါင်းပိစိလေးပါ မြင်နေရပြီလေ။ ဆရာဝန်ကတော့ "ကလေးက ကြီးထွားနှုန်းပုံမှန်ပဲမို့ စိုးရိမ်စရာမရှိဘူး" လို့ မေမေတို့ကို ပြောပြတယ်။ နောက် ၂ ပတ် (ဇွန် ၂၉ ရက်) မှာ တစ်ခေါက် ထပ်လာဖို့ ရက်ချိန်းပေးခဲ့ရတယ်။ နောက်ပြီး မေမေ့ကို ကိုယ်ဝန်အတွက် သွေးဖောက်ပြီး စစ်ခိုင်းတယ်။ ဆေးစစ်တာတွေက များလို့ ဘာတွေစစ်လည်း မေမေလည်း သေချာ မမှတ်မိတော့ဘူး။ ဂျပန်လိုတွေ ရေးထားတာဆိုတော့ ဖတ်ရတာလည်း သိပ်မလွယ်လှဘူးလေ။ ဒါကြောင့် လိုအပ်တာမှန်သမျှ သူတို့ ကြည့်လုပ်ပေးမှာပေါ့ ဆိုပြီး ဆရာဝန် ရေးပေးတဲ့ ဆေးစာရွက်ကိုပဲ သွေးစစ်တဲ့ဌာနမှာ ပေးလိုက်တော့တယ်။

ဇွန်လ ၂၉ ရက်မှာ ဆေးရုံပြန်ပြတော့ သမီးက ၁၂ ပတ်နဲ့ ၁ ရက်ရှိလာပြီး အရပ်က ၆၂ မီလီလီတာ ဖြစ်လာတယ်။ ကိုယ်ဝန် ၁၂ ပတ်ရှိတဲ့အချိန်မှာ ဆရာဝန်က "ကလေးက လှုပ်ရှားတာလည်း ပုံမှန်ပဲ။ ကြီးထွားနှုန်းလည်း ပုံမှန်ပဲမို့ စိတ်ချရတဲ့ အခြေအနေကို ရောက်ပြီ" လို့ ပြောတယ်။ ultra sound result မှာလည်း သမီးရဲ့ လက်လေးတွေ ခြေထောက်လေးတွေ မြင်နေရပြီလေ။ ultra sound ရိုက်တော့ သမီးလေးက လှုပ်နေလို့ ဆရာက "Moving very well" ဆိုပြီး မေမေတို့ကို ရီပြီးပြောပြတယ်။ ဆေးရုံပြတဲ့ အပတ်တိုင်း ultra sound screen က သမီးရဲ့ ပုံရိပ်လေးက တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေ ပါပါးနဲ့ မေမေလည်း ကလေးကို ကြည့်ပြီး ကြည်နူးရလေပဲပေါ့။ ကလေးအခြေအနေစိတ်ချရပြီဆိုတော့ ဆရာဝန်က မေမေ့ကို နောက် ၁ လ (ဇူလိုင် ၂၇ ရက်) နေမှ ဆေးရုံလာဖို့ ရက်ချိန်းထပ်ပေးလိုက်တယ်။

အဲဒီရက်မှာ ဆရာဝန်နဲ့ တွေ့တော့ ပထမတစ်ခါတုန်းက သွေးစစ်တဲ့အဖြေကို ဆရာက ရှင်းပြပေးတယ်။ သွေးစစ်တဲ့အဖြေက အားလုံးကောင်းတဲ့အပြင် ဘာမှ ပြသနာ မရှိဘူးလို့ မေမေတို့ကို ပြောတယ်။ ဒါပေမယ့် မေမေ့ရဲ့ သွေးအမျိုးအစားက "A" သွေး လို့ ဆရာဝန်က ပြောတော့ မေမေက “မဟုတ်ဘူး ငါ့သွေးအမျိုးအစားက မြန်မာပြည်မှာတုန်းက စစ်ထားတာ O သွေး” ဆိုပြီး ပြန်ပြောတာပေါ့။ ဘာလို့လည်းဆိုတော့ မေမေတို့ အသက် ၁၂ နှစ်မှာ မှတ်ပုံတင်လုပ်ဖို့ သွေးစစ်ကို စစ်ရတယ်။ သမီး ဘကြီး (မေမေ့အကို) ရယ်၊ မေမေရယ်က မှတ်ပုံတင် အတူတူ လုပ်တော့ သွေးစစ်တော့လည်း အတူတူ စစ်ရတာ။ အဲဒီတုန်းက ၂ ယောက်စလုံးရဲ့ သွေးအမျိုးအစားကို "O" သွေးဆိုပြီး မှတ်ပုံတင်မှာ ရေးပေးလိုက်ကြတာပဲ။ အခုမှ ဆရာဝန်က "A" သွေးဆိုတော့ မေမေလည်း နှစ် ၂၀ ကျော်လုံးလုံး ကိုယ့်သွေးအမျိုးအစားက "O" သွေးလို့ပဲ သိထားခဲ့တာမို့ ဆရာဝန်ကို “ငါ့သွေးအမျိုးအစားက O သွေး” လို့ပဲ တွင်တွင်ပြောနေမိတယ်။ ဒါကြောင့် ဆရာက သေချာအောင် သွေးအမျိုးအစား နောက်တစ်ခေါက် ထပ်စစ်ခိုင်းလိုက်တယ်လေ။ အခုတစ်ခါ ပြန်စစ်ထားတာကိုတော့ နောက်တစ်လ ရက်ချိန်းကြမှ သိရမှာပဲ။

အဲဒီလိုနဲ့ပဲ မေမေလည်း သမီးရဲ့ ကိုယ်ဝန် ပထမ ၃ လကို တဖြည်းဖြည်း ဖြတ်ကျော်လာနိုင်ခဲ့တယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမ ၃ လဟာ မိခင်လောင်း အတွက် အရေးကြီးတဲ့အဆင့်တစ်ခုလို့ ပြောလို့ရတယ် သမီး။ ဒါကြောင့် မေမေဟာ အသွားအလာ အနေအထိုင် အစားအသောက်ကို တတ်နိုင်သလောက် ဆင်ခြင်ခဲ့တာပေါ့။ ဘာလို့လည်းဆိုတော့ ကလေး တစ်ခုခုဖြစ်သွားရင် ဆိုတဲ့ အတွေးတွေက မေမေ့ကို တုန်လှုပ်ခြောက်ခြားစေတယ်လေ။ မေမေတင်မဟုတ်ပါဘူး သမီးရဲ့ အန်းကုန်း၊ အန်းမကလည်း သူတို့ရဲ့ တစ်ဦးတည်းသော မြေးအတွက် အဝေးကနေ စိတ်ပူနေတယ်ဆိုတာ မေမေခံစားလို့ရတယ်။ ဗုဒ္ဓဘာသာအရ ဆိုရင်တော့ ကလေးတစ်ယောက် လူဖြစ်လာဖို့ဆိုတာ ကလေးရဲ့ကံနဲ့ မေမေတို့ရဲ့ကံနဲ့လည်း ဆိုင်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့မဆင်မခြင် ပေါ့ဆမှုကြောင့် ကိုယ့်ရင်သွေးလေး ဆုံးရှုံးသွားရင် မေမေ တသက်လုံး ဖြေနိုင်မယ် မထင်ဘူး။ နောင်တတွေနဲ့ ပူဆွေးနေရတာမျိုးလည်း မဖြစ်ချင်ဘူး။ ဒါကြောင့် မေမေ လုပ်နိုင်သလောက် တတ်နိုင်သလောက် ကိုယ့်ကိုကိုယ်ရော ကလေးကိုရော ဂရုစိုက်ပြီး အနေအထိုင် အစားအသောက် ဆင်ခြင်ခဲ့တာပေါ့။ အဲဒီကြားထဲကမှ တခုခုဖြစ်သွားတော့လည်း ကံအတိုင်းပဲဆိုပြီး စိတ်ဖြေရမှာပေါ့။ ကိုယ်ဝန်က စိတ်ချရတဲ့အဆင့်ရောက်ပြီ၊ စိုးရိမ်စရာ မလိုတော့ဘူးဆိုတာကို လူကြီးတွေကို ပြောပြလိုက်တော့ သူတို့လည်း စိတ်အေးသွားရတော့တာပေါ့။


စက်တင်ဘာ ၁၃၊ ၂၀၁၀

13 comments:

Anonymous said...

ဒီစာလေးဖတ်ပြီး ဆင်ဆင်တစ်ယောက်တော့ အလုပ်ရှုပ်တော့မှာပဲ။ သူလဲ..ရေးဖို့စိတ်ကူးရလာရင်အကောင်းသား။
mm

သက်ဝေ said...

ကောင်းတယ် ညီမ...

အဲလိုမှတ်တမ်းလေး ရေးထားတာ...
သမီးလေးကြီးလာတော့လဲ ဖတ်ပြလို့ရတာပေါ့...း))

မောင်မျိုး said...

ဖတ်သွားတယ် အစ်မရေ ဟိဟိ ကိုယ့်အရာမဟုတ်တော့ ဘာမှပြောခဲ့တော့ဘူး ဟို ကိုဝင်းကြည် နဲ့ အစ်မကြီးရေ ဒါမျိုးလေးတွေ နုတ်ရေးထား နောက်ဆို ရေးလို့ရအောင်း)

JuneOne said...

သူငယ်ချင်းတစ်ယောက် မြန်မာပြည်မှာ မှတ်ပုံတင်လုပ်တုန်းက B သွေးတဲ့။ဒီရောက်လို့ KK မှာသွေးလှူမယ်လုပ်တော့ သူက form မှာ B လို့ဖြည့်တယ်။လှူခါနီး သွေးကို သေချာအောင် ဆေးရုံကထပ်စစ်တော့ O+ စြေ်နေတယ်။:)

့်Home Sweet Home said...

ကျွန်တော်လဲ မှတ်ပုံတင်လုပ်တုန်းက စစ်ထားတာ အေသွေး။ လွန်ခဲ့ တဲ့ ၎ နှစ်လောက်ကမှ ညီမလေးက အဖေက အိုသွေး အမေက ဘီသွေးကို နင်ကဘာဖြစ်လို့ အေသွေးဖြစ်နေရတာလဲ ဆေးရုံမှာကလေးမှားလာလို့ ဘဲဖြစ်ရမယ်ပြောလို့ ။ သွေးပြန်သွားစစ်ရတယ် အဖြေစောင့်ရင်း ရင်တွေတောင်တုန်လို့ မတော်လို့ ရုပ်ရှင်ထဲကလို မွေးစားသမီးဖြစ်နေမှာစိုးလို့ ....:)

သိင်္ဂါကျော် said...

သမီးဖတ်ဖို့ ဆိုပေမယ့်. တို့လည်း ဖတ်သွားတယ်. :)

Shinlay said...

ဖတ်သွားပါတယ်။ သမီးလေးအတွက်အလွန်တန်ဖိုးရှိတဲ့
လက်ဆောင်ပါ။

Kyaw Hnin Se Lwin said...

မရေ
သမီးလေးတဖြည်းဖြည်းကြီးလာတော့
ပိုအလုပ်ရှုပ်လာနေမှာပဲ
မိသားစု ကျန်းမာပျော်ရွှင်ပါစေလို့..

meengelay said...

အခုမှ ရောက်ဖူပါတယ်။ Kagoshima မှာရွှေတိဂုံပုံတူ စေတီရှိတယ်ဆိုတာ ကြားဖူးတာနဲ့ အဲဒီအကြောင်းရှာရင်း လာလည်ဖြစ်ပါတယ်။ ခိတကျူးရှူးက ဘုရားအကြောင်းလည်း ကျနော်က ခရီးသွားမှတ်တမ်းသဘော ရေးထားဖူးပေမဲ့ အစ်မ ဖော်ပြထားသလိုတော့ မပြည့်စုံပါဘူး။
ခင်မင်စွာဖြင့်

ကမာနီလာ said...

မနုစံ မင်္ဂလာပါ၊ အမလည်း သမီးလေးမွေးလာတော့ အလုပ်တွေရှုပ်နေမယ်ဆိုတာ နားလည်ပါတယ်၊ အမကစာတွေကဘယ်လိုရေးရေး ဖတ်လို့ကောင်းတယ်၊ သမီးဖတ်ဖို့စာတွေကို ၀င်ဝင်ဖတ်ဖြစ်ပါတယ်၊ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းတရားကို အမဆီမှာ တွေ့လိုက်ဖတ်လိုက်ရတဲ့အခါ ပီတိဖြစ်မိပါတယ်။
အမတို့မိသားစုလေး ကျမ်းမာပျော်ရွှင်ပြီး စိတ်နုလုံး ချမ်းမြေ့အေးပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်။

ခင်မင်လျှက်
ကမာနီလာ

:P said...

ကိုဝင်းကြည်နဲ့ ဆင်ဆင် လာဖတ်သွားပါတယ်
:)

ဟန်နာ said...

စာလာဖတ်သွားပါတယ်.. link ချိတ်ခွင့်ပြုပါနော် :)

nu-san said...

mm>> ဆင်ဆင်က စာရေးကောင်းတော့ သူလည်း ရေးမှတ်ထားမှာပါ။ :)

မမသက်ဝေ>> ဟုတ် မ.. သူကြီးလာရင် ဒီစာတွေ ဖတ်ဖို့အတွက် သူ့ကို မြန်မာစာ ဖတ်တတ်အောင် အရင်လုပ်ပေးဦးမယ် အမ။ :)

မောင်မျိုး>> ရပါတယ် မောင်မျိုးရေ၊ ဘာမှ မရေးလည်း အမ စိတ်မဆိုးပါဘူး။ စာလာဖတ်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။ :) ကိုဝင်းကြည်နဲ့ ဘယ်သူလဲဟင်??? :O ဆင်ဆင့်ကို ပြောတာလား။ အမကို ပဟေဋ္ဌိ ဖွက်သွားပြန်ပြီ။ :D

JuneOne>> ဒါဆို အမ တစ်ယောက်တည်း ဖြစ်တာ မဟုတ်ဘူးပေါ့နော်။ အဲဒါ ဘယ်လိုဖြစ်လဲ မသိဘူး။ အမလိုပဲ ကိုယ့်သွေးအမျိုးအစားကို အမှတ်မှားနေတာ လူဘယ်နှစ်ယောက်လောက်များ ရှိပြီလဲ မသိဘူး။ သိထားသင့်တယ်။ ဖြစ်နိုင်ရင် သွေးအမျိုးအစား ပြန်စစ်ဖို့ တိုက်တွန်းချင်တယ်။ :)

Home Sweet Home>> အင်းနော်။ အမလည်း အဲဒီလိုဖြစ်နေတာလေ။ နေရင်းထိုင်ရင်း သွေးအမျိုးအစားတလွဲဖြစ်နေတော့ ကိုယ်ကပဲ မွေးစားထားခံရသလိုလိုနဲ့ :D

သိင်္ဂါကျော်>> ရပါတယ် လာဖတ်ပါ။:)

Shinlay>> ဟုတ် မ။ သူတန်ဖိုးထားတတ်ပါစေလို့ပဲ ပြောရမှာပဲ အမရယ်။ :)

Kyaw Hnin Se Lwin>> အဟုတ်ပဲ ညီမရေ။ သူ တဖြည်းဖြည်း ကြီးလာလေ အမေက အားချိန် မရှိလေပဲ။ ကွန်ပျူတာ သုံးတာ၊ အိမ်အလုပ်လုပ်တာ အဲဒါတွေအတွက် သူ့အိပ်ချိန်ကိုပဲ ချောင်းနေရတယ်။ သူအိပ်မှ လုပ်စရာရှိတာ လုပ်ရတယ်။ :)

meengelay>> အမလည်း ရေးထားတာ ကြာပြီဆိုတော့ ညီမပြောမှ ပြန်ဖတ်ဖြစ်တယ်။ အဲဒီတုန်းကလည်း စာရေးဆရာ သူရိန်ထက်ရဲ့ ဆောင်းပါး ဖတ်ထားမိလို့ သတိရတာနဲ့ ထည့်ရေးလိုက်တာပါ။ အမက သူများရေးထားတာလေးကို ဆက်စပ်မိအောင် ကိုယ့် ပို့စ်မှာ ယူသုံးထားတာပါ။ :)

ကမာနီလာ>> ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ ကိုကမာ။ အလုပ်ရှုတ်တာကိုတော့ ထူးပြီး မညည်းချင်တော့ပါဘူး။ သမီးလေးအတွက် ရေးထားတာလေးတွေကို လာဖတ်တယ်ဆိုလို့ ၀မ်းသာပါတယ်။ ကိုကမာလည်း အချိန်ရရင် စာရေးပါဦး။ အသစ်တွေလည်း မျှော်နေပါတယ်။ :)

:P>> ဆင်ဆင်က ဘာဖြစ်လို့ အဲဒီ nickname လေး ဖြစ်သွားတာလဲ။ ဆင်ဆင် ဘယ်တော့ due date လဲ။ စပ်စုတာ.. :P

ဟန်နာ>> link ပါ ညီမ။