August 11, 2007

Ichi Yen (အိချိယန်း)

ကျွန်မက ဈေးဝယ်ရင် အိမ်နားက department store မှာ ၀ယ်လေ့ရှိတယ်။ အဲဒီ့ဆိုင်က weekend ဆိုရင် ဈေးလျော့တာတွေရှိသလို ညနေစောင်းရင် half price ဆိုတော့ ကျွန်မအတွက်ကတော့ ၀ယ်လို့အကောင်းဆုံးပဲ။ အိမ်နဲ့လည်း နီးတယ်ဆိုတော့ အဆင်ပြေပါတယ်။

မနေ့ကတော့ ထိုင်းကုန်စုံဆိုင်ရှိတဲ့ဘက်ကို စက်ဘီးနဲ့ သွားဖြစ်ခဲ့တယ်။ ရုံးးဆင်းပြီးမှ သွားတာဆိုတော့ ထိုင်းဆိုင်ဘက်ရောက်တော့ မှောင်နေပါပြီ။ ရုံးကနေဆိုရင် မိနစ် ၂၀ လောက် စက်ဘီးစီးပြီးမှ ရောက်တာကိုး။ ထိုင်းဆိုင်လေးရှိလို့သာ Osaka မှာ နေရတာ တော်တော်အဆင်ပြေတာပါ။ Tokyo မှာလို မြန်မာဆိုင်မျိုးလည်းမရှိဘူး။ တခြားမြန်မာတွေနဲ့လည်း တခါမှ မဆုံဘူးသေးဘူး။

ထိုင်းဆိုင်က အပြန်မှ တရုတ်ဆိုင်ကို ၀င်ကြတယ်။ ဆိုင်နာမည်က ဂျပန်နာမည် ရှိပြီးသား။ ကိုယ့်ဘာသာကိုယ် တရုတ်ဆိုင်လို့ အလွယ်ခေါ်တာ။ တရုတ်ဆိုင်ဆိုလို့ တရုတ်အစားအစာ ရောင်းတာ မဟုတ်ပါဘူး။ ဆိုင်ဝန်ထမ်းတွေက တရုတ်လူမျိုးတွေမို့ တရုတ်ဆိုင်လို့ခေါ်တာပါ။ supermarket အသေးစားလေးပါပဲ။ အစားအသောက်နဲ့ပတ်သက်တာ အကုန်ရတယ်။ Ready Made ချက်ထားပြီးသားတွေကို ဗူးတွေနဲ့ ထုတ်ထားပြီးသားလည်းရောင်းတယ်။ ဟင်းသီး၊ဟင်းရွက်၊ အသား၊ငါး၊ အအေးမျိုးစုံ လည်းရတယ်။

အဲဒီ့ဆိုင်ရဲ့ customerကို ဆွယ်တာက တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ အပတ်တိုင်းလိုလို အဲဒီ့ဆိုင်ကိုသွားဖြစ်တာက သူ့ဆိုင်က ယန်း ၁၀၀၀ ဖိုးဝယ်ရင် ၁ ယန်းတန် လက်ဆောင်ပေးလို့ပါ။ ပိတ်ရက်ဆိုရင် ၁ယန်းတန် ၁ ခုကနေ ၃ခုလောက် အထိ ရတတ်ပါတယ်။ တခါတလေလည်း ၁ ခု လောက်ပါပဲ။ ရောက်တာ နောက်ကျသွားရင်လည်း ကုန်သွားလို့ မရခဲ့တာမျိုးလည်း ရှိပါတယ်။ ယန်း ၂၀ လောက် ကနေ ယန်း ၁၀၀ တန် ပစ္စည်းမျိုးတွေကို ပေးတာပါ။ ၁ ပတ်စာ ၀ယ်ရင် အနည်းဆုံး ယန်း ၁၀၀၀ ကတော့ အသာလေးကျော်တာဆိုတော့ တပတ် တပတ် ၁ ယန်းတန် ဘာများရမလဲဆိုပြီး အဲဒီ့ဆိုင်ကို သွားဖြစ်တာပါ။ ဆိုင်အ၀င်မှာတော့ ဒီနေ့အတွက် ၁ ယန်းက ဘာတွေပေးမယ်ဆိုပြီး စာကပ်ထားပေမယ့် ကျွန်မကတော့ ပစ္စည်းအမည် မသိတာရယ် စာမဖတ်တတ်တာကြောင့် သူတို့ က ၁ ယန်းလို့ စာကပ်ပြီး စက္ကူပုံးထဲ ထည့်ထားတဲ့ဟာကို မြင်သလောက် ယူလာလိုက်တာပဲ။ သူတို့ခေါ်တာကတော့ ichi yen (အိချိ ယန်း) ပေါ့။

ဒီတပတ် ကျွန်မ ရလာတာက မြေပဲလှော်ထုတ်ပါ။ အပြင်မှာဝယ်ရင် ယန်း ၁၀၀ လောက်တော့ ပေးရပါတယ်။ များသောအားဖြင့် ရလေ့ရှိတာက အမှိုက်ထည့်တဲ့အိတ်၊ အအေးဘူး၊ ဆပ်ပြာခွက်၊ Aluminum Foil၊ ပန်းကန်ဆေးရင် သုံးတဲ့ sponge၊ ရေချိုးရင် သုံးတဲ့ ကိုယ်တိုက်လို့ရတဲ့ဟာ၊ ကြက်သွန်ဖြူ ၁ လုံး၊ ခေါက်ဆွဲခြောက်၊ ခေါက်ဆွဲအစို၊ လက်သုတ်ပုဝါ၊ တခါတလေလည်း ဂျပန်မုန့်ထုပ်တွေ၊ တခြား တိုလီမိုလီလေးတွေရတတ်တာမို့ ကျွန်မကတော့ အားရင် တရုတ်ဆိုင်ဘက်ဈေးဝယ်ထွက်ပြီး ကိုယ်ကြိုက်တဲ့ ၁ ယန်းတန်ရလာရင် ဘာမှမဟုတ်ပေမယ့် သဘောကျမဆုံးပါဘူး။ ဒါပေမယ့် တမျိုးကို ၁ ခုပဲ ယူလို့ရပါတယ်။

သြဂုတ် ၁၀၊ ၂၀၀၇။

No comments: