August 7, 2007

Flower Arrangement - June 14, 2007


ရုံးမှာက ၀ါသနာတူတဲ့သူတွေ စုပြီး club လေးတွေ ထောင်ထားကြတယ်။ ကြားမိသလောက်ကတော့ Photo club, Library club, Flower club, Remote controlled airplane club အစရှိသဖြင့်ပေါ့။ အဓိကကတော့ ၀န်ထမ်းတွေအတွက် Entertainment အနေနဲ့ ကိုယ်ဝါသနာပါရာကို အုပ်စုလိုက် စုလုပ်ကြတဲ့သဘောပါပဲ။ အဲဒီ့အတွက်လည်း Company က Quarter အလိုက် Budget ထုတ်ပေးပါတယ်။ ကျွန်မတို့ R&D Department ရဲ့ Director က ဓာတ်ပုံရိုက်တာ ၀ါသနာပါတော့ ကျွန်မအမျိုးသားကို Photo club ထဲဝင်ဖို့ပြောပါတယ်။ ကျွန်မက Photo club ဆိုရင် စိတ်မ၀င်စားဘူး (ကင်မရာကောင်းကောင်းမှမရှိတာ) ပန်းအလှပြင်တဲ့ club ဆို ဟုတ်သလိုလိုရှိတယ်ဆိုပြီး အမျိုးသားကိုပြောလိုက်မိရာက Director ကနေပြီး ပန်းအလှပြင်တဲ့ group က ဂျပန်မလေးနဲ့ မိတ်ဆက်ပေးပါလေရော.. အဲဒီ့လိုနဲ့ club ထဲကို ဂျပန်စကား တလုံးမှ မတတ်ပဲ သူတို့နဲ့အတူ ပြီးခဲ့တဲ့ပန်းအလှပြင်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ပန်းအလှပြင်တဲ့ အုပ်စုက များသောအားဖြင့် မိန်းခလေးတွေများပေမယ့် ထူးထူးခြားခြား ယောင်္ကျားလေး ၁ ယောက်လည်းပါပါတယ်။ Member ၀င် ၂၅ ယောက်လောက်ရှိပေမယ့် အဲဒီ့နေ့ကတော့ ၂၀ လောက်ပဲ လာကြတယ်။ ကျွန်မသူငယ်ချင်း ဂျပန်မလေးက အင်္ဂလိပ်လိုပြောတတ်တော့ သူကပဲ ကျွန်မကို ဒိုင်ခံဘာသာပြန်ပေးပါတယ်။ သူတို့အရင်တုန်းက ပန်းအလှပြင်ရင် တကယ့် ပန်းအစစ်နဲ့လုပ်ကြတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အခေါက်ကတော့ နှင်းဆီပန်းအစစ်ကို chemical နဲ့ စိမ်ထားတဲ့ပန်းနဲ့ အလှဆင်ကြတာပါ။ ဆေးစိမ်ထားတော့ ပန်းက အမြဲတမ်းပဲ လန်းဆန်းနေပြီး ဘယ်တော့မှ မခြောက်တော့ဘူးပေါ့။

လူတယောက်ချင်းစီကို နှင်းဆီပန်း ၃ ပွင့်၊ ကမာအပြားလို အပြားလေး ၅ ပြား၊ စက္ကူကော် ၁ ချောင်း၊ နန်းကြိုးမျှင် ၇ ချောင်း၊ ပန်းခြောက် ၁ ခက်၊ အလှဆင်တဲ့ပုလဲ ၁ တွဲ၊ ပန်းအိုး ၁ လုံး၊ ဖော့တုံး ၁ ခု ရတယ်။ အဲဒါလေးတွေပေါ်မူတည်ပြီး ကိုယ်ကြိုက်သလို ဒီဇိုင်းထွင်ကြတာပေါ့။ တဆင့်ချင်း ဘာပြီးရင် ဘာလုပ်ရမလဲဆိုပြီးလည်း group leader ကရှင်းပြပါတယ်။ ပထမဆုံးက ပန်းအိုးထဲကို ဖော့တုံးထည့်ပြီး ချော်မထွက်အောင် ကော်နဲ့ကပ်တယ်။ ပြီးတော့မှ ပန်းခြောက် ခက်လေးတွေကို တခုချင်းစီ ဖဲ့ အခက်လေးတွေဖြစ်အောင် လုပ်ရပါတယ်။ အဲဒါပြီးရင်တော့ နှင်းဆီပန်း ၃ ပွင့်ကို ဖော့တုံးမှာ ကိုယ်ကြိုက်သလို နေရာချပါတယ်။ မမြဲမှာစိုးရင်တော့ ကော်ကပ်ထားတာ အကောင်းဆုံးပေါ့။ ကမာပြားလေးနောက်မှာလည်း နန်းကြိုးမျှင်နဲ့ ပူးကပ်ပြီး ကော်သုတ်ထားတယ်။ အဲဒါတွေ ပြီးတော့မှ နှင်းဆီပန်းဘေးမှာ သင့်သလို ပန်းခြောက်ရယ် ကမာပြားလေးတွေရယ်ကို ဖော့တုံးမှာ ထိုးစိုက်ပါတယ်။ နောက်ဆုံးမှ အလှဆင်တဲ့ ပုလဲကြိုးလေးတွေကို ပန်းပေါ်မှာ လှသလို လွှားတင်ထားလိုက်ပါတယ်။ အပေါ်ကပြုလုပ်တဲ့အဆင့်တွေကတော့ ကျွန်မ ဥာဏ်ထွက်သမျှ လှသလိုလုပ်ထားတာပါ။ ကိုယ့်စိတ်ကူးပေါ်မှာ မူတည်ပြီး ထွက်လာတဲ့ ပန်းအိုးတွေက တယောက်နဲ့တယောက်မတူတာမို့ တမျိုးစီတော့ လှကြတာပါပဲ။ အားလုံးပြီးတော့ သူတို့က ဓာတ်ပုံရိုက်ယူထားပြီး ရုံးက Intranet မှာ တင်ပေးပါတယ်။ ပထမဆုံးလက်ရာလေးကိုတော့ ရုံးက ကျွန်မ စားပွဲပေါ်မှာ ပဲတင်ထားလိုက်ပါတော့တယ်။



ပန်းအလှပြင်ဖို့ ကုန်ကြမ်းတွေလေ။


ပန်းအိုးနဲ့ ဖော့တုံးကို အရင် ကော်ကပ်ထားရတယ်။ နို့မို့ဆို လှုပ်နေမှာစိုးလို့။ ပြီးရင် ပန်းခြောက်အခက်ကြီးကို အသေးလေးတွေရအောင် နန်းကြိုးနဲ့ ပြန်ချည်ရတယ်။


ပြီးတော့ နှင်းဆီပန်း ၃ ပွင့်ကို လှသလို နေရာချထားလိုက်တယ်။ ပန်းခက်အသေးလေးတွေနဲ့ ပုလဲကြိုးလေးတွေ လှသလို လျှောက်ထည့်လိုက်တော့


နောက်ဆုံးတော့ ဒီလိုလေးရလာတာပေါ့..

ဇွန် ၁၄၊ ၂၀၀၇။

2 comments:

Unknown said...

အစ်မလိုရေးတတ်ချင်လိုက်တာ

Unknown said...

အစ်မနဲ ခင်ချင်တယ်