July 17, 2010

၆ လအရွယ် ချစ်စဖွယ်

ဒီနေ့ ဇူလိုင် ၁၇ ရက်နေ့ဆို သမီးက ၆ လပြည့်ပြီပေါ့။ ၆ လပြည့်ပြီဆိုတော့ သမီးလေးကို မိခင်နို့အပြင် ဖြည့်စွက်အစာကိုပါ ကျွေးရတော့မယ်။ အမှန်တော့ သမီးလေးက ၄ လကျော်လောက်ကတည်းက စားချင် သောက်ချင်တဲ့စိတ်တွေ ဖြစ်နေပြီလေ။ ပါပါးက သမီးကို ပေါင်ပေါ်တင်ထားပြီး ထမင်းစားရင်လည်း ပါပါး လက်ထဲက ထမင်းပန်းကန်ကို လှမ်းဆွဲတယ်။ လူကြီးတွေ တစ်ခုခု စားလို့ ပါးစပ်လှုပ်နေတာကို သေသေချာချာ လိုက်ကြည့်ပြီး နှုတ်ခမ်းတွေ သိမ်းပြရင်း စားချင်နေကြောင်းပြလာတယ်။ အဲဒါတွေ ကြည့်ပြီး မေမေက စိတ်မကောင်းလို့ သမီးလေးကို ဖြည့်စွက်အစာ စောစော ကျွေးချင်ပေမယ့် ဆေးရုံက ဆရာမတွေက မကျွေးဖို့ တားကြတယ်။ ဖြည့်စွက်အစာ စောပြီး ကျွေးမိရင် ကလေး ဗိုက်မကောင်းပဲ ၀မ်းသွားမှာစိုးလို့တဲ့။ နောက်ကျပြီး ကျွေးတာ ဘာမှ မဖြစ်နိုင်ဘူး စောင့်ပါဦးလို့ တားနေတာနဲ့ပဲ မေမေတို့လည်း ၆ လပြည့်မှ ကျွေးဖို့ ဆုံးဖြတ်လိုက်ရတယ်။ ဒါကြောင့် မနက်ဖန်ဆိုရင် သမီးလေး ဆံပြုတ်အရည် စ သောက်ရတော့မယ်နော်။

၃ လကျော်လာတဲ့ နောက်ပိုင်း သမီးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ အသိဥာဏ် ဖွံ့ဖြိုး တိုးတက်မှုက မေမေတို့ကို အံ့သြစေတယ်။ ၆ လပြည့်ပြီဆိုတော့ သမီးရဲ့ မျက်နှာလေးက အစ ပြောင်းလဲလာတယ်။ အဲဒါကို ပါပါးက အရင် သတိထားမိပြီး “သမီးလေး ရုပ်က အရင်ကလို မဟုတ်တော့ဘူး” လို့ မေမေ့ကို ပြောပြတယ်။ ပါပါးပြောတော့မှ မေမေလည်း သမီး ဓာတ်ပုံတွေကို ပြန်ကြည့်မိတော့တယ်။ သမီးလေး မွေးခါစ ဓာတ်ပုံတွေနဲ့ အခုလက်ရှိ ရိုက်ထားတဲ့ပုံတွေ ယှဉ်ကြည့်လိုက်ရင် သမီးမျက်နှာလေးက သိသိသာသာကို ပြောင်းလဲလာတာပဲ။

၃ လကျော် (မေလ ၇ ရက်) မှာ ဆေးစစ်ရင်း ပေါင်ချိန်ကြည့်တော့ ကိုယ်အလေးချိန် (၅.၈) ကီလိုနဲ့ အရပ်က (၆၂.၂) စင်တီမီတာ ရှိတယ်။ ဇူလိုင် ၁၂ ရက်နေ့က တစ်ခါ ပေါင်ထပ်ချိန်ကြည့်တော့ (၆.၇) ကီလို နဲ့ အရပ်က (၆၇) စင်တီမီတာ ဖြစ်လာတယ်။ တခြားကလေးတွေနဲ့ယှဉ်ရင် သမီးလေး သေးနေတယ်လို့ မေမေ့ စိတ်မှာ ထင်နေမိတယ်။ ဒါကြောင့် စိုးရိမ်ပြီး “ကလေးက ကိုယ်အလေးချိန် သိပ်မတက်ဘူး၊ သေးနေလား မသိဘူးနော်” လို့ ဆရာမတွေကို ပြောပြမိတယ်။ အဲဒီတော့ ဆရာမတွေက လ အလိုက် သမီးရဲ့ ကိုယ်အလေးချိန်တွေကို graph ဆွဲထားတဲ့ စာရွက် မေမေ့ကို ပြတယ်လေ။ သမီးရဲ့ graph line က သတ်မှတ်ထားတဲ့ ဘောင်အတွင်း ရှိနေတာမို့ လုံးဝ စိုးရိမ်စရာမရှိဘူး လို့ မေမေ့ကို ပြောတယ်။ ဆရာမတွေနည်းတူ မေမေတို့လည်း သမီးကြီးထွားနှုန်းကို graph ဆွဲထားတာပါပဲ။ သမီးပါပါးကတော့ မိန်းကလေးနဲ့ ယောင်္ကျားလေး ကြီးထွားနှုန်း မတူတာမို့ တခြားကလေးတွေ တအားထွားတာကို ကြည့်ပြီး စိတ်မပူဖို့ မေမေ့ကို အားပေးပါတယ်။

အရင်ကထက်စာရင် သမီးရဲ့ ခြေလက်တွေက ပိုပြီးသန်မာ လာသလို လှုပ်ရှားပြီးလည်း ကစားတတ်လာတယ်။ တွဲလောင်းကျတဲ့ အရုပ်တွေကို အိပ်ရင်း လက် နဲ့ လှမ်းထိတယ်။ လှမ်းဆွဲပြီးလည်း ဆော့တယ်။ အရုပ်တွေကို လက်နဲ့ဆော့ရတာ အားမရရင်တော့ ခြေထောက်နဲ့ ကန်ပြီး အကြိုက်ဆော့တော့တာပဲ။ မေမေတို့က သမီးလေး သွားယားရင် ကိုက်လို့ရအောင် ဆိုပြီး ၀ယ်ပေးထားတဲ့ အရုပ်ကိုလည်း လက်နဲ့ ကိုင်ပြီး အားရှိပါးရှိ ကိုက်ဆော့နေတတ်တယ်။ သမီးကို ထိုင်ခုံလေးထဲ ထည့်ထားရင်လည်း ထိုင်နေရာက အားယူပြီး ကုန်းထ တတ်သလို ဆိုဖာပေါ်တင်ထားပြန်တော့လည်း ကုန်းထလို့ တစ်ခါ ပြုတ်ကျပြီးပြီလေ။ အဲဒါတွေတင် မကသေးဘူး။ ရေဇလုံနဲ့ ရေ ချိုးပေးရင်လည်း ရေဇလုံကို ကိုင်ပြီး ကုန်းထတယ်။ ရေချိုးတိုင်း တစ်မျိုးမဟုတ် တမျိုး ဆော့ပြီး ထိန်းမနိုင်တော့လို့ သမီးကို ရေဇလုံနဲ့ မချိုးပေးတော့ပဲ ရေချိုးခန်းမှာ သွားချိုးပေးရတော့တယ်။

တခါတလေများဆို ပစ္စည်းတစ်ခုခုကို ဆတ်ကနဲ လှမ်းဆွဲလိုက်တာပဲ။ အဲဒီလို လှမ်းဆွဲဖို့ သမီး မျက်စေ့ အကျဆုံးကတော့ မေမေ့ဆံပင်တွေပဲပေါ့။ လူကြီးတွေရဲ့ မျက်နှာကို စိတ်ဝင်တစားကြည့်ပြီး စိတ်မထင်ရင် ဖြတ်ကနဲ ကုတ်ဆွဲတတ်သေးတယ်။ ကလေး အားဆိုပေမယ့် သမီးက သန်ကလည်း သန်၊ လက်သည်းလည်း မညှပ်ထားရသေးရင် ကုတ်ဆွဲ ခံရတဲ့ သူက မသက်သာလှဘူး။ သူများကိုတင် မဟုတ်ဘူး သမီး မျက်နှာမှာလည်း ကိုယ်ဘာသာ ကုတ်ခြစ်ထားတဲ့ လက်သည်းရာတွေလည်း ရှိတာပဲလေ။ အဲဒီလိုမျိုးတွေ မြင်ရတော့ ပါပါးက သမီး မိန်းကလေး မပီသပဲ အရမ်းကြမ်းတမ်းမှာကို စိုးရိမ်နေလေရဲ့။

လက်လှုပ်ရှားမှုတင်မကဘူး လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှုကလည်း တိုးတက်လာတယ်။ လက်ချောင်းလေးတွေကို ဆုပ်လိုက် ဖြန့်လိုက်လုပ်တတ်တယ်။ သီချင်းသံ ခပ်မြူးမြူးများကြားရင် လက်ကောက်ဝတ်လေးကို လှည့်ပြီး ကစားတော့တာပဲ။ ဒါတင်မကဘူး ယားတဲ့နေရာကိုလည်း လက်ကလေးနဲ့ ကိုယ့်ဘာသာကိုယ် ကုတ်တတ်နေပြီလေ။ နို့စို့ချိန်ဆိုလည်း သမီးရဲ့ လက်ချောင်းလေးတွေနဲ့ မေမေ့မျက်နှာကို တို့လိုက် ထိလိုက်နဲ့ ဆော့ကစားတတ်တယ်။ မေမေက သမီးလက်ချောင်းလေးတွေကို ကိုက်သလိုလို မထိတထိ လုပ်ပြရင်တော့ သဘောကျမဆုံးဘူး။

*****

သမီးလေးက လူကသာ ၆ လရှိတာ၊ အသစ်အဆန်းမှန်သမျှ၊ လူကြီးတွေ လုပ်တာမှန်သမျှ စိတ်ဝင်တစားလိုက်ကြည့်ပြီး သိပ်စပ်စုတာပဲ။ မေမေ ဖုန်းကိုင်ရင် သမီးလည်း ဖုန်းလိုက်ကိုင်ချင်တယ်။ ဖုန်းပြောနေရင် လက်ထဲက ဖုန်းကို အတင်း လှမ်းဆွဲတယ်။ မေမေက ကွန်ပျူတာ သုံးရင် သမီးလည်း ကွန်ပျူတာ ခလုတ်တွေကို နှိပ်ကြည့်ပြီး သုံးချင်တယ်။ ဘာလုပ်မလဲဆိုပြီး လွှတ်ပေးထားလိုက်ရင် ကွန်ပျူတာ ကီးဘုတ်ကို လက်သေးသေးလေးနဲ့ တဖုန်းဖုန်းမြည်အောင် ရိုက်ပြီး ဆော့တော့တာပဲ။ လူကြီးတွေက Remote Control ခလုပ်ကို နှိပ်ရင် သမီးလည်း နှိပ်ကြည့်ချင်လို့ အတင်း လိုက်လုတယ်။ တခါတလေလည်း သမီးနေရင် ပြီးရောဆိုပြီး Remote Control ကို ချထားပေးလိုက်ရတော့တယ်။ အဲဒီလိုဆိုရင် သမီးက အရင်ဆုံး Remote Control က ခလုပ်တွေကို ကုတ်ဖဲ့ပြီး နှိပ်ကြည့်တယ်။ နှိပ်ရင်းနဲ့ အားမရတော့ရင် ကုန်းပြီး ကိုက်တော့တာပဲ။ သမီးက နည်းနည်းကြီးလာလေ အဆော့မက်လေပဲ။ ဆော့ရမယ်ဆို ပါပါးနဲ့ မေမေသာ မောသွားမယ်၊ သမီးက ဘယ်တော့မှ မမောဘူး။

ဒီအရွယ်လေးနဲ့ လူကြီး အရိပ်အကဲကိုလည်း ကောင်းကောင်းသိတယ်။ လူကြီးတွေက သမီးကို ဆူတာလား၊ ချီးကျူးနေတာလား၊ စ နေတာလား ဆိုတာ ကောင်းကောင်းခွဲခြားနိုင်တယ်။ ပါပါးက အိပ်ပျော်နေလို့ ဟောက်သံကြားရင် မရီပေမယ့် မေမေက “သမီးရေ မေမေအိပ်ပြီနော်” လို့ ပြောပြီး ဟောက်ပြရင်တော့ နောက်ပြောမှန်းသိပြီး ခိုးခိုးခစ်ခစ် နဲ့ သဘောကျမဆုံးဘူး။ လူကြီးတွေ ပါးစပ်က အသံတခုခု ထွက်ရင်လည်း အရမ်းသဘောကျတတ်တယ်။ လူကြီးတွေရဲ့ လေချဉ် တက်သံကြားလည်း သဘာကျပြီး ရီ။ နှာချေလည်း ရီ၊ ချောင်းဆိုးလည်း ရီ၊ ပါးစပ်က အသံတခုခု ထွက်လိုက်ရင်ကို သမီးက ရီတော့တာပဲ။ နောက် မကျေနပ်တာရှိရင်လည်း ပါးစပ်က ဘူးမှုတ်လာတယ်။ ဒါအပြင်ကို လက်ကားယားနဲ့ ခြေထောက်နှစ်ချောင်းကို ပွတ်ပြီး မကျေနပ်ကြောင်း လူကြီးတွေ သိအောင် ပြတော့တာပဲ။ သမီးက ငယ်ငယ်လေးနဲ့ တီဗွီကြည့်တတ်သလို သီချင်းလည်း ကြိုက်မှကြိုက်ပဲ။ ညအိပ်တော့မယ်ဆိုရင် သမီးကို သီချင်းနဲ့ချော့သိပ်မှပဲ အိပ်တော့တယ်။

*****

တချို့ကလေးတွေကတော့ ၃ လကျော်ရင် စပြီး မှောက်တတ်တယ်လို့ ပြောကြတယ်။ တချို့လည်း ၄ လကျော်မှတဲ့။ ဒါပေမယ့် မိခင်နဲ့ ကလေး မှတ်တမ်းစာအုပ်မှာရေးထားတော့ ၅ လ ကနေ ၆ လ အတွင်းဆို မှောက်ကို မှောက်ရမယ်လို့ ရေးထားတယ်။ သမီးက ၅ လကျော်လာတဲ့အထိ မမှောက်တတ်သေးတော့ ဘယ်လို လုပ်ရင် ကောင်းမလဲဆိုပြီး မေမေတို့ စိတ်ပူမိတယ်။ သမီးက မှောက်ဖို့ထက် ထိုင်ဖို့ နဲ့ မတ်တပ်ရပ်ရတာကို ပိုပြီး အားသန်တယ်။ ၅ လကျော်လာတဲ့နောက်ပိုင်း မှောက်တတ်သွားအောင်ဆိုပြီး သမီးကို မွေ့ယာပေါ်မှာပဲ တမင်ထား ထားလိုက်တော့တယ်။ အဲဒီနောက် မေမေက သမီးရဲ့ ခြေထောက်နဲ့ ခါးကို နည်းနည်းလေး ထိန်းပေးပြီး ကိုယ်လေးကို လှဲ့ပေးလိုက်ရင်တော့ သမီးက အလိုက်သင့်မှောက်တတ်လာတယ်။ အဲဒီလိုမျိုး ၁ ရက် ၂ ရက်လောက် လေ့ကျင့်ပေးလိုက်ရတယ် ၊နောက်ရက်တွေကျတော့ သမီးက ကိုယ့်ဘာသာကိုယ် မှောက်တတ်နေပြီ။ သမီးက မှောက်တာ နောက်ကျလို့ပဲလား မသိဘူး၊ မှောက်တတ်ပြီး သိပ်မကြာဘူး တစ်ရက် နှစ်ရက်အတွင်း ပက်လက် ပြန်လှဲချတတ်တယ်။ အဲဒီတော့မှပဲ မေမေတို့လည်း စိတ်အေးရတော့တာပေါ့။

နောက်ပိုင်း အိပ်ယာက နိုးပြီဆို သမီးက မှောက်လိုက်၊ ညောင်းလာရင်လည်း ပက်လက် ပြန်လှဲချလိုက်နဲ့ အဆင်ကိုပြေနေတာပဲ။ တခါတလေလည်း စောင်ဖြစ်ြဖစ် ခေါင်းအုံးဖြစ်ဖြစ် ခံနေရင် တော်တော်နဲ့ မှောက်မရပြန်ဘူး။ အဲဒီအခါဆိုရင် သမီးလေး ဘာလုပ်မလဲဆိုပြီး မေမေက ကူမပေးပဲ အသာ စောင့်ကြည့်နေလိုက်တယ်။ သမီးက ကိုယ်ကြီးကို စောင်းပြီး အကြိမ်ကြိမ် ကြိုးစား မှောက်ကြည့်တယ်။ မှောက်မရပဲ ကြာတော့ မောလာရင် ပက်လက်လှန်ပြီး ခဏ အနားယူလိုက်သေးတယ်။ အဲဒီအချိန်ကျရင် မေမေက မသိမသာ စောင်တို့ ခေါင်းအုံးတို့ကို ဖယ်ပေးထားလိုက်ရတာပေါ့။ သမီးက အမောပြေသွားရင် နောက်တစ်ခါ ကြိုးစားပြီး မှောက်ပြန်ရော။ မှောက်လို့ရသွားရင်တော့ မေမေ့ဘက်လှည့်ကြည့်ပြီး ပြုံးပြတော့တာပဲ။ သမီး လုပ်နိုင်တယ် ဆိုတာလေးကို လူကြီးတွေကို သိစေချင်တာလေ။ လူကြီးတွေက လက်ခုပ်တီးပေးပြီး “တော်တယ်ကွာ” လို့ ချီးကျူးရင်တော့ သဘောတွေကျပြီး သွားဖုံးလေးပေါ်အောင် ရီပြတော့တာပဲ။

သမီးလေးဟာ အခု အရွယ်ကစပြီး လိုချင်တာ၊ ဖြစ်ချင်တာကို မရ ရအောင် လုပ်မယ်ဆိုတဲ့ စိတ်လေးကို ပါပါးနဲ့ မေမေ သတိထားမိလာတယ်။ ဥပမာ သမီးက လှဲထားတာ မကြိုက်တော့ လူကြီးတွေကို လာခေါ်စေချင်တယ်၊ မေမေတို့ကလည်း လက်မအားလို့ မခေါ်နိုင်ဘူးဆို မခေါ်မချင်း အော်ငိုနေတော့တာပဲ။ မေမေနဲ့ ပါပါး သမီးကို မချီပဲ ၁၀ မိနစ်ကျော်ကျော်လောက် ဒီအတိုင်း ထားဖူးတယ်။ သမီးက လုံးဝ ဇွဲလည်း မလျော့ဘူး၊ ငိုတဲ့အသံလည်း မလျော့ဘူး။ အငိုလည်း မရပ်ဘူး။ နောက်ဆုံး တကိုယ်လုံး ချွေးတွေ ရွှဲလာလို့ လူကြီးတွေက အလျော့ပေးပြီး ကောက်ချီလိုက်ရတယ်။ အဲဒါကို ကြည့်ပြီး ပါပါးနဲ့မေမေက သမီးက ဇွဲကောင်းတယ် တခုခုဆို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်ဆိုပြီး နှစ်ယောက်သားပြောဖြစ်ကြတယ်။ အဲဒီလို စိတ်လေးကို ကောင်းတဲ့ဘက်မှာ ဇွဲရှိအောင် လူကြီးတွေက တည့်မတ်ပြီး လမ်းညွှန်ပေးရမှာပေါ့ သမီးရယ်။

၃ လ ကနေ ၆ လအထိ သမီးရဲ့ တိုးတက်မှုတွေကို ချရေးမယ်ဆို ရေးစရာတွေ အများကြီးပါပဲ။ ဒီနေ့ ဟာ သမီးလေး ၆ လပြည့်တဲ့ အတွက် သမီးရဲ့ တိုးတက်မှုတွေကို အမှတ်တရ အနေနဲ့ ပို့စ်အဖြစ် ရေးထားလိုက်တာပါ။ မေမေ့ သမီးလေးဟာ ဂျီကျပြီး ငိုတဲ့အချိန်ကလွဲရင် တကယ်ကို ချစ်စဖွယ်လေးမို့ မေမေက ဒီပို့စ်ရဲ့ ခေါင်းစဉ်ကို “၆ လအရွယ် ချစ်စဖွယ်” လို့ ပေးလိုက်မယ်နော်။

ဇူလိုင် ၁၇၊ ၂၀၁၀

8 comments:

သက်ဝေ said...

ဟုတ်တယ် ညီမရေ...
အဲဒီ ၆ လ အရွယ်ကနေ တနှစ်ခွဲ အရွယ်အထိက ဖေဖေ မေမေတွေကို တနေ့တမျိုး မရိုးရအောင် အစွမ်းတွေ ပြတတ်တဲ့အရွယ်... ချစ်စရာ အကောင်းဆုံးအရွယ်ပဲ...။ သူတို့လေးတွေကြောင့် မောရတဲ့ အမောတွေကို သူတို့ရဲ့ ချစ်စဖွယ် အမူအရာလေးတွေ တိုးတက်လာတဲ့ ဟန်ပန် အနေအထားလေးတွေ တလုံးစ နှစ်လုံးစ စကားသံလေးတွေ နဲ့ ကိုယ်တို့ကို မောရမှန်းမသိအောင် ဆွဲဆောင်တယ်လေ...။
ဖတ်ရတာ တကယ်ပဲ ကြည်နူး ပျော်ရွှင်မိပါတယ်...

MrDBA said...

သမီးလေး ဓါတ်ပုံပြပါဗျို့ .. :)

Maung Myo said...

မိခင်ရဲ့ အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒီပို့စ်လေးကို ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ မိဘဆိုတာ သားမီးနဲ့ ပက်သက်တဲ့ အသေးစိတ် အချက်လေးတွေကိုတောင် အမှတ်တရ ရှိနေတတ်တာပဲနော့် သမီးလေးကြီးလာလို့ ဘလော့ဆိုတာကို သိ ဒီပို့စ်လေးကို ဖတ်ခွင့်ရရင် သူဘယ်လောက် ပျော်လိုက်မလဲလို့ မှန်းကြည့်မိတယ် အဲ့အချိန်ကျ ဒီမှတ်ချက်ကိုရေးတဲ့ မောင်မျိုးလည်း 40 ကျော် 5 နှစ်ပတ်လည် ဘကြီးအရွယ်ဖြစ်နေလောက်ပြီင်္နော့်း)

သမီးလေး ဓာတ်ပုံကျနော်လည်းကြည့်ချင်တာ မြင်ဖူးချင်လို့ပါ တင်ပါလား အစ်မ ။

Shinlay said...

သမီးလေးက တတ်လိုက်တာ။ ချစ်စရာလေးနော်။ စာဖတ်ပြီးပြေးတောင် လာကြည့်ချင်သွားတယ်။

သမီးလေးရဲ့ တိုးတတ်ကြီးပြင်း လာတာလေးတွေကို
ကြည့်ပြီး မိဘတွေပျော်ရွှင်ကြည်နူးနေမှာပဲနော်။

ကျမတောင်စာဖတ်ရရုံနဲ့  ကြည်နူးသွားရသေးတာ။
ကျမကိုယ်စား အနမ်းလေးတွေ သမီးလေးကိုပေး ပေးပါ နော်။

jewel nwe zin said...

သမီးလေးကချစ်စ၇ာကေါင်းလိုက်တာ။ကျမမှာလဲသမီးလေး၂ယောက်၇ှိတယ်။သမီးကြီးက၄လခွဲမှာမှောက်တယ်။သမီးငယ်က၆လခွဲမှာမှောက်တယ်။တယောက်နဲ.တယောက်မတူဘူး။၆လကျော်၇င်ဆန်မှုန်.၊ကွေကာအုပ်၊ရယ်ဒီမိတ်အသီးဗူး၊အသီးအ၇ွက်ဗူးတွေကျွေးလို.၇ပြီး

လုလု said...

နုရေ့ 
သမီးလေးပုံတွေကို ဖေ့စ်ဘွတ်ခ်မှာလည်း ကြည့်ခဲ့ရတယ်။ အရမ်းကို ချစ်ဖို့ကောင်းလွန်းလို့လေ။ လုလုတောင် ဒီလောက်ချစ်နေရင် အမေရင်းအဖေရင်းတွေက ဘယ်လောက်များ ချစ်ကြမလဲဆိုတာကို သိပါတယ်နော်။ သမီးလေးရဲ့ မှတ်တမ်းလေးတွေကို သမီးလေး ကြီးလာတဲ့အခါ ပြန်ဖတ်မိတဲ့အခါ မေမေ့ကို အရမ်းချစ်တယ်လို့ ပြောမယ်ထင်တယ်နော်။ အားတဲ့အခါ (အချိန်လုပြီးတော့) သမီးနဲ့ပတ်သက်တာလေးတွေ ရေးပေးဦးနော်။
ချစ်ခင်စွာဖြင့်
လုလု

knsl said...

မရေ
သမီးလေးကတအားသိလာပြီနော်
ချစ်ဖို့ကောင်းလိုက်တာ
ဖတ်ရင်းဗဟုသုတလည်းရတယ်မရဲ့
နေ့တိုင်းပျင်းဖို့အချိန်တောင်ရှိမှာမဟုတ်ဘူးနော် ပျော်စရာကြီး..

ပုံရိပ် / Pon Yate said...

ချစ်စရာကောင်းလိုက်တဲ့ သမီးလေး။