September 30, 2009

မြန်မာ ပိုက်ဆံ

ဂျပန်မှာ ငွေစက္ကူ အနေနဲ့ဆိုရင် ၁၀၀၀ တန်၊ ၂၀၀၀ တန်၊ ၅၀၀၀ တန် နဲ့ ၁ သောင်းတန်တွေ သုံးပါတယ်။ ၂၀၀၀ တန်ကတော့ အရမ်းရှားတယ်။ ဈေးဆိုင်တွေက ပြန်အမ်းတာပဲဖြစ်ဖြစ်၊ စက်တွေက ပြန်အမ်းရင်ပဲဖြစ်ဖြစ် အသစ်ချပ်ချွတ်မဟုတ်တောင် ခပ်လတ်လတ်တွေချည်းပါပဲ။ ဂျပန်လူမျိုးတွေကတော့ မင်္ဂလာဆောင် လက်ဖွဲ့ပေးတာတို့၊ မွေးနေ့လက်ဆောင်ပေးတာ စတဲ့ မင်္ဂလာရှိတဲ့ ကိစ္စတွေအတွက် သုံးမယ့် ပိုက်ဆံကိုတော့ အသစ်ချပ်ချွတ်ပဲသုံးလေ့ရှိကြတယ်။ အဲဒီပိုက်ဆံအသစ်ကို ဘဏ်မှာဖြစ်ဖြစ်၊ စာတိုက်မှာဖြစ်ဖြစ် တမင်ကို သွားလဲယူပြီးမှ လက်ဆောင်ပေးမယ့် စာအိတ်ထဲ ထည့်ပြီး ပေးတတ်ပါတယ်။


*****


ကျမမှာ ငယ်ငယ်ကတည်းက ပိုက်ဆံအသစ်လေးတွေဆိုရင် နှမျောလို့ မသုံးရက်ပဲ သိမ်းထားတတ်တဲ့ အကျင့်ရှိတယ်။ ချက်ချင်းမသုံးဖြစ်ပဲ သိမ်းထားတတ်တာ။ မသုံးတာလည်း မဟုတ်ဘူး။ အဟောင်းတွေ အရင်ဆုံး သုံးလို့ ကုန်မှ ပိုက်ဆံအသစ် ထုတ်သုံးတာ။ အဲဒီအကျင့်က ကျောင်းပြီးလို့ အလုပ် လုပ်တဲ့ အချိန်ထိပဲ ဆိုပါတော့။


မူလတန်းတုန်းကဆို မုန့်ဖိုးက ငါးမူး ၊ ၁ ကျပ်တန် ရတဲ့ အချိန်ကိုး။ တရုတ်နှစ်သစ်ကူးမှ အန်ပေါင်းအနေနဲ့ ၁၀၊ ၁၂ ကျပ် ရတတ်တာ။ နှစ်ကူးအတွက် အန်ပေါင်းရပြီဆိုရင်တော့ ၁၀ တန် အသစ်လေးတွေ ၅ ကျပ်တန်အသစ်လေးတွေ ရလေ့ရှိပါတယ်။ အဲဒီတုန်းက ဇီးထုပ် ၁ ထုပ်မှ ၁၀ ပြား တမတ်ခေတ်ဆိုတော့ ၅ ကျပ်တန်လောက် လက်ထဲရှိရင်ကိုပဲ သုံးမကုန်တော့ဘူးလို့ ထင်နေခဲ့ဖူးတာပေါ့။ တခါတလေ အမေက သူလိုချင်တာလေးတွေ အိမ်နားက ဈေးဆိုင်မှာ သွားဝယ်ခိုင်းလို့ ဆိုင်က ပြန်အမ်းတဲ့ ကျပ်တန်က စုတ်နေတာကို ယူခဲ့ရင် အဆူခံရတတ်သေးတယ်။ “ကိုယ်ပြန်ပေးတဲ့အခါ ဘယ်သူမှ ယူမှာမဟုတ်ဘူး၊ ပိုက်ဆံကို စစ်ပြီး မယူရကောင်းလား” ဆိုပြီး ဆူတာ။ ကိုယ်တွေကလည်း ငယ်တော့ နားမလည်ဘူးလေ။ ဆိုင်က ပေးရင် ပေးတဲ့အတိုင်းပဲ ယူခဲ့လိုက်တာပဲ။ အမေ ဆူတော့မှ “ပိုက်ဆံစုတ်ပြဲနေရင် မယူရဘူး၊ ဆိုင်ရှင်ကို ပြန်လဲခိုင်းရတယ်၊ သူများဆီက ပိုက်ဆံကို စစ်ပြီး ယူရတယ်” ဆိုတာ နားလည်လာခဲ့တယ်။


*****


ကျမတို့ ရန်ကုန် ပြန်ရောက်တဲ့ ညနေမှာ အိမ်နားက ကြေးအိုးဆိုင် မှာ ကြေးအိုး သွားစားဖြစ်ခဲ့တယ်။ ကျမက ကြေးအိုး အရည်နဲ့ အမျိုးသားက ကြေးအိုးဆီချက် ကို ၀က်သားနဲ့ မှာစားခဲ့တာပါ။ တပွဲကို ၂၃၀၀ ကျပ် ပေးခဲ့ရပါတယ် (ဧပြီလတုန်းက ဈေးနှုန်းပါ)။ ပိုက်ဆံရှင်းတော့ အမျိုးသားက သူသိမ်းထားတဲ့ ထောင်တန် အသစ်လေးတွေ ပေးလိုက်ပါတယ်။ ဆိုင်က အမျိုးသမီးက ၂၀၀ တန်နဲ့ ၁၀၀ တန်တွေ ပြန်အမ်းပါတယ်။ ပိုက်ဆံတွေက အရမ်းစုတ်နေလို့ အမျိုးသားက ပြန်လဲပေးဖို့ ပြောတော့ သူတို့က လှောင်သလိုလိုနဲ့ ရီကြတယ်။ ကျမတို့လည်း အူကြောင်ကြောင်တော့ ဖြစ်သွားတာပေါ့။ ပြီးတော့ ဆိုင်ရှင် အမျိုးသမီးက ပြောလိုက်သေးတယ် “ပိုက်ဆံအားလုံးက ဒီအတိုင်းချည်းပဲ။ လဲခိုင်းလည်း အသစ်ရမှာ မဟုတ်ဘူး” လို့ပြောပါတယ်။ အဲဒီနောက်ပိုင်း ဈေးသည်တွေ ကားသမားတွေဆီက ပြန်အမ်းတဲ့ ပိုက်ဆံကို သတိထားကြည့်မိတယ်။ ဟုတ်ပါတယ် ၊ တော်တော်များများ ပိုက်ဆံတွေက ဟောင်းနွမ်း စုတ်ပြဲနေပြီး တချို့ဆို ပြဲနေတာကို tape တွေနဲ့ ကပ်ပြီး ပြန်သုံးနေကြတယ်။ ၅၀ တန်၊ ၂၀ တန်၊ ၁၀ တန်၊ ၅ ကျပ်တန်တွေဆို မတွေ့မိသလောက်ပဲ။ အစုတ်ပေးရင် အရင်လို ဘာမှ ပြန်မပြောတော့ပဲ ဒီအတိုင်းပဲ ယူလိုက်ကြတယ်။ ပိုက်ဆံကြီး စုတ်နေတယ် ပြန်လဲပေးပါ ဘာညာဆိုပြီး ပြောသံဆိုသံ မကြားရတော့ဘူး။ ကားသမားတစ်ယောက်ကတော့ “အစုတ်ပေးတာ မထူးဆန်းတော့ဘူး၊ အသစ်ပေးရင်တောင် အတုလားဆိုပြီး သံသယ ၀င်နေဦးမယ်” ဆိုပြီး ပြောလို့ ရီရသေးတယ်။ ရန်ကုန်မပြန်ဖြစ်တဲ့ ၂ နှစ်ကျော် ၃ နှစ်အတွင်း ပိုက်ဆံတွေ ဒီလိုဖြစ်သွားတာကို အံ့သြမိတယ်။


*****


ရန်ကုန်က ပြန်လာခါနီးတော့ ပိုက်ဆံ အစုတ်အပြဲ၊ ဖာထေး၊ ဖြတ်ဆက် ၊ အဟောင်းနွမ်းလေးတွေကို အမှတ်တရအနေနဲ့ ဓာတ်ပုံရိုက်ယူထားလိုက်ပါတယ်။ ကျမလည်း အင်တာနက်မှာ ပိုက်ဆံပုံတွေ တွေ့ရင် စုထားဦးမယ်။ နောက်မျိုးဆက်သစ်တွေကို ပြလို့ရအောင်လို့ပါ။ အဲဒီအချိန်လောက်ဆိုရင်လည်း မြန်မာပြည်မှာ ဂျပန်နဲ့ အပြိုင် ၁ သောင်းတန် တွေ ၂ သောင်းတန်တွေများ ကိုင်နေကြဦးမလားပဲ၊ မကြာခင် ၅၀၀၀ တန်တောင် ထွက်လာဦးမှာဆိုတော့လေ။







အောက်တိုဘာ ၁၊ ၂၀၀၉

11 comments:

nyimuyar said...

sis, happy to see ur post, yeah all note in our Kyats becomes like that since a couple of years ago.

Creative Light said...

အမပြောလို့ နဲ.တူတယ် ၅၀၀၀တန်ထုတ်ပြီနော်...

မီယာ said...

ပိုက်ဆံတွေက နွမ်းနေပြီ... ၁၀၀ ၂၀၀ တန်ဆို ပိုဆိုးတယ်။ သကြားလုံးနဲ့ တစ်ရှူးပေးတာရော မကြုံဘူးလား နုစံရေ

ThuHninSee said...

နှုစံတစ်ယောက် ဟန်နီမှာစားတာလား။ ရွှေယုန်လေးလား။
ဒီက အငတ်လေး.. စဉ်းစားပြီး အားကျသွားတယ်။

JuneOne said...

တို့ပြန်တုန်းကတော့ ဘဏ်မှာအသစ်တွေလဲပေးတယ်ကြားတယ်။ဒါပေမယ့်အကန့်သတ်နဲ့။အသစ်ထုတ်ရင် ထုတ်တဲ့တန်ဖိုးက ငွေတန်ဖိုးထက်ကြီးနေလို့ ထပ်မထုတ်တာလို့ ပြောသံကြားတယ်။

ကျောက်ကျော said...

အမရိုက်ထားတဲ့ပိုက်ဆံတွေက အသစ်နီးပါးအလတ်ကြီး ရှိသေးတယ် ကျွန်တော်ရခဲ့တာတွေက စုတ်ပြတ်သတ်ပြီး ဒေါင်းတန်းပြဲ ကန်လန့်ပြဲ နံပါတ်နေရာတွေစုတ် နဲ့

Moe Cho Thinn said...

တဆယ်တန်လေး တွေ့ခဲ့သေးတာကိုး။ ပိုက်ဆံတွေ နွမ်းကုန်တာ လူတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားကြရလို့လဲ ပါမှာပေါ့။ တွေးမိတာတွေပါ။
ရန်ကုန်အကြောင်းတွေ ရေးပါအုံး နုရေ..
မွန်ပြောတာ အဟုတ်ပဲ။ ရွှေယုန်လေးမှာ စားခဲ့တာလား။ ဟန်နီက ပြောင်းသွားပြီ ထင်တာ။

သက်ဝေ said...

ငွေစက္ကူတွေ နွမ်းနေတာ ဘာဟုတ်သေးလဲ..
တို့လူတွေ အများစုရဲ့ ဘဝတွေလဲ နွမ်းနေကြတာပဲ မဟုတ်လား...း((

chanchan said...

ပိုက်ဆံတောင် အရောင်မထွက်နိုင်အောင် ဖြစ်နေတဲ့ တိုင်းပြည်ကို ဘာလို့ ခေတ်မှီတိုးတက်နေပါတယ်လို့ မျက်စေ့မှိတ် နားပိတ်ပြီး အော်နေတာလဲ အဘလို့ အင်တာဗျူးလိုက်ရရင်ကောင်းမလားးးးးးးးD

ksanchaung said...

မနေ့တနေ့က ငါးထောင်တန်တရွက် လက်ထဲ စရောက်တယ်။ နံပါတ်ကို ကြည့်လိုက်တော့ သန်းချီနေပါပြီ။ စဉ်စားသာ ကြည့်ပေတော့။

တန်ခူး said...

နုရေ… မြန်မာပြည်ပြန်ရောက်တော့ ပိုက်ဆံလေးတွေကို ရွရွလေးကိုင်သုံးရတယ်… ကြွေသွားမှာစိုးလို့ လေ…