တနင်္လာနေ့ ဇူလိုင် ၃၀ ရက်နေ့က ဂျပန်မှာ အပူဆုံးနေ့ပါ။ ဂျပန်လိုခေါ်တာက doyoo no ushi no hi (ဒိုရိုး နို ဥရှိ နို ဟိ) လို့ခေါ်တယ်။ သူတို့ကို ဘာအဓိပ္ပါယ်ရှိလဲမေးကြည့်တော့ အလုပ်အတူတူလုပ်နေတဲ့ သူငယ်ချင်း ဂျပန်မ လေး ပြောတာက အဲဒီ့နေ့ကို အင်္ဂလိပ်လိုဆိုရင် Dog days လို့ခေါ်တယ်တဲ့။ နွေရာသီ (summer) ကနေ ဆောင်းဦးပေါက် (autumn) ကိုပြောင်းခါနီး မှာ အပူရှိန်မြင့်လို့ ဂျပန်တွေက ငါးရှဥ့်စားလေ့ရှိကြတယ်။ အပူဆုံးနေ့မှာ ငါးရှဥ့်စားရင် အားရှိတယ် vitamin လည်းရတယ်။ အားပြန်ပြည့်တယ် အရမ်းပူတဲ့ရာသီဥတု ဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ် ဆိုတဲ့ အယူအဆနဲ့ ဂျပန်တိုင်းဟာ အဲဒီ့နေ့မှာ ငါးရှဥ့် ကို အထူးမှာစားလေ့ရှိတယ်။
ကျွန်မလည်း ရုံးက သူငယ်ချင်းမလေးက ထမင်းစားရင် အတူသွားစားမယ်လို့ ပြောတာနဲ့ သူတို့နဲ့အတူ နေ့လည်စာ သွားစားဖြစ်ခဲ့တယ်။ ပုံမှန် ရုံးချိန်က ၁၂ နာရီကနေ ၁ နာရီပါ။ ဒါပေမယ့် အဲဒီ့နေ့က ငါးရှဥ့်ထမင်းရောင်းတဲ့ဆိုင်မှာ လူတန်းစီပြီး အကြာကြီးစောင့်ရမှာမို့ စောစောထွက်ရအောင်ဆိုပြီး ၁၁ နာရီ ၄၅ မိနစ် ရုံးကနေ ထွက်လာကြတာပေါ့။ ဆိုင်က ရုံးနဲ့ ကပ်လျက်ပဲဆိုတော့ လမ်းလည်း အကြာကြီး လျှောက်မနေရပါဘူး ခဏလေးနဲ့ပဲ ငါးရှဥ့်ထမင်းရောင်းတဲ့ဆိုင်ကို ရောက်လာတယ်။ လူတွေက မတ်တပ်ရပ်လျက် တန်းစီနေတာ မနည်းပါဘူး။ ဂျပန်တွေ ထုံးစံက မဖြစ်မနေ ဒါကို ဒီနေ့မှာ စားရမယ်ဆိုရင် စားကို စားရမှဆိုတဲ့ဇွဲကတော့ တော်တော်ကောင်းတယ်ပြောရမယ်။ ကျွန်မစိတ်ကတော့ စောင့်ရတာကို စိတ်မရှည်တတ်တဲ့သူဆိုတော့ လူများတယ်ဆိုရင် ဘယ်တော့မှ အချိန်ကုန်ခံပြီး ရပ်စောင့်မနေပါဘူး။ ဒီနေ့မစားရလည်း မနက်ဖန်စားလို့ရတယ်ဆိုပြီး ပြန်ခဲ့မိမှာပါပဲ။ ဒါပေမယ့် ဂျပန်သူငယ်ချင်းတွေနဲ့သွားတော့ သူတို့နည်းတူ ရပ်စောင့်ရတာပေါ့။ ဆိုင်နေရာကလည်းကျဉ်းပြန် လူကလည်း များဆိုတော့ ဆိုင်မှာထိုင်စားဖို့ကို တော်တော်ကြာကြာစောင့်လိုက်ရပါတယ်။ ကျွန်မတို့ ထိုင်စားဖို့ နေရာရတော့ ၁၂ နာရီ ၄၅ မိနစ်ရှိနေပါပြီ။ ကျွန်မလည်း ရန်ကုန်မှာကတည်းက ငါးရှည့်ဆိုရင် လုံးလုံးမစားတာ အခု သူတို့ကခေါ်လို့ စားဖူးတယ်ရှိအောင်သာ လိုက်စားဖြစ်တာ စားမှ စားနိုင်ပါ့မလားဆိုပြီး စိုးရိမ်တာလည်း ပါတယ်။ စောင့်ရတာ ကြာလို့ စိတ်လည်း သိပ်မရှည်ချင်တော့ပါဘူး။
၁ နာရီထိုးခါနီးတော့ ကျွန်မတို့စားဖို့အတွက် ယွန်းဘူးလို ထမင်းဘူးလေးတွေ တစ်ယောက် တစ်ဘူးလာချပေးပါတယ်။ ပြီးတော့ ဟင်းချို၊ ထမင်းနဲ့အတူ စားလို့ရတဲ့ ချဉ်ဖတ်၊ နောက်ဆုံးတော့ ရေနွေးကြမ်းပေါ့။ ကျွန်မလည်း ထမင်းဘူးကို ဖွင့်ကြည့်တော့ ထမင်းကို အောက်ကထား၊ ငါးရှည့်ကို ပဲငံပြာရည်လိုမျိုးနဲ့မီးကင်ထားပြီး ထမင်းနဲ့ ပြန်ပေါင်းထားသလိုမျိုးပါ။ အဲဒီ့လို လုပ်ထားတယ်လို့ထင်တာပါပဲ။ တခါမှလည်း မစားဖူးတော့ စားခါစက စားကောင်းသလိုလိုနဲ့ ကြာကြာ စားမိတော့ ငါးရှဥ့်ညှီနံ့မခံနိုင်တာရယ် ပြီးတော့ စားရင်းလည်း အီလာတော့ နောက်ပိုင်းထမင်းလုတ်တွေက ဟင်းချိုနဲ့ မျောချ၊ ရေနဲ့မျောချပြီး တစ်ဘူးကို ကုန်အောင်စားခဲ့ရပါတယ်။ ဂျပန်တွေ ထုံးစံက ကိုယ်က သူတို့အစားအစာကို စားကြည့်ပြီး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဟန်ဆောင်ပြီး Oishi (အိုအိရှိ) အရသာရှိတယ် ဆိုပြီး ပြောကြတယ်။ အဲဒီ့တော့ ကိုယ်ကလည်း မကြိုက်ပေမယ့် Oishi ဆိုတာကို တွင်တွင်ပြောရင်း ပါးစပ်ထဲက ထမင်းလုတ်ကိုပဲ ရေနဲ့မျောချရပါတော့တယ်။ ဂျပန်လို ငါးရှဥ့်ကို ခေါ်တာ unagi (ဥနဂိ) တဲ့။
ဇူလိုင် ၃၀၊ ၂၀၀၇။
No comments:
Post a Comment