October 18, 2009

ကြေးအိုး

ကျမအကြိုက်ဆုံး အစားအစာတွေထဲမှာ ကြေးအိုးက ထိပ်ဆုံးကပါ။ ကြေးအိုးများ စားရမယ်ဆို ဘယ်အချိန်ပဲ စားရ စားရ ဘယ်တော့မှ မမုန်းဘူး။ နေထိုင်မကောင်းဖြစ်လို့ ခံတွင်းပျက်နေရင်လည်း ကြေးအိုးဝယ်စားလိုက်တာပဲ။ သူငယ်ချင်းတွေ စုပြီး တခုခုစားမယ်ဆိုလည်း ကြေးအိုးဆိုင်ပဲ သွားဖြစ်တာ များတယ်။ ကျမက ကြေးအိုးကို အရည်နဲ့စားရတာ ပို ကြိုက်ပြီး အမျိုးသားကတော့ ကြေးအိုးဆီချက်ပဲ စားပါတယ်။

*****


ကြေးအိုး စ ပြီး စားတတ်တာ တက္ကသိုလ် ရောက်မှပါ။ အဲဒီမတိုင်ခင်ကတော့ စားရကောင်းမှန်းလည်း မသိခဲ့ပါဘူး။ ပါပါးနဲ့ မြို့ထဲ လိုက်သွားရင် ဆီချက်ခေါက်ဆွဲပဲ စားဖြစ်တာဆိုတော့ ဆီချက်ခေါက်ဆွဲလောက်ပဲ စားရကောင်းမှန်းသိခဲ့တယ်။ လှိုင်ကောလိပ်ရောက်တော့ ကျောင်းထဲမှာ ဖွင့်ထားတဲ့ ဟာမိုနီ စားသောက်ဆိုင်မှာ စ ပြီး စားဖြစ်ခဲ့တာ။ အဲဒီဆိုင်မှာ ရောင်းတဲ့ ကြေးအိုးက အရမ်းစားကောင်းလှတဲ့အထဲမှာ မပါပါဘူး။ ဒါပေမယ့် ကျမက အရည်ရယ် ကြာဇံရယ် အသားရယ် ရောပြုတ်ထားတာကို ငရုတ်ဆီနဲ့ တွဲပြီး စားရတာ သဘောကျတာမို့ ကြေးအိုးက ကျမ အကြိုက်ဆုံးအစားအစာ ဖြစ်လာခဲ့တာပါ။ အင်းစိန်မှာဆိုရင်တော့ လမ်းသစ်လမ်းမှာ ဖွင့်ထားတဲ့ ဟန်နီဆိုင်မှာ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မောင်နှမတွေ စုပြီးပဲဖြစ်ဖြစ် သွားစားဖြစ်ခဲ့တယ်။ အဲဒီအချိန်တုန်းက အင်းစိန်မှာ ကြေးအိုးဆိုင် ကောင်းကောင်းဆိုလို့ ဟန်နီပဲရှိလိမ့်မယ်ထင်တယ်။ နောက်ပိုင်းမှ ကြို့ကုန်းမှာ ရွှေယုန်လေး ဆိုင်ဖွင့်လာတာ။ ရွှေယုန်လေးမှာတော့ ၂ ခါ ၃ ခါလောက်ပဲ စားဖူးပါတယ်။ အဲဒီတုန်းက ကြေးအိုး တစ်ပွဲ ဘယ်လောက်မှန်း အခု ပြန်စဉ်းစားတာ မမှတ်မိတော့ဘူး။ နောက်ပိုင်း ဟန်နီဆိုင်က မင်းကြီးလမ်းဘက် ပြောင်းသွားတယ်။ အခုတော့ ဟန်နီရော ရွှေယုန်လေးဆိုင်ရော ရှိမှ ရှိသေးရဲ့လားတောင် မသိတော့ဘူး။


ကျောင်းပြီးလို့ အလုပ်ထဲ ရောက်တော့ ရုံးက သူငယ်ချင်းတွေစုပြီး မကြာခဏ ဆိုသလို မြို့ထဲမှာ ကြေးအိုး သွားစားဖြစ်ခဲ့တယ်။ အောင်မြင့်မိုရ် ၊ ရွှေတောင်တန်းကြေးအိုး၊ ၃၆ လမ်းက ကြေးအိုးဘုရင်၊ Eugenia၊ Million Coins ဆိုင်တွေမှာပါ။ Million Coins က Yangon International Hotel ၀န်းထဲမှာ ဖွင့်တာ။ Summit Park View နဲ့ ကပ်လျက် ၀န်းတခုထဲလားတောင် မသိဘူး။ ရုံးက လခထုတ်ပြီဆို အုပ်စုလိုက် နေ့လည် ထမင်းစားချိန် သွားစားခဲ့တာတွေ သတိရမိသေးတယ်။ တခါတော့ Million Coins က ကြေးအိုးကို တော်တော် စိတ်ပျက် သွားခဲ့ဖူးတယ်။ ရုံးက သူငယ်ချင်းတစ်ယောက်ရဲ့ Farewell ကို Million Coins မှာ လုပ်တုန်းကပေါ့။ ကျမတို့ သွားတဲ့ လူအုပ်ကလည်း များတော့ ဆိုင်က လူမနိုင်တော့လို့ပဲလား မသိဘူး ကြာဇံဖတ်တွေက ပြတ်ထွက်ပြီး ကြေးအိုးက လုံးဝ စားမကောင်းဘူး။ ဒီကြားထဲ ကောင်လေး တစ်ယောက်ရဲ့ ပန်းကန်ထဲဆို ခရုခွံလိုမျိုးပါလာလို့ မန်နေဂျာကို ခေါ်ပြီးပြောရတဲ့ အထိပါပဲ။ သူတို့ကတော့ တောင်းပန်တာပေါ့။ အဲဒီနောက်ပိုင်း Million Coins ကို မရောက်ဖြစ်တာ အခုထိပဲ။


စံပြမှာ ဖွင့်ထားတဲ့ YKKO ကြေးအိုးကတော့ ၀ါးတန်းလမ်းမှာ ကျူရှင်သွားတက်ရင်း စားဖြစ်သွားတာ။ နောက်ပိုင်း သူငယ်ချင်းတွေနဲ့ပဲဖြစ်ြဖစ်၊ အမျိုးသားနဲ့ပဲဖြစ်ဖြစ် စံပြမှတ်တိုင် ဆိုတော့ ဘတ်စ်နဲ့ သွား လာရတာ လွယ်လို့ ဆိုပြီး အဲဒီဆိုင်ပဲ အသွားများခဲ့တယ်။ အားပေးလွန်းလို့ ဆိုင်က ကောင်လေးတွေက member card လုပ်ထားပါလား လို့တောင် ပြောယူရတဲ့အထိပါပဲ။


*****

ရန်ကုန်ပြန်ရောက်တဲ့ ညနေမှာ သွား စားဖြစ်ခဲ့တဲ့ ဆိုင်က ကျောက်မြောင်းက “ရွှေတောင်တန်း” ကြေးအိုးဆိုင်ခွဲ မှာပါ။ ကျားကွက်သစ်လမ်းပေါ်မှာ ဆိုတော့ ဆိုင်က ခုံတွေပေါ်မှာ ဖုန်တွေချည်းပဲ။ စားပွဲထိုးကို ခေါ်ပြီး ဖုန်သုတ်ပေးဖို့ပြောတော့ “အင်း” လို့ တချက်ပြောပြီး ပြန်မလာတော့ဘူး။ ဒါနဲ့ အရှက်ပြေ ကိုယ့်ဘာသာပဲ ထိုင်ခုံရယ် စားပွဲခုံရယ်ကို တစ်ရှုးနဲ့ သုတ်ပစ်လိုက်ပါတယ်။ သူ့စိတ်ထဲ ကြီးကျယ်တယ်လို့တောင် ထင်မလား မသိဘူးရယ်။ မှာထားတာတွေ ရောက်လာတော့ ယောင်းမက ငရုတ်ဆီတွေ ထည့်မစားနဲ့ ဆိုးဆေးတွေပါတယ်လို့ ပြောပြီး မစားဖို့ တားပါတယ်။ ကျမကလည်း ကြေးအိုးစားရင် ငရုတ်ဆီ ထည့်စားရမှ ကျေနပ်တာမို့ သူလည်း စိတ်ကျေနပ်အောင် ကိုယ်လည်း အာသာပြေအောင် နည်းနည်းတော့ ထည့်စားဖြစ်ပါတယ်။ မစားရတာကြာပြီမို့ အရမ်းစားကောင်းတာပဲ။


နောက်ပြီး စံပြမှာရှိတဲ့ YKKO မှာ စားချင်လို့ အင်းစိန်ကနေ စံပြအထိ တကူးတက Taxi ငှားစီးသွားလိုက်သေးတယ်။ ဟိုရောက်တော့ ကြေးအိုးဆိုင် ပျောက်နေလို့ လမ်းများမှားသလား၊ မျက်စေ့များ မှားသလားဆိုပြီး အဲဒီနားမှာ ၂ ယောက်သား ၂ ခေါက် ၃ ခေါက် လမ်းလျှောက်ရင်း ဆိုင်လိုက်ရှာရတာပေါ့။ ဘယ်ဟုတ်မလဲ YKKO ဆိုင်နေရာမှာ သတို့သား သတို့သမီးတွေ အတွက် ၀တ်စုံငှားတဲ့ဆိုင်ဖြစ်သွားလို့ ကြေးအိုးဆိုင် မတွေ့တော့တာကိုး။ ကိုယ်စားနေကျ ကြေးအိုးဆိုင်နေရာမှာ Wedding ၀တ်စုံဌားတဲ့ဆိုင်ကြီးဖြစ်နေတာ ကြည့်ပြီး စိတ်ထဲ ၀မ်းနည်းသလိုလို ဘာလိုလိုနဲ့။ Taxi ခ ၃၅၀၀ ကျပ်ပေးလိုက်ရတာပဲ အဖတ်တင်တယ်။ အမျိုးသားက ကြေးအိုးမဟုတ်လည်း တခြား စားစရာ တခုခု စားပါလားလို့ ပြောပေမယ့် ဒီကလည်း မရဘူး စိတ်ကြီးတယ် ကြေးအိုးပဲ စားကို စားရမှဆိုတာမျိုး ဇွတ် နောက်တော့ ရွှေတောင်တန်းလမ်းအထိ ဆိုက်ကားနဲ့သွားပြီး ရွှေတောင်တန်း ကြေးအိုးပဲ သွားစားလိုက်တော့တယ်။ အခုတော့ YKKO ဆိုင်ခွဲက လှည်းတန်းက ရန်ကုန် အင်းစိန်လမ်းမကြီးပေါ်မှာ ဖွင့်ထားတယ်။ ကိုယ့်လို အဖြစ်မျိုးနဲ့ ကြုံနေမှာစိုးလို့ YKKO ဆိုင်ပြောင်းသွားကြောင်း သတင်းပေးတာပါ


ပြန်တဲ့ ၃ ပတ်အတွင်း ကြေးအိုး ၅ ခါလောက် စားပစ်လိုက်တယ်။ YKKO, Eugenia နဲ့ ရွှေတောင်တန်း ကြေးအိုး ဆိုင်တွေမှာပါ။ YKKO ကြေးအိုးကိုတော့ ဆရာစံလမ်းမှာ သွားစားခဲ့ရတယ်။ အင်းစိန်က ဟန်နီနဲ့ ရွှေယုန်လေးမှာ သွားမစားဖြစ်ခဲ့တာ တွေးပြီး စိတ်မကောင်းဘူး။ ဒီမှာတော့ စားချင်ရင် Blog တွေ Forum တွေက ကြေးအိုးချက်နည်းတွေ ကြည့်ပြီး ချက်စားနေရတာပဲ။ ၀ယ်လို့ရတဲ့ ပစ္စည်းတွေနဲ့ပဲ ချက်ရတာဆိုတော့ ဆိုင်မှာ စားရတာလောက် စားမကောင်းဘူး။ လုံးလုံးမစားရတာထက် စာရင်တော့ အာသာပြေပါတယ်။



ရန်ကုန် ပြန်တုန်းက စားခဲ့ရတဲ့ Eugenia က ကြေးအိုးလေးကို အမှတ်တရ ဖြစ်အောင် Blog ပေါ်တင်ထားလိုက်ပါတယ်။


ဒါကတော့ ကျမလက်ရာပေါ့..

အောက်တိုဘာ ၁၈၊ ၂၀၀၉။

15 comments:

kay said...

ကြေးအိုး နည်းလေးပါ..မစပါလားကွယ်
လာလိုက်တာ.. အဆုံးလည်းကြရော..ညော်ခံပြီးပြန်သွားရတယ်။း)

moemoestar said...

အကြိုက်ဆုံးအစားအစာမှာကြေးအိုးပါတယ်၊
ဟန်နီ၊ရွှေယုန်လေး၊ရွှေတောင်တန်း၊YKKO နဲ့ တာမွေက
ရွှေနဂါးဆိုင်တွေမှာစားဖူးတယ်၊
မနုလိုဘဲ ငရုပ်ဆီနဲ့ စားရမှကောင်းတယ်ထင်တာ...

Anonymous said...

မရေ..သတိရတယ်ဗျို့ ..တူတူကြေးအိုးစားကျတာ..တူတူစားချင်သေးတယ်...မီမီ

ThuHninSee said...

း(
ကြေးအိုး..ရယ်..လွမ်းလိုက်တာ။
အမေနဲ့ရွာကိုလွမ်းတယ်။
ကြေးအိုးလေးကိုလဲလွမ်းပါတယ်။

့်Home Sweet Home said...

သူများလဲကြေးအိုးအရမ်းကြိုက်တယ်။ မန်းလေးက ဒေါ်စင်းယုံကြေးအိုးဆိုကြိုက်မှကြိုက်။ ကြေးအိုးချက်နည်းလေးသင်ပေးပါအုံး။

Anonymous said...

ဦးဝတုတ် က အရည် နဲ့ အဖတ် ရောနေတာ မကြိုက်ဖူး
အရည်သတ်သတ် အဖတ်သတ်သတ် မှကြိုက်တာ
အရည်တောင် ရွှေအိုရောင်မှ ကြိုက်တာ

khin oo may said...

ကျွန်မလက်ရာက်ပိုကောင်းတယ်။

JuneOne said...

ပြန်တုန်းက မစားခဲ့ရဘူး။ကြာဇံ နဲ့ ခေါက်ဆွဲပြားရောတာ ပိုကြို့်တယ်။ကိုယ်ဘာသာချက်တာ တစ်ခါမှ မတူဘူး။

သက်ဝေ said...

နုရေ...
ဖတ်ပြီး စားချင်သွားတယ်...
ညီမလိုပဲ အမလဲ စားစရာတွေထဲမှာ ကြေးအိုးကို အကြိုက်ဆုံးပါပဲ... အိမ်မှာလဲ လုပ်စား... မြန်မာဆိုင်တွေရှိရာကို သွားရင်လဲ ကြေးအိုးတမျိုးတည်းပဲ စွဲစွဲမြဲမြဲစားတာ...
ညီမရဲ့ ကြေးအိုး Information တွေအတွက် လဲ ကျေးဇူးပါ...

Anonymous said...

မနုရေ..ပထမဦးဆုံး လခထုတ်ရက် စစားဖြစ်တဲ့ကြေးအိုးက ဗိုလ်ချုပ်ပန်းခြံထဲက Million Coins နော်… သတိယလိုက်တာ တခေါက်လောက်အတူတူ ပြန်စားရအောင်… Hm

တန်ခူး said...

နုရေ… အမကတော့ အစွဲကြီးတယ်ပြောမလား YKKOမှYKKOပဲ… ဟိုတခေါက်ပြန်တုန်းက အိမ်နားမှာYKKOဆိုင်အသစ်ဖွင့်တာ ဆရာစံလမ်းက YKKOကို မမှီသလိုပဲ… နေရာရဖို့ တော့ အတော်စောင့်ရတယ်…သားကလဲ ကြေးအိုးဆိုခေါင်းမဖော်ဘူး… ခုတော့ အာသာပြေ Oriental House Singaporeမှာ သွားစားဖြစ်တယ်… မှီတော့မမှီဘူး…ဒါပေမယ့်အာသာတော့ပြေတယ်… နုတင်ထားတဲ့ပုံလေးတွေကြည့်ပြီး တေးထားတယ်… ပြန်ဖို့ ရက်ကို လက်ချိုးရေနေတာလေ…

Anonymous said...

မြန်မာပြည်ပြန် အမှတ်တရလေးတွေ ရေးပေးတာ ကျေးဇူးတင်ပါတယ်၊ မြန်မာပြည်ကို လွမ်းရင်း ကြေးအိုးပုံလေးကို ငေးသွားမိပါတယ် အမနုစံ။
စာတွေပြန်ရေးတာ တွေ့လို့ ၀မ်းသာပါတယ်၊ အမနုစံရေ ရေးတဲ့စာတွေကို ကြိုက်တယ်။

pandora said...

အိပ်ခါနီး လာလည်ရင်း ကြေးအိုးကိုပါ ပြန်ဖတ်သွားတယ်။ ဗိုက်ဆာလာပြီ။ အိပ်တော့မယ်။

nu-san said...

မကေ>> ကြေးအိုးနည်းက မနုသွဲ့ရဲ့နည်း နဲ့ cupid forum က နည်းတွေ ပေါင်းလုပ်ထားတာ မရဲ့.. မစားရ အညော်ခံလိုမျိုး ဖြစ်သွားတာ စိတ်မကောင်းပါဘူး မကေ.. :)

moemoestar>> အကြိုက်ချင်းတူနေပြီ မမိုးရေ.. တာမွေက ရွှေနဂါးဆိုင်တော့ မစားဖူးသေးဘူး မ.. ကျန်တဲ့ဆိုင်တွေမှာတော့ စားဖူးတယ်.. :)

မီမီ>> အမလည်း သတိရတယ် မီရေ.. တနေ့နေ့တော့ တို့တွေ စုပြီး အတူတူစားရအောင်နော်.. :)

ThuHninSee>> တို့လည်း လွမ်းတယ် မွန်.. ရန်ကုန်မှာတုန်းကလည်း စားခဲ့တာပဲ.. ဒါပေမယ့် အခုလည်း စားချင်တုန်းပဲ.. :(

Home Sweet Home >> ကြေးအိုးချက်နည်းက မနုသွဲ့ဆီက နည်းရယ် cupid forum က နည်းရယ် ပေါင်းချက်ထားတာ ညီမလေးရဲ့.. အရမ်းကြီးတော့ စားမကောင်းဘူး.. အာသာပြေလောက်ပဲ.. ညီမလေးပြောမှ မန္တလေးရောက်ဖြစ်ရင် ဒေါ်စင်းယုံ ကြေးအိုးဆိုင်မှာ သွားစားရမယ်.. :)

Anonymous >> အဲဒီလောက် အသေးစိတ်သိနေတာဆိုတော့ အတူတူ ရွှေအိုရောင်ဆိုင် သွားနေကြထဲက တစ်ယောက်ဖြစ်ရမယ်.. :D

nu-san said...

မမခင်ဦးမေ>> အဟီး... ဟုတ်တာပေါ့ မရဲ့... :D

JuneOne>> အမက ရိုးရိုးကြာဇံနဲ့ပဲ စားဖြစ်တယ် ကျော့ရဲ့.. ကိုယ့်ဘာသာကိုယ်ချက်တာ စားဖြစ်ယုံလောက်ပါပဲ.. ဆိုင်မှာ စားရတာ ပိုကောင်းတယ်.. မတည့်တာတွေ ပိုပါလို့လား မသိဘူးနော.်. (အချိုမှုန့်တို့ ၊ ဆိုးဆေးပါတဲ့ ငရုတ်ဆီတို့၊ လမ်းဘေးမှာဆိုတော့ ဖုန်တွေနဲ့ပါဆိုတော့လေ.. :D)

မမသက်ဝေ>> အကြိုက်ချင်းတူတယ်ဆိုလို့ ၀မ်းသာတယ် အမရေ.. ကြေးအိုးစားရရင်လေ ဘယ်တော့မှ ရိုးတယ်ဆိုတာ မရှိဘူးနော်.. ကြေးအိုးဆီချက်တောင် ပြောင်းပြီး မစားဖြစ်ဘူး.. အဲဒီလောက်ကို သစ္စာရှိတာ.. :P

HM>> ဟုတ်ပါ့.. ညီမရေ.. ပထမဆုံး လခရလို့ သွားစားဖြစ်တာ ဗိုလ်ချုပ်ပန်းခြံထဲက Million Coins ကြေးအိုးဆိုင်.. အမ ကနဦးတုန်းက ဆိုင်နာမည် စဉ်းစားမရဘူးဖြစ်နေတာ.. အမလည်း သူငယ်ချင်းတွေ အားလုံးနဲ့ ဆုံပြီး ကြေးအိုး သွားစားချင်သေးတယ်.. တနေ့နေ့ပေါ့.. :( အဲဒီအခါကျရင် KoYNW ကြီးကိုပါ ရွှေဘုံသာလမ်းမှာ သွားခေါ်ရမယ်.. :D

မတန်ခူး>> အမရေ.. သားသားလည်း ကြေးအိုးကြိုက်တယ်လား.. အမတို့ဆီကတော့ အာသာပြေ ၀ယ်စားလို့ရရင် အဆင်ပြေတာပေါ့နော်... ဒီမှာတော့ ကိုယ့်ဘာသာကိုယ်ချက်ပြီး အာသာဖြေရတာ.. :) အမ ရန်ကုန်ပြန်တဲ့အခါကျရင် အ၀ စားခဲ့နော်.. (အခုတောင် မတန်ခူး ရန်ကုန်ပြန်ရောက်နေပြီး ကြေးအိုးစားပြီးနေလောက်ပြီ.. :D)

ကမာနီလာ>> ကိုကမာရေ.. ဖြေးဖြေးချင်းတော့ ပြန်ရေးဖြစ်မှာပါ... ကိုကမာလည်း ငြိမ်လိုက်တာ.. စာပြန်ရေးပါဦး.. :)

ပန်ဒိုရာ>>မပန်.. အိပ်ခါနီး လာဖတ်တယ်ဆိုတော့ အိပ်မက်ထဲမှာပါ ကြေးအိုးပါနေဦးမယ်.. :)