၂၀၀၈ ခုနှစ် နိုဝင်ဘာလတုန်းက မြန်မာစကားနဲ့ ဂျပန်လူမျိုး ဆိုပြီး ပို့စ်ရေးခဲ့ဖူးပါတယ်။ အခု ရေးမှာက အဲဒီပို့စ်ရဲ့ နောက်ဆက်တွဲလို့ ပြောရင်လည်း ရတာပေါ့။ ဒီကြားထဲ ကျမတို့လည်း ကိုယ့်အလုပ်နဲ့ ကိုယ်ရှုတ်နေတာရော၊ ပြီးတော့ မြန်မာစာ သင်တန်းက ကျောင်းသားတွေနဲ့ ဆရာမကြီး အားတဲ့ အချိန် ညှိပြီး စာသင်ကြတာမို့ ပုံမှန် အတန်းချိန်ဆိုတာ မရှိတာကြောင့် ထပ်မရောက်ဖြစ်တော့တာ။ ပြီးခဲ့တဲ့လ ကတော့ ကျောင်းတာဝန်ခံ အန်တီကြီးက “မြန်မာစာ သင်တန်းကို လာခဲ့ပါဦး” လို့ ဖိတ်တာနဲ့ အမျိုးသားနဲ့ နှစ်ယောက်သား နောက်တစ်ကြိမ် ထပ် ရောက်ဖြစ်ခဲ့တယ်။
ကျောင်းရောက်သွားတော့ အရင် ကျောင်းသား ၂ ယောက်ဖြစ်တဲ့ “ကိုမြင့်သန်းမောင်” နဲ့ “မအေးနှင်းအိအိ” အပြင် နောက်ထပ် ဧည့်သည်တစ်ယောက်နဲ့ပါ ထပ်တွေ့ခဲ့ရတယ်။ ဧည့်သည်အဖြစ်လာတဲ့ ဂျပန်မလေးက Osaka University ကနေ မြန်မာစာ အဓိကနဲ့ ဘွဲ့ယူထားတဲ့သူပါ။ မြန်မာ နာမည်က “မနှင်းသက်အေး” လို့ခေါ်ပါတယ်။ မနှင်းသက်အေး လည်း အခု သင်တန်းကျောင်းကို ကျမတို့လိုပဲ မြန်မာစကားပြော လေ့ကျင့်ပေးဖို့ လာခဲ့တာ။ ဒီတစ်ခေါက် သူတို့နဲ့ တွေ့ချိန်မှာ ပြောခဲ့တဲ့ အကြောင်းတွေကို ပြန်ဝေမျှချင်တာကြောင့် ဒီပို့စ်ကို ရေးဖြစ်ပါတယ်။
*****
ကျမတို့ သင်တန်းကျောင်း ရောက်သွားတော့ ညနေ ၃ နာရီလောက် ရှိနေပါပြီ။ ဒီတစ်ခါက သူတို့ စာသင်တာ ဘေးက ၀င်ဖြေပေးရင်း စကားအတူ ပြောပေးရတာ။ နောက်ပြီး မအေးနှင်းအိအိက ၂၀၀၈ ဒီဇင်ဘာလ ကုန်ခါနီးမှာ မြန်မာပြည်ကို အလည် သွားခဲ့တာကြောင့် သူ့ရဲ့ မြန်မာပြည် အတွေ့အကြုံလည်း နားထောင်ရင်းပေါ့။ အဲဒီနေ့ကတော့ မအေးနှင်းအိအိက မြန်မာထမီ ၀တ်ထားပါတယ်။ ထမီ ၀တ်ရတာ နှစ်သက်လို့ မြန်မာပြည်ကနေ ပြန်လာတော့လည်း ထမီ အထည် ၂၀ ထပ်ဝယ်ခဲ့သေးတယ်လို့ ပြောပြတယ်။ ဂျပန်မက ကြိုးနဲ့ ပတ်ထမီ ၀တ်ထားတာများ သေသေသပ်သပ်နဲ့မို့ ကျမတောင် အံ့သြမိပါတယ်။ လူမျိုးခြားက မြန်မာထမီကို မက်မက်မောမော ၀တ်နေပြီး ကိုယ်က မြန်မာ ဖြစ်ရဲ့သားနဲ့ ဂျင်းဘောင်းဘီ ၀တ်ထားတော့ မျက်နှာပူပြီး ရှက်မိတာတော့ အမှန်ပဲ။
နောက်ပြီး မြန်မာစာနဲ့ ဘွဲ့ယူထားတဲ့ မနှင်းသက်အေးနဲ့လည်း စကားပြောဖြစ်ခဲ့တယ်။ သူ့ကို “ဘာဖြစ်လို့ မြန်မာစာ အဓိက နဲ့ ဘွဲ့ယူထားတာလဲ” ဆိုပြီး မေးကြည့်တော့ မြန်မာစာကို သဘောကျလို့ Osaka University မှာ ၅ နှစ်ကြာ သင်ယူခဲ့ကြောင်း၊ မြန်မာပြည်လည်း ၂ ခေါက် ရောက်ဖူးကြောင်း၊ ရှမ်းဘာသာ၊ ရှမ်းစကားနဲ့ စာတမ်း တင်ခဲ့ပြီး ဘွဲ့ယူခဲ့ကြောင်းတွေ ကျမတို့ကို ပြောပြပါတယ်။ မနှင်းသက်အေးက စကားပြောရင် ကျမကို “အမ” လို့ခေါ်ပြီး ပြောတယ်။ ပြီးတော့ “ရန်ကုန်ဘယ်နားမှာနေသလဲ” လို့မေးတော့ ကျမက “အင်းစိန်” မှာပါလို့ဖြေတာကို “စော်ဘွားကြီးကုန်းကားဂိတ်ရှိတဲ့ နေရာမှာလား” တဲ့။ အခု အဝေးပြေးကားဂိတ်က နေရာ ပြောင်းသွားတာလည်း သူသိတယ်။ အမျိုးသားကိုလည်း တောင်ငူကဆိုတော့ “ရန်ကုန်နဲ့ မန္တလေး ကြားက မြို့ မဟုတ်လား” တဲ့လေ။
နောက်ပြီး မြန်မာစာနဲ့ ဘွဲ့ယူထားတဲ့ မနှင်းသက်အေးနဲ့လည်း စကားပြောဖြစ်ခဲ့တယ်။ သူ့ကို “ဘာဖြစ်လို့ မြန်မာစာ အဓိက နဲ့ ဘွဲ့ယူထားတာလဲ” ဆိုပြီး မေးကြည့်တော့ မြန်မာစာကို သဘောကျလို့ Osaka University မှာ ၅ နှစ်ကြာ သင်ယူခဲ့ကြောင်း၊ မြန်မာပြည်လည်း ၂ ခေါက် ရောက်ဖူးကြောင်း၊ ရှမ်းဘာသာ၊ ရှမ်းစကားနဲ့ စာတမ်း တင်ခဲ့ပြီး ဘွဲ့ယူခဲ့ကြောင်းတွေ ကျမတို့ကို ပြောပြပါတယ်။ မနှင်းသက်အေးက စကားပြောရင် ကျမကို “အမ” လို့ခေါ်ပြီး ပြောတယ်။ ပြီးတော့ “ရန်ကုန်ဘယ်နားမှာနေသလဲ” လို့မေးတော့ ကျမက “အင်းစိန်” မှာပါလို့ဖြေတာကို “စော်ဘွားကြီးကုန်းကားဂိတ်ရှိတဲ့ နေရာမှာလား” တဲ့။ အခု အဝေးပြေးကားဂိတ်က နေရာ ပြောင်းသွားတာလည်း သူသိတယ်။ အမျိုးသားကိုလည်း တောင်ငူကဆိုတော့ “ရန်ကုန်နဲ့ မန္တလေး ကြားက မြို့ မဟုတ်လား” တဲ့လေ။
*****
စာသင်တာ ပြီးသွားတော့ ကိုမြင့်သန်းမောင်က ဆရာမကြီးကို မြန်မာလို ရေးထားတဲ့ အိမ်စာတွေ ပြပြီး အမှတ်ခြစ်ခိုင်းပါတယ်။ သူ ရေးထားတဲ့ အသုံးအနှုန်းတွေ မှားနေရင် ဆရာမကြီးက ပြင်ပေးပြီး အမှန်ကို ရှင်းပြပေးပါတယ်။ ကျမတို့ကတော့ ဘေးကနေ နည်းနည်းပါးပါး ၀င်ဖြေပေးရတာလောက်ပဲ ရှိတာပါ။ အမှန်တော့ ကိုမြင့်သန်းမောင်က မြန်မာစာ အရမ်းရေးတတ်ချင်နေတဲ့သူပါ။ ပြီးတော့ သူ့ဘာသာသူလည်း ဂျပန်လို ရှင်းပြထားတဲ့ မြန်မာစာ စာအုပ်တွေ ရှာပြီး ဖတ်တယ်။ ကိုယ်တိုင်လည်း သိသလောက်ကို စာကြောင်းတိုတိုလေးတွေ ကြိုးစားပြီး ရေးကြည့်တယ်။ ရေးထားတာတွေကို ၀ိုင်းပြင်ပေးရင် သူ့ရဲ့ စာကြိုးစားပုံကို အံ့သြ လေးစားမိတယ်။ သူရေးထားတာကို ဆရာမကြီး ဖတ်ပြတော့ ကျမတို့ ရီချင်တာ မနည်းကို ဘရိတ်အုပ်ရတယ်။ ကျမတို့ ရီချလိုက်ရင် သူရှက်သွားမှာ စိုးလို့ပါ။ နောက်ပြီး သူကြိုးစားပမ်းစား ရေးထားတာကို လှောင်တယ်လို့လည်း ထင်သွားမှာ စိုးပါတယ်။
သူရေးထားတဲ့ တချို့စာကြောင်းတွေကို ဖတ်ကြည့်ပါဦး..
“ကျွန်တော် ပိုက်ဆံနည်းနည်း ရှိပါသည်။”
“ကျွန်တော် ရိုးသားပါသည်။”
“ကျွန်တော် သဘောကောင်းပါသည်။”
“ကျွန်တော့်မိတ်ဆွေ သဘောမကောင်းပါ။”
အဲဒီလို အသုံးအနှုန်းတွေကို ပုံမှန် စကားအပြောဆိုရင် မသုံးဘူးလို့ပဲ ယေဘုယျ ပြောပြပေးရတယ်။ သူရေးထားတဲ့ ထဲက ကိုယ့်ကိုကိုယ် ချီးမွမ်းတဲ့ စကားမျိုး ၊ ကိုယ့်ဂုဏ် ကိုယ်ဖော်တဲ့ စကားမျိုး သုံးလေ့မရှိဘူး၊ ပြောလေ့မရှိဘူးဆိုတာ အနီးစပ်ဆုံး ဂျပန်လူမျိုးတွေရဲ့ စကားပြောပုံ နဲ့ နှိုင်းယှဉ်ပြရပါတယ်။ နောက်ထပ် ဥပမာ အနေနဲ့ မိန်းကလေး ဆိုရင်လည်း မအေးနှင်းအိအိကို တခြားတစ်ယောက်က “မအေးနှင်းအိအိက လှတယ်နော်” ဆိုပြီး ပြောလို့ရပေမယ့် မအေးနှင်းအိအိ ကိုယ်တိုင်က “ကျမ လှပါတယ်၊ ချောပါတယ်” ဆိုပြီး သုံးရင် လူတွေ ရီစရာ ဖြစ်တယ်ဆိုတဲ့အကြောင်း နားလည်အောင် ဆရာမကြီးက ရှင်းပြပေးပါတယ်။ ဆက်ဖတ်ကြည့်ပါဦး..
“ကျွန်တော် ဦးနှောက်ကောင်းပါသည်။”
“ကျွန်တော့် မိတ်ဆွေ ဦးနှောက် မကောင်းပါ။”
မြန်မာစကားမှာ “ဦးနှောက်ကောင်းတယ်၊ ဦးနှောက်မကောင်းဘူး” ဆိုတဲ့ အဓိပ္ပာယ်ဟာ စိတ်ဝေဒနာရှင်တွေကို သုံးတာ ဖြစ်လို့ “ဥာဏ်ကောင်းတယ် ၊ မကောင်းဘူး” လို့ ပြောရတယ်ဆိုပြီး ပြင်ပေးရပါတယ်။ နောက်တစ်ခု သူသုံးထားတာကတော့
“ကျွန်တော့် အမေ လူလိမ်ပါ။”
“ကျွန်တော့် အဖေ ဒေါသကြီးပါသည်။”
အဲဒီလိုအသုံးမျိုးကို ဆရာမကြီးက မြန်မာတွေအနဲ့ဆိုရင် ယဉ်ကျေးမှုအရ မသုံးသင့်ဘူးလို့ သင်ပေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမေ၊ မိဘဆိုတာ သားသမီးကို ကိုးလလွယ် ဆယ်လ ဖွားရတဲ့အပြင် ကိုယ့်မိဘလောက် ဘယ်သူမှ ကိုယ့်အပေါ် မကောင်းနိုင်ဘူး၊ အနွံတာ မခံဘူး ၊ ဒါကြောင့် ဗုဒ္ဓဘာသာတို့ရဲ့ အနန္တော အနန္တ ငါးပါးထဲမှာ မိဘက ပါနေရတယ်ဆိုတဲ့အကြောင်း၊ မိဘက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကိုယ်က သိနေသည့်တိုင်အောင် ဘယ်တော့မှ မိဘကို မကောင်းမပြောရဘူး ဆိုတာကို ဆရာမကြီးက ဂျပန်လို နားလည်အောင် ရှင်းပြပေးပါတယ်။ နောက်တစ်ကြောင်းက
“ကျွန်တော် နည်းနည်း နှာဗူးပါသည်။”
သူ့ကို ဘယ်သူက အဲဒီ စကား သင်ပေးလိုက်တာလည်းတော့ မသိပါဘူး။ မြန်မာစာ ဆရာမကြီးကတော့ “နှာဗူး” ဆိုတဲ့ စကားက အင်မတန် ရင့်သီးပြီး ရိုင်းတဲ့အတွက် မသုံးသင့်ဘူးလို့ ပြောပါတယ်။ အဲဒီလို ပြောတဲ့အတွက် တဖက်သားကို အရှက်ရစေတာမို့ တတ်နိုင်သလောက် မသုံးပါနဲ့ လို့ ရှင်းပြတယ်။
သူရေးထားတာတွေထဲက ကျမ မမှတ်မိပဲ ကျန်နေတာတွေ ရှိပါသေးတယ်။ ရေးထားတဲ့ မြန်မာလက်ရေးကို ဓာတ်ပုံ ရိုက်ယူချင်ပေးမယ့် အားနာလို့ မရိုက်ဖြစ်ခဲ့ပါဘူး။ အဲဒီနေ့က ကျောင်းက ပြန်လာတော့ ကိုမြင့်သန်းမောင် မြန်မာစာ ရေးထားတာကို သဘောကျပြီး အိမ်ပြန်ရောက်မှ အားရ ပါးရ ရီဖြစ်တော့တယ်။ ကျန်တဲ့ မိန်းကလေး ၂ ယောက်ကတော့ စကားကို ဖြေးဖြေးပြောပေးရင် နားလည်ကြပါတယ်။ နောက်ပြီး သူတို့က မြန်မာပြည်ကိုလည်း အလည် ရောက်ဖူးတာမို့ မြန်မာတွေရဲ့ လေယူလေသိမ်းနဲ့ စကားပြောကို ကောင်းကောင်း သိနေပါပြီ။
*****
နိုင်ငံခြားသားတွေ မြန်မာစကား ပြောရင် တလွဲ မှားပြောတတ်တာကို ဆရာကြီး မဟာဆွေ ရဲ့ “စာရေးကြီး” စာအုပ်ထဲမှာ ဖတ်ဖူးတာ သွားသတိရမိတယ်။ “၀မ်းဘဲဥ မှဲ့သလား၊ လိမ္မော်သီး ဖွင့်ပေးပါ၊ ရေခဲ အလွန်ချမ်းသည်၊ ပန်းကန်တွေ ရေချိုးပြီး စားပွဲပေါ် ထိုင်ထား” ဆိုတာတွေ ထက် စာရင်တော့ ကိုမြင့်သန်းမောင်က အခြေအနေ ကောင်းတယ်လို့ ပြောရမှာပဲ။
မြန်မာစာက သင်ပေးရတာလည်း ခက်သလို သင်ယူရတာလည်း ခက်မှာပါ။ ဒါပေမယ့် လူမျိုးခြားက ကြိုးစား ပမ်းစား သင်ယူနေတာကို ကြည့်ပြီး ကြည်နူးမိတယ်။ ပြီးတော့ သူတို့ရဲ့ ကြိုးစား အားထုတ်မှုကိုလည်း အားကျမိတယ်။ မြန်မာစကားဟာ အသုံးအနှုန်း ကျယ်ပြန့်တာကြောင့် လူမျိုးခြား နားလည်အောင် ပြန်ရှင်းပြဖို့ ခက်ခဲတာတွေ အပြင် တချို့ အသုံးအနှုန်းတွေကို နိုင်ငံခြားသားတွေကို မသင်ပေးသင့်ဘူးဆိုတဲ့ သင်ခန်းစာကို အဲဒီနေ့ သင်တန်းကနေ ရလိုက်ပါတယ်။ နောက်ပြီး သူတို့တောင် တို့ လူမျိုးစကား သင်ယူနိုင်တာ သူတို့ လူမျိုးစကားကိုလည်း သင်ယူနိုင်ရမှာပေါ့လို့ ကိုယ့်ကိုကိုယ်လည်း အားပေးနေမိပါတော့တယ်။
မတ်လ ၂၀၊ ၂၀၀၉။
20 comments:
အဟီး သူရေးထားတာတွေက ရီရတယ်။ "နှာဗူး"ဆိုတာကို ညီမတို့ မြန်မာမှာတုန်းက သင်တန်းက ဂျပန်စာဆရာမလေးလည်း ပြောတယ်။ ဆရာမက လူငယ်ဆိုတော့ သူသိချင်တဲ့စာလုံးတွေ မေးပြီး မှတ်မိနေတတ်တာမို့ တခါတလေ မြန်မာစကားလုံး တလုံးစ ၂လုံးစ ပြောတယ်။ "နှာဗူး"ဆိုတာလည်း အတန်းထဲက ကျောင်းသားတချို့က ကောင်မလေးတွေကို ငမ်းတဲ့သူဆို အဲလိုပြောရတယ်ဆိုပြီး သင်ပေးလိုက်ပုံဘဲ။ ရိုင်းမှန်းလည်း သိပုံမရပါဘူး။
ညီမတို့လည်း ဂျပန်စာ စသင်ခါစမှာ ချရေးပါဆို အဲလိုဘဲဖြစ်မှာ။ အခုတောင် အခြေခံတွေကို မေ့နေတာ အများကြီးရယ်။ သက်ရှိကို あるလို့ ခဏခဏ မှားပြီး ပြောနေမိလို့ အားနာရတာလည်း အကြိမ်ကြိမ်ဘဲ။
စိတ်ဝင်စားစရာပဲ မမ ရေ
အမရေ အစောကရေးထားတာ ပျက်သွားလို့ ပြန်ပြီး ထပ်ရေးလိုက်ဦးမယ်...
ဒီမှာလည်း မြန်မာစာ သင်တဲ့သူတွေရှိတယ်... သူတို့က ကြုံရင် စာမေးတတ်တယ်...
ကိုယ်က နိုင်ငံခြားသားကို ဘယ်လိုသင်ရတယ်ဆိုတာ စနစ်တကျ သင်ဖူးမထားတော့ သူတို့ကို ပြောပြရတာ တချို့ဟာတွေကျတော့ ခက်တယ်..
ဥပမာ - ကိုယ့်ကိုယ်ကို ဆိုတဲ့စကားလုံးဆိုပါတော့.. မြန်မာဖြစ်တဲ့ ကိုယ်ကသာ အသံထွက်ရလွယ်ပေမယ့် သူတို့ကျ အောက်ကမြင့်ပါတဲ့ အသံကို မထွက်တတ်ကြဘူး.. သူတို့ကမေးတယ် ဘယ်တုန်း(tone)နဲ့ ထွက်တာလဲဆိုလည်း ကိုယ်က အဲသလိုတွေ သင်ထားတာ မဟုတ်တော့ ရည်လည်အောင်လည်း ပြန်မပြောတတ်ဘူး...
အဲသလို အမရေ..
သူတို့တွေ မြန်မာစကားကို ဖျစ်ညစ်ပြောနေတာတွေ့ရင် ကိုယ်လည်း သူတို့စကားကိုဖျစ်ညစ်ပြောရတာဆိုတော့ သူတို့ကို စာနာမိတယ်...
ကျနော့်မှာလဲ ထမီတွေအများကြီးပါလာတယ်..
(ကြုံကြွား..ဟီးဟိ)
နောက်ပြီး..
ချန်းချန်းကိုတောင် သူငယ်တန်းဖတ်စာသင်ပေးမလားလို့ စိတ်ကူးနေပါတယ်..
ကိုယ့်ဘာသာစကားကို အမြတ်တနိုး လေ့လာသင်ယူနေတာ သိရတော့ ၀မ်းသာမိတယ် နုရေ… အားလဲကျစရာပါ… အဲဒီလိုလေးတွေကြားရရင် ကိုယ့်ရဲ့ အပျင်းထူမလေ့လာတဲ့ အကျင့်ကို ရှက်မိတယ်… နာမည်လေးတွေကလဲ စိတ်ဝင်စားစရာနော်… ကိုမြင့်သန်းမောင်ရဲ့ ကြိုးစားချင်တဲ့ စိတ်က ချီးကျူးစရာပါ… နုရေ… သူတို့ မပြောနဲ့  အမသားတောင် တခါတလေ ပြောတာတွေ အမြီးအမောက် မတည့်ဘူးလေ…
အမနုစံ အတွေ့အကြုံလေးတွေ မျှဝေပေးတာ ကျေးဇူးပါ။ ကြည်နူးရပါတယ်။ မြန်မာစာကို အကြာကြီးသင်တယ်တဲ့။ အံ့သြစရာကြီးနော်။ အမလိုပဲ ကိုယ့်ဘာသာကို သင်တယ်ဆိုတာကြားရတာ ဝမ်းသာမိပါတယ်။ ဘာသာစကားတိုင်း ထဲထဲဝင်ဝင်နားမလည်ရင် အသုံးလွဲတာလေးတွေတော့ ဖြစ်မှာပဲထင်တယ်နော်။ အခုဆိုကိုယ်တိုင်လည်း သူတို့ဘာသာစကားမှာ မကျွမ်းကျင်တော့ ရိုင်းစိုင်းတာမျိုးတွေ နေရာမှား သုံးမိတာမျိုး ရှိနိုင်တယ်ရယ်။ မြန်မာလုံချည်ဝတ်ရတာတော့ ဘယ်လိုနှစ်သက်မှန်းမသိပါဘူး အမရယ်။
ဖတ်သွားသည်
သူများကို သင်ပေးတော့မှ ကိုယ့်ဘာသာစကားကို ကိုယ်သေချာလေ့လာ စဉ်းစားမိတတ်တယ်။ ကောင်းပါတယ် မနုစံ ရေ။
ဒီမှာက လေတအားတိုက်တော့ အပြင်သွားလို့ ထမီဝတ်တဲ့နေ့ လေတိုက်ရင်..လူက မီးပုံးပျံလေးဖြစ်လာတယ်။
:D mm
တိုင်းတပါးသားက ကိုယ့်လူမျိုး ကိုယ့်စာပေတွေကို အလေးထား တန်ဖိုးထားတယ်ဆိုတာသိရလို့ ၀မ်းသာမိပါတယ် အမရေ။ ကျနော်လည်း အလုပ်စာမေးပွဲဖြေဆိုအောင်မြင်သွားလို့ သင်တန်းနဲ့ အလုပ်ဌာနခွဲနီးရာ နယ်ကို ဒီလကုန်ပြောင်းရမှာမို့ အလုပ်နည်းနည်းလေးရှုတ်နေတာနဲ့ မရောက်ဖြစ်သွားတာ ခွင့်လွှတ်ပါအမနုစံ။
စိတ်ဝင်စားစရာနော်.... ရှမ်းစာတောင် သင်လိုက်သေးတာ... ကိုယ်တို့တွေကတော့ တခြား တိုင်းရင်းသား ဘာသာစကားတွေကို လေ့လာဖို့တောင် လှည့်မကြည့်ခဲ့ဘူး။ သင်မယ်ဆို တတ်စရာကောင်းတဲ့ တိုင်းရင်းသား ဘာသာစကားတွေ အများကြီး။
သူတို့လည်း ကြိုးစားပြောရှာကြတယ်နော် လာဖတ်သွားပါတယ် မနုရေ။ :D
ကိုယ့်ဘာသာစကားကို စိတ်ဝင်တစား လေ့လာ သင်ကြားနေကြတာ ကြားရလို့ ၀မ်းသာမိတယ်...
သူတို့သုံးတဲ့ စကားတွေဖတ်ရတော့ ပြုံးမိတယ်...။
နောက်ကိုလဲ နု အဲဒီကျောင်းကို သွားဖြစ်ရင် သူတို့အကြောင်းတွေ ဆက်ရေးပါဦးနော်...
hallo Nu San, why dont u placed translator in your blog, so we can read it ( http://mahen-jambi.blogspot.com)
အစ်မရေ ...
မြန်မာစကားကို စိတ်ဝင်တစားလေ့လာတာလေးဖတ်ရတော့ ကြည်နူးမိတယ် ... အစ်မရေးတာလည်း ဖတ်လို့ကောင်းတယ် အစ်မ ...
သိပ်ကို ချစ်စရာ ကြည်နူးစရာကောင်းတဲ့ ပို့စ်လေးပဲ နုရေ။
ဖတ်ရင်း သဘောကျလွန်းလို့ အိမ်က အမျိုးသားကိုတောင် လှမ်းပြောပြနေမိတယ်။
အဖေရှိတုန်းကလဲ နိုင်ငံခြားသားတွေ မြန်မာစာ ကို လိုလိုချင်ချင် လာသင်ကြတာ ကြုံဖူးနေတာမို့ သူတို့နဲ့ နေရ ပြောနေရရင် ပျော်နေတာပဲ။
နောက်လဲ အဲဒီလိုလေးတွေ ဝေမျှပါအုံးနော်။
လာဖတ်သွားပါတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်။ တန်ခူးပြောသလိုပဲ ... အိမ်ကသမီးလဲ တစ်ခါတစ်လေ စကားပြောရင် အဲလိုတွေ ပြောတတ်လို့ မနဲပြန်သင်ပေးနေရတယ်။ ဘာတဲ့ ... လူတစ်ခုက ခွေး၂ခုကို ဆွဲလာတယ်ဆိုလား။ မြန်မာစကားက နိုင်ငံခြားသားတွေ အတွက် နဲနဲခက်မယ်နဲ့တူတယ်။
ဖတ်လို့ကောင်းတယ်နော့...။
yes,,very cute naw..the way they say...
ဖတ်သွားသည်
Post a Comment