June 6, 2008

Flower Arrangement - June 5, 2008

အခုဆိုရင် ဂျပန်ရဲ့ ရာသီဥတုက နွေကို တဖြည်းဖြည်းပြောင်းလာပါပြီ။ ဒါပေမယ့်လည်း မိုးရာသီရယ်လို့ သီးသန့်မရှိလေတော့ ဒီလ တစ်လကို မိုးရာသီလို့ အကြမ်းအားဖြင့်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ နောက်လဆိုရင် နွေရာသီ စ တော့မယ်။ ဒီတစ်ခါ ပန်းအလှပြင်တာကတော့ Summer Style ပေါ့။ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ကျမသူငယ်ချင်းက “နု-စံ နောက်တစ်ခါ ပန်းအလှပြင်မယ်ဆိုရင် ဘယ်လိုပုံစံ ပြင်ချင်လဲ။ နွေရာသီနဲ့လည်း ကိုက်ညီအောင် ကူပြီး စဉ်းစားပေးပါဦး”ဆိုပြီး လမ်းမှာတွေ့တိုင်း မေးပါတယ်။ ကျမကလည်း “မစဉ်းစားရသေးလို့ နောက်မှပြောမယ်နော်”ဆိုပြီး ရှောင်နေတာ။ နောက်ဆုံး အားနာလာတာနဲ့ “ငါ စဉ်းစားပြီးရင် မေးလ်ပို့လိုက်ပါ့မယ်”လို့ ကတိပေးလိုက်ရတယ်။


ကတိပေးပြီးပြီဆိုတော့ မဖြစ်မနေ စဉ်းစားပေးရတော့မယ်လေ။အရင်ဆုံး ကျမ member မဖြစ်ခင်တုန်းက သူတို့ ဘယ်လို ပန်းပုံစံတွေ လုပ်ထားပြီးပြီလည်းဆိုတာ ရုံးက Intranet မှာ လိုက်ရှာကြည့်ရတယ်။ ပြီးမှ နွေရာသီဆိုတော့ နေကြာပန်းနဲ့ဆို လိုက်ဖက်မှာလို့ တွေးမိတယ်။ ဒါနဲ့ အင်တာနက်ကနေ image ပုံတွေ ရှာကြည့်လိုက်ပြီး စိတ်ကြိုက် ၂ မျိုး ၃ မျိုးကို သူငယ်ချင်းဆီ ပို့ပေးလိုက်ရတယ်။ ပန်းအလှပြင်တာ သင်ပေးမယ့် ဆရာမကလည်း ကျမပို့ပေးတဲ့ ပုံတွေကို သဘောကျတာနဲ့ နောက်ဆုံး Basket Arrangement လို့ခေါ်တဲ့ ခြင်းနဲ့ပန်းအလှပြင်တာကို မနေ့ကပဲ လုပ်ခဲ့ကြတယ်။


ဂျပန်မှာ ပန်းဝယ်မယ်ဆိုရင် အင်မတန် ဈေးကြီးပါတယ်။ ပန်းမှ မဟုတ်ပါဘူး အကုန်ကို ဈေးကြီးတာပါ။ နှင်းဆီပန်း ၁ ပွင့်ကို အနည်းဆုံး ယန်း ၂၀၀၊ ၃၀၀ မပေးပဲ မရပါဘူး။ အဲဒါကြောင့် ကျမကတော့ ပန်းကို ဘုရားပန်းအတွက်ပဲ အဓိက ထားပြီး ၀ယ်လှူပါတယ်။ ကျန်တဲ့အချိန်ဆိုရင် ပန်းမ၀ယ်ဖြစ်ပါဘူး။ အိမ်မှာဆို အလှပန်းအိုးထိုးတာတို့ ဘာတို့လည်း ပန်းဈေးကြီးတာနဲ့ မလုပ်နိုင်ပါဘူး။ အဲဒါဆိုတော့ ရုံးက Flower Arrangement လုပ်ပေးတဲ့အချိန်မှာပဲ ပန်းတွေကို ကိုယ်စိတ်တိုင်းကြ လုပ်ခွင့်ရလို့ ပျော်လည်းပျော်တယ်။ သဘောလည်းကျတယ်။ ဈေးကလည်း လူအများနဲ့ဆိုတော့ တော်တော်သက်သာတယ်။ Company Budget ငွေလည်းပါတာမို့ ကိုယ်က ထပ်ပေးရလည်း နည်းနည်းပါးပါးလောက်ပဲ ပေးရပါတယ်။ တစ်ခါတလေဆို ဘယ်လောက်မှ ပေးစရာမလိုတဲ့အခေါက်တွေလည်း ကြုံခဲ့ရဖူးတယ်။ အခုတစ်ခေါက် ပန်းအလှပြင်တာက ကျမအတွက်တော့ ၄ ကြိမ်မြောက်ပါဝင်ခဲ့တာပေါ့။


*****


ဒီတစ်ခါကတော့ ပန်းအစိုတွေနဲ့ပဲ ပြင်တာပါ။ ပြင်ရမယ့် ပန်းတွေက ဘောလုံးလို ပန်းလုံးလုံးလေးက ၃ ခက်၊ နေကြာပန်း ၃ ပွင့်၊ အနီရောင် အသီးခက်လေး တစ်ခက်၊ သစ်ခွပန်း ၁ ခက်၊ အ၀ါပေါ်မှာ အနီစက်ကြားပါတဲ့ ပန်းက တစ်ခက်၊ ကာနေရှင်း ၃ ခက်နဲ့ နောက်ဆုံးကတော့ menthol နံ့ထွက်တဲ့ အရွက် ၃ ခက် ပါ။ ပြီးတော့ ပန်းထည့်ထိုးဖို့ ခြင်းလေးရယ်၊ ပန်းထိုးစိုက်ဖို့ ဖော့တုံး တစ်ခုစီပေါ့။ အခုပန်းတွေထဲမှာ ကျမ သိတဲ့ပန်းဆိုလို့ နေကြာပန်းရယ်၊ ကာနေရှင်းပန်းရယ်၊ သစ်ခွပန်းရယ်ပဲမြင်ဖူးတယ်။ ကျန်တာတွေကို အခုမှ မြင်ဖူးတာမို့ နာမည်ဘယ်လိုခေါ်လည်းဆိုတာ သေချာ မသိပါဘူး။


အရင်ဆုံး ပန်းထိုးစိုက်ဖို့ ဖော့တုံးလေးကို ရေစွတ်ပြီး ခြင်းထဲကို ထည့်လိုက်ပါတယ်။ ခြင်းထဲမှာ ပလပ်စတစ်ခွက်တစ်ခု ထပ်ခံထားသေးတယ်။ ရေစိမ့်ပြီး မထွက်အောင်နဲ့တူတယ်။ ဆရာမ ရှင်းပြပေးတာကတော့ နေကြာပန်းက အဓိကဖြစ်ပြီး သူနဲ့လိုက်ဖက်အောင် ဘေးမှာ သစ်ခွပန်းအ၀ါရောင်ရယ်၊ ဘောလုံးလို ပန်းလုံးလုံးရယ်၊ ပြီးတော့ အ၀ါရောင်ပေါ်မှာ အနီအစက်တွေပါတဲ့ ပန်းတွေကို ကိုယ့်စိတ်ကူးသင့်သလို နေရာချခိုင်းပါတယ်။ ပန်းထိုးရမယ့် ခြင်းကသေးတော့ ပန်းတွေကို Balance ညီအောင် ခပ်တိုတို ပဲဖြတ်ခိုင်း ပါတယ် စိတ်တိုင်းကျ နေရာချပြီးပြီဆိုမှ ကာနေရှင်းပန်း၊ တခြားအရွက်တွေနဲ့ ပန်းအပိုတွေကို သင့်တော်သလို လွတ်တဲ့နေရာတွေမှာ လိုက်ဖြည့်ထိုးရတာပါ။ ဒီတစ်ခါ ပန်းအလှပြင်တာက ပန်းအစစ်တွေမို့ လွယ်လည်းလွယ်တယ် မြန်လည်းမြန်ပါတယ်။

အားလုံးပြီးတော့ ဒီလိုပုံလေး ရလာတာပါပဲ။ ဓာတ်ပုံထဲက နေကြာပန်းကို ကြည့်ရတာ အရောင်တောက်လို့လားမသိဘူး ပိုပြီး လန်းဆန်းနေသလိုပဲ။


ဒီပုံက အရှေ့ကနေ ရိုက်ထားတဲ့ပုံပါ။



ဒါလေးကတော့ နောက်ဘက်ကနေ ရိုက်ယူထားတာ။ လှတယ်နော်.. :)

ဇွန် ၆၊ ၂၀၀၈။

14 comments:

Anonymous said...

အောက်ဆုံးက ပန်းအိုးလေး မ သွားတယ် အစ်မရေ့း)

ThinkingHoney said...

လှလိုက်တာမှ စက်စက်ယိုပဲ
အမ နုစံက ပန်းအိုးထိုးလည်း တော်တယ်ဗျာ
လက်ဖျားခါတယ်

Anonymous said...

လက်ဖျားခါတယ်တာ လက်ရင်းမပါဘူးပေါ့နော်... :P
လှတ်ာအစ်မ....

Anonymous said...

ကြိုက်တယ်အမရေ။တကယ်လှတယ်။

Anonymous said...

မနုစံ... လှလိုက်တာ..
အစ်မ ထိုးထားတဲ့ ပန်းလေးတွေ ဓါတ်ပုံ တွေစုပြီး ပြက္ခဒိန်လေးလုပ်... ပြီးတော့ လေးမ တို့ကို လက်ဆောင်ပေးပါလားးးးး။

ThuHninSee said...

တော်တယ်။

weikhine said...

clever mama!
i wan order similar flower arrangement!
how much did u charge?
FOC ma hoat phu la..to singapore goh naw..fuu :P

သက်ဝေ said...

သိပ်လှတဲ့ ပန်းအိုးလေးပါဘဲ...
နုစံဆီကို ခဏခဏရောက်ပါတယ်။
ဘာမှသာ မရေးဖြစ်ခဲ့တာ...။
နေကောင်းတယ်ဟုတ်...
သက်ဝေဆီလဲ လာလည်ပါအုံးနော်...

တန်ခူး said...

နုရေ…စိတ်ကို လန်းဆန်းစေတဲ့ ပန်းအိုးလေးပါ…အနုပညာလက်ရာ အရမ်းမြောက်ပါတယ်…တို့ လဲ ၀ါသနာပါပေမယ့် အရမ်းညံ့တယ်…ဘုရားပန်းအိုးတောင် ရိုးရိုးကြီးပဲ ထိုးတတ်တယ်…နုနဲ့ အိမ်ချင်းနီးရင်ကောင်းမှာနော်…နုဆီက
ပညာယူလို့ ရတာပေါ့…

မြရွက်ဝေ said...

မnu-sanရေ
ပန်းအိုးလေးက ချစ်စရာလေး။ ယူချင်တယ် ယူချင်တယ် :P

pandora said...

မနုစံရေ မရောက်တာကြာသွားပါတယ်။ ပန်းကလေးတွေနဲ့ အမောဖြေသွားပါတယ်။

MCT said...

ပန်းအိုးလေး ထိုးထားတာ လှလိုက်တာ ချစ်မ......
ပန်းအိုးထိုးတဲ့အကြောင်းလေး ကြုံကြိုက်ရင် တင်ပေးဖို့ ပြောပြဖူးတယ်နော်..
မိုးချစ်သူလည်း ပန်းအိုးလေး ထိုးတတ်ချင်လိုက်တာ...

MgThaJan said...

အပေါ်ကတယောက်လား ပန်းအိုးထိုးတတ်မှာ ကြောင်ဝတုတ်ငပျင်းလေး :P

nu-san said...

မောင်မျိုး>> ပန်းအိုးမသွားတယ်လား.. မင်း မင်္ဂလာဆောင်ရင် အမ ပန်းအိုးလက်ဖွဲ့မယ်လေ.. မင်္ဂလာဆောင်လာဖို့ စရိတ်ပဲပေးနော်... :)

Honey >> ဟီး.. ဒယ်ပြောတာလား... Honey ပြောတာနဲ့ လမ်းလျှောက်တာ မြေကြီးနဲ့ မထိတော့ဘူး.. :D

မုတ်သုန်>> မင်းစကားပြောတတ်တာနဲ့ အမတောင် ဘာရေးရမှန်းမသိတော့ဘူး.. Honey ရေ... ကြည့်ပြောပါဦး.. :D

Myat Noe's mom>> ကျေးဇူးပါ မြတ်နိုးတို့ မေမေရေ..

လေးမ>> ငါ့ညီမလေး စိတ်ကူးကမှ တကယ်ကောင်းတာ.. အမ ပန်းအိုးထိုးတာ ၁၂ အိုးရရင် အဲဒီလို လုပ်ဖို့ ကြိုးမယ်နော်... ဈေးလည်း သိပ်မကြီးဘူး ပြက္ခဒိန်လုပ်ဖို့ လွယ်ရင် လုပ်ပြီး လက်ဆောင်ပေးမယ် သိလား.. :)

သုနှင်းဆီ>> အဟီး.. လူက နည်းနည်းမြှောက်ချင်လာပြီ။ ကျေးဇူးပါ ညီမလေးရေ.. :)

weikhine>> yes, of course. I want to give you that kind of present if I will in singapore...totally free of charge.. hee..hee.. !!!!!

သက်ဝေ>> သက်ဝေရေ.. လာလည်တယ်ဆိုတာနဲ့ပဲ ၀မ်းသာလှပါပြီ။ ရေးခဲ့မှ မဟုတ်ပါဘူးနော်.. သက်ဝေဆီလည်း လာလည်မှာ.. အခုတလော အလုပ်ရှုတ်လို့သာ သိပ်မရောက်ဖြစ်တာ .. နေကောင်းပါတယ်ရှင်.. :)

တန်ခူး>> တန်ခူးရေ.. တို့ကိုလည်း အရမ်းအထင်မကြီးပါနဲ့နော်... အဲဒါလေ ဆရာမ ရှေ့က ထိုးပြသလို လိုက်ထိုးလိုက်တာမို့ အဲဒီပုံရလာတာသိလား.. ကိုယ့်ဟာကိုယ်ဆိုရင်တော့ ဘယ်လိုပုံထွက်လာမလဲမသိဘူးရယ်။ အင်း ဟုတ်တယ်နော်.. အိမ်ချင်းနီးရင်လည်း ကောင်းသား။ တို့ကတော့ တန်ခူးဆီက စိတ်ရှည်တာလေးတွေ သားသားအပေါ်ကို စိတ်ရှည်ရှည်နဲ့ မိခင်ကောင်းတစ်ယောက်ပီပီ လမ်းညွှန်ပေးတာတွေ ပြန်ပြီးအတုယူချင်တာ အမှန်ပါပဲ..

မြရွက်ဝေ>> ညီမလေးရေ.. လိုချင်တယ်လား.. အိမ်လိပ်စာပေးလေ.. ပို့ပေးမှာပေါ့.. :)

ပန်ဒိုရာ>>ပန်းတွေနဲ့ အမောဖြေသွားတယ်ဆိုလို့ ၀မ်းသာပါတယ် မပန်ရေ.. :)

မိုးချစ်သူ>> ပန်းအိုးထိုးတဲ့အကြောင်း အသေးစိတ်စာအုပ်လိုမျိုးတော့ ရှိမယ်ထင်တယ် ညီမလေးရေ.. အမက ဂျပန်စာ မရတော့ ရုံးက ဆရာမသင်ပေးတာပဲ လိုက်လုပ်ကြည့်တာ။ ကိုယ်တိုင်ကတော့ စာတွေ ဘာတွေဖတ်ပြီး မလုပ်ဖြစ်ပါဘူး.. ဟီး.ဟီ.. ကြိုးစားတာလေ.. ဒီမှာက အသက်မွေးဝမ်းကြောင်းမှု ပညာရပ်တခုအနေနဲ့သင်လို့ရတယ်.. ပန်းထိုးနည်းပညာကလည်း popular ဖြစ်တော့ သင်တန်းကြေးက ဈေးကြီးတယ်လို့ ဂျပန်ဆရာမတွေ ပြောတာ ကြားဖူးတယ်.. :)

ကိုသင်္ကြန်>> ကိုသင်္ကြန်ကြီးရေ.. ညီမလေးက လုပ်ရင်ဖြစ်မှာပါဗျ.. လွယ်ပါတယ်နော်... :)