တနင်္ဂနွေနေ့က Photo Club အသင်းသားတွေနဲ့ မီးထွန်းပွဲတော် လိုက်သွားဖြစ်ခဲ့တယ်။ မီးထွန်းပွဲတော်က Nara (နရ) မှာပါ။ Osaka ကနေဆိုရင် ၄၅ မိနစ်လောက် ရထားစီးပြီးမှ ရောက်ပါတယ်။ လမ်းလျှောက်ရင်း ဓာတ်ပုံရိုက်လိုက်ကြတာ ညနေ ၆ နာရီလောက်ကျတော့ လူတွေလည်း တော်တော် ပင်ပန်းနေကြပါပြီ။ ဗိုက်လည်း တော်တော်ဆာနေကြပြီလေ။ (၂ နာရီလောက် တောက်လျှောက် လမ်းပဲလျှောက်နေတာကိုး) ဒါနဲ့ ညစာ တခုခုစားမယ်ဆိုပြီး ဂျပန်ဆိုင်မှာပဲ ညစာ ၀င်စားဖြစ်ကြတယ်။
ဆိုင်နေရာကကျဉ်းပေမယ့် လူဆန့်အောင် အကန့်လေးတွေ ကန့်ထားတာမို့ ကျွန်မတို့သွားတဲ့ လူ ၂၀ ကျော်နဲ့တင် အပေါ်ထပ် တခုလုံး လူပြည့် လုနီးပါးဖြစ်သွားတာပေါ့။ ကျွန်မတို့နဲ့ သူငယ်ချင်း ဂျပန်မလေး လာထိုင်တော့ ညစာအတွက် မှာစားရတာ တော်တော် အဆင်ပြေခဲ့ပါတယ်။ သူက Menu ကိုတခုချင်းစီရှင်းပြပေးတာကိုး။ ဒါကြောင့် ကျွန်မတို့လည်း တခါမှ မစားဘူးတဲ့ ဂျပန်အစားအစာ အသစ်တွေကို သူ့ကျေးဇူးကြောင့် စားဖြစ်ခဲ့ပါတယ်။

ဒီဟာကို Menu မှာ ရေးထားတာက Kayaku Teishoku (ခရခု တဲအိရှိုးခု) ဆိုပြီးရေးထားတယ်။ Kayaku ကတော့ အသားရယ် ဟင်းသီးဟင်းရွက်ရယ် ချက်ထားတဲ့ထမင်းပါ။ Teishoku က set ပေါ့။ ထမင်းရယ်၊ main dish ရယ် side dish ပါတာကို ခေါ်တာ။ အခုကျွန်မ မှာစားခဲ့တာက Kayaku ထမင်းရယ် ပြီးတော့ Oden (အိုဒန်း) ရယ်၊ misoshiru soup (မီစိုရှိရု) ပါ။ အမှန်ကတော့ အိုဒန်းကို ဆောင်းတွင်းမှာပဲ စားကြတာပါ။ အခုမြင်ရတဲ့ အိုဒန်းက တကယ့် အိုဒန်းလိုမျိုး အတိအကျတော့ မဟုတ်ပါဘူး။ တကယ့် အိုဒန်းအစစ်က မုန်လာဥဖြူ၊ ကြက်ဥ၊ ပဲပြား၊ မှို၊ fish cake အပြင် တခြား ကျွန်မ မသိတာတွေလည်းရှိပါတယ်။ အဲဒါတွေကို အကုန်စုပြီးထည့်ပြုတ်ထားတာပါ။ အရသာက အချိုဘက်ကို ပိုများတယ်။ miso soup ကတော့ ပဲနှစ်ရည်နဲ့ ပင်လယ်ရေညှိနဲ့ ချက်ထားတဲ့ ဟင်းချိုပါ။ ဂျပန်တွေကတော့ ကျန်းမာရေးကောင်းတယ် အားရှိတယ်ဆိုပြီး မနက်တိုင်း သောက်လေ့ရှိပါတယ်။ အခုတခါ စားဖြစ်ခဲ့တဲ့ ညစာကတော့ စားလို့ကောင်းသလို ဈေးကလည်း သိပ်မများပါဘူး။ ယန်း ၄၇၀ ပေးရတာဆိုတော့ ၃ ဒေါ်လာလောက်ပါပဲ။
အိုဒန်းအစစ်ကတော့ ဒီလိုမျိုးပါ။ (အရသာရှိမဲ့ပုံပါပဲ.. လာမဲ့ဆောင်းတွင်းရောက်မှ မြည်းကြည့်ရအုံးမယ်..)
ဓာတ်ပုံကို ဒီနေရာ က ယူပါတယ်။

သြဂုတ် ၁၂၊ ၂၀၀၇။
2 comments:
အစ်မ ဘလော့ဂ်လေးကို ကျွန်တော့်ရဲ့ Feed Peek မှာ ထည့်ပါရစေ။ (တကယ်တော့ ထည့်ပြီးသွာပါပြီ) အခုချက်ချင်း ဒါမှမဟုတ် နောင်တစ်ချိန်ချိန် ဖြုတ်စေချင်ရင် ပြောပါ။
အော်..ဂျပန်ဗားရှင်းရန်ကုန်သူအတုမှန်းခုမှပဲသိတော့တယ်..တော်တော်နောက်တာပဲ..တောင်ကြီးမှာလိုလို..၇န်ကုန်မှာလိုလို..ဂျပန်မှာလိုလို..နောက်တခါ..အီရတ်ရောက်သွားဦးမယ်..
ဘလော့ကတော့..ဂျပန်ကလော့လို့လားတော့မသိ...ပြောင်ရှင်း..သန့်ပြန့်နေတာပဲ..ဂျပန်စတိုင်လေး..
တို့..ယူထားလိုက်ပီနော်...နေဦ..ကြုံရင်..ဆူရှီလုပ်နည်းပေးပါဦး..ဒီမှာအရမ်းငတ်တယ်..
Post a Comment