October 8, 2010

Flower Arrangement - Sep 30, 2010



ပန်းအလှပြင်တာနဲ့ပတ်သက်ပြီး ရေးစရာစာကြွေး ၃ ပုဒ်တောင် ရှိနေပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ၊ ဒီဇင်ဘာ နဲ့ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ လုပ်ဖြစ်ခဲ့တဲ့အကြောင်းတွေပါ။ ၂၀၀၉ ခုနှစ်က လုပ်ဖြစ်ခဲ့တာတွေကိုတော့ ဓာတ်ပုံပြန်ရှာရဦးမှာမို့ ဖြည်းဖြည်းချင်းမှ ပြန်ရေးပြီး တင်ပေးပါ့မယ်။
အခုရေးမှာက စက်တင်ဘာလ ၃၀ ရက်နေ့တုန်းက လုပ်ဖြစ်ခဲ့တာပါ။ ၂၀၁၀ ခုနှစ်ထဲမှာ ကျမအတွက် ပထမဆုံး ပန်းအလှပြင်ဖြစ်တယ် လို့လည်း ပြောလို့ရပါတယ်။ ရုံးမှာတော့ ဖေဖော်ဝါရီနဲ့ မေလမှာ ပန်းအလှပြင်ပွဲတွေ ဆက်တိုက် လုပ်ဖြစ်ပေမယ့် ကျမ မပါဝင်ဖြစ်ခဲ့ဘူး။ အခုတစ်ခါ ပန်းအလှပြင်တာက ရုံးအနေနဲ့တော့ ၃၅ ကြိမ်မြောက် ဖြစ်ပြီး ကျမအတွက်တော့ ၁၁ ကြိမ်မြောက်ပါ။

*****

ပါဝင်တဲ့ ပစ္စည်းတွေကတော့ ပုံမှာ ပြထားသလိုပါပဲ။ ပန်းတွေကတော့ နှင်းဆီပန်း ပန်းဆီရောင် အပွင့်ကြီး ၃ ပွင့်၊ နှင်းဆီအဖူး အပွင့်သေး ၄ ပွင့်၊ ရွှေရောင်စိမ်ထားတဲ့ ပန်းအခြောက် လက်တစ်ဆုပ်၊ ကြက်သွေးရောင် စိမ်ထားတဲ့ ပန်းခြောက်အခက် ၂ ခက်၊ အညိုရင့်ရောင်လဲ့လဲ့လေးတွေ ပါတဲ့ ပန်းအခြောက် ၁ ခက် တို့ ပါ ပါတယ်။


ပန်းဘေးကနေ ရံပြီး အလှဆင်တဲ့ ပစ္စည်းတွေကတော့ ခရမ်းရောင် အလုံးလေး ၆ လုံး၊ ရွှေရောင် အသည်းလေး တစ်ခု (အသည်းကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာ အရောင်ရွေးလို့ရပါတယ်။)၊ ဖဲကြိုး အကြီး အ၀ါရောင် နိုင်လွန်ဇာနဲ့ ၁ ခု၊ ရွှေအိုရောင် ဖဲကြိုး အသေး ၁ ခု၊ ရွှေအိုရောင် အလုံး ၂ လုံး (အရောင် လက်လက်တစ်ခု၊ မှိန်တာ တစ်ခု)၊ ပန်းခြင်း၊ ဖော့တုံး၊ နောက်ပြီး နန်းကြိုးမျှင်ရယ် ကော်စက္ကူရယ် လည်းလိုပါသေးတယ်။ Halloween နားနီးနေတာကြောင့် ပန်းပြင်တော့လည်း ပန်းအရောင်တွေကို ခပ်မှိုင်းမှိုင်းသုံးပြီး ပြင်ထားပါတယ်။ ဒီတကြိမ်မှာလည်း ပန်းအခြောက် (preserved flowers) တွေနဲ့ လုပ်ရတာမို့ အချိန်အရမ်းကြာပါတယ်။



အရင်ဆုံး ဖဲကြိုးအကြီးကို ပန်းအိုးအရွယ်နဲ့တိုင်းပြီး အ၀ိုင်းပုံစံဖြစ်အောင်လုပ်ယူပါတယ်။ ဖဲကြိုးရဲ့ အနားနှစ်ဘက်မှာ နန်းကြိုးမျှင် ပါတာမို့ တစ်ဖက်မှာ ရှိတဲ့ နန်းကြိုးမျှင်ကို အသားလေး ဆွဲစုပြီး ကိုယ်လိုချင်တဲ့ အတိုင်းရပြီဆို အစ နှစ်ဘက်ပူးချည်လိုက်တာပါပဲ။ ပြုတ်မထွက်အောင် ကော် (မီးအပူပေးထားတဲ့ ကော်ချောင်း) နဲ့ ကပ်ယူလိုက်ပါတယ်။



ပြီးရင် စောစောက လုပ်ထားတဲ့ ဖဲကြိုးအ၀ိုင်းကို ပန်းခြင်းထဲမှာ သင့်သလို နေရာချပါတယ်။ ဖဲကြိုးအ၀ိုင်းရဲ့အလယ်ခေါင်မှာ ဖော့တုံးကို ထည့်လိုက်ပါတယ်။ ပန်းခြင်းကို ကြည့်လိုက်ရင် အလယ်က ဖော့တုံးမပေါ်အောင် ဖဲကြိုးခံပြီး ဘေးက ကာထားတဲ့သဘောပါ။ ပန်းခြင်းထဲမှာ ဖဲကြိုးနဲ့ ဖော့တုံးကို စိတ်ကြိုက်ပြင်ပြီးပြီဆိုရင် နေရာမရွေ့သွားအောင် ကော်နဲ့ ကပ်ပါတယ်။ အဲဒါဆိုရင် ပန်းခြင်းအပိုင်းက ပြီးသွားပါပြီ။



ပန်းခြင်းထဲမှာ ထိုးမယ့် ပန်းအဆုပ်၊ အခက်တွေကို ထုံးစံအတိုင်း အခက်အသေးတွေဖြစ်အောင် ညှပ်ပြီး နန်းကြိုးနဲ့ ချည်ပါတယ်။ ပြီးမှ အပေါ်က တိပ်နဲ့ ကပ်ပါတယ်။ နှင်းဆီပန်းအပွင့်သေး ၂ ပွင့်နဲ့ ခရမ်းရောင် ပုလဲလုံး ၆ လုံးကိုလည်း ပန်းအခက်တွေလိုပဲ နန်းကြိုးနဲ့တွယ်ပြီး တိပ်နဲ့ကပ်ထားပါတယ်။



ကျမကတော့ စောစောက လုပ်ခဲ့တဲ့ ပန်းအခက်လေးတွေထဲက တချို့တ၀က်ကို တဆင့်ချင်းဆီ တိပ်နဲ့ကပ်ပြီး အောက်မှာ ပြထားသလိုမျိုး ပန်းအခက်ကြီး ပုံစံရအောင် ပြင်ယူပါတယ်။ အဲဒီလို ပန်းခက်မျိုး ၂ ခက် လုပ်ထားပါတယ်။ ပန်းအခက်ကြီးကို ၁ ခက်ပဲ လုပ်တဲ့သူရှိသလို လုံးလုံး မလုပ်တဲ့သူလည်း ရှိပါတယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပေါ့။



ပြီးရင် ပန်းအခက်ကြီး ၂ ခက်ကို ပန်းခြင်းရဲ့ ကိုင်းနားမှာ ကပ်ပြီး ဖော့တုံးမှာ ထိုးစိုက်ပါတယ်။ ပန်းအခက်က ပန်းအိုးကိုင်းမှာ တွယ်နေသလိုမျိုး ဖြစ်အောင် ပန်းခြင်းကိုင်းမှာလည်း ကော်နည်းနည်း သုပ်ပြီးမှ ပန်းခက်ကို ကပ်လိုက်တာပါ။


ပန်းအခက်တွေ အားလုံး ပြင်ဆင် ပြီးသွားရင် နှင်းဆီပန်းတွေကို ဖော့တုံးမှာ အရင် ထိုးစိုက် နေရာချပြီးမှ ဘေးက အရံပန်းတွေ လိုက်ဖြည့်ထိုးလိုက်တာပါပဲ။ နောက်ဆုံးကျမှ အသည်းပုံကို ပန်းခြင်းအလယ်မှာ တွဲလောင်းလေး ချိတ်လိုက်ပါတယ်။ တချို့ကတော့ အသည်းကို ပန်းအိုးထဲ ထည့်ပြီး ပြင်ကြတယ်။ ဒီပန်းခြင်းလေးက စင်ပေါ်မှာ တင်ထားလို့ရသလို ချိတ်နဲ့ ချိတ်ပြီး တွဲလောင်းထားလို့လည်း ရပါတယ်။ စာရေးထားတာကို ဖတ်ရတာထက် ဓာတ်ပုံကြည့်လိုက်ရင် ပိုပြီး မြင်လွယ်မယ်လို့ ထင်ပါတယ်။


ဒီပုံက ကျမ ပြင်ထားတာပါ။


ဒါကတော့ ဆရာမပြင်ထားတာ။ ဆရာမ သုံးတဲ့ ပန်းရော ပန်းအိုးရောက ကျမတို့ သုံးတာနဲ့ မတူပါဘူး။


ဒီပုံကတော့ ရုံးက တစ်ယောက် ပြင်ထားတာပါ။ အားလုံးကို ယှဉ်ကြည့်လို့ရအောင် တခြားသူတွေရဲ့ လက်ရာကိုပါ တင်ပေးလိုက်ပါတယ်။

အောက်တိုဘာ ၉၊ ၂၀၁၀။

5 comments:

Maung Myo said...

အစ်မ ဟိုး အစ်မဘလော့ရေးစက ပန်းအလှပြင်ပေးတဲ့အကြောင်းရေးတော့ ကျနော်ပြောဖူးတာ မှတ်မိသေးးးး) တစ်ယောက်ကတော့ စွံသွားပြီး ကျနော့်အလှည့်ကျ အစ်မ တကယ်လာပြင်ပေး ဘယ်လောက်ကောင်း အဲ့အခါကျ အစ်မ မျက်စိမှုန်နေလောက်ပြီးနော့်း)

ဟန်နာ said...

ပြင်ထားတာလေးတွေက လှတယ်နော်

Kyaw Hnin Se Lwin said...


အရမ်းလှတာပဲ
ရိုမန့်တစ်ဖြစ်တယ်နော်
အားကျလိုက်တာ ..

့်Home Sweet Home said...

တစ်မျိုးစီလှတယ်။ အမနုစံ ထိုးထားတာကျတော့ ချိတ်ပြီးတော့အလှဆင်ရင်ပိုကောင်းမယ်နဲ့ တူတယ်။ ရုံးကအမရဲ့ သူငယ်ချင်းထိုးတာကျတော့ စာပွဲမှာအလှဆင်တာမျိုးနဲ့ ပိုတူတယ်....:)

nu-san said...

မောင်မျိုး>> မှတ်မိပါတယ် မောင်မျိုးရေ.. သီတင်းလည်း ကျွတ်ပြီဆိုတော့လေ အမ မျက်စိမမှုန်ခင်လေး ကြိုးစားလိုက်ပါ မောင်လေး.. အားမလျော့ပါနဲ့။ အခုလည်း မျက်စိမှုန်လို့ မျက်မှန်တပ်ထားနေရတာပါပဲ မထူးပါဘူး.. :D

ဟန်နာ>> ကျေးဇူးညီမ၊ လာလည်တဲ့အတွက်ရော ပြင်ထားတာ လှတယ်လို့ ပြောတဲ့အတွက်ရောနော်.. :)

Kyaw Hnin Se Lwin>> Romantic ဖြစ်လား ညီမ? ရွှေရောင် အသည်းလေး ချိတ်ပေးထားလို့နဲ့တူတယ်.. :))

Home Sweet Home>> ကျေးဇူးနော်.. အခုမှ အမလည်း သတိထားကြည့်မိတော့တယ်။ အမ ပန်းခြင်းကတော့ ချိတ်ဖို့ နေရာမရှိတာနဲ့ ဒီအတိုင်းပဲ ခုံပေါ် တင်ထားလိုက်ရတယ်။ :D