ရုံးက သူငယ်ချင်းရဲ့ သူငယ်ချင်း ရဲ့ ညီမက ဂျပန်စာသင်တဲ့ဆရာမသင်တန်းပြီးထားပြီးသား။ ဒါပေမယ့် စာသင်တဲ့အတွေ့အကြုံမရှိတဲ့အတွက် တပည့်ရှာပုံတော်ဖွင့်လိုက်တာ ကျွန်မတို့ မြန်မာအုပ်စုမဲပေါက်ကြပါလေရော။ ဆရာမက အလကားသင်ပေးမှာ။ သူကလည်း စာသင်တဲ့ အတွေ့အကြုံလိုချင်၊ ကိုယ်ကလည်း ဂျပန်စာ သင်ချင်တယ်ဆိုတော့ (ပိုက်ဆံမကုန်ဘူးဆိုတော့ ပိုစိတ်ဝင်စားတာပေါ့) အတော်ပဲဖြစ်သွားတယ်။ အဲဒါနဲ့မနေ့က ဆရာမနဲ့သွားတွေ့ပြီး တယောက်နဲ့တယောက် မိတ်ဆက်၊ ပြီးတော့ ဂျပန်စာ ဘယ်လောက်ပြောတတ်သလဲ၊ ဘယ်တုန်းက ဂျပန်ရောက်လည်း စသည်ဖြင့် စကားစမြည်ပြောဖြစ်ကြတာပေါ့။ ဆရာမကလည်း သူနဲ့ ကျောင်းအတူပြီးထားပြီးသား သူ့သူငယ်ချင်း ၂ ယောက်ပါ ခေါ်လာတော့ ဆရာမက ၂ ယောက်၊ ဆရာ ၁ ယောက် စုစုပေါင်း ၃ ယောက်။ တပည့် မြန်မာကလည်း ဂျပန်မှာ ၄ နှစ်လောက်ကြာပြီဖြစ်တဲ့ တပည့်တယောက်။ အရင်က ဂျပန်ကို ၁ နှစ်ကို ၂ ကြိမ်နေဖူးပြီးသား တပည့်တယောက်။ နောက်ပြီးကျွန်မပေါ့။
တယောက်နဲ့တယောက် ဂျပန်စာ ပြောနိုင်တဲ့စွမ်းရည် Level မတူဘူးဆိုတော့ ဆရာ၊ ဆရာမတွေလည်း တော်တော် အလုပ်ရှုတ်သွားကြတယ်။ ပထမဆုံးက ဘယ်လောက်ပြောနိုင်သလဲ ဘယ်လောက်ထိ ဂျပန်စာသိလဲ။ ရုံးမှာ ဂျပန်စကားသုံးရလား အစရှိသဖြင့် Placement Test လုပ်တယ်။ ပြီးမှ သူတို့ အချင်းချင်း တိုင်ပင်ပြီးတော့ စာသင်ရမဲ့နေရာ၊ ဘယ်ကစသင်ရမယ် ဆိုတာညှိလိုက်ကြပြီး နောက်ဆုံး ကျွန်မတို့အိမ်မှာပဲ စာစုသင်ဖို့ နေရာ ရွေးလိုက်ကြတယ်။
ဒီမှာ ဂျပန်စာ သင်တန်း တက်တော့မယ်ဆိုရင် အရင်ဆုံး Placement Test ဖြေရတယ်။ ပိုက်ဆံပေးတက်တာဆိုတော့ တက်တော့တက်ရမှာ။ ဒါပေမယ့် ကိုယ်က အခြေခံဘယ်လောက်ရှိသလဲဆိုပြီး ရေးဖြေ နှုတ်ဖြေ ပြီးတော့ ဂျပန်စာ Hiragana, Katakana, Kenji ဘယ်လောက်ဖတ်တတ် ရေးတတ်လဲ ဆိုပြီး အရင်ဆုံး စစ်တယ်။ အဲဒါပြီးမှ Level ခွဲတယ်။ Basic Level I, Level II, Intermediate, Advance ပေါ့။ ကျွန်မက ရန်ကုန်မှာလည်း Basic သင်ခဲ့ဖူးတယ်။ အရင် ၂၀၀၅ ခုနှစ်လာတုန်းကလည်း ရုံးက ဆရာမငှားပြီးသင်ပေးတော့လည်း Basic ပဲ။ အဲဒီ့ကကို မတက်တော့ဘူး။ မပြောဖြစ်တော့လည်း စာတွေ မေ့ကုန်တာပဲ။ နောက်ပြီး စာအုပ်ထဲသင်ရတာနဲ့ အပြင်မှာပြောနေကြတာက လုံးလုံးမတူတော့ သူပြောရင် ကိုယ်မသိ၊ ကိုယ်ပြောတာ သူနားမလည်။ ဂျပန်စကားသာ လေ့လာနေတာ စကားလုံးဆိုလည်း အကုန်မေ့။ ပြောလိုက်ရင်လည်းတလွဲနဲ့ ကြာတော့လည်း စိတ်ဓာတ်ကျချင်လာသလိုလို။ ဖတ်တတ်ဖို့ကတော့ ဝေလာဝေးပဲ။ အခု ဆရာမလေးတွေက ဘာကို အဓိက ထားပြီးသင်ချင်တာလဲ မေးတယ်။ ပြောတာလား၊ရေးတာလား၊နားထောင်တာလား၊ ဖတ်တာလားပေါ့။ အကုန်သင်ပေးပါလို့ပြောလိုက်တယ်။ ( လေကတော့ မလျှော့ဘူး.. ဟုတ်တယ်လေ)
ဂျပန်တွေက နိုင်ငံခြားသားတော့ အထင်ကြီးကြသား။ အဓိကကတော့ အမေရိကန်ပေါ့။ ဒါပေမယ့် အင်္ဂလိပ်လို သိပ်ပြောလေ့မရှိဘူး။ ကျွန်မတို့လည်း ဂျပန်သာ ဘုမသိ ဘာမသိရောက်လာတာ တခုခု မသိရင် ရုံးက HR မှာရှိတဲ့ ဂျပန်မလေးဆီပြေးပြီး မေးရတယ်။ ရုံးမှာကတော့ အင်္ဂလိပ်လိုပဲ ပြောရတယ်။ ဂျပန်တွေနဲ့ အလုပ်မလုပ်ရဘူး။ အဲဒီ့တော့ ရုံးမှာအလုပ်လုပ်ဖို့အတွက် ဂျပန်စာ လုံးဝမလိုပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်ပြောဆိုဆက်ဆံရမဲ့ဟာတွေကျတော့ ဂျပန်စာမတက်ရင် နည်းနည်းတော့ ကသီတာပေါ့။ နောက်ပြီး ကိုယ့်ရဲ့ အသိုင်းအ၀ိုင်းကလည်း သိပ်မကျယ်ပြန့်တော့ဘူး။ ဒါကြောင့် သူတို့က သင်ပေးမယ်ဆိုတာကို မငြင်းပဲ ခပ်မြန်မြန်ပဲ ခေါင်းညိတ်လိုက်မိတယ်။
သြဂုတ် ၉၊ ၂၀၀ရ။
1 comment:
ဂျပန်လိုပါ ဘလော့ဂ်လို ရတော့မယ်... ဒီလိုမျိုးလေး...
ဝတားရှိ ၀ါတားကျော် - (၀က်သားရှိ ၀က်သားကြော်)
Post a Comment