August 8, 2007

၁၉ နှစ်တိုင်ခဲ့ပြီ

ဒီနေ့ပြန်ရောက်လာပြန်ပြီ။ ၇ ရက် ၇ လ တုန်းကလည်း အမှတ်တရ အထင်ကရ ဖြစ်ရတဲ့ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲလို့ ဆိုပြီး blog တော်တော်များများမှာ တင်ထားကြတော့ ဖတ်ဖြစ်ခဲ့တယ်။

နောက်တခါ ၁၉ ဇူလိုင် အာဇာနည်နေ့နဲ့ပတ်သက်ပြီးတော့လည်း blog စာမျက်နှာတွေမှာ ကျဆုံးသွားတဲ့အာဇာနည်ကြီး အကြောင်းတွေ တင်ကြတယ်။ ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ဘယ်သူမှ ကိုယ့် blog မှာတောင် post အသစ် မတင်ပဲ ၀မ်းနည်းကြောင်းပြသကြတယ်။

အခုတခါ ၈၈၈၈ အရေးတော်ပုံ။ ဘာလိုလိုနဲ့ ၁၉ နှစ်ပြန်တိုင်ခဲ့ပြန်ပါပြီ။ အဲဒီ့အချိန်တုန်းက ၈ တန်းကျောင်းသူပဲ ရှိသေးတော့ အခုချိန်မှာ ပြန်တွေးလိုက်မိရင် တို့အရေး.. တို့အရေး အော်တာတွေ။ ဆန္ဒပြတဲ့သူတွေကို လမ်းထိပ်မှာ ထွက်ကြည့်ခဲ့တာတွေ ဒါတွေဟာ ခပ်ရေးရေး လောက်ပဲ ကျန်ခဲ့ပါတော့လား။ ဆန္ဒပြတဲ့သူတွေ အော်ကြတာက “နဖူးပြောင်ပြောင် ဦးမောင်မောင် အရူးထောင်ကို ပို့လိုက် ပို့လိုက်“ ဆိုတာမျိုးလည်း ကြားခဲ့ရတယ်။ ဂျာနယ်တွေ သတင်းတွေမှာ တွေ့ရတဲ့ ရှစ်လေး လုံးရဲ့ အနိဌာရုံတွေကလည်း မမြင်ချင်မှ အဆုံး။ ဂိုဒေါင်တွေဖောက်ကြ၊ စက်ရုံတွေ ဖျက်ဆီးပစ်ပြီး ပစ္စည်းတွေ လက်သင့်ရာ ယူကုန်ကြတာတွေ။

မှတ်မိတာကတော့ ကျွန်မ ဦးလေးအငယ်က စက်မှု ၁ မှာ အလုပ်လုပ်နေတာ ၈၈ အရေးအခင်းတွေလည်း ပြီးရော ဦးလေးက ဆန္ဒပြတဲ့လူအုပ်နောက်ကနေ လက်ခုပ်တီးအားပေးလို့ဆိုပြီး အလုပ်က အထုတ်ခံရတယ်။ သူတို့က ဓာတ်ပုံပြပြီးတော့ကို လုပ်တာ။ နောက်တခုက ကျွန်မငယ်သူငယ်ချင်း ကောင်လေးက ကျောင်းတက်ချိန်ပေါ့ တို့အရေး.. တို့အရေးဆိုပြီး ရှေ့ကနေ အလံဆွဲပြီး အော်သွားတာ နောက်လှည့်ကြည့်တော့ သူ့နောက်မှာ ဘယ်သူမှ ရှိမနေဘူးလေ။ ပထမတုန်းကတော့ ကျောင်းသားတွေ စုပြီး ဆန္ဒပြမယ်ဆိုပြီး တိုင်ပင် ထားပြီးသားကို သူတယောက်ပဲ ရှေ့ကနေ ထွက်သွားတော့ သူ့ကို နောက်သိပ်မကြာခင်ပဲ လာဖမ်းတယ်။ သူ့မိဘတွေက သားတယောက်တည်းမို့ ရင်နာနာနဲ့ပဲ ထည့်ပေးလိုက်ရတယ်။ ၁ လခွဲလောက် ထောင်ကြသလိုမျိုးနေလိုက်ရတာပေါ့။ သူ့အဖေက ထောင်ဆရာဝန်ဆိုတော့ ၈၈ တုန်းက ကျောင်းသားတွေကို အတော်ကူညီခဲ့သူပါ။ ကျောင်းသားတွေအတွက် ကျန်းမာရေးကို အကူအညီပေးတဲ့သူဆိုပြီး အရေးအခင်းလည်းပြီးရော တခါတည်း နယ်စပ်ဘက်ကို ပို့ပစ်လိုက်တယ်။ အခုထိပါပဲ ရန်ကုန်မှာ တာဝန်မထမ်းဆောင်ရတာကြာပြီ။ မိသားစုနဲ့လည်း တကွဲတပြားဆီနေရတာ အရေးအခင်းပြီးတဲ့ နောက်ပိုင်းကတည်းကပါပဲ။

နောက်တခါကတော့ ၁၉၉၆ မှာ တခါကျောင်းပြန်ပိတ်တယ်။ ၉၆ တုန်းကတော့ တက္ကသိုလ် တက်နေပြီ။ ၉၆ ကနေ စပြီးကျောင်းပိတ်လိုက်တာ ၁၉၉၉ နှစ်ကုန်လောက်မှာ ပြန်တက်ရပြီး ၂၀၀၀ မတ်လမှာ စာမေးပွဲဖြေပြီးတယ်။ အဲဒီ့ကတည်းက ကျောင်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာ ဒီနေ့အထိပဲ။ ကျောင်းက ပညာရေးကိုလည်း စိတ်ကုန်သွားခဲ့တယ်။ ကျောင်းကိုလည်း ဘွဲ့ယူတုန်းကပဲ ရောက်ဖြစ်တယ် နောက်ပိုင်း မရောက်ဖြစ်တော့ပါဘူး။ အခုတော့လည်း စစ်ဗိုလ်တွေအတွက် သီးသန့်ကျောင်းလိုဖြစ်နေပါပြီ။

၈၈ နောက်ပိုင်းကစလို့် မြန်မာပြည်လည်း ကံဆိုးမှုတွေနဲ့ပဲ ဆက်တိုက်ကြုံနေရတော့တာ ဒီနေ့ထက်ထိတိုင်အောင်ပဲ။ လူတွေဟာ နိုင်ငံရေးကို စိတ်မ၀င်စားနိုင်လောက်အောင် စီးပွားရေး ချွတ်ခြုံကြမှုတွေနဲ့ လုံးပန်းရင်း လူတန်းစား ကွာဟာမှုဟာ သိသိသာသာကို ကွဲပြားသွားခဲ့ပါပြီ။ ၈၈၈၈ ဆိုပြီး ရန်ကုန်မှာလည်း ပြည်သူတွေအနေနဲ့ သတိမှရကြပါလေစ..

သြဂုတ် ၈၊ ၂၀၀၇။

3 comments:

မြရွက်ဝေ said...

၈၈မှာ ကျွန်မ ပထမတန်းဘဲ ရှိသေးတယ်ဆိုတော့ မnu-san က အသက် ပိုကြီးတယ်ပေါ့ :)
သိသွားပြီ။

Thet Oo said...

၈၈ မှာ ကျနော်က အသက် ၂၄ နှစ်ရှိပါပြီ။ ဒါပေမယ့် ကြုံတွေ့ခဲ့ရတာတွေကို ပြန်စဉ်းစားရင် မနေ့တနေ့ကလိုပါပဲ။ ၈၈ နောက်ပိုင်းတက်လာတဲ့ စစ်အစိုးရကဗျာ. သူတို့ကျတော့ နိုင်ငံကို အုပ်ချုပ်နေတယ်. ကျန်တဲ့သူတွေကိုတော့ နိုင်ငံရေး ကင်းရှင်းရမယ်တဲ့။ နိုင်ငံကို အုပ်ချုပ်နေတာ နိုင်ငံရေး မဟုတ်ဘူးလား။ နိုင်ငံရေးကို တို့ပဲ လုပ်မယ် မင်းတို့ မလုပ်နဲ့ဆိုတာ သူတို့မှာ ပြောပိုင်ခွင့်မရှိပါဘူး။ ကျနော် ဒီဘလော့ကို တွေ့တာ ရက်ပိုင်းပဲရှိပါသေးတယ်။ ပို့စ်အဟောင်းတွေ လိုက်ဖတ်ရင်း စိတ်ထဲ ရေးချင်တာ ပေါ်လာလို့ပါ။ ခင်မင်လျှက်

ဂျူနို said...

၁၉ နှစ် တိုင်ခဲ့ပြီ မနုစံရေ။
မအယ် ဆရာမ ပြောတာ သတိရပါတယ်။ သူပုသိမ်ကောလိပ်တက်တုန်းက ပုသိမ်ကောလိပ်မှာ ကျောင်းသားအရေးဖြစ်တာနဲ့ ကြုံတယ်တဲ့။

အရေးအခင်းလည်းပြီးရော အဆောင်ဟင်းတွေ ကောင်းလာတယ်။ နို့ ဆီတွေ ပိုရလာတယ်တဲ့။

ဆန္ဒပြတဲ့ အတန်းကြီးက အကိုကြီးတွေ ကတော့ အဖမ်းခံရ ကျောင်းထုတ်ခံရ ထောင်ကျသွားကြတယ်တဲ့။
သူပြန်စဉ်းစားတော့ နို့ ဆီဘူးနဲ့ ကျောင်းသားတွေနဲ့ ကို လဲယူခဲ့ရသလိုပဲတဲ့။

ခုလည်း ကျောင်းသာတွေ သေကြ ဖမ်းခံရကြ ထောင်ကျကျဆိုတော့ နိုင်ငံတကာက တို့ ကျောင်းသားတွေကို ပို အာရုံစိုက်လာလို့  နိုင်ငံခြား ပညာသင်ဆုတွေ အရင်ကထက် ပိုရလာကြတယ်တဲ့။

သေပေးရ ဖမ်းခံရ အနှိပ်စက်ခံရတာ တိုင်းပြည်တွက် အရမ်း အားထားရမဲ့ သိတ်တော်တဲ့ သူတွေကို ပညာတော်သင်ဆု ရစေသလိုဆိုတော့ နို့ ဆီနဲ့ လဲခဲ့ရတာထက် စာရင် သာသေးတယ် ဆိုရမလားပဲလို့ ပြောတယ်။

၁၉ နှစ်မှာ တကယ်တန်း ဘာတွေ ဘယ်သူတွေ ရပြီး ဘယ်သူတွေ ဘာတွေ ပေးဆပ်ခဲ့ရတယ်ဆိုတာ တော့ သမိုင်းကပဲ ပြောမှာပါ။

မအယ်