May 28, 2008

မေလ အမှတ်တရ

Blog ကိုလာလည်ပြီး သတင်းမေးကြတဲ့သူငယ်ချင်းတွေ၊ အလှူခံထားတဲ့ပို့စ်မှာ comment တွေ လာရေးနေကြတဲ့သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုတလော အလုပ်ကလည်းများ အားချိန်ကမရှိတော့ ကိုယ့် Blog ကိုလည်း ပစ်ထားတာ ကြာလှပါပြီ။ ရုံးမှာ ထမင်းစားချိန်လေးဖြစ်ြဖစ် ၊ ညမအိပ်ခင်အချိန်လေးကို သူငယ်ချင်းတွေဆီ လှည့်ပတ်လည်ရင်း cbox မှာပဲ အော်ခဲ့ရတာ များတယ်။ အရင်လို comment ရှည်ရှည် မရေးနိုင်ခဲ့ဘူး။ “နေမကောင်းဘူးလား”လို့မေးထားတဲ့ သူငယ်ချင်းတို့ရေ.. “နုစံနေကောင်းပါတယ်။ သတိတရ နဲ့သတင်းလာမေးတာ ကျေးဇူးပါနော်...”


အမှန်တော့ မေလဟာ ကျမဘ၀အတွက် အမှတ်ရစရာတွေ အများကြီး ရှိနေတဲ့ လ တစ်လပါ။ မေလ ၁၀ ရက်နေ့ဟာ ကျမမောင်လေးရဲ့ မွေးနေ့ဖြစ်ပြီး တခြားသူငယ်ချင်းတွေရဲ့ မွေးနေ့လည်း ရှိပါတယ်။ လွန်ခဲ့တဲ့ ၃၆ နှစ် မေလ ၁၄ ရက်မှာ ကျမတို့ အဖေနဲ့ အမေဟာ လက်ထပ်ခဲ့ကြပြီး ၁၇ နှစ်အကြာမှာ ကျမအချစ်ဆုံး ဦးလေးငယ်လည်း မေ ၁၄ မှာပဲ လက်ထပ်ခဲ့တယ်။ နောက်ထပ် ၁၇ နှစ်နှစ်အကြာ မေ ၁၄ မှာ ကျမ လက်ထပ်ခဲ့တာမို့ ဒီလ ၁၄ ရက်နေ့ဟာ မင်္ဂလာနှစ်ပတ်လည်နေ့ပေါ့။ ကျမတို့လိုပဲ တခြားတခြားသော သူငယ်ချင်းအချို့လည်း မေလ မှာ လက်ထပ်ခဲ့ကြတယ်။


ပျော်စရာနဲ့အတူ ၀မ်းနည်းကြေကွယ်ဖွယ်အဖြစ်တွေလည်း ယှဉ်တွဲပြီး ရှိနေတတ်တယ်ဆိုတာ ၂၀၀၈ ခုနှစ် မေလက သက်သေပြလိုက်တာပါပဲ။ ဒီနှစ် မေလဆန်းပိုင်းလောက်ကစပြီး နာကြည်းကြေကွဲဖွယ်ရာ အဖြစ်တွေကို နေ့စဉ်ရက်ဆက်မြင်နေ၊ တွေ့နေ ၊ကြားနေခဲ့ရတယ်။ မြန်မာပြည်ရဲ့ဆိုးရွားလှတဲ့ သဘာဝဘေးကြောင့် ကျမမောင်လေးနဲ့အတူ ဘယ်သူငယ်ချင်းကိုမှလည်း မွေးနေ့ဆုတောင်း မလုပ်ပေးနိုင်ခဲ့ပါဘူး။ ကျမအဖေအမေ နဲ့ ဦးလေးတို့ကိုလည်း မင်္ဂလာနှစ်ပတ်လည်ဆုတောင်းမပြောနိုင်ခဲ့ဘူး။ ကိုယ့်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကိုလည်း သတိရလိုက်ပြီး ဘာမှ အထိမ်းအမှတ်လိုမျိုး မလုပ်ဖြစ်ခဲ့ဘူး။ အင်တာနက်က မုန်တိုင်းဓာတ်ပုံသတင်းတွေ ကြည့်ပြီး စိတ်မကောင်းလွန်းလို့ မျက်ရည်နဲ့ မျက်ခွက်။ မေ ၃ ရက်နေ့ကစပြီး ဒီနေ့အထိ တစ်ရက်မှ စိတ်မအေးချမ်းခဲ့ဘူး။ မြန်မာပြည်သူတွေကို ဒီလို ဒုက္ခတွေကနေ အမြန်ဆုံး ကင်းလွတ်စေချင်တာပါပဲ။ စားစရာမရှိ၊ နေစရာမရှိ၊ မျှော်လင့်ချက်ကင်းမဲ့နေကြတဲ့မျက်နှာတွေကို မကြည့်ရက်ဘူး။ သတင်းနားထောင်ပြီးရင် ဒေါသထွက်ရ၊ စိတ်ဆိုးရတာပဲ အဖတ်တင်တယ်။ ကျမတောင် ဒီလောက် ပူပင်သောက ရောက်နေရင် ကာယကံရှင်တွေအဖို့ရာ ပြောဖွယ်မရှိတော့ဘူး။ သူတို့ကို လုပ်ပေးနိုင်တာက ငွေလှူတာ၊ ရုံးမှာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် တတ်နိုင်သလောက် အလှူငွေကောက်ခံပေးတာမျိုးလောက်ပဲ လုပ်ပေးနိုင်တယ်။ ကိုယ့်ထက်လုပ်နိုင်သူတွေကိုလည်း ကျေးဇူးတင်သလို လေးစားစိတ်လည်းဖြစ်မိတယ်။ လေဘေးဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပက ပါဝင်ကူညီသူ အားလုံး ဘေးရန်ကင်းကြပါစေ၊ နှောက်ယှက်သူများရန်ကနေ ကင်းဝေးကြပါစေ။ မြန်မာပြည်သူတွေလည်း ဒီလို ၀ဋ်ဆင်းရဲကနေ အမြန်ဆုံး လွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးပါတယ်။


မေ ၂၉၊ ၂၀၀၈။

13 comments:

မြရွက်ဝေ said...

結婚記念日おめでとう "ヌ お姉さん"。
မနု-စံလဲ ငြိမ်းချမ်းပါစေ။
မြန်မာပြည်သူပြည်သားတွေလဲ ဒီဝဋ်ဆင်းရဲကနေ အမြန်လွတ်ကြပါစေ။

တန်ခူး said...

နုရေ..Happy Anniversary ပါ...နုမိဘတွေအတွက်ရော...နုဦးလေးတို့အတွက်ရော...နုတို့ဇနီးမောင်နှံအတွက်ပါ ဆုတောင်းပေးလိုက်တယ်နော်...စာပြန်ရေးတာတွေ့လို့ဝမ်းသာပါတယ်...

Anonymous said...

..Happy Anniversary ပါ
ပါးပါး မာမားး)
အစ်မ တို့  ဇနီးမောင်နှံ
ဦးလေးနဲ့  ဇနီးမောင်နှံ မေလကတော့ အမှတ်တရတွေ များလိုက်တာ ကောင်းသော အမှတ်တရလေးတွေ ဖြစ်ရင် ဘယ်လောက်များကောင်းလိုက်မလဲ အခုတော့း(
့Happy Birthdar ..
Your Brother ;)

ThinkingHoney said...

အမလည်း ငြိမ်းချမ်းပါစေနော်
ခုမှပဲ လာရတော့တယ်
လာလာလည်တဲ့အတွက် ကျေးဇူးအနန္တပါနော်

Dr. Yi Yi Win said...

စာတွေဖတ်သွားပါတယ်..နုစံရေ။
ဒီလိုပါပဲ။ ဘယ်အရာမှတော့ပုံသေမရှိပါဘူး လေ။ အကောင်းနဲ့ အဆိုးဆိုတာလည်းဒွန်တွဲ
နေတတ်တယ်မို့ လား။လောကဓံတွေပါပဲ။ ဘာပဲဖြစ်ဖြစ် နုစံအတွက်တော့ ပျော်ရွှင်စရာမေ
လလေးတွေပြန်ရနိုင်ပါစေနော်..။

Layma said...

Happy Anniversary for all ...
နှစ်ပတ်လည်သွားတာ အမှတ်တ၇ တစ်ခုခုတော့ ရေးသင့်တာပေါ့...လို့ ။။။။

ချစ်ကြပါစေ... ကြင်နာကြပါစေ ... သံယောဇဉ်ကြိုး ခိုင်မြဲကြပါစေ... လို့ လေးမ ဆုတောင်းပါတယ်..။

Anonymous said...

နောက်ကျသွားတယ်အစ်မရေ...
အရင်ရက်တွေက ကော်မန့်ဝင်ရေးမရလို့...
ပျော်ရွှင်အဆင်ပြေချိန်များနဲ့...
သာယာပါစေကြောင်းပဲ ဆုတောင်းပေးလိုက်ပါတယ်...

အမွန် said...

နုစံတို့နဲ့ ကျွန်မတို့..မေလမှာတူတူကျရောက်တဲ့
Happy anniversaryနော်။

ကလိုစေးထူး said...

မရောက်တာကြာလို့ လာချောင်းတာ။ အဆင်ပြေပါစေ။

weikhine said...

ma!

such memorable month for u know!
sori for late wishes..

mama sakura aye chan, kyan ma, win thar, par say naw..lar p suu taung twar pa de :D

MgThaJan said...

Happy Anniversary ပါ မနုစံရေ :)

MCT said...

အမှတ်တယ ရှိနေတဲ့ မေလမှာ ချစ်မ တို့ မင်္ဂလာနှစ်ပတ်လည်လေး ဒီနှစ်ပျော်ပျော်ရွှင်ရွှင် မရှိခဲ့ရဖူးပေါ့နော်..
နာဂစ်မုန်တိုင်းကြောင့် ခံစားရတဲ့သူတွေ အတွက်
အဝေးတနေရာကနေ ကူညီလုပ်ဆောင်ပေးကျတဲ့ ချစ်မတို့ တွေကိုလည်း
အမြဲလေးစား နေမိပါတယ်
မိုးတို့သွားတဲ့ ရွာတွေမှာ ဆွေပျောက်မျိုးပျောက် ဖြစ်သွားတဲ့
သူုတွေ အတွက် တော့
ဒီနှစ်မေလက မဖျောက်ဖျက်နိုင်တဲ့
နေ့စွဲတခုဖြစ်ခဲ့ပြီလေနော်..
နောင်နှစ်ရဲ့မေလ တွေမှာ ပျော်ရွှင်မှုတွေပဲ ရရှိနိုင်ပါစေလို့ ဆုတောင်းရင်း
ချစ်မနုစံလည်း အမြဲ ပျော်ရွှင်နိုင်ပါစေ

nu-san said...

မြရွက်ဝေ>> ကျေးဇူးတင်ပါတယ် ညီမရေ.. ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏။ :)

တန်ခူး >> တန်ခူးရေ.. လာလည်ပြီး အားလုံးအတွက် ဆုတောင်းပေးတာ ကျေးဇူးပါနော်.. :)

မောင်မျိုး>> ဟုတ်တယ် မောင်မျိုးရေ.. အမှတ်တရတွေ များတဲ့မေလမှာမှ ပိုပြီး အမှတ်ရသွားအောင်များ မုန်တိုင်းက လုပ်လိုက်တာလားတော့ မသိဘူး... :(

Honey >> ရပါတယ် Honey ရေ.. Honey အလုပ်ရှုတ်နေတာ အမ သိတယ်. အမလည်း အရှုတ်တွေ လုပ်နေတာ.. :)

မရီရီဝင်း>> လောကဓံတွေပေါ့ မရေ.. အဆိုးအကောင်းက ယှဉ်တွဲနေတာ အမှန်ပါပဲ။ အမဆုတောင်းပေးတာ ပြည့်ပါရစေ.. :)

လေးမ>> နှစ်ပတ်လည်အတွက် အမှတ်တရရေးမယ် စိတ်ကူးပေမယ့် ခေါင်းထဲက ဘာမှ ထွက်မလာဘူး လေးမရ.. ၂ နှစ်ပဲရှိသေးလို့လား မသိဘူး ချစ်တုန်း ကြင်နာကြတုန်း၊ သံယောဇဉ်ကြိုးခိုင်နေကြတုန်းပါပဲ.. အဟီး.. :D

မုတ်သုန်>> ရပါတယ် မုတ်သုန်ရေ.. comment က အရေးမကြီးပါဘူး။ အမ နားလည်ပါတယ်။ တရားမရှိဘူးလို့ပဲ ဆိုဆို အမလည်း ပျော်ရွှင်အဆင်ပြေချိန်တွေနဲ့ပဲ ကြုံတွေ့ချင်ပါတယ်.. အားလုံးကိုလည်း အဲဒီလိုပဲ ဖြစ်စေချင်တာပါပဲ..

အမွန်>> ဟုတ်ပါ့ အမွန်ရေ.. Same to you!!

ကလိုစေးထူး>> ကိုစေးထူးရေ..တကူးတက လာချောင်းတာပဲ ကျေးဇူးတင်ရပါတယ်... :)

weikhine>> Thanks for your kind wishes to us and may all comes true!!

ကိုသင်္ကြန်>> ကိုသင်္ကြန်ကြီး ပျောက်လာချည်လား။ လာဆုတောင်းပေးတာ ကျေးဇူးပါရှင်.. :)

မိုးချစ်သူ>> ညီမလေးရေ.. အမအတွက် မပျော်နိုင်သလို သူများတွေအတွက်လည်း အတော်လေး စိတ်မကောင်းဖြစ်မိတယ်။ ဖြစ်တော့ မိသားစုကို လည်း စိတ်ပူတယ်။ သတင်းတွေထဲက မုန်တိုင်းဒဏ်ခံရသူတွေကို မြင်ပြီး စိတ်ထိခိုက်ရတယ်။ ဒီလို ၀ဋ်ဆင်းရဲတွေကနေ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ညီမလေးတို့လို ဆရာဝန်တွေကမှ ပိုပြီး လေးစားဖို့ကောင်းတာပါ.. အမတို့ လုပ်တာက တကယ်တော့ ဘာမှ မပြောပလောက်ပါဘူး။ ဒီလိုပဲ တစ်ယောက်တစ်လက် တတ်နိုင်သလောက် လုပ်ကြရတာပေါ့နော်.. ဆုတောင်းပေးတာ ကျေးဇူး ညီမရေ.. :)