March 18, 2009

ကျမ နဲ့ ဂျပန်စကား

ဘာသာစကားနဲ့ ပတ်သက်ပြီး ကျမက ထိုင်းစာလည်း သင်ဖူးသလို တရုတ်စာလည်း အနည်းအကျဉ်းလောက် သင်ဖူးပါတယ်။ လ အနည်းငယ်လောက်ပဲ သင်ဖြစ်တာမို့ ဖြစ်မြောက်အောင် မတတ်ခဲ့ပါဘူး။ အင်္ဂလိပ်စာ ကတော့ ငယ်ငယ်ကတည်းက ရေးရ ဖတ်ရတာမို့ အလုပ်လုပ်လို့ ရတယ်ဆိုတဲ့ အဆင့်လောက်တော့ ရှိတာပေါ့။ ဂျပန်စာကိုတော့ ပထမတစ်ခေါက် Osaka မလာခင် လ အနည်းငယ်လောက် အလိုမှ ကပ်ပြီး သင်ဖြစ်ခဲ့တာ။


ရန်ကုန်မှာ ဂျပန်စာ စသင်တော့ ရိုမဂျိ (Romaji -
ロマジ) လို့ခေါ်တဲ့ ဂျပန်အသံထွက်ကို အင်္ဂလိပ် စာလုံးနဲ့ ရေးထားတဲ့ စာအုပ်နဲ့ စ သင်ရပါတယ်။ ပြီးတော့ Osaka ရောက်ပြီး ရုံးကနေ ဆရာမ ခေါ်သင်ပေးတော့လည်း ရိုမဂျိ စာလုံးနဲ့ပါပဲ။ အလုပ်ထဲမှာက နိုင်ငံခြားသား မန်နေဂျာ လက်အောက်မှာ လုပ်ရတာမို့ ဂျပန်စကားလည်း ပြောတတ်ဖို့ မလိုခဲ့ပါဘူး။ ဒါကြောင့် ဂျပန်မှာ တစ်နှစ် နေပြီး ရန်ကုန်သာ ပြန်သွားတယ်၊ ဂျပန်စာ ဟိရဂန (Hiragana - ひらがな) နဲ့ ခတခန (Katakana - カタカナ) ကို ကောင်းကောင်း မဖတ်တတ်ခဲ့ဘူး။

*****


အခုတစ်ခေါက် ဂျပန်စာ ပြန်သင်တော့ ရိုမဂျိ ပဲ အလွယ် ဖတ်ချင်တဲ့ စိတ်ကို ဖျောက်ပြီး ဟိရဂန နဲ့ ခတခန စာလုံးတွေကို ဖတ်နိုင်အောင် ကြိုးစားခဲ့ရတယ်။ ဒီအပြင် ဂျပန်စာမှာက ခန်းဂျိ (Kanji - 漢字) လို့ခေါ်တဲ့ တရုတ်စာလုံး လည်း ရှိသေးတာမို့ စောစောက ပြောထားတဲ့ ၂ ခု ဖတ်တတ်ယုံနဲ့ မလုံလောက်သေးပြန်ဘူး။ အဲဒီတော့ ခန်းဂျိ စာလုံးတွေကိုလည်း ကြက် အစာကောက်သလို တဖြည်းဖြည်းချင်း လေ့လာနေရတာ အခုထိပါပဲ။


ဂျပန်စကားမှာလည်း သူဟာနဲ့ သူ ခက်တဲ့ အပိုင်းတွေ ရှိတာပေါ့။ အဓိပ္ပာယ်အတူတူကိုပဲ ကိုယ့်အထက် လူကြီးကို ပြောရင် တစ်မျိုး၊ ကိုယ့်ရဲ့ လက်အောက်ငယ်သားကို ပြောရင်တစ်မျိုး၊ ဈေးရောင်းတဲ့သူက ၀ယ်သူကို ပြောရင် တစ်မျိုး၊ သူငယ်ချင်းအချင်းချင်း ပြောရင် တစ်မျိုး နဲ့ အဓိပ္ပာယ်သာ တူတယ် ပြောတာချင်း မတူတွေ အများကြီးပဲ။ နောက်ပြီး ဂျပန်လူမျိုးတွေလည်း စကားပြောတဲ့အခါမှာ ကိုယ့်ကိုကိုယ် ချီးမွမ်းတဲ့ စကားမျိုး သုံးလေ့ မရှိကြပါဘူး။ ဥပမာ ဆိုပါတော့။ ဂျပန်စာ သင်ယူနေတဲ့ ကျမကို ရုံးက သူငယ်ချင်းတွေက “နုစံ ဂျပန်စကား ပြောနိုင်လာတယ်နော်” လို့ ပြောရင် ကိုယ်က “ဟုတ်တယ်၊ ပြောနိုင်လာတယ်” ဆိုပြီး ပြန်မဖြေရဘူး။ “အဲဒီလောက်လည်း မဟုတ်ပါဘူး၊ ကြိုးစားနေတုန်းပါ” ဆိုတာမျိုး၊ “အဲဒီလောက် မဟုတ်ပါဘူး၊ ထပ်ကြိုးစားရဦးမယ်” ဆိုတာမျိုး ပြန်ဖြေရပါတယ်။


နောက်ပြီး ဂျပန်စာ သင်ယူရင်း ကြုံခဲ့ဖူးတဲ့ အမှားတွေကို ဖောက်သည်ချရဦးမယ်။ ကျမ ဂျပန်စာ သင်ခါစမှာ အသံထွက် ဆင်တူတဲ့ စာလုံးတွေဆိုရင် အဓိပ္ပာယ်တွေ ရောပြီး မှားပြောမိတယ်။ အထူးသဖြင့်- ယာစရှိ (yasashii -
やさしい) ၊ ယာစအိ (yasai - やさい)၊ ယာစုအိ (yasui - やすい) စာလုံးတွေပါ။ အဲဒီ ၃ လုံးကို ရောထွေးပြီး ကျမ ဘယ်လိုမှ ခွဲမရဘူး။ စာလုံး ၃ လုံးက ရုတ်တရက် ဖတ်လိုက်ရင် ဆင်တူ ပေမယ့် အဓိပ္ပာယ်က တခြားစီပါပဲ။


ယာစရှိ
 ဆိုတဲ့ အသံထွက်မှာ အဓိပ္ပာယ် ၂ မျိုးရှိသလို ခန်းဂျိ လည်း ၂ မျိုး ရှိတယ်။ တစ်မျိုးက “လွယ်ကူတယ်(易しい)လို့ အဓိပ္ပာယ်ရပြီး လူကို ရည်ညွှန်းပြီးသုံးမယ် ဆိုရင်တော့ “သဘောကောင်းတယ်(優しい)လို့ အဓိပ္ပာယ် ရတယ်။ နောက် “ယာစအိ” ကတော့ “ဟင်းသီးဟင်းရွက်” (野菜) ဆိုတဲ့ အဓိပ္ပာယ် တစ်မျိုးပဲ ရှိတယ်။ “ယာစုအိ” ကိုလည်း ၂ မျိုး သုံးလို့ရတယ်။ ခန်းဂျီး ကတော့ “ဈေးသက်သာတယ် (安い)ဆိုတဲ့ အဓိပ္ပာယ် တစ်လုံးထဲပါ။ ဒါပေမယ့် verb တခုခုကို ရာစုအိ ရှေ့မှာ ခံပြီး သုံးမယ်ဆိုရင် ထည့်သုံးလိုက်တဲ့ verb ပေါ် မူတည်ပြီး အဓိပ္ပာယ်က ပြောင်းသွားတယ်။ ဥပမာ “စားတယ်” ဆိုတဲ့ စာလုံးကို “ယာစုအိ” နဲ့ တွဲသုံးလိုက်ရင် “စားရတာ လွယ်တယ်” ဆိုတဲ့ သဘောမျိုး ဖြစ်သွားတယ်။ စာသင်နေတာ မဟုတ်လို့ အသေးစိတ် မရှင်းပြတော့ဘူးနော်။


တရက်တော့ ရုံးက သူငယ်ချင်းတွေနဲ့ စကားပြောမိရင်း ကိုယ့်အစွမ်းအစလေးတွေ ထုတ်ကြွားဦးမှဆိုပြီး ပြောလိုက်တာ “
ခနိုဂျို ၀ ယာစအိ ဒဲ့စနဲ (kanojyo wa yasai desu ne - かのじょ は やさい ですね。) ဆိုတော့ သူတို့တွေ ရီလိုက်ကြတာ။ ကျမလည်း အူကြောင်ကြောင် နဲ့ ဘယ်ကြောင့် ရီကြလဲ မသိဘူးပေါ့။ အမှန်က “သူမက သဘောကောင်းတယ်”လို့ ပြောချင်တာပါ။ မှားပြောလိုက်တော့ “သူမက ဟင်းသီးဟင်းရွက်ပါ” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားတာ။


နောက်ပြီး ဂျပန်စာလုံးမှာ tsu (
) နဲ့ su () ဆိုပြီး စာလုံး ၂ လုံးရှိပါတယ်။ su” က အသံထွက်ရတာ လွယ်ပေမယ့် မြန်မာလူမျိုးမှာ လုံးလုံး မရှိတဲ့ “tsu” ဆိုတဲ့ အသံကို ကျမ ကောင်းကောင်း အသံ မထွက်နိုင်သေးဘူး။ အသံထွက်ကို မြန်မာစာလုံးနဲ့ ဘယ်လို ရေးပြ ရမှန်းတောင် မသိဘူး။ ဒီ tsu ဆိုတဲ့ အသံမှာ လျှာလိပ်သံပါတယ်။ ဆရာမလည်း လျှာထားပုံ ထားနည်းက အစ သေချာ သင်ပေးတာပဲ။ သင်တုန်းခဏပဲ မှန်တယ်။ ပြီးတော့ အသံထွက်က ပြန်မှားတာပဲ။ အခုထိကို မမှန်သေးဘူး။


နောက် အမြဲလိုလို မှား သုံးတာက “လာပါ” (kite -
きて), “ရေးပါ” (kaite -かいて), “၀ယ်ပါ” (katte - かって), နားထောင်ပါ” (kiite -きいて ) တွေပါ။ မှတ်မှတ်ရရ ပေါ့။ တရက် ကျမတို့ အိမ်ကို ဂျပန်မသူငယ်ချင်း လာလည်ပါတယ်။ သူက အိမ် လာလည်ရင်း စားစရာ မုန့် တချို့ ၀ယ်လာခဲ့တယ်။ ပြန်ခါနီး သူ့ကို အိမ် တံခါးဝအထိ လိုက်ပို့ပေးရင်း ကျမက လောကွတ်ချော်ပြီး “မတ ခိတဲ့ ခုဒဆိုင်း” (mata kite kudasai - また きて ください。နောက်လည်း လာလည်ပါလို့) ပြောရမှာကို “မတ ခပ်တဲ့ ခုဒဆိုင်း” (mata katte kudasai - また、かってください。နောက်လည်း ၀ယ်ပါ) ဆိုတော့ အားလုံး တ၀ါးဝါးနဲ့ ၀ိုင်းရီကြတယ်။


*****


ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ ဘာသာစကားကို လေ့လာတဲ့အခါမှာ မှားမယ်၊ ရီစရာ ဖြစ်မယ်၊ တလွဲဖြစ်မယ် ဒီလိုမျိုးတွေကို ကြုံရတတ်ပါတယ်။ ဘယ်ဘာသာစကားမဆို သင်ခါစမှာတော့ အခက်အခဲတွေ ရှိတာပေါ့။ ကိုယ်က တစိုက်မတ်မတ် လုပ်ဖြစ်ဖို့ပဲ လိုတာပါ။ ကျမ ကိုယ်တိုင်လည်း ဂျပန်စာကို တဖြည်းဖြည်းချင်း လေ့လာ သင်ယူနေရတုန်းပဲ။ မသိသေးတာတွေက များလွန်းတော့ ကောင်းကောင်း ပြောနိုင် ဆိုနိုင် ရေးနိုင်တဲ့ အဆင့်ရောက်ဖို့ကို အချိန်အတိုင်းအတာ တစ်ခုပေးပြီး ကြိုးစားနေရဦးမှာပါ။


*ကျမ မြန်မာလို ရေးထားခဲ့တဲ့ ဂျပန်စာလုံး အသံထွက် “ရာစရှိ၊ ရာစအိ၊ ရာစုအိ” ကို “ra” အသံနဲ့ မှားထွက်မိမှာစိုးလို့ “ယာစရှိ၊ ယာစအိ၊ ယာစုအိ” ဆိုပြီး ပြင်လိုက်ပါတယ်။ အမှားပြင်ဆင်ပေးတဲ့ ကိုပီတိရေ.. ကျေးဇူးပါ.. :)


မတ်လ ၁၉၊ ၂၀၀၉။

18 comments:

Anonymous said...

လာဖတ်သွားတယ်အမရေ

PAUK said...

နုရေ..
ခန်းဂျီး တွေကြည့်ပြီး..အဓ်ပယ်ဖေါ်လို့ရတယ်..
ကျနော့်အနေနဲ့.။..
ကျနော်တို့လဲ သင်ယူနေရဆဲပါပဲ နုရယ်..

ဇနိ said...

ဘာသာစကားသင်ယူရာမှ ဟာသဉာဏ်လည်း လိုသတဲ့။
- မှားသွားလည်း ရီစရာအဖြစ် သူများလို လိုက်ရီလိုက်တော့ ပေါ့သွားတာပေါ့နော်။ မဟုတ်ဘဲ ကြောက်ပြီး ဆက်မပြောရဲတော့ရင်ဖြင့် စကားတတ်တဲ့ဆီကို ရောက်မှာ မဟုတ်တော့ဘူးနော်။

မီယာ said...

ဘာသာစကားတွေ သင်ယူရတာ ကံကောင်းတာနော်.. အားကျတယ် နုစံ

WWKM said...

ဟီးး ဟုတ်ပ မနုစံရေ..

ဝါ၀ါလဲ သမီးလေးရဲ့ဆရာပြန်လုပ်တာခံနေရတယ်လေ.
su နဲ့ tsu အသံထွက်ကို မပိုင်နိုင်လို့...
သမီးလေးကဘာပြောတယ်မှတ်လဲ "မာမာတဲ့ အိစွပ်မို tsu no ဟပ်စုအွန်က ချီဂိုင်းနဲ".. တဲ့လေ..အဟီး. ပြီးတော့ပြောသေးတယ်...
” ချန်တို အိုဘိုအဲတဲနဲ.. ဘင်းကြောရှီရော”
ဆိုပြီး tsu အသံထွက်ကို အကြိမ်ကြိမ်လိုက်ဆိုခိုင်း
ပါလေရော.. ဟဟားးး တကယ်ရယ်ရတာ. :P :P

မြရွက်ဝေ said...

ညီမလည်း စကားပြောရတာ စိတ်ရှုပ်လာတယ်။ သူငယ်ချင်းတွေကလည်း တရုတ်လူမျိုးတွေချည်းဆိုတော့ ဂျပန်လို ပြောမှဖြစ်တာလေ။ သူတို့ဝဲတာ မပီတာကျ ဘာကိုပြောချင်လဲဆိုတာ ညီမက သဘောပေါက်တယ်၊ ညီမပြောရင် သူတို့ ချက်ချင်းမသိတာက များလို့ ၄/၅ ခါလောက် အထပ်ထပ်ပြောရလို့ တခါတခါ စကားပြောဖို့တောင် စိတ်မပါတော့ဘူး။ မပြောရင် ပိုမတတ်ရုံဘဲ ရှိမှာမို့ ပြောရတာပါဘဲ။ ညီမက ကိုယ့်အသံထွက်ကိုကိုယ် အဲလောက် ဆိုးမယ်မထင်မိပေမယ့် sensei တချို့က နားမလည်လို့ စိတ်ဓာတ်တောင် ကျလာတယ်။ す နဲ့ つ ကို ပြောနိုင်ပေမယ့် ညီမမပီတာက えん、けん、せん、てん、ねん、へん、べん、めん တွေကို စကားပြောလိုက်ရင် あん、かん、さん、たん、なん、はん、ばん、まん အသံထွက်တွေ ဖြစ်ဖြစ် သွားတာ။ (အသံထွက်တွေ ကုန်လောက်ပြီ။ :P) အထူးသဖြင့် お弁当 "အိုဘဲန်းတိုး" ကို ပြောလိုက်တိုင်း "အိုဘန်းတိုး"လို့ ဖြစ်နေတယ်။ ညီမအတွက် အခက်ဆုံးက えနေရာက စာလုံးတွေနဲ့ んကို ပေါင်းပြီးထွက်ရတဲ့ (---ဲန်း)အသံဘဲ။ တလုံးစီပြောရင် ဟုတ်သလိုလိုနဲ့ စကားလုံးလို ပြောလိုက်ရင် လွဲကုန်ရော။ အိမ်ထဲမှာဘဲ နေလို့ ခုထိတောင် အသံထွက်မမှန်တာ ဖြစ်မယ်။ バイトလုပ်နေရင်တော့ မြန်မြန်တတ်မယ်ထင်တယ်။ 先生တယောက်ကတော့ ညီမကို အိမ်မှာ 音読ကျင့်ပါတဲ့။ ကျင့်မယ် ကျင့်မယ်နဲ့ ခုထိတော့ ပျင်းကောင်းတုန်း။ :D

ပုံရိပ် / Pon Yate said...

ဘာသာစကား သင်ရတာလည်း မလွယ်ဘူးနော်။ မနုစံသင်နိုင်တာကို လေးစားပါတယ်။ ပုံရိပ်တော့ အင်္ဂလိပ် စကား တစ်ခုနဲ့တင် လက်လန်နေပြီ။ :D

Anonymous said...

ထိုင်းစာလည်း သင်ဖူးတယ်။ တရုတ်စာလည်း သင်ဖူးတယ်တဲ့။ အဲဒါတွေ တခါမှ မသင်ဖူးဘူး။ လွဲတတ်တဲ့အလွဲလေးတွေ ဖတ်မှတ်သွားတယ် အမနုစံ။ အမတို့က နေတာအတော်ကြာနေပြီဆိုတော့ အတော်ပြောတတ်နေလောက်ပါပြီ။ ဘာသာစကားတခု ပိုသိလာတာ ပျော်စရာကောင်းပါတယ်နော်။

ZT said...

တစ်ခါက ဂျပန်တွေ ရှေ့မှာ ရုပ်တည်နဲ့ ဂျပန်သီချင်း ကောက်ဆိုလိုက်တာ အစအဆုံး ဆိုလို့ မရပေမယ့် သူတို့က "Nihon go ga jouzu desu ne" လုပ်ပါလေရော။ ကိုယ်ကလည်း တတ်ထားတဲ့ စကားတစ်ခွန်းနဲ့ ခပ်တည်တည် "Iie, sore hodo demo arimasen” ပြန်ပြောထည့်လိုက်တာ နောက်တွေ့တိုင်း ဂျပန်လိုချည်း လာပြောနေကြလို့ မနည်းကို ပတ်ပြေးရတယ်။ ဟီး။ :D

P.Ti said...

ဘာသာစကားတစ်ခုက သင်ရတာမလွယ်ဘူး။ သင်ခဲ့ဖူးသမျှထဲမှာ ဂျပန်စကားပြောက အလွယ်ဆုံးပဲ။ တရုတ်စကားပြောကတော့ အသံကိုမထွက်တတ်တာ။
စာတော့ မဖတ်ခိုင်းနဲ့ တစ်ခါတစ်ခါ ပေါင်းဖတ်နေတာ မပြီးတော့ဘူး။ ခန်းကြီးကိုတော့ မသင်ခဲ့ဖူးပါဘူး။

ဆရာနည်းနည်းလုပ်ပါရစေ...
မြန်မာလို အသံထွက်ကိုလေ yasashii ဆို ယာစရှီ လို့ရေးရင်ပိုကောင်းမလားလို့။ ရာစရှီ ဆို rasashii အသံထွက်မိမှာစိုးလို့ပါ။ စိတ်မရှိပါနဲ့း)

nu-san said...

Subuueain >> ညီမလေးရေ.. အရင်ဆုံး ရောက်လာပြီး comment လာရေးတဲ့ အတွက် ကျေးဇူးပါနော်.. :)

Pauk >> ပေါက်က တရုတ်စာ ကောင်းကောင်းဖတ်တတ်တာ ဂျပန်စာ သင်ရင် ပိုလွယ်မယ် လို့ ထင်တယ်။ စာလုံးအသံထွက်သာ မတူတာနေမယ် အဓိပ္ပာယ်တွေကို ပေါက် သိနေတာပဲနော်.. :)

ကိုဇနိ>> ကိုဇနိရေ.. အမကတော့ မရှက်တတ်တာခေါ်မလား မသိဘူး... ကိုယ်မှားပြောလို့ သူများ ရီလိုက်ရင် နည်းနည်းတော့ မျက်နှာပူတာပေါ့။ ဒါပေမယ့် ကိုယ်ပါ လိုက်ရီလိုက်တော့လည်း စိတ်ထဲပေါ့သွားတယ်.. သူတို့ ပြင်ပေးတာလည်း ပို မှတ်မိသွားတာပေါ့.. :D

မီယာ>> မီယာရေ.. အများကြီးသာ သင်ဖြစ်တာ ဘာမှ သိပ်မကျွမ်းကျင်ဘူး ညီမရေ.. အထင်မကြီးနဲ့နော်.. :)

မ၀ါဝါခိုင်မင်း>> မ၀ါရေ.. အဲဒီ အသံ ၂ ခုကို ခွဲနိုင်တယ်ဆိုတော့ သမီးလေးက ကျနော်တို့ထက် ပိုတော်တယ်... သူတော်တော် ပြောတတ်တယ်နော်.. မားမားကိုတောင် ဆရာမ ပြန်လုပ်ပေးနေသေးတယ်... :)

မြရွက်ဝေ>> ညီမလေးက tsu နဲ့ su ကို ခွဲပြောနိုင်တယ်ဆို အမထက် အခြေအနေ အများကြီးကောင်းတယ်။ အမက ကြားရင်လည်း မှန်အောင် မပေါင်းတတ်သလို ပြောရင်လည်း မှန်အောင် အသံမထွက်နိုင်သေးဘူး။ ညီမလေးမှာက အိမ်မှာ ပြင်ပေးမယ့်သူ ရှိတယ်.. အမကတော့ မှားလည်း ကျောင်းမှာမှ ဆရာတွေ ပြင်ပေးမှရတယ်။ ဆရာမနဲ့ တွေ့ပြီဆို ဆရာမက စကားပဲ များများပြောခိုင်းတယ်။ သူပဲ စိတ်ရှည်ရှည်နဲ့ ထိုင်ပြင်ပေးတယ်.. :) ကြိုးစားကြတာပေါ့ ညီမရေ.. 頑張りましょう!

ပုံရိပ်>>ဂျပန်စာ မတတ်ရင် ဒုက္ခရောက်လွန်းလို့ သင်ဖြစ်သွားတာ ညီမရေ.. အရေး ကိစ္စကြီးငယ်ပေါ်တိုင်း သူများပဲ အားကိုးနေရတာ ကြာတော့ အားနာဖို့ကောင်းလို့ပါ။ အမက အင်္ဂလိပ်လိုဆိုရင်လည်း တောင်တခွန်းမြောက်တစ်ခွန်းပဲ.. တခုဆို တခု ဘာမှ မဖြစ်မြောက်ဘူး.. ကိုယ့်ကိုကိုယ် သိပ် ကြွားသလိုများ ဖြစ်သွားပြီလား မသိဘူး.. :P

မဇနိ>> မဇနိလေး .. ပြောတာတော့ ကြိုးစားပြောနေတုန်းပဲ... အမ တရက် ကိတ်မုန့်သွားဝယ်တယ်။ ဈေးဆိုင်က ကောင်မလေး ပြောတာကို အမ ဘာမှ နားမလည်ဘူး။ နောက်ဆုံးတော့ သူဘာပြောပြော ခေါင်းချည်း ညိတ်ပေးလိုက်တယ် အေးရော.. အဲဒီလောက်ဆို အမအရည်အချင်းမှန်တွေ သိရောပေါ့... :D ဂျပန်စာ သင်ရတာတော့ အမ စိတ်ဝင်စားလို့လား မသိဘူး ပျော်ပါတယ်.. :)

ZT>> ကို ZT က သီချင်းတောင် ဆိုနိုင်တာပဲ ဂျပန်စာ နားလည်မှာပါ။ အမဆိုဆရာတွေနဲ့ Karaoke ဆိုရင် အရမ်းရီရတယ်.. အမြဲတမ်း ဂျပန်ဆရာမတစ်ယောက်နဲ့ တွဲဆိုရတယ်.. နို့မို့ဆို ဘေးကလူတွေ နားထောင်ရင်း စိတ်မချမ်းသာလို့.. :D

P.Ti>> ဂျပန်စာက သင်ရတာ အလွယ်ဆုံးပဲ။ အတတ်မြန်တယ်ဆိုပါတော့ နောက်ပြီး အမအတွက်တော့ မေ့တာလည်း မြန်တယ်။ ဒါကြောင့် ဆရာမတွေနဲ့ဆို ဂျပန်စာက “မှတ်ရတာ လွယ်သလို မေ့လည်း မေ့လွယ်တယ်နော်”လို့ အမြဲပြောဖြစ်တယ်။ အမလည်း အဲဒီလိုပဲ ဟိရဂန နဲ့ ခတခန စာလုံးတွေ ဖတ်ရင် လူက မူးနောက်ပြီး ခေါင်းကိုက်လာတယ်။ နောက်တော့လည်း တဖြည်းဖြည်း အကျင့်ရသွားတယ်။ ကျောင်းမှာ စာဖတ်ရရင်တော့ အခုထိ မှားတုန်း..
လာလည်ပြီး စာပြင်ပေးသွားတာ ကျေးဇူးပါနော်.. ကိုပီတိ ပြောတာ မှန်ပါတယ် .. အမ အိမ်ပြန်ရောက်ရင် ပြင်လိုက်ပါ့မယ်.. နောက်လည်း မှားတာရှိရင် ပြင်ပေးပါ..စိတ် မရှိပါဘူး.. :D

တားမြစ် ထားသော... said...

ဂျပန်စာလည်းလေ့လာသွားတယ်။
ဟိုဟိုဒီဒီလည်း ဖတ်သွားပါကြောင်း။

သုခမိန်(E-Journal)

Anonymous said...

အစ်မရေ့ ကိုယ် အငယ်လေးက ကျွမ်းဝင်တဲ့ ဘာသာစကားမဟုတ်တော့လည်း ကြီးမှ ပြန်သင်ရတာ တကယ်ကို စိတ်ညစ်စရာပါပဲ ရှက်လည်း ရှက် ပျော်လည်းပျော်း) ကျနော်လည်း ထိုင်းစာတတ်ချင်လို့သင်သေးတယ် မလွယ်လို့ ခေါင်းကိုက်တာနဲ့ မသင်တော့ စာမတတ်လို့ စကားကောင်းကောင်းပြောတတ်သလားဆိုတော့ ခု ထိ ပြောင်းပြန်တွေ ပြောမိနေတုန်းဗျ ။ အစ်မကတော်တာပဲ တတ်မှာပါ ကြိုးစားထား :P

Moe Cho Thinn said...

နု က တကယ် ကြိုးစားချင်စိတ်ရှိတဲ့အတွက် အမြန်တတ်မှာပါ။ တို့ကတော့ ဂျပန်စကားဆို ဟုတ်ကဲ့ တလုံးပဲ တတ်တယ် :) တချို့တွေများ ဘာသာစကား talent ရှိလို့ ခဏလေးနဲ့ တတ်ကြတာ အံ့သြမိတယ်။

မုန်တိုင်း said...

ဖတ်ပြီးနဲနဲလည်းဆွဲသွားတယ်နော်....
ကျေးဇူးပါ.....ဟဲဟဲ

little Artikino said...

ဒီ post နဲ့ တော့ သိပ်မပတ်သတ်ဖူးပေါ့ နော်.. ဂျပန်မှာ ပညာသင်ချင်ရင် ဂျပန်စကား ကောင်းကောင်းပြောတတ်ဖို့ လိုသလား?

nu-san said...

little Artikino >> ဂျပန်ကို အလည်အနေနဲ့လာတာက လွဲပြီး ကျောင်းတက်ဖို့ ဘာဖို့ လာမယ်ဆိုရင် ဂျပန်စာ သင်လာတာ ပိုကောင်းပါတယ်လို့ပဲ ပြောချင်ပါတယ်.. ကျောင်းတက်တဲ့အကြောင်းတော့ အမ သေချာမသိတော့ မပြောပြတတ်လို့ပါ.. တခြားဘလော့ခ်တွေမှာ ဂျပန်မှာ ကျောင်းတက်ဖို့ လိုအပ်တာတွေကို ရေးထားတာတွေ ရှိသေးတယ်.. သိရသလောက် လင့်တွေ ထည့်ပေးလိုက်ပါတယ်.. ရှာဖတ်ကြည့်ပါနော်..

http://klosayhtoo.blogspot.com
http://warwarkhaingmin.blogspot.com
http://myaywetwai.blogspot.com/

Unknown said...

အမရေ
ညီမလည်းဂျပန်စာသင်နေတာ
ရက်ပိုင်းပဲရှိသေးတယ်
အစမို့လို့လားတော့မသိဘူး မျက်စိတွေလည်နေတာပဲ
အမပြောတာတွေဖတ်ပြီး ဗဟုသုတတွေတိုးသွားပါတယ်
ကျေးဇူးနော်