February 5, 2008

ရည်မှန်းချက် ကိုယ်စီ



မိဘတွေက “သားကြီးလာရင် ဘာလုပ်မလဲ၊ သမီးကြီးလာရင် ဘာလုပ်မလဲ” ဆိုပြီး ကလေးရဲ့ အတွင်းစိတ်လေးတွေကို မေးမြန်းလေ့ရှိတာ ကျမတို့ ပတ်ဝန်းကျင်မှာ ကြားနေ၊ မြင်နေ၊ တွေ့နေရလေ့ ရှိတတ်ပါတယ်။ အဲဒီလိုမေးလို့ ကလေးက “ဆရာဝန်ကြီး”၊ “အင်ဂျင်နီယာ”၊ “ကျောင်းဆရာ”၊ တချို့လည်း “စစ်ဗိုလ်” နဲ့ အမျိုးမျိုး စိတ်ကူးရှိသလို ဖြေတတ်ကြတယ်။ တချို့ကလေးငယ်တွေ ဖြေတာများ “လေယာဉ်ပျံကြီး မောင်းချင်တယ်”၊ “သမီးက ရုပ်ရှင်မင်းသမီး ဖြစ်ချင်တယ်” ဆိုပဲ။ အဖေ၊ အမေကတော့ ခုမှ ကလေးသာသာ ရှိနေသေးတဲ့ သားသမီးရဲ့ စိတ်ကူးလေးတွေ ကြားသိရရင်ကိုပဲ ၀မ်းသာ ကျေနပ်နေကြတာ အမှန်ပါပဲ။ လူတွေရဲ့စိတ်ဓာတ်နဲ့ ရည်မှန်းချက်တွေဟာ အသက်အရွယ်၊ အခြေအနေနဲ့ အချိန်အခါ ပေါ်မူတည်ပြီး ပြောင်းလဲ နေကြတာပဲ မဟုတ်လား။ လူတိုင်းရော ကလေးဘ၀တုန်းက ရှိခဲ့တဲ့ ရည်မှန်းချက်နဲ့ အခုလက်တွေ့ဘ၀နဲ့ရော ကိုက်ညီမှုရှိကြရဲ့လားလို့ ကျမ တွေးနေမိတယ်။ ကျမရော.. ငယ်ငယ်က ဘာဖြစ်ရမယ် ဆိုတဲ့ ရည်မှန်းချက် ရှိခဲ့လားလို့ ကိုယ့်ကို ကိုယ် မေးခွန်း ထုတ်တဲ့အခါမှာတော့..

*****


ငယ်ငယ်တုန်းက လူကြီးတွေ ကျမကို “ဘာလုပ်မလဲ၊ ဘာဝါသနာပါလဲ” မေးရင် ရည်ရွယ်ချက် ကြီးကြီးမားမား မရှိတဲ့အတွက် ဘာဖြေရမှန်း မသိခဲ့ပါဘူး။ အဲဒီတုန်းက ကျမရဲ့ ဦးလေးငယ်က YIT ကျောင်းပြီးလို့ စက်မှု ၁ မှာ ၀င်ပြီး အလုပ်လုပ်နေချိန်ပေါ့။ မဆလ အစိုးရက ပညာတော်သင်လွှတ်လို့ ဦးလေး နိုင်ငံခြား သွားတော့ ကျမ ၅ နှစ်သမီးလောက်ပဲရှိသေးတာ။ လေယာဉ်ကွင်းလိုက်ပို့ပြီး ဦးလေးနဲ့အတူ လိုက်ချင်လို့ ငိုခဲ့ရတာ မှတ်မိနေသေးတယ်။ နိုင်ငံခြားက ပြန်လာတောလည့်း TV၊ ရေခဲသေတ္တာ တွေအပြင် ကျမအတွက် အင်္ကျီလှလှလေးတွေပါ ၀ယ်လာပေးခဲ့ပါတယ်။ အဲဒါဆိုတော့ ကလေး သာသာ ကျမအတွေးကလည်း နိုင်ငံခြားသွားရင် နောက်ဆုံးပေါ် ပစ္စည်းအကောင်းစားတွေ ၀ယ်လို့ရမယ်ဆိုတဲ့ အသိလောက်ပဲ ရှိခဲ့တယ်။ အဲဒါကြောင့် ဘယ်လိုနေမှန်း မသိတဲ့ နိုင်ငံခြားကို သွားချင်နေခဲ့တယ်။ ကျမ ၅ တန်းတုန်းက ခြေထောက်မှာ မှဲ့ ပေါ်လာတော့ “ခြေထောက်မှာ
မှဲ့ပါရင် နိုင်ငံခြားသွားရမယ်ပြောတယ်။ အခု သမီးခြေထောက်မှာ မှဲ့ပေါ်လာပြီ။ နိုင်ငံခြားသွားရတော့မယ်”လို့ အိမ်သားတွေရှေ့မှာပြောလိုက်မိတယ်။ အဲဒီမှာ ကျမ အဒေါ် ကျောင်းဆရာမက “ စာဖြင့်မကျက်ပဲ နိုင်ငံခြားသွားချင်လို့ ရမလား။ ဒီနေ့ပဲ သူ့ အတန်းပိုင်ဆရာမက ကျမကို စာမေးပွဲအကြောင်း ခေါ်ပြောတယ်”ဆိုပြီး ကျမအမေ့ကို တိုင်ပါလေရော။ အမေကလည်း ဘယ်ရမလဲ အဒေါ်ကတိုင်တော့ ဆော်ပလော်တီးတော့တာပေါ့။ “စာမကြိုးစားပဲ နိုင်ငံခြားသွားချင်ဦး..”ဆိုပြီး ပြောပြီးတော့ကို ရိုက်တာ။ အမှန်က စာမေးပွဲဖြေမလို့ စာရွက်ဖြုတ်လိုက်တာ အလယ်က ပြဲသွားလို့ ကျမ အဒေါ် ကို အတန်းပိုင်ဆရာမက ခေါ်ပြောတာပါ။ အဒေါ်က အမေကို သေချာမရှင်းပြတော့ အရိုက်ခံလိုက်ရတာပဲ အဖတ်တင်တာပေါ့။


ငယ်ငယ်ကတည်းက ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် တိတိကျကျ မရှိခဲ့တဲ့ ကျမရဲ့ စိတ်တွေဟာ တော်ကြာ ဆရာဝန်ဖြစ်ချင်လိုက်၊ တော်ကြာ အင်ဂျင်နီယာ ဖြစ်ချင်လိုက်၊ တခါတလေလည်း တက္ကသိုလ်က ဆရာမဖြစ်ချင်လိုက်နဲ့..။ ဒါတွေဟာ စိတ်ကူးထဲပဲရှိနေပြီး လက်တွေ့မှာ တကယ် ဖြစ်မလာသေးတော့ အတွေးတွေနဲ့ပဲ လုံးလည်လိုက်နေခဲ့တာပေါ့။ ၁၀ တန်းဆိုတဲ့ တံတားကို ဖြတ်ကျော်ပြီးချိန်မှာ ဟိုဘက်ကမ်းဟာ ရန်ကုန်လှိုင်ကောလိပ် ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် “ဆရာဝန်၊ အင်ဂျင်နီယာ မဖြစ်လည်း တခြားဘက်မှာ ထူးချွန်အောင်လုပ်လို့ရပါသေးတယ်” ဆိုပြီး ဖြေသိမ့်ရင်း တက္ကသိုလ်ကျောင်းသူဘ၀ကိုပဲ ပျော်ပျော်ကြီး ဖြတ်သန်းခဲ့တယ်။ အကြောင်းကြောင်းတွေကြောင့် ကျောင်းတွေ အကြာကြီးပိတ်နေချိန်မှာ ကွန်ပျူတာ တက္ကသိုလ်က ဖွင့်တဲ့ ညနေပိုင်း ဒီပလိုမာ သင်တန်းတက်မိပြီး ကွန်ပျူတာ အလုပ်ကို လုပ်ဖြစ်သွားတာ အခုချိန်ထိပဲ ဆိုပါတော့။ ဒီပလိုမာ သင်တန်း စတက်တုန်းကလည်း ရည်ရွယ်ချက် ကြီးကြီးမားမား မရှိခဲ့ပါဘူး။ ကျောင်းပိတ်ထားချိန်နဲ့ ကွန်ပျူတာပိုးဝင်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေလို့ တက်ဖြစ်သွားတာလည်းပါတာပေါ့။ ကံတရားက မျက်စိနောက်ပြီး လမ်းကြောင်းတစ်ခုပေါ် ကောက်တင်ပေးလိုက်တယ်လို့လည်း ပြောလို့ရပါတယ်။

ဒီပလိုမာ သင်တန်းပြီးလို့ “ဘာဆက်လုပ်ကြမလဲ” လို့ သူငယ်ချင်းတွေ စုပြီး တိုင်ပင်တဲ့အခါ ကျမကတော့ “အလုပ်လုပ်ဖို့ အချိန်တန်ပြီ။ ကျောင်းဆက်မတက်ချင်တော့ဘူး” ဆိုပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျမ ပိုက်ဆံရှာချင်တယ်၊ ရတဲ့ လုပ်အားခနဲ့ မိဘတွေကို လုပ်ကျွေးချင်တယ်။ အသက်အရွယ်ကြီးလာတာနဲ့ အမျှ အရွယ်ကျလာတဲ့ အဖေရဲ့ ရုပ်သွင်၊ လက်ထဲမှာ ရှိတဲ့ ငွေအရင်းအနှီးကလည်း မြန်မာပြည်ရဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် တန်ဖိုးကျ လာတာတွေ၊ အလုပ်လုပ်ဖို့ မသင့်တော့တဲ့ အဖေ့အသက်အရွယ်။ ဒါတွေ အားလုံးကို ပြေလည်စေချင်တာတစ်ခုတည်းနဲ့ ကျမ အလုပ်လုပ်ချင်ခဲ့တာပါ။ အဲဒီမှာ နိုင်ငံခြားသွားပြီး အလုပ်လုပ်ချင်တဲ့ ရောဂါပိုးက ပြန်ပြီး စလာတော့တာပါပဲ။ ကိုယ့်ဘ၀အတွက်၊ ကိုယ့်မိသားစုအတွက် ရည်မှန်းချက်လို့လည်း ပြောလို့ရတာပေါ့လေ။ မြန်မာပြည်မှာ အလုပ် စပြီး ၀င်လုပ်တော့ နိုင်ငံခြားကို လွှတ်တဲ့ company မှာ လုပ်ခွင့်ရခဲ့ပါတယ်။ အရာရာတိုင်းဟာ ကိုယ်တွေးထင်ထားသလို လွယ်လွယ်တော့ ဖြစ်မလာခဲ့ပါဘူး။ ပြဿနာပေါင်းစုံ၊ အဆင်မပြေမှုပေါင်းစုံနဲ့ နောက်ဆုံး မြန်မာပြည်မှာ ၄ နှစ် အလုပ်လုပ်ပြီးမှ ဂျပန်ကို လာခွင့်ရခဲ့တာမို့ သည်းခံပြီး စောင့်ရကျိုးနပ်တယ်လို့ပဲ အောက်မေ့မိပါတယ်။ နိုင်ငံခြား မသွားရခင်တော့ စိတ်ဓာတ်ကျတာ ပြောဖွယ်ရာ မရှိတော့ဘူးပေါ့။


တကယ်တော့ “နိုင်ငံခြား ရောက်ပြီ” လို့ပြောလို့ရတဲ့ အချိန်ဟာ လေယာဉ်ပေါ်တက်၊ နိုင်ငံခြား Immigration ကို ဖြတ်ပြီး ကိုယ်သွားချင်တဲ့ နိုင်ငံထဲကို ခြေချမိပြီဆိုမှ “တကယ် နိုင်ငံခြားရောက်ပြီ”လို့ ဆိုရတော့မှာပဲ။ တချို့ဆို နိုင်ငံခြားသွားဖို့ အခါအခွင့်တွေ ရလာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတာမျိုး ကြုံနေ၊ တွေ့နေ၊ မြင်နေ ခဲ့ရပါတယ်။ တဖက် company ကလည်း ခေါ်တယ်။ ဒီဘက် company ကလည်း လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးတယ်။ ဒါတောင် အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတတ်ပါသေးတယ်။ ကိုယ့်အလှည့်မှာတော့ visa ၀င်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ လုပ်နေတာတောင် ခရီးသွားဖို့ ပြင်စရာရှိတာမပြင်ရဲသေးပဲ “သွားခါနီးမှ .... မသွားဖြစ်ရင်” ဆိုတဲ့စိတ်နဲ့ ရင်တမမ ဖြစ်နေခဲ့ရဖူးပါတယ်။ အပေါ်ယံတွေးရင်တော့ နိုင်ငံခြားသွားဖို့ စီစဉ်ထားတာတွေဟာ အဆင်ပြေနေတယ်လို့ထင်ရပေမယ့် တကယ်တမ်း ဖြစ်လာပြီဆိုရင် ကံနဲ့လည်း ဆိုင်တာမို့ သွားရဖို့ ကံမပါလာရင် ဘယ်လောက်ကြီးပဲ အဆင်ပြေ ပြေဖြစ်နေပါစေ။ မသွားရပါဘူး။ သွားဖို့ကံပါလာရင်လည်း သူ့ဘာသာသူ အကျိုးအကြောင်းတိုက်ဆိုင်ပြီး သွားရတာပါပဲ။


အခုမြန်မာပြည်ကလူတော်တော်များများလည်း နိုင်ငံခြားသွားဖို့ ကံပါလာကြတယ်ထင်ပါရဲ့။ နည်းမျိုးစုံ နဲ့ နိုင်ငံခြားသွားဖို့အတွက် ရုန်းကန်လှုပ်ရှားနေတာတွေ စာတွေထဲလည်း မြင်နေ ဖတ်နေရလို့ အားလုံးကို အဆင်ပြေစေချင်ပါတယ်။ “ရောက်ရင် ပြီးရော” ဆိုပြီး မကောင်းတဲ့ ကြား ပွဲစားတွေကြောင့် ဒုက္ခရောက်ရတာတွေ ကြားရရင် တကယ်ကို စိတ်မချမ်းသာလှပါဘူး။ ဟိုတလောက ကျမမောင်လေးနဲ့ စကားပြောတော့ သူ့သူငယ်ချင်းက ဂျပန်ကို ၃ ပတ်အတွင်းလာမယ်ဆိုလို့ ကျမကတောင် “ဟဲ့..မဟုတ်ဘူးနဲ့တူတယ်နော်။ ဂျပန်ကို ၃ ပတ်အတွင်းလာလို့ ရတဲ့သူဟာ ဂျပန်ကနေ multi entry ရ ထားပြီးသား လူပဲ ဖြစ်လိမ့်မယ်။ မြန်မာပြည်က လူကတော့ အဲဒီလောက် မမြန်နိုင်ဘူး”လို့ပြောလို့မဆုံးသေးဘူး၊ နောက်တစ်ခေါက်မေးကြည့်တော့ “မသွားဖြစ်တော့ဘူး”လို့ ပြောသံကြားလိုက်ရတယ်။ တချို့ဆိုရင် နိုင်ငံခြားသွားဖို့ကို လွယ်လွယ်တွေးပြီး လွယ်လွယ်ပြောတဲ့သူတွေ တွေ့ရင် ကျမ စိတ်ထဲကနေ ပြောနေမိတယ်။ “သြော်.. ပြောတော့လွယ်လိုက်တာ”လို့။ နိုင်ငံခြားကို သွားတာလည်း ပုံစံမျိုးစုံနဲ့ သွားလို့ရတာပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ်က ဘယ်လိုပုံစံနဲ့သွားမယ်ဆိုတာလည်း ရှိသေးတာပေါ့။ ကျောင်းတက်မှာလား အလုပ်လုပ်ပြီးသွားမှာလား အစရှိသဖြင့်ပေါ့လေ။ အလုပ်လုပ်မယ်ဆိုရင်လည်း ကိုယ်ရောက်တဲ့နိုင်ငံရဲ့ လူတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ်လုပ်နိုင်အောင် ကိုယ့်ဘက်က သူတို့ထက် မသာရင်တောင် သူတို့နဲ့ အပြိုင်လိုက်နိုင်ဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် ကျမသူငယ်ချင်း တစ်ယောက်ပြောတာ ကြားယောင်မိတယ်။ “အမရယ် .. နိုင်ငံခြားသွားတယ်ဆိုတာ ပြောသလောက်သာ လွယ်နေရင် မြန်မာပြည်က ရှိသမျှ လူတွေ အကုန်နိုင်ငံခြား ရောက်ကုန်ရောပေါ့”တဲ့။

*****


အခုအချိန်မှာတော့ နိုင်ငံခြားမှာ အလုပ်လုပ်ချင်တဲ့ ဆန္ဒလည်း ပြည့်ခဲ့ပါပြီ။ ကျမ မိသားစုကိုလည်း တတ်နိုင်သလောက် ကျေးဇူးဆပ်ခွင့်လည်းရနေပါပြီ။ လွန်ခဲ့တဲ့နှစ်တွေကို ပြန်လှည့်ကြည့်မိရင် အရာအားလုံးကို မိသားစုအတွက်ဆိုတဲ့ “ဇော” တစ်ခုတည်းနဲ့ ဖြတ်သန်းခဲ့ရတာမို့ မောပန်းနေပါပြီ။ လူ့စိတ်ဆိုတာလည်း ခက်သားလားပဲ။ ဆန္ဒတစ်ခုပြည့်ပြီးပြန်တော့ နောက်ထပ် အသစ်အသစ် ဖြစ်ချင်တာတွေဟာ အချိန်နဲ့အတူ လိုက်ပြီး ပြောင်းလဲတတ်တာ သဘာဝပဲ မဟုတ်လား။ လူသားတွေထဲက လူတစ်ယောက်ဖြစ်တဲ့ ကျမလည်း ရည်မှန်းချက်အသစ်က စိတ်ကူးထဲရောက်လာတော့တာပေါ့။ အဲဒါကတော့ ရှမ်းပြည်ဘက်မှာခြံလေးဝယ်ပြီး သစ်ပင် ပန်းပင်တွေစိုက်ပြီး အေးအေးချမ်းချမ်း နေချင်တာပါပဲ။ အမျိုးသားကတော့ အနီးအနားက ကလေးတွေကို ခေါ်ပြီး ကွန်ပျူတာသင်ပေးမယ်ဆိုပဲ။ ဘ၀ကို တကယ်အေးအေးချမ်းချမ်းနဲ့ ကုန်ဆုံးမယ့်နေရာလေးကို စိတ်ကူးယဉ်ထားကြတာပါ။ တကယ်ဖြစ်လာဖို့အတွက်တော့ အချိန်တစ်ခု စောင့်ရဦးမှာပေါ့လေ.......


ဖေဖော်ဝါရီ ၅၊ ၂၀၀၈။

6 comments:

thamudayanwe said...

အတွေးအခေါ်အယူအဆ ဆိုတာ အချိန်အခါ အသက်အရွယ်အလိုက် အမြဲပြောင်းလဲတတ်တယ်။ အမှန်တရားတွေပါ။ ငယ်ငယ်က မျက်စိမှိတ်ငြ်းခဲ့ဘူးတာတွေက အခုတော့လဲ ကိုယ်တိုင်လက်ခံနေရတဲ့အရာတွေဖြစ်လာတာပါပဲ။ ရည်မှန်းချက်ဆိုတာ တခုပီးရင်တခု အလိုလိုပေါ်လာတယ်ဆိုတာလဲ ခုချိန်မှာ အတော်အသင့်နားလည်လာပီ။ အမှန်တရားတွေပါ။ ဟဲဟဲဒဿနတွေ..

Khin said...

Hope you can go back home and retire.

မြရွက်ဝေ said...

အမရဲ့ အနာဂါတ်စိတ်ကူးအိပ်မက်လေး အကောင်အထည်ပေါ်နိုင်ပါစေနော်။

Chit Lay Pyay said...

အမရေ အမနဲ့ ညီမက စိတ်ချင်းတော်တော် တူတယ်၊ လေပြေလဲ အမလိုပဲ ဘယ်လုပ်ရမယ်လို့ ရည်ရွယ်ချက် တိတိကျကျ မရှိဘူး၊ အဲဒီအကြောင်း ပို့စ် တခုတောင် ရေးဖူးတယ်၊ အခုတော့ ကျရာနေရာမှာ အဆင်ပြေသလို လုပ်ပြီးတော့ပဲ နေတော့တယ်၊ ဘာပဲဖြစ်ဖြစ်ပါ အမရယ် ရည်မှန်းချက်တို့ ရည်ရွယ်ချက်တို့ ရှိခဲ့ရင်တောင် ဖြစ်တယ် မဖြစ်ဘူး နဲ့ စိတ်ဆင်းရဲ နေရမယ့် အစား၊ ကိုယ် တာဝန်ကို ကျေပွန်စွာနဲ့ အောင်မြင်အောင်လုပ်ဖို့ စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင် ဖို့က အဓိကပဲလို့ လေပြေတော့ ထင်တယ်၊ အမတို့ရဲ့ ရည်မှန်းချက်လေး ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်

မျှားပြာ said...

ဘ၀ကို တကယ်အေးအေးချမ်းချမ်းနဲ့ ကုန်ဆုံးမယ့်နေရာလေးကို အမြန်ရောက်ပါစေ အစ်မနုစံရေ

Anonymous said...

မ..ရေ..ဟုတ်ပ...။ တစ်ခါတစ်လေ.. ငါ..ဘာဖြစ်ချင်တာလဲ...ဆို မေးခွန်းနဲ့ ချာချာ လည်နေမိတယ်...။
လေးမလည်း ဘ၀ ကို အစ်မရေးထားသလို ဖြတ်သန်းချင်မိတယ်...။ ကလောမှာလေ... အဟိ...။