September 19, 2007

ပြိုင်ပွဲ

ဒီကို မလာခင် ထိုင်းမှာ နေခဲ့တုန်းက ကျမတို့ company ပိုင်ရှင်က သူ့ခြံကို အလည်ခေါ်ခဲ့ပါတယ်။ ဘန်ကောက်ကနေ ကားနဲ့ ဆိုရင် ၄ ၊ ၅ နာရီလောက် သွားရတာပါ။ ဘယ်နေရာလည်းဆိုတာ ထိုင်းနာမည်မို့လို့ မမှတ်မိတော့ပါဘူး။ အဲဒီ အချိန်တုန်းက ဘန်ကောက်မှာ အရမ်းပူနေပေမယ့် သူဌေးခြံရှိတဲ့ နေရာမှာတော့ တော်တော်အေးပါတယ်။ တောင်ကြီးလို ရာသီဥတုမျိုးနဲ့ ဆင်တယ်။ ၀န်ထမ်းတွေ အားလုံးစုပြီး သွားတာဆိုတော့ ထိုင်းတွေရော မြန်မာတွေရောပေါ့။ သူဌေးခြံကို ပျော်ပွဲစား ထွက်ကြတယ်ပဲ ဆိုပါတော့။

အစကတော့ သိပ် မသွားချင်ဘူး။ ထိုင်းတွေနဲ့လည်း မခင်တော့ ဆက်ဆံရေး အဆင်မပြေမှာလည်း စိုးတယ်။ နောက်ပြီး ရန်ကုန်ကို ပြန်ခါနီးနေပြီဆိုတော့ ပြန်ဖို့လောက်ပဲ စိတ်ထက်သန် နေတာ။ ဘယ်ကိုမှ မလည်ချင်တော့ဘူး။ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေအတွက် လက်ဆောင်ဝယ်ချင်တဲ့ စိတ်က များနေတာကြောင့်လည်း ပါတယ်။ အခုတော့ ဓာတ်ပုံတွေ ပြန်ကြည့်မိရင်း အဲဒီတုန်းက အဖြစ်တွေကို သတိရလာတာနဲ့ ဒီပို့စ်ကို ရေးဖြစ်တာပါ။

မှတ်မှတ်ရရ ဘန်ကောက်ကနေ ကားစထွက်တော့ မနက် ၇ နာရီကျော်ကျော်ပေါ့။ သူဌေးခြံရောက်တော့ ၁၂ နာရီ ၀န်းကျင်လောက်ရှိနေပါပြီ။ အဲဒီနေရာကို ရောက်တဲ့ လိုင်းကား မရှိတဲ့အတွက် Van ကား ၂ စီးငှားပြီး သွားကြတာပါ။ ခြံထဲရောက်တော့ သူဌေးက သူ့ခြံကို အရင်လိုက်ပြပါတယ်။ ပြီးတော့ နေ့လည်စာမစားခင် game ၂ ခုကစားပါတယ်။ ဒုတိယ game က စပြီး နိုင်တဲ့သူကို ဆုပေးပါတယ်။ တတိယ game ကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံးပါပဲ။ အုပ်စုလိုက် ကစားကြတာဆိုတော့ team work က အရေးကြီးပါတယ်။

ဒုတိယ game ပြီးတော့ ခဏတဖြုတ်နားကြပြီး နေ့လည်စာ စားကြပါတယ်။ ထမင်းစားပြီးမှ တတိယ game ကို စတာပါ။ တတိယ game အတွက် လူစုခွဲတဲ့အခါ ထိုင်းရော မြန်မာရော အုပ်စုတစ်ခုချင်းဆီမှာ ရောပြီး နေရာချပေးထားပါတယ်။ တစ်အုပ်စုကို ၆ ယောက်ဆီပါပြီး စုစုပေါင်း ၃ အုပ်စု ရှိပါတယ်။ အုပ်စုတစ်စုအတွက် solo tape ၂ ခု၊ အိမ်သာသုံး စက္ကူလိပ် ၁ လိပ်၊ အင်္ကျီချိတ် တဲ့ သံချိတ် ၁ ခုဆီ ပေးပြီးတော့ သူဌေးလိုချင်တဲ့ ပုံစံက

(၁) ကြက်ဥ ၃ လုံး တင်လို့ရရမယ်။
(၂) အမြင့်ဆုံးဖြစ်ရမယ်။
(၃) ခိုင်ခံ့ရမယ်။
(၄)တနေရာက တနေရာကို ရွှေ့ပြောင်းလို့ ရရမယ်။ နေရာတခုတည်းမှာ အသေချည်ထားတာမျိုး မဖြစ်ရဘူး။
ကိုယ်ကြိုက်ရာ ပုံစံတခုကို အဲဒီပစ္စည်း သုံးမျိုး သုံးပြီး ဆောက်ပေးရမယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ့်ဘာသာ လုပ်ကြဆိုပြီး အချိန် နာရီဝက်ပေးပါတယ်။

တစ်အုပ်စုနဲ့ တစ်အုပ်စု ကြည့်လို့လည်း မရဘူး။ တခြားအုပ်စုက ဘယ်လို ပုံစံတွေ လုပ်ကြလဲ ဆိုတာလည်း မကြည့်အားဘူး။ တစ်အုပ်စုနဲ့တစ်အုပ်စု မြင်လည်း မမြင်ရတော့ အားလုံးက နိုင်ချင်ဇောနဲ့ အပြိုင်အဆိုင် အကောင်းဆုံးဖြစ်အောင် လုပ်ကြတာပေါ့။ ပြိုင်ပြီဆိုမှတော့ နိုင်ချင်တာလည်း သဘာဝပဲ မဟုတ်လား။ အားလုံးခေါင်းချင်းဆိုင်ကြ၊ တိုင်ပင်ကြ၊ ကောင်းမယ်ထင်သလိုလုပ်ကြနဲ့ နောက်ဆုံးတော့ ဒီလိုပုံလေးတွေ ထွက်လာပါတယ်။




ကဲ.. အမှတ်ပေးတော့မယ်။ ဘယ်ဘက်အစွန်ဆုံးက အုပ်စု ၁ ၊ အလယ်က အုပ်စု ၂ နဲ့ ညာဘက်က အုပ်စု ၃ ပေါ့။


(၁) ကြက်ဥ ၃ လုံးက ပုံစံ အားလုံးတင်လို့ရတယ်။ အားလုံး အမှတ်တူတယ် (၁၀) မှတ်ဆီ ရကြတယ်။
(၂) အမြင့်ဆုံးပြိုင်တော့ အုပ်စု ၁ နဲ့ ၂ က ရှုံးပြီး အုပ်စု ၃ က ကပ်နိုင်သွားတယ်။ အုပ်စု ၃ (၁၀) မှတ်ရတယ်။
(၃) ခိုင်ခံ့ရမယ်။ ကြက်ဥ ၃ လုံးတင်ပြီးတဲ့အထိ ခိုင်တယ်ဆိုတော့ အားလုံးက အမှတ်တူပဲရတယ် (၁၀)မှတ်။
(၄)မ ရွှေ့လို့ ရရမယ် ဆိုတော့ အားလုံးက အတူတူပဲ ရွှေ့ပြောင်း နိုင်တယ်လေ။ ဒါကြောင့် အမှတ်တူတယ်။ ဇယားလေးကို တချက်ကြည့်ကြည့်ပါအုံး.. အမှတ်တွေ တွက်လို့ရအောင်လို့။



အုပ်စု ၁

အုပ်စု ၂

အုပ်စု ၃

နံပါတ် ၁

၁၀

၁၀

၁၀

နံပါတ် ၂

၁၀

နံပါတ်

၁၀

၁၀

၁၀

နံပါတ် ၎

၁၀

၁၀

၁၀


အခုအတိုင်းဆိုရင် အုပ်စု ၃ က နိုင်နေတာပေါ့။ ဒါပေမယ့် ပွဲက မပြီးသေးဘူးတဲ့။ နောက်ဆုံး bonus stage ကျန်သေးတယ်ဆိုပြီး သူဌေးက နောက်ဆုံးဖဲကို ထုတ်သုံးပါလေရော။ အဲဒါကတော့ “အစတုန်းက requirement က ကြက်ဥ ၃ လုံးစာ တင်ဖို့ပဲ။ ဒါပေမယ့် နောက်ထပ် ကြက်ဥ ဆန့်သလောက်ထပ်တင်ချင်တယ်ဆိုရင်ရော နင်တို့ လုပ်ထားတဲ့နေရာက တင်နိုင်ပါ့မလား၊ တင်နိုင်မယ်ဆိုရင် တင်ပြပါ”လို့ သူဌေးက ထပ်ပြောပါတော့တယ်။ အဲဒီမှာပဲ အုပ်စု ၁ က လုပ်တဲ့ ပုံစံငယ်က နောက်ထပ် ကြက်ဥ ၅ လုံးစာကိုပါ ထပ်တင်နိုင်ပါတယ်။ အုပ်စု ၂ နဲ့ ၃ ကတော့ ကြက်ဥ ၃ လုံးအပြင် အပိုထပ်တင်တော့ အလေးချိန် မနိုင်လို့ ကြက်ဥတွေ ပြုတ်ကြကုန်တာလည်း ရှိတယ်။ နေရာမရှိတော့လို့ တင်မရတာလည်းရှိတယ်။ နောက်ဆုံး bonus point မှာ အမှတ် ၂၀ ရပြီး အုပ်စု ၁ က နိုင်သွားပါတယ်။


သူဌေးပေးချင်တဲ့ Message ကတော့ ဘယ်အလုပ်ကိုမဆို requirement အတိုင်း အတိအကျဖြစ်ရမယ်။ ဒါပေမယ့် လက်ရှိ လုပ်နေတဲ့ အလုပ်မှာလည်း နောက်ထပ် လိုအပ်ချက်တွေ ပြင်ဆင်ချင်တာတွေ ရှိလာခဲ့ရင် လိုတိုး ပိုလျော့ လုပ်နိုင်ရမယ်။ ကိုယ့်အတွက်ပဲဖြစ်ဖြစ် အလုပ်နဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် ကြိုပြီး မြင်နိုင်အောင်ကျိုးစားထားရမယ်လို့ဆိုပါတယ်။ ၀န်ထမ်းတွေကလည်း programmer တွေ ဆိုတော့ software တခုကိုရေးမယ်ဆိုရင် client လိုချင်တဲ့အတိုင်းဖြစ်ရမယ်။ နောက်ပြီး client က အသစ်ထပ်ထည့်ချင်တာ ပြင်ချင်တာ၊ ရှိနေတဲ့အပိုင်းကို မလိုအပ်လို့ ဖြုတ်ချင်တဲ့အခါမှာလည်း ကိုယ့် software က အလွယ်တကူ လုပ်ယူလို့ရနေ ရမယ်လို့ ဆိုလိုချင်တာပါ။ ကျမ ရေးထားတာက သူဌေးပြောတာနဲ့ ထပ်တူကျချင်မှ ကျပါလိမ့်မယ်။ ကျမ နားလည်သလို ရေးလိုက်တာပါ။ ဖတ်တဲ့သူများလည်း လိုသလို တွေးယူလို့ရပါတယ်။

ကျမလား.. ဘယ်အုပ်စုထဲပါလဲ..ဟုတ်လား??? အဲဒီတုန်းက ကျမတို့အုပ်စုရဲ့ idea က ကြိုပြီး အရမ်းကြီးစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ အဓိက ကြက်ဥတင်ဖို့ပဲ စဉ်းစားပြီး လုပ်မိခဲ့ကြတာပါ။ ကြက်ဥ မပြုတ်ကြဖို့ အရေးကြီးတယ်ပဲ ခေါင်းထဲထည့်လို့ ပုံ ၁ လေးထွက်လာခဲ့တာပါ။ ကျမအတွက် ဒီပြိုင်ပွဲလေးဟာ အမြဲအမှတ်တရ ဖြစ်နေတော့မှာပါ။ တစ်အုပ်စုတည်း အတူ ကစားခဲ့တဲ့ မောင်၊ ညီမလေးတွေလည်း ဒီပို့စ်နဲ့အတူ ဓာတ်ပုံကို မြင်ရင်တော့ သတိရကြမှာပါလေ...။

စက်တင်ဘာ ၁၉၊ ၂၀၀၇။

5 comments:

thamudayanwe said...

right!..Gd idea .
Ur boss is gd person.

မြရွက်ဝေ said...

ကောင်းလိုက်တဲ့ အတွေးအခေါ်။ ဖြန့်ဝေပေးတဲ့ မnu-sanကိုလဲ ကျေးဇူးးးးးးးးးးးး

Anonymous said...

အမ boss အကြံလေး ကောင်းတယ် ။ အသင်း ၃ခုလုံးက လုပ်ထားတဲ့ အိုင်ဒီယာလေးတွေ ကောင်းတယ်နော် ။

ဒီလို ကစားနည်းလေးနဲ့လုပ်ပြီး ၊ ရလဒ်ကို ဖြစ်စေချင်တဲ့ အချက်အလက်ရိုက်သွင်းပေးလိုက်တာ သိပ်ကောင်းတာပဲ ။

nu-san said...

မသမုဒယ၊ မမြရွက်ဝေ၊ မဂျစ်>>
လာလည်တာ ကျေးဇူးပါ။ comment အတွက် ထပ်ဆင့်ကျေးဇူး။ :)

ဟုတ်တယ် ... သူက message တစ်ခုပေးမယ်ဆိုရင် အဲဒီလို game တွေ ဆော့ခိုင်းပြီးမှ သူဖြစ်စေချင်တာကို ပြောပြတတ်တာ။ ရှိသေးတယ် မမှတ်မိတော့လို့.. အခု game ကတော့ သိပ်မကြာသေးလို့ မှတ်မိနေတာ.. :P

Anonymous said...

အမရေ..သတိရနေတယ်နော်..
ခိုင်ဇာ..