June 14, 2008

Myanmar Cyclone Fund Collection - 1

မြန်မာပြည်ကို မုန်တိုင်းဝင်ခဲ့တာ အခုဆိုရင် တစ်လကျော်လာပါပြီ။ ဒါပေမယ့် ဂျပန်က အဖွဲ့တွေကတော့ အလှူငွေကို တတ်နိုင်သလောက် လိုက်စုနေကြတုန်းပါပဲ။ ကျမလည်း ကိုယ့်ရုံးက လူတွေ၊ နီးစပ်ရာ သူငယ်ချင်းတွေ၊ ခင်မင်ရာအုပ်စုလေးအတွင်းမှာပဲ အလှူငွေကောက်ခံပေးခဲ့ပါတယ်။ ကိုယ့်နိုင်ငံက လူတွေအတွက် ယန်း ၁၀၀၀ ရလည်း မြန်မာငွေ ၁ သောင်းရတယ်၊ ယန်း ၁ သောင်းရရင် မြန်မာငွေ ၁ သိန်းရတာပဲ။ ရနိုင်သလောက် တတ်နိုင်သလောက် စုမယ်ဆိုတဲ့ စိတ်နဲ့ပဲ ရုံးမှာ အလှူငွေကောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

*****


မြန်မာပြည်ကို မုန်တိုင်းဝင်ပြီး ၁ ရက် ၂ ရက်လောက်အထိ ဂျပန်သတင်းတွေထဲမှာ မတွေ့မိခဲ့ပါဘူး။ အဲဒါကြောင့် ကျမတို့ ရုံးကလူတွေရော၊ ဂျပန်သူငယ်ချင်းတွေရော မြန်မာပြည်သတင်းကို ချက်ချင်း မသိခဲ့ကြဘူး။ ဖြစ်ချင်တော့ အဲဒီရက်ကလည်း ဂျပန်မှာ Golden Week ရုံးပိတ်ရက် ဖြစ်နေတာနဲ့ ရုံးတွေ ပိတ်ထားတဲ့အချိန်ပါ။ ရုံးပြန်တက်တော့မှ သူငယ်ချင်းအချို့က “အလှူငွေ လှူချင်တယ် ဘယ်လိုလုပ်ရမလဲ” ဆိုပြီး ကျမကို လာမေးကြတယ်။ နောက်ပြီး သူတို့ကိုယ်တိုင်က ဒုက္ခသည်တွေဆီကို မြန်မြန်ဆန်ဆန်နဲ့ တိုက်ရိုက်ရောက်မယ့် အဖွဲ့မျိုးကိုပဲ လှူချင်ကြတယ်။ အဲဒီတော့ ရုံးကလူတွေကို အလှူခံဖို့ အတွက် Myanmar Cyclone Victims (Japan)အဖွဲ့ ရဲ့ Poster ကို Print out ထုတ်ပြီး ထမင်းစားခန်းမှာ ကပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ Print out ထုတ်ရင်လည်း အဖြူအမည်းဆို ဓာတ်ပုံတွေ မထင်ရှားမှာစိုးတော့ Color Printer နဲ့ ထုတ်ရင် ကောင်းမယ်လို့ တွေးမိတယ်။ ကျမထင်တာက စာရွက်ကို Print out ထုတ်ပြီး ရုံးက ထမင်းစားခန်းမှာ ကပ်လိုက်ရင် ပြီးပြီထင်နေတာ။ လှူချင်တဲ့သူတွေက ကိုယ့်ကို အလှူငွေလာပေးရင် တဆင့် ငွေပြန်လွှဲပေးလိုက်မယ်လို့ပဲ အလွယ်တွေးထားခဲ့မိတယ်။

တကယ်တမ်းတော့ ထင်သလောက်မလွယ်တာတွေက တွေ့လာတော့တာပါပဲ။ ရုံးက ထမင်းစားခန်းမှာ စာရွက်ကပ်တဲ့အလုပ်က HR နဲ့ ဆိုင်တယ်ဆိုတာ အရင်ကမသိခဲ့ရပါဘူး။ ဒါပေမယ့် Department manager ကို အရင် မေးကြည့်မယ်လို့ စိတ်ကူးထားပါတယ်။ ဖြစ်ချင်တော့ Department manager ကလည်း ခွင့်ယူထားတာနဲ့ ကြုံတယ်။ သူ့ကို မမေးခင် အရင်ဆုံး အလှူခံ Poster စာရွက်ကို Color Printer အရင်ထုတ်ထားမယ်ပေါ့။ Color Printer ထုတ်မယ်ဆိုရင်လည်း လက်မှတ်ထိုးပြီး ထုတ်ရတာမို့ ဘယ်လိုလုပ်ရမလဲဆိုတာ မေးရင်းက HR က အမျိုးသမီးဆီရောက်သွားတော့တာပါပဲ။ HR ကိုရောက်တော့ ကျမက ဒီစာရွက်ကို ထမင်းစားခန်းမှာ ကပ်ချင်လို့ဆိုတာရယ်၊ ရုံးကလူတွေ လှူချင်ရင်လည်း စာရွက်ပေါ်ပါတဲ့ လိပ်စာတွေကို ဆက်သွယ်ပြီး လှူလို့ရပါတယ်လို့ပြောပြပါတယ်။ ဒါပေမယ့် သူ ထင်သွားတာက ရုံးအနေနဲ့ အလှူငွေ ထည့်ခိုင်းတယ်လို့ ထင်သွားပြီး ကျမကို “ကုမ္ပဏီအနေနဲ့ ဘာအလှူငွေမှာ မကောက်ခံပေးပါဘူး” ဆိုပြီး ပြောပါတယ်။ ကျမလည်း “ ရုံးက ၀န်ထမ်းအားလုံးကို အလှူငွေထည့်ပေးဖို့ မတိုက်တွန်းလိုဘူး။ တကယ်လို့ သူတို့စိတ်ဆန္ဒအရ အလှူငွေထည့်ချင်ရင် ဘယ်ကို ဆက်သွယ်ရမှန်းမသိမှာစိုးလို့ ငါ့ဆီကို ဆက်သွယ်နိုင်တယ်ဆိုတဲ့အချက်လေးကိုပဲအားလုံးကို သိစေချင်တာပါ။ ကျန်တာကတော့ ရုံးလုပ်နည်းအတိုင်းပဲပေါ့။ အဲဒီတော့ ထမင်းစားခန်းမှာ ကပ်လို့ရမလား မရဘူးလားပဲ သိချင်ပါတယ်” လို့ပြောတော့မှ Myanmar Cyclone Victims (Japan)အဖွဲ့ ရဲ့ Poster အောက်မှာ မှတ်ချက်လိုမျိုး ထပ်ရေးပြီး အားလုံးကို စီစဉ်ပေးပါ့မယ်လို့ ပြောပါတော့တယ်။


ကျမတို့ ရုံးက Osaka မှာ ၃ ထပ်ရှိပြီး Tokyo မှာလည်း ၃ ထပ်ရှိပါတယ်။ Osaka ကတော့ Head Office ပါ။ HR ရဲ့ ထုံးစံက စာရွက်တခု၊ ကြေငြာတစ်ခု ကပ်မယ်ဆိုရင် ရုံးတံဆိပ်တုံး ထုပြီးမှ တရားဝင်ကပ်လို့ရတယ် ဆိုတာရယ်၊ နောက်ပြီး ထမင်းစားခန်း ၃ ခန်းရှိရင် ၃ ခန်းစလုံးမှာပါ ကပ်ရမှာဖြစ်ပြီး၊ Tokyo ရုံးအတွက်ပါ ၃ ရွက်ပို့ပေးရမယ်လို့ ပြောပါတယ်။ ကျမကတော့ ကပ်ပေးမယ်ဆိုရင် ပြီးပြီမို့ သူ့ဆီကို Poster PDF file ပဲ ပို့ပေးလိုက်ပါတယ်။ ကျန်တဲ့ အောက်မှာ မှတ်ချက်ရေးတာကတော့ သူပဲ ဂျပန်လိုရော၊ အင်္ဂလိပ်လိုပါ ထပ်ဖြည့်ပြီး ရေးပေးပါတယ်။ ပြီးတော့ HR က လူတွေ ကိုယ်တိုင်ပဲ ထမင်းစားခန်းတိုင်းမှာ လိုက်ကပ်ပေးပါတယ်။ အောက်မှာရေးတဲ့ မှတ်ချက်ကတော့ မြန်မာပြည်ကမုန်တိုင်းဒဏ်ခံရသူတွေအတွက် ကုမ္ပဏီအနေနဲ့တော့ အလှူငွေ ကောက်ခံတာ မဟုတ်ဘူးဆိုတဲ့အကြောင်း၊ ဒီအလှူငွေကို ကောက်ခံသူတွေက ဂျပန်မှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေဖြစ်ပြီး အစိုးရနဲ့ ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းမဟုတ်ကြောင်း၊ တကယ်လို့ အလှူငွေပါဝင်ချင်တယ်ဆိုရင် Osaka ရုံးရဲ့ ၈ ထပ်မှာ အလုပ်လုပ်နေတဲ့ ကျမဆီကို မေးလ်ပို့ပြီးဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်ကြောင်း ထပ်ဖြည့်ရေးထားတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံး ထမင်းစားခန်းမှာ poster ကပ်ထားခွင့်ရခဲ့ပါတယ်။ အဲဒီအကျိုးကျေးဇူးကြောင့်လည်း ထမင်းစားခန်းမှာ ကျမနဲ့ ကြုံတာနဲ့ အလှူငွေ ထည့်ချင်ပါတယ်ဆိုပြီး ပေးသွားတာမျိုးလည်း ရှိခဲ့ပါတယ်။ တချို့လည်း ၇ ထပ်ကနေ တကူးတက ၈ ထပ်ထိလာပြီး အလှူငွေ လာပေးကြပါတယ်။ အဲဒီလို လာလှူတဲ့အတွက် အလုပ်ထဲက လူတွေကို တကယ် ကျေးဇူးတင်မိပါတယ်။


*****


မြန်မာပြည်က လေဘေးဒုက္ခသည်တွေအတွက် ရုံးကနေ အလှူငွေကောက်ခံပေးနေတာ အခုဆိုရင် တတိယအကြိမ်မြောက် လှူပေးခဲ့ပြီးပါပြီ။ စုစုပေါင်း ယန်း ၁၂ သောင်းဝန်းကျင်လောက် ရခဲ့ပါတယ်။ အခုထက်ထိ ရုံးက ထမင်းစားခန်းထဲမှာ ကြေငြာစာရွက် ကပ်ထားတုန်းပါပဲ။ အလှူငွေကောက်ခံ ရသလောက်ကိုတော့ နီးစပ်ရာ ဒုက္ခသည်တွေဆီကို ထိထိရောက်ရောက် လှူဒါန်းနိုင်ဖို့ကိုပဲ အားလုံးက ရည်ရွယ်ကြပါတယ်။ ဒါကြောင့် Myanmar Cyclone Victims (Japan)အဖွဲ့ အနေနဲ့ ကောက်ခံရရှိတဲ့ အလှူငွေတွေကို ပထမဆုံးအကြိမ်အနေနဲ့ ဦးကျော်သူရဲ့ နာရေးကူညီမှု အသင်းကို သိန်း၂၀ လှူခဲ့ပါတယ်။ ဒုတိယအကြိမ်ကတော့ ၂၅ သိန်း လှူပေးခဲ့ပါတယ်။ ဒုတိယအကြိမ်ကတော့ အဆိုတော် ဦးဇော်ဝင်းထွဋ်တို့ ဦးဆောင်ပြီး ဖျာပုံအပြင် အနီးနားက ရွာတွေကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ ဓာတ်ပုံတွေကိုတော့ Myanmar Cyclone Victims (Japan)အဖွဲ့ ရဲ့ website မှာ သွားကြည့်လို့ရပါတယ်။ နောက်တပတ်မှာ Kyoto က ဘုရားကျောင်းမှာ အလှူငွေကောက်ခံခဲ့တဲ့ အဖြစ်အပျက်လေးကို သတ်သက်ထပ်ရေးပါဦးမယ်....




ဇွန် ၁၅၊ ၂၀၀၈။

12 comments:

ThinkingHoney said...

သာဓုပါ အမရေ
ဖတ်ရတာ ၀မ်းသာဝမ်းနည်းဖြစ်မိပါတယ်

နောင်လည်း ဆက်လက်ပြီးကူညီနိုင်ပါစေနော်။ အားလုံးအတွက် ဆုတောင်းပေးပါတယ်။

ဒါနဲ့ first11ကတယောက် အဖမ်းခံရတယ် အမ

cyclonevictimfund said...

ကျေးဇူးပါ.. နုစံရေ..
အမ ကတော့ သက်ဆိုင်တဲ့ ဂျပန်ရောက် မြန်မာ ပြည်က လူတွေကို တခု တိုက်တွန်းချင်ပါတယ်။
အလှူဆိုတာ ငါတို့ လှူပီးပီဆိုပီ.. ပြစ်ထားလို့မရဘူးဆိုတာ သိစေချင်ပါတယ်။ နှစ်ရှည်စီမံကိန်း နဲ့ လှူဖို့ လိုတယ်ဆိုတာ ပြောပြချင်ပါတယ်။ ဂျပန်တွေအနေနဲ့ တော့ ထပ်ပီးကောက်လို့ သိပ်မကောင်း တော့ဘူး..။ ဆန်ဒရှိတဲ့ သူပဲ ထပ်လှူမှာလေ..။ ဒီတော့ ကိုယ့်မြန်မာတွေသာပဲ လစဉ် တတ်နိုင်သလောက် လှူပေးစေချင်ပါတယ်။ အခုဆို သီတဂူဆရာတော်ရဲ့ ရေရှည်စီမံကိန်း အပြင် ကိုကျော်သူ အဖွဲ့ရဲ့ မိဘမဲ့ဂေဟာ တည်ဆောက်ရေး အစီအစဉ် တွေ လုပ်ဖို့ ရှိပါတယ်။ ဒီတော့ မြန်မာပြည်သူတွေအနေနဲ့
တတ်နိုင်သ၍ လစဉ် ထောက်ပံ့ကြဖို့ ဒီနေရာကနေ တိုက်တွန်းပါရစေ။

Anonymous said...

D sis..Nu-San!
I am so proud of u..everyone plays a part..then how wonderful will this world be..for our people..for the better of those left in mm :D

Anonymous said...

လေးစားပါတယ် အစ်မရေ့ ခက်ခက်ခဲခဲ နဲ့ မြန်မာပြည်အတွက် ကူညီဆောင်ရွက်ပေးတာ သိရလို့  ကျေးဇူးပါဗျာ ။

Dr. Yi Yi Win said...

ထိထိရောက်ရောက်ရှိလှတဲ့ တနိုင်တပိုင်လှုပ်ရှားမှုလေးပါညီမလေး။ အတော်တော့အလုပ်
ရှုပ်နေမှာပဲ။ သာဓု…သာဒဓု..သာဓု..သုံးကြိမ်ပြည့်အောင်ခေါ်လိုက်တယ်နော်။

တန်ခူး said...

နုရေ…အလုပ်တဘက်နဲ့ တတ်အားသမျှပါဝင်တဲ့ စေတနာနဲ့ လုပ်အားကို သာဓုခေါ်ပါတယ်…
Btw…နုbannerအသစ်လေးက လှလိုက်တာ…ဘာပန်းလေးတွေလဲဟင်…တခါမှမမြင်ဖူးဘူး…

ThuHninSee said...

သာဓုပါ မနုစံ

Anonymous said...

အစ်မအတွက် ဂုဏ်ယူပါတယ်ဗျ :)

သက်ဝေ said...

သာဓု ခေါ်ပါတယ် နုရေ...
အတတ်နိုင်ဆုံး ကိုယ့်ဖက်က တတ်နိုင်တဲ့ နည်းလမ်းမျိုးတွေနဲ့ ကူညီကြတာပေါ့နော်...။

တန်ခူးပြောသလိုဘဲ Banner လေးထဲက ပန်းက ဘာပန်းလဲဟင်...

မြရွက်ဝေ said...

မnu-sanက ကုသိုလ်အများကြီးရမှာ သေချာတယ်။ သာဓုလဲခေါ်ပါတယ် အမရေ။ မနေ့ညက TVသတင်းမှာ မြန်မာပြည်က လေဘေးဒုက္ခသည်တွေအကြောင်း လွှင့်သွားတာ ကြည့်လိုက်ရတယ်။ မေးမြန်းတာတွေ၊ မိဘမဲ့ ကလေးလေးတွေမျက်နှာတွေကြည့်ပြီး ရင်ထဲဆို့လာတယ်။ :(

Layma said...

ကောင်းလိုက်တာ မ.. ရယ်...။

nu-san said...

ဟန်နီ>> ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဟန်နီရေ။ အမလည်း အဲဒီသတင်းကို ဖတ်လိုက်ရတယ်။

CycloneVictimFund>> အမရေ..ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကိုယ်တတ်နိုင်သလောက် လုပ်ပေးနိုင်တာက ဒါအကုန်ပဲမို့ပါ.. :)

Dilo>> Thanks :D We have to help our MM people as much as we can.

မောင်မျိုး>> အဟိ.. ခက်ခက်ခဲခဲဆိုလို့ နည်းနည်းမြှောက်ချင်သွားတယ်။ အဲဒီလောက်လည်း မဟုတ်ရပါဘူး မောင်မျိုးရေ.. :D

မရီရီဝင်း>> အလုပ်မရှုတ်ပါဘူး အမရယ်။ ငွေကြေးဆိုတော့ တာဝန်နည်းနည်းကြီးတယ်လို့ ခံစားရတာလေး တစ်ခုပါပဲ.. ကျန်တာတွေကတော့ No problem ပါ အမ။

မတန်ခူး၊ မသက်ဝေ>> Banner က ပုံလေးအကြောင်း ပြောပြပေးလိုက်ပြီ သူငယ်ချင်းတို့ရေ.. (အတော်ပဲ blog မှာ ဘာရေးရမှန်းမသိဘူးဖြစ်နေတာ.. :P)

သုနှင်းဆီ>> သာဓု တခွန်းတည်းလား မွန်ရ.. :P

မုတ်သုန်>> မုတ်သုန်က ဂုဏ်ယူတယ်ဆိုလို့ အမက ကိုယ့်ကိုကိုယ်ရီချင်မိတယ်။ ကိုယ့်ထက် လုပ်နိုင်သူတွေထက်ယှဉ်ရင် ဘာမှ မဟုတ်သေးပါဘူး မုတ်သုန်ရေ။ တတ်အားသလောက် တတ်နိုင်သလောက်လေးပဲပေါ့။

မြရွက်ဝေ>> ဟုတ်တယ် ညီမလေးရေ။ ထမင်းစားနေရင်း ကြည့်မိရင် ပိုပြီး စိတ်မကောင်းဖြစ်ရတယ်။ အမ ကုသိုလ်ကိုလည်း အားလုံးကို အမျှဝေပါတယ်။

လေးမ>> လေးမက ကောင်းတယ်ဆိုလို့ ၀မ်းသာတယ်.. :)