September 22, 2007

မေတ္တာစောင်ခြုံထားသူများ


ဓာတ်ပုံ - ဒီနေရာ မှ ယူပါသည်။ (၂၁-၀၉-၂၀၀၇)


ဓာတ်ပုံ- ဒီနေရာ မှ ယူပါသည်။ (၂၁-၀၉-၂၀၀၇)

သတင်း စာမျက်နှာတွေပေါ်မှာ မြင်နေရတဲ့ ဘုန်းဘုန်းတွေ လမ်းလျှောက်တဲ့ဓာတ်ပုံတွေ ကြည့်ပြီး တကယ် စိတ်မကောင်းဖြစ်မိတယ်။ ဘုန်းဘုန်းတွေရဲ့ ပြည်သူလူထုအတွက် ရှေ့က မားမားမတ်မတ်ရပ်ပြီး လုပ်ဆောင်ချက်အပေါ် ကြည်ညိုလေးစားမိတယ်။ ဒီရက်အတွင်း ရန်ကုန်မှာ မိုးဆက်တိုက်ရွာတာဆိုတော့ ဓာတ်ပုံထဲ ကြည့်ရင် သင်္ယန်းရေစိုလို့ ဘုန်းဘုန်းတွေခမျာ ချမ်းလို့တုန်နေတယ်။ ဖိနပ်မပါ ခြေမှာဗလာနဲ့ လမ်းလျှောက်နေကြတာ။ ဘုန်းဘုန်းတွေနဲ့အတူ ဘေးက လက်ချင်းယှက်ပြီး လိုက်ပါတဲ့သူတွေကိုလည်း လေးစားမိတယ်။ ဓာတ်ပုံတွေကြည့်ရင်း ရင်ထဲမှာ ဆို့လာတယ်။ မမြင်ရက်တော့ဘူး။

ဒီလိုပြောနေလို့ “နင်က နိုင်ငံရေး ဘယ်လောက်နားလည်လို့လဲ” မေးလို့ကတော့ “တစ်လုံးမှ နားမလည်ပါဘူး” လို့ပဲ မရှက်တမ်းဖြေပါရစေ။ ကျမရဲ့ ဘ၀စာမျက်နှာမှာ နိုင်ငံရေးနဲ့ပတ်သက်ပြီး စွမ်းစွမ်းတမံ လုပ်ခဲ့ဖူးတာ ဘာမှမရှိခဲ့ပါဘူး။ ၈၈ ကျောင်းသားခေါင်းဆောင်တွေလိုမျိုး၊ ယခု လက်ရှိ နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်နေတဲ့သူမျိုးလည်း မဟုတ်ပါဘူး။ သာမန်ပြည်သူတယောက်အနေနဲ့ပဲ ဒီစကားတွေကို ပြောပါတယ်။ စိတ်ထဲမှာ ဖြစ်တဲ့အတိုင်းကိုပဲ ရေးပါတယ်။ ကိုယ့်နိုင်ငံအခြေအနေ၊ အကျိုးအကြောင်း၊ အဆိုးအကောင်းကိုတော့ မြင်နိုင်တဲ့ မျက်စိတွေ ရှိပါသည်။ ဝေဖန်ပိုင်းခြားနိုင်တဲ့ ဦးနှောက်တခုလည်းပါသည်။ မြန်မာလူမျိုး ၊ မြန်မာပြည်သူများ အားလုံးကို သင့်တင့်မျှတသော လူအခွင့်အရေး ရစေချင်သည့်စိတ်ရှိသည်။ “ဒါမြန်မာဟေ့” လို့ ဘယ်နေရာမှာမဆို ဂုဏ်ယူဝင့်ကြွားချင်သည်။ “နင်က နိုင်ငံခြားရောက်နေပြီး ဒါတွေ ပြောနေလို့ အပိုပါပဲ”လို့ ထင်လိုကလည်း ထင်နိုင်ပါတယ်။ ”ကိုယ်ကိုယ်တိုင်ကတော့ ဘာမှ လုပ်မပေးနိုင်ပဲ ဒီလိုရေးမယ်ဆို လူတိုင်း ရေးလို့ရတာပဲ” လို့ ပြောလိုကလည်း ပြောကြပါတော့။ အဓိကက ဘုန်းဘုန်းတွေအပေါ်ဖြစ်နေတဲ့ကြည်ညိုတဲ့စိတ်၊ ဘုန်းဘုန်းတွေနဲ့အတူ လိုက်ပါနေတဲ့သူတွေအတွက်ပါ။

အရှင်ဘုရားတို့.. တပည့်တော်မသည် ဘုန်းဘုန်းတို့ကို ဘာမှ အကူအညီမပေးနိုင်ပါ။ တပည့်တော်မ လုပ်ပေးနိုင်တာ ကတော့ ဘုန်းဘုန်းတို့စိတ်အတိုင်း တပည့်တော်မ၏ စိတ်သည်လည်း တသားတည်း တထပ်တည်းကျပါတယ်ဘုရား.. ဘုန်းဘုန်းတို့ လုပ်ဆောင်ချက်အပေါ်လည်း ကြည်ညိုမိပါတယ် အရှင်ဘုရား။ သို့ဖြစ်ပါသောကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ ပြည်နယ်အရပ်ရပ်တွင် လမ်းလျှောက် ဆန္ဒပြနေသော ရဟန်းသံဃာများအားလုံး ဘေးရန် ကင်းရှင်းကြပါစေ။ ရဟန်းသံဃာတော်တို့၏ လုံခြုံရေးအတွက် ဘေးမှ လိုက်ပါကုန်ကြသော ကျောင်းသားလူငယ် ပြည်သူများအားလုံး ဘေးရန်ကင်းရှင်းကြပါစေ။ မကောင်းသောဘေး၊ မကောင်းသောရန်၊ မကောင်းသော မလိုမုန်းထား၊ အနှောင့်အယှက် အတိုက်အခိုက်များမှလည်း ကင်းဝေးကြပါစေ။ ပြည်သူလူထု အတွက် ရှေ့မှ ထွက်ကာ မတရားမှုများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပေးသော ရဟန်းသံဃာများအား သံဃာ့ဂုဏ်ကျေးဇူးကို သိတတ်သောအားဖြင့် လက်စုံမိုး၍ ရှိခိုးကန်တော့ပါတယ် အရှင်ဘုရားများ..

တပည့်တော်၊ တပည့်တော်မတို့၏ ပို့သသော မေတ္တာဓာတ်သည်လည်း အရှင်ဘုရားတို့နှင့်အတူ လိုက်ပါသူ ပြည်သူ့ဘက်တော်သား အားလုံးအတွက် တံတိုင်းသဖွယ်ဖြစ်ပြီး အနှောင့်အယှက်များနှင့်မကောင်းသော ဘေးရန်များမှ ကာကွယ်တားဆီးနိုင်ပါစေ ဘုရား...

စက်တင်ဘာ ၂၂၊ ၂၀၀၇။

5 comments:

thamudayanwe said...

ကောင်းတယ်..ရဟန်းရှင်လူပြည်သူအပေါင်းဘေးရန်ကင်း၍
ငြိမ်းအေးကြပါစေ..
တောင်းခဲ့တဲ့ဆုတွေမပြည့်ချင်နေပါစေ..
မြန်မာပြည်ရှိ ရဟန်းရှင်လူပြည်သူအပေါင်း..
ဘေး၇န်ကင်း၍ငြိမ်းအေးပါစေ..
အနျတရာယ်ကင်းကြပါစေ..
လှိုက်လှဲစွာ မေတာပို့၍တောင်းဆုချွေပါသည်..

လင်း said...

စာတွေလည်းဖတ်သွားတယ်။ ကျေးဇူးတင်စကားပြောရင်းနဲ့ လည်လည်လာသွားပါတယ်

pandora said...

မနုစံနဲ့ အတူတူ မေတ္တာပို့သွားပါတယ်။ အားလုံးငြိမ်းချမ်းစွာ အဖြေရှာနိုင်ကြပါစေ။
(အမြဲတမ်းအားပေးနေတဲ့ မနုစံကို ကျေးဇူးတင်တယ်နော်။)

kay said...

အဲဒါ နိုင်ငံရေး နားလည်ခြင်းပေါ့ကွယ်။ ကိုယ့်နိုင်ငံအကြောင်း သူများနိုင်ငံအကြောင်း..နားလည် စာနာခြင်း သိမြင် ခံစားခြင်းသည်..တကယ့်နိုင်ငံရေးရဲ့ အနှစ်သာရ စစ်စစ်ပါ နုစံရေ။ (ပါတီနိုင်ငံရေး ဆိုတာ ကျတော့မှသာ..လူတိုင်းအတွက်..အကျွမ်းမ၀င်နိင်တာ ဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ်)

မြရွက်ဝေ said...

ရင်ပူတယ် မnu-sanရေ။ အတူဆုတောင်းမေတ္တာပို့ပါတယ်။ အားလုံး ဘေးရန်ကင်းပြီး အစဉ်ပြေပါစေ---