August 6, 2007

မီးပန်းလွှတ်ပွဲ - Hanabi


(၂၀၀၇၊ Kobe Hanabi)
August 4 ရက်နေ့က ကျွန်မတို့နေတဲ့ အိမ်ရှေ့က Yodogawa (ယိုဒိုဂ၀) မြစ်မှာ မီးပန်း လွှတ်ပွဲ ရှိတယ်ဆိုတော့ မြန်မာတွေ (စုစုပေါင်း ၄ ယောက်ထဲပါ) စုကြပြီး သူငယ်ချင်း ဂျပန်မလေးနဲ့အတူ အစားအသောက်တွေ တယောက်တအိတ်ဆွဲလို့ ညနေ ၆ နာရီလောက်မှာ မြစ်ကမ်းပေါ်တက် ခဲ့ကြပါတယ်။ မီးပန်းလွှတ်ပွဲကို ဂျပန်တွေ အခေါ်က Hanabi လို့ခေါ်တယ်။ Hana ဆိုတာ ပန်းပေါ့။ bi ကတော့ မီးပါ။ အားလုံးပေါင်းရင်တော့ မြန်မာအခေါ် မီးပန်းပါပဲ။

အဲဒီ့နေ့က မီးပန်းက ည ၇း၅၀ ကနေ ၈း၄၀ အထိပြမယ်ဆိုတော့ အေးအေးဆေးဆေး စားသောက်၊ စကားပြောရင်း ထိုင်စောင့်နေကြတာ။ မီးပန်းလွှတ်ပွဲဆိုရင် ယောင်္ကျား၊ မိန်းမ၊ ခလေး တော်တော်များများ ရိုးရာ ဂျပန်ဝတ်စုံ ၀တ်ပြီး လာကြတယ်။ ရည်းစားရှိတဲ့သူတွေကလည်း ရည်းစားနဲ့စုံတွဲခုတ် လာကြတယ်။ မိသားစုတွေကလည်း ခလေးလက်တွန်းလှည်းတွန်းလို့ပေါ့။ လက်ထဲမှာလည်း ယပ်တောင်လေးတွေ ကိုင်လို့။ အခုလို နွေရာသီ ၀တ်စုံကိုတော့ ဂျပန်လို yukata (ယုခတ) လို့ခေါ်ကြတယ်။

ကျွန်မတို့ရှေ့မှာ စောရောက်နှင့်နေတဲ့ ဘဘကြီး ၂ ယောက်ကလည်း ညနေ စောင်းကတည်းက မီးပန်းလွှတ်ရင် ဓာတ်ပုံရိုက်ဖို့ကို ကင်မရာအဆင်သင့်ပြင်ပြီး ဇွဲကောင်းကောင်းနဲ့ စောင့်နေကြတယ်။ ဒီလိုနဲ့ ၈ နာရီ ထိုးခါနီး မှောင်လာတော့ မီးပန်းက စပြီး လွှတ်ပါလေရော.. ကံမကောင်းချင်တော့များပြောပါတယ် ပထမ တချက် ၂ ချက်လောက် မီးပန်းလွှတ်တာကို မြင်ရပြီး နောက်ပိုင်း လွှတ်တဲ့ မီးပန်းတွေကို မမြင်ရတော့ဘူး။

ကျွန်မတို့ရွေးတဲ့နေရာက နေရာကောင်းဖြစ်ပေမယ့် လေကြောင်းက ကျွန်မတို့ရှိတဲ့ဘက်ကို တိုက်တော့ မီးပန်းကထွက်တဲ့ မီးခိုး နဲ့ ယမ်းတွေကြောင့် မီးပန်းလွှတ်တာကို ဘာမှ မမြင်ရတော့ဘူး။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူး ဖြစ်သွားတာပေါ့။ ဒါနဲ့ အားလုံးပြီးတဲ့အချိန်အထိ တစွန်းတစ မြင်ရတဲ့ မီးပန်းလေးတွေကိုပဲ စိတ်ဖြေသဘောလောက်ကြည့်ပြီး ပြန်လာခဲ့ရတယ်။

ကင်မရာမင်း ဘဘကြီး ၂ ယောက်လည်း စိတ်ပျက်လက်ပျက်ဖြစ်ပြီး ကင်မရာကို မြစ်ဘက်လှည့်ချိန်လိုက်၊ ညဘက် မီးရောင်တွေနဲ့မြင်ရတဲ့ ပတ်ဝန်းကျင်က တိုက်ခန်းတွေဘက် ကင်မရာချိန်လိုက်နဲ့ လေကြောင်းက သစ္စာဖောက်တာမို့ မီးပန်းပုံကောင်းကောင်းလည်း ရတဲ့ပုံမပေါ်ပါဘူး။ ကျွန်မတို့လည်း ဒီနှစ်အတွက် ဓာတ်ပုံကောင်းကောင်း မရခဲ့တာမို့ ရှိတဲ့ပုံပဲ တင်ပေးလိုက်ပါတယ်။ Movie တွေလည်း ရိုက်ထားတာ ရှိပေမယ့် blog မှာ ဘယ်လို တင်ရမလဲဆိုတာ မသိသေးလို့ နောက်မှ တင်ပေးပါ့မယ်။ နောက်နှစ်ဆိုရင်တော့ ဒီ့ထက်ကောင်းတဲ့နေရာကို သွားမယ်ဆိုပြီး ကျွန်မတို့ အားလုံး တပြိုက်နက်တည်း ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။


Yukata ၀တ်စုံဝတ်ထားတဲ့ ဂျပန်မလေးပါ။ လမ်းလျှောက်သွားတာကို လှမ်းရိုက်လိုက်တော့ နောက်ဘက်ကနေပဲ ရိုက်လိုက်ရပါတယ်။


ကင်မရာမင်းတွေက မီးပန်းလွှတ်ရင် ဓာတ်ပုံရိုက်ဖို့ ကင်မရာ အသင့်ပြင်ထားပြီး အစောကြီးကတည်းက လာစောင့်နေကြတာ။

သြဂုတ် ၄၊ ၂၀၀၇။

No comments: