Showing posts with label ပန်းအလှပြင်မယ်. Show all posts
Showing posts with label ပန်းအလှပြင်မယ်. Show all posts

October 8, 2010

Flower Arrangement - Sep 30, 2010



ပန်းအလှပြင်တာနဲ့ပတ်သက်ပြီး ရေးစရာစာကြွေး ၃ ပုဒ်တောင် ရှိနေပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ၊ ဒီဇင်ဘာ နဲ့ ၂၀၁၀ ခုနှစ် စက်တင်ဘာလမှာ လုပ်ဖြစ်ခဲ့တဲ့အကြောင်းတွေပါ။ ၂၀၀၉ ခုနှစ်က လုပ်ဖြစ်ခဲ့တာတွေကိုတော့ ဓာတ်ပုံပြန်ရှာရဦးမှာမို့ ဖြည်းဖြည်းချင်းမှ ပြန်ရေးပြီး တင်ပေးပါ့မယ်။
အခုရေးမှာက စက်တင်ဘာလ ၃၀ ရက်နေ့တုန်းက လုပ်ဖြစ်ခဲ့တာပါ။ ၂၀၁၀ ခုနှစ်ထဲမှာ ကျမအတွက် ပထမဆုံး ပန်းအလှပြင်ဖြစ်တယ် လို့လည်း ပြောလို့ရပါတယ်။ ရုံးမှာတော့ ဖေဖော်ဝါရီနဲ့ မေလမှာ ပန်းအလှပြင်ပွဲတွေ ဆက်တိုက် လုပ်ဖြစ်ပေမယ့် ကျမ မပါဝင်ဖြစ်ခဲ့ဘူး။ အခုတစ်ခါ ပန်းအလှပြင်တာက ရုံးအနေနဲ့တော့ ၃၅ ကြိမ်မြောက် ဖြစ်ပြီး ကျမအတွက်တော့ ၁၁ ကြိမ်မြောက်ပါ။

*****

ပါဝင်တဲ့ ပစ္စည်းတွေကတော့ ပုံမှာ ပြထားသလိုပါပဲ။ ပန်းတွေကတော့ နှင်းဆီပန်း ပန်းဆီရောင် အပွင့်ကြီး ၃ ပွင့်၊ နှင်းဆီအဖူး အပွင့်သေး ၄ ပွင့်၊ ရွှေရောင်စိမ်ထားတဲ့ ပန်းအခြောက် လက်တစ်ဆုပ်၊ ကြက်သွေးရောင် စိမ်ထားတဲ့ ပန်းခြောက်အခက် ၂ ခက်၊ အညိုရင့်ရောင်လဲ့လဲ့လေးတွေ ပါတဲ့ ပန်းအခြောက် ၁ ခက် တို့ ပါ ပါတယ်။


ပန်းဘေးကနေ ရံပြီး အလှဆင်တဲ့ ပစ္စည်းတွေကတော့ ခရမ်းရောင် အလုံးလေး ၆ လုံး၊ ရွှေရောင် အသည်းလေး တစ်ခု (အသည်းကိုတော့ ကိုယ်ကြိုက်နှစ်သက်ရာ အရောင်ရွေးလို့ရပါတယ်။)၊ ဖဲကြိုး အကြီး အ၀ါရောင် နိုင်လွန်ဇာနဲ့ ၁ ခု၊ ရွှေအိုရောင် ဖဲကြိုး အသေး ၁ ခု၊ ရွှေအိုရောင် အလုံး ၂ လုံး (အရောင် လက်လက်တစ်ခု၊ မှိန်တာ တစ်ခု)၊ ပန်းခြင်း၊ ဖော့တုံး၊ နောက်ပြီး နန်းကြိုးမျှင်ရယ် ကော်စက္ကူရယ် လည်းလိုပါသေးတယ်။ Halloween နားနီးနေတာကြောင့် ပန်းပြင်တော့လည်း ပန်းအရောင်တွေကို ခပ်မှိုင်းမှိုင်းသုံးပြီး ပြင်ထားပါတယ်။ ဒီတကြိမ်မှာလည်း ပန်းအခြောက် (preserved flowers) တွေနဲ့ လုပ်ရတာမို့ အချိန်အရမ်းကြာပါတယ်။



အရင်ဆုံး ဖဲကြိုးအကြီးကို ပန်းအိုးအရွယ်နဲ့တိုင်းပြီး အ၀ိုင်းပုံစံဖြစ်အောင်လုပ်ယူပါတယ်။ ဖဲကြိုးရဲ့ အနားနှစ်ဘက်မှာ နန်းကြိုးမျှင် ပါတာမို့ တစ်ဖက်မှာ ရှိတဲ့ နန်းကြိုးမျှင်ကို အသားလေး ဆွဲစုပြီး ကိုယ်လိုချင်တဲ့ အတိုင်းရပြီဆို အစ နှစ်ဘက်ပူးချည်လိုက်တာပါပဲ။ ပြုတ်မထွက်အောင် ကော် (မီးအပူပေးထားတဲ့ ကော်ချောင်း) နဲ့ ကပ်ယူလိုက်ပါတယ်။



ပြီးရင် စောစောက လုပ်ထားတဲ့ ဖဲကြိုးအ၀ိုင်းကို ပန်းခြင်းထဲမှာ သင့်သလို နေရာချပါတယ်။ ဖဲကြိုးအ၀ိုင်းရဲ့အလယ်ခေါင်မှာ ဖော့တုံးကို ထည့်လိုက်ပါတယ်။ ပန်းခြင်းကို ကြည့်လိုက်ရင် အလယ်က ဖော့တုံးမပေါ်အောင် ဖဲကြိုးခံပြီး ဘေးက ကာထားတဲ့သဘောပါ။ ပန်းခြင်းထဲမှာ ဖဲကြိုးနဲ့ ဖော့တုံးကို စိတ်ကြိုက်ပြင်ပြီးပြီဆိုရင် နေရာမရွေ့သွားအောင် ကော်နဲ့ ကပ်ပါတယ်။ အဲဒါဆိုရင် ပန်းခြင်းအပိုင်းက ပြီးသွားပါပြီ။



ပန်းခြင်းထဲမှာ ထိုးမယ့် ပန်းအဆုပ်၊ အခက်တွေကို ထုံးစံအတိုင်း အခက်အသေးတွေဖြစ်အောင် ညှပ်ပြီး နန်းကြိုးနဲ့ ချည်ပါတယ်။ ပြီးမှ အပေါ်က တိပ်နဲ့ ကပ်ပါတယ်။ နှင်းဆီပန်းအပွင့်သေး ၂ ပွင့်နဲ့ ခရမ်းရောင် ပုလဲလုံး ၆ လုံးကိုလည်း ပန်းအခက်တွေလိုပဲ နန်းကြိုးနဲ့တွယ်ပြီး တိပ်နဲ့ကပ်ထားပါတယ်။



ကျမကတော့ စောစောက လုပ်ခဲ့တဲ့ ပန်းအခက်လေးတွေထဲက တချို့တ၀က်ကို တဆင့်ချင်းဆီ တိပ်နဲ့ကပ်ပြီး အောက်မှာ ပြထားသလိုမျိုး ပန်းအခက်ကြီး ပုံစံရအောင် ပြင်ယူပါတယ်။ အဲဒီလို ပန်းခက်မျိုး ၂ ခက် လုပ်ထားပါတယ်။ ပန်းအခက်ကြီးကို ၁ ခက်ပဲ လုပ်တဲ့သူရှိသလို လုံးလုံး မလုပ်တဲ့သူလည်း ရှိပါတယ်။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပေါ့။



ပြီးရင် ပန်းအခက်ကြီး ၂ ခက်ကို ပန်းခြင်းရဲ့ ကိုင်းနားမှာ ကပ်ပြီး ဖော့တုံးမှာ ထိုးစိုက်ပါတယ်။ ပန်းအခက်က ပန်းအိုးကိုင်းမှာ တွယ်နေသလိုမျိုး ဖြစ်အောင် ပန်းခြင်းကိုင်းမှာလည်း ကော်နည်းနည်း သုပ်ပြီးမှ ပန်းခက်ကို ကပ်လိုက်တာပါ။


ပန်းအခက်တွေ အားလုံး ပြင်ဆင် ပြီးသွားရင် နှင်းဆီပန်းတွေကို ဖော့တုံးမှာ အရင် ထိုးစိုက် နေရာချပြီးမှ ဘေးက အရံပန်းတွေ လိုက်ဖြည့်ထိုးလိုက်တာပါပဲ။ နောက်ဆုံးကျမှ အသည်းပုံကို ပန်းခြင်းအလယ်မှာ တွဲလောင်းလေး ချိတ်လိုက်ပါတယ်။ တချို့ကတော့ အသည်းကို ပန်းအိုးထဲ ထည့်ပြီး ပြင်ကြတယ်။ ဒီပန်းခြင်းလေးက စင်ပေါ်မှာ တင်ထားလို့ရသလို ချိတ်နဲ့ ချိတ်ပြီး တွဲလောင်းထားလို့လည်း ရပါတယ်။ စာရေးထားတာကို ဖတ်ရတာထက် ဓာတ်ပုံကြည့်လိုက်ရင် ပိုပြီး မြင်လွယ်မယ်လို့ ထင်ပါတယ်။


ဒီပုံက ကျမ ပြင်ထားတာပါ။


ဒါကတော့ ဆရာမပြင်ထားတာ။ ဆရာမ သုံးတဲ့ ပန်းရော ပန်းအိုးရောက ကျမတို့ သုံးတာနဲ့ မတူပါဘူး။


ဒီပုံကတော့ ရုံးက တစ်ယောက် ပြင်ထားတာပါ။ အားလုံးကို ယှဉ်ကြည့်လို့ရအောင် တခြားသူတွေရဲ့ လက်ရာကိုပါ တင်ပေးလိုက်ပါတယ်။

အောက်တိုဘာ ၉၊ ၂၀၁၀။

November 8, 2009

Flower Arrangement - June 16, 2009


ပန်းအလှပြင်တဲ့ ပို့စ်တွေတောင် Blog မှာ မတင်ဖြစ်တာ ကြာပါပြီ။ စာမရေးဖြစ်တဲ့ အချိန်အတွင်း ရုံးမှာ ပန်းအလှပြင်တာ ၂ ကြိမ် လုပ်ဖြစ်ခဲ့တယ်။ ဇွန် လ မှာ တစ်ခါနဲ့ စက်တင်ဘာလမှာ တစ်ခါပါ။ အခုမှ ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်ပြီး Blog မှာတင်ဖို့ သတိရမိတယ်။ ဒါကြောင့် ဇွန်လ ၁၆ ရက်တုန်းက လုပ်ခဲ့တဲ့ ပန်းအလှပြင်ထားတာ ကို အရင် တင်ပေးလိုက်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာ လုပ်တဲ့ ပန်းအလှပြင်ပွဲက ရုံးအနေနဲ့တော့ အကြိမ် ၃၀ မြောက်ဖြစ်ပြီး ကျမအတွက်တော့ ၈ ကြိမ်မြောက်ပါဝင်ခဲ့တာပါ။ ဒီတစ်ခါ ပန်းအလှပြင်တာ က Summer Floral Arrangement (春のアレンジ) အနေနဲ့ ဆေးစိမ်ထားတဲ့ပန်းတွေ (Preserved Flowers) နဲ့ ပြင်ခဲ့ကြတာ။ ပါဝင်တဲ့ ပန်းတွေက ပုံမှာ ပြထားသလိုပါပဲ။ နှင်းဆီပန်း၊ သစ်ခွပန်း၊ Ajisai (Hydrangea) ပန်းခြောက် ၁ ခက်၊ သစ်ရွက်ခြောက် ၁ ခက်၊ ဖော့တုံး (Oasis Foam) ၁ တုံး၊ ဖန်ပန်းအိုး နဲ့ ပန်းအိုးဘေးမှာ အလှထည့်ဖို့ ကျောက်စရစ်သေးသေးလေး (Color Sand) တွေ ပါ။

ပုံ(၁) ပန်းပြင်ဖို့ ပါဝင်တဲ့ ပစ္စည်းတွေပါ။

စစချင်း ဖော့တုံးကို စက္ကူနဲ့ ပတ်ပြီး ဖန်ပန်းအိုးထဲ ထည့်ပါတယ်။ ပြီးရင် ပန်းအိုးနဲ့ ဖော့တုံးရဲ့ လွတ်နေတဲ့ ဘေးပတ်လည် နေရာတွေမှာ Color Sand ကိုအစိမ်းတစ်ရစ်၊ အဖြူတစ်ရစ်ဖြစ်အောင် စိတ်ရှည်ရှည် နဲ့ ထည့်ယူရပါတယ်။ ပန်းပြင်တာ မကြာပေမယ့် Color Sand ကို ပန်းအိုးထဲ ဖြည့်တာ အချိန်အရမ်းကြာပါတယ်။ Color Sand ကို စက္ကူကန်တော့ထဲ အရင် ထည့်ပြီးမှ ပန်းအိုး ဘေးပတ်လည် နည်းနည်းချင်းစီ လိုက်ညှိပြီး ပြင်ရတာရော၊ ကျောက်တုံး သေးသေးလေးတွေ ဘေးကို လျှံထွက်ကုန်မှာ စိုးရိမ်တာရောနဲ့ အချိန်တော်တော်ပေးလိုက်ရတယ်။

ပုံ(၂) ပန်းအိုးနဲ့ ဖော့တုံး ဘေးပတ်လည်ကို color sand ဖြည့်ထားပြီးသား ပန်းအိုးပါ။

ဒီတစ်ခါက ပန်းအခြောက်တွေနဲ့ ပြင်တာဆိုတော့ ပန်းတွေကို လိုသလို ဖြတ်၊ ဖော့တုံးမှာ စိုက်လို့ရအောင် နန်းကြိုးနဲ့ ပြန်တွယ်ရပါတယ်။ ပြီးမှ နန်းကြိုးမပေါ်အောင် နောက်ဆုံးမှာ စက္ကူတိပ်နဲ့ လိုက်ပတ်ရတယ်။ ပန်းအခြောက်တွေနဲ့ လုပ်တိုင်းမှာ အဲဒီအဆင့်က အမြဲတမ်းပါပါတယ်။ ဒါကြောင့် စစချင်း Ajisai ပန်းခြောက်တွေကို လိုသလောက် ဖြတ်ယူပြီးတော့ နန်းကြိုးမျှင်နဲ့ တွယ်၊ ပြီးတော့မှ အပေါ်က စက္ကူတိပ်နဲ့ ကပ်ပါတယ်။ နှင်းဆီပန်းကတော့ အရိုးတံမာလို့ နန်းကြိုးနဲ့ တွယ်စရာ မလိုပေမယ့် သစ်ခွပန်းရဲ့ အရိုးတံက ပျော့တော့ နန်းကြိုးနဲ့ တွယ်ရပါတယ်။ အားလုံး လုပ်ပြီးသွားတော့ အခုလို ပုံလေး ရလာတာပါပဲ။
ပုံ(၃) Ajisai ပန်းနဲ့ သစ်ခွပန်းကို နန်းကြိုးနဲ့ တွယ်ပြီး စက္ကူကပ်ထားတာပါ။

ပန်းတွေအားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ ပန်းအိုးထဲမှာ နေရာချပြီး ထိုးစိုက်လိုက်တာပါ။ နှင်းဆီပန်း အစိမ်းရောင် အပွင့်ကြီး ၃ ပွင့်ကို အဓိက ထားပြီး ဘေးက အရောင်ဖျော့ဖျော့ နှင်းဆီနဲ့ သစ်ခွပန်းကို သင့်တော်သလို လိုက်ဖြည့်ထိုးလိုက်တာ။ နောက်ဆုံးမှ သစ်ရွက်အစိမ်းလေးတွေကို လိုသလို ညှပ်ယူပြီး ဘေးကနေ ရံထားလိုက်တာပါ။

ပုံ(၄) နှင်းဆီပန်းနဲ့ သစ်ခွပန်းတွေကို သင့်တော်သလို နေရာချပြီး ပန်းအိုးထဲ ထိုးစိုက်ပါတယ်။

ပုံ(၅) နောက်ဆုံးမှာ သစ်ရွက်ခြောက်အခက်တွေကို လိုသလို ဖြတ်ယူပြီး ဘေးက ရံထား လိုက်တာပါ။

ပန်းတွေကို ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပြင်ယူကြတာဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်း မတူဘူးပေါ့။ ဒီအောက်က ပန်းအိုးက ကျမ ပြင်ယူထားတာပါ။ သူများတွေ ပြင်ထားတဲ့ ပန်းအိုးတွေကိုလည်း နမူနာ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ပုံ(၆) ဒီပုံက ကျမ ပြင်ထားတဲ့ ပန်းအိုးပါ။

ပုံ(၇-၁)

ပုံ(၇-၂)

ပုံ(၇-၃)

ပုံ(၇-၄) အပေါ်က ပန်းပုံတွေက ရုံးက သူငယ်ချင်းတွေ ပြင်ထားတဲ့ ပန်းအိုးပုံတွေပါ။ ပန်းပြင်ထားတဲ့ ပုံစံတွေ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။

ပန်းပွင့်တွေကို သင့်တော်သလို ပြင်ဆင်ပြီး ပန်းအိုးမှာ ထိုးစိုက်တာက အရင် အခေါက်တွေတုန်းကလိုပါပဲ။ ထူးထူးခြားခြား မရှိလှဘူးလို့ ထင်မိတယ်။ ဒါပေမယ့် အခုလို ပန်းတွေကို သင့်သလို အရောင်ရွေးတာ၊ ပန်းအိုးပေါ်မူတည်ပြီး ပန်းရွေးတာ၊ ပန်းအိုးပြင်မယ့် ဒီဇိုင်းက အစ ဆရာမပဲ စီစဉ်ပေးတာမို့ ကျမတို့က ပန်းထိုးစိုက်ဖို့ နေရာချတဲ့ idea လေးပဲ စဉ်းစားလိုက်ရတာ။ ကိုယ့်ဘာသာ ပန်းအိုး နဲ့ ပန်းဝယ်ပြီး ထိုးရမယ်ဆိုရင် ပန်းအိုးရွေးဖို့တို့၊ သင့်တော်မယ့် ပန်းအရောင်ရွေးဖို့က သိပ်မလွယ်ဘူးလို့ အောက်မေ့မိပါတော့တယ်။

နိုဝင်ဘာ ၈၊ ၂၀၀၉။

March 24, 2009

Flower Arrangement - Mar 19, 2009

အခုလ ၁၉ ရက်နေ့တုန်းက ရုံးမှာ ပန်းအလှပြင်ပွဲ တစ်ခါ ထပ်လုပ်ပါတယ်။ ရုံးအနေနဲ့ဆို ၂၉ ကြိမ်မြောက် ဖြစ်ပြီး ၂၀၀၉ ခုနှစ်အတွက် ပထမဆုံး ပန်း အလှပြင်တာလို့လည်း ပြောလို့ရတာပေါ့။ ဒီတစ်ခေါက် ပန်းအိုးထိုးတာက Easter အတွက် ရည်ရွယ်ပြီး ပန်းပြင်ကြတာ။ ပါဝင်တဲ့ ပန်းတွေက ပုံမှာ ပြထားသလိုပါပဲ။ အင်္ဂလိပ်လို ပန်းနာမည်တွေမို့ မြန်မာလို ဘယ်လို ခေါ်မှန်းလည်း မသိပါဘူး။ အခုတစ်ခါ ပန်းပြင်တာက အ၀ါရောင်ပန်းတွေကို အဓိက ထားပြီး ဘေးကနေ သစ်ရွက် အစိမ်းတွေကို ရံပြီး ထိုးရတာ။

Ranunculus - ラナンキュラス
Sweet Pea -スイートピー
Pittosporum tenuifolium - ピットスポルム
Marigold - マリーゴールド
Marguerite -マーガレット
Nigella - ニゲラ
Spiraea cantoniensis -コデマリ
ငှက်ရုပ် - 鳥ピック


ပန်းပြင်ဖို့အတွက် ပါဝင်တဲ့ ပန်းနဲ့ ပစ္စည်းတွေပါ။

စစချင်း ရေစိမ်ထားတဲ့ အိုအေစစ် ဖော့တုံးကို ပန်းအိုးအလယ်မှာ ထည့်ပါတယ်။ နောက်ပြီး အပေါ်ကနေ ငှက်သိုက်ပုံစံဖြစ်အောင် အုန်းဆံမျှင်လို အမျှင်ဖြူဖြူလေးတွေ တင်ထားလိုက်တယ်။ အဲဒီအပေါ်မှာမှ သစ်ခက်စိမ်းတွေကို ကွေးပြီး ကိုယ်လိုသလို ပုံဖော်ယူရတာပါ။ ကျမတို့ကို သင်ပေးတဲ့ ဆရာမကတော့ သစ်ခက်တွေကို အသည်းပုံလေး ဖြစ်အောင် ပုံဖော်ယူတယ်။ ကျမကတော့ အ၀ိုင်းကွင်းလေး ၃ ခုကို ဆက်နေတဲ့ပုံစံ လုပ်ဖို့ စိတ်ကူးလိုက်ပါတယ်။ အဲဒီအတွက် အရင်ဆုံး သစ်ခက်ကို ကိုယ် လိုသလောက် ဖြတ်ယူလိုက်တယ်။ သစ်ကိုင်းအစ တဖက်ကိုတော့ ဖော့တုံးမှာ အရင် ထိုးစိုက်လိုက်ပါတယ်။ ပြီးမှ အဖျားပိုင်းကို ပြန်ကွေးယူရင်း ပြုတ်မထွက်အောင် နန်းကြိုးကို ကလစ်ပုံစံ လုပ်ပြီး ဖော့ထုံးမှာ ထိုးစိုက်လိုက်ပါတယ်။ အဲဒီလိုမျိုး အ၀ိုင်းလေး ၃ ခု ဖြစ်အောင် လုပ်ယူလိုက်တာပါ။


အဲဒီ အဆင့်ပြီးရင် အပေါ်ကနေ ပန်းတွေကို ကိုယ်ကြိုက်နှစ်သက်သလို ပြင်ယူရတာ။ ကျမ လုပ်ခဲ့တဲ့ ပန်းအိုးက အလယ်မှာ အ၀ါရောင် ပန်းတွေကို အရင် စိုက်တယ်။ ဘေးကနေ ခရမ်းရောင် Sweet Pea လို့ခေါ်တဲ့ ပန်းတွေနဲ့ ရံပြီးထိုးစိုက် ပါတယ်။ အဲဒါတွေ ပြီးပြီဆိုရင် အစိမ်း နဲ့ အဖြူစပ်ကြား သစ်ခက်ကို အခက်သေးလေးတွေ ဖြတ်ပြီး လွတ်နေတဲ့ နေရာမှာ လိုက်ဖြည့်လိုက်တာပါပဲ။ ငှက်ရုပ်လေးကိုတော့ နောက်ဆုံးမှ စိုက်လိုက်တာ။ သဘောကတော့ ငှက်သိုက်ပေါ်မှာ ငှက်ကလေး ရှိတယ်ဆိုတဲ့ ပုံစံမျိုး ပြင်ယူတာပါ။

ဒီတစ်ခါ ပန်းထိုးရတာ အောက်ဆုံးမှာ ငှက်သိုက် လုပ်ထားတဲ့ အမျှင်တွေ ရှိနေတော့ ပန်းထိုး စိုက်လိုက်ရင် ဖော့တုံးကို မထိပဲ ခဏခဏ ပြန်ပြင်ထိုးရတယ်။ အဲဒီတော့ ပန်းခက်တွေ ကျိုးတာပေါ့။ နောက်ပြီး ပန်းတွေ များတော့ လွှင့်ပစ်ရမှာလည်း နှမြောတယ်။ ပန်းတွေလည်း အကုန်လုံး ပါအောင်ဆိုပြီး တဖြည်းဖြည်းချင်း ပြင်ယူတာ နောက်ဆုံး အောက်က ပန်းအိုးလေး ရလာတာပါပဲ။


ဒီပန်းအိုးက ကျမ ပြင်ထားတာပါ။


ဒီပန်းအိုးကတော့ ဆရာမ ပြင်ပေးထားတာ။

မတ်လ ၂၄၊ ၂၀၀၉။

December 22, 2008

Flower Arrangement - Dec 9, 2008



ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက Christmas Candle (クリスマス キャンドル アレンジメント(生花)) လို့ခေါ်တဲ့ ပန်းအိုးလေး လုပ်ဖြစ်ခဲ့ပါတယ်။ Christmas ကလည်း နီးနေပြီဆိုတော့ ပန်းအိုးပြင်ချင်တယ်ဆိုရင် အလွယ်တကူ ပြင်လို့ရအောင် Blog ပေါ်တင်ပေးလိုက်ပါတယ်။


*****

Christmas Candle ပန်းအိုးအတွက် သုံးတဲ့ ပန်းအရောင်တွေက အဖြူရောင်၊ အ၀ါဖျော့ဖျော့နဲ့ အစိမ်းရောင်တွေ သုံးထားတာ များပါတယ်။ အခုတစ်ခေါက်မှာတော့ ဆရာမက ပန်းနာမည်တွေကို မပြောပြပါဘူး။ ဒါကြောင့် ကျမလည်း သိသလောက်ပဲရေးပေးလိုက်ပါတယ်။ နှင်းဆီပန်းအ၀ါရောင် ဖျော့ဖျော့ ၃ ပွင့်ရယ်၊ ကြားထဲမှာ ညှပ်ပြီး ထိုးရတဲ့ ထင်းရှုးပင်မျိုးနွယ် ကျောက်ခက်တွေရယ် ပြီးတော့ ပန်းအဖြူအခက်လေးတွေရယ်ပါ။ အဲဒီ ပန်းအဖြူခက်တွေက ရုတ်တရက် ကြည့်လိုက်ရင် စပယ်ပန်းအဆုပ်လိုက် ပွင့်နေတာနဲ့ တူပြီး အနံ့လည်း သင်းပါတယ်။ အခုတလောရုံးသွားတော့ အဲဒီလိုပန်းမျိုးတွေ အိမ်နားက ပန်းခြံမှာ စိုက်ထားတာ မြင်မိသေးတယ်။ နောက်ပြီး ဂန္ဓမာပန်းအဖြူလေးတွေလည်း ပါတယ်။ ကျန်တဲ့ ပစ္စည်းတွေကတော့ ပန်းအိုး၊ အလှဖယောင်းတိုင် ၁ တိုင် နဲ့ ပန်းထိုးစိုက်ဖို့ ဖော့တုံးတို့ လိုအပ်ပါတယ်။





ဒီတခါ ပန်းအိုးပြင်တာက လွယ်ပါတယ်။ စစချင်း ပန်းတွေကို ဖြတ်တဲ့အခါမှာ အရှည်ကြီး မဖြတ်ပဲ ၂ လက်မသာသာလောက်ပဲ မှန်းပြီး ဖြတ်ပါတယ်။ နောက် ပန်းအိုးထဲကို ဖော့တုံးရေဆွတ်ပြီးသား ထည့်ပါတယ်။ ပြီးရင် အလယ်တည့်တည့်မှာ ဖယောင်းတိုင် စိုက်ပြီး စောစောက ဖြတ်ထားတဲ့ ပန်းအဖြူခက်တွေကို ဖော့တုံးဘေးပတ်လည်မှာ လိုက်ထိုးပြီး နှင်းဆီပန်း ၃ ပွင့်ကို ဖယောင်းတိုင်ဘေးနားမှာ သင့်သလို ထိုးစိုက်ပါတယ်။ နှင်းဆီပန်းနဲ့ ပန်းအဖြူတွေ နေရာချပြီးပြီဆိုမှ ကျန်တဲ့နေရာလွတ်တွေမှာ ကျောက်ခက်အစိမ်းတွေကို လိုက်ဖြည့်ပြီး ထိုးလိုက်တာပါပဲ။ ကျမထိုးခဲ့တဲ့ ပန်းအိုးက ထမင်းစားပွဲအပုလေးပေါ် တင်ဖို့ ရည်ရွယ်ပြီး ထိုးတာဆိုတော့ အပေါ်က စီးကြည့်ရင် လှမယ်ထင်သလို ပြင်လိုက်တာပါ။ တချို့အမြင့်မှာ တင်ထားချင်တဲ့သူတွေက ဘေးဘက်ကနေ ကြည့်ရင် လှသလို ပြင်ယူကြပါတယ်။ ဆရာမထိုးထားတဲ့ ပန်းအိုးလေးက ပိုလှလို့ ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။ အပေါ်ဆုံးမှာ တင်ထားတဲ့ ပန်းအိုးက ဆရာမ လက်ရာပါ။





ဒီဇင်ဘာလ ၉ ရက်နေ့က ပြင်ခဲ့တဲ့ ပန်းအိုးလေးကို ထမင်းစားပွဲပေါ် တင်ထားပြီး ၂ ရက်ခြားတစ်ခါ ရေနည်းနည်းချင်း လောင်းပေးလာတာ ပန်းတွေ တဖြည်းဖြည်းပွင့်လာပြီး ဒီနေ့မနက်မှ မလှတော့လို့ လွှင့်ပစ်လိုက်ရပါတယ်။




အခုတခါ ပန်းအလှပြင်တာက လွယ်လည်းလွယ်သလို အချိန်ကုန်လည်း သက်သာပါတယ်။ ၀ါသနာပါတယ်ဆိုရင် အခုလို ပန်းအိုးမျိုးလေး စမ်းပြီး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီး အခုလို ပန်းအဖြူ၊ အ၀ါဖျော့ဖျော့ပန်းတွေနဲ့ အစိမ်းရောင်ရင့်ရင့် အရွက်တွေ ရောပြီး ထိုးကြတဲ့ ပုံစံမျိုးကို ဂျပန်မင်္ဂလာဆောင်တစ်ခုသွားတုန်းကလည်း မြင်ခဲ့ရဖူးပါတယ်။ နောက်ကြုံမှပဲ ဓာတ်ပုံတွေ ပြန်ရှာပြီး တင်ပေးပါ့မယ်။ အခုတော့ ပန်းအလှပြင်တုန်းက ရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေပဲ ကြည့်သွားလိုက်တော့နော်။





ဒီဇင်ဘာ ၂၁၊ ၂၀၀၈။

December 11, 2008

Flower Arrangement - Sep 18, 2008

“ပန်းအလှပြင်မယ်” ဆိုတဲ့ Label အောက်မှာ ပို့စ်အသစ် မတင်ဖြစ်တာတောင် ကြာပြီ။ ပြီးခဲ့တဲ့ ၉ လ ပိုင်းတုန်းက လုပ်ခဲ့တဲ့ ပန်းပုံတွေတောင် မတင်ရသေးဘူး။ ဒီလမှာလည်း Christmas အထိမ်းအမှတ်အနေနဲ့ ရုံးမှာ ပန်းအလှပြင်ပွဲ ထပ်လုပ်ဖြစ်ခဲ့တယ်။ အဲဒါဆိုတော့ ၉ လပိုင်းတုန်းက လုပ်ခဲ့တာလေး အရင်တင်ပေးမယ်နော်။ ဒီလမှာ လုပ်ခဲ့တဲ့ ပန်းအိုးလေးကိုတော့ နောက်တစ်ပတ်မှပဲ တင်ပေးတော့မယ်။


၉ လပိုင်းရဲ့ ပန်းအလှပြင်ပွဲက ရုံးအနေနဲ့ ဆိုရင် ၂၇ ကြိမ်မြောက်ပေါ့။ ကျမအတွက်ကတော့ ၅ ကြိမ်မြောက်ပါဝင်ခဲ့တာပါ။ စက်တင်ဘာလ ၁၈ ရက်တုန်းက လုပ်ဖြစ်တဲ့ ပွဲလေးပါ။ Blog မှာတင်ပေးမယ်ဆိုပြီး မတင်ဖြစ်ပဲ ကြာနေတာ။ အဲဒီတုန်းက ပန်းအလှပြင်တာက Back-Bouquet (
バック型ブーケ) လို့ခေါ်တဲ့ လက်ကိုင် ပန်းခြင်းလိုမျိုး လုပ်ခဲ့ကြတာပါ။ ပန်းတွေက အရောင်စုံသလို ပန်းအစိုတွေနဲ့ လုပ်ဖြစ်တာဆိုတော့ တပတ်လောက်ပဲ အထားခံလိုက်တယ်။ ပြီးသိပ်မကြာဘူး ညှိုးပြီး ခြောက်ကုန်တာပဲ။


*****

လက်ကိုင်ပန်းခြင်း လုပ်ဖို့ လိုအပ်တဲ့ ပန်းတွေက အောက်က ဓာတ်ပုံလေးတွေ အတိုင်းပါပဲ။ ပန်းနံမည်တွေကို သိသလောက် အင်္ဂလိပ်နာမည်ရော ဂျပန်နာမည်တွေပါ ထည့်ပေးထားပါတယ်။ မြန်မာလို အတိအကျအခေါ်တော့ ကျမလည်း မသိပါဘူး။ အသေးစိတ်ကြည့်ချင်ရင် ကြည့်လို့ရအောင် အင်တာနက်မှာ ရှာလို့တွေ့သလောက်ကို လင့်ချိတ်ပေးထားပါတယ်။



Daisy - ガーベラ


Rose - SPバラ


Gomphrena globosa - 千日紅 (センニチコウ)


WaxFlower - ワックスフラワー


Sedum - セダム


PepperBerry - ペッパーベリー


Gaultheria shallon - レモンリーフ


ပန်းတွေအပြင် ဖဲကြိုး ၁ ခု၊ ပန်းခြင်း လက်ကိုင်လုပ်ဖို့ သွပ်နန်းကြိုးအထူကို စက္ကူစ ပတ်ထားတဲ့ စက္ကူချောင်း၊ ပန်းတွေ ထိုးစိုက်ဖို့ ရေဆွတ်ထားတဲ့ ဖော့တုံး၊ ဖော့တုံးကို အပေါ်က ထပ်အုပ်ဖို့ သံဇကာအသေးတစ်ခု လိုပါတယ်။

ပထမဆုံးအနေနဲ့ စက္ကူချောင်းကို ဖဲကြိုးနဲ့ လိမ်ပြီး ပတ်ရပါတယ်။ ပတ်တဲ့အခါမှာ စက္ကူချောင်းရဲ့ အစွန်း ၂ ဘက်မှာရှိတဲ့ ဖဲကြိုးစကို ပြုတ်မထွက်အောင် သတိထားပြီး ပတ်ရပါတယ်။ ကျမတုန်းကတော့ ဖဲကြိုးက လိမ်ပြီး အဖုအထစ်တွေ ဖြစ်နေလို့ ခဏခဏ ပြန်ပြန် လုပ်ခဲ့ရသေးတယ်။ ဖဲကြိုးပတ်ပြီးသွားရင် စက္ကူချောင်းကို လက်ကိုင်ကိုင်းအဖြစ် အဆင်ပြေသလို ကိုယ့်စိတ်တိုင်းကျ ကွေးယူပါတယ်။ ဒါဆိုရင် ပန်းခြင်းအတွက် လက်ကိုင် ရပါပြီ။



နောက်တစ်ဆင့်က ပိုက်ဆံအိတ်လို ကိုယ်ထည်လုပ်ရမှာပါ။ အဲဒီလို လုပ်ဖို့အတွက် အရင်ဆုံး ဖော့တုံးကို ရေအကြာကြီး စိမ်ထားပြီးမှ ဖော့တုံးအသားတွေကို လိုသလို လှီးထုတ်ပစ်ပြီး ပုံဖော်ပါတယ်။ ပုံဖော်ပြီးသား ဖော့တုံးကို သံဇကာအပါးစနဲ့ အုပ်ပြီး နန်းကြိုးမျှင်တွေနဲ့ တင်းနေအောင် ချည်ထားပါတယ်။ ပြီးမှ စောစောက လက်ကိုင်လေးနဲ့ ဖော့တုံးနဲ့ တွဲပြီး ချည်လိုက်တော့ ပိုက်ဆံအိတ်ပုံလေး ရလာတာပေါ့။ အဲဒီ အပေါ်ကနေမှ ကိုယ်လိုသလို ပန်းထိုးပြီး ပြင်ယူရတာပါ။

ပန်းတွေ စပြီး မထိုးခင် လက်ကိုင်အိတ်ပုံဖော့တုံး အနောက်ဘက်ကို သစ်ရွက်တွေနဲ့ စီပြီး ဖုံးအုပ်လိုက်ပါတယ်။ ပြီးတော့မှ အလှကိုင်မယ့်ဘက်၊ ဘေး နှစ်ဘက်နဲ့ အပေါ်ဘက်တွေကို ပန်းတွေ စီပြီး ထိုးရတာပါ။ ပန်းထိုးတာကတော့ အဓိက ကြက်သွေးရောင် ဒေစီပန်းတွေကို အဓိက ထားပြီး ဘေးက တခြားပန်းသေးသေးလေးတွေ ၀ိုင်းရံရတာမျိုးပါ။ ပန်းတွေကို နေရာချဖို့နဲ့ သင့်တော်သလို ထိုးစိုက်ဖို့က တစ်ယောက်နဲ့ တစ်ယောက် စိတ်ကူးချင်းမတူပါဘူး။ ကျမ လုပ်ခဲ့တဲ့ လက်ကိုင်ပန်းခြင်းကတော့ အောက်က ဓာတ်ပုံမှာ ပြထားသလိုပါပဲ။














ဒီလို လက်ကိုင်ပန်းခြင်းတွေက မင်္ဂလာဆောင်မှာ သတိုးသမီးတွေ ကိုင်လေ့ရှိတဲ့ Fashion ဆိုပြီး ဆရာမက ရှင်းပြပေးပါတယ်။ ရောင်းတန်းဝင် လက်ကိုင်ပန်းခြင်းတွေကတော့ အရမ်းလည်းလှသလို ဈေးကြီးမှာကလည်း အသေအချာပါပဲ။ ပန်းနဲ့ ဒီဇိုင်းပေါ်မူတည်ပြီး တန်ဖိုးအနည်းအများကွာသွားပါလိမ့်မယ်။ စိတ်ဝင်စားလို့ တခြားသူတွေရော ဘယ်လို လုပ်ထားသလဲဆိုတာ သိချင်တယ်ဆိုရင် Google images မှာ バック型ブーケ ဆိုတဲ့ Keyword နဲ့ ရှာရင် ပုံတွေ အများကြီး တွေ့ရမှာပါ။


ဒီဇင်ဘာ ၁၂၊ ၂၀၀၈။