November 22, 2009

Momiji Season - 2009


Tofukuji Temple (ဓာတ်ပုံကို အင်တာနက်မှ ယူပါတယ်။)

နိုဝင်ဘာလ ကုန်ခါနီးပြီဆိုတော့ ရာသီဥတုက အေးလာပါပြီ။ အခုရက်အတွင်း ပိုတောင် အေးလာသေးတယ်။ နိုဝင်ဘာ လဆန်းတုန်းက 20 C လောက် ရှိပေမယ့် အခုတလောတော့ 11, 12 C လောက်ပဲ ရှိတော့တယ်။ ရာသီဥတု အေးလာပြီဆိုရင် Momiji အရွက်တွေ အရောင်ပြောင်းတာမို့ ပိတ်ရက်မှာ သွားကြည့်မယ်ဆိုပြီး ရုံးက သူငယ်ချင်းတွေနဲ့ လွန်ခဲ့တဲ့ တပတ်ကျော်ကျော်လောက်ကတည်းက တိုင်ပင်ထားခဲ့ကြတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ စနေနေ့က Kyoto ၀န်းကျင်ကို သွားဖြစ်ခဲ့ပါတယ်။

*****

အရင်ပို့စ်တုန်းက ပြောခဲ့သလိုပါပဲ အရွက် အရောင်ပြောင်းချိန် (Momiji Season) ဆိုရင် ကျမတို့ ဘက်မှာတော့ Kyoto ၀န်းကျင်တ၀ိုက်က အလှဆုံးပါ။ ဒါကြောင့် ဒီလိုချိန်ဆို Kyoto ကို လာကြတဲ့သူတွေ မနည်းလှပါဘူး။ ရထားတွဲတိုင်း လူအပြည့်ပါသလို Kyoto က နေရာတော်တော်များများမှာလည်း လူတိုးမပေါက်အောင်ပါပဲ။ ကျမတို့ကတော့ အုဂျိ (Uji - 宇治) မှာ ရှိတဲ့ ဗျိုဒိုအင်း (Byodo-In Temple - 平等院) နဲ့ Kyoto မှာ ရှိတဲ့ တိုးဖုခုဂျိ (Toufukuji Temple -東福寺 ) ကို ရောက်ဖြစ်ခဲ့ပါတယ်။


Osaka ကနေ Kyoto ကို သွားမယ်ဆို သွားလို့ရတဲ့ ရထားလိုင်းတွေ အများကြီးပဲ။ ဒါပေမယ့် ကျမတို့ သွားမယ့် နေရာနဲ့ သင့်တော်တာက ကေးဟန်း (Keihan-京阪) ရထားလိုင်းပါ။ Keihan ရထားလိုင်းက တခြား ရထားလိုင်းတွေထက် စာရင် ဈေးလည်း သက်သာပါတယ်။ ဒီအချိန်က Momiji ရာသီ ဆိုတော့ ရထားလိုင်းတွေကလည်း နေရာအလိုက် 1 day ticket တွေ အပြိုင်အဆိုင် ရောင်းကြတယ်။ လက်မှတ်ဈေး ကတော့ နေရာပေါ်မူတည်ပြီး အမျိုးမျိုးပါပဲ။ အနည်းဆုံး ယန်း ၁ ထောင် ကျော်တော့ ပေးရပါတယ်။ 1 day ticket ၀ယ်ပြီး ရထားလိုင်းက သတ်မှတ်ပေးထားတဲ့ နေရာတော်တော်များများ သွားနိုင်မယ်ဆိုရင်တော့ သွားရတာ တကယ် တန် တယ်။ ကျမတို့ကတော့ ရိုးရိုးလက်မှတ်ပဲ ၀ယ်ပြီး သွားဖြစ်ခဲ့တယ်။


Byodo-in Temple

Osaka ကနေ Uji အထိ အမြန်ရထားစီးမယ်ဆို မိနစ် ၄၀ လောက်ကြာပြီး ကြားထဲမှာ ရထားတစ်ခါ ပြောင်းစီးရသေးတယ်။ ခရီးတစ်ခေါက်ကို ယန်း ၄၀၀ ပေးရပါတယ်။ Uji ရောက်ရောက်ချင်း နာမည်ကြီးတဲ့ Byodo-In Temple ကိုပဲ အရင်ဆုံး သွားဖြစ်ခဲ့တယ်။ ဘုရားကျောင်းက Uji ဘူတာကနေဆို ၁၀ မိနစ်၊ ၁၅ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ Uji ၀န်းကျင်မှာ Momiji ရွက်တွေ အရောင်ပြောင်းတာ အလှဆုံး အချိန်က နိုဝင်ဘာ လကုန်ခါနီးကနေ ဒီဇင်ဘာလဆန်းလို့ အင်တာနက် Website တချို့က ပြောထားပေမယ့် ကျမတို့ သွားတော့ အရွက်တွေ အရောင်ပြောင်းတာ အရမ်းနည်းပါသေးတယ်။ ဘုရားကျောင်းဝင်းထဲမှာတော့ အရွက်နီနေတဲ့ အပင်နည်းနည်းပဲ တွေ့ခဲ့ရတယ်။ နေ့လည် ၁ နာရီလောက်ကျတော့ ဘုရားကျောင်းနားမှာပဲ နေ့လည်စာ စားပြီး Toufukuji Temple ကို ခရီးဆက်ဖြစ်ခဲ့ပါတယ်။




Toufukuji Temple ကလည်း Keihan ရထားလိုင်းပေါ်မှာပဲ ရှိပြီး Tofukuji ဘူတာမှာ ဆင်းရပါတယ်။ Uji ဘူတာကနေ စီးတာမို့ ရထားခက ယန်း ၃၀၀ ပေးရတယ်။ ဘူတာကနေ ဘုရားကျောင်း ရှိတဲ့နေရာကို ၁၅ မိနစ်လောက် လမ်းလျှောက်ရပါတယ်။ Tofukuji ဘူတာရောက်တာနဲ့ များပြားလှတဲ့ လူအုပ်ကြီးကို အရင်ဆုံး စမြင်လိုက်တာပါပဲ။ အဲဒီလို လူအုပ်ကြီးမြင်လိုက်ရတော့ ဒီ Temple မှာ Momiji အရွက်တွေ အရောင်ပြောင်းတာပိုများဖို့က သေချာသလောက်ပါပဲ။ နောက်ပြီး ဘူတာကနေ ဘုရားကျောင်းကို ဘယ်လို သွားရမလဲဆိုတာ ဘယ်သူ့မှ မေးနေစရာ မလိုပါဘူး။ ရှေ့ကသွားနေတဲ့ လူအုပ်ကြီးနောက်ကနေ တဖြေးဖြေးချင်း လိုက်သွားလိုက်ယုံပါပဲ။ ဘုရားကျောင်း စ၀င်ကတည်း အရွက်နီနေတဲ့ Momiji အပင်တွေ ကို တွေ့လိုက်ရတယ်။ ဘုရားကျောင်းဝန်းထဲမှာ ရှိတဲ့ အပင်တိုင်းလိုလို အရောင်ပြောင်းနေတာမို့ မြင်ရတဲ့ ရှုခင်းက အရမ်းလှပါတယ်။ ဒါကြောင့် ရှုခင်းကောင်းတဲ့နေရာမှာဆိုရင် လူတိုင်းက ဓာတ်ပုံရိုက် နေကြတာ၊ ရှေ့ကို တော်တော်နဲ့ ခရီးဆက်လို့မရပါဘူး။ ကျမတို့လည်း နေ အလင်းရောင် ရှိတုန်း Momiji အပင်တွေ ရှိတဲ့ နေရာကိုပဲ အဓိကထား လျှောက်ကြည့်ပြီး ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။ ဘုရားကျောင်းထဲတောင် နေရာစုံအောင် မရောက်ဖြစ်လိုက်တော့ပါဘူး။ ညနေ ၄ နာရီကျော်ကျော်လောက်ကျတော့ မှောင်စ ပြုလာတာနဲ့ ဘုရားကျောင်းကနေ ပြန်ထွက်ခဲ့ကြတော့တယ်။


Tofukuji Temple (ဓာတ်ပုံကို အင်တာနက်မှ ယူပါတယ်။)

ကျမလည်း အရွက်တွေ အရောင်ပြောင်းတာကို ကြည့်ချင်လို့ သွားသာ သွားရတယ် လူအရမ်းများတော့ စိတ်ညစ်ရသလို ဓာတ်ပုံရိုက်လို့လည်း မကောင်းဘူး။ နောက်ပြီး တိုးဝှေ့နေရတာနဲ့ ဟိုလူက တိုက်သွားလိုက် ဒီလူက တိုက်သွားလိုက်နဲ့ လူက ပိုပင်ပန်းသလို ခံစားရတယ်။ ရထားစီးရင်လည်း ထိုင်စရာ နေရာက အလွယ်တကူ မရပြန်ဘူးလေ။ အမြန်ရထားတွေဆို မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်၊ တွဲတိုင်း လူပြည့်သိပ်ကျပ်နေတာပဲ။ ဒါကြောင့် Osaka ပြန်တော့ လူသိပ်မကျပ်တဲ့ Local ရထားစီးပြီးပဲ ပြန်လာခဲ့လိုက်တော့တယ်။ ကျမ ကိုယ်တိုင်ကလည်း ကိုယ်ဝန်နဲ့ဆိုတော့ ထိုင်မစီးရရင် အဆင်မပြေဘူးလေ။ အဲဒါဆိုတော့ အမြန်ရထားနဲ့ မိနစ် ၄၀ လောက် စီးရမယ့် ခရီးကို Local ရထား နဲ့ ၁ နာရီ ခွဲ နီးပါး စီးလိုက်ရတာပေါ့။

*****

ဘာပဲဖြစ်ဖြစ် တစ်နှစ်မှ တစ်ခါ အပင်တွေ အရောင်ပြောင်းတာ ကြည့်ရတာမို့ သွားရတာ တန်ပါတယ် လို့ ကိုယ့်ကိုကိုယ် အားပေးရင်း ပြန်လာပြီးကတည်းက အနားယူနေရတာ အခုချိန်ထိပဲဆိုပါတော့။ ဒီနေ့လည်း အစိုးရ ရုံးပိတ်ရက်မို့ တော်ပါသေးတယ်။






Tofukuji Temple မှာ ရိုက်ယူလာတဲ့ ပုံတချို့ပါ။ ကင်မရာက သိပ်မကောင်းတာမို့ ဓာတ်ပုံတွေက အလင်းရောင် မကောင်းလှဘူး။

နိုဝင်ဘာ ၂၃၊ ၂၀၀၉။

November 8, 2009

Flower Arrangement - June 16, 2009


ပန်းအလှပြင်တဲ့ ပို့စ်တွေတောင် Blog မှာ မတင်ဖြစ်တာ ကြာပါပြီ။ စာမရေးဖြစ်တဲ့ အချိန်အတွင်း ရုံးမှာ ပန်းအလှပြင်တာ ၂ ကြိမ် လုပ်ဖြစ်ခဲ့တယ်။ ဇွန် လ မှာ တစ်ခါနဲ့ စက်တင်ဘာလမှာ တစ်ခါပါ။ အခုမှ ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်ပြီး Blog မှာတင်ဖို့ သတိရမိတယ်။ ဒါကြောင့် ဇွန်လ ၁၆ ရက်တုန်းက လုပ်ခဲ့တဲ့ ပန်းအလှပြင်ထားတာ ကို အရင် တင်ပေးလိုက်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာ လုပ်တဲ့ ပန်းအလှပြင်ပွဲက ရုံးအနေနဲ့တော့ အကြိမ် ၃၀ မြောက်ဖြစ်ပြီး ကျမအတွက်တော့ ၈ ကြိမ်မြောက်ပါဝင်ခဲ့တာပါ။ ဒီတစ်ခါ ပန်းအလှပြင်တာ က Summer Floral Arrangement (春のアレンジ) အနေနဲ့ ဆေးစိမ်ထားတဲ့ပန်းတွေ (Preserved Flowers) နဲ့ ပြင်ခဲ့ကြတာ။ ပါဝင်တဲ့ ပန်းတွေက ပုံမှာ ပြထားသလိုပါပဲ။ နှင်းဆီပန်း၊ သစ်ခွပန်း၊ Ajisai (Hydrangea) ပန်းခြောက် ၁ ခက်၊ သစ်ရွက်ခြောက် ၁ ခက်၊ ဖော့တုံး (Oasis Foam) ၁ တုံး၊ ဖန်ပန်းအိုး နဲ့ ပန်းအိုးဘေးမှာ အလှထည့်ဖို့ ကျောက်စရစ်သေးသေးလေး (Color Sand) တွေ ပါ။

ပုံ(၁) ပန်းပြင်ဖို့ ပါဝင်တဲ့ ပစ္စည်းတွေပါ။

စစချင်း ဖော့တုံးကို စက္ကူနဲ့ ပတ်ပြီး ဖန်ပန်းအိုးထဲ ထည့်ပါတယ်။ ပြီးရင် ပန်းအိုးနဲ့ ဖော့တုံးရဲ့ လွတ်နေတဲ့ ဘေးပတ်လည် နေရာတွေမှာ Color Sand ကိုအစိမ်းတစ်ရစ်၊ အဖြူတစ်ရစ်ဖြစ်အောင် စိတ်ရှည်ရှည် နဲ့ ထည့်ယူရပါတယ်။ ပန်းပြင်တာ မကြာပေမယ့် Color Sand ကို ပန်းအိုးထဲ ဖြည့်တာ အချိန်အရမ်းကြာပါတယ်။ Color Sand ကို စက္ကူကန်တော့ထဲ အရင် ထည့်ပြီးမှ ပန်းအိုး ဘေးပတ်လည် နည်းနည်းချင်းစီ လိုက်ညှိပြီး ပြင်ရတာရော၊ ကျောက်တုံး သေးသေးလေးတွေ ဘေးကို လျှံထွက်ကုန်မှာ စိုးရိမ်တာရောနဲ့ အချိန်တော်တော်ပေးလိုက်ရတယ်။

ပုံ(၂) ပန်းအိုးနဲ့ ဖော့တုံး ဘေးပတ်လည်ကို color sand ဖြည့်ထားပြီးသား ပန်းအိုးပါ။

ဒီတစ်ခါက ပန်းအခြောက်တွေနဲ့ ပြင်တာဆိုတော့ ပန်းတွေကို လိုသလို ဖြတ်၊ ဖော့တုံးမှာ စိုက်လို့ရအောင် နန်းကြိုးနဲ့ ပြန်တွယ်ရပါတယ်။ ပြီးမှ နန်းကြိုးမပေါ်အောင် နောက်ဆုံးမှာ စက္ကူတိပ်နဲ့ လိုက်ပတ်ရတယ်။ ပန်းအခြောက်တွေနဲ့ လုပ်တိုင်းမှာ အဲဒီအဆင့်က အမြဲတမ်းပါပါတယ်။ ဒါကြောင့် စစချင်း Ajisai ပန်းခြောက်တွေကို လိုသလောက် ဖြတ်ယူပြီးတော့ နန်းကြိုးမျှင်နဲ့ တွယ်၊ ပြီးတော့မှ အပေါ်က စက္ကူတိပ်နဲ့ ကပ်ပါတယ်။ နှင်းဆီပန်းကတော့ အရိုးတံမာလို့ နန်းကြိုးနဲ့ တွယ်စရာ မလိုပေမယ့် သစ်ခွပန်းရဲ့ အရိုးတံက ပျော့တော့ နန်းကြိုးနဲ့ တွယ်ရပါတယ်။ အားလုံး လုပ်ပြီးသွားတော့ အခုလို ပုံလေး ရလာတာပါပဲ။
ပုံ(၃) Ajisai ပန်းနဲ့ သစ်ခွပန်းကို နန်းကြိုးနဲ့ တွယ်ပြီး စက္ကူကပ်ထားတာပါ။

ပန်းတွေအားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ ပန်းအိုးထဲမှာ နေရာချပြီး ထိုးစိုက်လိုက်တာပါ။ နှင်းဆီပန်း အစိမ်းရောင် အပွင့်ကြီး ၃ ပွင့်ကို အဓိက ထားပြီး ဘေးက အရောင်ဖျော့ဖျော့ နှင်းဆီနဲ့ သစ်ခွပန်းကို သင့်တော်သလို လိုက်ဖြည့်ထိုးလိုက်တာ။ နောက်ဆုံးမှ သစ်ရွက်အစိမ်းလေးတွေကို လိုသလို ညှပ်ယူပြီး ဘေးကနေ ရံထားလိုက်တာပါ။

ပုံ(၄) နှင်းဆီပန်းနဲ့ သစ်ခွပန်းတွေကို သင့်တော်သလို နေရာချပြီး ပန်းအိုးထဲ ထိုးစိုက်ပါတယ်။

ပုံ(၅) နောက်ဆုံးမှာ သစ်ရွက်ခြောက်အခက်တွေကို လိုသလို ဖြတ်ယူပြီး ဘေးက ရံထား လိုက်တာပါ။

ပန်းတွေကို ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပြင်ယူကြတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်း မတူဘူးပေါ့။ ဒီအောက်က ပန်းအိုးက ကျမ ပြင်ယူထားတာပါ။ သူများတွေ ပြင်ထားတဲ့ ပန်းအိုးတွေကိုလည်း နမူနာ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ပုံ(၆) ဒီပုံက ကျမ ပြင်ထားတဲ့ ပန်းအိုးပါ။

ပုံ(၇-၁)

ပုံ(၇-၂)

ပုံ(၇-၃)

ပုံ(၇-၄) အပေါ်က ပန်းပုံတွေက ရုံးက သူငယ်ချင်းတွေ ပြင်ထားတဲ့ ပန်းအိုးပုံတွေပါ။ ပန်းပြင်ထားတဲ့ ပုံစံတွေ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ပန်းပွင့်တွေကို သင့်တော်သလို ပြင်ဆင်ပြီး ပန်းအိုးမှာ ထိုးစိုက်တာက အရင် အခေါက်တွေတုန်းကလိုပါပဲ။ ထူးထူးခြားခြား မရှိလှဘူးလို့ ထင်မိတယ်။ ဒါပေမယ့် အခုလို ပန်းတွေကို သင့်သလို အရောင်ရွေးတာ၊ ပန်းအိုးပေါ်မူတည်ပြီး ပန်းရွေးတာ၊ ပန်းအိုးပြင်မယ့် ဒီဇိုင်းက အစ ဆရာမပဲ စီစဉ်ပေးတာမို့ ကျမတို့က ပန်းထိုးစိုက်ဖို့ နေရာချတဲ့ idea လေးပဲ စဉ်းစားလိုက်ရတာ။ ကိုယ့်ဘာသာ ပန်းအိုး နဲ့ ပန်းဝယ်ပြီး ထိုးရမယ်ဆိုရင် ပန်းအိုးရွေးဖို့တို့၊ သင့်တော်မယ့် ပန်းအရောင်ရွေးဖို့က သိပ်မလွယ်ဘူးလို့ အောက်မေ့မိပါတော့တယ်။

နိုဝင်ဘာ ၈၊ ၂၀၀၉။

November 1, 2009

၂၀၁၀ ခုနှစ် + ၂၀

မမတန်ခူး က “နောင်လာမယ့် အနှစ်နှစ်ဆယ်” ဆိုပြီး ရေးခိုင်းထားတာ ကြာလှနေပါပြီ။ အကြောင်းကြောင်းတွေကြောင့် စာမရေးဖြစ်တာရော၊ ဘာအကြောင်းရေးရမှန်း မသိဖြစ်နေတာနဲ့ ချက်ချင်း မရေးဖြစ်ခဲ့ဘူး။ အခုတော့ အားလုံးအတွက် သတင်းကောင်းလည်း ပါးရင်း၊ နောင်အနှစ် ၂၀ မှာ တကယ်ဖြစ်ချင်တဲ့ ဆန္ဒုလည်း ရှိလို့ ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက် ကတည်းက တင်နေတဲ့အကြွေးလည်း ဆပ်ပြီးသားဖြစ်သွားတာပေါ့နော် မမတန်ခူးရေ.. :)

*****

ငယ်ငယ်တုန်းကတည်းက ရည်မှန်းချက် ကြီးကြီးမထားတတ်တဲ့အကြောင်းကို ဒီပို့စ်လေး မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီလို ရည်မှန်းချက် ကြီးကြီးမထားတတ်တာကြောင့် ၅ နှစ်ကြာရင် ဘာဖြစ်ရမယ်၊ နောက် ၁၀ နှစ်ကြာရင် မိသားစု ဘ၀က ဘယ်လိုရှိနေရမယ် အစရှိသဖြင့် ကိုယ့်ဘ၀ကို နှစ်အလိုက် plan လုပ်တတ်တဲ့အကျင့်မျိုးလည်း ကျမမှာ ရှိမနေခဲ့ဘူး။ အရာအားလုံးဟာ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန် ပျက် လို့ သဘောထားပြီး ဖြစ်လာရင်လည်း အကောင်းဆုံးဖြစ်အောင်၊ ပျက်သွားရင်လည်း စိတ်ထားတတ်အောင်ဆိုပြီး အတတ်နိုင်ဆုံး ကိုယ့်စိတ်ကိုပဲ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် မဖြစ်လာသေးတဲ့ အနှစ်နှစ်ဆယ်အကြောင်းရေးဖို့ဆိုတာ ကျမအတွက်တော့ အင်မတန် ခက်ခဲခဲ့တယ်။ ဘဲဥ အစရှာမရသလို ဘယ်က စရေးရမှန်းကို မသိတော့ဘူး။ ရေးဖို့အကြောင်းအရာ ရှာမရလို့ အမျိုးသားကို မေးကြည့်တော့လည်း သူဖြေတာ အားရှိစရာပါ။ “နောင် အနှစ် နှစ်ဆယ်ဆို တို့တွေအသက် ၅၀ ကျော်ပေါ့၊ ၅၀ ကျော်ဆိုတော့ သေချာတာက မသေသေးရင် အလုပ် ဆက်လုပ်ပြီး ပိုက်ဆံရှာနေရဦးမှာပဲ၊ မြန်မာပြည်ပြန်ပြီး အေးအေးဆေးဆေး နားဖို့မဖြစ်နိုင်သေးဘူးတဲ့” လေ။ သူပြောတာလည်း မှန်ပါတယ်။ နောင် အနှစ် နှစ်ဆယ်မှာ ကျမတို့ ၂ ယောက်စလုံး မသေသေးရင်တော့ ဂျပန်မှာ မဟုတ်တောင် တခြားနေရာတခုခုမှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ အလုပ်လုပ်နေရဦးမှာပဲလို့ တွေးထားမိခဲ့တယ်။

*****

တလက်စတည်း ဒီပို့စ်ကနေ သူငယ်ချင်းတွေကိုလည်း သတင်းကောင်းတစ်ခု ပြောစရာရှိပါတယ်။ Osaka ကနေ ရန်ကုန်ကို ပြန်တုန်းက ကျမတို့ ၂ ယောက်ထဲပါ။ ဒါပေမယ့် Osaka ကို ပြန်လာတော့ ကျုမတို့ရဲ့ ရင်သွေးလေးနဲ့အတူ မိသားစု ၃ ယောက်ပြန်လာခဲ့ကြတယ်။ ဒီပြန်ရောက်ပြီး သိပ်မကြာခင် ဆေးရုံပြဖို့ စုံစမ်း၊ အင်္ဂလိပ်စကားပြောတတ်မယ့် ဆရာဝန်ရှာနေတာနဲ့ တကယ်တမ်း ဆရာဝန်နဲ့ ပြချိန်မှာ ကိုယ်ဝန် ၂ လလောက်ရှိနေပါပြီ။ အဲဒီအချိန်မှာ ကိုယ်ဝန် လနုသေးတာကြောင့် အသွားအလာ အနေအထိုင် ဂရုစိုက်ခဲ့ရတယ်။ နောက်ပြီး ကျမရဲ့ အသက်က ဂျပန်အမျိုးသမီးကိုယ်ဝန်ဆောင်တွေနဲ့ ယှဉ်လိုက်ရင် ငယ်ပေမယ့် မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ဆို နောက်ကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် ကလေးတခုခုဖြစ်မှာ အရမ်းစိုးရိမ်ခဲ့ရတယ်။ မှတ်မှတ်ရရပဲ အဲဒီတုန်းကလည်း မမခင်ဦးမေရဲ့ Yangon 20 ပို့စ်ကို ဖတ်ပြီး မမအတွက် တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အဲဒီလို စိုးရိမ်စိတ်တွေနဲ့ အလုပ်ဖွင့်ရက်ဆို အလုပ်သွားလိုက်၊ ပိတ်ရက်မှာ ကောင်းကောင်း အနားယူလိုက်လုပ်ရင်းက အခုဆို ကလေးက ၇ လကျော်လို့ ၈ လ ထဲရောက်နေပါပြီ။

ကလေးရှိလာပြီဆိုတော့ ကျမတို့ ၂ ယောက်စလုံးအတွက် စိတ်ကူးအိပ်မက်သစ်တွေ ပြောင်းလဲ လာခဲ့ရတယ်။ ဆေးခန်းပြရတဲ့ ရက်တိုင်း တဖြည်းဖြည်း ကြီးထွားပြီး လူလုံးပီပြင် လာတဲ့ ကလေးပုံလေးကို ultra sound screen ကနေ ကြည့်ရင်း နှစ်ယောက်သား ကြည်နူးရတယ်။ ဆေးခန်း သွားတိုင်းလည်း ဆရာဝန်က ကလေးရဲ့ ဖွံ့ဖြိုးလာတဲ့ ကိုယ်ခန္ဓာအလေးချိန်နဲ့ ultra sound ဓာတ်ပုံလေးတွေကို သူလည်း သိမ်းထားပြီး ကျမတို့ကိုလည်း တစ်ပုံ အမြဲပေးပါတယ်။ ဓာတ်ပုံကြည့်ပြီး ဒါလေးက လက်၊ ဒါလေးက ဦးခေါင်း၊ ဒီနေရာက နှလုံး အစရှိသဖြင့် ရှင်းပြပေးရင် အဖေရော အမေရော စာရွက်ကို ပြူးပြဲပြီး လိုက်ကြည့်ရတာ အမောပါပဲ။ အားလုံးစစ်ဆေးပြီးလို့ ဆရာဝန်က “ကလေးရော အမေရော အားလုံးအခြေအနေကောင်းတယ်၊ စိုးရိမ်စရာမရှိဘူး” ပြောတော့မှ ကျမတို့မှာ စိတ်အေးရတယ်။

၅ လကျော်လာတဲ့အချိန်မှာ ဆရာဝန်ကို “ယောင်္ကျားလေး ၊မိန်းကလေး သိရပြီလား” လို့ မေးတော့ ဆရာဝန်က “မသိရသေးဘူး၊ မသေချာသေးဘူး” လို့ပဲ ဖြေတယ်။ ယောင်္ကျားလေး မိန်းကလေး မသိရသေးပေမယ့် “ယောင်္ကျားလေးဆို အဖေနဲ့ game ကစားဖို့ အဖော်ရတာပေါ့” လို့ ကျမက အမျိုးသားကို ပြောလိုက်၊ “မိန်းကလေးဆို အမေနဲ့ တိုးတိုးဖော်ရတာပေါ့”ဆိုပြီး အမျိုးသားကလည်း ကျမကို ပြောလိုက်နဲ့ နောက်ဆုံး ၆ လကျော်လာတဲ့ အချိန်မှ “မိန်းကလေး” ဆိုပြီး ဆရာဝန်က ပြောပါတယ်။

*****

ကိုယ်တိုင် မိဘနေရာရောက်လာမှ မိဘတွေရဲ့ခံစားချက်ကို သဘောပေါက်လာခဲ့ရတယ်။ ကိုယ့်သားသမီး အတွက် အစစ အရာရာ ကောင်းမွန် ပြည်စုံ စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ အခုလည်း ကျမတို့ ၂ ယောက်မှာ မကြာခင် လူ့လောကထဲ ရောက်လာတော့မယ့် သမီးလေးအတွက် အားလုံး ကို အကောင်းဆုံးဖြစ်စေချင်တယ်။ ကလေး ကိုယ်လက်အင်္ဂါပြည့်စုံအောင်၊ စိတ်ကျန်းမာ ကိုယ်ကျန်းမာတဲ့ ကလေးဖြစ်အောင်၊ ဘုရားရှိခိုးတိုင်း ဆုတောင်းရတယ်။ ကလေး ငြိမ်နေရင် စိတ်ပူရသလို အရမ်းလှုပ်ပြန်တော့လည်း စိတ်ပူရတာပါပဲ။ ဗိုက်ထဲမှာ ကလေးအနေအထားမှ မှန်ရဲ့လား၊ ကိုယ်စားသမျှကရော ကလေးလိုအပ်တဲ့ အာဟာရမျိုး ဖြစ်ပါ့မလား၊ စားချင်လို့ အပူအစပ်နည်းနည်းစားမိရင်ကိုပဲ ကလေးများ ပူနေမလား အစရှိသဖြင့် ကိုယ်လုပ်သမျှ ကိစ္စတိုင်း ကလေးအတွက်ပဲ အရင်ဆုံး စဉ်းစားရတာနဲ့..စုံနေတာပါပဲ။

သမီးလေးကို နောက်နှစ် ဇန်န၀ါရီမှာ မွေးမယ်လို့ ဆရာဝန်က ရက်ချိန်းပေးထားပါတယ်။ နောက် အနှစ် နှစ်ဆယ် ၂၀၃၀ခုနှစ် ဆို သမီးလေးက အသက် ၂၀ ပေါ့။ အဲဒီ အနှစ် ၂၀ အတွင်းမှာ သူ့အတွက် လိုအပ်တာတွေဖြည့်ဆည်းပေးရင်း လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကျွေးမွေးပြုစု စောင့်ရှောက်ချင်ပါတယ်။ အသိဥာဏ် အလိမ္မာရှိပြီး သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်တဲ့ သမီးလေးအဖြစ် အတတ်နိုင်ဆုံး ထိန်းကြောင်းပြုပြင်ပေးချင်ပါတယ်။ နောက်ဆုံး အသက် ၂၀ မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အောင်မြင်မှုတွေနဲ့ပြည့်နေတဲ့ သမီးလေးကိုလည်း မြင်ချင်ပါသေးတယ်။ ဒါကြောင့် သမီးလေး အသက် ၂၀ ရောက်တဲ့အချိန်အထိ ကျမတို့ ၂ ယောက်စလုံး လူ့လောကထဲမှာ သက်ရှိထင်ရှား ကျန်းကျန်းမာမာ ရှိနေချင်တယ်။ ဒါဟာ နောင် နှစ်ပေါင်း ၂၀ အတွက် ကျမတို့ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတွေပါပဲ။


နိုဝင်ဘာ ၂၊ ၂၀၀၉။